← Chapters

အခန်း ၁၂၇၀-၁၂၇၂

Vol. 85 Ch. 1270-1272

အခန်း ၁၂၇၀-၁၂၇၂

Vol. 85 Ch. 1270-1272

အခန်း (၁၂၇၀) ကြက်များ ပျံ၍ ခွေးများ ခုန်ပေါက်ခြင်း၊ လက်ဖက်ရည်ကြမ်း စောင့်ဆိုင်းခြင်း

မြို့ပိုင်ရှင်၏ လူများသည် အဝေးသို့ ထွက်ခွာသွားသော ရှန်းမြောင်သုံ၏ ကျောပြင်ကို ကြည့်၍ ဆွံ့အလျက် ကျန်ရစ်ခဲ့ကြသည်။

'ဘာတွေဖြစ်ကုန်တာလဲ။ အရင်က ဂုဏ်သရေရှိ ရှန်းမိသားစုက လူတွေ ဒီကိုရောက်ရင် အဲလိုမဟုတ်ပါဘူး'

ရှန်းမိသားစု၏ ဒုတိယသခင်မလေးကို ၎င်းတို့ဘက်က တစ်စုံတစ်ခု ပြုလုပ်မိသွားသောကြောင့် သူမ စိတ်အနှောင့်အယှက်ဖြစ်သွားခြင်း ဖြစ်လေသလော။ ဤသံသယများက ၎င်းတို့စိတ်ထဲ ပေါ်ပေါက်လာသည်နှင့် မျက်နှာများ အလိုအလျောက် ပျက်ယွင်းသွားကြသည်။

အကြောင်းမူကား ၎င်းတို့အားလုံးသည် အကြောင်းအရာတစ်ခုကို ကောင်းစွာ သိရှိထားကြသောကြောင့်ဖြစ်သည်။ ဤနယ်မြေအတွင်း အခြားလူများကို ပြစ်မှားမိပါက အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်သေးသော်လည်း ရှန်းမိသားစုဝင်တစ်ဦးကို ပြစ်မှားမိပါက ရလဒ်သည် မတွေးဝံ့စရာပင်ဖြစ်သည်။

ထို့ကြောင့် မြို့ပိုင်ရှင်သည် ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

"မြန်မြန် သွားစုံစမ်းကြစမ်း၊ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ။ ငါတို့ဘက်က ဧည့်ဝတ်ကျေပွန်မှု လိုအပ်သွားလို့ ဒုတိယသခင်မလေးရှန်း ဒေါသထွက်သွားတာလားဆိုတာ သွားစုံစမ်းကြ"

"ဟုတ်ကဲ့" လက်အောက်ငယ်သားတစ်ဦးက အမိန့်ကို နာခံကာ ထွက်ခွာသွားသည်။

၎င်းတို့အားလုံး၏ စိတ်နှလုံးများ လေးလံနေသောကြောင့် မထွက်ခွာဝံ့ဘဲ ထိုနေရာ၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ မကြာမီတွင် ကံဆိုးမိုးမှောင်ကျနေသော အစေခံအဘိုးအိုကို ခေါ်ဆောင်လာကြသည်။ ဤအစေခံအဘိုးအိုသည် ရှန်းမြောင်သုံ စိတ်ရှိသရွေ့ ကြိမ်းမောင်းရိုက်နှက်နိုင်ဖြစ်သော်လည်း ဤလူများ၏ အမြင်၌မူ ရှန်းမိသားစုနှင့် ပတ်သက်သမျှ မည်သူ့ကိုမဆို ၎င်းတို့ မပြစ်မှားဝံ့ကြပေ။ ထို့ကြောင့် မြို့ပိုင်ရှင်ကိုယ်တိုင်ပင် အလွန်အမင်း ရိုသေသော အမူအရာမျိုး ပြသနေသည်။ ဒေါသထွက်နေသော အစေခံ အဘိုးအိုသည် ၎င်းတို့၏ အပြုအမူကြောင့် စိတ်သက်သာရာရသွားရုံသာမကဘဲ များပြားလှသော လက်ဆောင်ပဏ္ဏာများကို ရရှိလိုက်ပြီးနောက် သူ၏ အပြုံးများ သုံးဆမျှ ပိုမိုတောက်ပလာ၍ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"မြို့ပိုင်ရှင် စိုးရိမ်စရာမလိုပါဘူး၊ ကျုပ်တို့ သခင်မလေးက ခင်ဗျားတို့ကို စိတ်ဆိုးနေတာ မဟုတ်ပါဘူး"

"ဒါဆိုရင် သူ ဘာလို့ အစားအသောက်တောင် မစားဘဲ သူ့နောက် မလိုက်ဖို့ တားမြစ်ခဲ့တာလဲ" မြို့ပိုင်ရှင်က ထိတ်လန့်တကြား မေးမြန်းလိုက်သည်။

အစေခံ အဘိုးအိုက ဟက်ဟက်ပက်ပက် ရယ်မောပြီးနောက် သူ၏ မျက်လုံးများတွင် ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ ရှန်းမြောင်သုံက သူ့ကို ပါးနှစ်ချက် ရိုက်ခဲ့ခြင်းအပေါ် ဒေါသမထွက်ဝံ့သော်လည်း သူသည် ထိုကိစ္စအားလုံးအတွက် ရွှယ်အန်းကို အငြိုးထားနေသည်။ သူ၏ အမြင်၌ မည်သို့ရောက်ရှိလာမှန်းမသိသော လူငယ်သာ မရှိပါက ဒုတိယသခင်မလေးသည် သူ့အပေါ် မည်သို့မျှ ဒေါသထွက်ခဲ့မည်နည်း။ ထို့ကြောင့် မြို့ပိုင်ရှင်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ အစေခံအဘိုးအို၏ မျက်လုံးများ ကောက်ကျစ်စွာ တောက်ပသွား၍ အကြံတစ်ခု ရရှိသွားသည်။

"ဟားဟား၊ အနားကို တိုးခဲ့ပါဦး၊ မြို့ပိုင်ရှင်။ ကျုပ် လျှို့ဝှက်ချက်တစ်ခု ပြောစရာရှိလို့ပါ"

မြို့ပိုင်ရှင်သည် နာခံစွာ အနားသို့ တိုးကပ်သွားသည်။ ခေတ္တမျှ နားထောင်ပြီးနောက် မြို့ပိုင်ရှင်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာ၍ မျက်နှာသည်လည်း ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ဝင်းပလာသည်။

"ဒါ တကယ်ပဲလား" မြို့ပိုင်ရှင်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော လေသံဖြင့် မေးလိုက်သည်။

အစေခံ အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့ ကျုပ် ဒုတိယသခင်မလေးကို ခစားနေတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒီလိုကိစ္စမျိုးကို အလကား လျှောက်ပြောပါ့မလား"

"သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်" မြို့ပိုင်ရှင်သည် လက်ဝါးချင်း ပွတ်၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် အလျင်အမြန် ဆိုလိုက်သည်။

"ဒီကိစ္စသာ အောင်မြင်သွားရင်၊ ကျုပ် ခင်ဗျားကို ဆုလာဘ်တွေ အများကြီး ပေးမှာပါ"

အစေခံ အဘိုးအိုက လက်ကို စိမ်ပြေနပြေပင် ဝေ့ယမ်းလိုက်သည်။

"မြို့ပိုင်ရှင်ကလည်း အားနာစရာကြီး။ ကျုပ်က ခင်ဗျားကို သဘောကျလို့ ဒီသတင်းအချက်အလက်ကို မျှဝေပေးတာပါ။ ဒါ့အပြင် ခင်ဗျား မြန်မြန် လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် အချိန်ကြာသွားတာနဲ့အမျှ ပြောင်းလဲမှုတွေ ရှိလာနိုင်တယ်"

မြို့ပိုင်ရှင်က ကြက်သွန်ဖြူထောင်းသကဲ့သို့ ခေါင်းကို တရစပ် ညိတ်ပြလိုက်သည်။

"နားလည်ပါပြီ၊ နားလည်ပါပြီ၊ အခုပဲ လူလွှတ်ပြီး ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"

ဤသို့ မြင်လိုက်ရသောအခါ အစေခံအဘိုးအိုသည် စိတ်ထဲတွင် ကျေနပ်အားရစွာဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

'ကောင်စုတ်လေး ... မင်း ဘယ်လောက်အထိ ရိုင်းစိုင်းနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့'

အစေခံ အဘိုးအိုသည် သူ၏ ပါးနပ်သော အကြံအစည်အတွက် ကိုယ့်ကိုယ်ကို ကျေနပ်လျက် ဂုဏ်ယူဝင့်ကြွားစွာ ထွက်ခွာသွားသည်။ ထိုအခါ ဘေးပတ်ဝန်းကျင်ရှိ လူများသည် မြို့ပိုင်ရှင်ထံ စုပြုံတိုးဝှေ့လာ၍ စိတ်အားထက်သန်စွာ မေးမြန်းကြလေသည်။

"အရှင်၊ အဲဒီအဖိုးကြီးက ဘာပြောသွားတာလဲ"

"ဟုတ်ပါရဲ့၊ အရှင် ဘာဖြစ်လို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ"

မြို့ပိုင်ရှင်က မိန်းမောစွာ ရယ်မောလျက် ထိုလူများကို တစ်ချက် ကြည့်လိုက်သည်။ ၎င်းတို့သည် မြို့အတွင်းရှိ ထိပ်တန်း ဂုဏ်သရေရှိ မိသားစုများဖြစ်သောကြောင့် မြို့ပိုင်ရှင်က လည်ချောင်း တစ်ချက် ရှင်းပြီးနောက် အားလုံးကို အနားသို့ ခေါ်လိုက်သည်။

"အားလုံး ဒီကို လာကြ။ အခု ကျုပ် လက်ထဲမှာ အခွင့်အရေးကောင်းတစ်ခု ရောက်နေပြီ၊ ကျုပ် အားလုံးကို မျှဝေပေးချင်တယ်"

ခဏအကြာတွင် မြို့ပိုင်ရှင်၏ စကားများကို ကြားလိုက်ရသောအခါ ထိုနေရာရှိ လူတိုင်း၏ မျက်နှာများတွင် အမျိုးမျိုးသော အမူအရာများ ပေါ်ပေါက်လာသည်။ အချို့သည် ပဟေဠိဖြစ်စွာဖြင့် ဝေခွဲမရဖြစ်နေကြသည်။ သို့သော် အချို့သည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားသဖြင့် စိတ်လှုပ်ရှားစွာ ခုန်ပေါက်လုနီးပါး ခံစားနေရသည်။

"မြို့ပိုင်ရှင်၊ အခု ကျုပ်တို့ ဘာလုပ်သင့်လဲ" တစ်စုံတစ်ဦးက စိတ်မရှည်စွာ မေးလိုက်သည်။

မြို့ပိုင်ရှင်က အဝေးတစ်နေရာသို့ ငေးကြည့်ကာ အရေးမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။ "ပြောဖို့တောင် လိုသေးလို့လား။ သဘာဝအတိုင်း အခွင့်အရေးကို ချက်ချင်း အရယူရမှာပေါ့။ အမိန့်ထုတ်လိုက် ဒုတိယသခင်မလေး တည်းခိုနေတဲ့ တည်းခိုခန်းနဲ့ ဘေးပတ်ဝန်းကျင်က ဆိုင်တွေကို အားလုံး ရှင်းလင်းပြီး အဲဒီနေရာမှာ ကျုပ်တို့ လူတွေကို အစားထိုးလိုက်။ ကျုပ်တို့ လူတွေဆိုတာ ဘာကို ဆိုလိုသလဲဆိုတာ ခင်ဗျားတို့ နားလည်တယ် မဟုတ်လား"

ဤလူများသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် လူကုံထံများဖြစ်ကြရာ မြို့ပိုင်ရှင်၏ စကားကို ကြားသည်နှင့် ဉာဏ်ထိုင်းသူများပင် အခြေအနေကို နားလည်သွားကာ ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

"စိတ်ချပါ ကျုပ်တို့ နားလည်ပါတယ်"

"တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျုပ်ရဲ့ တတိယမြောက် သားလည်း အပြင်က ပြန်ရောက်လာတာ မကြာသေးဘူး၊ သူ့ကို အခု ပြင်ဆင်ခိုင်းပြီး အဲဒီကို လွှတ်ရမယ်"

မြို့ပိုင်ရှင်က ခေါင်းညိတ်ပြလိုက်သည်။

"အချိန်မဖြုန်းကြနဲ့တော့၊ အခုပဲ သွားကြတော့"

"ဟုတ်ကဲ့"

ထိုစကားကို ကြားသည်နှင့် လူတိုင်း အလျင်အမြန် လူစုခွဲသွားကြသည်။

မြို့ပိုင်ရှင်သည် ထိုနေရာတွင် ရပ်တန့်နေစဉ် စိတ်လှုပ်ရှားစွာ ထွက်ခွာသွားသော လူများ၏ ကျောပြင်ကို ကြည့်၍ ကျေနပ်အားရစွာ ပြုံးလိုက်သည်။

'မင်းတို့ရဲ့ မျိုးဆက်သစ်တွေက ငါ့သားကို ယှဉ်နိုင်မယ် ထင်နေတာလား။ ဟားဟား၊ ဒီတစ်ကြိမ်တော့ ရှန်းမိသားစုရဲ့ သမက်လောင်းက ငါ့အိမ်တော်ကပဲ ဖြစ်ရမယ်'

သူသည် ဤသို့ တွေးတောလျက် လှည့်မကြည့်ဘဲ အမိန့်တစ်ခု ခပ်တိုးတိုး ချမှတ်လိုက်သည်။

"ယန်းအာကို ပြင်ဆင်ခိုင်းပြီးတာနဲ့ တည်းခိုခန်းကို သွားခိုင်းလိုက်"

"ဟုတ်ကဲ့"

လက်အောက်ငယ်သားများသည် အမိန့်ကို လက်ခံကာ ထွက်ခွာသွားကြသည်။

သက်လတ်ပိုင်းအရွယ် မြို့ပိုင်ရှင်သည် တက်ကြွသော စိတ်ဓာတ်ဖြင့် ထိုနေရာ၌ ရပ်တန့်ကာ ရှန်းမိသားစုနှင့် ခမည်းခမက်ဖြစ်ပြီးနောက် ရရှိလာမည့် ဘုန်းကျက်သရေရှိသော ဘဝကို စိတ်ကူးယဉ်နေသည်။ တစ်ချိန်တည်းမှာပင် သူသာမကဘဲ မြို့တစ်မြို့လုံးရှိ တင်ဆက်ထိုက်သော လူငယ် အမျိုးသားရှိသည့် ဂုဏ်သရေရှိ မိသားစုတိုင်းသည် ၎င်းတို့၏ သားပျိုများကို အကောင်းဆုံး ဝတ်စုံများ ဆင်ယင်ပေးကာ စေလွှတ်နေကြသဖြင့် ယခင်က ရိုးရှင်းသော တည်းခိုခန်းသည် ယခုအခါ အလွန်တောက်ပလာသည်။ သင့်တော်သော သားပျိုများမရှိသည့် မိသားစုများပင် အရှုံးမပေးလိုကြဘဲ ထူးခြားသော နည်းလမ်းမျိုးစုံကို အသုံးပြုနေကြသည်။ အချို့သည် စေ့စပ်ထားပြီးသား သားယောက်ျားလေးများကိုပင် စေလွှတ်နေကြသည်။

ထိုမျှသာမကဘဲ သားယောက်ျားလေးမရှိသော မိသားစုတစ်စုသည် ၎င်းတို့၏ သမီးများကို အမျိုးသားဝတ်စုံများ ဝတ်ဆင်ကာ စေလွှတ်နေသည်။ အခြားလူများက မေးမြန်းသည့်အခါ ထိုမိသားစုသည် ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

"ဒုတိယသခင်မလေးက ဘယ်လိုပုံစံမျိုးကို ကြိုက်မလဲဆိုတာ ဘယ်သူသိမှာလဲ၊ ဒီလိုပုံစံမျိုးကို ကြိုက်ရင်လည်း ကြိုက်နေမှာပေါ့"

အတိုချုပ်ဆိုရသော် တစ်မြို့လုံးသည် အစေခံ အဘိုးအို၏ စကားကြောင့် ဆူညံပွက်လောရိုက်နေ၍ ထူးခြားလှသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ထိုအချိန် ရွှယ်အန်းနှင့် ရှင်းယွီရှုတို့သည် ဤတည်းခိုခန်း၌ အခြေချ နေထိုင်နေကြသည်။ ရှင်းယွီရှုသည် သွေးအန်မတတ် အလွန်အမင်း မောပန်းနေသည်။ သူသည် အခန်းထဲသို့ ရောက်သည်နှင့် ကုတင်ပေါ်သို့ ပစ်လှဲကာ မျက်စိတစ်မှိတ်အတွင်း၌ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ ရွှယ်အန်းက ဤဖြစ်စဉ်ကို မြင်သောအခါ ပြုံးရယ်ကာ စားပွဲခုံ၌ စိမ်ပြေနပြေ လက်ဖက်ရည် ကြိုချက်နေသည်။ ဤသည်မှာ သူ၏ အလေ့အကျင့်တစ်ခု ဖြစ်လာသည်။

မည်သည့်နေရာ၊ မည်သည့်အချိန်၌ ဖြစ်ပါစေ သူသည် လက်ဖက်ရည်ကြမ်း ပူပူတစ်အိုးကို ကြိုချက်သောက်သုံးရခြင်းကို နှစ်သက်သည်။ ဤအကြောင်းကြောင့်ပင် ရွှယ်အန်းသည် ယန်အာ၏ နေရာလွတ်လက်စွပ်ကို ယူလာကာ အတွင်း၌ လက်ဖက်ရည်သုံး ပစ္စည်းမျိုးစုံနှင့် အရည်အသွေးမြင့် လက်ဖက်ခြောက်များကို သိုလှောင်ထားခဲ့သည်။ သို့သော် ရွှယ်အန်း အနှစ်သက်ဆုံးမှာ ဤကဲ့သို့ သဘာဝကျကျ လက်ဖက်ရည် ကြိုချက်ခြင်းဖြစ်သည်။ အရည်အသွေးမြင့် ဖန်ခါးသား မီးသွေးများ လောင်ကျွမ်းသည့်အခါ မီးခိုးရောင် အငွေ့များ ထွက်ပေါ်လာ၍ လက်ဖက်ရည်အိုးထဲမှ ရနံ့များ တဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးသည် အလွန်စိတ်ကြည်နူးဖွယ်ကောင်းလှသောကြောင့် လူတစ်ဦးကို မလွဲမသွေ စိတ်အေးချမ်းသွားစေသည်။ ရွှယ်အန်းသည် လက်ဖက်ရည်အိုး ကြိုချက်ပြီးစီးသွား၍ ငှဲ့တော့မည့်အချိန်၌ တံခါးအပြင်ဘက်မှ ခပ်ဖျော့ဖျော့ ဆူညံသံများကို ကြားလိုက်ရသည်။

အခန်း (၁၂၇၁) ကျွန်မ လက်ရာကို မြည်းကြည့်ပါဦး

ရွှယ်အန်းသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြုံးပြီးနောက် လက်ဖက်ရည်တစ်ခွက်ကို ဖြည်းဖြည်းချင်း ငှဲ့ကာ တစ်ငုံသောက်လိုက်သည်။ ထိုစဉ် အခန်းအပြင်ဘက် စင်္ကြံလမ်းဆီမှ ရှုပ်ထွေးသော ခြေသံများ ထွက်ပေါ်လာ၍ တံခါးရှေ့၌ ရပ်တန့်သွားသည်။ ရွှယ်အန်းသည် အပြင်ဘက်သို့ တစ်ချက်ပင် မော့မကြည့်ဘဲ ခေါင်းငုံ့လျက် လက်ဖက်ရည်ကို တိတ်ဆိတ်စွာ သောက်သုံးနေသည်။ ချက်ချင်းဆိုသလိုပင် အခန်းတံခါး ပွင့်သွားပြီးနောက် အပြင်ဘက်မှ လေပြင်းများ တိုးဝင်လာသဖြင့် ပြတင်းပေါက် လိုက်ကာများ တဖျတ်ဖျတ် လွင့်ခါသွားသည်။ ရှန်းမိသားစု၏ ဒုတိယမြောက် သမီးပျို ရှန်းမြောင်သုံသည် တံခါးဝတွင် ရပ်နေ၏။ သူမသည် တောင်တစ်လုံးကဲ့သို့ ငြိမ်သက်စွာ လက်ဖက်ရည် သောက်နေသော ရွှယ်အန်းကို ရှုပ်ထွေးသော အရိပ်အမြွက်များဖြင့် ကြည့်နေသည်။

ထိုအရိပ်အမြွက်များအနက် အားကျမှု၊ သိချင်စိတ်နှင့် နောက်ပြောင်လိုသော အငွေ့အသက်များ ပါဝင်နေ၏။ ပြီးနောက် ရှန်းမြောင်သုံက ချောင်းတစ်ချက်ဟန့်၍ အံ့အားသင့်ယောင်ဆောင်ကာ ပြောလိုက်သည်။

"အို... သခင်လေး၊ ဘယ်လိုတိုက်ဆိုင်မှုများလဲ။ ကျွန်မတို့တွေ ဒီလောက်မြန်မြန် ပြန်ဆုံကြမယ်လို့ မထင်ထားဘူး"

ရွှယ်အန်းက ခန္ဓာကိုယ် ဖွံ့ဖြိုးမှု မပြည့်စုံသေးသည့် ထိုမိန်းကလေးကို တစ်ချက်လှည့်ကြည့်ပြီးနောက် မျက်လုံးကို အောက်စိုက်၍ အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်ပါ့၊ တကယ့်ကို တိုက်ဆိုင်တာပဲ"

အကယ်၍ အခြားသူသာ ရှန်းမြောင်သုံ အရှေ့တွင် ဤသို့ အေးစက်ပေါ့ပျက်စွာ ပြုမူပါက သူမ ရိုက်နှက်ပြီးလောက်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရှန်းမိသားစုရှိ ဒုတိယသခင်မလေး၏ ဒေါသကြီးသည့် အကျင့်ကို မသိထားသူဟူ၍ မရှိပေ။ သို့သော် ရွှယ်အန်း၏ ခပ်တန်းတန်း ဆက်ဆံမှုကို ရင်ဆိုင်ရချိန်တွင် ရှန်းမြောင်သုံသည် အနည်းငယ်မျှ ဒေါသမထွက်ဘဲ ရယ်မောကာ အခန်းထဲ ဝင်လာပြီးနောက် မိတ်ဆွေဟောင်းတစ်ဦးကဲ့သို့ ရင်းနှီးစွာ ချဉ်းကပ်လာသည်။

"သခင်လေး လက်ဖက်ရည် သောက်နေတာလား"

သူမသည် အနီးသို့ တိုးကပ်သွားချိန်တွင် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

'ရေသောက်တာတောင် ကြည့်ကောင်းလိုက်တာပဲ'

"ဟုတ်တယ်" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်... လက်ဖက်ရည်က သခင်လေး အကြိုက် ဟုတ်ရဲ့လား" ရှန်းမြောင်သုံသည် တောက်ပသော မျက်လုံးများဖြင့် နှတ်ခမ်းများကို လျှာဖြင့်သပ်ကာ မေးလိုက်သည်။

သူမသည် ငယ်ရွယ်သေးသော်လည်း ထိုသို့ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည့် အပြုအမူသည် အလွန်ဆွဲဆောင်မှု ရှိလှသည်။ မိမိအလိုရှိရာ သားကောင်ကို ချောင်းမြောင်းနေသည့် တောကြောင်လေးတစ်ကောင်နှယ်ပင် ဆင်တူသည်။

ရွှယ်အန်းသည် မော့မကြည့်ဘဲ ပြောလိုက်သည်။

"အင်း၊ အဆင်ပြေပါတယ်"

ရှန်းမြောင်သုံသည် ရွှယ်အန်းထံမှ တုံ့ပြန်မှု အမျိုးမျိုးကို စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ဤစကားနှစ်ခွန်းကိုမူ လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ပေ။

'အဆင်ပြေပါတယ်တဲ့... ဒါက ဘယ်လို အဖြေမျိုးလဲ။ ထိုင်ပြီး လက်ဖက်ရည် အတူတူ သောက်ဖို့ ဖိတ်သင့်တယ် မဟုတ်ဘူးလား'

သူမ နောက်သို့ တကောက်ကောက် လိုက်နေကြသည့် သူဌေးသားများသာဆိုလျှင် သူမနှင့် လက်ဖက်ရည် အတူသောက်ခွင့်ရလျှင် ပျော်ရွှင်လွန်းသဖြင့် ညဘက် အိပ်ပျော်ကြမည် မဟုတ်ပေ။ ရှန်းမြောင်သုံသည် တွေးမိလေ စိတ်တိုလေဖြစ်လာကာ သက်ပြင်းချပြီးနောက် အနီးရှိ ခုံတန်းလျားပေါ်တွင် ထိုင်ချကာ ရန်လိုသော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်မလည်း သောက်ချင်တယ်"

နောက်ဆုံးတွင် ရွှယ်အန်းက ဒုတိယသခင်မလေးရှန်းကို မော့ကြည့်လိုက်သည်။ သူမက သူ့ကို ဒေါသတကြီး ပြန်လည် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသောအခါ ရယ်လိုက်မိသည်။

"မင်းလည်း သောက်ချင်လို့လား"

"အာ... အင်း... ဟုတ်တယ်၊ ကျွန်မလည်း သောက်ချင်တယ်" ရွှယ်အန်း၏ အပြုံးကို မြင်လိုက်ရသောအခါ ရှန်းမြောင်သုံ၏ ဒေါသများ ချက်ချင်း အရည်ပျော်သွား၍ ခဏအကြာ၌သာ ပြန်ဖြေနိုင်ခဲ့သည်။

သို့သော် ရွှယ်အန်းက ခေါင်းခါ၍ ပြောလိုက်သည်။

"ကျုပ် လက်ဖက်ရည်က အရမ်းဈေးကြီးတယ်၊ မင်း ဝယ်နိုင်မှာ မဟုတ်ဘူး"

"အရမ်းဈေးကြီးတယ် ဟုတ်လား" ရှန်းမြောင်သုံက မျက်လုံးအဝိုင်းသားဖြင့် ပြန်မေးလိုက်သည်။

"ဟုတ်တယ်၊ အရမ်းဈေးကြီးတယ်"

ရှန်းမြောင်သုံသည် ရယ်ပင် ရယ်ချင်မိသွားသည်။ ဤနေရာ၌သာမကဘဲ ဤလောကတစ်ခုလုံး၌ ရှန်းမိသားစု၏ ဒုတိယသခင်မလေးကို ပစ္စည်းတစ်ခုက ဈေးကြီးလွန်းသည်ဟု ပြောရဲသူဟူ၍ ရှိမည်သလော။

'သူ တကယ်ပဲ ငါ့ အဆင့်အတန်းကို မသိတာလား၊ ဟုတ်ရင်လည်း ဟုတ်လောက်ပါတယ်'

ထိုသို့ တွေးမိသောအခါ ရှန်းမြောင်သုံ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာပြီးနောက် သက်ပြင်းရှည်ရှည်ချလိုက်သည်။

"ဒါပေမယ့် ကျွန်မ အခု တကယ် ရေငတ်နေတာ၊ ဒါကိုသောက်ချင်ရင် ဘယ်လိုလုပ်ရမလဲ"

ထိုသို့ပြောပြီးနောက် သူမသည် ရွှယ်အန်းကို တောင်းဆိုသော မျက်ဝန်းများဖြင့် မော့ကြည့်၍ လက်ညှိုးလေး တစ်ချောင်း ထောင်ပြလိုက်သည်။

"အခု ကျွန်မမှာ ပိုက်ဆံမရှိရင်ရော ဘယ်လိုလုပ်မလဲ။ ကျွန်မကို တစ်ခွက်လောက်ပဲ တိုက်ပါလား၊ သခင်လေး။ တစ်ခွက်တည်းပါ၊ နောက်မှ ကျွန်မမှာ ပိုက်ဆံရှိရင် ပြန်ဆပ်ပါ့မယ်"

ရွှယ်အန်းက သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လာသောအခါ ရှန်းမြောင်သုံသည် အကြောင်းရင်းမဲ့စွာ ရင်ခုန်လာသည်။ နောက်ဆုံးတွင် ရွှယ်အန်းသည် အကြည့်ကို လွှဲလိုက်ပြီးနောက် ခွက်တစ်ခုကို ထုတ်ယူကာ လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ရှန်းမြောင်သုံက တောက်ပစွာ ပြုံးပြ၍ ခွက်ကို ကောက်ယူကာ သောက်လိုက်သည်။ သူမသည် လက်ဖက်ရည် အနုပညာကို နားမလည်သော်လည်း မြင့်မြတ်သော မိသားစုမှ မွေးဖွားလာသူဖြစ်သဖြင့် ထူးခြားဆန်းပြားသော လက်ဖက်ရည်များစွာကို မြင်တွေ့ဖူးခဲ့သည်။

သို့သော် လက်ဖက်ရည်ကို နှုတ်ခမ်းနှင့် ထိမိသည်နှင့် ပါးစပ်အတွင်း လန်းဆန်းသော ရနံ့တစ်ခု ပေါက်ကွဲသွားကာ လည်ချောင်းတစ်လျှောက် စီးဆင်းကာ အစာအိမ်ထဲသို့ ရောက်ရှိသွားသည်။ ရှန်းမြောင်သုံသည် အေးမြမှုကြောင့် တုန်ယင်သွားပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်နှင့် သွေးလေများ ပိုမို ချောမွေ့လာသကဲ့သို့ ခံစားလိုက်ရသဖြင့် အံ့သြတကြီး ရေရွတ်မိသွားသည်။

"ဒါက ဘာလက်ဖက်ရည်လဲ"

"နဂါးရေတွင်း"

"နဂါးရေတွင်း... ဒါ ဘယ်ကလာတာလဲ၊ ဈေး အရမ်းကြီးလား" ရှန်းမြောင်သုံက စိတ်အားထက်သန်စွာ မေးလိုက်သည်။

"အရမ်းဝေးတဲ့ နေရာတစ်ခုက လာတာပါ။ ဈေးကြီးလား ဆိုတော့..." ရွှယ်အန်းက ခေတ္တရပ်တန့်ကာ စိမ်ပြေနပြေ ပြောလိုက်သည်။

"တစ်ထုပ်ကို ဒေါ်လာ တစ်ထောင့်တစ်ရာလောက်ရှိမယ် ထင်တယ်၊ ဝေါမတ်မှာ ဝယ်လို့ရတယ်"

'ဒေါ်လာ တစ်ထောင့်တစ်ရာ၊ ဝေါမတ်... "

ဤစကားလုံးများသည် ရှန်းမြောင်သုံအတွက် အလွန်စိမ်းနေသဖြင့် သူမ ဇဝေဇဝါဖြစ်သွားသော်လည်း ချက်ချင်းပင် ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။ ဤနယ်မြေ၏ နံပါတ်တစ် မိသားစုမှ ဆင်းသက်လာသော သူမသည် ကမ္ဘာကြီး အလွန်ကျယ်ပြောခြင်းနှင့် ပတ်သက်၍ ကောင်းစွာ နားလည်ထားသည်။ ထို့ကြောင့် သူမ သိပ်စိတ်မဝင်စားဘဲ ရွှယ်အန်းကိုသာ စိတ်ဝင်တစား ကြည့်နေမိသည်။

"စကားတွေ အကြာကြီး ပြောနေတာတောင် သခင်လေးရဲ့ နာမည်ကို ကျွန်မ မသိရသေးဘူး။ ကျွန်မကိုယ်ကျွန်မ အရင် မိတ်ဆက်ပါရစေ၊ ကျွန်မ နာမည်က ရှန်းမြောင်သုံပါ။ ...နေရာငယ်လေးတစ်ခုက လာတာပါ"

ရွှယ်အန်းက ငွေအပ်တစ်ချောင်းဖြင့် မီးဖိုထဲရှိ မီးသွေးခဲများကို ထိုးဆွကာ ခေါင်းမမော့ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"ရွှယ်အန်း"

'မျိုးရိုးက ရွှယ်လား...'

ရှန်းမြောင်သုံသည် ဤနယ်မြေရှိ ရွှယ်မျိုးရိုးဖြင့် မြင့်မြတ်သော မိသားစုများ ရှိမရှိကို ဦးနှောက်ထဲ၌ အလျင်အမြန် ရှာဖွေလိုက်သော်လည်း မည်သည်ကိုမျှ ရှာမတွေ့ခဲ့ပေ။ အကယ်၍ သူသာ မြင့်မြတ်သော မိသားစုမှ ဆင်းသက်လာပါက ရှန်းမိသားစု၏ ဂုဏ်သတင်းကို မသိဘဲ နေမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် သာမန်မြို့ငယ်တစ်ခုမှ ရောက်လာသူဖြစ်နိုင်သည်ဟု သူမ တွေးလိုက်သည်။ သို့သော် ရှန်းမြောင်သုံသည် စိတ်ပျက်သွားခြင်း မရှိပေ။ ရွှေဇွန်းဖြင့် မွေးဖွားလာသည့် သမီးပျိုတစ်ဦးအနေဖြင့် သူမကို အမြဲတစေ ဝိုင်းရံနေကြသော သူဌေးသားများ၏ အပြုအမူကို ငြီးငွေ့နေပြီဖြစ်သည်။ ထို့ကြောင့် ရွှယ်အန်းတွင် ထိုသို့သော နောက်ခံမျိုး မရှိကြောင်း သိလိုက်ရသောအခါ သူမ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

"သခင်လေးရွှယ်က ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားအတွက် ရောက်လာတာ ဖြစ်ရမယ်" ရှန်းမြောင်သုံက ဝမ်းသာအားရ မေးလိုက်သည်။

တည်ထောင်ခြင်း အခမ်းအနားဟု ထပ်မံကြားလိုက်ရသောအခါ ရွှယ်အန်း၏ အကြည့်များ အနည်းငယ် ပြောင်းလဲသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်"

"ဟီးဟီး၊ ကျွန်မလည်း အတူတူပါပဲ။ တကယ်တော့ ကျွန်မက ဒီကို မလာချင်ပါဘူး၊ မိသားစုက အတင်းလွှတ်လို့သာ လာရတာ။ ကျွန်မ အသက်အရွယ်က တောင်ပေါ်မှာ ကျင့်ကြံဖို့ အချိန်တန်ပြီတဲ့လေ။ ဒါပေမယ့် ဘာကွာလို့လဲ၊ ကျွန်မတို့ ရှန်းမိသားစုတွေ အမွေဆက်ခံထားတဲ့ ကျင့်စဉ်က ရွှေရောင်ဆေးမီးဖိုရဲ့ ကျင့်စဉ်အောက် မနိမ့်ပါဘူး"

ရှန်းမြောင်သုံက သူမ၏ မကျေနပ်ချက်များကို တတွတ်တွတ် ပြောပြနေသည်။ ဤနေရာ၌ သူမသည် ယခင်က မောက်မာသည့် အပြုအမူမျိုး မဟုတ်တော့ဘဲ သာမန် ဘေးအိမ်က မိန်းကလေးတစ်ဦးကဲ့သို့ ပြုမူနေသည်။ ရွှယ်အန်းကမူ မည်သည့်အမူအရာမျှ မပြသဘဲ လက်ဖက်ရည်ကို တိတ်တဆိတ် ဆက်သောက်နေသဖြင့် သူမ၏စကားများကို နားထောင်ခြင်း ရှိမရှိနှင့်ပတ်သက်၍ မသိရပေ။ အချိန်အတော်ကြာ စကားပြောပြီးနောက် ရှန်းမြောင်သုံသည် ရွှယ်အန်းကို စိုက်ကြည့်ကာ စားပွဲကို ရိုက်ချလိုက်သည်။

"စိတ်ချပါ၊ သခင်လေးရွှယ်။ သခင်လေးက ကျွန်မကို လက်ဖက်ရည် တစ်ခွက် တိုက်ခဲ့တာဆိုတော့ ကျွန်မတို့တွေ သူငယ်ချင်းတွေ ဖြစ်သွားပြီ။ တည်ထောင်ခြင်း အခမ်းအနားမှာ သခင်လေး ရွှေရောင်ဆေးမီးဖိုရိပ်မြုံထဲ အေးအေးဆေးဆေး ဝင်နိုင်အောင် ကျွန်မ ကူညီပေးမယ်"

ရွှယ်အန်းက သူမကို ပြုံးစစဖြင့် တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလိုဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ်"

"အာ... ကျွန်မတို့ကြားမှာ ကျေးဇူးတင်နေစရာ မလိုပါဘူး။ ဒါနဲ့..." ရှန်းမြောင်သုံ တစ်ခုခုကို သတိရသွားဟန်ဖြင့် မျက်လုံးများ တောက်ပလာ၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သခင်လေးရွှယ် ထမင်းမစားရသေးဘူး မဟုတ်လား။ ကျွန်မ ရောက်ကတည်းက စားစရာတွေ ပြင်ခိုင်းထားတယ်။ အရင်ဆုံး ထမင်းသွားစားကြမလား"

"ညစာလား"

"ဟုတ်တယ်" ရှန်းမြောင်သုံက ဂုဏ်ယူစွာ ရယ်မောလျက် ပြောလာသည်။

"သခင်လေးရွှယ် မသိသေးဘူး ထင်တယ်၊ ကျွန်မတို့မိသားစုရဲ့ ထမင်းချက်က လက်ရာ အရမ်းကောင်းတာ။ မြည်းကြည့်ရင် ရှင် သိပါလိမ့်မယ်"

ဟင်းချက်လက်ရာ အလွန်ကောင်းမွန်ကြောင်း ကြားလိုက်ရသဖြင့် ရွှယ်အန်း၏ မျက်လုံးများ အရောင်တောက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် သွားမြည်းကြည့်ရအောင်"

အခန်း (၁၂၇၂) လုံးဝအသုံးမဝင်ခြင်း၊ သတိထားမိသွားတဲ့အတွက် အသိအမှတ်ပြုလိုက်မယ်

ရွှယ်အန်းနှင့် ရှန်းမြောင်သုံတို့သည် လှေကားမှဆင်းလာ၍ နောက်ဖေးခြံဝန်းအတွင်းသို့ ရောက်ရှိလာသည်နှင့် လှပသော အသွင်အပြင်များ ပိုင်ဆိုင်ကာ တောက်ပစွာဝတ်ဆင်ထားသည့် အစေခံမလေး ဆယ်ဦးခန့်သည် ဘေးတစ်ဖက်တစ်ချက်စီတွင် ရိုသေစွာ ရပ်စောင့်နေကြောင်း မြင်တွေ့လိုက်ရသည်။ ထို့ပြင် ထိုအစေခံမလေးများ၏ အရှိန်အဝါသည် သာမန်မဟုတ်ဘဲ ကျင့်ကြံခြင်းအဆင့် ပိုင်ဆိုင်ထားသူများဖြစ်ကြောင်း သိသာထင်ရှားသည်။ ထိုအစေခံမလေးများသည် ရှန်းမြောင်သုံကို မြင်သည်နှင့် စနစ်တကျ ပြင်ဆင်မှုများ စတင်ပြုလုပ်လိုက်ကြသည်။

စားပွဲများ၊ ကုလားထိုင်များနှင့် ဟင်းလျာများကို ခဏအတွင်း ခင်းကျင်းလိုက်ကြရာ ထိုကဲ့သို့သော ပြင်ဆင်မှုမျိုးသည် ရှန်းမိသားစု၏ ထူးခြားသော မြင့်မြတ်မှုကို သက်သေပြနေဟန်ရှိသည်။ ဤမြင်ကွင်းကို မြင်လျှင် ရွှယ်အန်း မည်သို့တုံ့ပြန်မည်ကို သိလိုသဖြင့် ရှန်းမြောင်သုံသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခိုးကြည့်လိုက်သည်။ သို့သော် သူမ ထင်မှတ်မထားသည်မှာ ရွှယ်အန်း၏ မျက်နှာအမူအရာသည် အေးစက်တည်ငြိမ်နေ၍ ဤကဲ့သို့သော ပြင်ဆင်မှုများသည် ထူးခြားသောဖြစ်စဥ်တစ်ခု မဟုတ်သကဲ့သို့ မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ချေ။ ဤအချက်ကြောင့် ရှန်းမြောင်သုံ၏ စိတ်ထဲတွင် အံ့ဩမှုနှင့် သံသယများ ဖြစ်ပေါ်လာသည်။

ဂုဏ်သရေရှိ မိသားစုများမှ ဆင်းသက်လာသူများပင် သူမ၏ ကိုယ်ပိုင်အစေခံမလေးများကို မြင်လျှင် အံ့အားသင့်သည့် အသွင်အပြင်မျိုး ပြသတတ်ကြ၍ အချို့ကမူ မှင်သက်ကာ ရပ်ကြည့်နေတတ်ကြကြောင်း သိထားရပေလိမ့်မည်။ သို့သော် ရွှယ်အန်းသည် မည်သည့်စိတ်လှုပ်ရှားမှုမျှ မရှိဘဲ အလွန်အမင်း တည်ငြိမ်နေသည်။ သူသည် ဤနေရာရှိ သိမ်မွေ့နက်နဲမှုများကို မမြင်နိုင်ခြင်းဖြစ်သလော။

‘အင်း... ဖြစ်နိုင်တာပဲ’

၎င်းတို့နှစ်ဦးသည် မကြာမီ ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။ ပြီးနောက် အစေခံမလေးများသည် လက်ရာမြောက်လှသော ဟင်းလျာများကို စီးဆင်းနေသည့် ရေများပမာ တစ်ပွဲပြီးတစ်ပွဲ တည်ခင်းလာကြသည်။ ထိုဟင်းလျာများသည် ပါဝင်ပစ္စည်းအရဖြစ်စေ၊ ချက်ပြုတ်သည့် နည်းစနစ်အရဖြစ်စေ ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည်ဟု ရှန်းမြောင်သုံ ယူဆထားသည်။

ထို့ကြောင့် ရွှယ်အန်းက တစ်လုပ် မြည်းကြည့်သည့်အခါ ရှန်းမြောင်သုံသည် သူ၏ တုံ့ပြန်မှုကို သိချင်မိသောကြောင့် အပြုံးဖြင့် ကြည့်နေသည်။

‘သူ လုံးဝ အံ့အားသင့်သွားတော့မယ်လေ၊ မဟုတ်ဘူးလား’

မည်သည့်မျိုးရိုးမြင့် မိသားစုမှ ဆင်းသက်လာသူဖြစ်ပါစေ ဤကဲ့သို့သော အစားအစာကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်ပါက အလွန်အံ့ဩသွားလိမ့်မည်ဟု ရှန်းမြောင်သုံက ယုံကြည်မှုအပြည့်ဖြင့် တွေးနေမိသည်။ သို့သော် ရွှယ်အန်းသည် ရုတ်တရက် ခေါင်းလှည့်၍ ပါးစပ်ထဲမှ အစားအစာများကို ထွေးထုတ်လိုက်သည်။ ထိုအခါ ရှန်းမြောင်သုံ၏ မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွားသည်။

"ပါဝင်ပစ္စည်းတွေကတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ချက်ပြုတ်ပုံကတော့... အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

ရှန်းမြောင်သုံ၏ မျက်ခွံများ ဒေါသကြောင့် သိသိသာသာ လှုပ်ခတ်သွားသော်လည်း မကျေနပ်နိုင်သေးသဖြင့် ဘေးရှိ အခြားဟင်းတစ်ပွဲကို တွန်းပေးလိုက်သည်။

"ဒါကို မြည်းကြည့်ပါဦး ဒါကျွန်မတို့ မိသားစုစားဖိုမှူးရဲ့ အထူးလက်ရာ"

ခဏအကြာတွင် ရွှယ်အန်းက ပြောလိုက်သည်။

"အပူရှိန် အရမ်းပြင်းသွားတယ်"

"ပြင်ဆင်မှုက ညံ့ဖျင်းတယ်"

.......

ခဏတာအတွင်းမှာပင် စားပွဲပေါ်ရှိ ဟင်းလျာများအားလုံး ရွှယ်အန်း၏ ဝေဖန်မှုအောက်တွင် တန်ဖိုးမဲ့သွားရသည်။ ယုံကြည်မှု အပြည့်ရှိနေခဲ့သော ရှန်းမြောင်သုံသည် ရုတ်တရက် အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရွှယ်အန်း၏ စကားများ မှန်သည်၊ မှားသည်ကို သူမ မသိသော်လည်း သူ၏စကားများအရ အဓိပ္ပာယ်ရှိနေပုံပေါ်သည်။ သို့သော် အဓိကအချက်မှာ သူသည် မျိုးရိုးမြင့်မိသားစု၏ သခင်လေးတစ်ယောက် မဟုတ်ပါဘဲ မည်သို့ကြောင့် ဤမျှသိနေရသနည်း။ ရှန်းမြောင်သုံသည် အမှန်တကယ်ကို နားမလည်နိုင်ဖြစ်နေရသည်။

ထိုအချိန်တွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဟန်ဆောင်ပန်ဆောင် လုပ်ပြနေတာပဲ၊ ရယ်စရာကောင်းလိုက်တာ"

လူတစ်စုသည် ထိုအသံနှင့်အတူ ခြံဝင်းတံခါးအပြင်ဘက်မှ ဝင်ရောက်လာကြသည်။ ခေါင်းဆောင်လာသူသည် ခန့်ညားသော မျက်နှာအသွင်အပြင်နှင့် တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။ သူ၏ နောက်တွင်လည်း လူငယ်တစ်စု လိုက်ပါလာသည်။ ထိုစကားကို ပြောလိုက်သူသည် ဦးဆောင်လာသည့် လူငယ်ဖြစ်သည်။ လူအများအပြား ရုတ်တရက် ဝင်ရောက်လာခြင်းကို မြင်သောအခါ ရှန်းမြောင်သုံသည် ဦးစွာ မှင်သက်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒါက ဘာအဓိပ္ပာယ်လဲ"

ထိုစကားအဆုံးတွင် အစေခံအဘိုးအိုသည် အပြေးအလွှား ရောက်ရှိလာ၍ ရှန်းမြောင်သုံကို ဦးညွှတ်ကာ ဆိုလေသည်။

"ဒုတိယသခင်မလေး၊ ကျေးဇူးပြုပြီး အမျက်မထွက်ပါနဲ့။ ဒီလူကြီးမင်းတွေက မြို့ထဲက မျိုးရိုးမြင့်မိသားစုတွေက ဆင်းသက်သာသူတွေပါ၊ ခေါင်းဆောင်လာတဲ့လူက မြို့စားမင်းရဲ့သားဖြစ်သူ စုကျွင်းနင်ပါ။ သခင်မလေး ရောက်ရှိလာတဲ့အကြောင်း ကြားလို့ သူတို့ ဒီကိုလာပြီး နှုတ်ဆက်ချင်တယ္ဆိုလို့ ကျွန်တော် ခွင့်ပြုချက်မရဘဲ ခေါ်လာခဲ့မိတာပါ"

ရှန်းမြောင်သုံ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်သွားသည်။ တစ်ချိန်တည်းမှာပင် စုကျွင်းနင်သည် ယဉ်ကျေးပျူငှာသော အပြုံးဖြင့် ရှေ့သို့ တက်လာ၍ အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

"ဒုတိယသခင်မလေးရှန်းကို ဂါရဝပြုပါတယ်"

ရှန်းမြောင်သုံသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း သူမ မည်မျှမာန်တက်ပါစေ၊ ယခုအခါ သူတစ်ပါးနယ်မြေတွင် ရောက်ရှိနေခြင်းဖြစ်သောကြောင့် စိတ်ထဲရှိ မကျေနပ်မှုများကို ဖိနှိပ်ကာ စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းကိုသာ အနည်းငယ် ညိတ်ပြလိုက်သည်။ စုကျွင်းနင်၏ မျက်နှာပေါ်ရှိ အပြုံးများ ပြောင်းလဲမှုမရှိသော်လည်း သူ၏ မျက်ဝန်းများတွင် အေးစက်သော မာန်မာနရိပ်များ ဖြတ်သန်းသွားသည်။ အထူးသဖြင့် ရှန်းမြောင်သုံ၏ ဘေးတွင် ထိုင်နေသော ရွှယ်အန်းကို မြင်လိုက်ရသည့်အခါ သူ၏ စိတ်ထဲတွင် အေးစက်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

မြို့စားမင်း၏ အကြီးဆုံးသားဖြစ်သည့် စုကျွင်းနင်သည် မွေးကတည်းက အကောင်းဆုံးသော ဆက်ဆံမှုများကိုသာ ရရှိခဲ့သူဖြစ်သည်။ ထို့ပြင် သူ၏ခန့်ညားသော ရုပ်ရည်နှင့် ပါရမီထူးချွန်မှုများကြောင့် ငယ်စဉ်ကပင် နာမည်ကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့သည်။ ပုံမှန်အားဖြင့် သူသည် မြို့ထဲရှိ မရေတွက်နိုင်သော မိန်းမလှလေးများ၏ ဝန်းရံဖားယားမှုကို ခံရကာ အလွန်သက်သောင့်သက်သာရှိသော ဘဝကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ယခုတစ်ကြိမ်တွင် ထျန်ဖန်းမှ ကျော်ကြားသော ရှန်းမိသားစု၏ ဒုတိယသခင်မလေးသည် ဤနေရာသို့ လာရောက်တည်းခိုနေကြောင်း ဖခင်ဖြစ်သူထံမှ ကြားလိုက်ရသည့်အပြင် သူမသည် ဤနေရာတွင် မိတ်ဆွေဖွဲ့ရန် ဆန္ဒရှိသည်ဟု အစေခံအဘိုးအိုထံမှ သိရသည့်အခါ စုကျွင်းနင်သည် အလွန်အမင်း ဝမ်းသာစွာဖြင့် အဝတ်အစားကောင်းများ ဝတ်ဆင်ကာ မဆိုင်းမတွ ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ခြံဝင်းအတွင်းသို့ မဝင်ရသေးမီ ရွှယ်အန်း၏ ဟင်းလျာများအပေါ် ဝေဖန်မှုကို ကြားလိုက်ရသည်။

ကြိုတင်စုံစမ်းထားမှုအရ စုကျွင်းနင်သည် ရွှယ်အန်းကို ဤမြို့တွင် တစ်ခါမျှ မမြင်ဖူးသောကြောင်း သူသည် မျိုးရိုးမြင့်မိသားစုဝင် တစ်ဦး မဟုတ်ကြောင်း သိရှိထားသည်။ ထို့ကြောင့် ရွှယ်အန်းသည် လူအများကြားတွင် ထင်ပေါ်လိုသောကြောင့် လျှောက်ပြောနေခြင်းသာ ဖြစ်မည်ဟု သူ ယူဆလိုက်သည်။ ထို့ကြောင့်ပင် သူသည် ထိုဟန်ဆောင်မှုကို လှောင်ပြောင်သရော်ခဲ့ခြင်းဖြစ်သည်။ အထဲသို့ ဝင်လာပြီးနောက် ရွှယ်အန်းသည် ရှန်းမြောင်သုံနှင့်အတူ ဂုဏ်သရေရှိ ထုိင်ခုံတွင် ထိုင်ကာ ရင်းနှီးကျွမ်းဝင်စွာ စကားပြောနေကြောင်း မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲတွင် မနာလိုမှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

"ဒီလူကြီးမင်းကို ကြည့်ရတာ အတော်လေး မျက်နှာစိမ်းနေသလိုပဲ၊ ဘယ်မျိုးရိုးမြင့် မိသားစုက ဆင်းသက်လာတာလဲဆိုတာ ကျုပ် မေးကြည့်လို့ ရမလား" စုကျွင်းနင်သည် ကဲ့ရဲ့သော လေသံဖြင့် မေးလိုက်သည်။

ရွှယ်အန်းသည် စကားတစ်လုံးမျှ မဆိုဘဲ စုကျွင်းနင်ကို တည်ငြိမ်စွာ မော့ကြည့်လိုက်သည်။ စုကျွင်းနင်သည် ရွှယ်အန်း၏ အကြည့်နှင့် ဆုံလိုက်ရသည့်အခါ အကြောင်းအရင်းမဲ့စွာ နှလုံးသားတစ်ခုလုံး တင်းကျပ်လာ၍ ဦးရေပြားများပင် ထုံကျဥ်လာသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် ပြန်လည်တည်ငြိမ်သွားကာ ရွှယ်အန်းကို ပြန်စိုက်ကြည့်လိုက်သည်။ ထိုသို့မြင်သောအခါ ရှန်းမြောင်သုံသည် အလွန်ဒေါသထွက်သွားသည်။ ရွှယ်အန်းသည် သူမကိုယ်တိုင် ဖိတ်ခေါ်ထားသည့် မိတ်ဆွေဖြစ်၍ ရုတ်တရက် ရောက်ရှိလာသော ဤစုကျွင်းနင်ဆိုသူသည် ထိုသို့ရန်လိုနေသည့်အတွက် သူမ မည်သို့မျှ သည်းခံနိုင်မည်နည်း။

သူမက ဒေါသတကြီး လှောင်ရယ်ကာ ပြောလိုက်သည်။

"လူကြီးမင်းစု၊ ဒါက ဘာသဘောလဲ"

စုကျွင်းနင်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီးနောက် ဟန်လုပ်ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဒုတိယသခင်မလေး၊ ကျုပ်က ဘာရည်ရွယ်ချက်မှ မရှိပါဘူး ဒီမိတ်ဆွေကို ကြည့်ရတာ သိပ်မရင်းနှီးတာရယ်၊ ခုနကလည်း ဟင်းလျာတွေကို ဝေဖန်တုန်းက အင်မတန် အပြောကြီးတာကို ကြားလိုက်ရလို့ သူ့နောက်ခံအသိုင်းဝိုင်းကို မေးမြန်းချင်ရုံပါ။ ကျုပ်ကို စိတ်မရှိပါနဲ့"

ရှန်းမြောင်သုံသည် ထိုကဲ့သို့ အဓိပ္ပာယ်မဲ့သည့် စကားများကို မယုံကြည့်သောကြောင့် ပြန်ပြောရန် ပြင်ဆင်လိုက်စဉ် ရွှယ်အန်းက ဖြည်းညှင်းစွာ မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့ပဲ စကားဆက်ပြောကြပါ၊ ကျုပ် လက်ဖက်ရည်သောက်ဖို့ ပြန်တော့မယ်"

ပြီးနောက် ရွယ်အန်းသည် ထိုနေရာမှ ထွက်ခွာသွားသည်။ ထိုဖြစ်စဥ်ကြောင့် ရှန်းမြောင်သုံသည် အံ့အားသင့်၍ မှင်သက်စွာ ကျန်ရစ်ခဲ့သည်။ သို့သော် စုကျွင်းနင်၏ မျက်ဝန်းထဲတွင်မူ ဝမ်းသာသည့် အရိပ်အမြွက်များ ပေါ်ေပါက်လာကာ စိတ်ထဲမှ လှောင်ပြောင်နေမိသည်။ သူ၏အမြင်တွင် ဤအဖြူရောင်ဝတ်စုံနှင့် လူငယ်သည် သူ့ကို ကြောက်ရွံ့သွားသဖြင့် အလျင်အမြန် ထွက်ပြေးလိုခြင်းသာ ဖြစ်မည်ဟု ယူဆလိုက်သည်။

‘ကိုယ့်အခြေအနေကိုယ် သိသားပဲ’

စုကျွင်းနင်သည် စိတ်ထဲတွင် အလွန်ကျေနပ်စွာဖြင့် မှင်သက်ကာ ထိုင်နေဆဲဖြစ်သော ရှန်းမြောင်သုံဘက်သို့ အပြုံးဖြင့် လှည့်ပြောလိုက်သည်။

"ဒုတိယသခင်မလေး၊ ဒီလူကြီးမင်းက တစ်ခုခု အရေးကြီးကိစ္စ ရှိပုံရတယ်။ ကျုပ်တို့ သူ့ကို မနှောင့်ယှက်တာ ကောင်းလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူ ခုနက ဟင်းလျာတွေကို ဝေဖန်တုန်းက အတော်လေးကို လေကြီးလေကျယ် ပြောနေခဲ့တာပဲ မဟုတ်လား"

သူ၏ စကားလုံးများသည် အလွန်နားဝင်ဆိုးလှသည်။ ရှန်းမြောင်သုံ၏ မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့လာ၍ စုကျွင်းနင်ကို ထိုနေရာတွင်ပင် ပါးနှစ်ချက်ခန့် ရိုက်ပစ်ချင်စိတ်များ ပေါ်ပေါက်နေသော်လည်း သူမ၏ အာရုံသည် ရွှယ်အန်းထံသို့သာ ရောက်ရှိနေခဲ့သည်။

‘သူ တကယ်ပဲ ဒီအတိုင်း ထွက်သွားတော့မှာလား’

ရှန်းမြောင်သုံ၏ မျက်ဝန်းများသည် စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေသည်။ လူတစ်ယောက်၏ မျိုးရိုးနောက်ခံသည် သူမအတွက် အရေးမကြီးလှပေ။ မည်သို့ပင်ဆိုပါစေ၊ တစ်ဖက်လူ၏ နောက်ခံအသိုင်းအဝိုင်းသည် သူမထက် သာလွန်မည် မဟုတ်ပေ။ ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အားကိုလည်း သူမ လျစ်လျူရှုထားနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် ကျင့်ကြံအားထုတ်နိုင်သောကြောင့်ဖြစ်သည်။

All Chapters