← Chapters

အခန်း ၁၂၇၃-၁၂၇၅

Vol. 85 Ch. 1273-1275

အခန်း ၁၂၇၃-၁၂၇၅

Vol. 85 Ch. 1273-1275

အခန်း (၁၂၇၃) အကြိမ်ကြိမ် ရန်စခြင်း

သို့သော် ဤလောကတွင် အမျိုးသားတစ်ဦးသည် ရန်စခံရသည့်တိုင် ပြန်လည်တုံ့ပြန်ရန် သတ္တိမရှိပါက ထိုအမျိုးသားသည် အမှန်တကယ် အနှိမ်ခံထိုက်သူ ဖြစ်သွားစေနိုင်သည်။ ရှန်းမြောင်သုံ၏ အတွေးများ မည်သို့ပင်ရှိစေကာမူ ရွှယ်အန်း၏ ခြေလှမ်းများသည် ခဏတာမျှပင် တုံ့ဆိုင်းမသွားဘဲ အပေါ်ထပ်သို့ တက်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် ရှန်းမြောင်သုံ၏ အကြည့်များ ရွှယ်အန်းထံသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသဖြင့် စုကျွင်းနင်၏ မနာလိုစိတ်များ တောက်လောင်လာသဖြင့် လှောင်ပြောင်သရော်၍ ပြောလိုက်သည်။

"ဟား.. ဘာကောင်းတာမှ စားဖူးပုံမရဘဲနဲ့ အပြစ်ရှာဖို့တော့ ဝန်မလေးဘူး၊ တကယ့်ကို ရယ်ချင်စရာပဲ"

သူ၏မှတ်ချက်ကြောင့် အနောက်မှလိုက်ပါလာသူများသည်လည်း တစ်ယောက်တစ်ပေါက် ဝင်ပြောကာ ပြိုင်တူရယ်မောလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် လှေကားထစ်ပေါ်သို့ လှမ်းနေသော ရွှယ်အန်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူသည် ဖြည်းညှင်းစွာ လှည့်ကြည့်လာပြီးနောက် စုကျွင်းနင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ စုကျွင်းနင်သည် ထပ်မံစကားနာထိုးရန် ကြံရွယ်ထားသော်လည်း ရွှယ်အန်း၏ အကြည့်နှင့် ဆုံလိုက်ရသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးအမျှင်များ ထောင်မတ်လာသကဲ့သို့ ခံစားလိုက်ရကာ လှောင်ပြောင်လိုသည့် စကားလုံးများ လည်ချောင်းဝတွင် တစ်ဆို့သွား၍ မျက်လုံးများ၌ တုန်လှုပ်ချောက်ချားမှုများ ပေါ်လွင်လာသည်။

‘ဒါ ဘာဖြစ်တာလဲ။ ဒီလူ့ရဲ့ အကြည့်တွေက ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ’

စုကျွင်းနင်သည် ကြောက်စိတ်ကို ဖယ်ထုတ်ရန် ကြိုးစားလျက် ရင်ထဲတွင် အော်ဟစ်နေသည်။ သို့သော် သူသည် ရွှယ်အန်း၏ အကြည့်အောက်တွင် သတ်ဖြတ်ခံရတော့မည့် သိုးငယ်တစ်ကောင်ကဲ့သို့ ခံစားနေရကာ လုံးလုံးလျားလျား ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ပေ။ ပြီးနောက် ရွှယ်အန်းသည် သူ၏အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်း၍ အေးစက်တည်ငြိမ်စွာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ ခုနက စကားတွေက ကျုပ်ရဲ့ ဝေဖန်ချက်အပေါ် မကျေနပ်ဘူးလို့ ဆိုလိုတာလား"

စုကျွင်းနင်သည် ရွှယ်အန်း၏ စိုက်ကြည့်များထံမှ လွတ်မြောက်သွားသောအခါ မိမိကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်သွားသည်။ ရင်ထဲတွင် ထိတ်လန့်မှုများ ကျန်ရှိနေသေးသော်လည်း သူသည် ခေါင်းကို အပြင်းအထန် ညိတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ် ကျုပ် သဘောမတူတာ မှားလို့လား။ သခင်မလေးရှန်းရဲ့ ကိုယ်ပိုင်စားဖိုမှူးရဲ့ လက်ရာက ပြိုင်ဘက်ကင်းတယ်ဆိုတာ တစ်လောကလုံး သိတယ်။ ဒါတောင် ခင်ဗျားက မနားတမ်း အပြစ်တင်နေတာ၊ ကျုပ်တော့ သဘောမတူနိုင်ဘူး"

"ကျုပ် တစ်ယောက်တည်းတင် မဟုတ်ဘူး၊ မိန်းကလေးရှန်း ကိုယ်တိုင်လည်း ဒါကို လက်ခံမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်" ဤသို့ပြောပြီးနောက် စုကျွင်းနင်သည် ရှန်းမြောင်သုံဘက်သို့ လှည့်ကြည့်လိုက်သည်။

ရှန်းမြောင်သုံသည် အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်၊ မည်သို့ဆိုသော် သူမသည်လည်း ရွှယ်အန်း အစောပိုင်းက ပြောခဲ့သည့် စကားများကို အမှန်တကယ် သင့်တော်မှုမရှိဘူးဟု ခံစားနေရသောကြောင့်ဖြစ်သည်။ ရွှယ်အန်းသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်၏။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူသည် ဤကဲ့သို့ အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်ရန်မလိုပေ။ ရှန်းမြောင်သုံ ဖြစ်စေ၊ စုကျွင်းနင် ဖြစ်စေ သူသည် ၎င်းတို့ကို အရေးလုပ်ရန် ဆန္ဒမရှိခဲ့ပေ။ ထို့ကြောင့်လည်း ထွက်သွားရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ကြောက်ရွံ့သောကြောင့် မဟုတ်ဘဲ မလိုအပ်ဘူးဟု ထင်မြင်သောကြောင့် ဖြစ်သော်လည်း ဤလောကတွင် ပြဿနာရှာချင်သူများ အမြဲရှိနေတတ်စမြဲဖြစ်သည်။ စုကျွင်းနင်သည် သူ့ကို အကြိမ်ကြိမ် ရန်စနေပါက ရွှယ်အန်းသည်လည်း ယဉ်ကျေးပျူငှာနေရန် ဆန္ဒမရှိတော့ပေ။ ထို့ကြောင့် စုကျွင်းနင်၏ စကားများကို နားထောင်ပြီးနောက် ရွှယ်အန်းက ခေါင်းညိတ်ပြကာ ဆိုသည်။

"ခင်ဗျား ပြောတာလည်း အချက်ကျသားပဲ၊ ဒါပေမယ့် ကျုပ်က အကြောင်းမဲ့ အပြစ်ရှာနေတာလို့ ခင်ဗျား ဘယ်လိုလုပ် သိတာလဲ"

"ဟား.. အကြောင်းမဲ့ အပြစ်ရှာတာ ဟုတ်မဟုတ်ဆိုတာ ခင်ဗျား ရင်ထဲမှာ အသိဆုံးပဲ မဟုတ်လား။ မိန်းကလေးရှန်း အရှေ့မှာ လူရာဝင်ချင်လို့ သက်သက်လုပ်နေတာ မဟုတ်လား" စုကျွင်းနင်သည် လှောင်ရယ်ကာ ပြောလိုက်သည်။

ရွှယ်အန်းသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် ရှန်းမြောင်သုံကို ရုတ်တရက် လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒီကသခင်မလေးရှန်း၊ သူက မကျေနပ်ဘူးဆိုမှတော့ ခင်ဗျားရဲ့ စားဖိုမှူးကို ခေါ်လိုက်ပါဦး။ ကျုပ် သူနဲ့ စကားနည်းနည်း ပြောချင်လို့"

ရှန်းမြောင်သုံသည် သူ၏ စကားကြောင့် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ"

သူမ၏ အမိန့်ကိုပင် မစောင့်ဆိုင်းဘဲ အစေခံအဘိုးအိုသည် စားဖိုမှူးကို ခေါ်ယူရန် စိတ်အားထက်သန်စွာ ထွက်ခွာသွားသည်။ သူသည် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြေးထွက်သွားသည်။

‘ဘယ်ကလာမှန်းမသိတဲ့ ဒီတောသားက နည်းနည်းအစွမ်းအစရှိပေမယ့် ဒီနေ့တော့ ဒီအတားအဆီးကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ သခင်မလေးရှန်း မင်းအပေါ် စိတ်ကုန်သွားတာနဲ့ မင်းကို နှိပ်ကွပ်ဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိတယ်’

ဝမ်းသာအားရဖြစ်နေသော အစေခံအဘိုးအို အပြေးအလွှား ထွက်သွားပြီးနောက် မကြာမီတွင် အသက်သုံးဆယ်ကျော် အရွယ်ခန့် အမျိုးသမီးတစ်ဦးနှင့်အတူ ပြန်ရောက်လာသည်။ ထိုအမျိုးသမီးသည် အလွန်အမင်း မလှပသော်လည်း သူမ၏ ရုပ်ရည်နှင့် အမူအရာသည် ကြည့်ရသူကို စိတ်အေးချမ်းစေသည်။ ထို့ပြင် သူမ၏ လှုပ်ရှားမှုများတွင် ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး ပါရှိနေသောကြောင့် သူမသည်လည်း သန်မာသော ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိသာလှသည်။

သူမကို မြင်လိုက်ရသည့်အခါ ရှန်းမြောင်သုံကပင် အနည်းငယ် အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

"အန်တီဝူ"

ဤစားဖိုမှူးသည် ငယ်စဉ်ကတည်းက သူမ၏ အစားအသောက်များကို တာဝန်ယူခဲ့သူဖြစ်သဖြင့် ရှန်းမြောင်သုံသည် သူမကို အထူးတလည် လေးစားသမှုထား၍ ဆက်ဆံနေခြင်းဖြစ်သည်။ အစေခံအဘိုးအိုသည် လမ်းတွင် ပုံကြီးချဲ့ ပြောပြခဲ့သောကြောင့် အန်တီဝူသည် ဖြစ်ပျက်သမျှကို သိရှိထားပြီဖြစ်သည်။ ထို့ကြောင့် ရှန်းမြောင်သုံ၏ နှုတ်ဆက်မှုကို ကြားသောအခါ သူမသည် အနည်းငယ် ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။

"ဒုတိယ သခင်မလေး"

ပြီးနောက် လှေကားထိပ်တွင် ရပ်နေသော ရွှယ်အန်းကို ဒေါသအရိပ်အမြွက်များ ပါရှိသော အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။

"ငါ ချက်ထားတဲ့ အစားအသောက်တွေက အရသာညံ့တယ်လို့ ပြောခဲ့တာ မင်းလား၊ လူငယ်လေး"

လူတိုင်း၏ အကြည့်များ သူ့ထံသို့ စူးစိုက်စွာ ရောက်ရှိလာသောအခါ ရွှယ်အန်းက ပြုံးပြ၍ ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး"

ရွှယ်အန်း၏ အဖြေကို ကြားသောအခါ စုကျွင်းနင်က လှောင်ပြောင်လိုက်သည်။

"အခုကျတော့လည်း မဟုတ်ဘူးလို့ ပြောနေပြန်ပြီလား"

ရှန်းမြောင်သုံ၏ မျက်ဝန်းများတွင် စိတ်ပျက်မှုများ ပို၍ ပြင်းထန်လာခဲ့သည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် ရွှယ်အန်းက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

"ညံ့ရုံတင် မဟုတ်ဘူး၊ တော်တော်လေးကို ဆိုးရွားလွန်းတာ"

ဤစကားကို ကြားလိုက်ရသည့်အခါ အန်တီဝူ၏ မျက်ခုံးများ မြင့်တတ်သွား၍ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်လျှံလာသည်။ သူမသည် ငယ်စဉ်ကတည်းက ချက်ပြုတ်မှုကို ဝါသနာပါခဲ့သူဖြစ်၍ ရှန်းအိမ်တော်သို့ မဝင်ရောက်မီအထိ မိမိ၏ ကျွမ်းကျင်မှုကို ကြိုးစားအားထုတ်ခဲ့သူဖြစ်သည်။ သခင်မလေးသည် အစားအသောက် အလွန်ဂျေးများသူဖြစ်သဖြင့် သူမ၏ လက်ရာသည်လည်း တစ်ဟုန်ထိုး တိုးတက်လာကာ ထင်ပေါ်ကျော်ကြားမှုများ ရရှိလာခဲ့သည်။ သို့သော်လည်း ဤလူငယ်သည် သူမ၏ အစားအသောက်များကို အလွန်အမင်း ဆိုးရွားသည်ဟု ပြောနေသဖြင့် သူမဘက်မှ လက်ခံနိုင်ရန် ခက်ခဲနေသည်။

ထို့ကြောင့် သူမသည် အသက်ပြင်းပြင်း ရှူရှိုက်၍ အေးစက်စွာ ပြောလိုက်သည်။

"ကောင်းပြီ၊ ငါ့အစားအသောက်တွေက ညံ့တယ်လို့ ပြောနေမှတော့ အပြစ်အနာအဆာတွေကို ထုတ်ပြောပြပါဦး"

ရွှယ်အန်းက ခေါင်းညိတ်ပြကာ သာမန်ကာလျှံကာပင် ထောက်ပြလိုက်သည်။

"ဥပမာ ဒီဟင်းလျာကိုပဲ ကြည့်၊ ပါဝင်ပစ္စည်း ရွေးချယ်မှု ကောင်းပေမယ့် ချက်ပြုတ်တဲ့အချိန်ကို ထိန်းချုပ်တာကတော့ ညံ့ဖျင်းတယ်၊ ပြင်ဆင်မှုကလည်း အပေါ်ယံဆန်လွန်းလို့ အရသာက တစ်သမတ်တည်း မရှိဘူး။ ဒီအချက်ကို ခင်ဗျား လက်ခံရဲ့လား"

အန်တီဝူ၏ မျက်နှာအမူအရာ ဖြူလျော့သွားသည်။ ရွှယ်အန်း ထောက်ပြလိုက်သော ပြဿနာများကို သူမသည်လည်း ခံစားမိနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ သူမသည် တိုးတက်လာရန် ကြိုးစားနေခဲ့သော်လည်း ယခုအချိန်ထိ ကျွမ်းကျင်လာအောင် မစွမ်းဆောင်နိုင်သေးပေ။

သို့သော် ထိုအချိန်တွင် စုကျွင်းနင်က အေးစက်စွာ ရယ်မောလိုက်သည်။

"စကားကတော့ ဘယ်သူမဆို လျှောက်ပြောလို့ ရတာပဲ၊ ခင်ဗျား ကိုယ်တိုင် ဟင်းတစ်ခွက်လောက် တကယ်ချက်ပြနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့"

ရွှယ်အန်း၏ အကြည့်များ စုကျွင်းနင်ထံ ရောက်ရှိသွားသည်။ စုကျွင်းနင်သည် ရင်ထဲတွင် တုန်လှုပ်သွားသဖြင့် စကားထပ်မပြောရဲတော့ပေ။

ရွှယ်အန်းက အေးစက်စွာ ဆက်ပြောလိုက်သည်။

"ဟင်းတစ်ခွက်ကို ဝေဖန်ဖို့အတွက် ချက်တတ်ဖို့ လိုတယ်လို့ ဘယ်သူပြောလဲ ဒါတင်မကသေးဘူး..."

ရွှယ်အန်းသည် ခြံဝင်းအတွင်းရှိ လူအုပ်ကြီးကို ကြည့်ကာ ဆိုလိုက်သည်။

"ခင်ဗျားတို့လို လူတွေအတွက် ကျုပ်လက် အပေခံပြီး ချက်ပြဖို့ မထိုက်တန်ဘူး"

"ခင်ဗျား..." စုကျွင်းနင်သည် ဒေါသတကြီးဖြင့် စကားပြောရန် ဟန်ပြင်လိုက်သည်။

သို့သော် အန်တီဝူသည် သူ စကားမပြောနိုင်မီ အရှေ့သို့ လှမ်းလာကာ ကြားဖြတ်ပြောလိုက်သည်။

"သခင်လေး.. ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ ဒီဘက်က သခင်လေး အခုထောက်ပြလိုက်တဲ့ အားနည်းချက်တွေကို ကျွန်မ တကယ် ဝန်ခံပါတယ်"

အန်တီဝူကိုယ်တိုင် ဝန်ခံလိုက်သောကြောင့် စုကျွင်းနင် ဆွံ့အသွားရသည်။ ထိုစကားများကြောင့် သူသာမကဘဲ ရှန်းမြောင်သုံပင် အံ့အားသင့်သွားသည်။ သူမသည် အစားအသောက်နှင့် ပတ်သက်လျှင် အလွန်တောင်းဆိုမှု မြင့်မားသူဖြစ်သော်လည်း ရွှယ်အန်း ပြောပြခဲ့သည့် အားနည်းချက်များကို သူမ မရိပ်မိခဲ့ပေ။

သို့သော် ရွှယ်အန်းက ခပ်ပါးပါး ပြုံးပြကာ ဆိုလိုက်သည်။ "ကောင်းပြီ၊ ပြဿနာ ဘယ်မှာရှိလဲဆိုတာ သိထားတယ်ဆိုတော့ ချီးကျူးစရာပေါ့"

သူသည် ဤသို့ပြောပြီးနောက် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် အန်တီဝူသည် မိမိ၏ အားနည်းချက်များကို ထောက်ပြနိုင်သူနှင့် တွေ့ဆုံလိုက်ရသဖြင့် သူ့ကို အလွယ်တကူ လွှတ်ပေးရန် အဆင်သင့်မဖြစ်သေးပေ။ သူမသည် အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီးနောက် ရိုသေစွာ လျှောက်တင်လိုက်သည်။

"ကျေးဇူးပြုပြီး ခဏလောက် နေပါဦး၊ သခင်လေး။ ကျွန်မတို့က သခင်လေး ကိုယ်တိုင်ချက်ပြဖို့ မထိုက်တန်ဘူးဆိုရင်တောင် ကျွန်မ တိုးတက်အောင် လုပ်နိုင်ဖို့အတွက် နည်းလမ်းလေးတွေ ပြောပြပေးလို့ ရမလား။ ဒါဆိုရင် ကျွန်မလည်း ဒီ့ထက်ပိုပြီး တိုးတက်နိုင်မှာပါ၊ သခင်လေး ဘယ်လို ထင်ပါသလဲ"

အခန်း (၁၂၇၄) ဒီအရူးမက ဘယ်ကရောက်လာတာလဲ

ရွှယ်အန်းသည် ရိုးသားဖြူစင်သော အမူအရာရှိသည့် အမျိုးသမီးကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ ရွှယ်အန်းသည် သူ၏ ဟင်းချက်ကျွမ်းကျင်မှုဖြင့် သူမ ချက်ပြုတ်ထားသော ဟင်းလျာများရှိ အားနည်းချက်ပေါင်းများစွာကို အလွယ်တကူ ထောက်ပြနိုင်သည်။ သို့သော် သာမန်လူသားများ သို့မဟုတ် သာမန်ကျင့်ကြံသူများအတွက်မူ သူမ၏ လက်ရာသည် အတော်လေး ကောင်းမွန်သည်ဟု ဆိုရပေလိမ့်မည်။

လူအများစုသည် ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချ၍ အောင်မြင်မှုအချို့ ရရှိလာသည်နှင့် အစားအသောက်များသည် အရေးမပါတော့ဘူးဟု ယုံကြည်လာကြသည်။ ဤသည်မှာ အမှားအယွင်းတစ်ခုသာ ဖြစ်သည်။ ကျင့်ကြံသူများသည် အစာမစားဘဲ ရှင်သန်နိုင်သော်လည်း အစားအသောက်သည် အရေးမကြီးခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဟင်းလျာချက်ပြုတ်ခြင်းသည် အပြိုင်စကြဝဠာတွင် နက်ရှိုင်းသော ပညာရပ်တစ်ခုဖြစ်သကဲ့သို့ ပြီးပြည့်စုံသော ကျင့်စဥ်တစ်ခုလည်းဖြစ်သည်။

အကြောင်းမှာ စကြဝဠာထဲ၌ မရေတွက်နိုင်သည့် ထူးဆန်းသော ကုန်ကြမ်းပစ္စည်းများရှိနေသောကြောင့် ဖြစ်သည်။ ကုန်ကြမ်းပစ္စည်းများ ပို၍ ရှားပါးကာ အဖိုးတန်လေ ကျင့်ကြံခြင်းအတွက် ပို၍ အထောက်အကူပြုလေဖြစ်သည်။ ဥပမာအားဖြင့် ဝိညာဉ်ဆေးဖက်ဝင်အပင်များ၏ အကောင်းဆုံးအပိုင်းကို ဆေးလုံးဖော်စပ်ရန် အသုံးပြုသော်လည်း ကျန်ရှိသောအပိုင်းများတွင်လည်း ဝိညာဉ်စွမ်းအင်များ ကြွယ်ဝစွာ ပါရှိနေတတ်သည်။ သို့သော် ၎င်းတို့ကို တိုက်ရိုက်စားသုံးပါက ကြမ်းတမ်းသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ခြင်း မရှိသည့်အပြင် ခန္ဓာကိုယ်ကိုပင် ထိခိုက်စေနိုင်သည်။

ထိုအချိန်တွင် ဟင်းချက်ကျွမ်းကျင်မှု၏ အရေးပါပုံသည် သိသာထင်ရှားလာသည်။ ဟင်းချက်ပညာ ပို၍ ဆန်းပြားနက်နဲလေ ပါဝင်ပစ္စည်းများထဲရှိ အဆိပ်အတောက်များကို နည်းစနစ်များ သို့မဟုတ် လျှို့ဝှက်အတတ်ပညာများဖြင့် ဖြေဖျောက်ပေးနိုင်ကာ ပါဝင်သော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်သည်။ ထိုသို့ချက်ပြုတ်ထားသည့် အစားအသောက်များကို စားသုံးခြင်းသည် ကျင့်ကြံမှုကို များစွာ အထောက်အကူပြုစေသည်။ ဤပြောင်းလဲမှုသည် ဆေးလုံးများကဲ့သို့ လျင်မြန်ခြင်းမရှိသော်လည်း ဘေးထွက်ဆိုးကျိုး မရှိဘဲ အချိန်ကြာလာသည်နှင့်အမျှ စုဆောင်းရရှိလာသော စွမ်းအင်များကြောင့် တိုးတက်မှုသည်လည်း မနည်းပါးလှပေ။

ထို့ကြောင့် အပြိုင်စကြဝဠာအတွင်းရှိ အစွမ်းထက်ပုဂ္ဂိုလ်များသည် ထူးချွန်သော ဟင်းချက်ကျွမ်းကျင်သူများကို အပြိုင်အဆိုင် ရှာဖွေကြခြင်းဖြစ်သည်။ ကျင့်ကြံသူတစ်ဦးသည် ပို၍ သန်မာလေ ဟင်းချက်ကျွမ်းကျင်မှုအပေါ် မျှော်လင့်ချက် ပို၍ မြင့်မားလေဟု ဆိုနိုင်သည်။ မူလက ရွှယ်အန်းသည် ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အားအရ ထိပ်ဆုံးတွင် တည်ရှိနေရုံသာမကဘဲ သူ၏ ဟင်းချက်လက်ရာကို မြည်းစမ်းဖူးသူတိုင်းသည်လည်း အကောင်းဆုံးဟု အသိအမှတ်ပြုခံထားရသူဖြစ်သည်။ ထို့ကြောင့် သူသည် ဤဟင်းလျာများကို သဘာဝအတိုင်း အထင်မကြီးခြင်းဖြစ်သည်။

အန်တီဝူဟူသော အစေခံအမျိုးသမီး၏ စကားကို ကြားသောအခါ ရွှယ်အန်းသည် သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ အန်တီဝူသည် သူ၏အကြည့်အောက်တွင် ခေါင်းငုံ့ထားသော်လည်း သူမ၏မျက်ဝန်းများထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ခဏအကြာတွင် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဒါဆို ကျုပ် ခင်ဗျားကို တစ်ခါလောက် သင်ပေးလိုက်မယ်"

ရွှယ်အန်းက ပြောပြောဆိုဆိုနှင့် လက်ကိုဝှေ့ယမ်းလိုက်ရာ သတင်းအချက်အလက်များ ပါဝင်သော နတ်အာရုံတစ်ခုသည် အန်တီဝူ၏ စိတ်အစဉ်ထဲသို့ ပျံသန်းလာသည်။ အန်တီဝူသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာ ခေတ္တငေးငိုင်သွားပြီးနောက် သတိပြန်ဝင်လာသည်။ ပြီးနောက် သူမ၏မျက်လုံးများထဲ၌ တုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။ ချက်ပြုတ်ခြင်းကို ရူးသွပ်သူတစ်ဦးအနေဖြင့် ရွှယ်အန်း ပေးအပ်ခဲ့သော ဟင်းချက်ပညာများ မည်မျှ အဖိုးတန်သည်ကို သူမ သိရှိထားသည်။ ထို့ကြောင့် သူမသည် အသက်ကို ပြင်းပြင်းရှူရှိုက်ကာ ရွှယ်အန်းကို တုန်ယင်စွာ အလေးအနက် ဂါရဝပြု၍ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ကျွန်မ အခုချက်ချင်း ပြန်ချက်လိုက်ပါ့မယ်"

သူမသည် ထိုသို့ပြောပြီးနောက် ရှန်းမြောင်သုံကိုပင် အရိုအသေမပေးဘဲ အပြေးအလွှား ထွက်ခွာသွားသည်။ ရွှယ်အန်းသည် အခန်းထဲသို့ ပြန်မဝင်တော့ဘဲ ထိုနေရာ၌ အပြုံးဖြင့် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။ ရှန်းမြောင်သုံသည် ရွှယ်အန်းကို တစ်လှည့်၊ အလျင်အမြန် ထွက်ခွာသွားသော အန်တီဝူကို တစ်လှည့် ကြည့်ပြီးနောက် ပို၍ပင် ဇဝေဇဝါဖြစ်လာသည်။

‘ဒီလူ... တကယ်ပဲ ဟင်းချက်တတ်တာလား’

စုကျွင်းနင်သည်လည်း သတိပြန်ဝင်လာသောအခါ နှလုံးသားတစ်ခုလုံး အနည်းငယ် တုန်လှုပ်သွားသည်။ လက်ဖက်ရည်တစ်ခွက်စာခန့် အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားသည်။ ရုတ်တရက်ဆိုသလိုပင် အန်တီဝူသည် လက်ထဲတွင် ဟင်းပွဲတစ်ပွဲ ယူဆောင်ကာ အပြေးအလွှား ပြန်ရောက်လာသည်။ သူမသည် ရွှယ်အန်းအနားသို့ ရိုသေစွာ ချဉ်းကပ်သွားပြီးနောက် ဟင်းပွဲကို မြှောက်ပြကာ အမောတကော ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ပြန်မြည်းကြည့်ပါဦး၊ လူကြီးမင်း"

ရွှယ်အန်းက တူတစ်စုံကို အသာအယာ ကောက်ယူကာ တစ်လုပ်မြည်းလိုက်ပြီးနောက် တူကို ပြန်ချ၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"လက်ခံလို့ရပါတယ်"

ရွှယ်အန်းသည် ထိုသို့ပြောပြီးနောက် ထွက်ခွာသွားသည်။ ရွှယ်အန်းထံမှ "လက်ခံလို့ရတယ်" ဟူသော စကားကို ကြားလိုက်ရသဖြင့် အန်တီဝူသည် အတိုင်းအထက်အလွန် ပျော်ရွှင်သွားကာ ရွှယ်အန်း ထွက်ခွာသွားရာ ဘက်သို့ အလေးအနက် ဦးညွှတ်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း"

ထိုဖြစ်စဥ်ကို မြင်သောအခါ ဇဝေဇဝါဖြစ်နေသေးသော ရှန်းမြောင်သုံသည် အနားသို့ လှမ်းလာကာ ဟင်းလျာအနည်းငယ်ကို တူဖြင့် ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ဝါးကြည့်လိုက်သည်နှင့် ရှန်းမြောင်သုံ၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်သွားသည်။

အန်တီဝူက အပြုံးဖြင့် မေးလိုက်သည်။

"အရသာ ဘယ်လိုနေပါလဲ၊ ဒုတိယသခင်မလေး"

ရှန်းမြောင်သုံသည် တူဖြင့် နောက်ထပ် အငမ်းမရ စားသောက်ပြီးနောက် အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

"ဘယ်လိုဖော်ပြရမယ်မှန်း မသိပေမယ့် အရင်ကထက် အများကြီး ပိုအရသာရှိလာတယ်"

အန်တီဝူက အားရပါးရ ရယ်မောကာ ပြောလိုက်သည်။

"ဟုတ်တယ်၊ အားလုံးက အဲဒီလူကြီးမင်းကြောင့်ပါပဲ"

ရှန်းမြောင်သုံသည် အလွန်တိတ်ဆိတ်သွားသည်။ ထိုအချိန်တွင် စုကျွင်းနင်က အပြုံးဖြင့် ချဉ်းကပ်လာ၍ ရှန်းမြောင်သုံကို ပြောလိုက်သည်။

"ဒုတိယသခင်မလေး..."

သူ၏ စကားများ မပြီးဆုံးမီတွင် ရှန်းမြောင်သုံက တူကို ပစ်ချကာ လှေကားပေါ်သို့ အလျင်အမြန် တက်သွားလေသည်။ စုကျွင်းနင်တစ်ယောက်တည်းသာ ထိုနေရာတွင် ကိုးရိုးကားရားဖြင့် ကျန်ရစ်ခဲ့သည်။ အနားတွင် ရပ်နေသော အန်တီဝူကို မြင်သောအခါ ဟန်လုပ်ပြုံးပြကာ တူကို လှမ်းယူလိုက်သည်။

"ကျုပ်လည်း နည်းနည်းလောက် မြည်းကြည့်ဦးမယ်"

သို့သော် ယခုတစ်ကြိမ်တွင် အန်တီဝူ၏ မျက်နှာတွင် ရွှင်ပြုံးမှုများ မရှိတော့ဘဲ အနောက်သို့ ဆုတ်ခွာကာ ခပ်တန်းတန်း ပြောလိုက်သည်။

"စိတ်မရှိပါနဲ့၊ ဒုတိယသခင်မလေးက အညစ်အကြေး ကြောက်တတ်တဲ့သူမို့လို့ ဘယ်သူ့ကိုမှ သူ့ အသုံးအဆောင်တွေ ပေးမကိုင်ပါဘူး"

စုကျွင်းနင်၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးထွက်လုမတတ် ခံစားနေရသည်။

"ဒါပေမယ့် စောစောက ဟိုလူ..."

ရွှယ်အန်းသည် ကနဦးတွင် ဤနေရာရှိ အသုံးအဆောင်ပစ္စည်းများကို အသုံးပြခဲ့သည်ဟု သူ ပြောချင်နေသို့သော် စကားမပြီးဆုံးမီတွင် အန်တီဝူက ဟင်းပွဲများကို ယူဆောင်၍ လျင်မြန်စွာ ထွက်ခွာသွားလေသည်။ သူမသည် မျက်နှာဖြူလျော့နေသော အစေခံအဘိုးအို၏ နံဘေးမှ ဖြတ်သွားစဉ် ခပ်တိုးတိုး သတိပေးလိုက်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဒုတိယသခင်မလေးကို ပြန်မပြောပါဘူး၊ ဒါပေမယ့် ရှင် နောက်ကို ဆင်ဆင်ခြင်ခြင် နေထိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်"

အစေခံအဘိုးအိုကြီးသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကပျာကယာ ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

ခဏအတွင်း ရင်ပြင်တစ်ခုလုံး လစ်ဟာသွားလေသည်။ အစေခံမလေးများသည် စားပွဲနှင့် ထိုင်ခုံများကိုပင် သိမ်းဆည်းသွားကြသည်။ စုကျွင်းနင်သည် ထိုနေရာတွင် ငေးငိုင်စွာ ရပ်တန့်လျက် သူနှင့်အတူ လိုက်ပါလာသူများသည် အချင်းချင်း အကြည့်ခြင်း ဖလှယ်နေကြသည်။ ခဏအကြာတွင် သူ၏ ချောမောသောမျက်နှာသည် မကျေနပ်မှုနှင့် ဒေါသတို့ကြောင့် တွန့်လိမ်သွားကာ အပေါ်ထပ်သို့ တစ်ချက် စိုက်ကြည့်ပြီးနောက် တည်းခိုခန်းမှ ထွက်ခွာသွားခဲ့သည်။ သူ ထွက်သွားသည်နှင့် ကျန်ရှိနေသူများလည်း အလျင်အမြန်ပင် လူစုခွဲသွားကြသည်။

ထိုအချိန်၌ ရွှယ်အန်းသည် အခန်းထဲတွင် တိတ်ဆိတ်စွာ လက်ဖက်ရည် သောက်နေသည်။ ရှန်းမြောင်သုံသည် သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူ့ကို စိုက်ကြည့်နေသည်။ သူမသည် ရွှယ်အန်းကို ကြည့်လေ ပိုမိုစွဲလန်းလာ၍ သူမ၏ အကြည့်များသည်လည်း ပိုမိုနူးညံ့လာသည်။ ရုပ်ရည်ချောမော၍ သန်မာသည့်အပြင် ဟင်းချက်လက်ရာသည်လည်း ထူးချွန်လှသည်။ ဤလူငယ်သည် အမှန်တကယ် ရှားပါးသူဖြစ်သည်။

ရှန်းမြောင်သုံသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။

"လူကြီးမင်းရွှယ်၊ ရှင် ဟင်းချက်ပညာကို ဘယ်သူ့ဆီက သင်ခဲ့တာလဲ။ ကျွန်မကိုလည်း သင်ပေးလို့ ရမလား"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"အို... ကျွန်မ တကယ် သင်ချင်လို့ပါ။ ကျေးဇူးပြုပြီး သင်ပေးပါနော်" ရှန်းမြောင်သုံ၏ လေသံသည် ချွဲနွဲ့နေသည်။

ရွှယ်အန်းသည် မည်သည့်စကားမျှ ပြန်မပြောသေးပေ။ ထိုအချိန်တွင် တစ်ရေးနိုးလာသော ရှင်းယွီရှုသည် အတွင်းခန်းထဲတွင် အပြင်ဘက်သို့ ထွက်လာသည်။ ဒေါသကြီးသော မိန်းကလေးသည် အခန်းထဲတွင် ရှိနေသေးကြောင်း မြင်တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်ကာ ရပ်တန့်သွားသည်။

ရှန်းမြောင်သုံက ရယ်မောကာ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ"

ရှင်းယွီရှုသည် မည်သို့ပြုမူရမည်ကို မသိသဖြင့် ရွှယ်အန်းဘက်သို့ ကြောင်အမ်းအမ်း လှည့်ကြည့်လာသည်။ ရွှယ်အန်းက ခေါင်မမော့ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"ယွီရှု့၊ ဒီမိန်းကလေးကို အပြင် လိုက်ပို့လိုက်ပါ"

"ဟုတ်ကဲ့" ရှင်းယွီရှုသည် တုံ့ဆိုင်းမနေဘဲ အရှေ့သို့ တိုးလာသည်။

အစပိုင်းတွင် ရှန်းမြောင်သုံက ရွှယ်အန်းက နောက်ပြောင်နေသည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ရှင်းယွီရှုက သူမကို အခန်းအပြင်သို့ တွန်းထုတ်ကာ တံခါးကို ကျယ်လောင်စွာ ပိတ်လိုက်သည့်အချိန်မှသာ သူမ အမှန်တကယ် နှင်ထုတ်ခံလိုက်ရကြောင်း သဘောပေါက်သွားသည်။ ဤဖြစ်စဥ်သည် ရှန်းမြောင်သုံကို ဒေါသထွက်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က သူမကို မည်သူကမျှ ဤကဲ့သို့ မဆက်ဆံဖူးသောကြောင့်ဖြစ်သည်။ သူမသည် တံခါးကို ထုရန် လက်မြှောက်လိုက်သော်လည်း လေထဲ၌ပင် ရပ်တန့်သွားသည်၊ ပြီးနောက် ခြေဆောင့်၍ မကျေမနပ်ဖြစ်စွာ ရေရွတ်လျက် ထွက်ခွာသွားသည်။

"ဟွန်း... ကျွန်မကို နှင်ထုတ်နိုင်မယ် ထင်နေလား။ မရဘူး။ ကျွန်မ ရှင့်နောက်ကိုပဲ တကောက်ကောက် လိုက်နေမှာ"

အခန်းထဲ၌ ရှင်းယွီရှုသည် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"အရှင်၊ အဲဒီမိန်းမက ဘယ်သူလဲ"

ယခုအချိန်တွင် ရှင်းယွီရှုသည် စိတ်ထဲရှိ ခံစားချက်များကို ဖွင့်ထုတ်လိုက်ရသဖြင့် အခြေအနေ ပိုကောင်းလာသည်။ ရွှယ်အန်းက လက်ဖက်ရည်ခွက် မော့သောက်ပြီးနောက် ပြန်ပြောလိုက်သည်။

"ဘယ်သူသိမှာလဲ။ ဖြစ်နိုင်တာကတော့ တစ်နေရာရာက ရောက်လာတဲ့ အရူးမပဲ ဖြစ်လိမ့်မယ်"

ရှင်းယွီရှုသည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်"

အခန်း (၁၂၇၅) နက်နဲသော ကြံစည်မှု

မြို့ပိုင်ရှင်အိမ်တော်အတွင်း စုကျွင်းနင်သည် မျက်စိပျက် မျက်နှာပျက်ဖြင့် ဖြစ်ပျက်ခဲ့သမျှကို ဖခင်ဖြစ်သူထံ ပြန်လည်ပြောပြနေသည်။ မြို့ပိုင်ရှင်သည် နားထောင်ပြီးနောက် မေးစေ့ကို ပွတ်သပ်ကာ တိတ်ဆိတ်စွာ တွေးတောနေသည်။ အတော်အတန်ကြာပြီးနောက် စုကျွင်းနင်သည် မထိန်းချုပ်နိုင်တော့ဘဲ လေးနက်စွာ ပြောလိုက်သည်။

“အဖေ... အဲဒီကောင်က တကယ့်ကို မနှစ်မျို့စရာကောင်းတယ်။ ဒါပေမယ့် ရှန်းမိသားစုရဲ့ ဒုတိယသခင်မလေးက သူ့ကို မျက်နှာသာပေးပြီး ကျွန်တော်တို့ကိုတော့ လုံးဝ အလေးမထားဘူး။ ဒါကို ဘယ်လို ဖြေရှင်းသင့်သလဲ”

စုကျွင်းနင်၏ ဖခင်က ရယ်မောလိုက်သည်။

“ရွှယ်မိသားစုတဲ့လား... ဟားဟား... ငါ သိသလောက်တော့ ငါတို့ရဲ့ ရွှေရောင်အလင်းကောင်းကင်မှာ ရွှယ်ဆိုတဲ့ နာမည်ကြီးမိသားစုမျိုး မရှိသလို တခြားကောင်းကင်ဘုံကြီးတွေမှာလည်း ရွှယ်မျိုးရိုးနာမည်နဲ့ အထက်တန်းစား မိသားစုမျိုး ရှိတယ်လို့ မကြားဖူးပါဘူး”

ထိုစကားကို ကြားသောအခါ စုကျွင်းနင် အံ့အားသင့်သွားပြီးနောက် ရက်စက်ကြမ်းကြုတ်သော အမူအရာမျိုး ပေါ်ပေါက်လာသည်။

“ဒါဆို အဖေ ပြောချင်တဲ့အဓိပ္ပာယ်က...”

စုကျွင်းနင်သည် စကားပြောနေစဥ် လက်ဖြင့် လည်ပင်းကို ဖြတ်ပြသည့် အမူအရာမျိုး ပြုလုပ်လိုက်သည်။

စုကျွင်းနင်၏ ဖခင်က ခေါင်းခါလိုက်သည်။

“လောလောဆယ် စိတ်မလောနဲ့ဦး။ ဒီလူက သာမန်လူတစ်ယောက်ဖြစ်ပေမယ့် ဒုတိယသခင်မလေးက သူ့ကို အခု အထင်ကြီးနေတယ်။ ငါတို့ အလျင်စလို လုပ်လိုက်ရင် သူ့ ဒေါသတွေ ငါတို့ဆီ ရောက်လာလိမ့်မယ်။ အလုပ်မဖြစ်တဲ့အပြင် ပိုပြီးတောင် ရှုပ်ထွေးသွားလိမ့်မယ်”

စုကျွင်းနင်၏ မျက်နှာတွင် ဝေခွဲမရသည့် အမူအရာမျိုး ပေါ်လာသည်။

“ဒါဆိုရင် ဒါလည်း မရ၊ ဟိုဟာလည်း မရနဲ့... ကျွန်တော်တို့က ဒီအတိုင်းပဲ ထိုင်ကြည့်နေရမှာလား”

ဖခင်ဖြစ်သူသည် ရယ်မောကာ ရင်ဘတ်ထဲမှ စက္ကူတစ်ရွက်ကို ဂုဏ်ယူစွာ ထုတ်ယူလိုက်သည်။

“ဘယ်သူက ဒီအတိုင်း ထိုင်ကြည့်နေမယ်လို့ ပြောလို့လဲ ရော့... ဒါကို ကြည့်လိုက်ဦး”

စုကျွင်းနင်သည် စက္ကူကိုယူ၍ အမြန်ကြည့်လိုက်ရာ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြစ်သွားသည်။

“ဘယ်လိုလဲ" မြို့ပိုင်ရှင်က ဂုဏ်ယူစွာ မေးလိုက်သည်။

စုကျွင်းနင်၏ ရင်ထဲတွင် အတိုင်းထက်အလွန် ဝမ်းသာမှုများ ထွက်ပေါ်လာ၍ အသံများ တုန်ရင်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အဖေ... ဒါကို ဘယ်တုန်းက ရလိုက်တာလဲ”

သူ ဤမျှ စိတ်လှုပ်ရှားနေခြင်းသည် အံ့ဩစရာမဟုတ်ပေ။ ထိုစက္ကူပေါ်ရှိ အချက်အလက်များသည် သူ့အတွက် အလွန်အရေးကြီးနေသောကြောင့်ဖြစ်သည်။ ၎င်းသည် ပေါ့ပေါ့နေထိုင်တတ်သော စုကျွင်းနင်ကိုပင် တုန်လှုပ်စေသည့်အထိ အရေးပါသည်။ စက္ကူပေါ်တွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ခမ်းနားသော ဖွင့်ပွဲအခမ်းအနားအတွက် ပြင်ဆင်မှုများ ပြီးစီးပြီဖြစ်ကြောင်းနှင့် စုကျွင်းနင်အနေဖြင့် ထိုအချိန်တွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း စာကြောင်းအနည်းငယ် ရေးသားထားသည်။ နာမည်ကျော်ကြားလှသော ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ ဝင်ရောက်ခွင့်ရကာ တာအိုပညာများ လေ့လာသင်ယူ၍ နောင်တွင် လူထောင်ပေါင်းများစွာ၏ ကြည်ညိုလေးစားမှုကို ခံစားရမည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာတော့မည်ဟု တွေးမိသောအခါ စုကျွင်းနင်၏ အသက်ရှူသံများ ပြင်းထန်လာသည်။

စုကျွင်းနင်၏ ဖခင်က ရယ်လိုက်သည်။

“အဖေ ဒါကို မနှစ်ကတည်းက စီစဉ်နေခဲ့တာ။ အခုတော့ မျှော်လင့်ချက်အတိုင်း ဒီခွင့်ပြုချက်ကို ရခဲ့ပြီ အခု ငါ့သားလည်း ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ တပည့်တစ်ယောက်ဖြစ်တော့မယ်”

“ကျေးဇူးတင်ပါတယ် အဖေ” စုကျွင်းနင်က စိတ်လှုပ်ရှားစွာဖြင့် အလေးအနက် အရိုအသေပြုလိုက်သည်။

ပြီးနောက် ပြန်မတ်တပ်ရပ်ကာ ဝေခွဲမရဟန်ဖြင့် မေးလိုက်သည်။

“ဒါပေမယ့် အဖေ၊ ဒါက အဲဒီ ရွှယ်အန်းဆိုတဲ့ကောင်ကို နှိမ်နင်းဖို့နဲ့ ဘယ်လို သက်ဆိုင်နေလို့လဲ”

ဖခင်ဖြစ်သူက မေးစေ့ကို ပွတ်သပ်ကာ ရယ်မောလိုက်သည်။

“ဟားဟား၊ ဒီစာကို မရခင်အထိတော့ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ရွှယ်အန်းကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ အဖေလည်း နည်းနည်း စိုးရိမ်နေခဲ့တာ။ ဒါပေမယ့် အခုတော့... အားလုံး အဆင်ပြေသွားပြီ”

စုကျွင်းနင်သည် ဖခင်ဖြစ်သူ၏ ဆိုလိုရင်းကို နားမလည်သေးသဖြင့် အံ့အားသင့်နေဆဲဖြစ်သည်။ မြို့ပိုင်ရှင်က တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

“ငါ့သား... မင်းသိတဲ့အတိုင်း အဖေတို့ ရွှေရောင်အလင်းကောင်းကင်က ဒီနယ်မြေမှာ နောက်ဆုံးအဆင့်ဆိုပေမယ့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံဆိုတာ ဘယ်သူမဆို လွယ်လွယ်နဲ့ ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး အခု မဟာဖွင့်ပွဲအခမ်းအနား နီးကပ်လာပြီဆိုတော့ အဲဒီရွှယ်အန်းဆိုတဲ့ကောင်လည်း အထဲကို ဝင်ဖို့ ကြိုးစားမှာ သေချာတယ်”

“ဝမ်းနည်းစရာကောင်းတာက သူ့လို နောက်ခံမရှိ၊ အဆက်အသွယ်မရှိတဲ့ အောက်ခြေလူတန်းစား တစ်ယောက်က ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ဘယ်လိုလုပ် ဝင်နိုင်မှာလဲ”

ထိုစကားကို ကြားသောအခါ စုကျွင်းနင်သည် ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်သည်။

“အဖေ ပြောချင်တာက...”

ဖခင်ဖြစ်သူက ခေါင်းညိတ်ပြလိုက်သည်။

“အတိအကျပဲ လာမယ့် မဟာဖွင့်ပွဲအခမ်းအနားက အဲဒီရွှယ်အန်းဆိုတဲ့ကောင်ကို ရှင်းပစ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”

ထိုသို့ပြောပြီးနောက် မြို့ပိုင်ရှင်သည် မတ်တပ်ရပ်ကာ အခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်၍ ယုတ်မာစွာ ရယ်မောလိုက်သည်။

“ဒုတိယသခင်မလေးက ရှန်းမိသားစုဆိုရင်တော့ ပြောစရာမလိုဘဲ ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ဝင်ခွင့်ရမှာ သေချာသလို အတွင်းစည်းတပည့်တောင် ချက်ချင်းဖြစ်လာနိုင်တယ်။ မင်းလည်း သူနဲ့ သိပ်မကွာတဲ့ အဲဒီအဆင့်ကို ရောက်သွားလိမ့်မယ်။ အဲဒီအချိန်ကျမှ ရွှယ်အန်းက အပယ်ခံလိုက်ရရင် သူ့အခြေအနေ ဘာဖြစ်သွားမယ်ထင်လဲ... အဖေ ထပ်ပြောနေဖို့ လိုသေးလို့လား”

စုကျွင်းနင်သည် နားထောင်နေစဥ် ပို၍ စိတ်လှုပ်ရှားလာသည်၊ သို့သော် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသဖြင့် တုံ့ဆိုင်းစွာ ပြောလိုက်သည်။

“ဒါပေမယ့် ကျွန်တော် ကြည့်ရသလောက် ဒုတိယသခင်မလေးက ရွှယ်အန်းအပေါ် အထူးတလည် သဘောကျနေသလိုပဲ။ တကယ်လို့ သူသာ...”

စုကျွင်းနင်၏ ဖခင်က လက်ခါပြလိုက်သည်။

“ငါ့သား... မင်းက မြင့်မြတ်တဲ့ မိသားစုက သမီးပျိုတွေရဲ့ စိတ်ဓာတ်ကို နားမလည်သေးဘူးပဲ။ အထူးသဖြင့် ဒုတိယသခင်မလေးလို အလိုလိုက်ခံထားရတဲ့ အမျိုးသမီးတွေအတွက်တော့ အခုလို ကိစ္စတော်တော်များများက ပျင်းလို့ အပျော်သဘော တွယ်တာကြတာမျိုး။ ဒါပေမယ့် သူတို့အတွက် အရေးအကြီးဆုံးက အာဏာနဲ့ အဆင့်အတန်းပဲ”

“ရွှယ်အန်းကို ဖယ်ပြီးတဲ့အခါ သူလည်း အလိုလို စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားလိမ့်မယ်။ အဲဒီအခါကျမှ မင်းက ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ဝင်ပြီး ဒုတိယသခင်မလေးနဲ့ ရင်းနှီးမှုရယူရုံပဲ။ ဒုတိယသခင်မလေးက ရက်အနည်းငယ်အတွင်း အဲဒီလူကြီးမင်းရွှယ်ဆိုတဲ့ လူကို မေ့သွားလိမ့်မယ်လို့ အဖေ အာမခံတယ်”

စုကျွင်းနင်သည် စိတ်လှုပ်ရှားစွာ ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်သည်။

“အဖေ ပြောတာ မှန်တယ်။ အဖေ့အမြင်က တကယ်ကို ထက်မြက်တာပဲ။ ဒါပေမယ့် အဖေ... တကယ်လို့ သခင်မလေးရှန်းက သူတို့ ရှန်းမိသားစုရဲ့ ဩဇာကိုသုံးပြီး ရွှယ်အန်းအတွက် နေရာတစ်ခုရအောင် ကူညီပေးလိုက်ရင်ရော”

မြို့ပိုင်ရှင်က ရယ်မောကာ ခေါင်းခါလိုက်သည်။

“တခြားလူဆိုရင် သေချာ မပြောနိုင်ပေမယ့် သခင်မလေးရှန်းကတော့... လုံးဝ မဖြစ်နိုင်ဘူး”

“ဟင်... ဘာလို့လဲ အဖေ”

“ဘာလို့လဲဆိုတော့ ဒီတစ်ခါ ဖွင့်ပွဲအခမ်းအနားကို ရှန်းမြောင်သုံတစ်ယောက်တည်း တက်ရောက်မှာ မဟုတ်ဘူး။ သူ့ အစ်မ၊ ရှန်းမန်ယွီလည်း လာမယ်လို့ သတင်းရထားတယ်။ သူလည်း ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို လာပြီး အကြီးအကဲရွှေကျန်းရဲ့ တပည့်အဖြစ် တိုက်ရိုက် ဝင်လာမှာ။ မင်းသိတဲ့အတိုင်း သခင်မလေးရှန်းက ဘယ်သူ့ကိုမှ မကြောက်ပေမယ့် သူ့အစ်မကိုတော့ အရမ်း ကြောက်ရွံ့ရိုသေတာ။ သူ့အစ်မသာ ဒါတွေကို သိသွားရင် ဘာဖြစ်သွားမလဲဆိုတာ ငါ့သား စဉ်းစားကြည့်ပေါ့”

စုကျွင်းနင်သည် အလွန်စိတ်အေးသွားကာ ဖခင်ဖြစ်သူ၏ နည်းပရိယာယ်ကို ပို၍ လေးစားစွာ ရယ်မောလိုက်သည်။

“ကျွန်တော်တို့ လက်ဖျားနဲ့တောင် ထိစရာမလိုဘဲ ဒီ လူကြီးမင်းရွှယ်ဆိုတဲ့လူ ဒုက္ခရောက်တော့မှာပေါ့"

“ဟားဟား ငါ့သား ပြောတာ မှန်တယ်။ ဒါကြောင့် အဲဒီ ရွှယ်အန်းကို နောက်ထပ် ရက်အနည်းငယ်လောက်ပဲ ရမ်းကားခွင့် ပေးလိုက်စမ်းပါ” မြို့ပိုင်ရှင်သည် အမွေးမပါသော မြေခွေးအိုကြီး တစ်ကောင်ကဲ့သို့ ရယ်နေလေသည်။

တစ်ညတာ ကုန်ဆုံးသွား၍ နောက်တစ်နေ့တွင် ရွှယ်အန်းနှင့် ရှင်းယွီရှုတို့ အခန်းထဲမှ ထွက်လာသည်နှင့် ရှန်းမြောင်သုံသည် အပြင်တွင် ပြုံးစစဖြင့် စောင့်ဆိုင်းနေကြောင်း မြင်တွေ့လိုက်ရသည်။

“လူကြီးမင်းရွှယ်၊ ကောင်းကောင်း အနားယူခဲ့ရဲ့လား" ရှန်းမြောင်သုံက အပြုံးဖြင့် မေးလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်၏။

“ဒါဆို အခုပဲ သွားကြစို့” ရှန်းမြောင်သုံသည် မျက်ဝန်းများ တောက်ပစွာ ပြောလိုက်သည်။

“ကျုပ်တို့လား” ရွှယ်အန်းက အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။

“ဟုတ်တယ်လေ ရှင်လည်း ဖွင့်ပွဲအခမ်းအနားကို သွားမှာ မဟုတ်လား။ လမ်းကြောင်းက အတူတူပဲဆိုတော့ ယာဥ်ပျံ အတူတူ စီးသွားရအောင်လေ။ ကောင်းကင်မှာ ဟိုဟိုဒီဒီ ပျံနေရတာထက် ပိုသက်သာတာပေါ့”

ရွှယ်အန်းက ရှန်းမြောင်သုံကို အကဲခတ်ပြီးနောက် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်"

ရှန်းမြောင်သုံ၏ အပြုံးများ ပန်းပွင့်များထက်ပင် ပိုမို တောက်ပသွားသည်။

“အိုး... ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်မရဲ့ ယာဥ်ပျံက လူအများကြီး ဆံ့ပါတယ်။ ပြီးတော့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ရောက်ဖို့ အဝေးကြီး လိုသေးတာဆိုတော့ အတူတူ သွားကြတာ ပိုပြီးအပျင်းပြေတာပေါ့”

သို့သော်လည်း ရွှယ်အန်းက ခေါင်းခါ၍ ပြောလိုက်သည်။

“မလိုပါဘူး"

ရှန်းမြောင်သုံ၏ မျက်နှာပေါ်မှ အပြုံးများ တောင့်တင်းသွားသည်။ ပြီးနောက် ရွှယ်အန်းက လက်ကို မြှောက်လိုက်ရာ ကြိုးကြာငှက်တစ်ကောင်၏ အော်မြည်သံနှင့်အတူ ကောင်းကင်ယံတွင် ကြိုးကြာငှက် ပြေးဆွဲသည့် လှည်းယာဥ်တစ်စင်း ပေါ်ပေါက်လာသည်။

“သွားကြစို့" ရွှယ်အန်းသည် ထိုသို့ပြောပြီးနောက် ရထားလုံးပေါ် တက်သွားလေသည်။

ရှင်းယွီရှုသည် ကြောင်အမ်းအမ်းဖြင့် ကြည့်နေပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။

“ကျွန်တော်တို့မှာ ဒါရှိနေတာကို ဘာလို့ သုံးရက်တောင် ပျံခိုင်းခဲ့တာလဲ"

All Chapters