← Chapters

အခန်း ၁၀၁-၁၀၂

Vol. 11 Ch. 101-102

အခန်း ၁၀၁-၁၀၂

Vol. 11 Ch. 101-102

အခန်း (၁၀၁) နောက်ဆုံးခုခံမှု

“ဘုန်း...”

တိုးညင်းသောအသံနှင့်အတူ ဓားရှည်က ချန်လော့၏ လည်ပင်းကို ထိုးဖောက်သွားချိန်တွင် ချန်လော့၏ ပုံရိပ်သည် ရုတ်တရက် အမည်းရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွား၏။ ဓားတောင်ထွတ်မှ တပည့်ဖြစ်သူ၏ ဓားချက်သည် လေဟာနယ်ကိုသာ ထိုးခုတ်မိသွားပြီး သူ၏ ခန္ဓာကိုယ်က အမည်းရောင် မြူခိုးများထဲသို့ ကျွံဝင်သွားသည်။

သူ ဘာဖြစ်သွားမှန်းပင် သတိမပြုမိလိုက်ခင်မှာပင် မလှမ်းမကမ်းရှိ ဝင်္ကပါတောင်ထွတ်တပည့်က တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။

“ကျစ်... ဒါက ပုံရိပ်ယောင်တခုဘဲ...”

“ပြေးကြ... ထောင်ချောက်ထဲ ရောက်နေပြီ...”

ထိုကဲ့သို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဓားတောင်ထွတ်တပည့် ရှိနေသော အမည်းရောင်မြူခိုးများထဲမှ နီရဲသော ဝင်္ကပါ ငါးခု၊ ခြောက်ခုခန့် ရုတ်တရက် လင်းလက်လာသည်။

ထိုအရာများများကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ထိုတပည့်၏ မျက်လုံးထဲ၌ အကြောက်တရားများ ရုတ်ခြည်း ပေါ်လာပြီး စွမ်းအားမဲ့သွားသည့် ခံစားချက်က သူ့ကို လွှမ်းခြုံသွား၏။

နောက်တစ်စက္ကန့်တွင် ဝင်္ကပါသည် သွေးကဲ့သို့ နီရဲသော သတ်ဖြတ်ခြင်းအငွေ့အသက် ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး အဆက်မပြတ် ပေါင်းစပ်သွားကာ သွေးနဂါးလေပွေအဖြစ် ပြောင်းလဲသွားသည်။

ဓားတောင်ထွတ်တပည့်က ခုခံရန် ကြိုးစားလိုက်သော်လည်း သူ၏ ဓားကို မထုတ်ရသေးမီမှာပင် ဓားသွားမှာ အပြင်းအထန် ပျက်စီးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

“ဝှစ်...”

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သွေးနဂါးလေပွေက ရုတ်တရက် ပိတ်လှောင်သွားသည်။ ဓားတောင်ထွတ်တပည့်မှာ နာကျင်စွာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သွေးနဂါးလေပွေ၏ လှီးဖြတ်မှုကြောင့် အရွယ်အစား အမျိုးမျိုးရှိသော အသားစများအဖြစ် လုံးဝ ပြတ်တောက်သွားတော့၏။

ဤသည်ကို မြင်လိုက်ရသောအခါ ကျန်ရှိနေသည့် လူခြောက်ယောက်စလုံး၏ မျက်လုံးများထဲတွင် အကြောက်တရားများ ထွက်ပေါ်လာကြသည်။

ချန်လော့၌ ဤမျှ ကြီးမားလှသော စွမ်းအားများ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။ ဝင်္ကပါတစ်ခုတည်းကြောင့်ပင် သူတို့ ဤအခြေအနေသို့ ဆိုက်ရောက်သွားရခြင်း ဖြစ်၏။

“ဟင့်အင်း... ငါ မသေချင်ဘူး... ဒီနေရာမှာ ငါ မသေချင်ဘူး...”

တပည့်တစ်ယောက်သည် အော်ဟစ်လိုက်ပြီး နောက်သို့ လှည့်၍ ဝင်္ကပါကြီး၏ အပြင်ဘက်သို့ ထွက်ပြေးသွားကာ သတ်ဖြတ်ခြင်းဝင်္ကပါအား သူ၏ ခန္ဓာကိုယ်ကို စိတ်ကြိုက် လှီးဖြတ်စေတော့သည်။

ထိုအခိုက်အတန့်တွင် သတ်ဖြတ်ခြင်းဝင်္ကပါအတွင်းရှိ အမည်းရောင် ဝင်္ကပါတစ်ခုထဲမှ အမည်းရောင် အလင်းတန်းတစ်ခု ရုတ်တရက် တောက်ပလာ၏။

ထိုအရာအား တောင်ထွတ်မှတပည့်က ချက်ချင်းပင် သတိပြုမိသွားပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။

“မလှုပ်နဲ့...”

သူ အော်ဟစ်လိုက်သော်လည်း ထိုတပည့်သည် မကြားသည့်အလား ဆက်လက် ပြေးလွှားနေခဲ့၏။

နောက်တစ်စက္ကန့်တွင် အမည်းရောင် အလင်းတန်းသည် ပျံသန်းထွက်ပေါ်လာပြီး ထိုတပည့်၏ လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။

“ဖူး...”

တစ်မုဟုတ်ချင်းမှာပင် အမည်းရောင် အလင်းတန်းက လည်ပင်းကို ဖောက်ထွက်သွားပြီးနောက် လက်သီးဆုပ်ခန့်ရှိသော အပေါက်ကြီးတစ်ခု ဖြစ်သွားစေ၏။

သူ၏ ခေါင်းနှင့် ခန္ဓာကိုယ်မှာ လည်ပင်းနောက်ဘက်ရှိ သားတစ်စအနည်းငယ်နှင့် လည်ပင်းရှိ အရေပြားမျှဖြင့်သာ ဆက်နေတော့သည်။ သူ၏ ကျောရိုးနှင့် လည်ပင်းရှိ အသားများမှာလဲ သွေးမြူများအဖြစ် ပြောင်းလဲသွားလေပြီ။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ ခေါင်းသည် အထောက်အပံ့မဲ့သွားပြီး အောက်သို့ ငိုက်ကျသွား၏။ အားအဟုန်က မပြင်းထန်လှသော်လည်း ခန္ဓာကိုယ်နှင့် ဆက်နေသော ပျော့ညံ့သည့် အရေပြားနှင့် အသားစများကို ပြတ်တောက်သွားစေသည်။

“ဘုန်း...”

သူ၏ ခေါင်းသည် မြေပြင်ပေါ်သို့ အရင်ကျသွားပြီး အကြိမ်အနည်းငယ် လိမ့်သွား၏။ သူသည် သေဆုံးသွားသည့်တိုင်အောင် ဘာတွေ ဖြစ်ပျက်သွားမှန်း မသိလိုက်သည့်အလား သူ၏ မျက်လုံးများက ပြူးကျယ်နေခဲ့သည်။

“ဘုန်း...”

ခေါင်းမရှိတော့သော သူ၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာ လဲကျသွားသည်။

ဤသည်ကို မြင်သောအခါ ကျန်ရှိနေသေးသော လူငါးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပြည့်နှက်နေ၏။

“ချန်လော့က ဒုတိယအဆင့် အစောပိုင်းပဲ ရှိသေးတယ်ဆိုပြီး ယန်ချင်းချွမ် ပြောခဲ့တာ မဟုတ်ဘူးလား... ပြီးတော့ သူ့ကျင့်စဉ်စွမ်းအင်ကလည်း အခြေခံတည်ဆောက်ခြင်း တတိယအဆင့်ပဲ ရှိတာလေ...”

“ငါတော့ သူ့ကို ကြည့်ရတာ ဒုတိယအဆင့် အစောပိုင်းနဲ့ လုံးဝ မတူဘူးလို့ ခံစားနေရတယ်...”

တပည့်တစ်ယောက်က မေးလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်နေသည်။

“ငါတို့ လက်နက်ချလိုက်ရင်ရော ဘယ်လိုလဲ...”

ဝင်္ကပါတောင်ထွတ်တပည့်က ပြောလိုက်၏။

ချန်လော့၏ စွမ်းအားသည် သူတို့ ထင်မှတ်ထားသည်ထက် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။

ယန်ချင်းချွမ် သူတို့ဆီ ချဉ်းကပ်လာစဉ်က ချန်လော့၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံတည်ဆောက်ခြင်း တတိယအဆင့်သာ ရှိပြီး အလွန်ဆုံးမှ ခန္ဓာကိုယ်ကျင့်ကြံမှု ဒုတိယအဆင့် သံအရိုးနှင့် ဒုတိယအဆင့် အစောပိုင်း ဝင်္ကပါဆရာ မျှသာ ရှိသည်ဟု ပြောခဲ့၏။ သို့သော် ယခု ကြည့်ရသည်မှာ ယန်ချင်းချွမ်က သူတို့ကို လိမ်ညာခဲ့ခြင်း ဖြစ်ပုံရသည်။ သူတို့ကို အမှန်အတိုင်း လုံးဝ မပြောခဲ့ချေ။

အစောပိုင်းက ချန်လော့ ပြသခဲ့သော စွမ်းအားသည် အခြေခံတည်ဆောက်ခြင်း တတိယအဆင့် ဖြစ်ရန် လုံးဝ မဖြစ်နိုင်ပေ။ အနည်းဆုံး ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ကြားတွင် ရှိရမည် ဖြစ်၏။ ထို့အပြင် သူသည် များပြားလှသော ဝင်္ကပါများကို ဤမျှ လွယ်ကူစွာ တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သေးသည်။ ဤသည်က အနည်းဆုံး ဒုတိယအဆင့် အထွတ်အထိပ် ဝင်္ကပါဆရာအဆင့်တွင် ရှိနေခြင်း ဖြစ်ပြီး အစောပိုင်းအဆင့် မဖြစ်နိုင်ချေ။

ထို့အပြင် ယခုအချိန်ထိ ချန်လော့သည် သူ၏ အစစ်အမှန် စွမ်းအား အပြည့်အဝကို ထုတ်မသုံးရသေးဟု သူ ဝိုးတဝါး ခံစားနေရ၏။

ကျင့်စဉ်စွမ်းအင်နှင့် ဝင်္ကပါစွမ်းအား အချက်အလက်များက မှားယွင်းနေလျှင် ခန္ဓာကိုယ်ကျင့်ကြံမှု အဆင့်ကလည်း မှားယွင်းနေရန် များသည်။

ချန်လော့၏ ကျင့်ကြံမှုအဆင့်သည် သူတို့ ထင်မှတ်ထားသည်ထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေနိုင်၏။

တနည်းအားဖြင့် ချန်လော့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသေးသော်လည်း ဤစွမ်းအားအဆင့်ဖြင့်ဆိုလျှင် ဂိုဏ်းအတွင်းရှိ ရွှေမြုတေအဆင့် ငါး သို့မဟုတ် ခြောက်ခန့်ရှိသော ကျင့်ကြံသူအချို့နှင့်ပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ယန်ချင်းချွမ် ကိုယ်တိုင် လာလျှင်ပင် ချန်လော့ကို အသာစီးရနိုင်ရန် မသေချာပေ။

ဤသည်ကို တွေးမိသောအခါ ဝင်္ကပါတောင်ထွတ်တပည့်သည် ချီတုံချတုံ မဖြစ်တော့ချေ။

“ချန်လော့... ငါ လက်နက်ချတယ်... ငါ အရှုံးပေးပါတယ်... ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ...”

“မင်းသာ ငါ့ကို သွားခွင့်ပြုမယ်ဆိုရင် ဒီနေ့ကစပြီး မင်းခိုင်းတာ မှန်သမျှကို ငါ မေးခွန်းမထုတ်ဘဲ လိုက်လုပ်ပါ့မယ်...”

ဝင်္ကပါတောင်ထွတ်တပည့်၏ စကားကို ကြားသောအခါ အခြားသူများမှာလည်း သိသိသာသာ ချီတုံချတုံ ဖြစ်သွားကြသည်။

သူတို့က ယန်ချင်းချွမ်၏ မျက်နှာကြောင့် ချန်လော့ကို သတ်ဖြတ်ရန် သဘောတူခဲ့ကြသည်မှာ မှန်သော်လည်း ယင်းမှာ အကျိုးအမြတ်များကို မျှဝေခံစားခွင့် ရှိသောကြောင့်သာ ဖြစ်သည်။ သူတို့သည် ချန်လော့ကို သတ်ပြီး ယန်ချင်းချွမ်က တဖန် အကျိုးအမြတ်များ ပေးမည် ဖြစ်၏။

သို့သော် ယခုမူ အကျိုးအမြတ်ဆိုသည်မှာ ထားလိုက်ဦး၊ သူတို့ အသက်ရှင်ဖို့ပင် မသေချာတော့ချေ။ အကျိုးအမြတ်တွေ ရလာလျှင်ပင် ခံစားနိုင်ရန် သူတို့ အသက်ရှင်နေဖို့ လိုသေးသည် မဟုတ်ပါလား။

အတန်ကြာ စဉ်းစားပြီးနောက် ကျန်ရှိနေသေးသော သူများကလည်း အရှုံးပေးရန် ဆုံးဖြတ်လိုက်ကြသည်။ သေဆုံးသွားသော တပည့်နှစ်ယောက်၏ ခြေရာကို သူတို့ မနင်းချင်ကြပေ။

ထိုအခိုက်အတန့်တွင် ချန်လော့သည် အပြင်ဘက်မှ သတ်ဖြတ်ခြင်းဝင်္ကပါအတွင်းသို့ ရုတ်တရက် လျှောက်ဝင်လာ၏။ သူ သွားရာလမ်းတစ်လျှောက်ရှိ သတ်ဖြတ်ခြင်းဝင်္ကပါများသည် ရပ်တန့်သွားသည့်အပြင် တိုက်ခိုက်မှုများကိုပါ ရပ်ဆိုင်းလိုက်ကြသည်။ မကြာမီမှာပင် သူသည် တောင်ထွတ်တပည့်၏ အရှေ့သို့ ရောက်လာ၏။

ဤသည်ကို မြင်သောအခါ ထိုတပည့်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။

“ချန်လော့ စီနီယာအစ်ကို... အများကြီး...”

ထိုဝင်္ကပါတောင်ထွတ်တပည့်က ချန်လော့ကို ကျေးဇူးတင်စကားဆိုရန်ပြင်လိုက်သော်လည်း စကားပင် မဟရသေးခင် သူ့ဝမ်းဗိုက်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ချန်လော့၏ လက်ထဲမှ ဓားရှည်တစ်လက်က သူ၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဘာ... ဘာလို့လဲ...”

ထိုတပည့်သည် နားမလည်နိုင်သည့် အမူအရာဖြင့် ချန်လော့ကို ကြည့်လိုက်၏။

ချန်လော့သည် အနည်းငယ်မျှ ပြုံးရုံသာ ပြုံးလိုက်သည်။

“ဒီဘဝမှာ ငါ ဘယ်တော့မှ ခွင့်မလွှတ်နိုင်တဲ့ လူနှစ်မျိုး ရှိတယ်...”

“တစ်မျိုးက ငါ့ကို သတ်ချင်တဲ့လူတွေပဲ... အထင်လွဲလို့ပဲဖြစ်ဖြစ်၊ ရန်ငြိုးကြောင့်ပဲဖြစ်ဖြစ်ပေါ့...”

“မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် ငါ့လက်ချက်နဲ့ အသေခံဖို့လည်း ပြင်ထားရမယ်... ငါက နောက်ကျချင် နောက်ကျမယ်... ဒါပေမဲ့ ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ဘူး...”

“ဒုတိယတစ်မျိုးက တိုက်ပွဲဝင်နေချိန်မှာ ထွက်ပြေးတဲ့သူတွေပဲ...”

“မင်းရဲ့ ကိုယ်ပိုင်အသက်ကို ကယ်ဖို့အတွက် ဒီနေ့ ဘက်ပြောင်းဖို့ ဝန်မလေးဘူးဆိုရင် နောက်နောင်လည်း အဲဒီလို ထပ်မလုပ်ဘူးလို့ ငါ ဘယ်လိုလုပ် သေချာနိုင်မှာလဲ...”

“အဲဒီလို လူစားမျိုးကို ငါ အသိဆုံးပဲ... ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်လည်း အဲဒီလို လူစားမျိုး ဖြစ်နေလို့လေ...”

ဤကဲ့သို့ ပြောပြီးနောက် ချန်လော့က သူ၏ ဝမ်းဗိုက်ထဲမှ ဓားရှည်ကို ဆွဲထုတ်လိုက်၏။

ထို့နောက် သူသည် ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပြီး ထိုတပည့်၏ ခေါင်းကို ဖြတ်ကာ လွင့်ထွက်သွားစေသည်။

ဤသည်ကို မြင်သောအခါ အနီးနားရှိ တပည့်အချို့သည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီး ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်သည့်အလား ချန်လော့ ရှိရာသို့ ရုတ်တရက် ပြေးဝင်လာကြ၏။

ချန်လော့က သူတို့ကို အသက်ရှင်ခွင့် ပေးရန် ဆန္ဒမရှိမှတော့ သူတို့အတွက် ကျန်ရှိနေသော တစ်ခုတည်းသော ရွေးချယ်စရာမှာ ချန်လော့ကို အသေအလဲ တိုက်ခိုက်ရန်သာ ဖြစ်သည်။

ချန်လော့သည် မသိမသာ ပြုံး၍ ဤအရာအားလုံးကို ကြည့်နေပြီး မလှုပ်မယှက် ရပ်နေခဲ့၏။

ထိုအရာကို မြင်လိုက်ရသောအခါ တပည့်များသည် တစ်ပြိုင်နက်တည်းနီးပါး ရပ်တန့်သွားကြသည်။

အစောက ဓားတောင်ထိပ်တပည့် ဘာဖြစ်သွားခဲ့သလဲ ဆိုသည်ကို သူတို့အားလုံး မှတ်မိနေကြဆဲ ဖြစ်၏။ ဤနေရာမှာ ရပ်နေတဲ့ ချန်လော့ကရော ပုံရိပ်ယောင်သက်သက် ဖြစ်နေနိုင်မလားဟု သူတို့ တွေးတောမိကြသည်။

သို့သော် သူတို့ ထပ်မံ စဉ်းစားကြည့်လိုက်သောအခါ ယင်းက မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ အကယ်၍ တကယ်သာ ပုံရိပ်ယောင် ဖြစ်နေခဲ့လျှင် ဝင်္ကပါက တောင်ထွတ်တပည့်ကို ဘယ်လိုလုပ် သတ်ဖြတ်နိုင်ခဲ့မည်နည်း။

လူတိုင်း တွေးတောနေချိန်တွင် ချန်လော့သည် သတ်ဖြတ်ခြင်းဝင်္ကပါ၏ အပြင်ဘက်သို့ သွားနေသည်ကို သူတို့ တွေ့လိုက်ရ၏။

ဤမြင်ကွင်းကို ကြည့်ရင်း ထိုလူစုမှာ ချီတုံချတုံ ဖြစ်သွားကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့ ဆုံးဖြတ်ချက် ချလိုက်ပြီး သူတို့၏ ဓားရှည်များကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ နောက်ဆုံး အသေအလဲ တိုက်ခိုက်မှုအဖြစ် ချန်လော့ဆီသို့ ပြေးဝင်သွားကြတော့သည်။

အခန်း (၁၀၂) - အချိန်ဖြုန်းခြင်း

သူ့ဆီသို့ ပြေးဝင်လာသော လူစုကို ချန်လော့သည် တည်ငြိမ်စွာ ကြည့်နေပြီး သူ၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် သရော်ပြုံးတစ်ခု ချိတ်ဆွဲထား၏။

တပည့်တစ်ယောက်က အရှေ့သို့ ဦးစွာ ပြေးထွက်လာပြီး လှံရှည်တစ်လက်ကို ကိုင်ဆောင်ကာ စူးရှသော အကြည့်ဖြင့် ချန်လော့၏ ခေါင်းဆီသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။

သို့သော် ချန်လော့သည် မလှုပ်မယှက်ပင် နေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့၏။

ဤအရာကို မြင်သောအခါ ထိုတပည့်မှာ သိသိသာသာ အံ့အားသင့်သွားပြီး လွန်ခဲ့သော စက္ကန့်အနည်းငယ်က တားဆီးမရနိုင်လောက်အောင် ဖြစ်နေခဲ့သော သူ၏ အားအဟုန်မှာ ရုတ်ခြည်း အားနည်းသွားတော့သည်။ သူ၏ လက်ထဲရှိ လှံ၏ စွမ်းအားမှာ မူလစွမ်းအား၏ သုံးဆယ် သို့မဟုတ် လေးဆယ် ရာခိုင်နှုန်းခန့်အထိ လျော့ကျသွား၏။

မူလ လှံချက်သာဆိုလျှင် ရွှေမြုတေအဆင့်တစ်ဝက်ရှိ ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသော်လည်း ယခု လှံချက်မှာမူ အခြေခံတည်ဆောက်ခြင်း တတိယအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရန်ပင် သီသီလေးသာ လုံလောက်တော့သည်။

ချန်လော့၏ အပြုအမူက အလွန် ထူးဆန်းလွန်းလှသဖြင့် သူသည် အားကုန်ထုတ်ရန် ချီတုံချတုံ ဖြစ်သွားခြင်း ဖြစ်၏။ သူသာ အားကုန်ထုတ်လိုက်လျှင် အစောပိုင်းက ဓားတောင်ထွတ်တပည့် ကြုံတွေ့ခဲ့ရသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော အမည်းရောင်မြူခိုးများဖြင့် ဖုံးလွှမ်းခံရပြီး သတ်ဖြတ်ခြင်းဝင်္ကပါ၏ တိုက်ရိုက် ချေမှုန်းမှုကို ခံလိုက်ရမည်ကို သူ ကြောက်ရွံ့နေ၏။

ဤအရာအားလုံးကို ရင်ဆိုင်ရချိန်တွင် ချန်လော့သည် အေးစက်စက် ရယ်မောလိုက်သည်။

ထို့နောက် လက်ကို မြှောက်၍ လှံသွားဆီသို့ လှမ်းဆုပ်လိုက်၏။

“ဝှစ်...”

ချန်လော့သည် လှံသွားကို သူ၏ လက်ချောင်းငါးချောင်းဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး လှံကို သူ၏ လက်ထဲတွင် မြဲမြံစွာ ဖမ်းဆုပ်ထားလိုက်သည်။

ဤသည်ကို မြင်သောအခါ ထိုတပည့်မှာ ချက်ချင်းပင် အထိတ်တလန့် ဖြစ်သွားပြီး သူ၏ လှံကို အလျင်စလို ပြန်ရုတ်ရန် ကြိုးစားလိုက်သော်လည်း မလှုပ်ရှားရသေးခင်မှာပင် သူ၏ ပတ်ပတ်လည်တွင် သတ်ဖြတ်ခြင်း ဝင်္ကပါများ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို လုံးဝ ဝန်းရံသွားတော့၏။

သတ်ဖြတ်ခြင်း ဝင်္ကပါများ ချဉ်းကပ်လာသည်ကို မြင်သောအခါ ထိုတပည့်သည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ မလှမ်းမကမ်းရှိ ကျန်ရှိနေသော တပည့်များကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။

“ကျစ်... မင်းတို့က ဘယ်အချိန်ထိ ကြည့်နေကြဦးမှာလဲ...”

“သူ ငါ့ကို သတ်ပြီးသွားရင် မင်းတို့အားလုံး အသက်ရှင်မယ်လို့ ထင်နေကြတာလား...”

“သူ ငါတို့ အားလုံးကို သတ်ပစ်လိမ့်မယ်...”

မလှမ်းမကမ်းတွင် ကျန်ရှိနေသော လူသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လှုပ်ရှားရမည်လား၊ မလှုပ်ရှားရဘူးလားဆိုသည်ကို တွန့်ဆုတ်နေပုံရ၏။

ထိုလူစုက ချန်လော့ကို သူတို့၏ လက်နက်များဖြင့် တိုက်ခိုက်ခဲ့ကြသည်မှာ မှန်သော်လည်း ချန်လော့၏ ထူးဆန်းသော အပြုအမူကို မြင်ပြီးနောက် အားလုံး ရပ်တန့်သွားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကလည်း ထိုဓားတောင်ထွတ်တပည့်ကဲ့သို့ ထောင်ချောက်ထဲသို့ ကျဆင်းသွားမည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်၏။

ထို့ကြောင့် နောက်ဆုံးတွင် သူတို့သည် ထိုလှံရှည်ကိုင်ထားသော တပည့်ကို စမ်းသပ်ရန်အတွက် စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

ချန်လော့ သေသွားလျှင် သူတို့က ထွက်ပေါက် ရှာကြမည်။ လှံရှည်ကိုင်ထားသောတပည့်သည် ချန်လော့နှင့် တိုက်ခိုက်ပြီး ဓားတောင်ထွတ်တပည့်ကဲ့သို့ သတ်ဖြတ်ခြင်းဝင်္ကပါထဲသို့ ကျသွားလျှင် သူတို့ သွားရောက် ကူညီကြမည် ဖြစ်၏။

လူဆိုသည်မှာ မွေးရာပါ တစ်ကိုယ်ကောင်းဆန်တတ်ကြသည်။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်၌ပင် အနည်းငယ် ပို၍ အသက်ရှင်နေနိုင်ရန် တွေးတောတတ်ကြသေး၏။

ထိုလူများ၏ မျက်နှာပေါ်မှ တွန့်ဆုတ်နေသော အမူအရာများကို မြင်သောအခါ ချန်လော့က ပြုံးလိုက်သည်။

သူသည် သူ၏ အရှေ့ရှိ တပည့်ကို လှည့်ကြည့်လိုက်၏။

“ချန်ရှင်းဂိုဏ်းက အဓိကတပည့် ရွေးချယ်တဲ့အခါမှာ ကျင့်ကြံမှုအဆင့်ကိုပဲ ကြည့်ပြီး ဉာဏ်ရည်ကို မကြည့်ဘူးလား...”

ချန်လော့၏ စကားကို ကြားသောအခါ ထိုတပည့်မှာ သိသိသာသာ အံ့အားသင့်သွား၏။

သို့သော် ချန်လော့က သူ့ကို လျစ်လျူရှု၍ သူ့ဘာသာသူ ဆက်ပြောနေခဲ့သည်။

“အစကတည်းကသာ မင်းတို့ စည်းလုံးခဲ့ပြီးသတ်ဖြတ်ခြင်း ဝင်္ကပါကို ထိုးဖောက်ပြီး ငါ့ဆီ ဦးတည်ခဲ့မယ်ဆိုရင် ဝင်္ကပါကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေး ရှိခဲ့မှာပေါ့...”

“ငါ့လက်ထဲမှာ သတ်ဖြတ်ခြင်းဝင်္ကပါ သိပ်အများကြီး မရှိဘူး... မင်းတို့သာ အားကုန်ထုတ်ကြမယ်ဆိုရင် ငါ သိပ်ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး... အလွန်ဆုံးမှ မင်းတို့ထဲက တစ်ယောက်၊ နှစ်ယောက်လောက်ကိုပဲ ငါ သတ်နိုင်မှာ...”

“ဒါပေမဲ့ မင်းတို့က အဲဒီလောက်ထိ တုံးအလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး... ဂေါ်ဒ်ညီအစ်ကို ၇ ယောက် အဖိုးကို ကယ်သလို တစ်ယောက်ပြီးတစ်ယောက် သေဖို့ လာနေကြတာကိုး...”

“အခုချိန်ထိလည်း တစ်ယောက်ကိုတစ်ယောက် အကောက်ကြံနေကြတုန်းပဲ... တကယ်ကို အမြင်ရစရာပဲ...”

ထိုသို့ပြောပြီးနောက် ချန်လော့က ထိုတပည့်ကို ကြည့်၍ လှောင်ပြုံး ပြုံးလိုက်၏။ သူသည် လက်ကို မြှောက်၍ လေထဲတွင် လှည့်ပတ်လိုက်ရာ ထိုတပည့်၏ ပတ်ပတ်လည်တွင် သတ်ဖြတ်ခြင်းဝင်္ကပါ အနည်းငယ် ထပ်မံ ထွက်ပေါ်လာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုတပည့်မှာ သေမင်း၏ အကြောက်တရားက သူ့အပေါ် လွှမ်းခြုံလာသည်ကို ခံစားလိုက်ရ၏။

သူသည် ချန်လော့ကို မော့ကြည့်လိုက်သည်။ သူ၏ ပတ်ပတ်လည်ရှိ သတ်ဖြတ်ခြင်းရောင်ဝါများများက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများကို အဆက်မပြတ် ဖြစ်ပေါ်စေနေ၏။

နောက်ဆုံး ထိုအခိုက်အတန့်တွင် သူ အရာအားလုံးကို နားလည်သဘောပေါက်သွားပုံရသည်။

သူ အသက်မရှင်နိုင်မှတော့ သေသွားသည့်တိုင်အောင် ချန်လော့ကို သက်သာရာရစေမည် မဟုတ်ပေ။

“မင်းကို ငါ အသေအလဲ တိုက်မယ်...”

ထိုသို့ပြောပြီးနောက် သူသည် လက်သီးကို တင်းကျပ်စွာ ဆုပ်၍ ချန်လော့ဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။ သူ ဘာကိုမှ ချန်မထားဘဲ ထိုလက်သီးချက်တွင် သူ၏ စွမ်းအားအားလုံးကို အသုံးပြုလိုက်၏။

သို့သော် ဤသို့ မဆင်မခြင် လှုပ်ရှားလိုက်လျှင် ပတ်ပတ်လည်ရှိ သတ်ဖြတ်ခြင်းဝင်္ကပါများ၏ သတ်ဖြတ်ခြင်းကို သေချာပေါက် ခံရမည်ဖြစ်ကြောင်းကို သူ သိထားသည်။ သို့ပေမဲ့လည်း သူ ဂရုမစိုက်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံး သေရမည်ဖြစ်ရာ မြန်မြန်သေလိုက်သည်က ပိုကောင်းမည် မဟုတ်ပါလား။

“ဘုန်း...”

“ဘုန်း...”

“ဘုန်း...”

“ဘုန်း...”

ဦးစွာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး နောက် တစ်စုံတစ်ခု ကွဲအက်သွားသည့် အသံများ ထွက်ပေါ်လာ၏။ ဖန်ချပ်လွှာ အထပ်များစွာကို လက်သီးဖြင့် ထိုးခွဲလိုက်သကဲ့သို့ အဆက်မပြတ် အသံ ခုနစ်သံ၊ ရှစ်သံခန့် ထွက်ပေါ်လာသည်။

ထိုသို့ဖြစ်လင့်ကစား သူသည် ချန်လော့ကို မော့ကြည့်လိုက်သောအခါ ဘာမျှမဖြစ်ခဲ့သည့်အလား နေရာ၌ တိတ်ဆိတ်စွာ ရပ်နေသော ချန်လော့ကို တွေ့လိုက်ရ၏။

သူ၏ လက်သီး ကျရောက်သွားသော နေရာတွင် ကွဲအက်နေသော ဝင်္ကပါသည် ရပ်တည်နိုင်ရန် ရုန်းကန်နေရသည်။

“ကောင်လေး... အကာအကွယ်ဝင်္ကပါ ၈၀ ကို ထပ်ထားတဲ့ တန်ဖိုးကို မင်း သိရဲ့လား...”

ဤသည်ကို ကြားသောအခါ ထိုတပည့်မှာ တစ်ခဏမျှ တန့်သွားပြီး သူ ဆိုလိုသည့် အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွား၏။

ချန်လော့က သူ၏ တိုက်ခိုက်မှုကို ဤမျှ လျစ်လျူရှုနိုင်ရခြင်း၏ အကြောင်းရင်းမှာ သူတို့ နင်းမိရန် ပုံရိပ်ယောင် ဝင်္ကပါတစ်ခုခုကို တည်ဆောက်ထားသောကြောင့် မဟုတ်ဘဲ အကာအကွယ်ဝင်္ကပါ ၈၀ ကို ထပ်ထားခြင်းကြောင့် ဖြစ်ပေါ်လာသည့်အားကောင်းလှသော ခုခံမှုကြောင့်ပင် ဖြစ်နေတော့သည်။

အကာအကွယ်ဝင်္ကပါ အလွှာများစွာ ရှိနေသော်လည်း ၎င်းတို့ကို ချိုးဖျက်ရန် နည်းလမ်းများ ရှိနေ၏။ မည်သို့ပင်ဆိုစေကာမူ သူ၏ အားကုန်ထုတ် တိုက်ခိုက်မှုက အကာအကွယ်ဝင်္ကပါ ခုနစ်ခု၊ ရှစ်ခုခန့်ကို ချိုးဖျက်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုလူများသာ သူတို့၏ စွမ်းအား အပြည့်အဝဖြင့် တိုက်ခိုက်ကြမည်ဆိုလျှင် မိနစ်ဝက်အတွင်း ဝင်္ကပါ ၈၀ သို့မဟုတ် ၁၀၀ ခန့်ကို ဖြိုချနိုင်မည်ဟု သူတို့ ယုံကြည်ချက် ရှိကြ၏။ ကံမကောင်းစွာဖြင့် သူတို့သည် ထိုအခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ကြလေပြီ။

ဤအရာအားလုံးကို သူ နားလည်သွားသည့် အခိုက်အတန့်တွင် ထိုသတ်ဖြတ်ခြင်းဝင်္ကပါများမှ စုစည်းလာသော သတ်ဖြတ်ခြင်းဆန္ဒများက သူ့ကို တိုက်ခိုက်လာပြီး အသက်တရှိုက်စာပင် မကြာလိုက်သော အချိန်အတွင်းမှာ ထိုတပည့်သည် သွေးသံရဲရဲ အသားစိုင်များအဖြစ် ပြောင်းလဲသွားတော့သည်။

ဤအခိုက်အတန့်တွင် ချန်လော့သည် သူ၏ အနောက်ဘက် မလှမ်းမကမ်း၌ ရပ်နေသော လူသုံးယောက်ကို ကြည့်လိုက်၏။

တစ်ခဏမျှ စဉ်းစားပြီးနောက် ချန်လော့သည် လက်ကို မြှောက်လိုက်ရာ ကျန်ရှိနေသော ဝင်္ကပါများအားလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြသည်။

သတ်ဖြတ်ခြင်းဝင်္ကပါများနှင့် ပုံရိပ်ယောင်ဝင်္ကပါများအားလုံးက ပေါင်းဆုံသွားကြပြီး သူတို့ သုံးယောက်ကို တိုက်ခိုက်တော့၏။ သူတို့ အသက်ရှင်မည်လား၊ မရှင်ဘူးလား ဆိုသည်က သူတို့၏ ကံကြမ္မာအပေါ်တွင်သာ မူတည်တော့သည်။

ထို့နောက် သူသည် သတ်ဖြတ်ခြင်းဝင်္ကပါ အပြင်ဘက်သို့ လျှောက်ထွက်သွားပြီး သူ၏ ပုံရိပ်က လုံးဝ ပျောက်ကွယ်သွား၏။

ဤသည်ကို မြင်သောအခါ ကျန်ရှိနေသော လူသုံးယောက်က တံတွေးကို အနိုင်နိုင် မျိုချလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

လွှမ်းမိုးနေသော သတ်ဖြတ်ခြင်းဆန္ဒများနှင့်အတူ ယခုအချိန်တွင် သူတို့ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဆက်လက်၍ ခုခံကာကွယ်ရန်သာ ဖြစ်၏။

ပြဿနာမှာ ထိုပုံရိပ်ယောင်ဝင်္ကပါများ၏ စွမ်းအား ထပ်တိုးမှုနှင့်အတူ ပတ်ပတ်လည်မှ ဝင်ရောက်လာသော သတ်ဖြတ်ခြင်းဆန္ဒများထဲတွင် မည်သည့်အရာက အစစ်ဖြစ်ပြီး မည်သည့်အရာက အတုဖြစ်ကြောင်းကို သူတို့ မခွဲခြားနိုင်တော့ခြင်း ဖြစ်သည်။

စက္ကန့်တိုင်းတွင် လူသတ်လိုသော ဆန္ဒများစွာက တဟုန်ထိုး ထွက်ပေါ်လာပြီး တစ်ဝက်သည် အစစ်၊ တစ်ဝက်သည် အတု ဖြစ်နေကာ မျက်စိသူငယ် နားသူငယ် ဖြစ်စေပြီး လုံးဝ မခွဲခြားနိုင်အောင် ဖြစ်နေတော့၏။

ချန်လော့သည် သတ်ဖြတ်ခြင်းဝင်္ကပါ အပြင်ဘက်တွင် ခုံတစ်လုံး ရှာတွေ့သွားပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်၍ စောင့်ဆိုင်းနေလိုက်သည်။

အရေအတွက်အားဖြင့် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်ရှိသော တပည့် အမြောက်အမြားသည် မြင်ကွင်းကို စောင့်ကြည့်ရန် စုရုံးလာကြပြီး ယန်ချင်းချွမ်က ယန်ကျင့်ကို သတ်ဖြတ်ခဲ့သည့် နေ့ကထက်ပင် ပို၍ စည်ကားနေတော့သည်။

ချန်လော့သည် သူ၏ လက်ထဲတွင် လ္ဘက်ရည်အိုး တစ်လုံးကို ကိုင်ထားပြီး သတ်ဖြတ်ခြင်းဝင်္ကပါ အတွင်းရှိ လူများ၏ ကံကြမ္မာကို စောင့်ဆိုင်းနေရင်း လ္ဘက်ရည်ကို တစ်ကျိုက်ချင်းစီ သောက်နေ၏။

ဤဝင်္ကပါများက ယခုအခါ ချန်လော့၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပြီ ဖြစ်ပြီး ပိုင်ရှင်မဲ့ တစ်ဝက် ဖြစ်နေသော အခြေအနေသို့ ရောက်ရှိနေသည်။ တကယ်တမ်းတွင် ၎င်း၏ စွမ်းအားမှာ ချန်လော့ ထိန်းချုပ်ထားစဉ်ကထက် များစွာ လျော့နည်းနေပြီး အနည်းဆုံး ထက်ဝက်ခန့်မျှသာ စွမ်းအား ရှိတော့၏။

ချန်လော့အနေဖြင့် ထိုလူများနှင့် အခြားနှစ်ယောက်က ဤအဆင့်ရှိ သတ်ဖြတ်ခြင်းဝင်္ကပါကို ချိုးဖျက်နိုင်မည်လား၊ မချိုးဖျက်နိုင်ဘူးလား ဆိုသည်ကို မသိချေ။

သို့သော်လည်း ချန်လော့သည် တကယ်တမ်း ဂရုမစိုက်ပေ။

သူက ပျော်ရုံသက်သက် ဤသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရက်ပေါင်းများစွာ အပင်ပန်းခံ၍ တည်ဆောက်ထားခဲ့ရသော ဝင်္ကပါကို အလဟဿ အချိန်ဖြုန်းတီးပစ်လိုက်သလို မဖြစ်စေချင်သောကြောင့်သာ ဖြစ်သည်။

All Chapters