← Chapters

အခန်း ၁၀၅-၁၀၆

Vol. 11 Ch. 105-106

အခန်း ၁၀၅-၁၀၆

Vol. 11 Ch. 105-106

အခန်း (၁၀၅)- စီးပွားရေး အစီအစဉ်

“ဒီမှာ ဓားသိုင်းတချို့ ရှိတယ်... မင်းအတွက် ငါ ရွေးထားပေးတာ...”

“ဒီဓားသိုင်းတွေကို မင်း ကျင့်ကြံပြီးသွားရင် မူလဓားဆန္ဒနဲ့ ပတ်သက်ပြီး ပိုမို နက်ရှိုင်းတဲ့ နားလည်မှု ရလာလိမ့်မယ်...”

“မူလဓားဆန္ဒက မပြည့်စုံဘူး ဆိုပေမယ့် မပြည့်စုံသည့်တိုင်အောင် ကြီးမားလှတဲ့ စွမ်းအားတွေကို ထုတ်ဖော်နိုင်စွမ်း ရှိသေးတယ်...”

လောချင်းယွီသည် ပြောရင်းဆိုရင်း ဓားသိုင်းကျမ်း လေးအုပ်၊ ငါးအုပ်ခန့်ကို ချန်လော့ထံ ကမ်းပေးလိုက်၏။

“မင်းရဲ့ ကျင့်ကြံမှုမှာ ပြဿနာ တစ်ခုခု ကြုံလာရင် ငါ့ဆီ လာခဲ့ပါ...”

“ဆေးလုံးတွေနဲ့ ဝင်္ကပါတွေအတွက်ကတော့ တောင်ထွတ်အသီးသီးက အကြီးအကဲတွေဆီ ကိုယ်တိုင် သွားရှာလိုက်... အခု မင်းက အဲဒီ အတွင်းဂိုဏ်းသားတွေကို သတ်လိုက်ပြီဆိုတော့ ဂိုဏ်းထဲမှာ မင်းကို ဘယ်သူမှ မထိရဲတော့ဘူး...”

ဤနေရာတွင် လောချင်းယွီ၏ မျက်လုံးများထဲ၌ နောင်တရသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပုံရသည်။

သို့သော် လောချင်းယွီ၏ နောင်တရမှုက ထိုအတွင်းဂိုဏ်းသား အနည်းငယ်အတွက် မဟုတ်ဘဲ ယခုမှစ၍ ချန်လော့၏ အသက်ကို ယူရန် အခြားတပည့်တစ်ယောက်ကို ရှာဖွေရ ခက်ခဲသွားမည်ဖြစ်သောကြောင့်မှန်း ချန်လော့ သိနေ၏။

လောချင်းယွီ ထွက်သွားပြီးနောက် ချန်လော့သည် ဓားသိုင်းများကို ဖြစ်သလို တစ်ချက် ကြည့်လိုက်သည်။

“တောင်ဖြို ဓားသိုင်း...”

“ခြောက်ပါးတာအို ဓားကျမ်း...”

“ဓားပျံသိုင်း...”

သို့သော် ချန်လော့က ကျင့်ကြံရန် ရည်ရွယ်ချက် မရှိပေ။ ယင်းအစား သူသည် ဓားသိုင်းကျမ်းများကို သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။

အဆ ၁၀၀ တိုးပွားစေရန်အတွက် ဝိညာဉ်ကျောက်တုံးများ လိုအပ်သည်။ ချန်လော့တွင် ဝိညာဉ်ကျောက်တုံး ၂,၀၀၀ မျှသာ ကျန်ရှိတော့ပြီး စီးပွားရေးလုပ်ငန်း တစ်ခု စတင်ရန်အတွက် ၎င်းတို့ကို ချွေတာထားရန် လိုအပ်၏။ ကျင့်ကြံခြင်းကို လောလောဆယ်တွင် ဆိုင်းငံ့ထားရမည် ဖြစ်သည်။

ထိုအချိန်တွင် ချင်းယန်တောင်ထွတ်၏ အထွတ်အထိပ်၌။

“ဘာ... ချန်လော့က မပါဝင်ချင်ဘူး ဟုတ်လား...”

လောချင်းယွီက ကြေးမုံပြင်တစ်ခု တင်ထားသော စားပွဲတစ်လုံးရှေ့တွင် ထိုင်နေပြီး ထိုကြေးမုံပြင်ပေါ်တွင် ယွီထျန်းစီ၏ မျက်နှာသည် ပေါ်လွင်နေ၏။

“ဟုတ်တယ်... သူက မပါဝင်ချင်ဘူးလို့ ပြောတယ်...”

လောချင်းယွီက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

“အဲဒါဆို ညီမလေးက သူ့ကို ဖျောင်းဖျဖို့ မကြိုးစားပေးနိုင်ဘူးလား...”

“ငါက ဘာလို့ သူ့ကို ဖျောင်းဖျဖို့ ကြိုးစားရမှာလဲ...”

“ဒါက ဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ ကိစ္စလေ...”

“ဂိုဏ်းက ရှင်သန်နေသရွေ့ ဘာလို့ သူတို့ မျက်နှာပန်းလှဖို့ လိုသေးမှာလဲ...”

လောချင်းယွီ၏ စကားကို ကြားသောအခါ ယွီထျန်းစီမှာ ဘာပြောရမည်မှန်း မသိတော့ချေ။

“မင်း သူ့ကို ပြိုင်ပွဲမှာ ပါဝင်စေချင်ရင် ကိုယ်တိုင်သွားရှာလိုက်...”

လောချင်းယွီက ဖြည်းညင်းစွာ ပြောလိုက်ပြီးနောက် လက်ကို တစ်ချက် ဝှေ့ယမ်းကာ ကြေးမုံပြင်ပေါ်ရှိ ပုံရိပ်ကို ပိတ်ပစ်လိုက်၏။

မလှမ်းမကမ်းရှိ ဂိုဏ်းချုပ်၏ တောင်ထွတ်တွင်။

ယွီထျန်းစီက သူ၏ အရှေ့ရှိ ပိတ်သွားသော ကြေးမုံပြင်ကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် အကူအညီမဲ့သော အပြုံးတစ်ခု ပေါ်လာသည်။

ရက်အနည်းငယ် အကြာတွင် မိစ္ဆာတာအို ပြိုင်ပွဲ ကျင်းပတော့မည် ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ချန်ရှင်းဂိုဏ်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည် ဖြစ်၏။

ချန်ရှင်းဂိုဏ်းက ဤပြိုင်ပွဲအတွက် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက စတင် ပြင်ဆင်နေခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့်ရည်ရွယ်၍ တပည့်တစ်စုကိုပင် အထူးလေ့ကျင့်ပေးခဲ့သည်။

သူတို့သည် ချီသန့်စင်ခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေမြုတေအဆင့် ပြိုင်ပွဲ အမျိုးအစား သုံးခုစလုံးတွင် ပထမဆု ရယူရန် မူလက ပြင်ဆင်ထားခဲ့ကြ၏။

ရလဒ်အနေဖြင့် မကြာမီကပင် ချန်လော့က တပည့် ခုနစ်ယောက်ကို တိုက်ရိုက် သတ်ဖြတ်ပစ်ခဲ့သည်။

ထိုတပည့် ခုနစ်ယောက်အနက် ငါးယောက်မှာ ပြိုင်ပွဲကြီးတွင် ပါဝင်မည့် တပည့်များ ဖြစ်ကြ၏။

ချန်လော့၏ တိုက်ခိုက်မှုကြောင့် ဂိုဏ်းမှာ ပြိုင်ပွဲကြီးအတွက် လုံလောက်သော ပါဝင်ယှဉ်ပြိုင်သူ အရေအတွက်ကိုပင် မစုဆောင်းနိုင်တော့ချေ။

သေချာပေါက် သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် သတ္တမ သို့မဟုတ် အဋ္ဌမအဆင့်ရှိ တပည့်များကိုလည်း ခေါ်ဆောင်လာနိုင်သေးသည်။ ပြဿနာမှာ တပည့်တိုင်းက ချန်လော့ကဲ့သို့ မိမိထက် အဆင့်မြင့်သူများကို သတ်ဖြတ်နိုင်စွမ်း ရှိကြသည် မဟုတ်ပေ။ တပည့်အများစုမှာ ရှိမြဲအဆင့်တွင်သာ ရှိကြပြီး နှစ်ဆင့်၊ သုံးဆင့် မဆိုထားနှင့် တစ်ဆင့် တက်ရန်ပင် ခက်ခဲလှ၏။

ကံကောင်းထောက်မစွာဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ချန်လော့ ရှိနေသေးသည်။

သူသည် ထိုထိပ်တန်း တပည့်များကို သတ်ဖြတ်ခဲ့သည်မှာ မှန်သော်လည်း ၊ သူ့ကို ခေါ်ဆောင်လာမည် ဆိုပါက သူ၏ ခွန်အားသည် ဆုံးရှုံးသွားသော ထိုတပည့်များအစား လုံလောက်ပေသည်။

ယခု လောချင်းယွီက ချန်လော့ လာမည်မဟုတ်ဟု သူ့ကို ပြောနေသည်လား။

“မဖြစ်ဘူး... ဒီကောင်လေးက ပြိုင်ပွဲမှာ ပါဝင်ရမယ်...”

ထိုသို့ ပြောပြီးနောက် ယွီထျန်းစီသည် အချိန်မဖြုန်းတော့ဘဲ ဓားပျံကို ဆင့်ခေါ်၍ ချင်းယန်တောင်ထွတ်ဆီသို့ ပျံသန်းသွားလေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ယွီထျန်းစီသည် ချင်းယန်တောင်ထွတ်သို့ ရောက်ရှိလာ၏။

ထိုအချိန်တွင် ချန်လော့သည် အခန်းထဲ၌ ထိုင်ကာ စက္ကူနှင့် စုတ်တံကို ကိုင်၍ တစ်စုံတစ်ခုကို ရေးသားနေပြီး ပြင်ဆင်မှုများ ပြုလုပ်နေသည်။

သူ၏ လက်ထဲတွင် ရိုးရှင်းသော စာချုပ်တစ်ခု ရှိနေ၏။ ဤသည်က သူ၏ စီးပွားရေးခရီးစဉ်တွင် အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။

သူ့ထံမှ အတိုးကြီးကြီးဖြင့် ငွေချေးရလောက်အောင် ဆင်းရဲမွဲတေနေသူ တစ်ယောက်သည် ဝိညာဉ်ကျောက်တုံးများကို ပြန်ဆပ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ချန်လော့က ပြီးပြည့်စုံသော ဖြေရှင်းနည်း တစ်ခုကို စဉ်းစားခဲ့၏။

ချန်ရှင်းဂိုဏ်းတွင် ကြမ်းတမ်းသော အလုပ်ကြမ်းများစွာ ရှိပုံရပြီး လူများက အလုပ်ကြမ်းလုပ်ခြင်းဖြင့် တစ်နေ့လျှင် ဝိညာဉ်ကျောက်တုံး ၅ တုံး သို့မဟုတ် ၆ တုံးခန့် ရှာဖွေနိုင်ကြောင်း သူ မှတ်မိနေသည်။

သေချာသည်မှာ ထိုသို့သော အလုပ်ကြမ်းများက အလွန် ပင်ပန်းပြီး တစ်နေ့တာ လုပ်ပြီးသွားလျှင် နောက်နေ့တွင် အခြေခံအားဖြင့် မထနိုင်တော့သဖြင့် များသောအားဖြင့် ထိုနေရာသို့ သွားသူ နည်းပါးလှ၏။

သို့သော် ဤသည်က ချန်လော့နှင့် ဘာဆိုင်သနည်း။

သူသည် ဤလူများကို အလုပ်ကြမ်းစခန်းသို့ ရောင်းစားပြီး တစ်နေ့လျှင် ဝိညာဉ်ကျောက်တုံး ၅ တုံးဖြင့် တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၁၅၀ ရှာဖွေနိုင်သည်။

အချိန်ကျလာသောအခါ ချန်လော့က အတိုးကြီးကြီးဖြင့် ငွေချေးသူများနှင့် စာချုပ်ချုပ်ဆိုမည် ဖြစ်၏။ အချိန်မီ ငွေပြန်မဆပ်နိုင်လျှင် သူသည် ထိုလူများကို အလုပ်ကြမ်း လုပ်ရန် စေလွှတ်မည် ဖြစ်သည်။ တစ်လလျှင် ၁၅၀ နှုန်းဖြင့် တစ်နှစ်လျှင် ၁၈၀၀ ဖြစ်၏။ ချန်လော့၏ အကြွေးကို ဆပ်ရန် သုံးနှစ်ခန့် အလုပ်ကြမ်း လုပ်ရမည် ဖြစ်သည်။

သေချာသည်မှာ ချန်လော့က ဤမျှ အချိန်များစွာ မဖြုန်းတီးချင်သဖြင့် သူ့တွင် ပိုမြန်သော နည်းလမ်း တစ်ခု ရှိ၏။

ဤအတိုးကြီးစား ငွေချေးသူများကို အလုပ်ကြမ်းခိုင်းသော သူဌေးထံသို့ တိုက်ရိုက် ရောင်းချမည် ဖြစ်သည်။ ငါးနှစ်တာ ကန်ထရိုက်သက်တမ်းဖြင့် ဈေးနှုန်းမှာလည်း အလွန် သင့်တင့်ပြီး ဝိညာဉ်ကျောက်တုံး ၅,၀၀၀ မျှသာ ဖြစ်၏။

ဤနည်းဖြင့် သူဌေးရော၊ သူရော ငွေရကြပြီး အလုပ်သမားများသာ ဆင်းရဲဒုက္ခ ရောက်ကြမည် ဖြစ်သည်။

“ငါက တကယ့် ပါရမီရှင်ပဲ...”

ချန်လော့က သူ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ ဒီစာချုပ်မှာ တစ်ခုခု လိုနေတယ်...”

ချန်လော့သည် သူ၏ လက်ထဲရှိ စာချုပ်ကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ယခု ဤစာချုပ်တွင် လိုအပ်နေသည်မှာ အလွန် ယုံကြည်စိတ်ချရပြီး အတည်ပြုနိုင်သော တရားဝင် တံဆိပ်တုံးတစ်ခု ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အရည်အချင်းပြည့်မီသော အာမခံသူ မရှိဘဲ သူဌေးက သူ၏ “လိုင်စင်မဲ့ ကျွန်မည်းများ” ကို ဝယ်ယူမည် မဟုတ်ပေ။

“ငါ့ကို တံဆိပ်တုံးလေး တစ်ချက်လောက် ထုပေးဖို့ ဆရာ့ကို အကူအညီတောင်းရင်ရော... နောက်ကျရင် ဆရာ့ကို အကျိုးအမြတ်ရဲ့ ၁၀% လောက် ခွဲပေးလို့ ရတာပဲ...”

သို့သော် ချန်လော့က အလျင်အမြန် ခေါင်းခါလိုက်၏။

လောချင်းယွီ၏ စရိုက်အရဆိုလျှင် အကျိုးအမြတ်၏ ၁၀% ကို ရမည့်သူမှာ ချန်လော့သာ ဖြစ်ပေလိမ့်မည်။

ချန်လော့တစ်ယောက်မှာ ခဏမျှ ခေါင်းကိုက်လာလေ။

ဒီတရားဝင် တံဆိပ်တုံးကို ငါ ဘယ်မှာ သွားရှာရမလဲ...

ထိုအချိန်၌ တံခါးခေါက်သံ ထွက်ပေါ်လာ၏။

“ချန်လော့... မင်း ရှိလား...”

အသံကို ကြားလိုက်ရသောအခါ ချန်လော့မှာ အံ့အားသင့်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအသံမှာ ဂိုဏ်းချုပ်၏ အသံမှန်း သူ မှတ်မိနေသောကြောင့် ဖြစ်သည်။

ချန်လော့က စားပွဲပေါ်ရှိ စက္ကူနှင့် စုတ်တံကို သိမ်းဆည်းလိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်၏။ တံခါးကို ဖွင့်လိုက်သောအခါ အနောက်ဘက်တွင် ပြုံးပြုံးကြီး ရပ်နေသော ဂိုဏ်းချုပ်ကို တွေ့လိုက်ရသည်။

ဂိုဏ်းချုပ်၏ မျက်နှာပေါ်မှ အပြုံးကို မြင်သောအခါ ချန်လော့သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း စူးရှစွာ ခံစားလိုက်ရ၏။

“အမ်း... ကျွန်တော် ကူညီပေးနိုင်တာ တစ်ခုခု ရှိလား ဂိုဏ်းချုပ်...”

ချန်လော့က မေးလိုက်သည်။

“ရှောင်လော့... ကိစ္စက ဒီလိုရှိတယ်...”

“ဂိုဏ်းချုပ် ကျွန်တော့်ကို အဲ့လို မခေါ်ပါနဲ့... ချန်လော့လို့ပဲ ခေါ်ပါ...”

ဂိုဏ်းချုပ်မှာ အံ့အားသင့်သွား၏။ သူက ပိုမို ရင်းနှီးချင်ရုံသာ ဖြစ်သော်လည်း ဤကဲ့သို့ပြောရန် တကယ် လိုအပ်ပါသလား။

သို့သော် ဂိုဏ်းချုပ်သည် စကားများများ မပြောတော့ချေ။

“ချန်လော့... ဂိုဏ်းမှာ မကြာခင် မိစ္ဆာတာအို ပြိုင်ပွဲ ကျင်းပတော့မယ်... ပြီးတော့...”

“ဒိုင်း...”

သူ စကားမဆုံးခင်မှာပင် ချန်လော့က လှည့်၍ တံခါးကို ပိတ်ပစ်လိုက်၏။

သူ၏ အရှေ့ရှိ တံခါးကို ကြည့်ရင်း ယွီထျန်းစီမှာ ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်လာသည်ကို ခံစားလိုက်ရသည်။

သို့သော် သူသည် သူ၏ ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်၍ တံခါးကို ထပ်မံ ခေါက်လိုက်၏။

“ဒေါက်... ဒေါက်... ဒေါက်...”

“ချန်လော့... ဒီကို ထွက်ခဲ့စမ်း... ငါတို့ သေသေချာချာ စကားပြောရအောင်...”

ထို့နောက် အိမ်ထဲမှ ချန်လော့၏ အသံ ထွက်ပေါ်လာသည်။

“ကျွန်တော် မလိုချင်ဘူး... မသွားဘူး... မပါဝင်ဘူး...”

ချန်လော့က ယွီထျန်းစီကို မည်သည့် အခွင့်အရေးမျှ ပေးရန် ရည်ရွယ်ချက် မရှိကြောင်း သိသာလှ၏။

ချန်လော့၏ ကျေးဇူးကန်းသော အပြုအမူကို မြင်သောအခါ ယွီထျန်းစီသည် အချိန်ထပ်မဖြုန်းတော့ဘဲ တံခါးကို ကန်ဖွင့်လိုက်တော့သည်။

“ကျစ်... အရမ်း မာနမကြီးစမ်းပါနဲ့... ငါက ချန်ရှင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေတုန်းပဲ...”

“မင်း ဆရာကို ငါ မနိုင်ဘူး ဆိုပေမယ့် မင်းကိုတော့ငါ မနိုင်လောက်ဘူးလို့ တကယ် ထင်နေတာလား...”

အခန်း( ၁၀၆) အရောင်းအဝယ်

ချန်လော့သည် ကန်ဖွင့်ခံလိုက်ရသော သူ၏ အခန်းတံခါးကို ကြည့်လိုက်ပြီးနောက် ဒေါသတကြီး ဖြစ်နေသော ယွီထျန်းစီကို ထပ်မံကြည့်ကာ တစ်ခဏမျှ စဉ်းစားပြီးနောက် စကားစလိုက်၏။

“ဂိုဏ်းချုပ်... ကျွန်တော်က ဂိုဏ်းချုပ်ကို သေချာပေါက် မနိုင်နိုင်ဘူး ဆိုပေမယ့်လည်း...”

“ဒါပေမဲ့ ဂိုဏ်းချုပ်ကို အကျိုးအကြောင်း သင့်တင့်အောင် စဉ်းစားဖို့ ကျွန်တော် အကြံပေးချင်တယ်... ဂိုဏ်းချုပ်က ကျွန်တော့်ကို ရိုက်ဖို့ ကြိုးစားရင် ကျွန်တော့် ဆရာက ဘာမှမလုပ်ဘဲ ရပ်ကြည့်နေပါ့မလား...”

“မမေ့ပါနဲ့... ရွှေမြုတေအဆင့်အောက်က ကျင့်ကြံသူတွေ ကျွန်တော့်ကို တိုက်ခိုက်မှပဲ ဆရာက ဝင်မစွက်ဖက်မှာလို့ ပြောထားတာနော်...”

ချန်လော့၏ စကားကို ကြားပြီးနောက် ယွီထျန်းစီ၏ ဒေါသများ အတော်လေး လျော့ကျသွား၏။ လောချင်းယွီက သူ့ကို အတည် သတ်လိမ့်မည် မဟုတ်ကြောင်း ယွီထျန်းစီ သိထားသော်လည်း အရိုက်ခံရမည့် အရေးမှတော့ သူ လွတ်ကင်းနိုင်မည် မဟုတ်ပေ။

ယခု သူ၏ အဓိက ရည်ရွယ်ချက်မှာ ချန်လော့ကို မိစ္ဆာတာအို ပြိုင်ပွဲတွင် ပါဝင်လာစေရန် ဖြစ်၏။

အတန်ကြာ စဉ်းစားပြီးနောက် သူသည် ချန်လော့ကို ကြည့်လိုက်သည်။

“မင်း တကယ်ပဲ မိစ္ဆာတာအို ပြိုင်ပွဲမှာ မပါဝင်ချင်ဘူးလား...”

“အဲဒီအချိန်ကျရင် ထိပ်တန်း မိစ္ဆာဂိုဏ်းတွေ အားလုံး လာကြမှာ... မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အခြေခံတည်ဆောက်ခြင်း အုပ်စုမှာ ပထမနေရာ ရဖို့ဆိုတာ ဘာပြဿနာမှ မရှိဘူး...”

“အဲဒီအချိန်ကျရင် မင်းရဲ့ နာမည်က မိစ္ဆာတာအို တစ်ခွင်လုံးမှာ ကျော်ကြားသွားလိမ့်မယ်...”

ဤစကားကို ကြားသောအခါ ချန်လော့သည် ချက်ချင်းပင် ခေါင်းခါလိုက်၏။

“မေ့လိုက်ပါတော့... ဝက်တွေ ဝဖြိုးလာမှာကို ကြောက်သလို လူတွေက နာမည်ကြီးလာမှာကို ကြောက်ကြတယ်... နာမည်ကြီးလာတာနဲ့ နေ့တိုင်း ပစ်မှတ်ထား ခံရတော့မှာပဲ...”

ယွီထျန်းစီမှာ ဆွံ့အသွားတော့သည်။ နာမည်ကြီးမှာ ကြောက်တယ် ဟုတ်လား... မင်းသာ နာမည်ကြီးမှာ ကြောက်ရင် ဘာလို့ အဲဒီ အတွင်းဂိုဏ်းသား ခုနစ်ယောက်ကို သတ်ခဲ့သေးလဲ...

“မင်း အခြေခံတည်ဆောက်ခြင်း အုပ်စုမှာ ပထမနေရာ ရပြီးသွားရင် ဆုလာဘ်တွေ အများကြီး ထပ်ရဦးမှာ...”

ချန်လော့က သူ၏ ဂုဏ်သတင်းကို ဂရုမစိုက်ကြောင်း မြင်သောအခါ ယွီထျန်းစီသည် ငွေကြေးဆိုင်ရာ အကျိုးအမြတ် ကိစ္စကို ဆွဲထုတ်လာ၏။

ဤသည်က ချန်လော့၏ စိတ်ဝင်စားမှုကို အနည်းငယ်မျှ ဖမ်းစားနိုင်ခဲ့သည်။

“ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ...”

ချန်လော့ စိတ်ဝင်စားသွားကြောင်း မြင်သောအခါ ယွီထျန်းစီက ပြုံး၍ လက်ချောင်း သုံးချောင်းကို မြှောက်ပြလိုက်၏။

“ဝိညာဉ်ကျောက်တုံး ၃,၀၀၀... အဲဒါအပြင် ဆေးလုံးတစ်လုံးနဲ့ သိုင်းကွက်တစ်ခု...”

“ဒါဆိုရင်လည်း နေပါစေတော့...”

ချန်လော့သည် ချက်ချင်းပင် ငြင်းပယ်လိုက်၏။

ဝိညာဉ်ကျောက်တုံး ၃,၀၀၀ ဆိုသည်မှာ များပြားသော်လည်း မလုံလောက်ပေ။

အချိန်မရွေး ဒုတိယအဆင့်သို့ တက်လှမ်းနိုင်စွမ်းရှိသည့် သူ့ကဲ့သို့သော ပထမအဆင့် အထွတ်အထိပ် ဆေးဆရာတစ်ဦးက ဆေးလုံးများ လိုအပ်ပါမည်လား။

သိုင်းကွက် ဟုတ်လား... သူက တိုက်ရိုက်တပည့်တစ်ယောက်လေ... ဘယ်လို သိုင်းကွက်မျိုး သူ့ဆီမှာ မရှိလို့လဲ...

ချန်လော့၏ ငြင်းပယ်မှုကို မြင်သောအခါ ယွီထျန်းစီသည် တစ်ခဏမျှ စဉ်းစားလိုက်၏။

ချန်လော့ ငြင်းပယ်ရခြင်းမှာ သူ မပါဝင်ချင်သောကြောင့် မဟုတ်ဘဲ အကျိုးအမြတ်များက မလုံလောက်သောကြောင့် ဖြစ်သည်။

အတန်ကြာ စဉ်းစားပြီးနောက် သူသည် ချန်လော့ကို ကြည့်လိုက်ပြီး မည်သည့် ဆုလာဘ်ကိုမှ မပြောတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်၏။

“အဲဒါဆို မင်း ဘာလိုချင်လဲ...”

ယွီထျန်းစီ၏ ပွင့်လင်းမှုကို မြင်သောအခါ ချန်လော့မှာ ခေါင်းကိုက်သလို ခံစားလိုက်ရသည်။

မူလက ယွီထျန်းစီ မည်သည့် ဈေးနှုန်းကို လက်ခံနိုင်သနည်း ဆိုသည်ကို သိရန်အတွက် တစ်ဖက်လူကို တဖြည်းဖြည်းချင်း ဈေးတင်ပေးရန် စဉ်းစားထားခဲ့ပြီး၊ နောက်မှ အရောင်းအဝယ် လုပ်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်၏။ တစ်ဖက်လူက ပြဿနာကို သူ့ဆီ တိုက်ရိုက် ပစ်ချလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“ဂုဏ်သတင်းကောင်း ရဖို့ သေချာအောင် လုပ်ရမယ်...”

သို့သော် ချန်လော့ ကိုယ်တိုင်လည်း ဘယ်လောက် တောင်းရမည်ကို သေချာ မသိချေ။

ဈေးအရမ်းကြီး တောင်းလိုက်လျှင် ယွီထျန်းစီက ထွက်သွားမည်ကို စိုးရိမ်ရပြီး ... ဈေးအရမ်းနိမ့် တောင်းလိုက်လျှင်လည်း ရှုံးသွားသလို ခံစားရပြီး ညဘက် အိပ်မပျော် ဖြစ်နေလိမ့်မည်။

“ဘယ်လောက် ပေးသင့်လဲ...”

ထိုအခိုက်အတန့်တွင် ချန်လော့က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ယွီထျန်းစီကို စိုက်ကြည့်လိုက်၏။

ယွီထျန်းစီသည် ယခင်က သူ၏ လစဉ်ထောက်ပံ့ကြေးကို အနှစ်နှစ်ဆယ်စာ ဖြတ်တောက်ခဲ့ကြောင်း သူ မှတ်မိသွားသည်။

ဝိညာဉ်ကျောက်တုံး... တစ်နှစ်ကို ၆၀၀... အနှစ်နှစ်ဆယ်စာ ဆိုတော့ ၁၂,၀၀၀...

ဤအရာကိုတွေးမိသောအခါ ချန်လော့က ပြုံးလိုက်၏။

“တကယ်တော့ ဂိုဏ်းအတွက် အကျိုးပြုခွင့် ရတာကို ကျွန်တော် အရမ်း ဝမ်းသာပါတယ်...”

ဤသည်ကို ကြားသောအခါ ယွီထျန်းစီမှာ တစ်ခဏမျှ တန့်သွားပြီး သူ၏ မျက်လုံးများထဲတွင် သတိထားသည့် အရိပ်အယောင်များဖြင့် ချန်လော့ကို ကြည့်လိုက်သည်။

ချန်လော့တစ်ယောက် အကြံဆိုး တစ်ခုခု ကြံနေသည်မှာ ရာခိုင်နှုန်းပြည့် သေချာနေပြီ ဖြစ်၏။

“ဆုလာဘ်တွေ အနေနဲ့ကတော့ ဂိုဏ်းချုပ် အခုလေးတင် ပြောခဲ့တာ လုံလောက်ပါတယ်...”

“ဒါပေမဲ့ အဲဒီအပြင် တခြား လျော်ကြေးတချို့တော့ ကျွန်တော် လိုချင်တယ်...”

“လျော်ကြေး...”

ယွီထျန်းစီမှာ အံ့အားသင့်သွားပြီး ချန်လော့ကို နားမလည်စွာ ကြည့်လိုက်၏။

ဂိုဏ်းက သူ့ကို စိတ်ဆိုးအောင် တစ်ခုခု လုပ်ခဲ့လို့လား... ဘယ်လို လျော်ကြေးမျိုး လိုချင်တာလဲ...

“အမ်း... အရင်တုန်းက ကျွန်တော့်ရဲ့ လစဉ်ထောက်ပံ့ကြေးကို အနှစ်နှစ်ဆယ်စာ ဖြတ်တောက်ခဲ့တယ် မဟုတ်လား...”

ယွီထျန်းစီမှာ တစ်ခဏမျှ တန့်သွားပြီးနောက် တစ်စုံတစ်ခုကို ချက်ချင်း သတိပြုမိသွား၏။

ချန်လော့သည် တပည့်များ၏ ခြေလက်များကို ဖြတ်တောက်ခဲ့စဉ်က လောချင်းယွီ၏ အကာအကွယ်ကြောင့် သွေးထောင်သို့ အဖမ်းမခံခဲ့ရပေ။ ထို့ကြောင့် လောချင်းယွီ၏ အကြံပြုချက်အရ ချန်လော့၏ လစဉ်ထောက်ပံ့ကြေးကို အနှစ်နှစ်ဆယ်စာ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ချန်လော့က သူ့ရဲ့ လစဉ်ထောက်ပံ့ကြေးကို ပြန်လည် စတင်ချင်တာလား...

အဲဒီလိုဆိုရင်တော့ သိပ်ဆိုးရွားတဲ့ ကိစ္စ မဟုတ်ပါဘူး... လစဉ်ထောက်ပံ့ကြေးက ဝိညာဉ်ကျောက်တုံး ၅၀ ပဲ ရှိတာ... ပမာဏ သိပ်များတာမှ မဟုတ်တာ...

“ကောင်းပြီလေ... မင်း ပါဝင်ဖို့ ဆန္ဒရှိသရွေ့ မင်းရဲ့ လစဉ်ထောက်ပံ့ကြေးကို နှစ်ဆ တိုးပေးမယ်...”

ဤအခိုက်အတန့်တွင် ယွီထျန်းစီက ချန်လော့၏ ရည်ရွယ်ချက် အစစ်အမှန်ကို သဘောမပေါက်သေးသဖြင့် ကြွားလုံးထုတ်၍ သူ မခံနိုင်သော စကားကို ပြောလိုက်မိ၏။

ဤစကားကို ကြားသောအခါ ချန်လော့၏ မျက်လုံးများ လင်းလက်သွားသည်။

“ကောင်းပြီလေ... နှစ်ဆဆိုတော့ ဝိညာဉ်ကျောက်တုံး ၂၄,၀၀၀ ပေါ့... သွားယူဖို့ ဂိုဏ်းချုပ်နဲ့ လိုက်ခဲ့ရမလား... ဒါမှမဟုတ် ဂိုဏ်းချုပ်ပဲ လာပို့ပေးမလား...”

ယွီထျန်းစီမှာ တစ်ခဏမျှ ဆွံ့အသွားပြီး ချန်လော့ကို အထိတ်တလန့် အမူအရာဖြင့် ကြည့်လိုက်၏။

“နေ... နေဦး... ဘာ... ဝိညာဉ်ကျောက်တုံး ၂၄,၀၀၀... လစဉ်ထောက်ပံ့ကြေးက ၁၀၀ မဟုတ်ဘူးလား...”

“ဟမ်... လစဉ်ထောက်ပံ့ကြေးလို့ ဘယ်သူက ပြောလို့လဲ... ကျွန်တော် ဆိုလိုတာက ဖြတ်တောက်ထားတဲ့ လစဉ်ထောက်ပံ့ကြေးတွေ အားလုံးကို တလုံးတစ်ခဲတည်း ပြန်ပေးရမယ်လို့ ပြောတာ... အရစ်ကျ ပေးတာကို လက်မခံဘူး...”

ဤသည်ကို ကြားသောအခါ ယွီထျန်းစီမှာ ဆွံ့အသွားတော့သည်။

“မင်းက အနှစ် ၂၀ စာ လစဉ်ထောက်ပံ့ကြေးကို တစ်ခါတည်း အကုန်ယူချင်တာလား... မင်း ဂိုဏ်းထဲ ရောက်တာ ခြောက်လတောင် မပြည့်သေးဘူး... အနှစ် ၂၀ စာ လစဉ်ထောက်ပံ့ကြေးကို လိုချင်တယ် ဟုတ်လား...”

ချန်လော့က ဘာမှ ကြီးကြီးမားမား မဟုတ်သည့်အလား တည်ငြိမ်နေဆဲပင် ဖြစ်၏။

“ရှုထောင့်လေး ပြောင်းပြီး ဒါကို ကျွန်

တော့်အတွက် ကြိုတင်ငွေ အနေနဲ့ ဘာလို့ မစဉ်းစားတာလဲ...”

ထိုသို့ ပြောလိုက်သော်လည်း ချန်လော့သည် သူ ချန်ရှင်းဂိုဏ်းတွင် ကြာရှည် နေနိုင်မည် မဟုတ်ကြောင်း၊ အလွန်ဆုံးမှ နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့်သာ နေနိုင်မည်ဖြစ်ကြောင်း ခံစားနေရ၏။

အနှစ် ၂၀ စာ လစာကို ကြိုတင် ရထားပေမယ့် နှစ်နှစ်၊ သုံးနှစ်ပဲ အလုပ်လုပ်ရမယ် ဆိုတာ တကယ့်ကို အကျိုးအမြတ် များတဲ့ ကိစ္စပဲ...

သို့သော် ယွီထျန်းစီမှာ အလွယ်တကူ အရူးအလုပ်ခံရမည် မဟုတ်ကြောင်း သိသာလှပြီး ငြင်းပယ်သည့် အနေဖြင့် ချက်ချင်း ခေါင်းခါလိုက်သည်။

“ထွက်သွားစမ်း... မင်းက ချန်ရှင်းဂိုဏ်းကို ဘာမှတ်နေတာလဲ... ဝိညာဉ်ကျောက်တုံး မိုင်းတွင်းလို့ ထင်နေလား... ဟမ်...”

“ဝိညာဉ်ကျောက်တုံး ၂၄,၀၀၀ ဆိုတာ ဂိုဏ်းရဲ့ တစ်လစာ အသုံးစရိတ်နီးပါး ရှိတယ်ကွ...”

သို့ပေမဲ့ ချန်လော့သည် ချက်ချင်းပင် စတင် ချေပတော့၏။

“တစ်လစာ အသုံးစရိတ် ဟုတ်လား ဂိုဏ်းချုပ်... တစ်လစာ အသုံးစရိတ်က ဘာအရေးကြီးလို့လဲ...”

“ဒါက သုံးနှစ်မှ တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲကြီးလေ... တခြား မိစ္ဆာတာအို ပြိုင်ပွဲတွေမှာလည်း ကျွန်တော်တို့ ချန်ရှင်းဂိုဏ်းက ပါဝင်ဖူးတာပဲ... ဒါက တခြားဂိုဏ်းတွေရှေ့မှာ နာမည်ကောင်းရဖို့ ရွှေရောင် အခွင့်အရေးပဲလေ ...”

“ကိုယ့်ခြံဝင်းထဲမှာ ကျင်းပတဲ့ ပြိုင်ပွဲကို တခြားသူဆီ အရှုံးပေးလိုက်ရတာကို ဂိုဏ်းချုပ်က တကယ် မြင်ချင်လို့လား...”

“တစ်လစာ အသုံးစရိတ်လေးနဲ့ ဗိုလ်စွဲသွားရင် ဂိုဏ်းချုပ်က နာမည်ကောင်း ရသွားမှာလေ... ဂိုဏ်းချုပ်ရဲ့ နာမည်က သမိုင်းမှာ တွင်သွားပြီး အတ္ထုပ္ပတ္တိတောင် ရေးခံရမှာ...”

ယွီထျန်းစီသည် ချန်လော့ကို မျက်စောင်းထိုးလိုက်၏။ ဤကောင်လေးက လူတွေကို ဘယ်လို လှည့်စားရမည်ကို တကယ် သိသည်။

သို့သော် သူသာ တကယ် သဘောတူလိုက်လျှင် သမိုင်းတွင်မည် မဟုတ်ဘဲ ထာဝရ နာမည်ဆိုးဖြင့် ကျော်ကြားသွားပေလိမ့်မည်။

အတ္ထုပ္ပတ္တိ ရေးခံရမယ် ဟုတ်လား... အဝေဖန် မခံရ၊ အရှုတ်ချ မခံရရင်ပဲ ကံကောင်းနေပြီ...

“အဲဒါလည်း မဖြစ်ဘူး... ၂၄,၀၀၀ ဆိုတာ အရမ်းများတယ်... လုံးဝ မဖြစ်ဘူး...”

“ဒါပေမဲ့ ဂိုဏ်းချုပ် အခုလေးတင် ဈေးကို နှစ်ဆပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား...”

“ပေါက်ကရတွေ... မင်းက တစ်ခါတည်း အကုန်ယူမယ်လို့ ငါ မထင်ထားဘူးလေ...”

“အားလုံး အတူတူပါပဲ... ဘယ်လိုပဲဖြစ်ဖြစ် ၂၄,၀၀၀ ပဲလေ...”

“အဲဒါဆိုလည်း မင်း လစဉ်ထောက်ပံ့ကြေး အနေနဲ့ပဲ ယူလို့ ရတယ်...”

“ဟင့်အင်း... ကျွန်တော်က တစ်ခါတည်း အကုန်ယူချင်တာ...”

…

အတန်ကြာ အပေးအယူ လုပ်ပြီးနောက် ယွီထျန်းစီသည် ဈေးကို ၁၈,၀၀၀ အထိ အောင်မြင်စွာ လျှော့ချနိုင်ခဲ့သည်။

ယခု သူ၏ တစ်ခုတည်းသော နောင်တမှာ ဈေးနှစ်ဆ ပေးမည်ဆိုသည်က ပြဿနာ မရှိကြောင်း ပြောလိုက်မိလောက်အောင် ချန်လော့သည် အရမ်း လည်လွန်းနေခြင်း ဖြစ်၏။ သို့မဟုတ်ပါက ၁၂,၀၀၀ ဖြင့်သာ ရနိုင်မည် ဖြစ်သည်။

အခုတော့ ချန်လော့က အပို ၆,၀၀၀ တောင် ရသွားပြီ... ငါ့မြင်း သေသွားတာထက်တောင် ပိုခံစားရသေးတယ်...

All Chapters