← Chapters

အခန်း ၁၀၇-၁၀၈

Vol. 11 Ch. 107-108

အခန်း ၁၀၇-၁၀၈

Vol. 11 Ch. 107-108

အခန်း (၁၀၇)- တရားဝင် အမည်ပေါက်

“ဪ... ဒါနဲ့... ဂိုဏ်းချုပ်ရဲ့ တံဆိပ်တုံးကို တစ်ရက်လောက် ငှားလို့ရမလား...”

ချန်လော့က တစ်စုံတစ်ခုကို သတိရသွားသည့်အလား ပြောလိုက်၏။

ဤသည်ကို ကြားသောအခါ ယွီထျန်းစီ၏ မျက်လုံးများ လင်းလက်သွားသည်။

“ဂိုဏ်းချုပ်တံဆိပ်တုံးကို ဘာလုပ်ဖို့လဲ...”

ယွီထျန်းစီက ချန်လော့ကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ ဂိုဏ်းချုပ်သည် တံဆိပ်တုံးကို အသုံးပြု၍ ဈေးထပ်နှိမ်ရန် ပြင်ဆင်နေပုံရသည်။

သို့သော် ချန်လော့က ပြောလိုက်၏။

“ဂိုဏ်းချုပ်က ဝိညာဉ်ကျောက်တုံး ၆,၀၀၀ ကျော်တောင် လျှော့ချလိုက်လို့ ကျွန်တော် နည်းနည်း မခံချိမခံသာ ဖြစ်နေတယ်... အဲဒါကြောင့် ဂိုဏ်းချုပ် တံဆိပ်တုံးကို သုံးပြီး နည်းနည်းလောက် ပြန်ဖိပေးမလို့...”

“ပေါက်ကရတွေ... အမှန်အတိုင်း ပြောစမ်း...”

“ကျွန်တော် လုပ်ငန်းငယ်လေး တစ်ခု စချင်လို့ပါ...”

“ဘာလုပ်ငန်းလဲ...”

“ဂိုဏ်းရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းပေါ့...”

“မင်းကို ဂိုဏ်းရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီရဲ့လားလို့ ဘယ်သူက မေးလို့လဲ... “

“ဝိညာဉ်ကျောက်တုံးတွေကို တစ်ဦးတည်းပိုင် အကောင့်တစ်ခုထဲ အပ်နှံပြီး ပိုင်ရှင်က အကျိုးအမြတ်တွေ ထုတ်ပေးတဲ့ လုပ်ငန်းပေါ့... ပြီးရင် အချိန်ကာလ တစ်ခု ကြာပြီးနောက် အရင်းရော အတိုးရော ပြန်ထုတ်ယူရတာ...”

“ဟမ်... ငွေလဲလုပ်ငန်းနဲ့ နည်းနည်း တူနေသလိုပဲ...”

“အတော်လေး ဆင်တူပါတယ်... ပိုပြီး ကိုယ်ပိုင်ဟန် ပါပြီး စိတ်ကြိုက် ပြင်ဆင်ထားတာလေးပဲ ကွာတာပါ...”

ချန်လော့၏ ရှင်းပြချက်က ဝေဝါးနေသဖြင့် ယွီထျန်းစီ ကောင်းကောင်း နားမလည်ခဲ့ပေ။

“ဂိုဏ်းချုပ် တံဆိပ်တုံးကိုတော့ ငါ မပေးနိုင်ဘူး... ဒါပေမဲ့ စာရွက်စာတမ်းတွေကို မင်း ပေးခဲ့... ငါ တိုက်ရိုက် တံဆိပ်တုံး ထုပေးခဲ့မယ်...”

ဤသည်ကို ကြားသောအခါ ချန်လော့က စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်၏။

“ခဏလေး စောင့်ဦး...”

ထိုသို့ ပြောရင်း သူက ဘေးဘက်ရှိ စားပွဲဆီသို့ လျှောက်သွားကာ အလွန် မြန်ဆန်သော အရှိန်ဖြင့် စာချုပ် အစောင် နှစ်ဆယ် ရေးချလိုက်သည်။

“စုစုပေါင်း အစောင် နှစ်ဆယ်...”

ယွီထျန်းစီသည် စာချုပ်များထဲမှ တစ်စောင်ကို ကောက်ယူ၍ အကြမ်းဖျင်း တစ်ချက် ကြည့်လိုက်ပြီးနောက် တစ်စက္ကန့်အကြာတွင် လုံးဝ ဆွံ့အသွားတော့၏။

“ငွေချေးခြင်းကို ဝိညာဉ်ကျောက်တုံး ၁၀၀ မှ စတင်ပြီး နေ့စဉ် အတိုးနှုန်းမှာ ၅% ဖြစ်ကာ ချေးငွေသက်တမ်းမှာ ၁၀ ရက် ဖြစ်သည်...”

စာချုပ်ပါ အကြောင်းအရာများကို ကြည့်ရင်း ချန်လော့ ဆိုလိုသော အဓိပ္ပာယ်ကို ယွီထျန်းစီ ချက်ချင်း နားလည်သွား၏။

“ကျစ်... မင်းက ဂိုဏ်းထဲမှာ အတိုးကြီးစား ငွေချေးလုပ်ငန်း လုပ်ဖို့ စီစဉ်နေတာ မဟုတ်လား...”

ချန်လော့သည် အနည်းငယ်မျှ မတုန်လှုပ်ဘဲ နေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

“ဂိုဏ်းထဲမှာ အတိုးကြီးစား ငွေချေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ မရှိတာကို ကျွန်တော် သတိထားမိနေတာ... ဒါက အမှားတစ်ခု ဖြစ်ပြီး ဂိုဏ်းရဲ့ လုပ်ငန်းနယ်ပယ်မှာ မပြည့်စုံမှုတွေ ရှိနေတယ်ဆိုတဲ့ လက္ခဏာ တစ်ရပ်ပဲလို့ ကျွန်တော် ထင်တယ်... ဂိုဏ်းကို အကျိုးပြုဖို့နဲ့ ဒီစီးပွားရေး နယ်ပယ်မှာ လစ်ဟာနေတာတွေကို ဖြည့်ဆည်းဖို့က ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်...”

ချန်လော့၏ စကားကို ကြားသောအခါ ယွီထျန်းစီ၏ မျက်နှာသည် မည်းမှောင်သွား၏။

ဆိုတော့ မင်းက အတိုးကြီးစား ငွေချေးလုပ်ငန်း လုပ်နေတာကို ဂိုဏ်းကို အကျိုးပြုတယ်လို့ ပြောချင်တာပေါ့...

“မင်းရဲ့ နေ့စဉ် အတိုးနှုန်း ၅% က လူတွေကို ရူးသွားစေလိမ့်မယ်...”

“ဆယ်ရက် ပြန်ဆပ်ရမယ့် အချိန်ကာလအတွင်း ပြန်ဆပ်နိုင်ရင်တော့ ပြဿနာ မရှိဘူး... ဒါပေမဲ့ မဆပ်နိုင်ရင်တော့ တောင်ကုန်းပေါ်ကနေ လိမ့်ဆင်းလာတဲ့ နှင်းလုံးကြီးလိုပဲ... ကြီးသထက် ကြီးလာလိမ့်မယ်...”

“ရက်တစ်ရာ ကြာပြီးရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁၃,၀၀၀ တောင် ဖြစ်သွားမှာ...”

ယွီထျန်းစီ၏ စကားကို ကြားသောအခါ ချန်လော့သည် မျက်မှောင် အပြင်းအထန် ကြုတ်လိုက်၏။

အတန်ကြာ စဉ်းစားပြီးနောက် ယွီထျန်းစီ၏ လက်ထဲမှ စာချုပ်ကို သူ ယူလိုက်သည်။

“ဂိုဏ်းချုပ် ပြောတာ မှန်တယ်... တကယ်ကို နည်းနည်း များသွားတယ်...”

ထိုသို့ ပြောရင်း သူက စာချုပ်ထဲတွင် နောက်ထပ် စာကြောင်းတစ်ကြောင်းကို ထပ်ထည့်လိုက်၏။

“ဆယ်ရက် နောက်ပိုင်း အတိုးလွတ်...”

ဤသည်ကို မြင်သောအခါ ယွီထျန်းစီမှာ အံ့အားသင့်သွားပြီး ချန်လော့တွင် အသိစိတ် ရှိနေသေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“ဆယ်ရက် ဆိုတော့ အများဆုံးမှ ၁၆၀ ပဲ... အဲဒါဆိုရင်တော့ ရပါတယ်... မင်းဆီမှာ အသိစိတ်တော့ ရှိသေးတာပဲ...”

ထိုသို့ ပြောရင်း ယွီထျန်းစီသည် ချန်လော့၏ စာချုပ်ကို ယူ၍ တံဆိပ်တုံး ထုရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားသည့်အလား လေပေါ်တွင်လှုပ်ရှားနေသည့် လက်က ရုတ်တရက် ရပ်တန့်သွား၏။

“ဝိညာဉ်ကျောက်တုံး နောက်ထပ် ၂,၀၀၀ ထပ်လျှော့...”

“ကပ်စေးနှဲလိုက်တာ...”

ချန်လော့သည် နောက်ဆုံးတွင် မတတ်သာဘဲ သဘောတူလိုက်ရတော့သည်။

တံဆိပ်တုံး ထုပြီး ချန်လော့နှင့် စကားပြောပြီးနောက် ယွီထျန်းစီ ထွက်သွားလေ၏။

ချန်လော့သည် ယွီထျန်းစီ ထွက်သွားသည်ကို ကြည့်နေပြီး ဂိုဏ်းချုပ်သည် မျက်စိအောက်မှ ပျောက်ကွယ်သွားကြောင်း သေချာပြီဆိုမှ စာချုပ်များကိုပြန်လည် ထုတ်ယူကာ စာချုပ်တိုင်းရှိ “၅%” နေ့စဉ် အတိုးနှုန်းတွင် သုညတစ်လုံး ထပ်ထည့်လိုက်သည်။

ရလဒ်အနေဖြင့် မူလ ၅% နေ့စဉ် အတိုးနှုန်းမှာ ၅၀% ဖြစ်သွားတော့၏။

“ကံကောင်းလို့... ငါက အာရပ်ကိန်းဂဏန်းတွေနဲ့ ရေးခဲ့တာ... အဲဒါတွေက လူ့သမိုင်းမှာ အကြီးကျယ်ဆုံး တီထွင်မှုပဲ...”

ထိုသို့ ပြောပြီးနောက် သူသည် စာချုပ်ကို အိတ်ကပ်ထဲ ထည့်ကာ တောင်အောက်သို့ ပြေးဆင်းသွားလေသည်။

ချန်လော့သည် စာချုပ် အစောင် ၂၀ စလုံးကို တစ်ပြိုင်နက်တည်း လက်မှတ်ရေးထိုး၍ တစ်ခါတည်း အရောင်းအဝယ် လုပ်ရန် စီစဉ်ထား၏။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လုပ်ငန်းမျိုးသည် ကြာရှည် ခံမည်မဟုတ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားသောကြောင့် ဖြစ်သည်။

တစ်ခါလောက် သိသွားတာနဲ့ သူ့ကို လာရှာမယ့်သူ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး...

ထို့ကြောင့် သူ တစ်ခါတည်း ဗိုက်ဝအောင် စားထားရမည် ဖြစ်၏။

…

ငါးရက် ကြာပြီးနောက်။

သူ၏ ထူးချွန်သော အကောင်အထည်ဖော်မှု စွမ်းရည်များဖြင့် ချန်လော့သည် ကျန်ရှိနေသော ဝိညာဉ်ကျောက်တုံး ၂,၀၀၀ စလုံးအတွက် ယာယီ ပိုင်ရှင်များကို ရှာဖွေနိုင်ခဲ့သည်။

သူ၏ လက်ထဲရှိ စာချုပ် အစောင် ၂၀ ကို ကြည့်ရင်း ချန်လော့ပြုံးလိုက်၏။

နောက်တစ်ဆင့် အနေဖြင့် အလုပ်သမား ခေါင်းဆောင်ကို ရှာရန် ဖြစ်သည်။

ချန်လော့သည် ချန်ရှင်းဂိုဏ်းရှိ ခူယီတောင်ထိပ်ဆီသို့ တစ်လျှောက်လုံး ပြေးသွားလေ၏။

အဲဒါက အလုပ်ကြမ်းလုပ်ဖို့ အကောင်းဆုံး နေရာပဲ...

ဤနေရာတွင် ငွေရှာဖို့အပြင် ဂိုဏ်းထဲရှိ အမှားလုပ်မိသော တပည့်များနှင့် ဂိုဏ်း၏ အကျဉ်းသားများကိုလည်း အလုပ်ကြမ်းလုပ်ရန် ပို့ဆောင်လေ့ရှိသည်။

ထိုချဉ်းကပ်မှုမျိုးသည် ချန်လော့အတွက် သူတို့ကို ရိုးရိုးရှင်းရှင်း ဇီဝိန်ခြွေလိုက်ခြင်းထက် ပို၍ ကြီးမားသော အကျိုးကျေးဇူးကို ရရှိစေ၏။

ချန်လော့သည် ဂိုဏ်းအတွင်း လူသိများသူ တစ်ဦး ဖြစ်သဖြင့် တောင်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ့ကို ချက်ချင်းပင် မှတ်မိသွားကြသည်။

“ချန်လော့ စီနီယာအစ်ကို... ခူယီတောင်ထိပ်ကို ဘာကိစ္စများ ရှိလို့ လာတာလဲ မသိဘူး...”

အရပ် ၁.၅ မီတာခန့်သာ ရှိသော အရပ်ပုပု အဖိုးအိုတစ်ဦးက ချန်လော့ကို ကြည့်၍ တောက်ပသော အပြုံးဖြင့် မေးလိုက်၏။

အဖိုးအို၏ ကျင့်ကြံမှုအဆင့်မှာ ရွှေမြုတေ အစောပိုင်းအဆင့်ခန့်တွင် ရှိသင့်ပြီး သိပ်မစွမ်းလှသော်လည်း ခူယီတောင်ထိပ်ကို ထိန်းချုပ်ရန် လုံလောက်ပေသည်။

ချန်လော့သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်၏။

ခူယီတောင်ထိပ်သည် ကြီးလွန်း၊ သေးလွန်းခြင်း မရှိဘဲ လူရာပေါင်းများစွာ နေထိုင်အလုပ်လုပ်ရန် လုံလောက်ပေသည်။

အဓိက အလုပ်မှာ မိုင်းတူးခြင်း ဖြစ်သော်လည်း ဝိညာဉ်ကျောက်တုံး မိုင်းတွင်း မဟုတ်ဘဲ သံနက်တွင်း ဖြစ်၏။

ဤနေရာတွင် အလုပ်လုပ်သူ အများအပြား မရှိဘဲ စုစုပေါင်း ဆယ်ယောက်ခန့်သာ ရှိသည်။

အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့က အဖိုးအိုကို ကြည့်လိုက်၏။

“အကြီးအကဲကို ဘယ်လို ခေါ်ရမလဲ မသိဘူး...”

ဤသည်ကို ကြားသောအခါ အဖိုးအိုက အလျင်အမြန် ပြုံး၍ လက်ကာပြလိုက်သည်။

“ဘာ အကြီးအကဲလဲ ချန်လော့... စီနီယာအစ်ကိုတွေက ကျွန်တော့်ကို အဖိုးချိုးလို့ပဲ ခေါ်ကြတယ်...”

ချန်ရှင်းဂိုဏ်းတွင် ချန်လော့၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုကို အဖိုးအိုက ရှင်းရှင်းလင်းလင်း သိထားပုံရ၏။

သူ၏ အဆင့်အတန်းမှာ အလွန်ဆုံးမှ အပြင်ဂိုဏ်း အကြီးအကဲတစ်ဦး ဖြစ်သော်လည်း ဂိုဏ်းစည်းမျဉ်းများအရ ချန်လော့သည် သူ့ကို အကြီးအကဲဟု ခေါ်ရမည် ဖြစ်ပြီး သူကလည်း ချန်လော့ကို နာမည်တပ်၍ ခေါ်နိုင်သည်။

သို့သော် ချန်လော့၏ ကျော်ကြားမှုကြောင့် ဤအကြီးအကဲသည် ချန်လော့ကို နာမည်အပြည့်အစုံ မခေါ်ရဲဘဲ သူ့ကို ခေါ်ဝေါ်ရာတွင် “စီနီယာအစ်ကို” ဟူသော နောက်ဆက်တွဲကို ထည့်သွင်းရလေ၏။

“ကောင်းပြီလေ... အဖိုးချိုး... မကြာခင် ခူယီတောင်ထိပ်မှာ အလုပ်သမားတွေ ငှားဖို့ ရှိလား...”

ဤစကားကို ကြားသောအခါ ချိုးအကြီးအကဲမှာ အံ့အားသင့်သွားပြီး ချန်လော့က သူ့ကို ဤကဲ့သို့မေးခွန်းမျိုး မေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပုံရ၏။

“တစ်ခါတလေ ဝိညာဉ်ကျောက်တုံး လိုအပ်တဲ့ တပည့်တွေ အလုပ်လာရှာတာ ရှိတယ် ဆိုပေမယ့်...”

များသောအားဖြင့် အပြင်ဂိုဏ်းသားများနှင့် အတွင်းဂိုဏ်းသားများသာ ဖြစ်၏။ ချန်လော့ကဲ့သို့သော အဓိကတပည့်များက ဤနေရာတွင် မရှိသင့်ပေ။

အဘယ်ကြောင့်ဆိုသော် တိုက်ရိုက်တပည့်တို့၏ လစဉ်ထောက်ပံ့ကြေးမှာ ဝိညာဉ်ကျောက်တုံး ၅၀ ဖြစ်သဖြင့် ဤနေရာတွင် အလုပ်လုပ်ရန် လုံးဝ မလိုအပ်ပေ။

တစ်စုံတစ်ခုကို ဝယ်ချင်လျှင်ပင် သူတို့၏ အကြီးအကဲကို ရိုးရိုးရှင်းရှင်း ပြောပြနိုင်သည်။

“လူလိုနေလား... “

ချိုးအကြီးအကဲက အကြောင်းမပြန်သည်ကို မြင်သောအခါ ချန်လော့သည် နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်၏။

ချိုးအကြီးအကဲမှာ သံသယအချို့ ရှိနေသည်။ သူက ငြင်းပယ်ချင်သော်လည်း ချန်လော့က သူ လိမ်ပြောမှန်း သိသွားလျှင် သူ့ကို ဓားဖြင့်ထိုးမည်ကို စိုးရိမ်မိ၍ ပြန်လည် စဉ်းစားလိုက်၏။

အတန်ကြာ စဉ်းစားပြီးနောက် အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။

“ဟုတ်ကဲ့... ကျွန်တော်တို့ အလုပ်သမား လိုနေပါတယ်... ခူယီတောင်ထိပ်က အမြဲတမ်း အလုပ်သမား လိုအပ်နေတာပါ...”

ဤသည်ကို ကြားသောအခါ ချန်လော့မှာ အလွန် ဝမ်းသာသွားပြီး အိတ်ကပ်ထဲမှ စာချုပ် အစောင် ၂၀ ကို ချက်ချင်း ထုတ်ယူလိုက်၏။

“ဒီလူ အယောက် ၂၀ ကို ကြည့်လိုက်ပါဦး... သူတို့ ခင်ဗျားဆီမှာ အလုပ်လုပ်ပေးနိုင်မယ် ထင်လား...”

ချိုးအကြီးအကဲမှာ ခဏမျှ တန့်သွားပြီးနောက် ချန်လော့ထံမှ စာချုပ်ကို ယူ၍ ကြည့်လိုက်၏။

မကြည့်မိရင် အမှားပဲ... ဘာလို့လဲဆိုတော့ မြင်လိုက်ရတာက ချိုးအကြီးအကဲကို လန့်ပြေးလုမတတ် ဖြစ်သွားစေလို့ပဲ...

ဘုရားရေ... အတိုးကြီးစား ငွေချေးလုပ်ငန်းတဲ့လား...

ဝိုး... နေ့စဉ် အတိုးနှုန်း ၅၀% တဲ့...

မိုက်လိုက်တာ... ၁၀ ရက်နေမှ ပြန်ဆပ်ရမယ်တဲ့...

ဘုရားရေ... ဂိုဏ်းချုပ်ရဲ့ တံဆိပ်တုံးတောင် ပါသေးတယ်...

ဒါက ဒီနှစ်အတွက် တရားဝင် အမည်ပေါက် အတိုးကြီးစား ငွေချေးလုပ်ငန်း အစီအစဉ်များလား...

အခန်း (၁၀၈) ဝိညာဉ်ကျောက်တုံးလေး နည်းနည်း ရှာရအောင်

“စီနီယာအစ်ကို ချန်လော့ ... ဒါတွေက ဘာတွေလဲ...”

ချိုးအကြီးအကဲက သူ၏ လက်ထဲရှိ စာချုပ်ကို ကိုင်ထားရင်း သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သေးသည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။

“အဲဒီအပေါ်မှာ အတိုးကြီးစား ငွေချေးလုပ်ငန်း စာချုပ်လို့ ရေးထားတယ် မဟုတ်လား...”

“ဂိုဏ်းချုပ်ရဲ့ တံဆိပ်တုံးကိုလည်း သက်သေအဖြစ် နှိပ်ထားတယ်လေ...”

ချန်လော့သည် မျက်တောင်တစ်ချက် မခတ်ဘဲ ပကတိ အမှန်တရား တစ်ခုကို ရိုးရိုးရှင်းရှင်း ပြောနေသည့်အလား ပြောလိုက်၏။

ချိုးအကြီးအကဲက အပေါ်ရှိ ဂိုဏ်းချုပ် တံဆိပ်တုံးကို တစ်ချက် ကြည့်၍ သေသေချာချာ စစ်ဆေးလိုက်ပြီးနောက် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အာရုံခံကြည့်လိုက်ရာ ချန်လော့သည် ဂိုဏ်းချုပ် တံဆိပ်တုံးကို ခိုးယူ၍ ထိုနေရာတွင် ခတ်နှိပ်ထားခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

နောက်ဆုံးတွင် ဤသည်မှာ တကယ်ပင် ဂိုဏ်းချုပ်၏ တံဆိပ်တုံး ဖြစ်ပြီး ဂိုဏ်းချုပ် ကိုယ်တိုင် ခတ်နှိပ်ထားခြင်း ဖြစ်ပုံရကြောင်း အတည်ပြုနိုင်ခဲ့၏။

ဂိုဏ်းချုပ် တံဆိပ်တုံးကို လက်နက်တောင်ထွတ်မှ အကြီးအကဲ ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို တံဆိပ်တုံး ထုရန်အတွက်သာ အသုံးပြုသော်လည်း ၎င်းကိုယ်တိုင်က ထိပ်တန်း လျှို့ဝှက်နက်နဲသော လက်နက်တစ်ခု ဖြစ်၏။

ထိုတံဆိပ်တုံးကို ဖန်တီးစဉ်က လက်နက်တောင်ထွတ်မှ အကြီးအကဲသည် ဂိုဏ်းချုပ်ထံမှ မူလစွမ်းအင် တစ်စွန်းတစ်စကို အထူးတောင်းခံ၍ ဖန်တီးမှု လုပ်ငန်းစဉ်တွင် ထည့်သွင်းခဲ့သည်။

ဤနည်းဖြင့် ဝိညာဉ်စွမ်းအင်ဖြင့် ရိုးရှင်းစွာ စမ်းသပ်ကြည့်ရုံနှင့် တံဆိပ်တုံး ခတ်နှိပ်ခဲ့သူမှာ တကယ်ပင် ဂိုဏ်းချုပ် ဟုတ်၊ မဟုတ် ဆိုသည်ကို သိရှိနိုင်မည် ဖြစ်၏။ သေချာပေါက် တောင်ထွတ်အသီးသီးမှ အကြီးအကဲများသာ ဤအကြောင်းကို သိကြသည်။

ဂိုဏ်းချုပ်က ဤကဲ့သို့သော ကောင်းကင်ဘုံကို ဆန့်ကျင်သည့် စာချုပ်ကို အဘယ်ကြောင့် ချုပ်ဆိုခဲ့ရသနည်း ဆိုသည်ကို သူ မသိသော်လည်း သူ သေချာသည်ကတော့ ထိုတံဆိပ်တုံးကို ဂိုဏ်းချုပ် ကိုယ်တိုင် ခတ်နှိပ်ခဲ့ခြင်း ဖြစ်သည် ဆိုသည်ကိုပင် ဖြစ်၏။

“ထားလိုက်ပါတော့... ဂိုဏ်းချုပ်က ခွင့်ပြုထားတာ ဆိုတော့ ဒီကိစ္စတွေကို ဂိုဏ်းချုပ် သိမှာပါ...”

“ပြီးတော့ ချန်လော့ရဲ့ ဆရာက အဲဒီမိစ္ဆာခေါင်းဆောင် လောချင်းယွီလေ... တတ်နိုင်သမျှ သူ့ကို မဆွမိတာ အကောင်းဆုံးပဲ...”

ချိုးအကြီးအကဲက သူ့ဘာသာသူ တွေးလိုက်ပြီးနောက် ချက်ချင်းပင် ပြုံးလိုက်၏။

“လုပ်ထုံးလုပ်နည်းတွေက သေသပ်ပြီး စည်းမျဉ်းတွေနဲ့ ကိုက်ညီနေမှတော့ သူတို့ ခူယီတောင်ထိပ်မှာ အလုပ်ကြမ်း လာလုပ်ရမှာ သဘာဝပါပဲ...”

ဤသည်ကို ကြားသောအခါ ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။

“ကောင်းပြီလေ... နောက်ရက်အနည်းငယ် ကြာရင် ခင်ဗျားဆီ ကျွန်တော် ပြန်လာခဲ့မယ်...”

ထိုသို့ ပြောပြီးနောက် ချန်လော့သည် စာချုပ် ၂၀ ကို သိမ်းဆည်း၍ ခူယီတောင်ထိပ်မှ ထွက်ခွာသွားလေ၏။

မည်သို့ပင်ဆိုစေကာမူ စာချုပ်အရ ပြန်ဆပ်ရမည်မှာ ဆယ်ရက် အကြာတွင် ဖြစ်သည်။ ချန်လော့က သူတို့ကို ဆယ်ရက် ပေးမည်ဟု ပြောခဲ့သဖြင့် ဆယ်ရက် ပေးခဲ့ခြင်းဖြစ်၏။ တစ်ရက်လဲ ပိုမည် မဟုတ်သလို တစ်ရက်လဲ လျော့မည်လည်း မဟုတ်ပေ။

“ဒီခေတ်မှာ ငါ့လို ကတိတည်တဲ့လူမျိုး သိပ်မရှိတော့ဘူး...”

…

ဆယ်ရက် ကြာပြီးနောက် ချင်းယန်တောင်ထွတ်၏ တောင်ခြေတွင်။

ချန်လော့သည် သူ၏ အရှေ့ရှိ လူနှစ်ဆယ်ကို ကြည့်လိုက်၏။ အချို့က ကြောက်ရွံ့နေပုံရပြီး အချို့ကမူ ဆန့်ကျင်ဖက် ဖြစ်နေကြသည်။

“ဆိုတော့ မင်းတို့ လူနှစ်ဆယ်စလုံး ပိုက်ဆံ ပြန်ဆပ်ရမယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့...”

ချန်လော့၏ အရှေ့တွင် ရပ်နေသော ထိုတပည့် နှစ်ဆယ်မှာ သူ့ကို မကြည့်ရဲဘဲ ခေါင်းငုံ့ထားရုံသာ တတ်နိုင်ကြ၏။

သူတို့သည် ယခင်က ချန်လော့နှင့် အတိုးကြီးစား ငွေချေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သူများ ဖြစ်ကြသည်။

ချန်လော့၏စကားကို ကြားသောအခါ ထိုတပည့် နှစ်ဆယ်မှာ ခေါင်းမော့၍ တစ်ဖက်လူကို တစ်ချက် ကြည့်လိုက်ကြသည်။

ထိုလူနှစ်ဆယ်ထဲမှ အများစုမှာ အပြင်ဂိုဏ်းသားများ ဖြစ်ကြပြီး အတွင်းဂိုဏ်းသား နှစ်ယောက်၊ သုံးယောက်ခန့် ပါဝင်၏။

လွန်ခဲ့သော ဆယ်ရက်က သူတို့သည် ဝိညာဉ်ကျောက်တုံး ၁၀၀ ချေးယူရန် ချန်လော့နှင့် စာချုပ် ချုပ်ဆိုခဲ့ကြသည်။ သေချာသည်မှာ သူတို့သည် ငွေမချေးမီ စာချုပ်ကို ဖတ်ခဲ့ကြပြီး ဆယ်ရက်အတွင်း ဝိညာဉ်ကျောက်တုံး ၅၇၆၆.၅ တုံး အပြည့် ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိထားခဲ့ကြ၏။

အဆ ၅၀ ကျော် တိုးသွားတာပဲ...

သို့သော်လည်း သူတို့က စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသေးသည်။

တခြား လှည့်ပေါက်မှ မရှိတာ... လူတိုင်းမှာ အခက်အခဲတွေ ရှိတတ်ကြပြီး လူတိုင်း ဝိညာဉ်ကျောက်တုံး လိုအပ်တဲ့ အချိန်တွေ ရှိတာပဲလေ...

လစဉ်ထောက်ပံ့ကြေး ဝိညာဉ်ကျောက်တုံး ၁၀ တုံးပင် မပြည့်သော အပြင်ဂိုဏ်းသားများအတွက် ဝိညာဉ်ကျောက်တုံး ၁၀၀ ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။

ထိုအတွင်းဂိုဏ်းသားများအတွက်မူ ဝိညာဉ်ကျောက်တုံး ၁၀၀ ဆိုသည်မှာ သူတို့အတွက် သိပ်မများလှသော်လည်း ချေးငွေ အတိုးနှုန်းမှာ အလွန်တရာ မြင့်မားနေ၏။

ပုံမှန်လူ အများစုဆိုလျှင် ချေးမည် မဟုတ်ပေ။ ယခု ပြဿနာမှာ ချန်လော့ထံမှ ဝိညာဉ်ကျောက်တုံး ချေးယူခဲ့သော ထိုအတွင်းဂိုဏ်းသားများမှာ သာမန်လူများ မဟုတ်ခြင်း ဖြစ်၏။

သူတို့ အားလုံးနီးပါးက အတွင်းဂိုဏ်းတွင် “အကြွေးရှောင်သူများ” အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူများ ဖြစ်ကြသည်။

လူတိုင်းနီးပါးက ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာ အကြွေးတင်နေကြ၏။ သူတို့ ပိုင်ဆိုင်သော တန်ဖိုးရှိသည့် အရာအားလုံးကို လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်ခဲ့ပြီး ဖြစ်သည်။ ယခု သူတို့တွင် ကျန်ရှိနေသည်မှာ သာမန် ကျင့်ကြံမှုအဆင့် တစ်ခုမျှသာ ဖြစ်၏။

ချန်လော့၏ ကြောက်မက်ဖွယ်ကောင်းသော နာမည်ဆိုးက ဂိုဏ်းတစ်ခွင်လုံးတွင် ပြန့်နှံ့နေပြီ ဖြစ်သော်လည်း သူတို့က လုံးဝ ဂရုမစိုက်ကြပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က လုံးဝ လက်လျှော့ထားကြပြီ ဖြစ်၏။ သူတို့တွင် ပိုက်ဆံမရှိသော်လည်း မင်းရဲ့ အသက်ကိုတော့ ယူလိုက်ကြမည်။

ကံကောင်းထောက်မစွာဖြင့် ချန်လော့သည် ဤကောင်များက အကြွေးတင်နေသော ဝိညာဉ်ကျောက်တုံးများကို တကယ် ပြန်ဆပ်လိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

မည်သူမျှ စကားမပြောသည်ကို မြင်သောအခါ ချန်လော့က ပြုံးလိုက်၏။

“မင်းတို့ထဲက ဘယ်သူမှ ပိုက်ဆံ ပြန်မဆပ်နိုင်ဘူး ဆိုတော့ ငါ့နောက် လိုက်ခဲ့ကြ...”

ထိုသို့ ပြောပြီးနောက် ချန်လော့သည် လူတိုင်းကို ခေါ်ဆောင်၍ ခူယီတောင်ထိပ်ဆီသို့ လမ်းပြသွားလေသည်။

မကြာမီမှာပင် ထိုလူစုသည် ခူယီတောင်ထိပ်၏ တောင်ခြေသို့ ရောက်ရှိလာ၏။

လူအချို့က တောင်ခြေသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားပုံရပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရုတ်ခြည်း ထွက်ပေါ်လာသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ချန်လော့သည် လူ ၂၀ ကို တောင်ခါးပန်းဆီသို့ ခေါ်ဆောင်သွားရာ ထိုနေရာတွင် တပည့်တစ်စုက စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်၍ ပေါက်ပြားများ ကိုင်ကာ အလုပ်လုပ်နေကြသည်ကို တွေ့လိုက်ရ၏။

သူတို့ တစ်ကိုယ်လုံးနီးပါး ဖုန်မှုန့်များ ပေကျံနေပြီး နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေသည်။

ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်းသည် သူတို့၏ ကံကြမ္မာကို ခန့်မှန်းမိသွားပုံရပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားည်။

မကြာမီမှာပင် ယခင်က ခူယီတောင်ထိပ်သို့ လာစဉ်က တွေ့ခဲ့ရသော ချိုးအကြီးအကဲကို ချန်လော့ တွေ့လိုက်ရသည်။ ထိုသူသည် ယပ်တောင်ကို ကိုင်၍ လွှဲကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ အတော်လေး ကျေနပ်နေပုံရ၏။

“အဖိုးချိုး...”

ချန်လော့က လျှောက်သွားရင်း လှမ်းခေါ်လိုက်သည်။

ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ လွှဲကုလားထိုင်ပေါ်တွင် ထိုင်နေသော ချိုးအကြီးအကဲသည် အလျင်အမြန် မော့ကြည့်လိုက်ရာ ချန်လော့က လူနှစ်ဆယ်ခန့်ကို ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရ၏။

ချန်လော့၏ လက်ထဲရှိ စာရွက်စာချုပ်များကို မြင်သောအခါ ဘာဖြစ်နေသည်ကို သူ ချက်ချင်း နားလည်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“စီနီယာအစ်ကို ချန်လော့... ကျွန်တော့်ဆီ လူခေါ်လာတာလား...”

ချန်လော့က ပြုံး၍ သူ၏ လက်ထဲရှိ စာချုပ် အစောင် နှစ်ဆယ်ခန့်ကို ကမ်းပေးလိုက်၏။

“ဒီလူနှစ်ဆယ်စလုံးက ကျွန်တော့်ဆီက ဝိညာဉ်ကျောက်တုံး အကြွေးယူထားပြီး ပြန်မဆပ်နိုင်တဲ့သူတွေချည်းပဲ... သူတို့ကို ဒီမှာ အလုပ်ကြမ်း လုပ်ခိုင်းဖို့ အဆင်ပြေမယ် ထင်လား...”

ချိုးအကြီးအကဲက ချန်လော့၏ အနောက်ဘက်ရှိ လူနှစ်ဆယ်ကို တစ်ချက် ကြည့်လိုက်သည်။ လူအားလုံးသည် သန်မာသော လူငယ်များ ဖြစ်ကြပြီး မည်သူမျှ ခြေလက်အင်္ဂါ ချို့တဲ့နေခြင်း မရှိကြောင်း မြင်သောအခါ သူက ခေါင်းညိတ်လိုက်၏။

“ပြဿနာ မရှိဘူး... စီနီယာအစ်ကို ချန်လော့အတွက် ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော် ပြင်ဆင်ပေးပြီး တစ်လတစ်ခါ လာပို့ပေးပါ့မယ်... ဘယ်လို သဘောရလဲ...”

ဤသည်ကို ကြားသောအခါ ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ချိုးအကြီးအကဲကို ဘေးသို့ ခေါ်သွားလိုက်၏။

“ချိုးအကြီးအကဲ... ဝိညာဉ်ကျောက်တုံးလေး နည်းနည်း ရှာချင်လား...”

“ဟမ်...”

ချိုးအကြီးအကဲမှာ အံ့အားသင့်သွားပြီး ချန်လော့ ဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်ကြောင်း သိသာလှသည်။

ချန်လော့က စကားမရှည်တော့ဘဲ သူ့ကို တိုက်ရိုက် ပြောလိုက်၏။

“ကျွန်တော့် စာချုပ် စည်းကမ်းချက်တွေအရ သူတို့ တစ်ယောက်စီက ကျွန်တော့်ကို အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၅၇၆၆.၅ တုံး ပြန်ပေးရမှာ...”

“ကျွန်တော့်ဆီမှာ ဝိညာဉ်ကျောက်တုံး သိပ်မကျန်တော့ဘူး... အကုန်လုံးကို အတိုးကြီးစား ငွေချေးလုပ်ငန်းမှာ သုံးပစ်လိုက်လို့ ဝိညာဉ်ကျောက်တုံး ပြတ်နေပြီ... ဝိညာဉ်ကျောက်တုံးတွေ အရေးတကြီး ထပ်လိုနေတယ်...”

“အဲဒါကြောင့် ဒီစာချုပ်တွေကို အကြီးအကဲဆီ ဈေးပေါပေါနဲ့ ရောင်းဖို့ စီစဉ်ထားတယ်...”

“တစ်စောင်ကို ၅,၀၀၀ ဆိုရင် ဘယ်လိုလဲ... အဲဒါဆိုရင် အကြီးအကဲက တစ်စောင်ကို ၇၆၆.၅ တုံး မြတ်မှာပေါ့... အစောင် နှစ်ဆယ်ဆိုတော့ အနည်းဆုံး ၁၅,၀၀၀ တောင် ရမှာနော်...”

ချန်လော့၏ စကားကို ကြားပြီးနောက် ချိုးအကြီးအကဲမှာ ဤတစ်စက္ကန့်အတွင်း သွေးဆောင်ခံလိုက်ရ၏။

၁၅,၀၀၀ ဆိုတာ အတော်လေး များပြားတဲ့ ပမာဏပဲ...

သူသည် ခူယီတောင်ထိပ်၏ အကြီးအကဲ ဖြစ်သော်လည်း ခူယီတောင်ထိပ်မှာ အခြေခံအားဖြင့် “အလုပ်ကြမ်းစခန်း” တစ်ခု ဖြစ်ပြီး သူ၏ ခံစားခွင့်မှာ ချန်ရှင်းဂိုဏ်းရှိ တောင်ထွတ်အသီးသီးမှ အကြီးအကဲများနှင့် လုံးဝ ကွာခြားလှ၏။

သူ၏ ခံစားနိုင်ခွင့်မှာ အပြင်ဂိုဏ်း အကြီးအကဲ တစ်ဦး၏ အဆင့်တွင်သာ ရှိသည်။

တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၂၀၀ မှ ၃၀၀ ခန့် ရရှိသဖြင့် တစ်နှစ်စာ ဆိုလျှင် ၃,၀၀၀ မှ ၄,၀၀၀ ခန့် ရှိမည် ဖြစ်၏။

ထို “အလုပ်သမားများ” ထံမှ ဝိညာဉ်ကျောက်တုံးများကို တစ်ခါတစ်ရံ ခိုအောင်း၍ အခြားသူများထံမှ လက်ဆောင်များ ယူလျှင်ပင် အများဆုံးမှ ၅,၀၀၀ ကျော်မျှသာ ရှိသည်။ ထို့ကြောင့် ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ ဆိုသည်မှာ သူ့အတွက် တကယ်ကို နည်းပါးသော ပမာဏ မဟုတ်ပေ။

All Chapters