လေ့စု
Vol. 3 Ch. 33
"နင့်ဆံပင်တွေကိုလည်း ကြည့်ဦး၊ ဖြူဖွေးနေတာပဲ"
ပိုင်လင်းက နှုတ်ခမ်းကိုလက်နဲ့ အုပ်ရင်း ရယ်နေသည်။ သူမ မျက်ဝန်းလေးများက ကြယ်လေးများပမာ လင်းလက်နေလွန်း၍ စုမင်ရင်ထဲမှ ထူးဆန်းသည့် ခံစားချက်က ပို၍ အားကောင်းလာသည်။
"ငါတစ်ယောက်တည်း မဟုတ်ဘူး။ မင်းဆံပင်တွေလည်း ဖြူနေပြီ။ မင်းအခု အမယ်အိုကြီး ဖြစ်နေပြီ"
စုမင်လည်း ပိုင်လင်းကို လက်ညှိုးထိုးပြီး ရယ်လိုက်သည်။
သူတို့နှစ်ယောက် ရယ်ရယ်မောမောနှင့် စကားပြောရင်း တစ်ယောက်နဲ့တစ်ယောက် ပိုမို ရင်းနှီးကျွမ်းဝင်လာ၏။ နှင်းဖုံးညတွင် စုမင်မှာ ပျော်ရွှင်နေသော်လည်း အချိန်ကတော့ အကုန် မြန်လွန်းလှသည်ဟု ခံစားနေရပြန်သည်။ သူ သတိမထားမိခင် ကောင်းကင်မှာ လင်းနေပြီ ဖြစ်၏။
ဆီးနှင်းကြောင့် မဟုတ်ဘဲ နေထွက်လာ၍ ဖြစ်သည်။
ညတခု ပြီးဆုံးခဲ့ပြီ။ နေရောင်ထွန်းလင်း၍ ကောင်းကင်တစ်ခွင် လင်းချင်းလာသည့်အထိ နှင်းများကျနေဆဲ။ စုမင်နဲ့ပိုင်လင်းတို့ သစ်ပင်ပေါ်မှ ဆင်းလိုက်ကြ၏။ ကိုယ်လက် သန့်ရှင်းပြီးသည်နှင့် တစ်ယောက်နှင့်တစ်ယောက် ပြုံးမိလိုက်ကြသည်။
စုမင်က ဘာမှမပြောဘဲ ထိုင်ချလိုက်၏။ ပိုင်လင်း မျက်လုံးလေးများ ခေတ္တ အရောင်လက် သွားသည်။ သူမက ကျောပြင်သေးသေးလေးပေါ်သို့ နောက်တစ်ခေါက် တက်ရောက်လိုက်၏။ နွေးထွေးသည့် ခံစားချက်ကလေးက သူမရင်ထဲ ပွင့်လန်းလာသည်။
ယခုတကြိမ် နဂါးနက်တောင် မျိုးနွယ်စုနှင့် နီးလာလေ၊ စုမင် ရင်ထဲမှ ထူးဆန်းသည့် ခံစားချက်က ပို၍ ထင်ရှားလာလေ ဖြစ်သည်။ စုမင် ပိုင်လင်းနှင့် မခွဲချင်သေး။ တဖြည်းဖြည်းနှင့် သူ တိတ်ဆိတ်လာသည်၊ သူ့ခြေထောက်များ နှေးကွေးလာပြီး သစ်တောကို စက်ဝိုင်းတခုလို လှည့်ပတ်နေ၏။
ပိုင်လင်းလည်း စုမင်နောက်ကျောကို ဖက်တွယ်ထားသည်။ ယခင်နေ့ကအတိုင်း သည်နေရာတွေကို ထပ်ခါတလဲလဲ မြင်နေရ၍ စုမင်တယောက် စက်ဝိုင်းပတ် လှည့်ပတ်နေမှန်း သိသည်။ သို့သော် သည်တကြိမ်တွင် သူမကိုယ်တိုင်လည်း ဘာမှမပြောမိ။ စုမင် နောက်ကျောကို ခေါင်းလေး ဖိကပ်ထားရင်း စုမင်၏ နှလုံးခုန်သံကို နားထောင်နေမိသည်။
နောက်ဆုံး၌ အရာအားလုံး အဆုံးသတ်ရစမြဲပင်။ နေလုံးကြီးပင် ကောင်းကင်ရဲ့ အမြင့်ဆုံးနေရာ တက်ရောက်၍ တောက်ပစွာ လင်းလက်နေလေပြီ။ နှင်းများ ထူထဲစွာ ကျရောက်နေသော်လည်း စုမင်က နဂါးနက်တောင်၏ ပုံရိပ်ကောက်ကြောင်းများကို မြင်နေရပြီ ဖြစ်၏။
မျိုးနွယ်စုကို မြင်သည်နှင့် စုမင်က ပြုံးပြီး ပိုင်လင်းကို မြေပေါ် ချပေးလိုက်သည်။
"မင်း အိမ်ရောက်ပြီ"
ပိုင်လင်းက မျိုးနွယ်စုကို လှမ်းကြည့်ပြီး စုမင်ကို ပြန်ကြည့်လိုက်သည်။ လှပချောမောသော ပိုင်လင်း၏ မျက်နှာထားလေးမှာ အဓိပ္ပာယ်ဖော်ရခက်နေသည်။ သူမက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြီး စုမင်ဆီ လျှောက်လာ၏။ သူမလက်နှင့် စုမင်ကိုယ်ပေါ်က ဆီးနှင်းတွေကို ဖယ်ရှားပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ နင်လည်းမကြာခင် နင်တို့မျိုးနွယ်စုဆီ ပြန်ရောက် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ပိုင်လင်း တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်သွားလေသည်။ သူမက အလှပဆုံး ပြုံးရင်း မျိုးနွယ်စုထံ ပြန်သွားခဲ့လေ၏။
စုမင်မှာ သူ့မြင်ကွင်းမှ ပိုင်လင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေမိသည်။ သေးငယ်လှပသည့် ခန္ဓာကိုယ်လေး သူ့ဘက်လှည့်ကာ လက်ပြနှုတ်ဆက် လိုက်ချိန် စုမင်စိတ်ထဲ လစ်ဟာသွားလေတော့၏။
သူတို့ကြား အကွာအဝေးမှာ ကြီးမားလာသည်နှင့်အမျှ နှင်းထုက မမြင်နိုင်အောင် ကာဆီးထားသည့် အတားအဆီးတစ်ခုပမာ ဖြစ်လာခဲ့သည်။ ထူကဲလာသော နှင်းထုသည် စုမင်၏ အမြင်လွှာကို ဟန့်တားပြီး ထွက်ခွာသူ၏ ကျောပြင်ကို ဖုံးကွယ်လိုက်တော့၏။ ထိုအဖြစ်အပျက်က ရေခဲနေသည့်လွင်ပြင်ကို ဖြတ်သန်းသွားရခြင်းနှင့် တူသည်။ သူသာ ပြန်မလာလျှင် ရေခဲများ အရည်ပျော်ကျနေသည်ကို မြင်နိုင်မည် မဟုတ်ပေ။ ၎င်းမှာ မှတ်ဉာဏ် အစိတ်အပိုင်းတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့၏။
အတန်ငယ်ကြာသည့်အခါ စုမင် ခေါင်းခါယမ်းလိုက်သည်။ နဂါးနက်တောင် မျိုးနွယ်စုကို တစ်ချက် လှမ်းကြည့်၏။ သူထွက်လာစဉ်ကအတိုင်း ပြန်လာသည့်အခါတွင်လည်း ဆီးနှင်းကသာ သူ့အဖော် ဖြစ်ခဲ့သည်။
ဆီးနှင်းများ ခန္ဓာကိုယ်နှင့် ဆံပင်များပေါ် ကျဆင်းနေသော်လည်း စုမင်စိတ်ထဲ တစ်စုံတစ်ရာ ပျောက်ဆုံးနေသလို ခံစားနေရ၏။
''ငါသူ့ကို ကြိုက်နေတာလား"
စုမင်က နက်မှောင်တောင် မျိုးနွယ်စုဆီ ဦးတည်ကာ တောထဲတွင် ပြေးလွှားနေ၏။ သူပြေးနေရင်း မျက်မှောင်ကြုတ်မိသည်။ သူ့ခေါင်းထဲ ပိုင်လင်းကိုသာ မြင်နေမိ၏။
''ဒါက ချန်းရှင်းအပေါ် ခံစားရတာနဲ့ မတူဘူး"
စုမင် အသက်ပြင်းပြင်း ရှူပြီး ခေါင်းခါလိုက်သည်။ သူ့ရင်ဘတ်ထဲမှ ထူးဆန်းပြီး ရင်းနှီးကျွမ်းဝင်မှု မရှိသည့် ခံစားချက်ကို ဖယ်ရှားပစ်လိုက်သည်။ စိတ်တည်ငြိမ်သွားသည်နှင့် သူ ပိုပြီး မြန်မြန်ပြေးလိုက်သည်။
ကောင်းကင်တစ်ခွင် မှောင်မိုက်လာသည့်အခါ လမင်းရဲ့ ဘေးပတ်ပတ်လည်တွင် ကြယ်လေးများ ထွန်းလင်းလာကြ၏။ နှင်းများက ဆက်လက် ကျဆင်းနေဆဲပင်။ နောက်ဆုံး စုမင်တယောက် သူ့နေရပ် နက်မှောင်တောင်သို့ ပြန်ရောက်ရှိလာသည်။
ယမန်နေ့ ပိုင်လင်းနှင့်အတူတူ ရှိစဉ် ခပ်လှမ်းလှမ်းက လှမ်းကြည့်မိသလောက် မျိုးနွယ်စုတွင် အထိအခိုက် ကြီးကြီးမားမား တစ်စုံတစ်ရာ မရှိဟု အကြမ်းဖျင်း တွက်ဆထားသည်။ သူပြန်လာချိန် ဧရာမ သစ်သားတံခါးကြီး အပြင်ဘက်၌ မျိုးနွယ်စုဝင်များ ညကင်း စောင့်နေကြသည်ကို တွေ့လိုက်ရ၏။
မျိုးနွယ်စုကျေးရွာလေးမှာ တိတ်ဆိတ်နေသည်။ မျိုးနွယ်စုအလယ်တွင် ဖိုထားသည့် မီးပုံများက ပုံမှန်အတိုင်း တဖျောက်ဖျောက် အသံပြုလျက် လောင်ကျွမ်းနေဆဲ။ စုမင် ဝင်လာပြီး ဟိုဒီ ကြည့်၏။ ထို့နောက် အကြီးအကဲ အိမ်အပြင်ဘက် ရောက်လာခဲ့သည်။
အကြီးအကဲအိမ်ထဲမှ အလင်းရောင်မှာ လင်းနေဆဲပင်။ ယခုထိ အနားမယူသေးကြောင်း ထင်ရှားသည်။
"စုမင်လား ဝင်လာခဲ့"
အကြီးအကဲ၏ ပင်ပန်းနွမ်းနယ်နေတဲ့ အရိပ်အမြွက် စကားသံက အိမ်ထဲမှ ပျံ့လွင့်လာ၏။
စုမင်က သားရေကန့်လန့်ကာကို ညင်ညင်သာသာလှပ်၍ ဝင်လာခဲ့လိုက်သည်။ အခန်းအလယ်တွင် ထိုင်နေသော အကြီးအကဲကို တွေ့လိုက်ရ၏။ သူ့ဆံပင်ဖြူများ အနည်းငယ် ရှုပ်ပွ နေလေသည်။
“အကြီးအကဲ"
စုမင်က အသံတိမ်တိမ်ကလေးနှင့် ခေါ်လိုက်၏။ ပြီးတော့ ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။
"မျိုးနွယ်စု အဆင်ပြေပါတယ်။ စိတ်မပူနဲ့"
အကြီးအကဲက စုမင်ကို ပြုံးလျက် ကြည့်လိုက်သည်။ သူ့ဘေးနားတွင် လာထိုင်ရန် လက်ဟန်ပြပြီး စုမင် ခေါင်းလေးကို ပုတ်လိုက်၏။ သူ့အပြုံးက ပို၍ ဟက်ဟက်ပက်ပက် ဖြစ်လာသည်။
"မင်း တတိယအဆင့်ကို ရောက်သွားပြီလား။ တော်တယ်"
စုမင်က အကြီးအကဲကိုကြည့်ပြီး ဂူထဲ၌တွေ့သမျှ အရာအားလုံးကို ပြောပြလိုက်၏။ အထူးသဖြင့် အလောင်းနဲ့ပတ်သက်လို့ အသေးစိတ် ပြောပြလိုက်သည်။ ပြောပြနေရင်း အကြီးအကဲ၏ မျက်နှာထားမှာ ပိုမိုလေးနက်လာ၏။
“‘အဘယ်ကြောင့် ငိုကြွေးနေရပါသနည်း အိုဘယ့် ကောင်းကင်ပြာ’ အဲဒါ ဘာအဓိပ္ပာယ်လဲဟင် အကြီးအကဲ'
စုမင် မျက်မှောင်ကြုတ်လိုက်သည်။
“ဒဏ္ဍာရီတွေက အမှန်ပဲကိုး”
အကြီးအကဲက သားရေချပ် ကန့်လန့်ကာမှ တစ်ဆင့် အပြင်ဘက် နက်မှောင်တောင် တစ်ဝိုက်ကို ငေးမောရင်း စကားဆိုလိုက်သည်။
"အဲဒါက စကားအလင်္ကာနဲ့ ရေးသားထားတာပဲ။ 'အထီးကျန်နေတဲ့ အဆုံးမဲ့ကောင်းကင်နှင့် နှိုင်းယှဉ်လိုက်ပြီး ငါကဘာကြောင့် ဝမ်းနည်း နေသင့်တာလဲ’ လို့ ဆိုလိုတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တခြား အဓိပ္ပာယ်လည်း ရှိနေနိုင်တယ်"
အကြီးအကဲက သက်ပြင်းချ၏။ ထို့နောက် စကားကို ဖြည်းဖြည်းချင်း ပြောလိုက်၏။ ဘဝတစ်လျှောက်လုံး ကြုံတွေ့လာခဲ့ရသည့် တာဝန်နှင့်ဝတ္တရားတို့က ဖိနှိပ်ထားသည့်အလား အကြီးအကဲ၏ အသံမှာ လေးလေးပင်ပင်နှင့် အားမာန်လျော့နည်းလွန်းလှ၏။
"မီးကိုးကွယ်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ငါနားမလည်ဘူး။ မင်းရဲ့ကံကြောင့် ဒါကို မြင်ခဲ့ရတာပဲ ဖြစ်လိမ့်မယ်”
အကြီးအကဲ မျက်လုံးများမှာ ကန့်လန့်ကာမှ လွှဲဖယ်ပြီး စုမင်အား ကြင်နာစွာနှင့် ကြည့်လိုက်သည်။
"ငါတစ်လအတွင်း လေပြည်စီးကြောင်းကို သွားဖို့ရှိတယ်။ မင်းအပြင်ကို လျှောက်သွားနေမယ် ဆိုလည်း ပြန်လာဖို့ သတိရ"
"အကြီးအကဲ... နောက်တစ်ခု ရှိသေးတယ်။ အဲဒီလရဲ့ အတောင်ပံအသိုက်မှာ နဂါးနက်တောင်မျိုးနွယ်ဝင် တစ်ယောက်ကို ကယ်ခဲ့တယ်။ သူ့နာမည်က ပိုင်လင်းတဲ့။ နဂါးနက်တောင် အကြီးအကဲရဲ့ မြေးမလေးပါ"
အကြီးအကဲက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ တစ်ခုခုကို မှတ်မိသွားသလိုမျိုး စကားပြောလိုက်၏။
"ပိုင်လင်းတဲ့လား"
အကြီးအကဲ ခေတ္တမျှ အံ့အားသင့်သွားသည်။ ထို့နောက် တိတ်ဆိတ်သွားလေ၏။ ပြီးလျှင် စုမင်ကို ပြန်ပြီး အနားယူရန် ပြောလိုက်၏။ စုမင်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ...
'လေ့စုရေ... မင်းရဲ့မြေးလေးကို ကျုပ်ရဲ့ လာစုငယ်လေးက မတော်တဆ ကယ်တင်ပေးခဲ့တယ် ... ဒါက မင်းကျုပ်အပေါ်ထားတဲ့ မင်းရဲ့မုန်းတီးမှုကို အနည်းငယ်လျော့ပါးစေဖို့ မျှော်လင့်တယ်”
အကြီးအကဲ သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးများထဲမှ အတိတ်ကို လွမ်းဆွတ်တမ်းတနေသည့် အရိပ်များ ပိုမို ထူထပ်လာလေ၏။
"သွေးလွှမ်းလက ပုံမှန်ထက် အဆောတလျင် ပေါ်လာခဲ့သလို ... အဲဒီညက မဟူရာတောင်မျိုးနွယ်စုဘက်က အလွန်အားကောင်းတဲ့ ချီ စွမ်းအင်လည်း ပေါ်ထွက်လာခဲ့တယ်။ ကပ်ဆိုးတစ်ခုမကြာခင် ကျရောက်တော့မယ်လို့ ခံစားရတယ်"
အကြီးအကဲက မျက်လုံးများကို ပိတ်ရင်း ရေရွတ်လိုက်၏။ သူ့အသံတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။
စုမင်မှာ အကြီးအကဲအိမ်မှ ထွက်လာသည်နှင့် မပြန်သေးဘဲ မျိုးနွယ်စုတစ်ဝိုက် လျှောက်သွားလိုက်၏။ အိမ်မပြန်သေးဘဲ လေ့ချန်ဆီ သွားလိုက်သည်။ လေ့ချန် ဒဏ်ရာရပြီး ခုတင်ပေါ် ထထိုင်နိုင်ပြီဆိုသော်လည်း စုမင်ကဆေးတွေ လိမ်းပေး၏။ ဒီလိုလုပ်ပေးပြီးမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားလေသည်။
လေ့ချန်ကိုယ်တိုင်လည်း စုမင်ကို တွေ့ရ၍ ဝမ်းသာနေသည်။ ရင်ဘတ်ကြီး ပုတ်ကာပုတ်ကာနှင့် လရဲ့အတောင်ပံတွေကို ဘယ်လို တိုက်ခိုက်ခဲ့ကြောင်း ကြွားဝါနေ၏။ သူနှင့် အချိန်အကြာကြီး စကားပြောပြီးနောက် စုမင်က ပြုံးလျက် ထွက်ခွာလာခဲ့၏။
ညသန်းခေါင်ချိန် ရောက်နေသော်လည်း သိပ်မဝေးလှသည့် တစ်နေရာတွင် မီးလင်းနေဆဲဖြစ်သည့် အိမ်ကို စုမင် ကြည့်မိလိုက်၏။ ကြည့်မိလိုက်သည်နှင့် စုမင် မျက်နှာတွင် တွေဝေသည့် အရိပ်အယောင်များ ထွက်ပေါ်လာလေ၏။
၎င်းမှာ အစောင့်အကြပ်ခေါင်းဆောင်၏ အိမ်ဖြစ်သည်။ ထို့အတူ ပေလင်း၏ အိမ်လည်း ဖြစ်၏။
***