အခန်း ၁၀၉-၁၁၀
Vol. 11 Ch. 109-110
အခန်း ( ၁၀၉) အသီးအပွင့်ကို ထိုင်စားခြင်း
ချိုးအကြီးအကဲက ချန်လော့၏ တောင်းဆိုချက်ကို သဘောတူတော့မည် ပြင်လိုက်သော်လည်း နောက်တစ်ကြိမ် ထပ်မံ စဉ်းစားလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားလေ၏။
တစ်စောင်ကို ဝိညာဉ်ကျောက်တုံး ၅,၀၀၀ ဆိုတော့ အစောင် ၂၀ ဆိုရင် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ တောင် ဖြစ်သွားမှာပဲ... ဒါက နည်းတဲ့ ပမာဏ မဟုတ်ဘူး...
သူသည် ခူယီတောင်ထိပ်တွင် အကြီးအကဲ လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပြီး ဝိညာဉ်ကျောက်တုံး အများအပြား စုဆောင်းမိထားသော်လည်း ၁၀၀,၀၀၀ အထိတော့ သေချာပေါက် မရောက်သေးပေ။
ချိုးအကြီးအကဲ ချီတုံချတုံ ဖြစ်နေသည်ကို မြင်သောအခါ ချန်လော့သည် သူ၏ အခက်အခဲကို ခန့်မှန်းမိသွားပုံရသဖြင့် ဆက်ပြောလိုက်၏။
“ကျွန်တော်တို့က ဆက်ဆံရေး ကောင်းတဲ့သူတွေ ဆိုတော့ အဖိုးအတွက် ပိုမြတ်အောင် ဈေးနည်းနည်း လျှော့ပေးပါ့မယ်... တစ်စောင်ကို ၄,၀၀၀ ဆိုရင်ရော ဘယ်လိုလဲ...”
ဤသည်ကို ကြားသောအခါ ချိုးအကြီးအကဲမှာ တုန်ယင်သွားလေ၏။
စာချုပ်တစ်စောင်ကို ၄,၀၀၀ ဆိုတော့ စာချုပ်တစ်ခုကနေ ဝိညာဉ်ကျောက်တုံး ၁,၀၀၀ အပို မြတ်ဦးမှာပဲ... အဲဒါဆို ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ တောင် အပို ရမှာပေါ့...
ဤအချက်သို့ ရောက်သောအခါ ချိုးအကြီးအကဲသည် ဆက်၍ မတောင့်ခံနိုင်တော့ချေ။
“စီနီယာအစ်ကို ချန်လော့... ခဏလေး စောင့်ပါဦး...”
ထိုသို့ ပြောပြီးနောက် သူသည် မလှမ်းမကမ်းရှိ အခန်းတစ်ခန်းဆီသို့ ပြေးသွားလေ၏။
ဤအရာကို မြင်သောအခါ ချန်လော့၏ အပြုံးက ပိုမို ဘဝင်မြင့်သယောင် ဖြစ်လာသည်။
သူသာ အောင်မြင်စွာ ရောင်းချနိုင်ခဲ့လျှင် ဝိညာဉ်ကျောက်တုံး ၈၀,၀၀၀ အတိအကျ ရရှိမည် ဖြစ်၏။ ထိုအရေအတွက်သည် ကြီးမားလွန်းသော ငွေကြေးပမာဏ ဖြစ်သည်။
မကြာမီမှာပင် ချိုးအကြီးအကဲ ပြန်ရောက်လာ၏။
“အမ်း... စီနီယာအစ်ကို ချန်လော့... ကျွန်တော့်ဆီမှာ ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ ပဲ ရှိလို့... အစောင်ရေ နည်းနည်း လျှော့ဝယ်လို့ ရမလား...”
ချိုးအကြီးအကဲက အကူအညီမဲ့သည့် လေသံဖြင့် ပြောလိုက်သည်။ ဤဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ မှာ သူ၏ စုဆောင်းထားသမျှ အားလုံး ဖြစ်၏။ ထို့အပြင် ထိုအထဲမှ ၃၀,၀၀၀ မှာ သူ၏ ငွေမဟုတ်ဘဲ ဂိုဏ်းက ခူယီတောင်ထိပ်အတွက် ထောက်ပံ့ထားသော ရန်ပုံငွေများထဲမှ ထုတ်ယူထားခြင်း ဖြစ်သည်။
ယခု သူ၏ လုပ်ရပ်ကို ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်ခြင်းဟု သတ်မှတ်နိုင်၏။
ချန်လော့ တစ်ခဏမျှ စဉ်းစားလိုက်သည်။ တကယ်တမ်းတွင် သူက တစ်ခါတည်း အကုန် အရောင်းအဝယ် လုပ်ချင်နေခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ လုပ်ငန်းက တရားဝင်ကာ ဂိုဏ်းချုပ်၏ တံဆိပ်တုံးပင် ပါရှိနေသေးသော်လည်း.. အတိုးနှုန်းကို ၅% မှ ၅၀% သို့ ပြောင်းလဲထားကြောင်းကို ဂိုဏ်းချုပ် မသိသေးပေ။
ထို့အပြင် ဤကိစ္စကို အချိန်ကြာကြာ လျှို့ဝှက်ထားနိုင်မည် မဟုတ်ကြောင်း ချန်လော့ ခံစားနေရ၏။
တစ်သုတ်ချင်း ခွဲရောင်းနေလျှင် စုံစမ်းစစ်ဆေး ခံရသည့်အချိန် ကိုယ့်ဆီမှာရှိတဲ့ စာချုပ်တွေ အကုန် မရောင်းရသေးဘူး ဆိုရင် အားလုံး အလဟဿ ဖြစ်သွားမှာပဲ ဖြစ်သည်။
သို့ပေမဲ့ ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ မှာ သူ မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွာခြားနေသေးသည်။
ချန်လော့ အနည်းငယ် မကျေမနပ် ဖြစ်နေကြောင်းကို ချိုးအကြီးအကဲသည် ရိပ်မိသွားသောကြောင့် ထိုအချိန်တွင် တစ်စုံတစ်ခုကို သတိရသွားသည့်အလားဖြင့် အလျင်အမြန် စကားစလိုက်၏။
“ကျွန်တော့်ဆီမှာ မှော်လက်နက် တချို့တော့ ရှိတယ်... အဲဒါတွေ ပေါင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလောက်တော့ တန်ပါတယ်... စီနီယာအစ်ကို ချန်လော့ တစ်ချက်လောက် ကြည့်မလား...”
ထိုသို့ ပြောရင်း သူသည် တစ်ကိုယ်လုံးမှ မှော်လက်နက်များ အားလုံးကို ထုတ်ယူလိုက်သည်။
ချန်လော့သည် မော့ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွား၏။
ချိုးအကြီးအကဲ၏ လက်ထဲတွင် မှော်လက်နက် ငါးခု၊ ခြောက်ခုခန့် ရှိနေပြီး အားလုံးနီးပါးမှာ လျှို့ဝှက်နက်နဲသော လက်နက်များ ဖြစ်ကြသည်။
ထိုပစ္စည်းများထဲတွင် ဓားကြီးတစ်လက်၊ သံချပ်ကာ တစ်စုံ၊ ခြေသလုံးကာ တစ်စုံ၊ လက်စွပ် တစ်ကွင်းနှင့် အနီရောင် ပုလဲတစ်လုံး ပါဝင်၏။
လျှို့ဝှက်နက်နဲသော လက်နက်များမှာလည်း မသက်သာလှပေ။ ထောင်ဂဏန်း အနည်းငယ်မှ စတင်ကာ သောင်းဂဏန်းအထိ ရှိသည်။ ဤပစ္စည်း ငါးခု ပေါင်းလိုက်လျှင် လိုအပ်နေသော ၂၀,၀၀၀ ၏ ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်ကိုတော့ ကာမိသင့်၏။
အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့က ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။
“ကောင်းပြီလေ... အဲဒီလိုပဲ သဘောတူလိုက်မယ်...”
ချန်လော့သည် စာချုပ် အစောင် နှစ်ဆယ်ကို အင်တင်တင်ဖြင့် ကမ်းပေးလိုက်စဉ် ချိုးအကြီးအကဲကတော့ ပြုံးရွှင်လျက် ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ နှင့် လျှို့ဝှက်နက်နဲသော လက်နက် ငါးခုကို ချန်လော့ထံ လွှဲပြောင်းပေးလိုက်၏။
နှစ်ဖက်စလုံးက အရောင်းအဝယ်ကို ပြီးပြည့်စုံစွာ ပြီးမြောက်ခဲ့ကြပြီး ချန်လော့မှာ အလွန် ဝမ်းသာနေတော့သည်။
သူက သူ၏ အနောက်ဘက်ရှိ လူအုပ်ကို လှည့်ကြည့်လိုက်ရာ တပည့် နှစ်ဆယ်က သူ့ကို စိုက်ကြည့်နေကြ၏။
“ကောင်းပြီ... ငါတို့ အကြွေးကျေသွားပြီ... မင်းတို့ ဘာပဲလိုလို ချိုးအကြီးအကဲကို သွားရှာလိုက် …”
ထိုသို့ ပြောပြီးနောက် ချန်လော့သည် ခူယီတောင်ထိပ်မှ အလွန် လျင်မြန်သော အရှိန်ဖြင့် ထွက်ခွာသွားလေသည်။
ချိုးအကြီးအကဲမှာ ရုတ်တရက် စိတ်ပြောင်းသွားပြီး ဝိညာဉ်ကျောက်တုံးများကို ပြန်ယူသွားမည်ကို သူ ကြောက်နေ၏။
ထို့နောက် ထိုလူစုက ချိုးအကြီးအကဲကို ကြည့်လိုက်ရာ သူက သူတို့ကို မရိုးမသား အပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“မင်းတို့က အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ...”
“မြန်မြန် ပေါက်ပြားတွေ သွားယူပြီး ဟိုဘက်က မိုင်းတွင်းမှာ သွားအလုပ်လုပ်ကြစမ်း...”
ထိုသို့ ပြောရင်း ချိုးအကြီးအကဲက လူအုပ်ကို မိုင်းတွင်းဆီသို့ စတင် နှင်လွှတ်တော့၏။ ထို့နောက် သူသည် ထိုလူများအား နေ့စဉ် တာဝန်များ စတင် ခွဲဝေပေးလေသည်။
သို့သော် ချိုးအကြီးအကဲက ချန်လော့ထက်တော့ အသိစိတ် ပိုရှိပါသေးသည်။
သူတို့ကို နေ့တိုင်း အလုပ်အရမ်း လုပ်ခိုင်းလို့ မရဘူး ဆိုတာကို သူ သိထား၏။ သို့မဟုတ်ပါက သူတို့ ပင်ပန်းနွမ်းနယ်သွားလျှင် သူ့အတွက် ငွေရှာပေးမည့်သူ ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူ၏ အစီအစဉ်သည် အကျိုးအကြောင်း သင့်တင့်၏။ သူတို့သည် တစ်နေ့လျှင် ၁၄ နာရီသာ အလုပ်လုပ်ရန် လိုအပ်ပြီး ယင်းက ကျင့်ကြံသူများအတွက် သိပ်တော့ မခက်ခဲလှပေ။
သေချာသည်မှာ ငွေရှာနိုင်သော အရှိန်က အာဏာကို အလွဲသုံးစားလုပ်နိုင်သော အရှိန်လောက်တော့ သေချာပေါက် မမြန်ဆန်ပေ။
ဒီနှုန်းအတိုင်းဆိုရင် စာချုပ်ပါ အကြွေးတွေ အကုန်ဆပ်ဖို့ ၄ နှစ်၊ ၅ နှစ်လောက်တော့ အချိန်ယူရမှာပဲ...
“ငါးနှစ်ကျော်သွားရင် ဝိညာဉ်ကျောက်တုံး ၁၂၀,၀၀၀ လောက် ရမှာပဲ... ဂိုဏ်းရန်ပုံငွေ ၃၀,၀၀၀ ကို နှုတ်လိုက်ရင် ဝင်ငွေ ဝိညာဉ်ကျောက်တုံး ၈၀,၀၀၀ အတိအကျ ကျန်သေးတယ်... အမြတ်ကြီးပဲ...”
ဤသည်ကို တွေးမိသောအခါ ချိုးအကြီးအကဲ၏ အပြုံးက ပိုမို တောက်ပလာ၏။
အချိန်ကျလာသည့်အခါ သူသည် ဝိညာဉ်ကျောက်တုံး အချို့ကို စုဆောင်း၍ ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ပြည့်သွားလျှင် ဂိုဏ်းမှ ထွက်ခွာကာ အပြင်ဘက်တွင် သူ၏ ကိုယ်ပိုင် မိသားစုကို တည်ထောင်မည် ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ အတိအကျ ဆိုလျှင် သူတို့သည် မိသားစုကြီး တစ်ခု မဖြစ်လာနိုင်လျှင်တောင် အခြားမိသားစုငယ်လေးများထက်တော့ အများကြီး ပိုသာနေသေး၏။
သို့ပေမဲ့လည်း ချိုးအကြီးအကဲသည် သူ၏ စိတ်ကူးယဉ်ကမ္ဘာထဲတွင် နစ်မျောနေဆဲမှာပင် အမှန်တရားက သူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ခတ်တော့မည်ဖြစ်သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင်...
တပည့် အချို့က ချိုးအကြီးအကဲထံသို့ လျှောက်လာပြီး သူ့ကို ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
“ချိုးအကြီးအကဲ... ကျွန်တော်တို့ ဒီလအတွက် ဝိညာဉ်ကျောက်တုံး လာထုတ်တာပါ...”
ယနေ့က လကုန်ရက် ဖြစ်ပြီး ခူယီတောင်ထိပ်သည် လကုန်ရက်တွင် ဝိညာဉ်ကျောက်တုံးများကို ခွဲဝေပေးလေ့ ရှိသည်။
ချိုးအကြီးအကဲက ခေါင်းညိတ်၍ သိုလှောင်အိတ်ကို ဖွင့်ကာ လူအုပ်ကို ဝိညာဉ်ကျောက်တုံး ကမ်းပေးတော့မည် ပြင်လိုက်၏။
သို့သော် ပတ်ပတ်လည်ကို သေသေချာချာ ရှာဖွေပြီးနောက် မူလက သိုလှောင်အိတ်ထဲတွင် ရှိနေသော ဝိညာဉ်ကျောက်တုံးများ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း သူ တွေ့လိုက်ရသည်။
သူ အစကတော့ အံ့အားသင့်သွားပြီးနောက် သဘောပေါက်သွား၏။
“ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကို ချန်လော့ဆီ ပေးလိုက်ရတာပဲ...”
“ငါ့အတွက် နည်းနည်း ချန်ထားဖို့ မေ့သွားတယ်...”
သူသည် အရှေ့ရှိ လူအုပ်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းကိုက်လာတော့သည်။
စုစုပေါင်း လူခုနစ်ယောက် ရှိပြီး တစ်ယောက်ကို တစ်လလျှင် ဝိညာဉ်ကျောက်တုံး နှစ်ရာ၊ သုံးရာခန့် ရရှိသည်။ စုစုပေါင်းဆိုလျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် ရှိပြီး ယင်းက ယခု သူ့အတွက် အတော်လေး များပြားသော ပမာဏ ဖြစ်၏။
သူ့ကို စိုက်ကြည့်နေသော တပည့် အချို့ကို ကြည့်ရင်း ချိုးအကြီးအကဲက အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏ အကြည့်က ဘေးဘက်ရှိ စာချုပ် အချို့ပေါ်သို့ ရုတ်တရက် ကျရောက်သွား၏။
သူ့ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ဟုတ်သားပဲ... သူတို့ ပိုက်ဆံ ဖြည်းဖြည်းချင်း ရှာတာကို ဘာလို့ စောင့်နေရမှာလဲ... ဒီစာချုပ်တွေကို ယူပြီး ဂိုဏ်းချုပ်ဆီကနေ ပိုက်ဆံ နည်းနည်း ညှစ်ထုတ်လိုက်ရင် ရတာပဲ...
ဤသည်ကို တွေးမိသောအခါ ချိုးအကြီးအကဲက ချက်ချင်းပင် ပြုံးလိုက်၏။
သူက ထိုတပည့်များကို ကြည့်လိုက်သည်။
“ဒီမှာ ခဏစောင့်နေကြ... ငါ ဝိညာဉ်ကျောက်တုံး သွားယူလိုက်ဦးမယ်...”
ထိုသို့ ပြောပြီးနောက် သူသည် စာချုပ်များကို ကောက်ယူ၍ ထွက်သွားလေ၏။
သူ သွားရမည့် နေရာမှာ ယွီထျန်းစီ ရှိနေသော ချန်ရှင်းဂိုဏ်း၏ အဓိက တောင်ထွတ်ပင် ဖြစ်သည်။
ချိုးအကြီးအကဲ၏ အကြံအစည်မှာ ရိုးရှင်းလှ၏။ ပထမဦးစွာ စာချုပ် ဆယ်စောင်ကို ဂိုဏ်းချုပ်ထံ ပေးမည်။ ထို့နောက် ၎င်းတို့ကို ချန်လော့ထံမှ တစ်စောင်လျှင် ဝိညာဉ်ကျောက်တုံး ၅,၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ပြောမည်။ ဤစာချုပ်များကို ရယူရန်အတွက် ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ စလုံးကို အသုံးပြုခဲ့ရုံသာမက သူ၏ ကိုယ်ပိုင်ငွေ ၂၀,၀၀၀ ကိုပါ ထပ်မံ ထည့်သုံးခဲ့ရကြောင်း ပြောမည် ဖြစ်၏။
ဤနည်းဖြင့် သူက ဂိုဏ်းချုပ်ထံမှ တရားဝင် ငွေရှာနိုင်မည် ဖြစ်ပြီး ဂိုဏ်း၏ ရန်ပုံငွေများကို ပြန်လည် ဖြည့်တင်းပေးနိုင်ရုံသာမက သူကိုယ်တိုင်လည်း အမြတ်အစွန်း အနည်းငယ် ရရှိနိုင်မည် ဖြစ်သည်။
ကျန်ရှိနေသော ၅၀,၀၀၀ ကိုတော့ တဖြည်းဖြည်းချင်း စုဆောင်းသွားမည် ဖြစ်၏။
ဤသည်ကို တွေးမိသောအခါ ချိုးအကြီးအကဲ၏ အပြုံးက ပိုမို ဝင်းပလာတော့သည်။
အခန်း (၁၁၀)- အရှက်မရှိတဲ့ကောင်
ချန်ရှင်းဂိုဏ်း၊ အဓိက တောင်ထွတ်ပေါ်တွင်။
ယွီထျန်းစီသည် လက်ထဲရှိ စာချုပ် ဆယ်စောင်ကို စိုက်ကြည့်နေပြီး သူ၏ လက်ချောင်းများက စာချုပ်များကို ပုံပျက်သွားသည်အထိ ညှစ်ထားကာ မျက်နှာအမူအရာမှာလဲ ရွံရှာဖွယ်ကောင်းသော အူများကို စားလိုက်ရသည့်အလား အရုပ်ဆိုးနေ၏။
“ချန်လော့က ဒီဟာကို မင်းဆီ ရောင်းခဲ့တယ်လို့ မင်း ပြောတာလား...”
ယွီထျန်းစီ၏ စကားကို ကြားပြီး ဂိုဏ်းချုပ်၏ မျက်နှာပေါ်မှ အမူအရာကို မြင်သောအခါ ချိုးအကြီးအကဲသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
“ဟုတ်... ဟုတ်ပါတယ်...”
ချိုးအကြီးအကဲက ပြန်ဖြေလိုက်ပြီး ဘာဖြစ်နေသည်ကို ဝိုးတဝါး ခန့်မှန်းမိသော်လည်း တစ်စုံတစ်ခုက လွဲချော်နေဆဲဟု ခံစားနေရ၏။
ချန်လော့က သူ့ဘာသာသူ အတုလုပ်ထားတာများလား...
ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူးလေ... အဲဒီအပေါ်က ဂိုဏ်းချုပ် တံဆိပ်တုံးမှာ ယွီထျန်းစီရဲ့ ကိုယ်ပိုင် အချက်အလက်တွေ ပါဝင်နေတာကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်တယ်လေ...
အကယ်၍ ချန်လော့သာ ဂိုဏ်းချုပ်ရဲ့ တံဆိပ်တုံးကို အတုလုပ်ဖို့ နည်းလမ်း ရှာတွေ့ခဲ့တယ် ဆိုရင်တော့ တစ်မျိုးပေါ့.... ဒါပေမဲ့ အဲဒါကလည်း မဖြစ်နိုင်ဘူးလေ...
ဒီဂိုဏ်းချုပ် တံဆိပ်တုံးကို လက်နက်တောင်ထွတ်က အကြီးအကဲ ကိုယ်တိုင် ဖန်တီးခဲ့တာလေ...
အကြီးအကဲရဲ့ ကျင့်ကြံမှုအဆင့်က ပဉ္စမအဆင့် လက်နက်ဖန်တီးသူ တစ်ဝက်အဆင့်မှာ ရှိတာ... ဒီဂိုဏ်းချုပ် တံဆိပ်တုံးကို သူ ဖန်တီးတုန်းက စတုတ္ထအဆင့်မှာပဲ ရှိသေးတယ် ဆိုပေမယ့် စတုတ္ထအဆင့်မှာတော့ ထိပ်တန်းစာရင်းဝင်သူတွေထဲမှာ သေချာပေါက် ပါဝင်တယ်လေ...
ချန်လော့သာ အဲဒါကို အတုလုပ်ဖို့ နည်းလမ်း ရှာတွေ့နိုင်တယ်ဆိုရင် သူ့ရဲ့ လက်နက်ဖန်တီးမှု စွမ်းရည်က အနည်းဆုံး ပဉ္စမအဆင့် ဝန်းကျင်လောက်မှာ ရှိနေရမယ်...
ချိုးအကြီးအကဲက ပိုတွေးလေလေ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပိုခံစားရလေလေ ဖြစ်သော်လည်း ဘာမှားနေသနည်း ဆိုသည်ကိုမူ သူ မသိပေ။
သူသည် ယွီထျန်းစီကို မေးချင်သော်လည်း ယွီထျန်းစီ၏ မျက်နှာပေါ်မှ အမူအရာကို ကြည့်ပြီး သူ စကားမဟရဲတော့ပေ။
ဤအခိုက်အတန့်တွင် ယွီထျန်းစီ၏ ဒေါသများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
“မင်းရဲ့ ‘အခက်အခဲ’ မှာ ပြဿနာ တစ်ခုမှ မတွေ့ဘူးလား...”
“တစ်ရက်ကို အတိုး ၅၀% နဲ့... ငါက ဒီလို မတရားတဲ့ အတိုးကြီးစား ငွေချေးလုပ်ငန်းကို ထောက်ခံပေးမယ်လို့ မင်း ထင်နေလား...”
“မင်း ဦးနှောက် ဘာဖြစ်သွားတာလဲ...”
ယွီထျန်းစီက ချိုးအကြီးအကဲကို အော်ငေါက်လိုက်၏။
သို့သော် ချိုးအကြီးအကဲမှာ ဤသည်ကို ကြားပြီးနောက် ပို၍ပင် မခံမရပ်နိုင် ဖြစ်သွားသည်။
“ကျွန်တော်... ကျွန်တော် အဲဒါကို မေးခွန်းထုတ်ဖို့ စဉ်းစားခဲ့သေးတယ်... ဒါပေမဲ့... ဒါပေမဲ့ ဂိုဏ်းချုပ် တံဆိပ်တုံးပေါ်က အချက်အလက်တွေက တကယ်ပဲ ဂိုဏ်းချုပ်ရဲ့ အချက်အလက်တွေ ဖြစ်နေတာကိုး...”
“ကျွန်တော် ထင်လိုက်တာက ချန်လော့လို တပည့်တစ်ယောက်က ဒီလို အချက်အလက်မျိုးကို အတုလုပ်နိုင်တဲ့ စွမ်းရည် မရှိလောက်ပါဘူးလို့ တွေးပြီး သဘောတူလိုက်တာပါ...”
ဤသည်ကို ကြားသောအခါ ယွီထျန်းစီမှာ ရုတ်တရက် ဆွံ့အသွားပြီး ဘာပြောရမည်မှန်း မသိတော့ပေ။
ဤစာချုပ်များကို သူကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည်မှာ မှန်ကန်ပြီး ၎င်းတို့အပေါ်ရှိ အချက်အလက်များကလည်း သူ၏ အချက်အလက်များ ဖြစ်လေသည်။ ၎င်းတို့ကို ချန်လော့က အတုလုပ်ထားခြင်း မဟုတ်ပေ။
သို့သော် ချန်လော့လို ခွေးကောင်လေးက ဂဏန်းတွေကို ပြောင်းပစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။
အဲ့အချိန်တုန်းက သူ မြင်ခဲ့တာ နေ့စဉ် အတိုးနှုန်း ၅% လေ... အခုကျတော့ မျက်စိတစ်မှိတ်အတွင်းမှာ သူ့အဘွားရဲ့ ၅၀% တောင် ဖြစ်သွားပြီလား...
ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ...
ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီလိုလုပ်ရဲလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့တာလည်း ဖြစ်နိုင်သည်...
ဒါက သူကိုယ်တိုင် တံဆိပ်တုံး ထုပေးထားတာလေ... ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ယွီထျန်းစီ ကိုယ်တိုင် အာမခံထားတဲ့ ကိစ္စလေ...
အသိဉာဏ်ရှိတဲ့ သာမန်လူ တစ်ယောက်သာဆိုရင် ဘယ်သူက သူ့ကို ဒီလို လှည့်စားရဲမှာလဲ... အဲဒီလို လှည့်စားတဲ့ ခွေးကောင်ရဲ့ အူတွေကို ခန္ဓာကိုယ်ထဲကနေ သေချာပေါက် ဆွဲထုတ်ပစ်မှာပေါ့...
ဒါပေမဲ့ ချန်လော့က တကယ့်ကို အံ့အားသင့်စရာ ဆိုတာ ဘာလဲ၊ မမျှော်လင့်ဘဲ ဖြစ်လာတာ ဆိုတာ ဘာလဲကို ပြသသွားတာပဲ...
“ချန်လော့... မင်းက တော်တော် သတ္တိရှိတာပဲ...”
ဤကဲ့သို့ ပြောရင်း ယွီထျန်းစီသည် ဓားပျံကို ဆင့်ခေါ်၍ ချင်းယန်တောင်ထွတ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။
…
ထိုအချိန်၌ ချင်းယန်တောင်ထွတ်၏ တောင်ခါးပန်းရှိ ချန်လော့၏ အခန်းထဲတွင်။
ဤအခိုက်အတန့်တွင် ချန်လော့သည် ကုတင်ပေါ်တွင် လှဲလျောင်းနေသော်လည်း ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့်ဖြင့် တစ်ညလုံး အိပ်မပျော်နိုင်အောင် ဖြစ်နေ၏။
“ဝိညာဉ်ကျောက်တုံး ဒီလောက် အများကြီး ရှာပြီးတာတောင် ငါ ဘာလို့ အိပ်မပျော်ရတာလဲ...”
ချန်လော့သည် သူ၏ အထက်ရှိ အိမ်အမိုးကို မော့ကြည့်ရင်း စိတ်လှုပ်ရှားမှုများနေသောကြောင့် အချိန်အတော်ကြာသည်အထိ အိပ်မပျော်နိုင်အောင် ဖြစ်နေ၏။
သို့သော် အကြောင်းပြချက် တစ်ခုခုကြောင့် စိတ်လှုပ်ရှားမှုအပြင် သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စသည်လည်း ထွက်ပေါ်နေသည်။
မည်သို့ပင်ဆိုစေကာမူ ဤမျှ ကြီးမားသော အရောင်းအဝယ်ကြီး တစ်ခုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့နိုင်ခြင်း ဖြစ်၏။ ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ အတိအကျနှင့် လျှို့ဝှက်နက်နဲသော လက်နက် ငါးခု... ၎င်းတို့က ချန်ရှင်းဂိုဏ်း တစ်ခုလုံးတွင် အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းသော အရောင်းအဝယ်ကြီး ဖြစ်သည်။
ငါ့ရဲ့ လုပ်နည်းလုပ်ဟန်တွေကို သိသွားရင်တော့ ငါ့အတွက် အဆင်ပြေမှာ မဟုတ်ဘူး...
သို့သော် ချန်လော့သည် အလျင်အမြန် ခေါင်းခါလိုက်၏။
“ငါ့ဆရာက လောချင်းယွီလေ... သိသွားရင်တောင် ဘယ်သူက ငါ့ကို ထိရဲမှာလဲ...”
ဤအရာကို တွေးမိသောအခါ ချန်လော့မှာ အတော်လေး စိတ်သက်သာရာ ရသွားကာ အိပ်ချင်စိတ်က သူ့အပေါ် တဖြည်းဖြည်း လွှမ်းမိုးလာတော့သည်။
ထိုအချိန်တွင် ချန်လော့သည် မလှမ်းမကမ်းမှ လေတိုးသံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။
အဲဒါ ဘာအသံကြီးလဲ
…
“ဒိုင်း...”
ချန်လော့ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းပင် ချန်လော့ ရှိနေသော အိမ်၏ အမိုးတစ်ခုလုံးမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး အမိုးမရှိတော့သော အခန်းထဲသို့ လရောင်များ ဝင်ရောက်လာ၏။
အဖြူရောင် လမင်းကြီးက ကောင်းကင်တွင် မြင့်မားစွာ သာယာနေပြီး လရောင် တစ်စက ချန်လော့အပေါ်သို့ ကျရောက်နေသည်။ ထိုအခိုက်အတန့်တွင် ချန်လော့သည် လမင်း၏ အလယ်ဗဟို၌ ပုံရိပ်တစ်ခု ရှိနေပုံရကြောင်း ရုတ်တရက် သတိပြုမိသွား၏။
သေသေချာချာ ကြည့်လိုက်သောအခါ ထိုပုံရိပ်မှာ ဂိုဏ်းချုပ် ယွီထျန်းစီ ဖြစ်နေကြောင်းကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
ချန်လော့သည် ကုတင်ပေါ်တွင် လှဲနေ၏။ ဘာဖြစ်သွားသည်ကို မည်သူမျှ မပြောသော်လည်း ဘာကြောင့်ဖြစ်နေသည်ကိုတော့ သူ ဝိုးတဝါး ခန့်မှန်းမိသည်။
ဤအခိုက်အတန့်တွင် ယွီထျန်းစီက လေပေါ်တွင် ပျံဝဲနေပြီး ၊ သူ၏ နီရဲနေသော မျက်လုံးများက ချန်လော့ကို စိုက်ကြည့်နေ၏။
ချန်လော့မှာ အနည်းငယ် အနေရခက်သွားပြီး ဘာလုပ်ရမည်မှန်း မသိတော့ချေ။
သို့သော် ဘာမှမလုပ်ဘဲ နေခြင်းက ပို၍ အနေရခက်စေသည်။
အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့သည် စောင်ကို ဆွဲခြုံ၍ တစ်ဖက်သို့ လှည့်ကာ မျက်လုံးများကို မှိတ်လျက် အိပ်ချင်ယောင်ဆောင်ကာ အခြေအနေကို ကျော်လွှားနိုင်ရန် ကြိုးစားလိုက်၏။
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ ယွီထျန်းစီမှာ အလွန်တရာ စော်ကားခံရသည်ဟု ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် အရှိန်မြှင့်၍ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ချန်လော့ဆီသို့ ပြေးဝင်သွားလေ၏။
ချန်လော့သည် အသံ နီးကပ်လာသည်ကို ကြားလိုက်ရသော်လည်း မည်သည့် စိုးရိမ်မှုမျှ မခံစားရဘဲ ငြိမ်သက်စွာ ဆက်၍လှဲနေခဲ့သည်။
ယွီထျန်းစီ၏ လက်ဝါးသည် ချန်လော့နှင့် စင်တီမီတာ အနည်းငယ်မျှသာ ကွာဝေးတော့၏။
ဤအရေးကြီးသော အခိုက်အတန့်မှာပင် ပုံရိပ်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး အနှစ်ငါးဆယ်ကျော်ကြာခဲ့ပြီဖြစ်သော ယွီထျန်းစီ၏ နာတာရှည် ခါးနာရောဂါရှိ ခါးကို ကန်ပစ်လိုက်သည်။
“ဘုန်း...”
ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ ယွီထျန်းစီမှာ လွင့်ထွက်သွားတော့၏။
ရုတ်တရက် ချန်လော့၏ ခေါင်းပေါ်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ချန်လော့၏ ဆရာ လောချင်းယွီပင် ဖြစ်၏။
“ငါ့တပည့်ကို မင်းက ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ...”
လောချင်းယွီ၏ အကြည့်သည် စူးရှနေပြီး သူမ၏ စကားလုံးများက ငြင်းပယ်၍မရသော အငွေ့အသက်များကို သယ်ဆောင်လာသည်။
ဤအခိုက်အတန့်တွင် ကန်ထုတ်ခံလိုက်ရသော ယွီထျန်းစီက ဖြည်းညင်းစွာ ပြန်လည် ပျံသန်းလာပြီး သူ၏ မျက်နှာပေါ်တွင် ရှက်ရွံ့နေသော အမူအရာတစ်ခု ရှိနေ၏။
ချန်လော့ရဲ့ လုပ်ရပ်တွေကြောင့် ငါ အံ့အားသင့်သွားလို့ပါ... ချင်းယန်တောင်ထွတ်ပေါ်မှာ လောချင်းယွီ ရှိနေတာကို ငါ လုံးဝ မေ့သွားတယ်...
ယွီထျန်းစီသည် ချန်လော့ကို မကျေမနပ် အမူအရာဖြင့် ကြည့်နေသည်ကို မြင်သောအခါ လောချင်းယွီက တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားပုံရပြီး အိပ်ချင်ယောင် ဆောင်နေသေးသော ချန်လော့ကို လှည့်ကြည့်လိုက်၏။
သူမသည် ချန်လော့၏ တင်ပါးကို ကန်လိုက်သည်။
“ထစမ်း...”
ဤသည်ကို ကြားသောအခါ ချန်လော့က ယခုမှ နိုးလာသည့်အလား ဟန်ဆောင်၍ သမ်းဝေလိုက်၏။
ထို့နောက် သူက ရှေ့ကလူနှစ်ယောက်ကို အံ့သြစွာ ကြည့်လိုက်သည်။
“ဆရာ... ဂိုဏ်းချုပ်... ဒီမှာ ဘာလာလုပ်ကြတာလဲ...”
ထိုသို့ ပြောပြီးနောက် သူသည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား မော့ကြည့်လိုက်၏။
“ဘုရားရေ... ငါ့အိမ်အမိုးက ဘယ်ရောက်သွားတာလဲ...”
ချန်လော့၏ သရုပ်ဆောင်မှုကို ကြည့်ရင်း ယွီထျန်းစီမှာ အလွန် ဒေါသထွက်သွားသဖြင့် ယခုချက်ချင်းပင် ပြေးသွားပြီး ထိုခွေးကောင်ကို ပါးရိုက်ချင်စိတ်များ ပေါက်သွားတော့၏။
သို့သော် လောချင်းယွီသည် ချန်လော့ကို သည်းခံမည် မဟုတ်ဘဲ သူ၏ တင်ပါးကို ခပ်ပြင်းပြင်း ကန်လိုက်သည်။
“မင်း ဘာလုပ်ခဲ့တာလဲ...”
ဤအခြေအနေသို့ ရောက်သည့်တိုင်အောင် ချန်လော့သည် အရှုံးပေးမည့် အရိပ်အယောင် လုံးဝ မပြသေးပေ။
“ဟမ်... ဆရာ ဘာတွေ ပြောနေတာလဲ... ရက်အနည်းငယ် အကြာမှာ ကျင်းပမယ့် မိစ္ဆာတာအို ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ ဒီရက်ပိုင်းအတွင်းမှာ ကျင့်စဉ်တွေကို ကျွန်တော် ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့တာပါ...”
“မိစ္ဆာတာအို ပြိုင်ပွဲက မိစ္ဆာတာအိုလောကမှာ ကျွန်တော်တို့ ချန်ရှင်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် အရမ်း အရေးကြီးတယ်လေ...”
ဘေးဘက်တွင် ရပ်နေသော ယွီထျန်းစီမှာ ချန်လော့၏ စကားကို ကြားသောအခါ နေရာ၌ပင် ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားတော့၏။
ဒီကောင်က လုံးဝ အရှက်မရှိတဲ့ကောင်ပဲ... သူ ဂိုဏ်းချုပ် လုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ... ဒီလို တပည့်မျိုးနဲ့ ဘယ်တုန်းကမှ မကြုံဖူးသေးဘူး...