← Chapters

ဓားတစ်လက်

Vol. 57 Ch. 788

ဓားတစ်လက်

Vol. 57 Ch. 788

ဝုန်း....

လေနန်းဆောင်ရှိ လူများအားလုံးမှာ ရုတ်တရက် ဇူယွမ်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် အံ့အားသင့်ကုန်ကြရသည်။

သူသည် စကားတစ်ခွန်းမှပင် ထပ်၍မပြောပဲ တိုက်ခိုက်မှုကို စတင်လိုက်ခြင်း ဖြစ်သည်။

ဓားစက်ဝန်း၏ ထက်ရှလှသော စွမ်းအင်ဖိအားများကြောင့် ၎င်းတို့အကုန်လုံး ဖြူရော်ကုန်ကြရသည်။

ဇူယွမ်ကို လှောင်ပြောင်နေသော စကားသံများလည်း တိတ်ဆိတ်သွားရသည်။

ဇူယွမ်မှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိသေးပါသော်လည်း သူ၏တိုက်ပွဲစွမ်းရည်မှာ အသိအမှတ်ပြုလောက်စရာပင်။

"သတ္တိရှိသားပဲ...ဟား ဟား..."

ထိုအချိန်မှာပင် ကျင်းထျန်းမှာ ဝါးလုံးကွဲရယ်မောလိုက်လေသည်။ "မို့ယွမ်ကို နိုင်ရုံလေးနဲ့ လေနန်းဆောင်ကို မင်းလုပ်ချင်သလို လုပ်လို့ရမယ်များ ထင်နေလား။ ဟာသပဲ။"

"မင်းက လေနန်းဆောင်ကို အထင်သေးမှတော့ ငါကသင်ပြပေးရသေးတာပေါ့။"

ကျင်းထျန်း၏ မျက်ဝန်းများမှာ ပျော်ရွှင်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ ဇူယွမ်ဖက်မှ အစပျိုးခဲ့သော ပြဿနာဖြစ်သောကြောင့် ၎င်းအားအနိုင်ယူကာ လက်ထောက်ခေါင်းဆောင်နေရာမှ ဖယ်ထုတ်လိုက်ရုံပင်။

ဓားအလင်းတန်းမှာ ထက်ရှလွန်းစွာ တောက်ပနေလျက် ရှိသည်။

"ဟူး...."

ကျင်းထျန်းမှာ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီးနောက် ရောင်စဉ်ရှစ်သွယ် ဖြာထွက်နေသော ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုကို ထွက်ပေါ်စေလိုက်သည်။

သူသည် ဇူယွမ်အား အထင်အမြင်သေးပါသော်လည်း တိုက်ခိုက်ရာတွင် အနည်းငယ်မျှပင် အလျှော့ပေးမည့်ဟန် မရှိပေ။

ဝုန်း.....

ချီစွမ်းအင်များမှာ ကောင်းကင်ထက်တွင် စုဝေးသွားပြီးနောက် ကနုတ်များ စီခြယ်ထားသော ရွှေရောင်လက်ဝါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"ဒါက အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် ထျန်းသျှောင်ကျင်းရှန်းပဲ။"

"ဟာ...ဒါဆို ဒါကကျင်းထျန်းရဲ့ အကောင်းဆုံး တိုက်ကွက်ပဲ။ ချက်ချင်းထုတ်သုံးမယ်လို့တောင် မထင်ထားဘူး။ ကြည့်ရတာ သူကဇူယွမ့်ကို နည်းနည်းမှ အခွင့်အရေး မပေးနိုင်ဘူး ထင်တယ်။"

"အဟက်....ဘယ်လို ပညာပေးခံရမလဲဆိုတာ ကြည့်ရတာပေါ့။"

ကွင်းပြင်းအတွင်း တီတိုးစကားသံများ ထွက်ပေါ်နေလျက် ရှိသည်။

"ထျန်းသျှောင်ကျင်းရှန်း..."

ကျင်းထျန်းမှာ ကျယ်လောင်စွာ အော်ဟစ်လျက် ရွှေရောင်လက်ကြီးဖြင့် ဓားအလင်းတန်းအား ဆွဲကိုင်လိုက်သည်။

ဝုန်း.....

စွမ်းအင်နှစ်ခု ထိတွေ့သွားပြီးနောက် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များသည်ပင် တုန်ခါကုန်ရသည်။

"မင်းရဲ့ ဓားစက်ဝန်းကို ဖျက်စီးပြမယ်။" ကျင်းထျန်းမှာ မထီမဲ့မြင် စကားဆိုလိုက်ပြီးနောက် လက်သင်္ကေတ အမျိုးမျိုး ပြောင်းလဲလိုက်သည်။

ဝုန်း....

ရွှေရောင်လက်ကြီးမှာ တောင်များကိုပင် ဖျက်စီးနိုင်သော စွမ်းအင်ဖြင့် ဓားအလင်းတန်းအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။

ဝုန်း.....

ထိုအချိန်မှာပင် ကျယ်လောင်လှသော ဓားလေခွင်းသံနှင့်အတူ ရွှေရောင်လက်ဝါးအတွင်းမှ ဓားချီများ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် ကျင်းထျန်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

ခရက်.....

ရွှေရောင်လက်ဝါးကြီးမှာ စတင်၍ ပြင်းထန်စွာ တုန်ခါလာသည်။

ထို့နောက် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသဖြင့် ကျင်းထျန်းမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

"မဖြစ်ဘူး.."

ကျင်းထျန်းမှာ ကျောရိုးထဲထိပင် စိမ့်သွားရပြီးနောက် ချီစွမ်းအင်များကို အထပ်ထပ် ထုတ်လွှင့်ကာ ရွှေရောင်လက်ကြီးအား တည်ငြိမ်နေအောင် ထိန်းထားလိုက်သည်။ သို့သော် အသက်ရှုချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် နားကွဲမတက် ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ရွှေရောင်လက်ကြီးမှာ ပေါက်ကွဲသွားရတော့သည်။

ဝုန်း....

ရွှေရောင်လက်ကြီး ပေါက်ကွဲသွားပြီးနောက် ဓားအလင်းတန်းများ ထွက်ပေါ်လာကာ ဓားအရိပ်များအဖြစ် ပြောင်းလဲလျက် လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် ကျင်းထျန်းထံ ဦးတည်ပျံဝဲသွားသည်။

ဇူယွမ်၏ ဓားစက်ဝန်းမှာ ထိုမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် ကျင်းထျန်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

ကျင်းထျန်းမှာ အနောက်သို့ အဆက်မပြတ် ဆုတ်နေရင်းဖြင့် ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုအား အကာအကွယ်အနေဖြင့် အသုံးပြုလိုက်သည်။

ဘန်း.....

သို့သော် မိုးပြာရောင် ကြေးခွံများ ဖုံးအုပ်ထားသည့် ဓားအရိပ်မှာ ကြမ်းတမ်းစွာဖြင့် ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုလုံးကို ဖျက်စီးပစ်လိုက်သည်။

ဓားအရိပ်မှာ ရပ်တန့်သွားခြင်းမရှိပဲ ကြောက်ရွံ့နေသော ကျင်းထျန်း၏ပုခုံးအာစ ထုတ်ချင်းပေါက်သွားသည်။

ဝုန်း....

ကျင်းထျန်းမှာ အဝေးသို့ လွင့်စင်သွားရပြီး မြေပြင်နှင့် ကျယ်လောင်စွာ ရိုက်ခတ်မိသွားသည်။ ရွှေရောင်တောက်တောက် သူ၏အဝတ်အစားမှာလည်း သွေးချင်းချင်းနီသွားရသည်။

ဓားစက်ဝန်းမှာ ကျင်းထျန်း၏ပုခုံးအား ထုပ်ချင်းပေါက်သွားပြီးနောက် ပျောက်ကွယ်သွားပါသော်လည်း ကြောက်မက်ဖွယ် ဓားချီအငွေ့အသက်မှာ ကျန်ရစ်နေဆဲ ဖြစ်သည်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားရသည်။

ဇူယွမ်၏ လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှပြီး အသက်ရှုချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် အနိုင်အရှုံး ကွဲပြားသွားခဲ့သည်။

တိုက်ပွဲရလဒ်မှာ မယုံကြည်နိုင်စရာပင်။

ကျင်းထျန်းမှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသော ဇူယွမ်အား ရှုံးနိမ့်သွားလေသည်။

မည်သို့ဖြစ်နိုင်ပါမည်နည်း…

ကျင်းထျန်းမှာ တိုက်ပွဲစွမ်းရည် ကောင်းမွန်သူတစ်ဦးဖြစ်ပြီး နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းတွင် မို့ယွမ်ထက်ပင် အဆင့်မြင့်မားသည်။

သို့သော် ဇူယွမ်အား တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်တို့သည်ပင် ဇူယွမ်၏ တိုက်ပွဲစွမ်းရည်အပေါ် အနည်းငယ် အံ့အားသင့်သွားရသည်။

ချန်းပိုင်ဖန်းမှ မျက်မှောင်ကျုံ့ကာ ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်သည်။ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ကောင်းမွန်ပါသော်လည်း ယခုအခြေအနေသည် သူ၏အကန့်အသတ် ဖြစ်လောက်သည်။

ဇူယွမ်မှာ ကျင်းထျန်းအား အနိုင်ရသွားပါသော်လည်း သူ၏ပြိုင်ဖက်တစ်ဦး မဖြစ်လာနိုင်ပေ။

ရဲ့ပင်းလင်မှာမူ အနည်းငယ် စိတ်ပြေလျော့သွားရသည်။ ဇူယွမ်မှာ အဆက်အသွယ် ရှိသောကြောင့် လက်ထောက်ခေါင်းဆောင်နေရာ ရလာခဲ့ခြင်း မဟုတ်ပဲ အမှန်တကယ် အရည်အချင်းရှိသူ ဖြစ်သည်။

ရိချိုးရွှယ်မှာလည်း ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ သို့သော် မို့ယွမ်နှင့် တိုက်ခိုက်စဉ်ကထက် ဓားစက်ဝန်းမှာ ပို၍အားပြင်းလာသောကြောင့် သူမသည်လည်း အံ့အားသင့်ခဲ့ရသေးသည်။

ရိယန်မှာ ဇူယွမ်အား သဘောကျ နှစ်ခြိုက်စွာဖြင့် တိတ်ဆိတ်စွာ ကြည့်ရှုနေမိသည်။ လေနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်နေရာသည် ထိုသို့ကြမ်းတမ်းစွာ ယူဆောင်ပြမှသာ ဖြစ်တော့မည်။

ထိုအချိန်မှာပင် ဇူယွမ်မှာ ချီစွမ်းအင်များအား ပြန်လည်ရုတ်သိမ်းလိုက်ပြီးနောက် တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "အခု လက်မခံတဲ့သူ ဘယ်သူရှိသေးလဲ။"

လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။

၎င်းဆို့အားလုံးမှာ ပညာမာန ရှိကြပါသော်လည်း ရူးနှမ်းသူများ မဟုတ်ကြပေ။ ပထမ၌ ဇူယွမ်အား လက်မခံခဲ့ကြခြင်းမှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိနေသေးသောကြောင့်သာဖြစ်ပြီး ယခုအခါတွင် စစ်မှန်သော အရည်အချင်းအား မြင်တွေ့လိုက်ကြရပြီ ဖြစ်သည်။

ဆက်လက်၍သာ လက်မခံပဲ ငြင်းဆိုနေပါက အကြီးအကဲ ရိယန်မှာလည်း ပါးစပ်ပိတ်နေတော့မည် မဟုတ်ပေ။

ကျင်းထျန်းမှာ သွေးများစီးကျနေသော ပုခုံးကို ကြည့်ရှုလိုက်သည်။ ဇူယွမ်သာ အလျှော့မပေးခဲ့ပါက သူခေါင်းပြတ်သွားလောက်ပြီပင်။

ရိယန်မှ ပြုံးကာစကားဆိုလိုက်သည်။ "လက်မခံတဲ့သူ မရှိတော့ဘူးဆိုရင် ဇူယွမ်က ဒီနေ့ကစပြီး တတိယမြောက် လက်ထောက်ခေါင်းဆောင် ဖြစ်သွားပြီ။"

"ပြီးတော့ ချီကျင့်သခင်မက နောက်ထပ်အမိန့်တစ်ခုလည်း ပေးလိုက်သေးတယ်။ နှစ်လအတွင်း လေနန်းဆောင်မှာ ခေါင်းဆောင်နေရာရွေးပွဲ ကျင်းပမယ်။"

တိတ်ဆိတ်နေသော လူအုပ်ကြီးထံမှ ဆူညံသံများ ပြန်လည်ထွက်ပေါ်လာလေတော့သတည်း....

All Chapters