လက်ထောက်ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခြင်း
Vol. 57 Ch. 789
ရိယန်၏စကားကြောင့် လူအုပ်ကြီးမှာ ထပ်မံဆူညံသွားရသည်။
မည်သည့်အရာကိုမှ ဂရုစိုက်ဟန်မရှိသော ချန်းပိုင်ဖန်း၏ မျက်ဝန်းများသည်ပင် တောက်ပသွားရသည်။
နန်းဆောင်လေးခုအနက် လေနန်းဆောင် တစ်ခုတည်းတွင်သာ ခေါင်းဆောင်နေရာ လစ်လပ်နေခဲ့ခြင်း ဖြစ်သည်။ ချန်းပိုင်ဖန်းသည် ထိုနေရာအား လိုချင်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့လေပြီ။
လေနန်းဆောင်သည် ချီကျင့်သခင်မ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ချန်းပိုင်ဖန်းမှာ ကျင်ရှန်းကောင်းကင်ဂိုဏ်းမှ ဖြစ်နေသောကြောင့် ထိုအခွင့်အရေး တစ်ခါမှ မရခဲ့သည့်အပြင် ပြိုင်ဖက်အနေဖြင့် ရဲ့ပင်းလင်ကိုပါ လက်ထောက်ခေါင်းဆောင်နေရာ ခန့်အပ်ခဲ့သည်။
ချီကျင့်သခင်မမှာ ခေါင်းဆောင်နေရာရွေးရန် အမြဲတစေ ငြင်းဆန်နေခဲ့ပါသော်လည်း ယခုလိုလိုလားလား ရှိလာသည်မှာ အနည်းငယ် ထူးဆန်းပေသည်။
"ကျင်ရှန်းကောင်းကင်ဂိုဏ်းတို့ကများ ဖိအားပေးလိုက်လို့လား။" ချန်းပိုင်ဖန်းမှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ ကောင်းမွန်သော အခွင့်အရေးပင် ဖြစ်သည်။
နန်းဆောင်လေးခု၏ ခေါင်းဆောင်နေရာမှာ ထျန်းယွမ်နယ်မြေမှ အဆင့်မြင့် အကြီးအကဲများနှင့် ရာထူးတူညီသည်။ ထိုသည်မှာ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများအတွက် အကောင်းဆုံး နေရာတစ်ခုပင်။ ထိုသို့မဟုတ်ပါက ရင်းမြစ်အခြေတည်အဆင့် ရောက်သည်အထိ ကျင့်ကြံပြီးမှသာ ထျန်းယွမ်နယ်မြေ၏ အကြီးအကဲတစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။
နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများအတွက် အကောင်းဆုံး ရာထူးတစ်ခုဖြစ်သည့်အပြင် ခေါင်းဆောင်နေရာအတွက် ရရှိမည့် ကျင့်ကြံခြင်းရင်းမြစ်များမှာ ရင်းမြစ်အခြေတည်အဆင့် အကြီးအကဲများထက် လျော့နည်းခြင်း မရှိပေ။ ထို့ကြောင့်ပင် နန်းဆောင်လေးခု၏ ခေါင်းဆောင်နေရာရွေးပွဲမှာ အမြဲတစေ ခက်ထန်နေလေ့ ရှိသည်။
လက်ရှိအချိန်၌ နန်းဆောင်လေးခုတွင် လေနန်းဆောင်မှာ အဆင့်အနိမ့်ဆုံး ဖြစ်သည်။ အခြားနန်းဆောင် တစ်ခုခုသာဆိုပါက ချန်းပိုင်ဖန်းမှာ ခေါင်းဆောင်နေရာရရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။
သို့သော် လေနန်းဆောင်တွင်မူ ရဲ့ပင်းလင်တစ်ဦးကိုသာ ဂရုစိုက်စရာ ရှိသည်။
အသစ်ရောက်ရှိလာသော ဇူယွမ်ကိုမူ ဂရုပင်စိုက်စရာ မရှိချေ။ သူ၏တိုက်ပွဲစွမ်းရည်မှာ ကောင်းမွန်ပါသော်လည်း ကျင်းထျန်းထက် သာလွန်ရုံမျှဖြစ်ကာ ချန်းပိုင်ဖန်းအပေါ် သက်ရောက်လိမ့်မည် မဟုတ်။
ရဲ့ပင်းလင်၏ မျက်ဝန်းများမှာလည်း လေးနက်ခက်ထန်သွားရသည်။ သူမသည် ချီကျင့်သခင်မအတွက် လေနန်းဆောင်သို့ လာရောက်ခဲ့ခြင်းဖြစ်ကာ အရေးအကြီးဆုံး တာဝန်မှာ ချန်းပိုင်ဖန်းအား ခေါင်းဆောင်နေရာ မရရှိစေရန် ဖြစ်သည်။
ချီကျင့်သခင်မမှာ လေနန်းဆောင် ခေါင်းဆောင်နေရာအား အချိန်အတော်ကြာ မည်သူမှမပေးပဲ ဆုပ်ကိုင်ထားခဲ့ပါသော်လည်း ယခုအခါ ရွေးချယ်တော့မည် ဆိုသောကြောင့် သူမ အစွမ်းကုန် ကြိုးစားရတော့မည်ပင်။
မည်သို့ပင်ဆိုစေကာမူ ချီကျင့်သခင်မအတွက် သူမ အရာအားလုံး ပေးဆပ်နိုင်ပေသည်။
ဇူယွမ်မှာ အန္တရာယ် အငွေ့အသက် ရနေသော ချန်းပိုင်ဖန်းအား မျက်မှောင်ကျုံ့ကာ ကြည့်ရှုလိုက်သည်။
ချန်းပိုင်ဖန်းမှာ မို့ယွမ်နှင့် ကျင်းထျန်းတို့ထက် အဆပေါင်းများစွာ ပို၍သာလွန်ပေလိမ့်မည်။
"နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း ထိပ်ဆုံးအယောက်တစ်ရာထဲပါတာဆိုတော့ တော်တော်ကြမ်းမယ့်ပုံပဲ။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။
ဇူယွမ်မှာ လက်ရှိအချိန်၌ ချန်းပိုင်ဖန်းအား ရင်ဆိုင်အနိုင်ယူရန် ယုံကြည်ချက် မရှိသေးပေ။
အဘယ့်ကြောင့်ဆိုသော် ကန်ရွှမ်းကောင်းကင်ဒေသတွင် ရှိစဉ်ကကဲ့သို့ ဝှက်ဖဲများစွာ မရှိတော့သောကြောင့်ပင်။
ဥပမာအနေဖြင့် ငွေအရိပ်မှာ ဇူယွမ်၏ အကောင်းဆုံး ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။ သို့သော် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းပြီးသည့်နောက် ငွေအရိပ်မှာ သိပ်ပြီးအသုံးမဝင်တော့ပေ။ ယောင်ယောင်မှ ငွေအရိပ်အား အဆင့်မြှင့်တင်ရန် လိုအပ်သည်များကို စာရင်းပြုစုပေးထားပါသော်လည်း ဇူယွမ်အနေဖြင့် ထိုအရာအား အာရုံစိုက်ရန် အချိန်မပေးနိုင်သေး။
ထို့အပြင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ ပျက်စီးမှုမှာလည်း သူ့အပေါ် သက်ရောက်မှု ရှိခဲ့သည်။
အနက်ဖော်သူတော်စင်မှော်စာလုံး၊ မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး၊ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးနှင့် စတုတ္ထမြောက် သူတော်စင်မှော်စာလုံးတို့အား ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား အသက်ဝင်ရန် အသုံးပြုခဲ့ရသည်။ သို့သော် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဖောက်ခွဲဖျက်စီးပြီးနောက် ထိုစာလုံးများ ပျောက်ကွယ်သွားခဲ့သည်။
အတိအကျ ပြောရမည်ဆိုလျှင် ထိုသူတော်စင်မှော်စာလုံး လေးလုံးမှာ ပျောက်ကွယ်သွားခြင်း မဟုတ်ပဲ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား ပေါက်ကွဲသွားချိန်၌ ဇူယွမ်၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခြင်း ဖြစ်သည်။
သို့ပေသော်ငြားလည်း မည်မျှပင် ရှာဖွေပါစေ ထိုသူတော်စင်မှော်စာလုံး လေးခုအား ခန္ဓာကိုယ်အတွင်း ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် ယခင်က မှီခိုခဲ့သော သူတော်စင်မှော်စာလုံးများမှာ ယခုအချိန်တွင် အသုံးမဝင်တော့။
ဝှက်ဖဲများ အလျှိုအလျှို ပျောက်ဆုံးကုန်ခြင်းကြောင့် ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ အနည်းငယ် လျော့ကျနေရသည်။
"ဒီနှစ်လအတွင်း အများကြီး ကြိုးစားရမှာပဲ။ အနည်းဆုံးတော့ ငါ့ရဲ့စိတ်ဝိဉာဉ်ကို ဖြစ်တည်မှုအဆင့်ရောက်အောင် လုပ်မှရမယ်။" ဇူယွမ်၏ စိတ်ဝိဉာဉ်မှာ လက်ရှိအချိန်တွင် အဆင့်မြင့် ဒြပ်ထည်အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်တည်မှုအဆင့်နှင့် နီးစပ်နေပြီ ဖြစ်သည်။ သူသာ အဆင့်တက်နိုင်ခဲ့ပါက လွန်စွာကောင်းမွန်ပေလိမ့်မည်။
ထို့အပြင် ဖြစ်နိုင်ပါက ငွေအရိပ်ကိုပါ အဆင့်မြှင့်တင်ရန် ကြိုးစားရမည်။
ထျန်းယွမ်နယ်မြေသို့ စတင်ရောက်ရှိစဉ်တည်းက ဇူယွမ်မှာ စိတ်အေးလက်အေး ကျင့်ကြံရခြင်း မရှိခဲ့။ ယခုအခါ စီနီယာအမတော် ချီကျင့်နှင့် တွေ့ဆုံပြီးဖြစ်သလို လေနန်းဆောင်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ကျင့်ကြံခြင်းပေါ်တွင်သာ အာရုံစိုက်ထားရမည်။
အခြားသူများ သိရှိလိမ့်မည် မဟုတ်ပါသော်လည်း လေနန်းဆောင် ခေါင်းဆောင်ရွေးပွဲမှာ သူ့အတွက် ရည်ရွယ်ကာ ကျင်းပပေးခြင်း ဖြစ်သဖြင့် များစွာကြိုးစားရပေလိမ့်မည်။
ကွင်းပြင်အတွင်းရှိ လူပေါင်းများစွာမှာလည်း ခေါင်းဆောင်နေရာရွေးပွဲအတွက် စိတ်လှုပ်ရှားကာ ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်တို့အား ကြည့်ရှုနေကြသည်။
"နောက်ဆုံးတော့ ခေါင်းဆောင်ရွေးပွဲ လုပ်တော့မှာပဲ။ ချန်းပိုင်ဖန်းနဲ့ ရဲ့ပင်းလင် နှစ်ယောက်ထဲက တစ်ယောက် ခေါင်းဆောင်ဖြစ်လာမှာ သေချာတယ်။"
"ဟူး....ခေါင်းဆောင်ရှိလာလည်း ဘာထူးလာမှာ မို့လို့လဲ။ နန်းဆောင်လေးခုထဲမှာ ငါတို့လေနန်းဆောင်က အညံ့ဆုံးပဲ။ တခြားနန်းဆောင်သုံးခုက ငါတို့ကို အဖက်တောင် လုပ်ဖူးလို့လား။"
"ဟုတ်တယ်။ ချန်းပိုင်ဖန်းနဲ့ ရဲ့ပင်းလင် နှစ်ယောက်လုံးက နန်းဆောင်လေးခုရဲ့ လက်ထောက်ခေါင်းဆောင်ထဲမှာ ပုံမှန်အဆင့်လောက်ပဲရှိတာ။"
"ဒီလိုဖြစ်ရတာတွေအားလုံးက ကျင်ရှန်းကောင်းကင်ဂိုဏ်းက တခြားဂိုဏ်းနှစ်ခုနဲ့ပေါင်းပြီး လေနန်းဆောင်ကို အရယူဖို့ ကြိုးစားနေတာကြောင့်ပဲ။"
"အခု သစ်တောနန်းဆောင်ရဲ့ ခေါင်းဆောင် ဟန်ယွမ်က ငါတို့လေနန်းဆောင်ကပဲလေ။ ဒါပေမယ့် သူက ရှင်းခယ်ရွှယ်ကျင်းကလန်ကကိုး။ သူ့ကလန်ကိုပဲ သူကျေးဇူးသိတက်မှာပေါ့။"
"နယ်မြေအရှင်သခင် ကန်းယွမ် ပျောက်သွားတာ တော်တော်ကြာပြီဆိုတော့ ချီကျင့်သခင်မရဲ့ အာဏာကလည်း တော်တော်လျော့လာတာ။"
"......."
ကွင်းပြင်းအတွင်း တီတိုးစကားသံများ အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိသည်။
ရိယန်မှ ပြုံးကာစကားဆိုလိုက်သည်။ "ကဲ... ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ ငါလည်းပြန်တော့မယ်။ ခေါင်းဆောင်နေရာ အရွေးခံမယ့်သူတွေ အကောင်းဆုံး ကြိုးစားထားကြ။ နှစ်လအတွင်း ကျင်းပမယ့်ပွဲကို ချီကျင့်သခင်မကိုယ်တိုင် လာပြီးကြည့်လိမ့်မယ်။"
ထို့နောက် ရိယန်မှ ဇူယွမ်နှင့် ရိချိုးရွှယ်ကိုကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ "ဒီအချိန်အတွင်း လေနန်းဆောင်မှာပဲ နေကြပေါ့။"
ဇူယွမ်နှင့် ရိချိုးရွှယ်မှာ ခေါင်းညိတ်ကာ အရိုအသေပြု နှုတ်ဆက်လိုက်ကြသည်။
ရိယန်မှာ အဖြူရောင် ခြင်္သေ့ကြီး မောင်းနှင်သော ရထားလုံးအား စီးနင်းလျက် ကောင်းကင်ထက်သို့ ပျံသန်းပျောက်ကွယ်သွားတော့သည်။
ချန်းပိုင်ဖန်းမှာလည်း ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အလေးပင်မထားဟန်ဖြင့် ထိုနေရာမှ ထွက်ခွာသွားသည်။
ကွင်းပြင်အတွင်းရှိ လူအုပ်ကြီးမှာ သို့လော၊ သို့လော ဖြစ်သွားကြရသည်။ စည်းမျဉ်းအရ လက်ထောက်ခေါင်းဆောင်အသစ် ရောက်ရှိလာလျှင် အခြားသော လက်ထောက်ခေါင်းဆောင်များမှ လာရောက်နှုတ်ဆက်ရမည် ဖြစ်ပါသော်လည်း ချန်းပိုင်ဖန်းမှ ဇူယွမ်အား စကားပင် မပြောခဲ့ပေ။ ချန်းပိုင်ဖန်း၏ပုံစံမှာ ဇူယွမ်အား အထင်အမြင်သေးဟန် ရှိသည်။
ထိုအချိန်မှာပင် လှပလွန်းသော ပုံရိပ်လေးတစ်ခုမှ ဇူယွမ့်ထံ ဦးတည်လျှောက်လှမ်းလာသည်။
၎င်းမှာ ရေခဲဘုရင်မဟု နာမည်ပြောင်ရထားသော အေးစက်လွန်းသည့် လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်ပင် ဖြစ်ပေတော့သတည်း......