နတ်ဘုံခန်းဝါ နိဗ္ဗာန်အဆင့်သတ်မှတ်ချက်
Vol. 57 Ch. 790
ရဲ့ပင်းလင်မှာ အကြည့်များစွာ၏အောက်၌ပင် ဇူယွမ့်ထံ လျှောက်လှမ်းလာလိုက်သည်။ ဇူယွမ်နှင့်ပက်သတ်၍ သူမ အလိုမကျ ဖြစ်မိပါသော်လည်း ချီကျင့်သခင်မ၏ ထောက်ခံချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သောကြောင့် သူမတို့ဖက်မှ လူပင်ဖြစ်သည်။
ထို့ကြောင့်ပင် ချန်းပိုင်ဖန်းမှာ ဇူယွမ့်အပေါ် အလေးမထားခြင်း ဖြစ်နိုင်သည်။
သို့သော် ရဲ့ပင်းလင်မှာ ထိုသို့မလုပ်နိုင်ပေ။ ဇူယွမ့်အပေါ် စိတ်တိုင်းမကျပါသော်လည်း ဆိုးရွားသော ခံစားချက် မဖြစ်မိပေ။ ထို့အပြင် လက်ထောက်ခေါင်းဆောင်တစ်ဦးအား သူ၏ပထမဆုံးနေ့တွင် အထီးကျန်ဆန်စွာ မဖြတ်သန်းစေလိုပေ။
"ငါက လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်ပါ။" သူမသည် ဇူယွမ်နှင့် ရိချိုးရွှယ်တို့အား ဦးစွာနှုတ်ဆက်လိုက်သည်။
ရိချိုးရွှယ်မှ ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
ဇူယွမ်မှ ရယ်မောကာ စကားဆိုလိုက်သည်။ "လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်ရဲ့နာမည်ကို ချီကျင့်သခင်မ ချီးကျူးထဲက ကြားခဲ့ဖူးပြီးသားပါ။"
ရဲ့ပင်းလင်မှာ ခက်ထန်မှု အနည်းငယ် ပြေလျော့သွားရသည်။ "ချီကျင့်သခင်မက ဒီလောက်အလုပ်များတာ။ အခုထိ ငါ့ကိုသတိရတုန်းပဲလား။"
ဇူယွမ်မှ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
ရဲ့ပင်လင်း၏ အေးစက်သော မျက်နှာမှာ ခေတ္တမျှ ပြုံးရွှင်သွားရသည်။ ဇူယွမ်ကိုလည်း ယခင်ကထက် နွေးထွေးစွာ ကြည့်လိုက်သည်။
"အခုနင်က လေနန်းဆောင်ကို ပထမဆုံး ရောက်ဖူးတာဆိုတော့ ပတ်ဝန်းကျင်နဲ့ သိပ်ပြီးရင်းနှီးဦးမှာ မဟုတ်ဘူး။ ငါလိုက်ပြပေးမယ်။" သူမ စကားဆိုလိုက်သည်။
"လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်ကိုပဲ အနှောင့်အယှက် ပေးရတော့မှာပဲ။" ဇူယွမ်မှ အလျင်အမြန် ပြန်၍ပြောလိုက်သည်။
ရဲ့ပင်းလင်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "မဟုတ်တာ။ နင်လည်း လက်ထောက်ခေါင်းဆောင်ပဲဟာ။ အခု နင့်လစာထုတ်ဖို့ ငါနင့်ကိုခေါ်သွားပေးမယ်။"
ဇူယွမ်မှ မငြင်းပယ်နိုင်တော့ပေ။
ရဲ့ပင်းလင် ဦးဆောင်ရာသို့ ဇူယွမ်နှင့် ရိချိုးရွှယ် လိုက်ပါသွားလိုက်ကြသည်။
ကွင်းပြင်အတွင်းရှိ လူများမှာ ၎င်းတို့သုံးဦး အတူတကွ ထွက်ခွာသွားသည်ကို အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေကြသည်။ ရဲ့ပင်းလင်သည် ပုံမှန်အားဖြင့် အလွန်တရာ အေးစက်လွန်းပါသော်လည်း ဇူယွမ်ကိုမူ ဦးစွာသွားရောက်နှုတ်ဆက်သည့်အပြင် ပြုံးပင်ပြုံးရယ်လိုက်သေးသည်။
လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်မှာ ဇူယွမ်အား သဘောကျနေပါသည်လော။
ရဲ့ပင်းလင်အား ကြိုက်နှစ်သက်နေသော လူငယ်များစွာမှာ စိတ်အလိုမကျ ဖြစ်ကုန်ကြရသည်။ ၎င်းတို့၏ အမြင်တွင်မူ ဇူယွမ်မှာ လက်ထောက်ခေါင်းဆောင် ဖြစ်ပါသော်လည်း ရဲ့ပင်းလင်နှင့် မထိုက်တန်ပေ။
"ဒီကောင်က ရုပ်လေးနဲ့ လုပ်စားနေတာပဲ။"
လူငယ်များမှာ ကူကယ်ရာမဲ့စွာဖြင့် ဇူယွမ်အား ဝေဖန်အပြစ်တင်လိုက်ကြသည်။
ဇူယွမ်နှင့် ရိချိုးရွှယ်မှာမူ ရဲ့ပင်းလင်၏ ဦးဆောင်မှုဖြင့် လေနန်းဆောင်တခွင် လှည့်လည်ကြည့်ရှုနေလျက် ရှိသည်။
ရဲ့ပင်းလင်မှာ စကားနည်းသူ ဖြစ်ပါသော်လည်း ရိချိုးရွှယ် ရှိနေခြင်းကြောင့် အခြေအနေမှာ အတော်ကောင်းမွန်နေသည်။ မိန်းကလေးနှစ်ဦး စကားစမြည် ပြောဆိုနေကြပြီးနောက် ရဲ့ပင်းလင်၏ မျက်နှာအမူအရာမှာလည်း ပိုမိုပျော့ပြောင်းလာသည်။
ဇူယွမ်မှာ ၎င်းတို့စကားစမြည် ပြောဆိုနေကြသည်ကို ဝင်ရောက်နှောင့်ယှက်ခြင်း မပြုပဲ လေနန်းဆောင်ရှိ မြင်ကွင်းများအား စိတ်ဝင်စားစွာ ကြည့်ရှုနေလေသည်။
ရဲ့ပင်းလင်မှ ဇူယွမ်အားကြည့်ကာ မေးမြန်းလိုက်သည်။ "ဇူယွမ်....နင့်ရဲ့ နတ်ဘုံခန်းဝါ နိဗ္ဗာန်က ပုံမှန်မဟုတ်ဘူးမလား။"
သူမသည် ဇူယွမ်၏ ရောင်စဉ်မျိုးစုံ ရောယှက်နေသော ရောင်လျှံဝန်းအား သတိပြုမိခဲ့သည်။ ထိုသည်မှာ ရှားပါးပါသော်လည်း ဟွမ်းယွမ်ကောင်းကင်ဒေသအတွင်း ယင်းသို့ထူးခြားသော ရောင်လျှံဝန်းများ သူမ အနည်းငယ် မြင်တွေ့ခဲ့ဖူးသောကြောင့် အထူးအဆန်း မဖြစ်မိပေ။
ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
"နင့်ရဲ့ နတ်ဘုံခန်းဝါက နိဗ္ဗာန်ခုနစ်ခုလောက်တော့ ရှိမယ်ထင်တယ်။"
"ဘာပဲပြောပြော....တကယ်ထူးခြားတာပဲ။ နင့်ရဲ့ ရောင်လျှံဝန်းက ရောင်စဉ်ရှစ်သွယ် ကွမ်းဟွမ်ရောင်လျှံဝန်းတွေထက်တောင် အများကြီးသာတယ်။"
သာမန် ကွမ်းဟွမ်ရောင်လျှံဝန်းများထက် ထိုသို့ထူးခြားနေသော ရောင်လျှံဝန်းများမှာ ပို၍သာလွန်လေ့ ရှိသည်။
ဇူယွမ်မှာ ရောင်စဉ်ကိုးသွယ် ရှိသည်ကို ထုတ်ဖော်ပြောကြားလိုခြင်း မရှိသဖြင့် ပြုံး၍သာ ခေါင်းညိတ်ပြလိုက်သည်။
"စီနီယာအမတော် ရဲ့ပင်းလင်က နိဗ္ဗာန်ကိုးခုမလား။" ဇူယွမ်မှ မေးမြန်းလိုက်သည်။ အစောပိုင်းကပင် ရဲ့ပင်းလင်မှာ ရိချိုးရွှယ်နှင့် ပျော်ရွှင်စွာ စကားစမြည်ပြောနေရင်း သူမအား စီနီယာအမတော်ဟု ခေါ်ဆိုခွင့်ပြုခဲ့သည်။
"ချန်းပိုင်ဖန်းရော ငါရောက နိဗ္ဗာန်ကိုးခု ရှိကြတယ်။ ဒါပေမယ့် ငါတို့နှစ်ယောက်လုံးက အဆင့်နိမ့် နိဗ္ဗာန်တွေပါပဲ။" ရဲ့ပင်းလင်မှ ပြောလိုက်သည်။
"အဆင့်နိမ့် နိဗ္ဗာန်ကိုးခု ဟုတ်လား။" ဇူယွမ်မှာ အံ့အားသင့်သွားရသည်။ နတ်ဘုံခန်းဝါ နိဗ္ဗာန်အဆင့်သတ်မှတ်ချက်များကို ကန်ရွှမ်းကောင်းကင်ဒေသအတွင်း တစ်ခါမျှ မကြားခဲ့ရဖူးပေ။
ရဲ့ပင်းလင်မှာ ကြောင်တောင်တောင် ဖြစ်နေသော ဇူယွမ်အားကြည့်ကာ အနည်းငယ် အံ့သြသွားရသည်။ "နိဗ္ဗာန်ကိုးခုကို အဆင့်မြင့်၊ အလယ်အလတ်၊ အဆင့်နိမ့်ဆိုပြီး ခွဲထားတယ်။ ငါက နိဗ္ဗာန်ကိုးခု ဖွင့်နိုင်ခဲ့တယ်ဆိုပေမယ့် အဆင့်နိမ့် အနေအထားပဲ ရှိတယ်။ အဲ့ဒါကြောင့် အလယ်အလတ်နဲ့ အဆင့်မြင့် နိဗ္ဗာန်တွေလောက်တော့ မကောင်းဘူး။"
ဇူယွမ်မှာ ခါးသက်စွာ ပြုံးလိုက်မိသည်။ ဟွမ်းယွမ်ကောင်းကင်ဒေသမှာ အမှန်တကယ်ပင် မနာလိုချင်စရာ ကောင်းလှသည်။ နိဗ္ဗာန်ကိုးခုကိုပင် အဆင့်သတ်မှတ်ချက်များ ခွဲထားသည်ဆိုသောကြောင့် နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခု ဖွင့်ထားနိုင်သူ များစွာရှိနိုင်ပေသည်။
ကန်ရွှမ်းကောင်းကင်ဒေသတွင်မူ နိဗ္ဗာန်ကိုးခု ဖွင့်လှစ်နိုင်သူမှာ ရာဇဝင်တွင်မည့် သူရဲကောင်းပင် ဖြစ်သည်။ မည်သူကမှ အဆင့်သတ်မှတ်ချက်အား ဂရုစိုက်နေမည် မဟုတ်ပေ။
ပုံမှန်အားဖြင့် အဆင့်မြင့် နတ်ဘုံခန်းဝါ နိဗ္ဗာန်များမှာ ပို၍သာလွန်သည် ဆိုပါသော်လည်း ကျင့်ကြံအားထုတ်မှုကောင်းသည့် အဆင့်နိမ့် နတ်ဘုံခန်းဝါနိဗ္ဗာန် ပိုင်ဆိုင်ထားသူများကိုလည်း အထင်အမြင်သေး၍မရပေ။
"အဆင့်နိမ့် နတ်ဘုံခန်းဝါ နိဗ္ဗာန်ကလည်း နိဗ္ဗာန်ကိုးခုပဲလေ။ စီနီယာအမတော်က နိဗ္ဗာန် ရှစ်ခုပဲရှိတဲ့ ကျွန်မကို လှောင်နေတာလား။" ရိချိုးရွှယ်မှ ပြုံးကာပြောလိုက်သည်။
ရဲ့ပင်းလင်မှ အားနာသွားဟန်ဖြင့် စကားဆိုလိုက်သည်။ "အဲ့လိုမဟုတ်ပါဘူး။"
သူမသည် အေးစက်စက်နိုင်လွန်းပါသော်လည်း ရိချိုးရွှယ်လောက် ဉာဏ်နီဉာဏ်နက် များပုံမရပေ။ ရိချိုးရွှယ်မှာ အသက်ငယ်ငယ်ဖြင့် ရိကလန် တစ်ခုလုံးကို ထိန်းချုပ်နေရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
၎င်းတို့စကားစမြည် ပြောနေရင်းဖြင့်ပင် ကြည်လင်နေသော ရေကန်တစ်ခု အနီးသို့ ရောက်ရှိလာကြသည်။ ရေကန်အလယ်တွင် လူပေါင်းများစွာ ဝင်ထွက်သွားလာနေသော မိုးပြာရောင် အဆောက်အဦးတစ်ခု ရှိနေသည်။
"ဒါက လေနန်းဆောင်ရဲ့ အထွေထွေခန်းမဆောင်ပဲ။ လတိုင်း လုပ်ဆောင်ရမယ့် တာဝန်တွေကို ဒီကနေပေးတယ်။ လစာရောပဲ။"
ရဲ့ပင်းလင်မှ ဦးဆောင်ကာ တံတားကိုဖြတ်၍ အဆောက်အဦးအတွင်း ဝင်ရောက်သွားသည်။ ထို့နောက် အခန်းအလယ်ရှိ အိပ်ငိုက်နေသော လူကြီးတစ်ဦးထံသွားကာ စကားဆိုလိုက်သည်။ "အဖိုးဝမ်....ဒါက လက်ထောက်ခေါင်းဆောင်အသစ်ပဲ။ အခုသူ့အတွက် လစာလာထုတ်တာ။" ရဲ့ပင်းလင်မှ ယဉ်ကျေးစွာ ပြောလိုက်သည်။
အဖိုးဝမ်ဆိုသူမှ မျက်လုံးများကိုပွတ်ကာ ဇူယွမ်အား ကြည့်ရှုလိုက်သည်။ "ဒါချီကျင့်သခင်မကိုယ်တိုင် ပို့လိုက်တဲ့ကောင်လေးလား။"
အဖိုးဝမ်မှ ပစ္စည်းအချို့ကို စားပွဲပေါ် တင်ပေးလိုက်သည်။
ရဲ့ပင်းလင်မှ "လေ"ဟု ရေးထိုးထားသော ရွှေရောင်တံဆိပ်ပြားတစ်ခုကို ဦးစွာကောက်ယူလိုက်သည်။
"ဒါက လက်ထောက်ခေါင်းဆောင် တံဆိပ်ပြားပဲ။ ဒါနဲ့ လေပြေကျွန်းကို ကာကွယ်ထားတဲ့ မုန်တိုင်းတိမ်စိုင်တွေကို ဖြတ်သွားလို့ရတယ်။ နောက်ဆိုရင် အကြီးအကဲ ရိယန်ကို လိုက်ပို့ခိုင်းစရာ မလိုတော့ဘူး။" သူမ ရှင်းပြရင်းဖြင့် တံဆိပ်ပြားကို ဇူယွမ့်ထံ ပေးအပ်လိုက်သည်။
ဇူယွမ်မှ အလျင်အမြန် တံဆိပ်ပြားအား သိမ်းဆည်းလိုက်သည်။
"ဒါက ဒီလအတွက် နင့်ရဲ့လစာ။ လက်ထောက်ခေါင်းဆောင်တွေက တစ်လကို အဆင့်မြင့် နတ်ဘုံခန်းဝါဆေး နှစ်ရာ့ငါးဆယ်ရတယ်။" ရဲ့ပင်းလင်မှ သိုလှောင်အိတ် အသေးတစ်ခုအား ထပ်မံပေးအပ်လိုက်သည်။
"အဆင့်မြင့် နတ်ဘုံခန်းဝါဆေး နှစ်ရာ့ငါးဆယ်လား။" ဇူယွမ်မှာ အလွန်ပျော်ရွှင်သွားရသည်။ လက်ထောက်ခေါင်းဆောင်နေရာ၏ လစာမှာ အမှန်တကယ် ကောင်းမွန်လွန်းလှသည်။
ရိကလန်၏ ဆုကြေးထက်ပင် ပို၍မြင့်မားသေးသည်။
ရဲ့ပင်းလင်မှာ ခေါင်းတခါခါဖြင့် အကြွေစေ့သဏ္ဍာန် အဝိုင်းတစ်ခုကို ပစ်ပေးကာ ပြောလိုက်သည်။ "အဆင့်မြင့် နတ်ဘုံခန်းဝါဆေးက ကောင်းတယ်ဆိုပေမယ့် ထျန်းယွမ်နယ်မြေမှာ ဘယ်လူငယ်ကမှ နတ်ဘုံခန်းဝါဆေးကိုလိုချင်လို့ နန်းဆောင်လေးခုဆီ ဝင်လာတဲ့သူ မရှိဘူး။"
"ဒါအတွက်ပဲ ဝင်လာကြတာ။"
သူမ လက်ကိုမြှောက်ကာ ရောင်စဉ်များပြေးနေသော ကျောက်သားဖြင့် ပြုလုပ်ထားသည့် ဝိုင်းစက်နေသော အကြွေစေ့တစ်ခုကို ထုတ်ပြလိုက်သည်။
ထိုဝိုင်းစက်စက် ကျောက်ပြားလေးအားကြည့်ကာ ရဲ့ပင်းလင်သည်ပင် အနည်းငယ် ပြုံးရွှင်သွားသည်။
"အဲ့ဒါဘာလဲဟင်။" ဇူယွမ်မှ စိတ်မရှည်စွာ မေးမြန်းလိုက်သည်။
ရဲ့ပင်းလင်မှာ ထိုကျောက်ပြားလေးအား လေထဲသို့ မြှောက်တင်လျက် စကားဆိုလိုက်သည်။
"ဒါက ထျန်းယွမ်နယ်မြေက နန်းဆောင်လေးခုအတွက် ထူးခြားတဲ့ ရတနာပဲ။"