← Chapters

မူလလိပ်ပြာလေးခုမျှော်စင်

Vol. 57 Ch. 791

မူလလိပ်ပြာလေးခုမျှော်စင်

Vol. 57 Ch. 791

တလက်လက် တောက်ပနေသော အကြွေစေ့သဏ္ဍာန် အပြားလေးအား ဇူယွမ်မှ ဖမ်းဆုပ်လိုက်သည်။ ၎င်းအား ထူးခြားသော ကျောက်တစ်မျိုးမျိုးဖြင့် ထုဆစ်ထားဟန် ရှိသည်။ ဇူယွမ်မှာ သိချင်စိတ်များ ပိုမိုပြင်းပြလာရသည်။

"ထူးခြားတဲ့ ရတနာ ဟုတ်လား။"

ဇူယွမ်မှာ ထိုအကြွေစေ့သဏ္ဍာန် အပြားအတွင်းမှ မည်သည့်ချီစွမ်းအင်ကိုမျှ မခံစားမိပေ။ "ဒါနဲ့က ဘာလုပ်လို့ရတာလဲ။"

ရဲ့ပင်းလင်၏ အဆိုအရ ထိုအကြွေစေ့ကြောင့်ပင် နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစွာမှာ နန်းဆောင်လေးခုထံ လာရောက်ကြခြင်းဖြစ်သည်ဟု သိရသည်။

ရဲ့ပင်းလင်မှာ နားမလည်နိုင်စွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ ဘာလို့သူက နန်းဆောင်လေးခုအကြောင်း နည်းနည်းမှ မသိရတာလဲ....

ရိချိုးရွှယ်မှ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။ "နန်းဆောင်လေးခုရှိတဲ့ ကျွန်းဆွယ်လေးခု အလယ်မှာ ထူးခြားတဲ့ ကျွန်းမျောတစ်ခု ရှိတယ်။ အဲ့မှာ မူလလိပ်ပြာလေးခုမျှော်စင်လို့ခေါ်တဲ့ နေရာတစ်ခုလည်းရှိတယ်။ အဲ့မျှော်စင်ကို နယ်မြေအရှင်သခင် ကန်းယွမ်ကိုယ်တိုင် တည်ဆောက်ထားတာ။"

"မူလလိပ်ပြာလေးခုမျှော်စင်..." ဇူယွမ်မှ ရေရွတ်လိုက်သည်။

"မူလလိပ်ပြာလေးခုမျှော်စင်မှာ လေ၊ မီး၊ သစ်တော၊ တောင်တန်းဆိုပြီး နေရာလေးခု ပါတယ်။" ရိချိုးရွှယ်မှ ညင်သာစွာ ပြောလိုက်သည်။

"မူလလိပ်ပြာလေးခုမျှော်စင်က ကျင့်ကြံရေးအတွက် အထောက်အကူဖြစ်လား။" ဇူယွမ်မှ သိလိုစိတ် ပြင်းပြစွာ မေးမြန်းလိုက်သည်။

ရဲ့ပင်းလင်မှ စကားဆိုလိုက်သည်။ "အင်း....ပြီးတော့ မူလလိပ်ပြာလေးခုမျှော်စင်က ပုံမှန်ကျင့်ကြံရေး နေရာမျိုး မဟုတ်ဘူး။"

"ဘယ်လိုပြောရမလဲ...."

သူမ ခေတ္တမျှ စဉ်းစားကာ ဆက်၍ပြောလိုက်သည်။ "မူလလိပ်ပြာလေးခုမျှော်စင်ဆီကို သွားချင်ကြတဲ့ အဓိက အကြောင်းအရင်းက ပြီးပြည့်စုံတဲ့ မှော်စာလုံးတစ်ခု ရနိုင်ဖို့ပဲ။"

"မှော်စာလုံး ဟုတ်လား။" ဇူယွမ်မှာ နားမလည်နိုင် ဖြစ်သွားရသည်။

"ထာဝရ မှော်စာလုံး..."

ဇူယွမ်မှာ အလွန်အံ့အားသင့်သွားရသည်။ "ထာဝရ မှော်စာလုံးဟုတ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။"

မှော်စာလုံးများသည် ကျင့်ကြံခြင်းအတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါသော်လည်း ထာဝရ တည်မြဲခြင်း မရှိပဲ အချိန်ကာလ အကန့်အသတ်ထိသာ အသုံးဝင်ပေသည်။

အလွန်ရှေးကျသော ထိပ်တန်းမှော်စာလုံးအချို့နှင့် အဆင့်အမြင့်ဆုံး မှော်စာလုံးများကသာ ထာဝရအဖြစ် တည်မြဲနိုင်သည်။

ရဲ့ပင်းလင်၏ ပြောကြားချက်အရ နန်းဆောင်လေးခုသို့ ဝင်ခွင့်ရသူတိုင်းအတွက် ထာဝရ မှော်စာလုံး ပိုင်ဆိုင်နိုင်သည့် အခွင့်အရေး ရှိနေပုံ ရသည်။

မှော်စာလုံးပညာရပ်အား လေ့လားလိုက်စားခဲ့သော ဇူယွမ်ကဲ့သို့ သူမျိုးအတွက် ထိုသည်မှာ အလွန်စိတ်ဝင်စားဖွယ်ရာပင်။

"မူလလိပ်ပြာလေးခုမျှော်စင်အကြောင်း ငါလည်းသေချာတော့ နားမလည်ပေမယ့် နယ်မြေအရှင်သခင် ကန်းယွမ်ကိုယ်တိုင် ဆောက်ခဲ့တာဆိုတော့ ထူးခြားတယ်။"

"မူလလိပ်ပြာလေးခုမျှော်စင်မှာ လေလိပ်ပြာမှော်စာလုံး၊ မီးလိပ်ပြာမှော်စာလုံး၊ သစ်တောလိပ်ပြာမှော်စာလုံးနဲ့ တောင်တန်းလိပ်ပြာမှော်စာလုံးဆိုပြီး ထာဝရမှော်စာလုံးလေးခုကို ရနိုင်တယ်။"

"ငါတို့လေနန်းဆောင်ကို ဥပမာအနေနဲ့ ပြောပြမယ်။ မူလလိပ်ပြာလေးခုမျှော်စင်ထဲမှာ ငါတို့လေနန်းဆောင်အတွက် နေရာရှိတယ်။ အဲ့နေရာမှာ လေပြင်းမုန်တိုင်းတွေ၊ လေနီကြမ်းတွေက အမြဲကြီးစိုးနေတယ်။ အထဲကိုရောက်သွားရင် အဲ့ကလေပြင်းမုန်တိုင်းတွေက ထွက်လာတဲ့ စွမ်းအင်တွေကြောင့် အသားတွေကို ဓားနဲ့လှီးခံရသလိုပဲ။ ဒါပေမယ့် အဲ့ဒါကို တောင့်ခံနိုင်မယ်ဆိုရင် မူလအမှတ်အသားတွေ ရလာလိမ့်မယ်။ အဲ့လိုနဲ့ မူလအမှတ်အသားတွေကိုစုပြီး ထာဝရမှော်စာလုံးကို ဖြည်းဖြည်းချင်း ရလာလိမ့်မယ်။"

"လေလိပ်ပြာမှော်စာလုံးက စွမ်းအားကြီးလား။" ဇူယွမ်မှ မေးမြန်းလိုက်သည်။

ရဲ့ပင်းလင်မှ ရှင်းပြလိုက်သည်။ "လေလိပ်ပြာမှော်စာလုံးက လူတစ်ယောက်ရဲ့ အရှိန်နှုန်းကို မြှင့်ပေးနိုင်တယ်။ သစ်တောလိပ်ပြာမှော်စာလုံးကတော့ ဒဏ်ရာတွေ ပျောက်ကင်းတာ ပိုမြန်လာစေတယ်။ မီးလိပ်ပြာမှော်စာလုံးက ချီစွမ်းအင်ရဲ့ ပေါက်ကွဲမှုနှုန်းကို ကောင်းစေပြီး တောင်တန်းလိပ်ပြာမှော်စာလုံးကတော့ ပြင်ပခန္ဓာ ခံနိုင်ရည်အားကို မြှင့်ပေးတယ်။"

"အရေးကြီးဆုံးကတော့ ထာဝရမှော်စာလုံး လေးခုလုံးက ချီစွမ်းအင်ကို မြှင့်တင်ပေးနိုင်တယ်။"

ရဲ့ပင်းလင်မှာ ထိတွေ့ချင်စဖွယ်ကောင်းသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပစွာ လှပနေသည့် သူမ၏ညာလက်အား ထုတ်ပြလိုက်သည်။

ဇူယွမ်မှာ သူမ၏အလှကို စိတ်ထဲမှ ချီးကျူးလိုက်မိပါသော်လည်း အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုနေခြင်း မရှိ။

ရဲ့ပင်းလင်မှာ ဇူယွမ်၏ တည်ကြည်မှုအပေါ် အတော်စိတ်ကျေနပ်သွားမိသည်။ သူမ တွေ့မြင်ခဲ့ဖူးသော ယောက်ျားအများစုမှာ သူမ၏လက်ကလေးအား မြင်တွေ့ရရန် ငမ်းငမ်းတက် ဖြစ်နေကြခဲ့သူချည်းပင်။

အေးစက်နေသော ချီစွမ်းအင်များ လက်ချောင်းထိပ်၌ စုဝေးလာပြီးနောက် မိုးပြာရောင် အလင်းအစက်အပြောက်များ ထွက်ပေါ်လာကာ ပြီးပြည့်စုံခြင်း မရှိသော မှော်စာလုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုမှော်စာလုံး ထွက်ပေါ်လာသည်နှင့် ရဲ့ပင်းလင်၏ ချီစွမ်းအင်အခြေခံအုတ်မြစ် တိုးတက်သွားသည်ကို ဇူယွမ်မှ သတိပြုလိုက်မိသည်။

"ငါ့ရဲ့ လေလိပ်ပြာမှော်စာလုံးက တဝက်တော့ ရနေပြီ။ ပြောရရင် ချီကြယ်ပွင့် တစ်သန်းစာပေါ့။" ရဲ့ပင်းလင်မှ ပြောလိုက်သည်။

သူမ၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ဆယ်သန်းထိပင် ရောက်ရှိနေပြီ ဖြစ်ပါသော်လည်း တစ်သန်းမှ ထပ်မံရရှိနိုင်ခြင်းမှာ ကောင်းမွန်သောအရာပင်။

"ဝါး..."

ဇူယွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ တဝက်မျှသော ထာဝရမှော်စာလုံးသည် ချီကြယ်ပွင့် တစ်သန်းမျှပင် ပေးစွမ်းနိုင်သည်တဲ့လား။

ထိုသို့ဆိုလျှင် ပြီးပြည့်စုံသော ထာဝရမှော်စာလုံး တစ်ခုသည် ချီကြယ်ပွင့် နှစ်သန်းမျှ ထောက်ပံ့နိုင်ပေလိမ့်မည်။

လက်ရှိအချိန်၌ ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ချီကြယ်ပွင့် ရှစ်သန်းအနေအထားသို့ ရောက်ရှိနေပြီဖြစ်ကာ ပြီးပြည့်စုံသော ထာဝရမှော်စာလုံး တစ်ခုသာ ရရှိခဲ့ပါက ချီကြယ်ပွင့် လေးပုံတစ်ပုံမျှ တိုးတက်သွားမည် ဖြစ်သည်။

ဇူယွမ်မှာ ရဲ့ပင်းလင် ရှင်းပြပြောဆိုခဲ့သည်များကို ယခုမှသာ ကောင်းစွာနားလည်သွားရသည်။

ထာဝရမှော်စာလုံးမှာ တိုက်ပွဲစွမ်းရည်အား မြှင့်တင်ပေးနိုင်သည်။

ရဲ့ပင်းလင်မှ ပြုံးကာစကားဆိုလိုက်သည်။ "မူလလိပ်ပြာလေးခုမျှော်စင်က ဟွမ်းယွမ်ကောင်းကင်ဒေသ တစ်ခုလုံးမှာတောင် ထူးခြားတဲ့နေရာတစ်ခုလို့ သတ်မှတ်လို့ရတယ်။ နယ်မြေအရှင်သခင် ကန်းယွမ်က မူလမှော်စာလုံးပညာမှာ တစ်ဖက်ကမ်းခတ် တော်လွန်းလို့သာ ဒါမျိုးလုပ်နိုင်တာ။ မဟုတ်ရင် လုံးဝမဖြစ်နိုင်ဘူး။"

ဇူယွမ်မှ သက်ပြင်းချလိုက်သည်။ "သူကတကယ်တော်တာပဲ။"

"ဒါနဲ့.....မှော်စာလုံး တစ်လုံးထက် ပိုယူနိုင်တဲ့သူရှိလား။"

ရဲ့ပင်းလင်မှ ခေါင်းညိတ်ပြလိုက်သည်။ "အင်း...ဒါပေမယ့် စည်းကမ်းအရ လူတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်နန်းဆောင်နဲ့ပက်သတ်တဲ့ မှော်စာလုံးကို ရပြီးမှ တခြားမှော်စာလုံးတစ်ခုကို ယူခွင့်ရှိတယ်။"

"အဲ့ဒါဆို မှော်စာလုံး လေးခုလုံးယူနိုင်ရင် ချီစွမ်းအင် ဘယ်လောက်တောင် တက်သွားမှာလဲ။" ဇူယွမ်မှ သိလိုစိတ် ပြင်းပြစွာ မေးလိုက်သည်။ ထာဝရမှော်စာလုံး တစ်ခုလျှင် ချီကြယ်ပွင့် နှစ်သန်းမျှ တိုးတက်လာပါက လေးခုလုံး ပြီးပြည့်စုံချိန်၌ မည်မျှပင် တိုးတက်လာမည်နည်း။

ရဲ့ပင်းလင်မှ ခေါင်းခါယမ်းကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

"နင့်ကိုယ်နင် ယူနိုင်မယ်များ ထင်နေတာလား။"

စားပွဲတွင် ငိုက်မြည်းနေသော အဖိုးဝမ်မှ ဝင်ရောက်ပြောဆိုလိုက်သည်။ "မှော်စာလုံး တစ်ခုဖြစ်လာဖို့ လွယ်တယ်ထင်နေတာလား ကောင်လေး။ ရဲ့ပင်းလင်ကို မေးကြည့်ပါဦး။ အခုအနေအထားရောက်ဖို့တောင် သူမဘယ်လောက် အချိန်ယူခဲ့ရလဲဆိုတာ။"

ရဲ့ပင်းလင်မှ နှုတ်ခမ်းအား ဖွဖွဖိကိုက်ကာ ပြောလိုက်သည်။ "တစ်နှစ်ခွဲ..."

"အရေးကြီးဆုံးက မူလလိပ်ပြာလေးခုမျှော်စင်ကို ဝင်ခွင့်ရတဲ့အချိန်က အကန့်အသတ် ရှိနေတာပဲ။ တစ်ယောက်ကို သုံးနှစ်ထိပဲ မူလလိပ်ပြာလေးခုမျှော်စင် သွားခွင့်ရှိတယ်။ သုံးနှစ်ပြည့်သွားတာနဲ့ မူလလိပ်ပြာလေးခုမျှော်စင်ထဲ လုံးဝဝင်ခွင့် မရှိတော့ဘူး။"

"အခုလက်ရှိ နန်းဆောင်လေးခုမှာ တခြားနန်းဆောင်သုံးခုက ခေါင်းဆောင်တွေကတော့ ထာဝရ မှော်စာလုံး တစ်ခုစီ ရထားပြီးကြပြီ။ ယှဉ်ရရင် ငါတို့လေနန်းဆောင်က အားအနည်းဆုံးပဲ။ လောလောဆယ် ငါနဲ့ချန်းပိုင်ဖန်းတောင် ထာဝရမှော်စာလုံး တဝက်ထိပဲ ရသေးတယ်။"

ဇူယွမ်မှာ အံ့အားသင့်သွားရသည်။ "ဘာလို့ ကန့်သတ်ထားတာလဲ။"

အဖိုးဝမ်မှ ရှင်းပြလိုက်သည်။ "မျှော်စင်ထဲ ဝင်သွားတာနဲ့ မူလအမှတ်အသားတွေ ရဖို့အတွက် မင်းရဲ့စိတ်ဝိဉာဉ်စွမ်းအင်တွေ သုံးရလိမ့်မယ်။ အဲ့တော့မှ ထာဝရမှော်စာလုံးကို ရနိုင်မှာ။"

"ငါတို့စမ်းသပ်ချက်တွေအရတော့ သုံးနှစ်ဆိုတာ အလွန်ဆုံး အချိန်အကန့်အသတ်ပဲ။ ဘာလို့လဲဆိုတော့ စိတ်ဝိဉာဉ်စွမ်းအင်က အဲ့အချိန်အကန့်အသတ်ထက်ပိုပြီး နာကျင်မှုကို ခံနိုင်ရည် မရှိလောက်ဘူး။"

"ဒီကမ္ဘာကြီးမှာ အလကားရတာ ဘာမှမရှိဘူးလေ။ တစ်ခုလိုချင်ရင်တော့ တစ်ခုပေးဆပ်ရမှာပဲ။"

ဇူယွမ်မှာ ကောင်းစွာနားလည်သဘောပေါက်သွားရသည်။ ထာဝရမှော်စာလုံးအား ရရှိနိုင်ရန် စိတ်ဝိဉာဉ်စွမ်းအင်များ အသုံးပြုရသည်မှာ လက်ခံနိုင်စရာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မျှော်စင်၌ သူနားမလည်နိုင်သော အချက်အလက်များစွာ ရှိနေဦးမည် ဖြစ်သည်။ ဆရာသခင် ကန်းယွမ်ကိုယ်တိုင် တည်ဆောက်ထားသော မျှော်စင်ဖြစ်သောကြောင့် လက်ရှိ သူ၏မှော်စာလုံးပညာရပ် အခြေအနေမျှဖြင့် အပြည့်အဝ သိရှိနားလည်နိုင်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ သုံးနှစ်အတွင်း ထာဝရမှော်စာလုံး လေးခု ပြည့်စုံအောင် ရယူနိုင်ရန်မှာ မဖြစ်နိုင်လောက်ချေ။

ထာဝရမှော်စာလုံး တစ်လုံးကပင် အလွန်ပြီးပြည့်စုံသော ကောင်းကျိုးများ ရရှိနိုင်သည် မဟုတ်ပါလော။

"ဒါဆို...."

ဇူယွမ်၏ မျက်ဝန်းများမှာ လိုချင်ရမ္မက်များဖြင့် လောင်ကျွမ်းလာရသည်။ "ဒီမူလအကြွေစေ့ဆိုတဲ့ဟာက မူလလိပ်ပြာလေးခုမျှော်စင်ကိုဝင်ဖို့ လိုအပ်တဲ့ဟာလား။"

ရဲ့ပင်းလင်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "မျှော်စင်ထဲကိုရောက်ရင် မူလအမှတ်အသားတွေ ရဖို့အတွက် မူလအကြွေစေ့ကို လောင်ကျွမ်းပစ်ဖို့လိုတယ်။ အကြွေစေ့ များများလောင်ကျွမ်းလေ၊ မူလအမှတ်အသား များများရလေပဲ။ လောင်ကျွမ်းဖို့ မူလအကြွေစေ့မရှိရင် ထာဝရ မှော်စာလုံးကို ဘယ်လိုမှ မရနိုင်ဘူး။"

"ပုံမှန်အဖွဲ့ဝင်တွေကတော့ တစ်လကို မူလအကြွေစေ့ နှစ်ဆယ်ရတယ်။ နင်က လက်ထောက်ခေါင်းဆောင်ဆိုတော့ တစ်လကို အကြွေစေ့ ရှစ်ဆယ်ရလိမ့်မယ်။ ဒီထက်ပိုလိုချင်ရင်တော့ တာဝန်တွေ လုပ်တာဖြစ်ဖြစ်၊ တခြားသူတွေဆီက တစ်ခုခုနဲ့ လဲလှယ်တာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။"

ဇူယွမ်မှာ တလက်လက် တောက်ပနေသော မူလအကြွေစေ့အား မက်မောစွာ ကြည့်ရှုလိုက်မိသည်။ ရဲ့ပင်းလင်ကဲ့သို့ အေးစက်စက်နိုင်လွန်းသူသည်ပင် အဘယ့်ကြောင့် မူလအကြွေစေ့အားကြည့်ကာ ပြုံးရွှင်နေရသည်ကို နားလည်နိုင်ခဲ့လေပြီ။

အဘယ့်ကြောင့်ဆိုသော် မူလအကြွေစေ့မှာ အမှန်တကယ် အဖိုးတန်လွန်းသော ချစ်စဖွယ် ရတနာလေးပင် မဟုတ်ပါလော။

ဇူယွမ်မှာ ဆုံးဖြတ်ချက်တစ်ခုအား ခိုင်ခိုင်မာမာ ချမှတ်လိုက်သည်။

လေလိပ်ပြာမှော်စာလုံးအား ရကိုရရမည်.....

All Chapters