မီးလျှံမာန်ပညာရပ်
Vol. 3 Ch. 34
စုမင်မှာ အိမ်ပေါ်မှ အလင်းရောင်ကို ကြည့်နေရင်း ခေတ္တမျှ တုံ့ဆိုင်းသွား၏။ သို့သော် သူ ရှေ့ဆက်လည်း မသွားခဲ့၊၊ တဖွဲဖွဲကျနေသည့် နှင်းစက်တို့ ဝန်းရံနေသည့် လရောင်အောက်တွင် စုမင်တယောက် ကိုယ့်အိမ်ကိုယ် ပြန်လာခဲ့လိုက်၏။
သူ့အိမ်မှာ အေးစက်နေသည်။ အိမ်တွင် သူမရှိသည်မှာ ကြာသွား၍ ဖြစ်မည်။ အသက်ရှူလိုက်တိုင်း အဖြူရောင် အငွေ့များ ထွက်လာတယ်၊၊ ဘေးက ရပ်ကြည့်နေသည့် သူပင် ချမ်းလာနိုင်၏။
အိမ်မှာ နွေးထွေးမှု ကင်းမဲ့နေသည်၊၊ သူသွားလည်ခဲ့သည့် လေ့ချိန်အိမ်နှင့်ယှဉ်လျှင် လုံးဝ ကွဲပြားခြားနားနေ၏။
စုမင်းက ထင်းနှင့်မီးသွေးတွေကို တိတ်တဆိတ် ရှာဖွေလိုက်၏။ ထို့နောက် အိမ်ထဲတွင် တစ်ယောက်တည်း မီးမွှေးသည်။ သွေးကြော ကျောက်သားကျင့်စဉ် အဆင့် (၃) ရှိသည့် မာန်စွမ်းအင်ကျင့်ကြံသူတစ်ယောက် အနေနှင့် စုမင်မှာ အအေးဒဏ်ကို အသာလေး တောင့်ခံနိုင်သည်၊၊ သို့သော် ဘာကြောင့်မှန်းမသိ အိမ်ထဲတွင် တစ်စုံတစ်ရာ လစ်ဟာနေသလိုမျိုး ခံစားနေရ၏။
သူသက်ပြင်းချပြီး မီးညှိလိုက်သည်။ မီးက တဖြည်းဖြည်းနှင့် ထင်းပုံပေါ်တွင် ရှိနေသည့် ထင်းအားလုံးထံ ပျံ့နှံ့သွားပြီး အိမ်လေးကို နွေးထွေးသွားစေသည်။ ၎င်းက အအေးဓာတ်ကို ဖယ်ရှားပြီး အိမ်ထောင့်လေးများအထိ အနွေးဓာတ်ကို ဖြန့်ကြက်ပေးနေ၏။
စုမင်တယောက်တည်း မီးပုံနားတွင်ထိုင်လျက် မီးရိပ်မီးလျှံများကို စိုက်ကြည့်ရင်း အတွေးရထားကို လွတ်လွတ်လပ်လပ်ကြီး ခရီးနှင်နေတော့၏။ သူသည် ငယ်ငယ်လေးထဲက လေ့ချန်၊ ပေလင်းနှင့် ချန်းရှင်းတို့အပေါ် မနာလို ဖြစ်ခဲ့ရသည်။ သူတို့တွင် အိမ်ရှိသည်။ မိစုံ၊ ဖစုံ ရှိသည်။ မိဘတွေရှိတယ်။
စုမင်အပေါ် အကြီးအကဲက အဘယ်မျှအထိ ကောင်းမွန်စွာ ဂရုစိုက်သည် ဆိုသော်လည်း သူသည် မျိုးနွယ်စု၏ အကြီးအကဲ ဖြစ်နေဆဲ ဖြစ်၏။ သူ့အချိန်အများစုကို မျိုးနွယ်ဝင်များအပေါ် ကာကွယ်ရင်း၊ ကူညီရင်း ကုန်ဆုံးနေသူ ဖြစ်သည်၊၊ စုမင်မှာ ငယ်စဉ်ကတည်းက အမှီအခိုကင်းကင်းနှင့် ဘဝကို တစ်ယောက်တည်း ရုန်းကန် ရပ်တည်တတ်အောင် သင်ယူခဲ့သည်။
အပြင်တွင် မြူနှင်းတို့ ထူထပ်သိပ်သည်းစွာ ကျဆင်းနေ၏၊ မျိုးနွယ်စုကို ဖြတ်တိုက်သွားသည့် လေပြည်မှာ ညည်းသံပါနေသည်၊၊ တံခါးဝမှ သားရေချပ်များကို တဖျတ်ဖျတ် လှုပ်ခါစေပြီး ဆူညံသံများ ထွက်ပေါ်နေ၏။ တစ်ခါတစ်ရံ လေပြင်းက ကန့်လန့်ကာကိုဖြတ်၍ အိမ်ထဲ ဝင်လာလျှင် မီးတောက်မှာ ယိမ်းထိုးလှုပ်ရှားသွားလေ၏။
စုမင်က မီးပုံရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း ဒူးများကို လက်နဲ့ဖက်ထား၏။ မီးတောက်ကို ကြည့်နေရင်း ခဏအကြာ သူ သက်ပြင်းချလိုက်သည်။
' အကြီးအကဲက ငါ့ကိုမွေးစားခဲ့တယ်ဆိုရင် ... ငါ့အဖေနဲ့ ငါ့အမေက ရှိနေတုန်းလား''
စုမင်မျက်ဝန်းများတွင် အထီးကျန်ဆန်မှုများ ပြည့်လျှမ်းနေသည်။ သူ အထီးကျန်နေသည့် ပုံရိပ်ကို ဘယ်သူ့ကိုမှ မပြချင်သည့်အတွက် ထိုအတွေးများကို သူ့စိတ်အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံထားလိုက်၏။ စုမင်မှာ ခံစားချက်ကို အပြုံးနှင့် ဖုံးကွယ်တတ်လာခဲ့သည်။
ယနေ့ည လေ့ချန်အိမ်တွင် နွေးထွေးသည့် ခံစားချက်ကိုရခဲ့၏။ အေးစက်နေသည့် သူ့သစ်သားအိမ်လေးထံ ပြန်ရောက်လာသည့်အခါ စုမင်တယောက် ရင်တွင်း ခံစားချက်ကို ဆက်လက် ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့။
"ပိုင်လင်းမှာလည်း အဖေနဲ့အမေ အနားမှာ မရှိပါဘူး။ အခုအချိန် သူ အနားယူနေပြီလား၊ ဒါမှမဟုတ် ငါ့လိုပဲမီးပုံဘေးနား ထိုင်ပြီး တွေးတောနေမလား..." ပိုင်လင်း၏ ရုပ်ပုံနှင့် ဆည်းလည်းသံအလား သာယာချိုအေးလှသည့် ရယ်သံလွင်လွင်လေးများကို ပြန်ကြားယောင်ရင်း ရေရွတ်လိုက်သည်၊၊
စုမင် ရုတ်တရက် တစ်ကိုယ်လုံး တောင့်မတ်သွား၏။ ဘာကြောင့် ပိုင်လင်းအပေါ် ယခုကဲ့သို့ ထူးထူးဆန်းဆန်း ခံစားချက်မျိုး ဝင်နေရသနည်းဟု အဖြေရှာဖော်ထုတ်မိသည်။ ပိုင်လင်း၏ အလှကြောင့်ဟု ထင်ရသော်လည်း ၎င်းမှာ အဓိကအကြောင်းပြချက် ဟုတ်မနေပြန်။
အဓိက အကြောင်းအရာမှာ သူမ၏အပြုံးများနှင့် လိမ္မာပါးနပ်မှုတို့၏ နောက်ကွယ်မှ တူညီတဲ့ အထီးကျန်ဆန်မှုကို ခံစားမိ၍ ဖြစ်နိုင်သည်၊၊
အချိန်ကုန်လွန်လာသည်နှင့်အမျှ အိမ်အတွင်း အနွေးဓာတ် ပိုမို တိုးပွားလာပြီး အအေးဒဏ်ကို မောင်းထုတ်လိုက်လေတော့သည်။ အိမ်နံရံပေါ်မှ ရေငွေ့များ တစက်စက် ကျဆင်းလာ၏။
အပူရှိန်က စုမင် နှလုံးသားကို နွေးထွေးလာစေပြီး ရင်ထဲမှ အထီးကျန်မှုကို တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားစေ၏၊၊ ထိုအခိုက် မိုးကောင်းကင်၏ အလိုတော်ကို ဆန့်ကျင်လျက် လေပြင်းတချက် ဝှေ့ခနဲ ဖြတ်တိုက်သွားသည်။ လေပြင်းမှာ အပြင်ဘက်မှ နှင်းလွှာထုကို မျိုးနွယ်စုများရှိရာသို့ သယ်ဆောင်လာခဲ့၏။ လေပြင်းမှာ အရှိန်အဟုန် ပြင်းလွန်း၏။ မမြင်ရသည့် လက်တစ်စုံက မျိုးနွယ်စုအပေါ် နှင်းခဲများနှင့် ပစ်ပေါက်နေသလိုပင်၊၊
စုမင်တို့အိမ်မှ ကျလစ်၊ ကျလစ် မြည်သံများက ပိုမိုဆူညံလာပြီး သားရေချပ် နှင့် ကန့်လန့်တွယ်ဆက်ထားသည့် တံခါးပင် ပွင့်ထွက်သွား၏။ လေတဟူးဟူး တိုက်ခတ်သံမှာ အိမ်ထဲထိ ပျံ့နှံ့ဝင်ရောက်လာ၏။ အိမ်ထဲသို့ ဆီးနှင်းများ ဝင်ရောက်လာပြီး မီးပုံပေါ် ကျလာ၏။ မီးတောက်များမှာ အလွန်အမင်း ယိမ်းထိုးပြီး သေသွားကြတော့သည်။
စုမင်က ခေါင်းမော့ပြီး တံခါးချပ်ကိုပင် လှုပ်ခါစေသည့် လေပြင်းများကို ကြည့်လိုက်၏။ နွေးအောင် မနည်းလုပ်ထားရသည့်တိုင် အလွယ်တကူ ကျူးကျော်ဝင်ရောက်လာသည့် အအေးဒဏ်ကို ခံစားလိုက်ရသည့် သူ့အိမ်လေးကို ကြည့်လိုက်သည်။ စုမင် တိတ်တဆိတ်သာ အိမ်ထဲမှ ထွက်လာလိုက်၏။ ထို့နောက် နှင်းမုန်တိုင်းထဲ မတ်မတ်ရပ်၍ မိုးကောင်ကင်ကို မော့ကြည့်လိုက်သည်။
မုန်တိုင်းက မင်းမူထား၍ လရိပ်ကို ခပ်ရေးရေးမျှသာ ကောင်းကင်တွင် တွေ့နေရ၏။
လကိုကြည့်နေရင်း လရဲ့အတောင်ပံများနှင့် မျိုးနွယ်စုပျက်ကြီးကြား တွေ့ခဲ့ရသည့် အလောင်းကောင်အကြောင်းကို ပြန်စဉ်းစားမိသည်။ အလောင်းကောင် ချန်ထားရစ်သည့် စကားစုများကို အဓိက စဉ်းစားနေမိသည်။
"မာန်ကို ရယူလိုတဲ့ဆန္ဒဟာ
အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့တယ်
သွေးကိုမီးတောက်မှာ လောင်ကျွမ်းခံလို့
စိတ်လိုလက်ရ
မိုးကောင်းကင်ကို ပြာချ
အဆုံးမရှိတဲ့ဒီလောကမှာ တိမ်တွေကနေ
မီးတောက်လ ဖြစ်ပေါ်လာခဲ့တာက အမှန်ဖြစ်ခဲ့လျှင်
ငါ့ကိုယ်ထဲကသွေးတွေကို လောင်ကျွမ်းစေလို့
ငါအသေအချာ တွေးဆပါ့မယ်
အများဆုံး ကိုးခု
ကျန်တစ်ခုဟာ ဥပဒေ
မီးတောက်မာန်သွေးကို ထွန်းညှိလို့
ကိုးကို ကိုးကွယ်
ငါတို့အား မီးတောက်မာန်ရဲ့ အာဏာကုန် ပိုင်ဆိုငိနိုင်စွမ်းပေးပါ "
စုမင် ရေရွတ်လိုက်သည်။ ထိုစကားစုကို သူ့စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ရေရွတ်နေမိ၏။ အဓိပ္ပာယ်ဖော်ရန် ကြိုးစားသော်လည်း တစ်ခုခု ပျောက်နေသေးသလို ခံစားရ၏။
“မာန်ကို ရယူလိုတဲ့ဆန္ဒဟာ အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့တယ်” မာန်ကို ရယူလိုတဲ့ဆန္ဒ ဆိုတာကတော့ ငါနားလည်တယ်။ အကြမ်းဖျင်းအနေနဲ့ မာန်ပညာရပ်ကို လိုချင် တပ်မက်မှုရှိတယ် လို့အဓိပ္ပာယ်ရပြီး ကောင်းတဲ့အဓိပ္ပာယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ... ဒီထဲက ငါ ဆိုတာက ဘယ်သူလဲ။ အလောင်းက သူ့ကိုယ်သူပြောတာလား.... ဒီလိုလည်း မတူပြန်ဘူး"
စုမင်တယောက်တည်း အိမ်အပြင်ဘက်ရှီ နှင်းမုန်တိုင်းထဲတွင် ထိုင်နေ၏။ သူ့အတွက်တော့ အိမ်အပြင်ဘက်မှာ ဖြစ်ဖြစ် အိမ်ထဲဖြစ်ဖြစ် ကွာခြားမှုမရှိပေ။ နှစ်နေရာလုံးက သူ့အပေါ် နွေးထွေးမှု မပေးနိုင်ကြပေ။
အနည်းဆုံးတော့ အပြင်ဘက်တွင် လေပြင်းမှာ သူ့အဖော်ဖြစ်ပြီး လမင်းကိုလည်း ကြည့်မြင်နိုင်သည်။
"ငါဆိုတာက ဘယ်သူလဲ မသိဘူး။ နောက်ပြီး စာစုရဲ့ ဒုတိယအကြောင်း..
အနယ်နယ်အရပ်ရပ်ကို ပျံ့နှံ့တယ်
သွေးကိုမီးတောက်မှာ လောင်ကျွမ်းခံလို့
စိတ်လိုလက်ရ
မိုးကောင်းကင်ကို ပြာချ" ဒီစာကြောင်းတွေက ဖြစ်ရပ်တစ်ခုခု အကြောင်း ပြောထားတာပဲ ဖြစ်မယ်။ ကြည့်ရတာ သွေးထဲကို မီးဓာတ်ထည့်သွင်းတာ ဆိုရင် တွေးကြည့်ရုံနဲ့တင် သူတို့ကောင်းကင်ကို မီးတက်ရှို့နိုင်တော့မယ့် အတိုင်းပဲ”
စုမင် မျက်လုံးများ တောက်ပလာ၏။ သူက ကောင်းကင်ပေါ်မှလကို ကြည့်နေရင်း အတွေးထဲ နစ်မျောနေသည်။
"အဆုံးမရှိတဲ့ ဒီလောကမှာ တိမ်တွေကနေ မီးတောက်လ ဖြစ်ပေါ်လာခဲ့တာက အမှန်ဖြစ်ခဲ့လျှင်"
တစ်ခါက အကြီးအကဲ ပြောခဲ့ဖူးသည့် စကားအတိုင်းဆိုလျှင် နေက ယင် ဖြစ်ပြီး လက ယန် ဖြစ်သည်။ ထိုစကားက အဓိပ္ပာယ်ရှိ၏။ အကြောင်းက နေ့မှာနွေးပြီး ညမှာ အေး၍ ဖြစ်သည်။
‘ဒါပေမဲ့ မီးတောက်လဆိုတာက ဘာလဲ။ မီးရောင်က အနီရောင်။ ဒါဆို အနီရောင်လဆိုတာက သွေးလွှမ်းလကို ပြောချင်တာများလား'
စုမင် နားမလည်၍ မျက်မှောင်ကြုတ်မိလိုက်သည်။
"အဆုံးမရှိတဲ့ဒီလောကမှာ တိမ်တွေကနေ
မီးတောက်လ ဖြစ်ပေါ်လာခဲ့တာက အမှန်ဖြစ်ခဲ့လျှင်
ငါ့ကိုယ်ထဲက သွေးတွေကိုလောင်ကျွမ်းစေလို့
ငါအသေအချာ တွေးဆပါ့မယ်
အများဆုံး ကိုးခု
ကျန်တစ်ခုဟာ ဥပဒေ
မီးတောက်မာန်သွေးကို ထွန်းညှိလို့
ကိုးကို ကိုးကွယ်
ငါတို့အား မီးတောက်မာန်ရဲ့ အာဏာကုန် ပိုင်ဆိုငိနိုင်စွမ်းပေးပါ" ဒါက လုပ်ငန်းရပ် တစ်ခုခုအကြာင်း ပြောနေတာနဲ့တူတယ်။ မီးတောက်မာန်ကို အာဏာကုန် ပိုင်ဆိုင်နိုင်စွမ်း....”
စုမင်က ကောင်းကင်ပေါ်မှ လကိုကြည့်နေရင်း သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာ၍ မျက်လုံးများ လက်ခနဲ ဖြာသွားသည်။
"ဧကန္တ ဒါက မာန်ပညာရပ်လား"
စုမင် အသက်ရှူသံများ မြန်လာသည်။ သူ အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ့ခေါင်းထဲပေါ်လာသည့် စကားလုံးများအကြောင်း အထပ်ထပ်အခါခါ စစ်ဆေးကြည့်သည့်အခါ ၎င်းမှာ မာန်ပညာရပ် တစ်ခုအကြောင်း ပြောနေခြင်းဖြစ်သည်ဆိုသော ထင်မြင်ချက်က ပို၍ အားကောင်းလာ၏။
"မာန်ကို ရယူလိုတဲ့ဆန္ဒဟာ
အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့တယ်
သွေးကိုမီးတောက်မှာ လောင်ကျွမ်းခံလို့
စိတ်လိုလက်ရ
မိုးကောင်းကင်ကို ပြာချ"
အထက်က စာကြောင်းများမှာ မာန်ပညာရပ်၏ စွမ်းအား အဘယ်မျှအထိ ကြီးမားကြောင်းကို ပြောပြထားခြင်း ဖြစ်သည်။
"အဆုံးမရှိတဲ့ ဒီလောကမှာ တိမ်တွေကနေ
မီးတောက်လ ဖြစ်ပေါ်လာခဲ့တာက အမှန်ဖြစ်ခဲ့လျှင်
ငါ့ကိုယ်ထဲကသွေးတွေကို လောင်ကျွမ်းစေလို့
ငါအသေအချာ တွေးဆပါ့မယ်
အများဆုံး ကိုးခု
ကျန်တစ်ခုဟာ ဥပဒေ
မီးတောက်မာန်သွေးကို ထွန်းညှိလို့
ကိုးကို ကိုးကွယ်
ငါတို့အား မီးတောက်မာန်ရဲ့အာဏာကုန် ပိုင်ဆိုငိနိုင်စွမ်းပေးပါ "
ထိုစကားလုံးများက မာန်ပညာရပ်ကို လေ့လာသင်ယူနိုင်မည့်ပုံကို ပြောနေခြင်း ဖြစ်သည်။
“ဒါအမှန်ပဲ ဒီလိုဖြစ်သင့်တာ တကယ်လို့ အဆုံးမရှိတဲ့ ဒီလောကမှာ တိမ်တွေကနေ မီးတောက်လ ဖြစ်ပေါ်ခဲ့တာ အမှန်ဆိုရင် ..." ဆိုတာက ဒီပညာရပ်ကိုနေရာမှာ လိုအပ်တဲ့ လိုအပ်ချက်ချက်တွေကို ပြောထားတာ ဖြစ်မယ်”
စုမင် အားတက်သွားသည်။ ဒီစာကြောင်းများက သူ့ကို ဒီရက်ပိုင်းအတွင်း စိတ်အနှောင့်ယှက် ပေးနေခဲ့တာ ကြာခဲ့ပြီ။ ယခု စာကြောင်း အဓိပ္ပါယ်များကို သဘောပေါက် သွားသည့်အခါ စုမင် ချက်ချင်း ပျော်ရွှင်သွား၏။ သို့သော် ခဏအကြာတွင် မျက်မှောင်ကြုတ် မိပြန်၏။
“တစ်ခုခု မှားနေတုန်းပဲ။ ဒီမာန်ပညာရပ်ကို သင်ယူဖို့က မီးတောက်လက လိုအပ်ချက်ပဲ။ ဒါပေမဲ့ အခုမှမရှိတော့တာ... ငါက ဒီပညာရပ်ကို သင်ယူဖို့ နောက်ခေါက် သွေးလွှမ်းလ ပေါ်လာတဲ့ အထိ စောင့်ရဦးမှာလား"
စုမင်တယောက် နှုတ်ဆိတ်သွားသည်မှာ ကောင်းကင်ပေါ်မှ လမင်းနေရာတွင် နေမင်း အစားထိုး ဝင်ရောက်လာသည့် အချိန်ထိပင်။ မနက်ခင်း ရောက်လာသည့်တိုင် စုမင်မှာ ထိုပညာရပ်ကို သင်ယူနိုင်မည့် နည်းလမ်း ရှာမတွေ့သေး ဖြစ်နေသည်။
စုမင် သက်ပြင်းချလိုက်၏။ ပြီးလျှင် မတ်တပ်ရပ်ပြီး ကိုယ်လက် လှုပ်ရှားလိုက်သည်။ မျိုးနွယ်ဝင်တို့ပင် အိမ်မှ ထွက်လာပြီး နေ့သစ်အတွက် အလုပ်များ စတင်လုပ်ကိုင်နေကြပြီ ဖြစ်၍ စုမင် ကျေးရွာထဲမှ ထွက်လာခဲ့လိုက်သည်။
"သွေးကြော ကျောက်သား အဆင့် ၄ ကိုတက်ဖို့ သွေးကြော ၂၅ ခုပေါ်မှဖြစ်မယ်။ အခု ငါ့မှာက ၁၁ ကြောပဲ ရှိသေးတယ်။ ကျင့်ကြံတာကို မြန်မြန်လုပ်ရမယ်။ တောင်တန်း ဝိညာဉ်ဆေးလုံးဖော်ဖို့လည်း ရှိသေးတယ်။ အဲဒါက ဘယ်လို အာနိသင်ရှိလဲ မသိသေးဘူး။ ငါလေ့ကျင့်တဲ့ နေရာမှာ အသုံးဝင်ရင် ကောင်းမှာပဲ”
စုမင် တောထဲသို့ ပြေးသွားလိုက်၏။ သွေးကြောကျောက်သား ကျင့်စဉ် အဆင့် (၃) တက်သွားပြီဖြစ်၍ သူ့အရှိန်နှုန်းမှာ ထပ်တိုးလာသည်။
မွန်းတည့်ချိန်တွင် မဟူရာမီးတောင်ဆီ ရောက်လာပြီး ဂူဆီ တက်သွားလိုက်၏။ လမ်းတစ်ဝက် အရောက် စုမင်မျက်နှာ ပြုံးယောင်သန်းသွားသည်။ သူ ရှောင်ဟုန့်အသံကို ကြားလိုက်ရ၏။ ခေါင်းမော့ကြည့်သည့်အခါ ဂူပေါက်ဝနဘေးတွင် လဲလျောင်းနေသည့် အရိပ်နီလေးကို တွေ့လိုက်ရ၏။ သူ့လက်ထဲတွင် တောတွင်းသစ်သီးသစ်ဖုများကိုင်ပြီး လျှပ်စီးလိုအလျင်နှင့် စားသောက်နေ၏။ စားသောက်နေရင်း ဟိုဒီ မျက်စိကစားနေပြန်သည်။
စုမင် သူ့ကိုတွေ့သလို သူကလည်း စုမင်ကို တွေ့သွားသည်။ သူ့မျက်လုံးများ တောက်ပပြီး စားလက်စ သစ်သီးကို လွှင့်ပစ်ကာ စုမင်ထံ ပြေးလာလေ၏။ စုမင်နောက်ကျောပေါ် တွယ်တက်ပြီး စိတ်လှုပ်ရှားနေသည့်ဟန်နှင့် ကွိကွိကွကွ အော်နေတော့သည်။
စုမင် မျက်နှာတွင်လည်း ရွှင်လန်းသည့် အပြုံးလေး ပေါ်လာပြီး တောင်ကို ဆက်တက်၏။ မကြာခင် သူတို့ ဂူအပြင်သို့ ရောက်လာသည်။ တောင်တန်း၏ လေထုကို ပြည့်ပြည့်ဝဝ ရှူသွင်းလိုက်ပြီး မျောက်လေးနှင့်အတူ ဂူထဲသို့ ဝင်လာခဲ့လိုက်လေသည်။
အချိန်မှာ အေးချမ်းစွာ ကုန်ဆုံးနေသည်။ စုမင်တယောက် ဆေးများကို နိုင်စီးငြှိမ်းသတ်လိုက်၊ လေ့ကျင့်လိုက်နှင့် သာမန်နေ့စဉ်ဘဝလေးထဲ ပြန်ရောက်၍နေသည်။ ညအချိန်တွင် ကောင်းကင်ကို မော့ကြည့်ရင်း မီးတောက်လ၏အဓိပ္ပာယ် အစစ်အမှန်ကို တွေးတောနေ၏။
ဆေးမြစ်များကို နိုင်စီးငြှိမ်းသတ်ခြင်း လုပ်သည့် ဂူနံရံတွင် အချိန်ပေးပြီး အပေါက်ငယ်လေးများ ဖောက်လိုက်၏။ ဤနည်းဖြင့် ဂူထဲရှိနေလျှင်ပင် အပြင်ကလ၏ အခြေအနေကို အပေါက်ငယ်လေးများမှတစ်ဆင့် လေ့လာနိုင်မည် ဖြစ်၏။
ဂူထဲမှထွက်ပေါ်နေသည့် ဆူညံသံများမှာ အချိန် ကုန်လွန်လာသည်နှင့်အမျှ တစ်နေ့ထက်တစ်နေ့ တိုးလျလာသည်။ ခုနစ်ရက်အကြာ စုမင်မှာ တောင်တန်းဝိညာဉ်ဆေးလုံးကို ခက်ခက်ခဲခဲနှင့် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်၏။
ဆေးမှာ အပြာရင့်ရောင် ရှိသည်။ ရနံ့က သိပ်မပြင်းသော်လည်း နှာဝမှာတေ့ပြီး ရှူကြည့်သည့်အခါ တောင်စဉ်တန်းတို့၏ လေထုကို တကယ်ရှူရှိုက်ရသည့်ပမာ ခံစားရသည်။ ဖော်ပြခြင်းငှာ မစွမ်းသာသည့် ခံစားချက်တစ်ခု စုမင် တစ်ကိုယ်လုံး လှည့်လည် သွားလာနေတော့၏။
'တောင်တန်းဝိညာဉ်'
စုမင်က ဂူအပြင်မှာထိုင်ကာ လက်ထဲတွင် ဆေးလုံးကို ကိုင်ထားလျက် နေဝင်ချိန်ကို ကြိုဆိုခဲ့၏။ ဒီဆေးကို ဖော်စပ်ရသည်က မြူမှုန်ထိုးခွဲထက် အများကြီး ပိုခက်သည်။ ကျရှုံးရန် ရာခိုင်နှုန်းကလည်း အလွန်မြင့်သည်။
သူဝယ်လာသည့် တိမ်လွှာမြက်ပင် တစ်ဝက်လောက် အသုံးပြုပြီးဖြစ်သော်လည်း ယခုအချိန်ထိ ဆေးလုံးနှစ်လုံးသာ ဖော်စပ်နိုင်သေး၏။ ဖော်စပ်ရသည်မှာ အလွန် လက်ဝင်လွန်း၍ ဆေးလုံးတစ်လုံး စမ်းသောက်ကြည့်ရန်ပင် စုမင် ချီတုံချတုံ ဖြစ်နေမိ၏။
''အဆိပ် မဖြစ်လောက်ပါဘူးနော်”
စုမင်က ဆေးမှထွက်နေသည့် အနံ့ကို ရှူကြည့်သည်။ သူ့အတွေ့အကြုံအပေါ် အခြေခံပြီး ဆေးအာနိသင် ဘယ်လိုရှိမည်ကို အချိန်အတော်ကြာ မှန်းဆလေ့လာနေခဲ့၏။ တဖြည်းဖြည်းနှင့် ကောင်းကင်မှာ မှောင်မိုက်လာသည်။ ကောင်းကင်တစ်ခွင်လုံး မှောင်အတိကျသွားချိန် စုမင် မျက်လုံးများတွင် ဆုံးဖြတ်ချက် ပြတ်သားသည့်အရိပ်ယောင်များ ထင်ဟပ်လာသည်။ သူက ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်၏။
ဆေးလုံးက မြူမှုန်ထိုးခွဲနှင့် မတူ။ ပါးစပ်ထဲ ထည့်လိုက်ချိန် လျှာပေါ်တွင် အရည် ပျော်ကျမသွားပေ။ စုမင် မျက်မှောင်ကြုတ်လိုက်၏။ ဆေးလုံး ကြေသွားအောင် တစ်ချက်နှစ်ချက် ဝါးပစ်လိုက်သည်။ ထို့နောက် မျိုချလိုက်တော့၏။
ခေတ္တစောင့်ကြည့်သည့်တိုင် ဘာမှမခံစားရ။ စုမင် ဗိုက်ကိုကိုင်ပြီး နည်းနည်း ကြာကြာ ထပ်စောင့်၏။ ဂူထဲပြန်ဝင်ပြီး ခန္ဓာကိုယ်ထဲမှ သွေးများကို လှုံ့ဆော်ကာ လှည့်ပတ်ကြည့်၏။ သို့တိုင် အရင်အတိုင်း ထူးခြားမှုတစ်စုံတစ်ရာ မရှိပေ။
'ထူးဆန်းတယ်'
စုမင် လေးလေးနက်နက် တွေးတောလိုက်၏။ ခဏအကြာ သူ့မျက်လုံးများ တောက်ပလာပြီး ရင်ဘတ်ထဲမှ မြူမှုန်ထိုးခွဲ ထည့်ထားသည့် ပုလင်းကိုထုတ်ကာ တစ်လုံး မျိုချလိုက်၏။
မြူမှုန်ထိုးခွဲက ပါးစပ်ထဲတွင် ချက်ချင်း အရည်ပျော်ကျသွားပြီး အပူဓာတ်တစ်မျိုးက သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွား၏။ ထိုအခိုက် အံ့အားသင့်စရာ ကောင်းလွန်းသည့် အပူရှိန်တစ်မျိုး သူ့ကိုယ်ထဲမှ ရုတ်ချည်း ပေါက်ကွဲထွက်လာခဲ့၏။
***