ငါးခုမြောက်နိဗ္ဗာန်
Vol. 57 Ch. 792
ဇူယွမ်မှာ မူလလိပ်ပြာလေးခုမျှော်စင်အား အလွန်အမင်း စိတ်ဝင်စားမိပါသော်လည်း ယနေ့မှသာ လေနန်းဆောင်သို့ ရောက်ရှိလာခြင်းဖြစ်သောကြောင့် အလျင်စလို သွားရောက်ကြည့်ရှုခြင်း မပြုပေ။
ရဲ့ပင်းလင်မှသူ့အား နေထိုင်ရမည့် နေရာထံ လိုက်ပါပို့ဆောင်ပေးသည်။ လက်ထောက်ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် အခန်းငယ်များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ကောင်းမွန်သပ်ရပ်သည့် အိမ်တစ်လုံးကို ရရှိသည်။ ထိုအိမ်ငယ်လေးမှာ တောင်တန်းတဝက်ခန့်မျှ အမြင့်တွင် တည်ရှိနေခြင်းဖြစ်သဖြင့် ပတ်ဝန်းကျင်တွင် မြူခိုးတိမ်စိုင်များ ရစ်ဖွဲ့ကာ စိတ်အေးလက်သာ ရှိလှသည်။
ရိချိုးရွှယ်မှာမူ လေနန်းဆောင်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် ရေအိုင်ငယ်ကို မျက်နှာမူထားသော အေးချမ်းလှသည့် တဲအိမ်လေးတစ်ခုကို ရရှိလေသည်။
ဇူယွမ်တို့နှစ်ဦးအား နေရာထိုင်ခင်းများထံ လိုက်ပါပို့ဆောင်ပြီးနောက် ရဲ့ပင်းလင်မှာ နောက်နေ့မနက်တွင် မူလလိပ်ပြာလေးခုမျှော်စင်သို့သွားရန် လာခေါ်မည့်အကြောင်းပြောကာ နှုတ်ဆက်ထွက်ခွာသွားတော့သည်။
မိန်းကလေးနှစ်ဦးနှင့် နှုတ်ဆက်လမ်းခွဲပြီးသည့်နောက် ဇူယွမ်မှာ ရိုးရှင်းသော စားသောက်ဖွယ်ရာအချို့ စားသုံးကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ခေါင်းဆောင်ရွေးချယ်ပွဲမှာ နှစ်လခန့်သာ လိုတော့သည့်အတွက် ဇူယွမ်မှာ တက်နိုင်သမျှ အကောင်းဆုံး ကြိုးစားရန် လိုအပ်သည်။
ဇူယွမ်မှာ အဆင့်မြင့် နတ်ဘုံခန်းဝါဆေး နှစ်လုံးအား ထုတ်ယူလိုက်သည်။ ယခုအခါတွင် လေနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်နေရာ ရရှိထားပြီ ဖြစ်သောကြောင့် နတ်ဘုံခန်းဝါဆေးများ ရရှိရန် ခေါင်းကိုက်နေစရာ မလိုတော့ပေ။
ကျင့်ကြံခြင်း စတင်လိုက်သည်နှင့်တစ်ပြိုင်နက် အဆင်မြင့် နတ်ဘုံခန်းဝါဆေး နှစ်လုံးမှာ လင်းလက်တောက်ပလာပြီးနောက် အလင်းမှုန်များ ထွက်ပေါ်လာကာ နှာခေါင်းဝမှတဆင့် ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။
လေးခုမြောက်နှင့် ငါးခုမြောက် နိဗ္ဗာန်အကြားမှ နံရံမှာ ဖြည်းညင်းစွာဖြင့် ပါးလွှာလာသည်။
အချိန်လေးနာရီမျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ မျက်ဝန်းများကိုဖွင့်လျက် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသော အဆင့်မြင့် နတ်ဘုံခန်းဝါဆေးလုံး နှစ်လုံးကို ကြည့်ရှုလိုက်သည်။
"လေးခုမြောက်နဲ့ ငါးခုမြောက် နိဗ္ဗာန်ကြားက အလွှာက ပွင့်တော့မှာပဲ။"
ဇူယွမ်၏ မျက်ဝန်းများမှာ တောက်ပသွားရသည်။ ထိုအလွှာအား ဖွင့်လှစ်နိုင်ရန် ကြိုးစားနေရသည်မှာ အချိန်အတော်ကြာမြင့်နေပြီပင် ဖြစ်သည်။
ငါးခုမြောက် နိဗ္ဗာန်အား ဖွင့်လှစ်နိုင်ခဲ့ပါက အခြားသော နိဗ္ဗာန်လေးခုနှင့် ပေါင်းစပ်သွားမည်ဖြစ်ပြီး သူ၏ချီစွမ်းအင်အခြေခံအုတ်မြစ်မှာလည်း တိုးတက်လာပေလိမ့်မည်။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် တွေဝေမနေတော့ပဲ ဆယ်နှင့်ချီသော အဆင့်မြင့် နတ်ဘုံခန်းဝါဆေးများကို ထုတ်ယူလိုက်သည်။
သူသည် မျက်ဝန်းများကိုပိတ်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဘုံခန်းဝါဆေးများ တောက်ပလာကာ အလင်းမှုန်များ ထွက်ပေါ်လာလျက် နှာခေါင်းဝမှတဆင့် ခန္ဓာကိုယ်အတွင်း စီးဆင်းဝင်ရောက်သွားသည်။
ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း လည်ပတ်နေသော ချီစွမ်းအင်များမှာ ဖြည်းညင်းစွာဖြင့် ဆူပွက်လာသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ တောက်ပနေသော နတ်ဘုံခန်းဝါဆေးများမှာ တစ်လုံးပြီးတစ်လုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြသည်။
ထိုသို့ဖြင့် နတ်ဘုံခန်းဝါ ချီပင်လယ်အတွင်းရှိ လေးခုမြောက်နှင့် ငါးခုမြောက် နိဗ္ဗာန်ကြားအလွှာမှာလည်း ကျိုးပေါက်သွားလေတော့သည်။
အကန့်အသတ်မဲ့သော ချီစွမ်းအင်များမှာ ငါးခုမြောက် နိဗ္ဗာန်ထံ တဟုန်ထိုး ဝင်ရောက်လာကြသည်။
ငါးခုမြောက် နိဗ္ဗာန်ထံမှ ဆန်းကြယ်သော အလင်းတန်းများ ဖြစ်ပေါ်လာကာ ချီစွမ်းအင်များနှင့် ချက်ချင်းဆိုသလို ပေါင်းစည်းသွားသည်။
ချီစွမ်းအင်များ ပေါင်းစည်းမှုကြောင့် ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာလည်း တိုးတက်လာသည်။
လေထုအတွင်းရှိ ချီစွမ်းအင်များသည်ပင် ပွက်ပွက်ဆူနေသည်ဟု ထင်မှတ်ရပေသည်။
မိုးပြာရောင် အလင်းတန်းများနှင့်အတူ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့မှာ ဇူယွမ့်ထံမှ ထွက်ပေါ်နေလျက် ရှိသည်။
ထိုသို့ဖြစ်နေသည်မှာ အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက်တွင်မှ မိုးပြာရောင် အလင်းတန်းများမှာ ဖြည်းညင်းစွာဖြင့် ပြန်လည်ပျောက်ကွယ်သွားသည်။
ဇူယွမ်မှာ ပျော်ရွှင်ကျေနပ်စွာဖြင့် မျက်ဝန်းများကို ပြန်လည်ဖွင့်ဟလိုက်သည်။
"ငါ့ရဲ့ချီကြယ်ပွင့်က ဆယ့်တစ်သန်းလောက်တော့ ရှိပြီ။"
ငါးခုမြောက် နိဗ္ဗာန်အား မဖွင့်လှစ်နိုင်စဉ်က ဇူယွမ်မှာ ချီကြယ်ပွင့် ရှစ်သန်းမျှ ရှိနေခဲ့ခြင်းဖြစ်ပြီး ယခုချီကြယ်ပွင့် သုံးသန်းမျှ တိုးတက်သွားခြင်း ဖြစ်သည်။
ရဲ့ပင်းလင်သာ ယခုဖြစ်စဉ်ကို သိရှိသွားပါက အံ့သြလွန်း၍ ပါးစပ်အဟောင်းသားပင် ဖြစ်သွားလောက်သည်။
ပုံမှန်အားဖြင့် အဆင့်နိမ့် နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခု ပိုင်ဆိုင်ထားသူများသည် နိဗ္ဗာန်အလွှာတစ်ခု ဖွင့်လှစ်တိုင်း ချီကြယ်ပွင့် တစ်သန်းမျှ တိုးတက်လာပါသော်လည်း ဇူယွမ်မှာ ၎င်း၏သုံးဆမျှ ရရှိခဲ့သည်။
ပို၍အရေးကြီးသည်မှာ ဇူယွမ်သည် နတ်ဘုံခန်းဝါ ဗဟိုအဆင့်၌သာ ရှိနေသေးခြင်းဖြစ်ပြီး မဟာအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါက တိုးတက်လာမည့် ချီကြယ်ပွင့် ပမာဏမှာ ပိုမိုများပြားလာတော့မည်ပင်။
"ဒီနှုန်းအတိုင်းသာဆို နတ်ဘုံခန်းဝါ မဟာအဆင့် အထွဋ်အထိပ်ကို ရောက်တဲ့အချိန်ကြရင် ငါ့ရဲ့ချီကြယ်ပွင့်က သန်းသုံးဆယ်လောက် ဖြစ်နေမှာပဲ။" ဇူယွမ်သည်ပင် ထိုပမာဏအား အံ့အားသင့်သွားမိသည်။
သန်းသုံးဆယ်ရှိသော ချီစွမ်းအင်အခြေခံအုတ်မြစ်.....
ထိုပမာဏသက်သက်သည်ပင် နတ်ဘုံခန်းဝါ မဟာအဆင့် တော်တော်များများကို ကြောက်ရွံ့တုန်လှုပ်စေနိုင်သည်။
ဇူယွမ်မှာ သူ၏ရောင်စဉ်များစွာ ရောယှက်နေသော စကြာဝဠာ ချီပင်လယ်၏ ကောင်းကျိုးများကို နားလည်သဘောပေါက်သွားရသည်။
"ယုဝေရဲ့ ဒဏ္ဍာရီလာ ယင်းယန်ချီပင်လယ်ထက် ဘယ်သူကများ ပိုပြီးအားကောင်းနိုင်မှာတဲ့လဲ။" ဇူယွမ်မှာ တစ်ချက်မျှ တွေးတောလိုက်မိသည်။
မည်သို့ပင်ဆိုစေကာမူ အသုံးမဝင်သော အတွေးစများ ဖြစ်နေသောကြောင့် အလျင်အမြန် မေ့ဖျောက်ပစ်လိုက်သည်။
"ချီကြယ်ပွင့် ဆယ့်တစ်သန်းနဲ့တော့ ရဲ့ပင်းလင်နဲ့ ချန်းပိုင်ဖန်းတို့ကို ယှဉ်လို့ရဦးမှာ မဟုတ်သေးဘူး။" ဇူယွမ်မှာ ရဲ့ပင်းလင်နှင့် ချန်းပိုင်ဖန်းတို့၏ တိုက်ပွဲစွမ်းရည်အား မမြင်တွေ့ရသေးပေ။ သို့သော် သူ၏ခန့်မှန်းချက်အရ ရဲ့ပင်လင်း၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ချီကြယ်ပွင့် ပမာဏ ဆယ့်တစ်သန်းကို ကျော်လွန်နေလောက်ပြီ ဖြစ်သည်။
နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခု ပိုင်ဆိုင်ထားသည့် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦးအား အနည်းငယ်မျှပင် အထင်မသေးသင့်ပေ။
ယခု သူ၏အဆင့်မျှဖြင့် လေနန်းဆောင်၏ ခေါင်းဆောင်နေရာ ရယူရန် လုံလောက်မည်မဟုတ်။
"မနက်ဖြန် မူလလိပ်ပြာလေးခုမျှော်စင်ကို အရင်သွားကြည့်တာပေါ့..."
ဇူယွမ်မှာ မူလလိပ်ပြာလေးခုမျှော်စင်အပေါ် မျှော်လင့်ချက်များစွာ ထားရှိထားသည်။
..........
နောက်တစ်နေ့၌
ဇူယွမ်မှာ တံခါးဖွင့်လိုက်သည်နှင့် ပုံရိပ်သုံးခု ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ပထမ နှစ်ဦးမှာ ရဲ့ပင်းလင်နှင့် ရိချိုးရွှယ်တို့ဖြစ်ပြီး တတိယတစ်ဦးမှာ လျိုကျစ်ရွှမ်းပင် ဖြစ်သည်။
ရိချိုးရွှယ်မှ ဇူယွမ်အားပြုံးကာ ပြောလိုက်သည်။ "လျိုကျစ်ရွှမ်းကလည်း လေနန်းဆောင်ရဲ့ အဖွဲ့ဝင် အသစ်ပဲလေ။ အဲ့ဒါကြောင့် ဒီနေ့ ကျွန်မတို့နဲ့ တူတူသွားကြမှာ။"
ဇူယွမ်မှာ လျိုကျစ်ရွှမ်းအားကြည့်ကာ ပြုံးပြလိုက်သည်။ သူသည် လျိုကျစ်ရွှမ်းအပေါ် ကောင်းမွန်သော အမြင်အချို့ ရှိသည်။
"အကိုတော် ဇူယွမ်က လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ဖြစ်လာမယ်လို့ မသိခဲ့ဘူး။ သိသာသိခဲ့ရင် ရှောင်ရွှမ်းစီရင်စုမှာထဲက ကျွန်တော် ဖားထားပါတယ်...ဟားဟား။" လျိုကျစ်ရွှမ်းမှာ အရိုအသေပေးလျက် ရယ်မောကာ ပြောလိုက်သည်။
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
ရဲ့ပင်းလင်မှာ မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်း မရှိပဲ ဇူယွမ်ကိုသာ အေးစက်စက်ဖြင့် တိတ်တဆိတ် အကဲခတ်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ကနှင့်မတူပဲ ဇူယွမ့်ထံမှ အန္တရာယ် အငွေ့အသက်အချို့ ရရှိနေသောကြောင့်ပင်။
သူမ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များမှာ အန္တရာယ်ကို အာရုံခံနေမိသည့်အလား သက်ဝင်လှုပ်ရှားနေသည်။
မနေ့ကပင် ယခုကဲ့သို့ အခြေအနေ မဟုတ်ခဲ့ပေ။
ဇူယွမ်မှာ ရဲ့ပင်းလင်၏ အကြည့်များကို သတိပြုမိလိုက်သည်။ သူသည် ငါးခုမြောက် နိဗ္ဗာန်အား ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် ချီစွမ်းအင်များအား အပြည့်အဝ ပြန်လည်ရုတ်သိမ်းခြင်း မလုပ်ရသေးချေ။
ဇူယွမ်မှာ အလျင်အမြန်ပင် နတ်ဘုံခန်းဝါ ချီပင်လယ်အတွင်းမှ ချီကြယ်ပွင့်များအား ငြိမ်သက်သွားစေလိုက်သည်။
ရဲ့ပင်းလင်မှာလည်း အန္တရာယ် အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို သိရှိလိုက်ပြီးနောက် ဇူယွမ်အား တစ်ချက်မျှကြည့်ကာ ထိုကိစ္စနှင့်ပက်သတ်၍ ဆက်လက်မေးမြန်းမနေတော့ပဲ စကားဆိုလိုက်သည်။ "သွားရအောင်...မူလလိပ်ပြာလေးခုမျှော်စင်ဆီ နင်တို့ကို ခေါ်သွားပေးမယ်။"
သူမ အရှေ့မှ ဦးဆောင်ကာ ထွက်ခွာသွားသည်။
ဇူယွမ်၊ ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့မှာ အလျင်အမြန် လိုက်ပါသွားကြသည်။
၎င်းတို့မှာ လေပြေကျွန်းထံမှတဆင့် အရှေ့တောင်အရပ်ဆီသို့ ပျံသန်းသွားကြခြင်း ဖြစ်သည်။
အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် ၎င်းတို့မှာ သေးငယ်သော ကျွန်းမျောတစ်ခုကို တွေ့ရှိလိုက်ကြရသည်။
အရပ်မျက်နှာအစုံမှ ပုံရိပ်များစွာမှာ ထိုကျွန်းမျောထံ ဝင်ထွက်သွားလာနေကြသည်။
ဇူယွမ်မှာ ကျွန်း၏အလယ်တွင် တည်ဆောက်ထားသော ကြီးကျယ်ခမ်းနားလှသည့် နေရာကြီးတစ်ခုကို တွေ့ရှိလိုက်ရသည်။
တည်ဆောက်ထားပုံမှာ ကျွန်းအလယ်နေရာ၏ ထောင့်လေးထောင့်တွင် မျှော်စင်ကြီးလေးခု ရှိနေပြီး အလယ်တွင် စက်ဝိုင်းသဏ္ဍာန် ကွင်းပြင်တစ်ခု ဖြစ်ပေါ်နေသည်။
ရဲ့ပင်းလင်မှ ဇူယွမ်တို့သုံးဦးအားကြည့်၍ ပြုံးကာပြောလိုက်သည်။
"မူလလိပ်ပြာလေးခုမျှော်စင်ကနေ ကြိုဆိုပါတယ်။"