← Chapters

ကြံစည်မှု

Vol. 57 Ch. 793

ကြံစည်မှု

Vol. 57 Ch. 793

ဇူယွမ်တို့မှာ မျှော်စင်လေးခု အလယ်ရှိ စက်ဝိုင်းသဏ္ဍာန် ကွင်းပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်ကြသည်။

ကွင်းပြင်ပတ်ပတ်လည်တွင် ဆိုင်ခန်းငယ်များစွာ ရှိနေပြီး အစားအသောက်နှင့် ယမကာနံ့တို့ သင်းပျံ့စွာ ထွက်ပေါ်နေလျက် ရှိသည်။ ကွင်းပြင်အတွင်း လူပေါင်းများစွာ သွားလာနေကြပြီး ကျော်ကြားသော နေရာတစ်ခုဖြစ်ကြောင်း ထင်ရှားနေသည်။

ကွင်းပြင်အလယ်တွင်မူ လမ်းငယ်များစွာ ရှိသည်။ လမ်းငယ်တစ်ခုစီတိုင်းတွင် ဆိုင်ခန်းငယ်လေးများ တည်ဆောက်ထားသည်။

ထိုဆိုင်ခန်းငယ်များတွင် ရောင်းချနေကြသူများမှာ ကုန်သည်များမဟုတ်ပဲ နန်းဆောင်လေးခုမှ အဖွဲ့ဝင်များ ဖြစ်သည်။

"လာကြနော်...လာကြ....ဒီမှာ အဆင့်မြင့် နတ်ဘုံခန်းဝါဆေး သုံးလုံးရှိတယ်။ မူလအကြွေစေ့ တစ်ပြားပဲ ပေးရမှာနော်။"

"ဟေး....ဒီမှာ သံမဏိကင်းမြှီးကောက်မိစ္ဆာဓားသွားလို့ခေါ်တဲ့ အဆင့်နိမ့် ကောင်းကင်ဘုံလက်နက် ရမယ်နော်။ ဒီလက်နက်က သံမဏိကင်းမြှီးကောက်မိစ္ဆာရဲ့ ထူးခြားတဲ့ အဆိပ်ကို ထုတ်ပေးနိုင်တယ်။ ရန်သူကို အသွေးအသားတွေ ပျက်စီးစေမှာနော်။ မူလအကြွေစေ့ သုံးရာ့ရှစ်ဆယ်ပဲဟေ့..."

"မူလသလင်းကျောက်တွေနဲ့ မူလအကြွေစေ့ လဲပေးနေတယ်နော်။ မူလသလင်းကျောက် တစ်သန်းကို မူလအကြွေစေ့ တစ်ပြားရမယ်။ လာကြနော်...လာကြ။"

"နည်းနည်းချို့ယွင်းနေတဲ့ အဆင့်နိမ့် ကောင်းကင်ဘုံလက်နက် တစ်ခုရှိတယ်။ မူလအကြွေစေ့ တစ်ရာပဲပေးနော်။ အလျော့အတင်း ပါးပါးရှိမယ်။"

"ကြီးမြတ်တဲ့ စပါးအုံး နှလုံးသား သလင်းကျောက် ရမယ်နော်။ ဒီသလင်းကျောက်က မီးဓာတ်ရှိတဲ့ ချီကျင့်စဉ်တွေအတွက် အရမ်းအထောက်အကူဖြစ်တာ။ မူလအကြွေစေ့ သုံးရာထဲနဲ့ ရောင်းပေးမှာနော်။"

"ကျွန်မဆီမှာ ပြင်ပခန္ဓာအတွက် ထူးခြားတဲ့ ဆေးလုံးတွေ ရမယ်နော်။ ဒီဆေးလုံးက ခန္ဓာကိုယ်ကျင့်စဉ်အတွက် အရမ်းကောင်းတာ။ ဒီနေ့တစ်ရက်ပဲ ကျွန်မ စျေးလျှော့ပေးမှာနော်။ မူလအကြွေစေ့ ရှစ်ဆယ်ထဲ...မူလအကြွေစေ့ ရှစ်ဆယ်ထဲ.."

"......."

ဇူယွမ်မှာ ထိုမြင်ကွင်းများကို အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိသည်။ ဤနေရာတွင် လူတိုင်းမှာ မူလအကြွေစေ့အား ငွေကြေးစနစ်အနေဖြင့် လဲလှယ်အသုံးပြုနေကြပြီး ကျင့်ကြံရေးမျှော်စင်နှင့်မတူပဲ ညစျေးတန်းကြီး တစ်ခုကဲ့သို့ စည်ကားသိုက်မြိုက်လွန်းလှသည်။

"မူလအကြွေစေ့က ဘယ်လောက်အရေးကြီးလဲ သိပြီမလား။" ရဲ့ပင်းလင်မှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။

"မူလအကြွေစေ့က တခြားနေရာမှာ အသုံးမဝင်လောက်ဘူး ဆိုပေမယ့် ဒီမှာတော့ လူတိုင်းက လိုချင်ကြတဲ့ အရာပဲ။ မူလအကြွေစေ့နဲ့မှ ထာဝရမှော်စာလုံးကို ဖန်တီးနိုင်မှာလေ။"

ဇူယွမ်မှာ သက်ပြင်းချလိုက်မိသည်။ နန်းဆောင်လေးခုလုံးမှ အဖွဲ့ဝင်များမှာ မူလအကြွေစေ့များကို လိုအပ်နေမည် ဖြစ်သောကြောင့် ၎င်းတို့မှာ ပစ္စည်းဖလှယ်ခြင်း သို့မဟုတ် တာဝန်များ ထမ်းဆောင်ခြင်းဖြင့် မအားမလပ် ဖြစ်နေကြလိမ့်မည်။

ဤသို့ဖြင့် ထျန်းယွမ်နယ်မြေ တစ်ခုလုံးမှ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများအားလုံးကို ထိန်းချုပ်ထားနိုင်ပေသည်။

ဆရာသခင် ကန်းယွမ်၏ နည်းလမ်းများမှာ အမှန်တကယ် ထူးခြားလှသည်။

"သွားရအောင်။ လေလိပ်ပြာမျှော်စင်က မြောက်ဘက်မှာရှိတဲ့ မိုးပြာရောင် မျှော်စင်ပဲ။" ရဲ့ပင်းလင်မှ ဇူယွမ်တို့အား ဦးဆောင်ကာ ကွင်းပြင်အလယ်ရှိ လမ်းသွယ်တစ်ခုထဲသို့ ဝင်ရောက်သွားသည်။ လမ်းအထဲသို့ ရောက်ရှိသွားပြီးနောက် ကျောက်တံတားတစ်ခုအား တွေ့ရှိလိုက်ကြရသည်။

ထိုတံတား၏အဆုံးတွင် ခမ်းနားထည်ဝါလှသော မိုးပြာရောင် မျှော်စင်ကြီးတစ်ခုကို မြင်တွေ့နိုင်သည်။

မျှော်စင်ကြီးမှာ ဂိတ်တံခါးများအားလုံး ဖွင့်လှစ်ထားပါသော်လည်း မိုးပြာရောင် အလင်းလွှာ အတားအဆီးတစ်ခု ရှိနေသည်။ ပုံရိပ်များစွာမှာ ထိုအလင်းလွှာအား ဖြတ်သန်းလျက် ဝင်ထွက်သွားလာနေကြသည်။

၎င်းတို့ထဲမှ အများစုမှာ လေနန်းဆောင်မှ ဖြစ်သဖြင့် ရဲ့ပင်းလင်အား တွေ့သောအခါ ရိုသေစွာ နှုတ်ဆက်သွားကြပြီး ဇူယွမ်ကိုမူ တစ်ချက်မျှပင် လှည့်မကြည့်ကြချေ။

အသစ်ရောက်ရှိလာသော လက်ထောက်ခေါင်းဆောင်အား အသိအမှတ် မပြုလိုကြပုံပင်။

ရဲ့ပင်းလင်မှာ ထိုသူများအား လျစ်လျူရှုလျက် ဇူယွမ်တို့အားကြည့်ကာ ပြောလိုက်သည်။ "အထဲဝင်ဖို့ ပြင်ဆင်ထားကြတော့။ ဒီအလင်းလွှာကို ဖြတ်ပြီးဝင်သွားတာနဲ့ နင်တို့ရဲ့ စိတ်ဝိဉာဉ်စွမ်းအင်တချို့ကို မူလလိပ်ပြာမျှော်စင်က စုပ်ယူသွားလိမ့်မယ်။ ဒါပေမယ့် အရမ်းကြီး ထိခိုက်သွားမှာ မဟုတ်ဘူး။"

ရဲ့ပင်းလင်မှ ဦးစွာဝင်ရောက်သွားသည်။ အလင်းလွှာအတွင်း ဝင်ရောက်သွားသည်နှင့် သူမ၏ပုံရိပ်မှာလည်း မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားသည်။

ဇူယွမ်၊ ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့မှာလည်း တစ်ဦးကိုတစ်ဦးကြည့်ကာ ပြုံးလိုက်ကြပြီးနောက် စိတ်လှုပ်ရှားစွာ အလင်းလွှာအတွင်း ဝင်ရောက်လိုက်ကြသည်။

ဇူယွမ်တို့အား စားသောက်ဆိုင်တစ်ခု၏ သီးသန့်အခန်းတစ်ခုမှ လှမ်းကြည့်နေသော လူတစ်စု ရှိနေခဲ့သည်။

"ဒီကောင်လေးက လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် အသစ်တဲ့လား။" ကောင်းမွန်သော အဝတ်အစားများ ဆင်မြန်းထားသည့် လူငယ်တစ်ဦးထံမှ လှောင်ပြောင်သရော်သံ ထွက်ပေါ်လာသည်။

"ဟုတ်ပါတယ် အကိုတော် ဝမ်ချန်း....အကိုတော် မို့ယွမ်ရဲ့လက်ကို ဖြတ်ပစ်လိုက်တာလည်းသူပဲ။ အစက ဆရာဦးလေး ကုရှီက သူ့ရဲ့အရည်အချင်းတွေကြောင့် သက်ညှာပေးပြီး ကျင်ရှန်းကောင်းကင်ဂိုဏ်းကိုဝင်ဖို့ ကမ်းလှမ်းခဲ့တာတောင် သူကငြင်းခဲ့တယ်လေ။"

"ဆရာသခင် ကုယွမ်ကိုယ်တိုင် အဲ့ကောင်ကို ထျန်းယွမ်ရှန်းဟွကနေ နှင်ထုတ်ဖို့ တောင်းဆိုခဲ့ပေမယ့် ချီကျင့်သခင်မက ရုတ်တရက် သဘောကျသွားပြီး လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်နေရာပါ ပေးလိုက်တယ်။"

ထိုစကားများကို ပြောနေသည်မှာ ချူးကလန်၏ သားကြီးဖြစ်သူ ချူးလင်ပင် ဖြစ်သည်။

ဝမ်ချန်းဟုခေါ်တွင်သည့် ကောင်းမွန်သော အဝတ်အစားများ ဆင်မြန်းထားသူမှာ မီးနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်ဖြစ်ပြီး နန်းဆောင်လေးခုကြား ကျော်ကြားသူတစ်ဦး ဖြစ်လေသည်။

ဝမ်ချန်းမှာ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် မထီမဲ့မြင် စကားဆိုလိုက်သည်။ "ငါတို့ကျင်ရှန်းကောင်းကင်ဂိုဏ်းက အဲ့လိုအမှိုက်သရိုက်မျိုးကို လက်ခံစရာလား။"

ထို့နောက် တစ်ဖက်သို့လှည့်ကာ ပြုံး၍ပြောလိုက်သည်။ "ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီလိုကောင်မျိုးကို အပိုးကျိုးအောင် ဆုံးမပေးသင့်တယ်မလား လက်ထောက်ခေါင်းဆောင် ချန်းပိုင်ဖန်း..."

ချန်းပိုင်ဖန်းမှ အကြမ်းရည်အား တစ်ငုံမျှသောက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "အဲ့ကောင်က ဘာအရည်အချင်းမှ မရှိပါဘူး။ လေပြေကျွန်းကို စစရောက်လာချင်း သူထုတ်ပြတဲ့ အကွက်တွေကလည်း ကလေးကွက်တွေ။"

သူသည် ခက်ထန်နေသောအမူအရာဖြင့် ကျင်းထျန်းအားကြည့်ကာ ပြောလိုက်သည်။ "မင်းက အရမ်းမဆင်မခြင်လုပ်တာကိုး။ မင်းသာ လေလိပ်ပြာမှော်စာလုံးကို ထုတ်သုံးလိုက်ရင် အဲ့ကောင်နိုင်မှာ မဟုတ်ဘူး။"

ကျင်းထျန်းမှ အနည်းငယ် ကျေနပ်သွားဟန်ဖြင့် ပြောလိုက်သည်။ "ဒါပေါ့....ကျွန်တော်သာ လေလိပ်ပြာမှော်စာလုံးကိုသုံးရင် သူဘယ်နိုင်တော့မှာလဲ။"

ဝမ်ချန်းမှ ပြုံးကာစကားဆိုလိုက်သည်။ "သူ့ကို ပညာပေးဖို့ဆိုရင် အဲ့ကောင်က လေနန်းဆောင်က ဖြစ်နေတော့ ငါတို့မီးနန်းဆောင်အနေနဲ့တော့ ရန်သွားစဖို့ မသင့်တော်ဘူး။"

သူသည် ပျင်းရိစွာဖြင့် ခါးကြောများကို ဆန့်ထုတ်လိုက်သည်။ သူ၏အမြင်တွင်မူ ဇူယွမ်မှာ ဂရုပင်စိုက်စရာ မလိုသူ ဖြစ်ပါသော်လည်း ဆရာဦးလေး ကုရှီကြောင့် ယခုကဲ့သို့ ပညာပေးရန် စဉ်းစားနေရခြင်း ဖြစ်သည်။

"ဒါက လွယ်ပါတယ်။"

ချန်းပိုင်ဖန်းမှ ကျင်းထျန်းအားကြည့်ကာ စကားဆိုလိုက်သည်။ "လင်ကျန်းနဲ့ ဝူသောင့်ကို မင်းနဲ့အတူ ထည့်ပေးလိုက်မယ်။ မင်းတို့သုံးယောက်က လေလိပ်ပြာမျှော်စင်ထဲဝင်ပြီး ဇူယွမ့်ကိုရှာလိုက်။ သုံးယောက်ဆိုရင်တော့ ဇူယွမ့်လိုကောင်ကို ဖြေရှင်းနိုင်တယ်မလား။"

"အဲ့ကောင် မနေ့ကပဲ မူလအကြွေစေ့ ရှစ်ဆယ်ရထားတာ။ အဲ့တော့ သူ့ဆီက ဓားပြတိုက်ရရင် ရှယ်ပဲ။"

ကျင်းထျန်းမှာ အနည်းငယ် တွေဝေသွားရသည်။ "လက်ထောက်ခေါင်းဆောင်ကို ဓားပြတိုက်တာက အပြစ်ပေးခံရနိုင်တယ်မလား။"

ချန်းပိုင်ဖန်းမှ ပြုံးရယ်ကာ ပြောလိုက်သည်။ "မင်းတို့ဆီက ဓားပြတိုက်ခံရတာကို သူကထုတ်ပြောရဲမယ် ထင်လား။ လက်ထောက်ခေါင်းဆောင်က သူ့လက်အောက်ငယ်သားတွေဆီက ဓားပြတိုက်ခံရတယ်ဆိုတာ သူ့ရဲ့သိက္ခာအားလုံးကို ဆွဲဖြဲလိုက်သလိုပဲ။"

"အဲ့ဒါကြောင့် အဲ့ကောင် ချောင်တစ်ခုခုမှာ ကြိတ်ငိုနေရုံမှလွဲပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။"

ဝမ်ချန်းနှင့် ချူးလင်တို့မှာ သဘောကျစွာ ရယ်မောလိုက်ကြသည်။

"ဟားဟား.....တော်တော်ရက်စက်တဲ့အကြံပဲ။ လက်ထောက်ခေါင်းဆောင်က သူ့လက်အောက်ငယ်သားတွေဆီက ဓားပြတိုက်ခံရမှာတဲ့လား။ ဒီကိစ္စကို ထုတ်ပြောလိုက်မယ်ဆိုရင်လည်း လက်ထောက်ခေါင်းဆောင်အနေနဲ့ ဘယ်သူကမှ သူ့ကိုလေးစားကြတော့မှာ မဟုတ်ဘူး။"

ကျင်းထျန်းမှ အံကြိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။ ချန်းပိုင်ဖန်း ရွေးချယ်ပေးသော လင်ကျန်းနှင့် ဝူသောင့်တို့မှာ သူနှင့်အရည်အချင်း မတိမ်းမယိမ်း ဖြစ်သောကြောင့် သုံးယောက်ဆိုပါက ဇူယွမ်အား ကောင်းစွာကိုင်တွယ်နိုင်မည်ပင်။

"အဲ့ဒါဆို ကျွန်တော် သွားစီစဉ်လိုက်တော့မယ်။" ကျင်းထျန်းမှ ချန်းပိုင်ဖန်းအား အရိုအသေပေးကာ ထွက်ခွာသွားသည်။

ချန်းပိုင်ဖန်းမှ ဝမ်ချန်းအားကြည့်၍ ပြုံးကာပြောလိုက်သည်။ "ဒီနေ့တော့ ပွဲကောင်းကောင်း ကြည့်ရတော့မှာပဲ။"

ဝမ်ချန်းကလည်း ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။

လက်ထောက်ခေါင်းဆောင်အသစ်၏ ဂုဏ်သိက္ခာများအားလုံးမှာ ဖျက်စီးခံရတော့မည်ပင် ဖြစ်ပေတော့သတည်း.....

All Chapters