အခန်း (၇၆-၇၈)
Vol. 6 Ch. 76-78
အပိုင်း ( 76 )
ငါက ကြင်နာတတ်တဲ့ လူတစ်ယောက်လေ
လုချန်ရှန်းသည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်သည်။
ရှောင်ဟေးသည် ချက်ချင်း စကားပြန်ပြောလိုက်သည် “ မင်းလှုပ်ရှားတော့မယ်ပေါ့၊ လူငယ်ဆိုတာ အဲ့လိုပဲ ဖြစ်သင့်တာကွ။ မင်းရဲ့ ကျင့်ကြံရေး စွမ်းရည်ကိုသာ ပြလိုက်သရွေ့၊ နတ်ကောင်းကင်ဂိုဏ်းတစ်ခုလုံးက မင်းကို ကိုးကွယ်လာကြလိမ့်မယ်ဆိုတာကို ငါအာမခံတယ်။ ဘယ်သူကမှ မင်းကို ပြဿနာရှာရဲမှာ မဟုတ်ဘူး “
“ မင်းက အဲ့တာကို မျှော်လင့်နေတာလား “
“ ရိုးရိုးသားသားပြောရမယ်ဆိုရင်၊ မင်းရဲ့ စွမ်းရည်နဲ့ ကျင့်ကြံရေးကို ထုတ်ပြလိုက်မယ်ဆိုရင်၊ ကမ္ဘာကြီးတစ်ခုလုံးက ဘယ်လိုတုံ့ပြန်လာကြမလဲဆိုတာကို ငါတကယ်မြင်ချင်တယ် “
“ ဟူး “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည် “ ဒီကမ္ဘာကြီးထဲက လူတွေက ဘာလို့ တစ်ယောက်ကိုတစ်ယောက် လမ်းဆုံးကို တွန်းပို့ပြီးတော့ လက်စားချေနေကြတာလဲ။ ဒီတစ်ခါတော့ ငါသည်းခံလိုက်ပါမယ်လေ “
“ မင်းက အဲ့တာက သည်းခံလိုက်မှာလား “
ရှောင်ဟေးသည် တအံ့တဩ ဖြစ်သွားခဲ့သည်၊ ဒါက မင်းရဲ့ စရိုက် မဟုတ်ဘူးလေ
လုချန်ရှန်းသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ၊ သူ၏အကြည့်ကို ရုတ်သိမ်းကာ တစ်ခြားတစ်နေရာဆီသို့ လမ်းလျှောက်သွားတော့သည်။
ကျောက်ရုန်သည် ၎င်းကို မြင်တွေ့သွားကာ၊ လှောင်ပြောင်လာခဲ့သည်။
“ ကြည့်ရတာတော့ သူက ငတုံးမဟုတ်တဲ့ပုံပဲ၊ ဒါပင်မဲ့ အရမ်းနောက်ကျလွန်းသွားပြီ “
ထိုအချိန်၌ ကျောက်ရုန်၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းနေခဲ့သည်။
သို့ရာတွင် ရုတ်တရက်ဆိုသလိုပင် သူ၏စိတ်နှလုံးသား လှုပ်ခတ်သွားကာ၊ ဆိုးရွားသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။ သူ၏ဦးခေါင်းကို လှည့်လိုက်သည့် အချိန်တွင်၊ သူ့ခန္ဓာကိုယ်၏ ပတ်ပတ်လည်တွင် မှော်စွမ်းအားလှိုင်းတစ်ခု ဝိုင်းရံနေသည်ကို မြင်တွေ့သွားခဲ့သည်။ ၎င်းသည် သူ့ကို ချုပ်နှောင်ထားကာ၊ သူ၏လှုပ်ရှားမှုများကို ကန့်သတ်လာခဲ့သည်။
ဘုတ်
ကျောက်ရုန်သည် ဟန်ချက်ပျက်ကာ၊ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ကျောက်ရုန်သည် အံ့ဩတုန်လှုပ်ကာ၊ ဒေါသထွက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ၊ ချုပ်နှောင်မှုကို ချိုးဖျက်ရန် ကြိုးပမ်းနေတော့သည်၊ သို့သော် အခြေအနေမှာ မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။
ဘုမ်းး
မှော်စွမ်းအားနှစ်ခု ရင်ဆိုင်တိုက်ခိုက်ကာ၊ တိုးညှင်းသော အသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
“ ဘယ်သူလဲ “
ကျောက်ရုန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊ သို့သော် ၎င်းသည် မည်သည့်အရာကိုမှ မဖြစ်ပေါ်သွားစေခဲ့ပေ။ မှော်စွမ်းအားသည် တောင်တစ်ခုလုံးကို ဖုံးလွှမ်းနေကာ သူ၏ အသံကို ပိတ်ဆို့ထားခဲ့သည်။
သူသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၄ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သော်လည်း၊ မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ၊ မြေပြင်ပေါ်တွင် တိတ်တဆိတ် လှဲလျောင်းကာ၊ ကူရာကယ်ရာမဲ့နေခဲ့သည်။
အကယ်၍ တစ်ယောက်ယောက်က အနီးအနားမှ ဖြတ်သွားမည်ဆိုလျှင်တောင်မှ၊ သူတို့သည် မည်သည့်မူမမှန်မှုကိုမှ ခံစားရလိမ့်မည် မဟုတ်ပေ။
ရှောင်ဟေးသည် ၎င်းကို သတိပြုမိသွားကာ၊ စိတ်ရှုပ်ထွေးသော အမူအရာမျိုးဖြင့် မေးမြန်းလာခဲ့သည် “ မင်းဒီလိုလုပ်နေတာက ဘာအဓိပ္ပါယ်ရှိလို့လဲ “
“ အဓိပ္ပါယ် မရှိဘူးလို့ ဘယ်သူကပြောတာလဲ “
လုချန်ရှန်းသည် စကားပြောနေရင်းဖြင့်၊ ယခင်က နေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ချက်ချင်းဆိုသလိုပင် မှော်စွမ်းအား မြင့်တက်လာခဲ့ပြီး၊ မမြင်ရသော ချုပ်နှောင်မှုများကို ရိုက်ချိုးသွားကာ၊ ဓားရှည်သည် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။
“ မင်းသူ့ကို ချုပ်နှောင်လိုက်တာက ဒီဓားအတွက်လား “ ရှောင်ဟေးသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ ငါက ဒီဓားအတွက်ပဲ လုပ်နေတာလို့ ဘယ်သူပြောလဲ “
“ မဟုတ်ရင် ဘာရှိသေးလို့လဲ “
ရှောင်ဟေး၏ အကြည့်အောက်မှာပင် လုချန်ရှန်းသည် တောင်စောင်းတစ်ခုပေါ်သို့ ခုန်တက်သွားခဲ့သည်။ သူ၏လက်ကို မြှောက်လိုက်ရာ၊ မှော်စွမ်းအားတစ်ခု လည်ထွက်လာခဲ့သည်၊ သူသည် မှော်ပစ္စည်းတစ်ခုကို ဆွဲယူကာ၊ မီးဖိုအတွင်းသို့ တိုက်ရိုက်ထိုးထည့်လိုက်သည်။
တကျွီကျွီ အော်မြည်သံများ ပေါ်ထွက်လာခဲ့ကာ ရှောင်ဟေး လန့်နိုးသွားခဲ့သည်။
ထို့နောက်တွင် နောက်ထပ် ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့သည်။ လက်နက်များ တစ်ခုပြီးတစ်ခု သူ့အရှေ့သို့ ရောက်ရှိလာခဲ့သည်။
လုချန်ရှန်းသည် လမ်းလျှောက်ထွက်နေခဲ့ပြီး၊ လက်နက် အမျိုးမျိုးမှာ သူနှင့် ပဲ့တင်ထပ်နေခဲ့သည်။ သူသွားခဲ့သည့် နေရာတိုင်းတွင် ရှိနေသမျှ လက်နက်အားလုံးကို သိမ်းဆည်းစုဆောင်းခဲ့သည်။ စိတ်ဝိညာဥ်အဆင့်သော်လည်းကောင်း၊ ဘုရင်အဆင့်သော်လည်းကောင်း သူသည် အရာအားလုံးကို မီးဖိုအတွင်းသို့သာ ပစ်ထည့်လိုက်သည်။
သူဖြတ်သန်းသွားလာခဲ့သမျှ နေရာတိုင်းတွင် မြက်ပင်ပင် ကျန်မနေခဲ့ပေ။
“ ဒါက၊ မင်း ……. “
ရှောင်ဟေးသည် အံ့ဩတုန်လှုပ်သွားကာ၊ သူ၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားခဲ့သည်။ သူသည် ကန်ပင်းတောင်တန်းဒေသတစ်ခုလုံးကို လုယက်ရန် စီစဥ်နေခြင်းဖြစ်သည်။
အချိန်တိုအတွင်းမှာပင် မှော်ပစ္စည်း အခုနှစ်ဆယ်ကျော်သည် မီးဖိုအတွင်းသို့ ကျဆင်းလာခဲ့သည်။
ယခင်က ဤတောင်ပေါ်တွင် လက်နက်များစွာ ရှိနေခဲ့သည်၊ သို့သော် သူသည် ၎င်း၏ အပိုင်းတစ်ပိုင်းကို လုံးဝရှင်းလင်းလိုက်ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အချုပ်နှောင်ခံထားရသည့် ကျောက်ရုန်မှာလည်း ထိတ်လန့်စပြုလာခဲ့ပြီဖြစ်သည်။
လုချန်ရှန်းသည် အချိန်မှီရပ်တန့်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်၊ သူသည် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦးက ဤနေရာသို့ ချဥ်းကပ်လာနေသည်ကို အာရုံခံမိနေခဲ့သည်။
သူတို့၏ လက်ထဲတွင် တံဆိပ်ပြားများ ရှိနေခဲ့ပြီး၊ လက်နက်အရေအတွက်ကို မြင်တွေ့နေခဲ့ရသောကြောင့်၊ အဆိုပါ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်သည် အချိန်တိုအတွင်းမှာပင် နိုးနိုးကြားကြားဖြစ်သွားကာ၊ စုံစမ်းစစ်ဆေးရန်အတွက် ဤနေရာသို့ အလောတကြီး ပြေးလာခဲ့ခြင်း ဖြစ်သည်။
လုချန်ရှန်းမှ သူ၏လက်ကို မြှောက်လိုက်ရာ၊ တောင်ကိုဝန်းရံထားသည့် မှော်စွမ်းအား ပျောက်ကွယ်သွားကာ၊ ကျောက်ရုန်မှာလည်း လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိသွားခဲ့သည်။
“ ဘယ်ကောင်လဲ။ မျိုးမစစ်ကောင် “
ကျောက်ရုန်သည် ကောင်းကင်ထက်တွင် ရပ်နေကာ၊ ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှာပင် မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့ပေ။ အနီးအနားမှ ဖြတ်သွားဖြတ်လာများသည် စိတ်ရှုပ်ထွေးသွားသော အမူအရာများဖြင့် သူ့ကို ကြည့်လာခဲ့ကာ၊ ဇဝေဇဝါ ဖြစ်သွားကြသည်။
မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်မှာလည်း တလေးတနက်ဖြစ်နေသော အမူအရာနှင့်အတူ ရောက်ရှိလာခဲ့သည်။
“ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ အခုလေးတင်ပဲ မှော်ပစ္စည်း အခုလေးဆယ်လောက်ကို ထောက်လှမ်းလို့မရတော့ဘူး “
“ ဘာကြီး “
ထိုစကားကို ကြားလိုက်ရသည့်နောက်တွင်၊ ကျောက်ရုန် အထိတ်တလန့် ဖြစ်သွားခဲ့သည်။ သူသည် သူ၏တံဆိပ်ပြားကို ထုတ်ယူကာ၊ စစ်ဆေးကြည့်နေတော့သည်။ ချက်ချင်းဆိုသလိုပင် သူ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့သည်။
သူသည် မှော်ပစ္စည်း အခုလေးဆယ်တိတိ ပျောက်ဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်ခဏလေးအတွင်းမှာပင် ပျောက်ကွယ်သွားကာ၊ မည်သို့မျှ ထောက်လှမ်း၍ မရတော့ပေ။
ဤနေရာတွင် မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော မှော်ပစ္စည်းများ ရှိနေသော်လည်း၊ တိကျသော အရေအတွက်တစ်ခု အမြဲလိုလို ရှိနေခဲ့သည်။ လူတစ်ဦးကသာ တံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ထားသရွေ့၊ တစ်ခုပျောက်သွားမည်ဆိုလျှင်တောင်မှ ရှာဖွေထောက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
အကယ်၍ တပည့်များက ၎င်းတို့ကို ရရှိသွားမည်ဆိုလျှင်တောင်မှ၊ ကန်ပင်းတောင်တန်းမှ ထိုလူများ မထွက်သွားသေးသရွေ့၊ အရေအတွက်က လျော့ကျသွားလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတွင်ကား အစအနပင် ရှာမရတော့ပေ။
“ မကောင်းတော့ဘူး၊ ပြဿနာတစ်ခု ရှိနေပြီ “ ကျောက်ရုန်၏ အမူအရာ ပြာနှမ်းသွားကာ၊ သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်မှုများ ဖြစ်တည်လာခဲ့သည်။
သူသည် ယခုလေးတင် အတင်းအကြပ် ချုပ်နှောင်ခံခဲ့ရပြီး၊ ထို့နောက်တွင် မှော်ပစ္စည်းများ ပျောက်ဆုံးသွားခဲ့သည်။ တစ်စုံတစ်ဦးက ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေသည်မှာ သိသာလှသည်။
“ မြန်မြန် သတင်းပို့လိုက် “ အဘိုးအိုမှ ပြန်ပြောလာခဲ့သည်။
မှော်ပစ္စည်းများစွာ ပျောက်ဆုံးသွားခြင်းသည် သေးငယ်သော ကိစ္စတစ်ခု မဟုတ်ပေ။ အကယ်၍ ဂိုဏ်းကသာ တစ်စုံတစ်ဦးကို တာဝန်ယူခိုင်းလိုက်မည်ဆိုပါက၊ ပြဿနာ ကြီးသွားလိမ့်မည် ဖြစ်သည်။
လုချန်ရှန်းကမူ လမ်းမထက်တွင် အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်၊ သူ၏ စိတ်အခြေအနေသည် အတော်လေး ကောင်းမွန်နေပြီး၊ သူ၏ခြေလှမ်းများကပင် ပုံမှန်ထပ်နှေးကွေးနေခဲ့သည်။
ရှောင်ဟေးကမူ ဖြစ်ရပ်ကို အစအဆုံး မြင်တွေ့ခဲ့ရသောကြောင့်၊ အံ့အားသင့်ကာ၊ ဆွံ့အသွားတော့သည်။ အဲ့တာက လူသားတစ်ဦး လုပ်နိုင်တဲ့ အရာလား
“ မင်းက သူ့ကို မင်းအတွက် အပြစ်ခံခိုင်းဖို့ စီစဥ်နေတာလား “
“ ဟုတ်တယ်လေ၊ ငါ့ကို ပြဿနာ လာရှာဖို့အတွက် သူ့ကို ဘယ်သူက ပြောလိုက်လို့လဲ “ လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည်။
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ မင်းသည်းခံလိုက်မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား “
“ ငါသည်းခံလိုက်တယ်မဟုတ်ဘူးလား “
“ ဘယ်နေရာမှာ သည်းခံလိုက်တာလဲ “
“ ငါသူ့ကို ရိုက်မသတ်ခဲ့ဘူးလေ၊ အဲ့တာက မလုံလောက်ဘူးလားဟ “
ရှောင်ဟေး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ၎င်းက ယုတ္တိဗေဒအရ မှန်ကန်နေခဲ့သည်၊ သို့သော် ကျောက်ရုန်က သူ့ကြောင့် ဒုက္ခရောက်သွားရစဲပင် မဟုတ်ပါလော။
သူ၏နည်းလမ်းများနှင့် စွမ်းရည်များနှင့်သာဆိုပါက အကယ်၍ သူကသာ ကျောက်ရုန်ကို သတ်ချင်နေသည်ဆိုပါက၊ သူသည် ထိုလူ့ကို လက်သည်မပေါ်စေဘဲ၊ အစဖျောက်နိုင်ပေသည်။ သို့သော် သူသည် ထိုလူ့ကို မသတ်ဘဲ၊ သူ့အတွက် အပြစ်ခံခိုင်းရန် ချန်ထားခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ သူလုပ်ခဲ့သည်ဟု မည်သူကမှ သံသယဝင်ကြလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ကျောက်ရုန်က အမှန်တရားကို ပြောပြလိုက်မည်လျှင်တောင်မှ၊ သူ့ကို မည်သူက ယုံကြည်ကြမည်နည်း။ မှော်ပစ္စည်း အများအပြား တိတ်တဆိတ် ပျောက်သွားခြင်းက ဖြစ်နိုင်ပါသလော။
“ မင်းက ဘယ်လိုသည်းခံရမလဲဆိုတာကို တကယ်သိတာပဲ “ ဟု ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည်။
“ သေချာတာပေါ့၊ ငါက ကြင်နာတတ်တဲ့ လူတစ်ယောက်လေ။ တကယ်လို့ ငါ့နေရာမှာ တစ်ခြားလူသာဖြစ်နေမယ်ဆိုရင် သူသေသွားလောက်ပြီ “
ရှောင်ဟေးသည် မီးဖိုအတွင်းတွင် ရှိနေသည့် လက်နက်ပုံကြီးကို ကြည့်ကာ အကြံပေးလာခဲ့သည် “ မင်းကို ငါသတိမပေးခဲ့ဘူးလို့တော့ မပြောနဲ့နော်။ ထွက်ပေါက်မှာ အစီအရင်တစ်ခု ရှိတယ်။ မီးဖိုက ဒီနေရာမှာ အသုံးဝင်ပင်မဲ့၊ အစီအရင်ထဲကို ရောက်သွားမယ်ဆိုရင်တော့၊ ထောက်လှမ်းမှုကို တောင့်မခံနိုင်လောက်ဘူး၊ သူ့ရဲ့ အစစ်အမှန် ပုံစံက နောက်ဆုံးမှာ ပေါ်သွားလိမ့်မယ် “
“ အဆင်ပြေပါတယ်၊ ငါ့ဆီမှာ နည်းလမ်းတစ်ခု ရှိတယ် “
“ ဘာနည်းလမ်းလဲ “ ရှောင်ဟေးသည် ပါဝင်ပတ်သက်ရမည်ကို ကြောက်လန့်သွားကာ ထပ်ခါတလဲလဲ မေးမြန်းလာခဲ့သည်။
လုချန်ရှန်းမှ စိတ်ဖြင့်စေခိုင်းလိုက်ရာ၊ စာလိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက်တွင် သူသည် မီးဖိုကို စာလိပ်အတွင်းသို့ ထည့်လိုက်ပြီး၊ စာလိပ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ၊ သူ့မွေးရာပါ ဝိညာဥ်၏ လက်ထဲသို့ ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ရှောင်ဟေးမှာ ထပ်မံ၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။ စာလိပ်အတွင်းသို့ ရောက်ရှိသွားသည့်အချိန်တွင် သူသည် ဖိနှိပ်မှုအားတစ်ခုကို ချက်ချင်းခံစားလိုက်ရပြီး၊ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု အဆက်မပြတ် ပျံ့လွင့်နေခဲ့သည်။
“ ဒါက ဘာကြီးလဲ “
“ သာမန်မှော်ပစ္စည်းလေး တစ်ခုပါပဲကွာ။ အခုဆိုရင် အစီအရင်က အဲ့တာကို မထောက်လှမ်းနိုင်သင့်တော့ဘူး “
ရှောင်ဟေး ဆွံ့အသွားခဲ့သည်။
သူသည် မှော်ပစ္စည်း အများအပြားကို မြင်တွေ့ခဲ့ဖူးသည်၊ သို့သော် ဤစာလိပ်သည် အဆိုပါ မှော်ပစ္စည်းများထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။ ၎င်းကို မည်သူက ထောက်လှမ်းနိုင်တော့မည်နည်း။
“ လုချန်ရှန်း၊ မင်းက ဒီလိုမှော်ပစ္စည်းမျိုးကို ဘယ်နေရာကနေ ရခဲ့တာလဲ “
“ လျှို့ဝှက်နယ်မြေထဲမှာ မတ်တပ်ရပ်နေတုန်းက ဒီဟာက ကောင်းကင်ကနေ ငါ့ခေါင်းပေါ်ကို ပြုတ်ကျလာခဲ့တာလေ။ မတ်တပ်ပြန်ရပ်ပြီး လျှောက်ကြည့်လိုက်တော့ အဲ့တာကို တွေ့တာနဲ့ သိမ်းထားလိုက်တာ “ လုချန်ရှန်းသည် လေးလေးနက်နက် ပြောပြလိုက်သည်။
သို့ရာတွင် ရှောင်ဟေးမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည် “ တကယ်လို့ မင်းမပြောချင်ဘူးဆိုရင်လည်း၊ မပြောနဲ့ပေါ့။ ဘာကိစ္စ ငါ့ကို ဒီလိုမျိုးနောက်နေရတာတုန်း။ ဘယ်သူက ဉာဏ်တိမ်လွန်းတဲ့ အဲ့လို အလိမ်စကားကို ယုံမှာလဲ “
“ မယုံလဲနေပေါ့ “
ထို့နောက်တွင် လုချန်ရှန်းသည် ထွက်ပေါက်ဆီသို့ လျှောက်လှမ်းသွားကာ၊ ထိုနေရာတွင် တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
သို့ရာတွင် ရှောင်ဟေးသည် စိတ်တည်ငြိမ်သွားခဲ့ပြီး၊ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားခဲ့ရသည်။ လုချန်ရှန်း၏ မရောင့်ရဲမတင်းတိမ်နိုင်သော သဘာဝကြောင့် ထိုအကောင်သည် မှော်ပစ္စည်းများစွာ ရရှိခဲ့ပြီးသည့်နောက်မှာပင် ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။ သူသည် တစ်စုံတစ်ခုကို ပွင့်ပွင့်လင်းလင်း ယူသွားနိုင်ပေသည်။
သို့သော် ထိုလူသည် ၎င်းတို့ကို ငေးပင်မကြည့်ဘဲ၊ ဝင်ပေါက်တွင် လက်ဗလာဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်၊ ၎င်းမှာ သံသယဖြစ်ဖွယ် ကောင်းလွန်းလှသည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 77 )
ပျော်ရွှယ်ဖွယ်ကောင်းသော ကိစ္စကို စောင့်ကြည့်ခြင်း
ကန်ပင်းတောင်တန်းဒေသတွင် အရာအားလုံးက အစီအစဥ်တကျ လည်ပတ်နေပုံရသည်။
သို့သော် တောင်စောင့်များမှာ ဖရိုဖရဲ ဖြစ်နေလျက်ရှိသည်။
အချိန်နီးကပ်လာသည်နှင့်အမျှ ကန်ပင်းတောင်တန်းဒေသ၏ ထွက်ပေါက်မှာလည်း ပွင့်ဟလာခဲ့သည်။ လုချန်ရှန်းကမူ ထိုနေရာတွင် အေးအေးလူလူ မတ်တပ်ရပ်နေခဲ့သည်၊ သူမလှုပ်ရှားရသေးခင် အချိန်မှာပင်၊ သူသည် ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ တည့်တည့်ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ မွေးရာပါ ဝိညာဥ်အဆင့် အကြီးအကဲ ဖြစ်ပြီး၊ ထိုလူမှာ အထိတ်တလန့် ဖြစ်နေပုံရသည်။
လုချန်ရှန်းကမူ အလျင်မလိုဘဲ၊ တောင်တန်းဒေသ အပြင်ဘက်သို့ အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့သည်။ သူလမ်းလျှောက်ထွက်လာသည့် အချိန်တွင် ဤနေရာသို့ အကြီးအကဲ တော်တော်များများ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဝှစ်
ချက်ချင်းဆိုသလိုပင် ကြီးမားသော အစီအရင်တစ်ခု မြင့်တက်လာခဲ့ပြီး၊ ပုံစံကွက် အမျိုးမျိုး ရောယှက်ပေါင်းစည်းသွားကာ၊ စွမ်းအားတစ်ခုသည် ထောင့်ပေါင်းစုံသို့ စိမ့်ဝင်သွားခဲ့သည်။
တောင်တန်းဒေသမှ ထွက်လာကာ၊ အဆိုပါ အစီအရင်ကို ဖြတ်သန်းသွားသူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်တိုင်းကို စေ့စေ့စပ်စပ် အစစ်ဆေးခံလိုက်ရသည်။
လုချန်ရှန်းမှာလည်း လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေခဲ့ပြီး၊ အစီအရင်ကို ကျော်ဖြတ်သွားခဲ့သည်၊ သူ၏မျက်လုံးများ အတွင်းတွင် သိလိုစိတ်များ စိုးမိုးနေကာ၊ ဤအစီအရင်၏ တည်ဆောက်ပုံကို မြင်တွေ့လိုသည့်အတွက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
သူသည်လည်း စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံခဲ့ရသည်၊ အစီအရင်အတွင်းမှ လမ်းလျှောက်ထွက်လာခဲ့ပြီ ဖြစ်သော်လည်း၊ မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့ပေ။
သို့ရာတွင် ဤနေရာရှိ လှုပ်ခတ်မှုက ကြီးမားလွန်းနေခဲ့ပြီး၊ ဤနေရာသို့ လူများအဆက်မပြတ် ရောက်ရှိလာခဲ့သည်။
အဝေးတွင် ကူချန်ကျွင်းပါ ရောက်ရှိလာခဲ့သည်။
သူသည် ကန်ပင်းတောင်တန်းဒေသတွင် ပြဿနာကြီးတစ်ခု ဖြစ်သွားသည်ဆိုသည့် သတင်းကို ကြားကာ၊ သူ၏တပည့်နှစ်ဦးက တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လုချန်ရှန်းက လုံခြုံဘေးကင်းနေသည်ကို မြင်လိုက်ရသောအခါတွင် သူသည် စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
တစ်ခဏအကြာတွင် တပည့်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့ကာ၊ အစီအရင်ကို ကျော်ဖြတ်၍ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ လူတစ်ဦးချင်းစီတိုင်းသည် အကြည့်ပေါင်းများစွာနှင့် စိတ်စွမ်းအား ထောက်လှမ်းမှုတို့၏ စစ်ဆေးခြင်းကို ခံခဲ့ကြရသည်။
သူတို့သည် မည်သည့်ကိစ္စများ ဖြစ်ပွားခဲ့လဲဆိုသည်ကို မသိကြသော်လည်း၊ သူတို့၏စိတ်ထဲတွင် ကြီးမားသော ဖိအားတစ်ခုကို ခံစားနေခဲ့ရသည်။
ယဲ့တျန်ရီပါ ရောက်ရှိလာခဲ့သည့် အချိန်တွင် ကူချန်ကျွင်းသည် လုံးဝစိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
သူသည် ကန်ပင်းတောင်တန်းဒေသတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်နှင့် ပြဿနာက မည်မျှကြီးမားလဲဆိုသည်တို့ကို ဂရုမစိုက်ပေ။ သူ၏တပည့်နှစ်ဦးကသာ အဆင်ပြေနေသရွေ့၊ ၎င်းက သူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
အဆုံးတွင် တောင်တန်းဒေသအတွင်းမှ လူတိုင်းထွက်ခွာလာခဲ့ပြီဖြစ်ကာ၊ ကျောက်ရုန်ပါ ရောက်ရှိလာခဲ့သည်။
သူသည် တလေးတနက်ဖြစ်နေသော အမူအရာနှင့် အကြီးအကဲတစ်ဦးကို ကြည့်လိုက်ပြီး၊ ထိုအကြီးအကဲမှ ခေါင်းခါပြလာသည်ကိုသာ မြင်တွေ့သွားခဲ့သည်။ ပျောက်ဆုံးသွားသည့် မှော်ပစ္စည်းများကို တစ်ခုတစ်လေပင် ရှာမတွေ့ခဲ့ပေ။
လုချန်ရှန်းသည် စိုးရိမ်တကြီး ဖြစ်နေသည့် ထိုလူ၏ မျက်နှာကို ကြည့်ကာ၊ အနည်းငယ် မျှော်လင့်မိသွားခဲ့သည်။
“ ကျောက်ရုန်၊ ဘာတွေ ဖြစ်နေတာလဲ “
မော့ရင် ရောက်ရှိလာခဲ့ကာ၊ သူ့ကို မေးမြန်းလာခဲ့သည်။
ကန်ပင်းတောင်တန်းဒေသမှ ဘုရင်အဆင့် မှော်ပစ္စည်း ခြောက်ခုအပါအဝင် စုစုပေါင်း မှော်ပစ္စည်း အခုလေးဆယ် ပျောက်ဆုံးသွားခြင်းမှာ ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ပေ။
အဆိုပါ ပစ္စည်းတစ်ခုချင်းစီတိုင်းသည် အနိမ့်ဆုံးအနေဖြင့် ဝိညာဥ်ကျောက်တုံး သိန်းဂဏန်းအထိ တန်ကြေးရှိနေခဲ့ကာ၊ အဆိုပါ ခြောက်ခုနှင့်တင် ဝိညာဥ်ကျောက်တုံး နှစ်သန်းကျော် ရှိနေခဲ့ပြီ ဖြစ်သည်။
ကျန်ရှိနေသည့် ပစ္စည်းအခု၃၀ကျော်မှာ တစ်သန်းကျော် တန်ကြေးရှိသောကြောင့်၊ ဝိညာဥ်ကျောက်တုံး လေးသန်းနီးပါးကို တစ်ပြိုင်နက် ဆုံးရှုံးသွားခဲ့ရသည်။
မေးမြန်းမှုနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ကျောက်ရုန်၏ အမူအရာ ဖြူဖျော့သွားကာ၊ သူ၏မျက်လုံးများအတွင်းတွင် အထိတ်တလန့် ဖြစ်နေမှုများ ပေါ်ပေါက်လာခဲ့သည်။
“ ကျွန်တော်၊ ကျွန်တော် မသိဘူး။ ကျွန်တော်က ဟိုနေရာမှာ မတ်တပ်ရပ်နေခဲ့တာပါ၊ ပြီးတော့ မှော်စွမ်းအားတစ်ခုက ကျွန်တော့်ကို ရုတ်တရက်ကြီး ချုပ်နှောင်လာခဲ့ပါတယ်။ အဲ့ဒီစွမ်းအားက တော်တော်ကြီးကို အားကောင်းပါတယ်၊ ကျွန်တော်လုံးဝမခုခံနိုင်ခဲ့ဘူး။ မှော်စွမ်းအား ပြန်ပျောက်သွားတဲ့ အချိန်မှာ အကြီးအကဲ မာကျွဲ့က အဲ့ဒီမှော်ပစ္စည်းတွေ ပျောက်သွားတာကို ရှာတွေ့ခဲ့ပါတယ် “
ကျောက်ရုန်သည် ထိုအချိန်က အခြေအနေကို ပြန်ပြောင်းပြောပြနေခဲ့သည်။
မော့ရင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် သူ၏လက်ကို မြှောက်ကာ၊ ကျောက်ရုန်၏ တံဆိပ်ပြားကို ဆွဲယူလိုက်ပြီး၊ စိတ်စွမ်းအားကို ထိုးသွင်းကာ စစ်ဆေးကြည့်လိုက်သည်။ သို့သော် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ၊ အဆိုပါ ရတနာများမှာ အမှန်တကယ် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ မာကျွဲ့၊ ဘာတွေ ဖြစ်နေတာလဲ “ တစ်စုံတစ်ဦးသည် အဘိုးအိုကို ကြည့်ကာ မေးမြန်းလိုက်သည်။
အဘိုးအိုမှ ပြန်ပြောလာခဲ့သည် “ ကျွန်တော်က တံဆိပ်ပြားကို သုံးပြီးတော့ စစ်ဆေးနေတဲ့အချိန်မှာ မှော်ပစ္စည်းတွေ ဆက်တိုက်ပျောက်သွားတာကို အာရုံခံမိခဲ့ပြီးတော့၊ အဲ့တာတွေ ဘယ်ရောက်သွားလဲဆိုတာကို မရှာနိုင်ခဲ့ပါဘူး။ အဲ့အချိန်မှာမှ ပြဿနာတစ်ခုခု ဖြစ်နေပြီဆိုတာကို ကျွန်တော်နားလည်သွားတာပါ “
“ အစအနပါ ရှာမရတာလား “
မော့ရင်၏ အမူအရာသည် ပို၍ဆိုးရွားသွားခဲ့သည်။
“ ကျောက်ရုန်၊ ဘာတွေ ဖြစ်ခဲ့တာလဲ “
အရပ်မျက်နှာ ရှစ်ခုစလုံးတွင် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ အားလုံး၏ နှလုံးသားများသည် အကြောက်တရားတို့ဖြင့် ခုန်ပေါက်နေတော့သည်။
ကျောက်ရုန်သည် အံကြိတ်ကာ ပြန်ပြောလိုက်သည် “ ကျွန်တော် မသိပါဘူး “
“ မှော်ပစ္စည်းတွေက ခြေထောက်ပေါက်ပြီးတော့ လမ်းလျှောက်ထွက်သွားတာလား “
“ ကျွန်တော် …… “
ကျောက်ရုန်နှင့် မာကျွဲ့တို့သည် တုန်တုန်ရင်ရင် ဖြစ်သွားကြသည်။
ပစ္စည်းပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သောကြောင့်၊ အစောင့်အရှောက်ဖြစ်သည့် သူတို့နှစ်ဦးက မလွဲမသွေ တာဝန်ယူရမည် ဖြစ်သည်။
လူတော်တော်များများသည် ကျောက်ရုန်၏ စကားနှင့်ပတ်သက်၍ သံသယဖြစ်နေကြသည်။ မှော်စွမ်းအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ၊ သူ့ကို ချုပ်နှောင်သွားခဲ့ခြင်း၊ …………. ထိုကဲ့သို့ ပြုလုပ်နိုင်ရန် လူတစ်ဦးသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈(သို့) မွေးရာပါ ဝိညာဥ်အဆင့်သို့ ရောက်ရှိနေရမည် ဖြစ်သည်။
သို့သော် တောင်တန်းဒေသအတွင်းတွင် သူတို့နှစ်ဦးမှအပ တစ်ခြားမည်သည့် တပည့်ကမှ အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်သို့ မရောက်ရှိကြသေးပေ၊ မွေးရာပါ ဝိညာဥ်နယ်ပယ်သာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
တစ်စုံတစ်ဦး စုံစမ်းစစ်ဆေးရန်အတွက် တောင်တန်းဒေသအတွင်းသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။ အစီအရင်ကြီးမှာ အကောင်းအတိုင်း ရှိနေသေးသည်။
ထွက်ပေါက်တွင် ရှိနေသည့် အစီအရင်ကိုပါ စစ်ဆေးခဲ့ပြီးပြီဖြစ်သည်၊ တပည့်တစ်ဦးချင်းစီတိုင်းက ပစ္စည်းတစ်ခုစီ ယူသွားခြင်းမှအပ မည်သည့်အရာမှ ရှိမနေခဲ့ပေ။
ထို့အပြင် အစီအရင်သည် လူတိုင်းကို စကင်ဖတ်စစ်ဆေးခဲ့သည်။ စစ်ဆေးမှုကို ရှောင်ရှားရန်(သို့) လှည့်စားရန်အတွက် နတ်အဆင့် မှော်ပစ္စည်းတစ်ခုကို ယူလောင်လာကာ အဆိုပါ ပစ္စည်းများကို အထဲတွင် သိုလှောင်ထားရမည် ဖြစ်သည်။
သို့သော် နတ်အဆင့် မှော်ပစ္စည်းကို ပိုင်ဆိုင်ထားသူတစ်ဦးက စိတ်ဝိညာဥ်အဆင့်နှင့် ဘုရင်အဆင့် ပစ္စည်းတစ်ချို့ကို ခိုးယူရန် ကြိုးစားပါမည်လော။
“ မာကျွဲ့၊ ကျောက်ရုန်၊ မင်းတို့ကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ တကယ်လို့ အမှန်တရားကို မပြောဘူးဆိုရင်၊ စီရင်ချက်ချဖို့အတွက် မင်းတို့ကို နတ်အရှင်သခင်ဆီ လွှဲပြောင်းလိုက်မယ် “
မော့ရင်သည် သူတို့က အမှန်တိုင်း မပြောဘူးဟုသာ ခံနေခဲ့ရသည်၊ မည်သို့ပင်ဆိုစေကာမူ မှော်ပစ္စည်းများ ပျောက်ဆုံးသွားခြင်းအတွက် သူတို့ထံတွင် တာဝန်ရှိပေသည်။ အကယ်၍ တရားခံကို ရှာမတွေ့ဘူးဆိုပါက၊ သူတို့သာလျှင် တာဝန်ယူကြရမည် ဖြစ်သည်။
မာကျွဲ့၏ မျက်လုံးများ အတွင်းတွင် ထိတ်လန့်မှုများ ကြီးစိုးသွားခဲ့သည်။ နတ်အရှင်သခင်ထံသို့ ရောက်ရှိသွားမည်ဆိုပါက၊ စိတ်ဝိညာဥ် ရှာဖွေခြင်းကို ရင်ဆိုင်ကြရမည် ဖြစ်သည်။
ကျောက်ရုန်၏ နဖူးပေါ်မှ ချွေးသီးလုံးများ စီးကျလာခဲ့သည်။ သူသည် မည်သည့်မသမာမှုကိုမှ မပြုလုပ်ခဲ့ပေ၊ ထို့ကြောင့် ဘာဖြစ်သွားခဲ့လဲဆိုသည်ကို မည်ကဲ့သို့ သိနိုင်မည်နည်း
သူ၏ အကြည့်သည် လူအုပ်ကြီးထံသို့ ရောက်ရှိသွားခဲ့သည်၊ သူသည် အကူအညီ လှမ်းတောင်းရန်အတွက် သူ့ဆရာကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သူ၏အမြင်အာရုံ အတွင်းသို့ လုချန်ရှန်း ဝင်ရောက်လာခဲ့သည်။
“ အဲ့တာက သူပဲ၊ သူပဲ ဖြစ်ရမယ် “
ကျောက်ရုန်သည် လုချန်ရှန်းကို လက်ညှိုးထိုးပြလိုက်ကာ၊ တုန်တုန်ရင်ရင် ဖြစ်သွားခဲ့သည်။
“ ဘယ်သူ “
“ လုချန်ရှန်းလား “
မော့ရင်းမှ မေးခွန်းပြန်ထုတ်လာခဲ့သည်။
ကျောက်ရုန်သည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ ဟုတ်တယ်၊ သူပဲ။ ဒီတံဆိပ်ပြားကို သုံးပြီးတော့ သူဘာမှော်ပစ္စည်းမှ မရသွားအောင် လုပ်ခဲ့ရုံကလွဲပြီး၊ ကျွန်တော် ဘာကိုမှမလုပ်ခဲ့ဘူး။ သူက ကျွန်တော့်ကို အငြှိုးအတေးထားပြီးတော့ ကျွန်တော့်ကို ထောက်ချောက်ဆင်ဖို့အတွက် အဲ့ဒီပစ္စည်းတွေကို ခိုးသွားတာပဲ ဖြစ်ရမယ် “
အားလုံး : “ ??? “
( error မဟုတ်ပါ၊ novelထဲမှာ အဲ့အတိုင်း ရေးထားတာပါ )
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားပြီး၊ သူ့ကို ငေးကြည့်ကာ ပြန်ပြောလိုက်သည် “ အဲ့အချိန်တုန်းက သူကျွန်တော့်ကို တကယ်ရန်စခဲ့ပြီးတော့ ဒီနေ့မှာ ကျွန်တော်က ဘာပစ္စည်းမှ မရစေရဘူးလို့ ပြောခဲ့ပါတယ် “
စကားပြောနေရင်းဖြင့် သူသည် သူ၏လက်နှစ်ဖက်စလုံးကို ဖြန့်ပြလိုက်သည်။
ကူချန်ကျွင်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
မော့ရင်၏ မျက်နှာမှာလည်း လွန်စွာပျက်ယွင်းသွားခဲ့သည်။ လုချန်ရှန်းက ကံတရားကြောင့် နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်လာခဲ့သည်ဆိုသည်ကို မသိသည့်လူ ရှိပါဦးမည်လော။
အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈(သို့) ၎င်း၏အထက် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် အသက်ဆယ့်ရှစ်(သို့) ဆယ့်ကိုးနှစ်အရွယ် လူငယ်တစ်ဦးက နတ်အဆင့် မှော်ပစ္စည်းတစ်ခုကို သယ်ဆောင်ကာ(သို့) ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော နည်းလမ်းမျိုးကို အသုံးပြုကာ အဆိုပါ မှော်ပစ္စည်းများကို ခိုးထုတ်သွားခဲ့သည်။
ထိုကဲ့သို့သော ယုတ္တိမရှိသည့် စကားကို မည်သူက ယုံကြည်ကြမည်နည်း
ကျောက်ရုန်သည် ကိုယ့်ကိုကိုယ် ကာကွယ်မပေးနိုင်တော့ဘူးဟု ခံစားသွားရကာ၊ မည်သည့်အရာကိုမှ မဖုံးထားဝံ့တော့ပေ။
အစပိုင်းတွင် လုချန်ရှန်းမှာလည်း ကျောက်ရုန်ကို စွပ်စွဲရန်အတွက် သူ၏ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးနေခဲ့သည်၊ သို့သော် ယခုတွင်ကား သူကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်တော့သည့်ပုံပင်။
“ အကြီးအကဲ၊ သူပဲဖြစ်ရမယ်။ သူ့ကို မြန်မြန်စစ်ဆေးလိုက်ပါ “
ကျောက်ရုန်သော နောက်ဆုံးသော ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိသည့်အလား စကားထပ်ပြောလာခဲ့သည်။
ဤနေရာတွင် ရှိနေသည့် အကြီးအကဲများ၏ အမူအရာများမှာ အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။ ငါတို့ကို ငတုံးလို့မှတ်နေတာလား
“ သူတော့ သွားပြီ “ တစ်စုံတစ်ဦးသည် စစ်ပွဲဘုရင်၏ အမူအရာက ဆိုးရွားနေသည်ကို သတိပြုမိသွားကာ၊ ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည်။
အားလုံး၏ အရှေ့မှာပင် မော့ရင်မှ စကားပြန်ပြောလိုက်သည် “ လာကြစမ်း၊ ဒီနှစ်ယောက်ကို ဖမ်းပြီးတော့ နတ်အရှင်သခင်ဆီကို ပို့လိုက်ကြ “
လက်ရှိ အခြေအနေများအရ မည်သည့်စကားကိုမှ ထပ်ပြောနေရန် မလိုတော့ပေ။ သူတို့သည် လုချန်ရှန်းကို စုံစမ်းစစ်ဆေးကြမည် မဟုတ်ပေ။ ဤနေရာတွင် ရှိနေသည့် မည်သူကမှ ထိုကိစ္စက သူနှင့် သက်ဆိုင်သည်ဟု မထင်ကြပေ။
ထို့အပြင် ကျောက်ရုန်၏ ဝန်ခံချက်အရ လုချန်ရှန်းမှာ သားကောင်/နစ်နာသူပင် ဖြစ်နေခဲ့လေသည်။
နစ်နာသူကို မဟုတ်မမှန် စွပ်စွဲနေခြင်းမှာ စက်ဆုပ်ဖွယ်ကောင်းသော အရာဖြစ်သည်။
ထိုလူနှစ်ဦးကို ဖမ်းချုပ်ကာ၊ နတ်အရှင်သခင်ထံသို့ ခေါ်သွားတော့မည့် အချိန်တွင် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ နေဦး “
ထိုစကားနှင့်အတူ ဟင်းလင်းပြင် ပွင့်ထွက်သွားကာ၊ သက်လတ်ပိုင်းလူတစ်ဦး ရောက်ရှိလာခဲ့သည်။
“ စိတ်ဝိညာဥ် အရှင်သခင်ကို နှုတ်ဆက်ပါတယ် “
အသစ်ရောက်လာသူကို မြင်လိုက်ရသောအခါတွင် လူတိုင်းနီးပါး အရိုအသေပေးလိုက်ကြသည်။
ထိုလူသည် အရှင်သခင်လေးပါးအနက်မှ စိတ်ဝိညာဥ် အရှင်သခင်ဖြစ်သူ ကျောက်ကုန်းမင်ပင် ဖြစ်သည်။
ကျောက်ကုန်းမင်ကို မြင်လိုက်ရသောအခါတွင် ကျောက်ရုန်သည် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသည့်အလား ချက်ချင်းဒူးထောက်ချလိုက်သည်။
“ ဆရာ၊ ကျွန်တော် ……….. “
“ ငါသိတယ် “
ကျောက်ကုန်းမင်သည် သူ၏လက်ကို ဝေ့ရမ်းကာ၊ မော့ရင်လက်ထဲမှ တံဆိပ်ပြားကို ယူကာ၊ သူ၏ စိတ်စွမ်းအားကို ထိုးသွင်းလိုက်ပြီး၊ တောင်တန်းဒေသ၏ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို စတင်၍ စစ်ဆေးနေတော့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 78 )
မိုက်တယ် မိုက်တယ်
စိတ်ဝိညာဥ်အရှင်သခင် လှုပ်ရှားလာသည့် အချိန်တွင် အရပ်မျက်နှာရှစ်ခုစလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သူ၏စိတ်စွမ်းအားသည် တောင်တန်းဒေသ အတွင်းရှိ နေရာတိုင်းသို့ ပျံ့လွင့်သွားကာ၊ အရာအားလုံးကို ဂရုတစိုက် အာရုံခံ စစ်ဆေးနေခဲ့သည်။
မှော်ပစ္စည်းများသည် လေထုအတွင်းတွင် ဤအတိုင်း မပျောက်ကွယ်သွားနိုင်သည့်အတွက်၊ သဲလွန်စများ ကျန်နေခဲ့ရမည် ဖြစ်သည်။
ယခင်က ယူဆချက်များအရ၊ တရားခံကသာ အဆင့်မြင့် မွေးရာပါ ဝိညာဥ် ပညာရှင်ဖြစ်နေမည်ဆိုပါက၊ သူသည် နတ်အဆင့် မှော်ပစ္စည်းကို ယူဆောင်လာရန် လိုအပ်နေလိမ့်မည် မဟုတ်ပေ။ ဘုရင်အဆင့် မှော်ပစ္စည်းတစ်ခုကပင် တောင်တန်းဒေသအတွင်းရှိ ရှာဖွေမှုများကို ရှောင်ရှားနိုင်ပေသည်၊ သို့သော် ထွက်ပေါက်တွင် ရှိနေသည့် အစီအရင်ကို မည်သို့မျှ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
ထိုလူသည် ကန်ပင်းတောင်တန်းတွင် ပုန်းနေကာ၊ ထွက်ပြေးနိုင်မည့် အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။
လူတော်တော်တော်များများသည် စိတ်ဝိညာဥ် အရှင်သခင်၏ အတွေးကို မြင်တွေ့နေခဲ့ကြရသည်၊ သူသည် မှော်ပစ္စည်းများကို ရှာဖွေနေခြင်း မဟုတ်ဘဲ၊ လူကိုသာလျှင် ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သူ၏ အမူအရာမှာ တဖြည်းဖြည်း လေးနက်သွားခဲ့သည်။ အဆိုပါ တောင်တန်းဒေသ အတွင်းတွင် မည်သည့်သက်ရှိသတ္တဝါမှ ရှိမနေခဲ့ပေ။ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦးကပင် သူ၏ အာရုံခံစားမှုမှ မလွတ်မြောက်နိုင်ပေ။
“ ဘာတွေ ဖြစ်နေတာလဲ “
စိတ်ဝိညာဥ် အရှင်သခင်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် မော့ရင်မှ မေးမြန်းလိုက်သည် “ စိတ်ဝိညာဥ် အရှင်သခင်ခင်ဗျာ၊ အခြေအနေက ဘယ်လိုလဲဗျ “
“ ငါဘာကိုမှ ရှာမတွေ့ခဲ့ဘူး “
“ ကိစ္စက အဲ့လိုဖြစ်နေပြီဆိုမှတော့၊ ကျွန်တော်တို့က ဒီနှစ်ယောက်ကို နတ်အရှင်သခင်ဆီ ပို့သင့်ပါတယ် “
သို့ရာတွင် ကျောက်ကုန်းမင်သည် သူ၏လက်ကို ဝေ့ရမ်းပြကာ ပြန်ပြောလိုက်သည် “ မလိုပါဘူး “
သူသည် ထိုလူနှစ်ဦး၏ အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
မော့ရင်မှ ပြန်ပြောလိုက်သည် “ စိတ်ဝိညာဥ် အရှင်သခင်၊ ဒါက ဘာသဘောလဲဗျ “
“ နတ်အရှင်သခင်ကို သွားနှောင့်ယှက်နေဖို့ မလိုပါဘူးကွာ။ သူတို့ကို လွှတ်လိုက်။ ဒီကိစ္စကို ငါအပြည့်အဝ တာဝန်ယူတယ် “ ကျောက်ကုန်းမင်သည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“ ဘာကိုဆိုလိုချင်တာလဲဗျ “
“ ငါ့ကို အချိန်သုံးရက်ပေး။ တရားခံကို ငါလိုက်ရှာလိုက်မယ်။ တကယ်လို့ ရှာမတွေ့ဘူးဆိုရင်၊ ဆုံးရှုံးမှု အကုန်လုံးအတွက် ပြန်လျော်ပေးမယ် “
“ အဲ့တာက ………. “
ချက်ချင်းဆိုသလိုပင် အုံ့အောသောင်းနင်း ဖြစ်သွားခဲ့သည်။
အားလုံးသည် တစ်ဦးကို တစ်ဦး ကြည့်နေကြတော့သည်၊ အဆိုပါ မှော်ပစ္စည်းများသည် အနည်းဆုံးအနေဖြင့် ဝိညာဥ်ကျောက် ၄သန်းအထိ တန်ကြေးရှိနေခဲ့သည်၊ သို့သော် သူသည် ထိုကဲ့သို့သော စကားမျိုးကို အေးအေးဆေးဆေး ပြောရဲနေခဲ့သည်။
“ လေးသန်းကိုတောင် သူက မျက်တစ်တောင်တစ်ချက် မခတ်သွားဘူး၊ တကယ် ချမ်းသာတာပဲဟ “ လုချန်ရှန်းသည် တီးတိုးပြောဆိုနေခဲ့ကာ၊ မနေနိုင်တော့ဘဲ၊ သူ့ဆရာဖြစ်သူ ကူချန်ကျွင်းကို လှည့်ကြည့်မိသွားခဲ့သည်။
ယုတ္တိရှိရှိ ပြောရမည်ဆိုပါက၊ စစ်ပွဲဘုရင်က စိတ်ဝိညာဥ် အရှင်သခင်ထပ် ပိုမိုသန်မာအားကောင်းသင့်ပေသည်။ သို့သော် တစ်ခြားလူများက လွန်စွာချမ်းသာနေသည့်အချိန်တွင်၊ ထိုလူမှာ အလွန်တရာ ဆင်းရဲမွဲတေနေခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် မော့ရင်သည် ပတ်ဝန်းကျင်ကို ငေးကြည့်လိုက်ပြီး၊ အားလုံး၏ အထင်အမြင်များကို ရှာဖွေကြည့်ရှုကာ၊ ခေါင်းငြိမ့်ပြလိုက်သည်။
“ အဲ့လိုဆိုမှတော့ အကြီးအကဲကိုပဲ ဒုက္ခပေးရတော့မယ် “
ကျောက်ကုန်းမင်သည် ပြန်၍ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ကျောက်ရုန်နှင့် မာကျွဲ့တို့ကို ကြည့်ကာ စကားပြောလိုက်သည် “ သွားကြစို့ “
“ ရပ်လိုက်စမ်း “
အရာအားလုံးပြီးဆုံးသွားပြီဟု လူတိုင်းက ထင်နေကြသည့် အချိန်မှာပင်၊ အေးစက်စက် အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။
ဖိအားတစ်ခု ပေါက်ထွက်လာကာ၊ လူတိုင်းကို ဖိနှိပ်လာခဲ့သည်။
လုချန်ရှန်း မှင်သက်သွားခဲ့သည်၊ အဆိုပါ အရှိန်အဝါသည် ကူချန်ကျွင်းထံမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
တစ်ခြားလူများ နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး၊ မော့ရင်တို့မှာလည်း ဆိုးရွားသော ခံစားချက်တစ်ခုကို ခံစားလိုက်ကြရသည်။
ကျောက်ကုန်းမင်၏ မျက်လုံးများ လှုပ်ခတ်သွားကာ၊ စကားပြောလာခဲ့သည် “ ငါ အကုန်တာဝန်ယူတယ်လို့ ပြောခဲ့ပြီးပြီလေ။ စစ်ပွဲဘုရင်က မကျေနပ်တာ တစ်ခုခုရှိလို့လား “
“ မင်းတာဝန်ယူတာ၊ မယူတာက ငါ့ကိစ္စ မဟုတ်ဘူး “
“ ဘာကိုဆိုလိုတာလဲ “ စိတ်ဝိညာဥ် အရှင်သခင်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
ကူချန်ကျွင်းမှ ပြန်ပြောလိုက်သည် “ အဲ့ဒီမိစ္ဆာလေးက သူ့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီးတော့၊ ငါ့ရဲ့ တပည့်ကို ပစ်မှတ်ထားခဲ့တယ်လို့ အခုလေးတင် ပြောခဲ့တယ်၊ သူက ငါ့တပည့်ကို မှော်ပစ္စည်း မရအောင် လုပ်ခဲ့ပြီးတော့ သူဒီကိုလာရတာကို အလဟာသ ဖြစ်သွားစေခဲ့တယ်။ အဲ့ကိစ္စက မပြီးသေးဘူး “
လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကာ၊ တုန်ရင်နေသော စိတ်နှလုံးသားတို့ဖြင့် ကူချန်ကျွင်းကို ကြည့်လာကြသည်။
သူက စိတ်ဝိညာဥ် အရှင်သခင်ကို ပြဿနာ ရှာတော့မှာလား
တစ်ချို့သော အကြောင်းပြချက်များကြောင့် လူတစ်ချို့သည် ၎င်းကို တိတ်တဆိတ် မျှော်လင့်နေကြသည်။
လုချန်ရှန်း၏ မျက်လုံးများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာကာ၊ သူ့ဘေးနားတွင် ရှိနေသည့် လူကို မယုံကြည်မှုတစ်ချို့နှင့်အတူ ငေးကြည့်နေတော့သည်။
ကျောက်ကုန်းမင်မှ ပြန်ပြောလာခဲ့သည် “ စစ်ပွဲဘုရင်၊ ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လို့လဲ “
“ အမှားကို ဝန်ခံတောင်းပန်ပြီးတော့ မှော်ပစ္စည်းနဲ့ လျော်ကြေးပေး “
အေးစက်စက် အသံတစ်သံ ထပ်မံ၍ ဟိန်းထွက်လာခဲ့သည်။
လူတိုင်း မှင်သက်သွားကြသည်။
ကျောက်ကုန်းမင်သည် ကျောက်ရုန်ကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ငါသူ့ကို မှော်ပစ္စည်းတစ်ခု လျော်ပေးမယ် “
ထို့နောက်တွင် သူ၏လက်ဝါး လင်းလက်လာခဲ့ကာ၊ အနက်ရောင် လှံရှည်တစ်ချောင်း ပေါ်ထွက်လာခဲ့သည်၊ ၎င်းသည် တလက်လက် တောက်ပနေကာ၊ လုချန်ရှန်းထံသို့ ဖြည်းဖြည်းချင်း ရွေ့လျားလာခဲ့သည်။
ဘုမ်းး
ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
အားလုံး၏ စိတ်နှလုံးသားများသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားခဲ့သည်။ ကူချန်ကျွင်းသည် လူတိုင်း၏ ရှေ့မှောက်မှာပင် သူ၏လက်ကို မြှောက်ကာ၊ လှံရှည်ကို ဖျက်စီးလိုက်သည်။ များပြားလွန်းလှသော အပိုင်းအစများ ပျံ့လွင့်သွားကာ၊ တောင်ကိုယ်ထည်ကို ထိုးဖောက်ကာ၊ တောင်နံရံများကို ပြိုကျသွားစေခဲ့သည်၊ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ထပ်မံ၍ ပေါက်ထွက်လာခဲ့ပြန်သည်။
ကျောက်ကုန်းမင်၏ အမူအရာသည် ချက်ချင်းပျက်ယွင်းသွားခဲ့သည်။
ကူချန်ကျွင်းမှ စကားထပ်ပြောလာခဲ့သည် “ စိတ်ဝိညာဥ်အဆင့် မှော်ပစ္စည်းလေးတစ်ခုနဲ့ နှပ်ချလို့ရမယ်ထင်နေတာလား။ ငါကူချန်ကျွင်းရဲ့ တပည့်ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ အဆင့်မြင့် ဘုရင်အဆင့် မှော်ပစ္စည်းတစ်ခုကို ထုတ်လာခဲ့လိုက် “
သူ၏စကားသည် ခိုင်မာပြတ်သားနေခဲ့ပြီး၊ သူ၏အကြည့်မှာလည်း ရှေ့တည့်တည့်တွင်သာ ရှိနေခဲ့သည်။
လုချန်ရှန်း အံ့ဩတုန်လှုပ်သွားခဲ့သည်။
သူသည် ယခင်ကကြားဖူးထားခဲ့သော်လည်း၊ သူ၏ ဤဆရာစုတ်က ဤမျှလောက် စွမ်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ အဆင့်မြင့် ဘုရင်အဆင့်လား။ စစ်ပွဲဘုရင်၊ မင်းရဲ့ စားချင်စိတ်က နည်းနည်းလေး ကြီးလွန်းမနေဘူးလား။ တကယ်လို့ ကျောက်ရုန်က ကြားဝင်မစွက်ဖက်ခဲ့ဘူးဆိုရင်တောင်မှ၊ သူက ဘုရင်အဆင့် မှော်ပစ္စည်းကို ရနိုင်မှာမို့လို့လား “
“ ငါ့တပည့်က ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားတယ်၊ သူက ဘုရင်အဆင့်လောက်ကို မပြောနဲ့၊ နတ်အဆင့် လက်နက်ကိုတောင် ရနိုင်တယ် “
ကူချန်ကျွင်းသည် ပတ်ဝန်းကျင်မှ အကြည့်များကို လျစ်လျူရှုကာ၊ ပြန်ပြောလိုက်သည်။ သူ၏အရှိန်အဝါကပင် လူတိုင်းကို ကြောက်ရွံ့သွားစေခဲ့ပြီးပြီ ဖြစ်သည်။
အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ သူတို့၏နဖူးများပေါ်တွင် ချွေးသီးလုံးများ သီးလာခဲ့ကာ၊ တစ်ခုခု ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြသည်။ တစ်စုံတစ်ဦးသည် သတင်းပို့ရန်အတွက် နတ်အရှင်သခင်ထံသို့ ထွက်သွားခဲ့ပြီ ဖြစ်သည်။
“ ကောင်းပြီလေ၊ ငါမင်းကို ပေးမယ် “
ထို့နောက်တွင် ကျောက်ကုန်းမင်မှ သူ၏လက်ကို မြှောက်လိုက်ရာ၊ ခရမ်းရွှေရောင် ဘူးသီးခြောက်တစ်လုံး ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် မီတာ ၃၀၀ကျော်အထိ မြင့်မားကာ ကောင်းကင်ပြင်ကိုပင် အုပ်မိုးနေခဲ့သည်။ ကြီးမားသော အရိပ်တစ်ခုနှင့်အတူ အစွမ်းထက် အရှိန်အဝါတစ်ခုပါ ကျဆင်းလာခဲ့သည်။
တစ်ချို့လူများသည် ခြေထောက်များပျော့ခွေသွားကာ၊ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သို့ရာတွင် ကူချန်ကျွင်းကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။ သူ၏ မှော်စွမ်းအားကို ခရမ်းရွှေရောင် ဘူးသီးခြောက်ထံသို့ ပို့လွှတ်လိုက်ရာ၊ ၎င်းသည် တလက်လက် တောက်ပလာခဲ့ပြီး၊ အဆက်မပြတ် သေးကျုံ့သွားကာ၊ ၎င်း၏ စွမ်းအားမှာလည်း အပြည့်အဝ ဖိနှိပ်ခံလိုက်ရပြီး၊ တစ်ပေခန့်ရှည်လျားသော အရွယ်အစားအဖြစ် ပြောင်းလဲသွားကာ၊ လုချန်ရှန်း၏ အရှေ့တွင် မျောလွင့်နေခဲ့သည်။
“ ယူလိုက် “ ဟု ကူချန်ကျွင်းမှ ပြောလာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ကျွန်တော့်အတွက်လား “
“ ဟုတ်တယ် “
ချက်ချင်းဆိုသလိုပင် သူစိတ်ရှားသွားခဲ့သည်၊ သူသည် နောက်ထပ်ဘူးသီးခြောက်တစ်လုံးကို အခမဲ့ရရှိခဲ့ပြီ ဖြစ်သည်။
ကျောက်ကုန်းမင်သည် သူ၏အကြည့်ကို ရုတ်သိမ်းကာ၊ ကျောက်ရုန်ကို လှည့်ကြည့်၍ ပြောလိုက်သည် “ မင်းရဲ့ အမှားကို ဝန်ခံပြီးတော့၊ တောင်းပန်လိုက် “
“ ကျွန်တော် တောင်းပန်ပါတယ် “
ကျောက်ရုန်သည် အံကြိတ်၍ ပြောလာခဲ့သည်၊ သူ၏ ခန္ဓာကိုယ်သည် ကြီးမားသော အရှက်တရားကို ခံစားနေရသည့်အလား တုန်တုန်ရင်ရင် ဖြစ်နေခဲ့သည်၊ သူ၏ မျက်လုံးများအတွင်းတွင်လည်း အမုန်းတရားများ ကြီးထွားလာခဲ့သည်။
ကိစ္စက ဤကဲ့သို့ဖြစ်လာခဲ့သည့် အချိန်တွင် ကြည့်ရှုသူများသည် အရာအားလုံးပြီးဆုံးသွားပြီဟု ထင်သွားကြကာ၊ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
သို့သော် ထိုအချိန်မှာပင် ကျောက်ရုန်၏ မျက်နှာပေါ်သို့ လက်ဝါးတစ်ခု ကျဆင်းလာခဲ့သည်။
ဖပ်
အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ တစ်ခြားလူများက အချိန်မှီမတုံ့ပြန်နိုင်ခဲ့ကြပေ၊ ကျောက်ရုန်သည် အလျားလိုက် လွင့်ထွက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် တောင်နံရံနှင့် ဝင်ဆောင့်မိသွားပြီး၊ ကျယ်လောင်သော အသံတစ်သံကို ပေါ်ထွက်သွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျောက်တုံးကြီးများ လှိမ့်ဆင်းလာခဲ့ပြီး၊ ဆူညံသံသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ၊ ဖုန်မှုန့်များကို မီတာရာနှင့်ချီ၍ လှိုက်တက်သွားစေခဲ့သည်။
“ ကူချန်ကျွင်း၊ မင်းတော်တော် လွန်နေပြီ “ ကျောက်ကုန်းမင်သည် ဒေါသတကြီး ဖြစ်သွားခဲ့သည်။
လူအများအရှေ့တွင် မိမိ၏တပည့်ကို ရိုက်နှက်ခြင်းအား မည်သူက ဒေါသမထွက်ဘဲနေမည်နည်း
သို့ရာတွင် ကူချန်ကျွင်းကို ထိုစကားကို မကြားလိုက်ရသည့်အလား ပြုမူနေခဲ့ကာ၊ တောင်နံရံကို ငေးကြည့်၍ ဖြည်းဖြည်းချင်း စကားပြောလိုက်သည် “ ငါမင်းကို အနိုင်ကျင့်တော့ရော ဘာဖြစ်လဲ။ မှတ်ထား၊ အခွင့်အာဏာ သုံးပြီးတော့ အနိုင်ကျင့်တဲ့အတွက် ငါက မင်းကို ရိုက်လိုက်တာ မဟုတ်ဘူး၊ ငါ့တပည့်ကို ပစ်မှတ်ထားနေလို့ပဲ။ တကယ်လို့ နောက်တစ်ခါထပ်ဖြစ်လာမယ်ဆိုရင်၊ မင်းတို့မျိုးနွယ်စုတစ်ခုလုံးကို အပြတ်ရှင်းပေးမယ် “
သူ၏လေသံမှာ အေးဆေးတည်ငြိမ်နေသော်လည်း၊ လူတိုင်း၏ စိတ်နှလုံးသားကို လှုပ်ခါသွားစေခဲ့သည်။
စစ်ပွဲဘုရင်က မည်မျှ ကြီးစိုးလိုက်သနည်း။ အရှင်သခင်လေးပါးအနက်မှ တစ်ပါးဖြစ်သည့် စိတ်ဝိညာဥ် အရှင်သခင်နှင့် ရင်ဆိုင်ရသည့် အချိန်မှာပင်၊ မည့်သည့်အကြောက်တရားမှ ရှိမနေဘဲ၊ တစ်ဖက်လူကို မျက်လုံးထဲပင် ထည့်ပုံမရပေ။
“ သွားကြစို့ “
ကူချန်ကျွင်းသည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ကာ၊ သူ့တပည့်နှစ်ဦးကို လှည့်ကြည့်လိုက်သည်။
ထို့နောက်တွင် သူသည် ကျောက်ကုန်းမင်ကို ကြည့်ကာ စကားထပ်ပြောလိုက်သည်။
“ တကယ်လို့ မင်းမကျေနပ်ဘူးဆိုရင်၊ မင်းလှုပ်ရှားလိုက်လို့ရတယ်။ ငါက အချိန်မရွေး အဆင်သင့်ပဲ။ တကယ်လို့ မင်းကြောက်နေတယ်ဆိုရင်တော့၊ နတ်အရှင်သခင်ကိုပါ သွားခေါ်လိုက်။ မင်းတို့အားလုံးကို တိုက်ခိုက်ရဖို့အတွက် ငါတတ်နိုင်တယ်။ ဒါပင်မဲ့ မင်းတို့က ငါ့တပည့်ကို နည်းနည်းလေးတောင် ထပ်ထိရဲနေမယ်ဆိုရင်တော့၊ မင်းဆီမှာ ရှိတဲ့အရာအားလုံးကို ဖျက်စီးပစ်မယ် “
ချက်ချင်းဆိုသလိုပင် ကြက်သီးများထသွားကြသည်။
အထူးသဖြင့် တပည့်အသစ်များဖြစ်ပြီး၊ လူတိုင်း မှင်သက်သွားကြသည်၊ သူတို့သညိ ဤကဲ့သို့ မောက်မာကြီးစိုးကာ အစွမ်းထက်လွန်းသည့် လူတစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ပွင့်ပွင့်လင်းလင်း စိန်ခေါ်ကာ၊ နတ်အရှင်သခင်ကိုပါ သွားခေါ်ခိုင်း၍ အတူတကွ တိုက်ခိုက်လာရန် ပြောရန်အတွက် ယုံကြည်မှု မည်မျှလိုအပ်ပါမည်နည်း
အကြီးအကဲ အုပ်စုမှာလည်း ချွေးတရွှဲရွှဲဖြင့် မယုံကြည်နိုင်ဖြစ်သွားကြသည်၊ သူသည် ယခင်က သူတို့မြင်တွေ့ခဲ့ရသည့် အစစ်အမှန် တိုက်ပွဲတစ်ခု ပေါ်ပေါက်လာမည်ကို ကြောက်ရွံ့သွားခဲ့သည်။
ကျောက်ကုန်းမင်၏ အမူအရာ ပြာနှမ်းသွားခဲ့သည်၊ သို့သော် သူသည် မည်သို့မျှ မလှုပ်ရှားလာခဲ့ပေ။ သူသည် ထွက်ခွာသွားသည့် ပုံရိပ်များကို ကြည့်ကာ သတ်ဖြတ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။
တောင်တန်းဒေသတစ်ခုလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းသည် ဘူးသီးခြောက်ကို ကိုင်ကာ၊ ကူချန်ကျွင်းနောက်သို့ လိုက်သွားပြီး၊ လုံးဝ မှင်သက်နေခဲ့သည်။
မိုက်တယ်ဟေ့၊ ရှယ်ဘဲ