← Chapters

အပိုင်း(၃၅)

Vol. 3 Ch. 35

အပိုင်း(၃၅)

Vol. 3 Ch. 35

စုမင်ကိုယ်ထဲမှ အပူရှိန်တစ်မျိုး ရုတ်ချည်း ပေါက်ကွဲထွက်လာ၏။ ၎င်းအပူဓာတ်မှာ စုမင်၏ ခန္ဓာကိုယ်တွင် အမြဲရှိနေခဲ့ပြီး မြူမှုန်ထိုးခွဲဆေးလုံး၏ နှိုးဆွမှုကြောင့် ထွက်ပေါ်လာခဲ့ဟန် တူသည်။  စုမင်ကိုယ်လေး တုန်ခါသွား၏။ သူတစ်ကိုယ်လုံး လောင်ကျွမ်းတော့မတတ် ခံစားနေရသည်။ သွေးကြေပျက်သုဉ်းဆေးလုံးကြောင့် သေသွားရသည့် မဟူရာတောင်မှ လူကိုပင် ရုတ်တရက် သတိရမိသွား၏။

သို့သော် စုမင်မှာ ကြောက်လန့်မနေဘဲ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့၏။ တစ်ကိုယ်လုံး လောင်ကျွမ်းနေသလို ခံစားနေရသည့် အခြေအနေတွင် စိတ်ကို တည်ငြိမ်အောင်ထားရင်း မတူသည့်အချက်ကို ရှာတွေ့သွား၏။ တကယ်တော့ သူ့ခန္ဓာကိုယ်မှာ လောင်ကျွမ်းနေခြင်း မဟုတ်ဘဲ  ခန္ဓာကိုယ်တွင်း ရှိရှိသမျှသွေးများက တစ်ကိုယ်လုံးအနှံ့ ကြောက်မက်ဖွယ် အရှိန်နှင့် လှည့်ပတ်စီးဆင်းနေခြင်းသာ ဖြစ်သည်။

သွေးများ အလွန်လျင်မြန်စွာ လှည့်ပတ် စီးဆင်းနေခြင်းကြောင့် လောင်မီးကျသလို ခံစားနေရခြင်းဖြစ်မှန်း သဘောပေါက်သွားသည်။ သူ့နှလုံးမှာ ပေါက်ကွဲထွက်တော့မတတ် ရူးလောက်သည့် အရှိန်နှင့် အဆက်မပြတ် ခုန်နေတော့၏။ ။

"တော်တော် အားပြင်းတဲ့ဆေးပဲ"

စုမင် မျက်နှာမှာ ရဲတွတ်နေသော်လည်း အေးဆေးတည်ငြိမ်မှုက တစ်စက်လေးမှ မပျက်ယွင်းသွားပေ။ တစ်ကိုယ်တည်း စကားဆိုရင်း မျက်လုံးများကို ပိတ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲ လှည့်လည်သွားလာနေသည့် ချီစွမ်းအင်နှင့် သွေးများကြား စိတ်ကို စီးမျောခိုင်းလိုက်၏။

သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်။ သွေးကြော (၁၁) ကြောလုံး တစ်ပြိုင်နက်တည်း ပေါ်လာပြီး စူးရှသောအလင်းရောင်များ ထွန်းလင်းနေ၏။ ဂူတစ်ခုလုံး အနီရောင်အလင်းတန်းများနှင့် ရဲရဲတောက်နေသည်။ ရုတ်တရက် ကြည့်လျှင် သွေးလွှမ်းနေသည့် ငရဲတစ်ခုနှင့်ပင် တူနေတော့၏။

ချီစွမ်းအင်များ သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်နှင့်အမျှ ကိုယ်ပေါ်မှ အနီရောင်အလင်းတန်းက ပိုမိုအားကောင်းလာသည်။ ကိုယ်ပေါ်တွင် အပြာရောင် သွေးကြောများလည်း ပေါ်လာပြီး တဆတ်ဆတ် ခုန်ကာ လှုပ်ရှားနေကြ၏။ ထိုခြင်းရာများကြောင့် စုမင်၏ သဏ္ဍာန်မှာ ရက်စက်ကြမ်းကြုတ်တဲ့ အသွင်မျိုး ဖြစ်နေတော့၏။

နှစ်နာရီ ကုန်လွန်သွားလေသည်။ နှစ်နာရီအတွင်း စုမင် ဝတ်ထားသည့် တိရစ္ဆာန် သားရေထည်အင်္ကျီမှာ ချွေးများနှင့် ရွှဲနစ်‌နေ၏။ စုမင် တစ်ကိုယ်လုံး နီစွေးနေတော့သည်။ သူ့အရေပြားပေါ်ရှိ သွေးကြော (၁၁) ကြောမှာ ရဲရဲနီတောက်ပနေ၍ ဒဏ်ရာ ရထားသည့်ပမာ ဖြစ်နေတော့၏။

ထိုအချိန်၌ စုမင် မျက်လုံးဖွင့်လိုက်သည်။  သူ့မျက်လုံးများမှာ သွေးရောင်များ ဖုံးလွှမ်းနေ၏။  သူ မာန်သွင်းအော်ဟစ်လိုက်ချိန် (၁၂) ခုမြောက် သွေးကြောမှာ ပျံ့နှံ့ဖြာဆင်း လာလေ၏။

၎င်းသွေးကြော ပျံ့နှံဖြာဆင်းလာပုံမှာ အလွန်လျင်မြန်လွန်းလှသည်။ ထင်ယောင်ထင်မှား အခြေအနေမှ ရုတ်ချည်း ထင်ထင်ရှားရှား ရုပ်လုံးပေါ်လာခဲ့ခြင်း ဖြစ်သည်။  စုမင်၏ ချီမှာ တစ်ဆင့်တိုး အားကောင်းလာပြန်၏။

သို့သော် သည်လောက်နှင့် အဆုံးသတ် မသွားသေး။ (၁၂) ခုမြောက် သွေးကြော ပေါ်လာပြီးနောက် စုမင်ခန္ဓာကိုယ်အတွင်း မီးလောင်နေသလို ခံစားချက်မှာ တစ်ခဏသာ ပျောက်ဆုံးသွား၏။ မကြာခင် စုမင် နောက်တစ်ကြိမ် မာန်သွင်းကာ ထပ်မံအော်ဟစ်လိုက်ပြန်၏။ ထိုအခါ (၁၃) ခုမြောက်သွေးကြောမှာ သူ့အရေပြားပေါ်မှ ထွက်ပေါ်လာပြန်သည်။

(၁၃) ခုမြောက် သွေးကြော ပျံ့နှံ့ဖြာဆင်းသွားချိန် လေမတိုက်ဘဲ သူ့ဆံပင်များ အနည်းငယ် လှုပ်ရှားသွား၏။ သူ၏ ချည့်နဲ့နဲ့ခန္ဓာကိုယ်လေးအတွင်းမှ ပြင်းထန်အားကောင်းသည့် အင်အားတစ်ခု ဟုန်းခနဲ ထွက်ပေါ်လာလေသည်။

လက်ရှိ သူ့ခန္ဓာကိုယ်တွင်းမှ သွေးစီးဆင်းမှုနှုန်းနှင့်ဆို သွေးအားနည်းသည်ဟု ဆို၍ မရတော့။ ထိုအစား ခန္ဓာကိုယ်တွင်း သွေးများ အလွန် များပြားလွန်းသည်ဟု စုမင် ခံစားနေရသည်။ အကယ်၍ သွေးကြောပျံ့နှံ့ဖြာထွက်ခြင်းအပေါ် အာရုံမစိုက်ထားလျှင် စုမင် တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားနိုင်သည်။ သွေးကြောနှစ်ခု ပေါ်ပြီးသော်လည်း ခန္ဓာကိုယ်ထဲ၌ လောင်မီးကျသည့်ပမာ ပူလောင်မှုကို ခံစားနေရဆဲပင်။

စုမင် မျက်နှာမှာ ရှုံ့မဲ့နေ၏။ လောင်ကျွမ်းနေသည့် ခံစားချက်မျိုးမှာ ခံစားရခက်လွန်းသည်။ ညာလက်ကို မြှောက်၍ အင်္ကျီကို ဆုတ်ဖြဲပြီး အပေါ်ပိုင်း ဗလာဖြစ်သွားချိန် သွေးကြော (၁၃) ခုလုံး ပေါ်ထွက်လာခဲ့၏။  အစဉ်လိုက်ပေါ်နေခြင်း မဟုတ်သော်လည်း သွေးကြောများသည် စုမင်၏ ရင်ဘတ်၊ နောက်ကျောနှင့် လက်မောင်းများအနှံ့  ပျံ့နှံ့တည်ရှိနေလေ၏။

သွေးကြောအားလုံး၏အရောင်မှာ သွေးရောင်ပမာ ရဲရဲနီနေ၏။ ၎င်းမှာ အချိန်မရွေး ပေါက်ထွက်သွားတော့မည့် ပုံစံမျိုးပင်။  စုမင်တစ်ကိုယ်လုံး ချွေးတို့ ရွှဲနစ်နေပြီး အနီရောင် အလင်းအောက်၌ သူ့ကိုယ်ဟန်မှာ အလွန်တရာ ထူးဆန်းပြီး လှပ‌နေ‌၏။

စုမင်မျက်လုံးများမှာ သွေးရောင်လွှမ်းနေသော်လည်း ဒေါသအရိပ်အယောင် တစိုးတစိမျှ မတွေ့ရပေ။ သူ့မျက်လုံးများက တည်ငြိမ်လွန်းလှ၏။ စုမင်မှာ စိတ်ခံစားချက်အားလုံးကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်၏။  သူ့ကိုယ်ထဲမှ ချီစွမ်းအင်ကို ခံစားမိသည်နှင့် မာန်နတ်ဘုရား ရုပ်တုထံမှ ရရှိထားသည့် အမွေပညာရပ်များအတိုင်း တွေဝေတုံ့ဆိုင်းခြင်းမရှိ သွေးကြောထဲမှ သွေးများကို ထပ်ခါတလဲလဲ နှိုးဆွပေးနေတော့၏။ ထို့ကြောင့် သူ့သွေးကြောများမှာ တဖြည်းဖြည်းနှင့် သန့်ရှင်း စင်ကြယ်လာတော့၏။

နောက်ထပ် တစ်နာရီ ကုန်ဆုံးသွားပြန်သည်။  စုမင်က ခေါင်းကိုမော့ပြီး ကောင်းကင်ကို မျက်နှာမူလျက် ကြုံးဝါးလိုက်သည့်အခါ (၁၄) ခုမြောက် သွေးကြောမှာ သူ့ကိုယ်ပေါ်မှ ခပ်ရေးရေး ထွက်ပေါ်လာလေတော့၏။

သူ့ကြုံးဝါးသံမှာ လူအများကြီး ဝိုင်းဝန်းအော်ဟစ်နေကြသလို ဂူအတွင်း ပဲ့တင်ထပ်နေ၏။

"ထွက်လာခဲ့စမ်း ... (၁၄) ခုမြောက် သွေးကြော"

စွမ်းအားအရှိန်မှာ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စုမင်၏ခန္ဓာကိုယ်မှာ တုန်ယင်လာ၏။ အမြန်နှုန်းအရ (၁၄) ခုမြောက် သွေးကြော ပြီးပြည့်စုံစွာ ပေါ်ပေါက်လာရန် အချိန် သိပ်မလိုတော့သည့် အလားပင်။

သို့သော် (၁၅) မိနစ်ကျော်ကြာသည့်တိုင် တစ်ခုခု လိုနေသည့်အလား (၁၄) ခုမြောက် သွေးကြောမှာ ပေါ်မလာဘဲ ရှိနေ၏။

သူ့ကိုယ်တွင်းမှ ချီစွမ်းအင်များ နှေးကွေးလျော့ပါးသွားသည်ကိုလည်း ခံစားမိလိုက်၏။ ခန္ဓာကိုယ်ထဲမှ အပူဓာတ်လည်း လုံးဝ ပျောက်ကွယ်သွားလေသည်။

သည်အတိုင်း ပြီးဆုံးသွားမည် ဆိုပါက (၁၄) ခုမြောက် သွေးကြောပေါ်လာရန် အစမှ အကုန် ပြန်လုပ်ရမည့် သဘော ရှိနေသည်။

တွေဝေတုံ့ဆိုင်းမနေဘဲ စုမင်က ဘေးတွင်အသင့်ချထားသော တောင်တန်းဝိညာဉ် ဆေးလုံး နောက်တစ်လုံးကို ယူလိုက်၏။

ဆေးလုံးကို ပါးစပ်ထဲ ချက်ချင်း ‌ထည့်ပြီး အကြမ်းပတမ်း ကိုက်ဝါးကာ မျိုချလိုက်သည်။ ပြီးလျှင် မြုမှုန်ထိုးခွဲနောက်တစ်လုံးကို ထုတ်ပြီး စားလိုက်သေး၏။ သူ့ခန္ဓာကိုယ်မှာ တဖန် အပြင်းအထန် လှုပ်ခါလာပြန်၏။ အရေပြားပေါ်မှ  ပျောက်ကွယ်လုနီးနီး ဖြစ်နေသော အနီရောင်အလင်းတန်းမှာ တစ်ဖန် ပေါ်ထွက်လာပြီး အရေပြားတစ်ခုလုံး ကြောက်စရာ ကောင်းမတတ် ရဲရဲတောက် အနီရောင် ပြောင်းသွားလေတော့၏။

ခန္ဓာကိုယ်ထဲမှ အပုရှိန်မှာ ထပ်မံ လောင်ကျွမ်းလာပြန်သည်။ ပထမတစ်ကြိမ်ထက်ပင် အပူဒဏ်မှာ ပြင်းထန်လာ၍ စုမင်အဖို့ တောင့်ခံရန် အတော်ခက်ခဲလာလေသည်။

"ထွက်လာစမ်း (၁၄) ခုမြောက် သွေးကြော"

၎င်းမှာ စုမင်ကိုယ်တိုင် သတိမထားမိသည့် သူ့စိတ်၏ ကြမ်းတမ်းခက်ထန်သည့် အပိုင်း ဖြစ်သည်။ ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့သမျှ အဖြစ်အပျက်တစ်ခုစီတိုင်းမှ ဒေါသများကို နည်းနည်းစီ စုပုံလာသလိုမျိုးပင်။

စုမင် နောက်တစ်ခေါက် မာန်သွင်းလိုက်စဉ် (၁၄) ခုမြောက် သွေးကြောမှာ ဆွဲဆောင်မှုရှိသော အနီရောင်အဆင်းနှင့် ချက်ချင်း ပျံ့နှံ့ဖြာဆင်းလာ၏။ (၁၄) ခုမြောက် သွေးကြော ပေါ်ထွက်လာသော်လည်း စုမင်မှာ မရပ်တန့်သေး။  သူက တစ်ခါတည်းနှင့် သူ့စွမ်းအားကို တိုးမြှင့်ရန် နောက်ထပ် မြူမှုန်ထိုးခွဲနှစ်လုံးကို ချက်ချင်း မျိုချလိုက်၏။

နိုင်စီးငြှိမ်းသတ်ခြင်းနှင့် ဆေးလုံးဖော်စပ်နေသည့် ခုနစ်ရက်အတွင်း စုမင် အဆက်မပြတ် တွေးနေခဲ့သည်။ သွေးလွှမ်းလ စောလျင်‌စွာ ပေါ်ထွက်လာခြင်းနှင့် အကြီးအကဲ၏ အပြုံနောက်ကွယ်မှ စိုးရိမ်ပူပန်မှုတို့ကို စုမင် သိနေသည်။  သူ ထုတ်မပြောလျှင်သာ ရှိမည်၊ သူ့မျိုးနွယ်စုထံ ကပ်ဘေးကြီး ကျရောက်တော့မည် ဆိုသောအချက်ကို သူ့စိတ်တစ်နေရာမှ သိနေ၏။

မဟူရာတောင် အကြီးအကဲ၏ ကျင့်စဉ်တိုးတက်အောင်မြင်မှုနှင့် သစ္စာဖောက်ကြောင့် အန္တရာယ်ရှိနေသော မျိုးနွယ်စုအကြောင်း စဉ်းစားမိသည်နှင့် စုမင်စိတ်မှာ အလွန် စိုးရိမ်ပူပန်နေမိ၏။ သူ့အနေဖြင့် မျိုးနွယ်စုအကြီးအကဲကို ရှိသလောက် အင်အားလေးဖြင့် ကူညီချင်သော်လည်း သူ့အင်အားမှာ မလုံလောက်သေးမှန်းလည်း သိနေသည်။

စုမင် ပို၍ သန်မာချင်လာသည်။  ပို၍ အစွမ်းထက်ချင်သည်။

(၁၄) ခု‌မြောက် သွေးကြောပေါ်လာပြီးနောက် စုမင်မှာ ကိုယ်တွင်းက ချီများကို နှိုးဆွ၍ လည်ပတ်စီးဆင်းစေလိုက်၏။ သွေးစီးဆင်းမှု အရှိန်ဟုန်ကို အစွမ်းကုန် တိုးမြှင့်ရင်း (၁၅) ခုမြောက်သွေးကြော မထွက်ထွက်အောင် ဖိအားပေးနေလိုက်၏။

အတန်ကြာသည့်အခါ စုမင်မှာ နာကျင်လာသည်။ သို့သော် သူက မရပ်တန့်သေး။  ခန္ဓာကိုယ်ထဲမှ သွေးများမှာ အဆက်မပြတ် လှည့်လည်စီးဆင်းနေပြီး သူ၏ ကြုံးဝါးမာန်သွင်းသံနှင့်အတူ (၁၅) ခုမြောက် သွေးကြောမှာ ပျံ့နှံ့ဖြာဆင်းလာတော့၏။

သွေးကြော (၁၅) ခုသည် စုမင်၏ ဗလာကျင်းနေသည့် ခန္ဓာကိုယ်အပေါ်ပိုင်း၌ အမာရွတ် (၁၅) ခုပမာ တည်ရှိနေ၏။ ထိုသွေးကြောများထံမှ အနီရောင်အလင်းတန်း ထွက်လာသည့်အခါ စုမင် ပုံစံမှာ မဟာတန်ခိုးရှင်တစ်ပါးအလား ခန့်ညားနေတော့သည်။

သို့တိုင် စုမင်မှာ သွေးကြော (၁၅) ခုနှင့် မကျေနပ်နိုင်သေး။ အချိန်နှင့်အမျှ သွေးကြောများကို လှည့်လည် စီးဆင်းနေတော့၏။

(၁၆) ခု‌မြောက်သွေးကြောလည်း ရုတ်ခြည်း ပေါ်လာ၏။

ထိုအချိန် သူ့ခန္ဓာကိုယ်ထဲတွင် အပူဓာတ် အတော်များများ လျော့ပါးသွားပြီ ဖြစ်၏။ ကြည့်ရသည်မှာ ဆေးစွမ်း အဆုံးသတ်ခါနီး ဖြစ်ပုံရသည်။  စုမင်၏ အေးစက်နေသည့် မျက်လုံးများ အရောင်လက်လာပြီး ညာလက်ကိုမြှောက်ကာ ရင်ဘတ်ကို ရိုက်ချလိုက်၏။ ရိုက်ချက်ကြောင့် သူ့ကိုယ်ထဲသို့ ကြီးမားလှသည့် အားလှိုင်းကြီးတစ်ခု ဝင်ရောက်လာပြီး နှလုံးခုန်နှုန်းပါ မြန်ဆန်လာတော့သည်။

"ပေါ်လာစမ်း (၁၇) ခုမြောက် သွေးကြော"

ထိတ်လန့်တုန်လှုပ်သွား၍ နှလုံးမှ သွေးအများကြီး ပို့လွှတ်ပေးလိုက်စဉ် ကိုယ်တွင်း၌ သွေးများ ခပ်မြန်မြန် လှည့်လည်စီးဆင်းသွားပြန်၏။

(၁၇) ခုမြောက် သွေးကြော ပေါ်လာသည်နှင့်  တစ်ပြိုင်နက် စုမင်၏ ခန္ဓာကိုယ်တွင်းမှ လောင်မီးကျသလို ခံစားချက်မှာ ပျောက်ကွယ်သွားသည်။ အပူဓာတ်ပါမက ကျပ်တည်းမှုပါ ပျောက်ကွယ်သွား၏။ သူ့တစ်ကိုယ်လုံး အင်အား ဆုတ်ယုတ်နေ၏။ ထိုသို့ ဖြစ်ရခြင်းမှာ ဆေးအရှိန်ပြယ်သွားချိန် နောက်ဆက်တွဲ အကျိုးသ‌က်ရောက်မှုမှန်း စုမင် သိသည်။

တစ်ချိန်တည်း သူ့ခန္ဓာကိုယ်ထဲတွင် မျက်ခနဲ နာကျင်သွားသည်ကို ခံစားလိုက်ရ၏။ အကြောင်းက အတင်းအကျပ် လေ့ကျင်မှုကြောင့် သူ့ခန္ဓာကိုယ် အတွင်းဒဏ်ရာ ရသွားခြင်း ဖြစ်၏။

"ငါက မာန်ပညာရပ် လမ်းစဉ် ကျင့်ကြံသူပဲ။ ဒီဒဏ်ရာလောက်ကတော့ ဘာမှမပြောပ လောက်ပါဘူး"

စုမင်က ခန္ဓာကိုယ်တွင် အနည်းဆုံး အင်အားတစ်ဆ တိုးလာမှန်း သိလိုက်၏။ သူ့မျက်လုံးထဲတွင် ပြတ်သားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြန်သည်။

သူ မထလိုက်သေး။ အင်္ကျီထဲမှ ဆေးမြစ်တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ ဝေဟင်ကျောက်တုံးအပင် ဖြစ်သည်။

၎င်းက သူ့တွင်ရှိသော ဆေးများအနက် အစွမ်းထက်ဆုံး‌ဆေး ဖြစ်သည်။ လေ့ချန်ကို ခွဲပေးပြီးနောက် ရှိနေသည့် အပင်လက်ကျန်ကို အလွယ်တကူ မသုံးပစ်ခဲ့ပေ။ သို့သော် ယခုတကြိမ်တွင် ပြတ်သားသော ဆုံးဖြတ်ချက်နှင့် ထုတ်ယူလိုက်၏။ စုမင်မှာ တတ်နိုင်သလောက် စွမ်းအားများကို တစ်ချီ မြှင့်တင်လိုသေးသည်။

စုမင်က ဆေးပင်ကို တစ်ရွက်ချန်ပြီး ကျန်သမျှ ဝါးစားလိုက်၏။  ဆေးမြစ် အာနိသင် တိုးပွားစေရန် မြူမှုန်ထိုးခွဲပါ မျိုချလိုက်၏။

သူ့ခန္ဓာကိုယ်မှ အအေးဓာတ် ထွက်ပေါ်လာသည်။ အနည်းငယ် ကျန်ရှိနေသေးသည့် အပူဓာတ်နှင့် အအေးဓာတ်တို့ ရောယှက်သွား၏။ အေးမြသောခံစားချက်က စုမင်ကိုယ်ထဲ ဖွဲ့တည်လာပြီး ခန္ဓာကိုယ်ပေါ်ရှိ သွေးကြော (၁၇) ခုကို ပိုမို ထင်ရှားသွားစေသည်။

စုမင်ရဲ့ခန္ဓာကိုယ်မှာ ပြာနှမ်းနေသည့်တိုင် သွေးကြောများက ကိုယ်တွင်း၌ တစ်ဖန် လှည့်ပတ်နေပြန်၏။ နှစ်နာရီမှ ... လေးနာရီကျော် ကြာညောင်းခဲ့ပြီ။ ကောင်းကင်၌ပင် အနက်ရောင် မိုးတိမ်များ ကင်းစင်လာချေပြီ။ ရှောင်ဟုန်ပင် အပြင်၌ လျှောက်ကစား နေရာမှ ပြန်လာပြီ ဖြစ်၏။  စုမင်မှာ တုတ်တုတ်မျှ မလှုပ်ဘဲ တင်ပျဉ်ချိတ် ထိုင်နေဆဲပင်။

စုမင် လေ့ကျင့်နေမှန်း ရှောင်ဟုန် သိသည်။ ထို့ကြောင့် စုမင်ဘေးတွင် လဲလျောင်းရင်း ခဏထိုင်ကြည့်လိုက်၏။ ပြီးလျှင် သမ်းဝေပြီး အိပ်ပျော်သွားတော့သည်။

မနက်ခင်းမှ နေ့လယ် .... နေ့လယ်မှ မှောင်ရီပျိုးစ ပြုလာပြီ။ မကြာခင် ကောင်းကင်တစ်ခွင်လုံး မည်းမှောင်သွားတော့၏။ လမင်းထံမှ ဖြာကျနေသည့် အလင်းရောင်က ဟိုတစ်ကွက် ဒီတစ်ကွက် မြေပြင်ပေါ် ကျရောက်လျက် ရှိ၏။

စုမင်ရဲ့ကိုယ်ပေါ်တွင် သွေးကြော (၁၇) ခု မဟုတ်တော့။ (၁၉) ကြော ဖြစ်နေလေပြီ။ လက်မောင်းပေါ်တွင် သွေးကြောနှစ်ခု ထပ်မံပေါ်ပေါက်လာပြီး ရဲရဲနီနေ၏။

သန်းခေါင်ယံ ရောက်လာခဲ့ပြီ။  စုမင်ကိုယ်ပေါ်မှ အနီရောင်အလင်းတန်းကြောင့် ဂူတစ်ခုလုံး ထွန်းလင်းနေ၏။  မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး တုန်ရီစွာ အသက်ရှူလိုက်၏။  သူ့မျက်လုံးများမှာ ကြောက်မက်ဖွယ် အလင်းရောင်မျိုးနှင့် လင်းလက်နေ၏။ ရှောင်ဟုန်တစ်ယောက် ဘေးနားတွင် ခပ်တိုးတိုး ဟောက်ရင်း သူ့အမြီးသူ ပြန်ကိုင်ထားတာ မြင်ရတော့ သူပြုံးမိသည်။

ရှောင်ဟုန့်ထံမှ အကြည့်လွှဲပြီး နံရံပေါ်မှာရှိနေသော အပေါက်ငယ်လေးများကို ကြည့်လိုက်၏။  သူ့နေရာမှ ကြည့်လျှင် အပြင်ဘက် ရာသီဥတု အခြေအနေနှင့် လမင်းကို မြင်တွေ့နိုင်၏။  စုမင်က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ပြီး အတွင်းဒဏ်ရာများကို ကုစားရန် ခန္ဓာကိုယ်တွင်းမှ ချီများကို နှိုးဆော်ရန် ပြင်လိုက်၏။ ထိုအချိန်၌ ...

မျက်လုံးများကို ပိတ်တော့မည့်ဆဲဆဲ စုမင် ရုတ်တရက် ပြန်ဖွင့်လိုက်၏။ သူ အကြိမ်ပေါင်း မရေတွက်နိုင်အောင် အပေါက်ငယ်လေးများမှတစ်ဆင့် မြင်တွေ့ခဲ့ရသည့် လမှာ အနည်းငယ် ထူးခြားနေသလို ခံစားလိုက်ရ၏။

နောက်တစ်ခေါက် ကြည့်လိုက်သည့်အခါ စုမင် မျက်လုံးပြူးသွားသည်။

ကောင်းကင်ပေါ်မှ လမှာ နီစွေးစွေး ဖြစ်နေတော့၏။

***

All Chapters