အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အပိုင်း ( 79 )
အတွေးလွန်ခြင်း
နတ်ကောင်းကင်ဂိုဏ်း၏ အရပ်လေးမျက်နှာတွင် ဆူညံသံများ ကင်းမဲ့နေခဲ့သည်။
လူတိုင်းသည် တစ်ဦးကိုတစ်ဦး ငေးကြည့်ကာ၊ အသက်ပင် မရှူရဲကြပေ။
ကူချန်ကျွင်း၏ ပုံရိပ် ပျောက်ကွယ်သွားသည့် အချိန်မှသာလျှင် အားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။
“ စစ်ပွဲဘုရင်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အရမ်းကြီးစိုးပြီး အစွမ်းထက်တာပဲ “
“ သူ့တပည့်ဖြစ်ရတာက ကောင်းချီးတစ်ခုပဲ ဖြစ်နေမှာသေချာတယ် “
“ စကားပြောနေတာ ရပ်လိုက်တော့၊ စိတ်ဝိညာဥ် အရှင်သခင်ရဲ့ မျက်နှာက တော်တော်ကြီးကို ပျက်နေပြီ “
…
လူများသည် တိုးတိုးဖြင့် ရေရွတ်ပြောဆိုနေကြသည်။
ကျောက်ကုန်းမင်သည် ဒုက္ခဖြစ်လုနီးပါး ဖြစ်သွားသော ကျောက်ရုန်ကို ငေးကြည့်လိုက်ပြီး၊ သူ၏လက်သည် ထိန်းချုပ်၍ မရလောက်သည်အထိ တုန်ရင်သွားခဲ့သည်၊ သူ၏ မျက်လုံးများအတွင်းတွင် အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။
သူသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ၊ ထွက်ခွာသွားခဲ့သည်။
အကြီးအကဲများသည် ၎င်းတို့ကို စောင့်ကြည့်နေရင်းဖြင့် စိတ်မသက်မသာ ဖြစ်သွားကြသည်။
“ နတ်အရှင်သခင်ကိုတောင် မကြောက်ဘူးဆိုတော့၊ စစ်ပွဲဘုရင်က ဘယ်လောက်တောင် စွမ်းနေတာလဲ “ တပည့်တစ်ဦးသည် မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည်။
သူ့ဘေးနားတွင် ရှိနေသည့် မော့ရင်သည် ခြောက်ကပ်ကပ် ရယ်မောကာ၊ ပြန်ပြောလိုက်သည် “ မကြောက်ရုံတင် မဟုတ်ဘူး၊ တကယ်လို့ သူသာ ရူးသွပ်သွားမယ်ဆိုရင်၊ မဟာအကြီးအကဲကိုတောင် ရန်ဖြစ်ဖို့ သွားဆွဲခေါ်တတ်တယ် “
“ သူက အဲ့လောက်တောင် ရက်စက်ကြမ်းကြုတ်တာလားဗျ “
“ တောင်ပိုင်းဒေသရဲ့ တောင်ပိုင်းမှာ ကူချန်ကျွင်းနာမည်ကို ကြားရင် မတုန်လှုပ်သွားတဲ့လူဆိုတာ မရှိဘူး “
“ စစ်ပွဲဘုရင်ရဲ့ ဂုဏ်သိက္ခာက ဒီလောက်အထိတောင် ပျံ့နှံ့နေတာလား။ သူ့တပည့် ဖြစ်လို့ရသေးလား၊ နောက်ကျနေပြီလား “
…
ချက်ချင်းဆိုသလိုပင် ဆွေးနွေးပြောဆိုမှုများ သက်ဝင်လှုပ်ရှားလာခဲ့သည်။
မော့ရင်သည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်မှ၊ စကားထပ်ပြောလာခဲ့သည် “ ဒီကိစ္စကို နတ်အရှင်သခင်ဆီ တင်ပြသင့်တယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ပြဿနာဖြစ်လာမှာကို ငါကြောက်မိတယ် “
သူ့ဘေးတွင် ရှိနေသည့် အကြီးအကဲတို့မှာလည်း ခါးခါးသီးသီး ပြုံးနေကြတော့သည်။
သူတို့သည် ၎င်းကို နေသားကျနေခဲ့ပြီဖြစ်သည်၊ ကူချန်ကျွင်းက မည်မျှပင် ပြဿနာ ရှာခဲ့ပါစေ၊ အဆုံးတွင် သူတို့ကသာလျှင် သူ့ကို သွားချော့ရစမြဲပင်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းနှင့် တစ်ခြားလူနှစ်ဦးမှာ လေ့ကျင့်ရေးကွင်းဆီသို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ကူချန်ကျွင်းသည် သူ၏ တပည့်နှစ်ဦးကို ကြည့်ကာ စကားပြောလိုက်သည် “ အခုချိန်ကနေစပြီးတော့၊ ဘာကိစ္စပဲရှိရှိ၊ ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ တကယ်လို့ နတ်အရှင်သခင် ဒါမှမဟုတ် ဂိုဏ်းထဲက အဲ့ဒီလူအိုကြီးတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ၊ ဘာကိုမှ ကြောက်နေဖို့ မလိုဘူး။ တကယ်လို့ တစ်ယောက်ယောက်က မင်းတို့ကို ထိရဲနေမယ်ဆိုရင်၊ သူတို့ရဲ့ တောင်တွေကို ပြားကပ်သွားအောင် ငါလုပ်ပေးမယ် “
ယဲ့တျန်ရီသည် သူ၏ ပါးစပ်ကို အကြိမ်ပေါင်းများစွာ ဖွင့်ဟလိုက်သော်လည်း၊ မည်ကဲ့သို့ စကားပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
ဆရာက အရင်တုန်းကနဲ့ မတူတော့ဘူးပဲ၊ သူက အမြဲလိုလို ကြီးစိုးတတ်ပင်မဲ့၊ ဒီလောက်ကြီးအထိတော့ မဟုတ်ခဲ့ဘူးလေ
လုချန်ရှန်းမှာလည်း သတိပြန်ဝင်လာခဲ့ကာ၊ စကားပြန်ပြောလိုက်သည် “ အရမ်းမောက်မာကြီးစိုးလွန်းနေတာ မဟုတ်ဘူးလား။ ကျွန်တော်တို့က နည်းနည်းလောက် သိုသိုသိပ်သိပ် မနေသင့်ဘူးလား “
“ မလိုဘူး “
ကူချန်ကျွင်း၏ အဖြေသည် တည့်တိုးဆန်နေသေးသည်။
ထိုစကားကို ပြောလိုက်သည့် အချိန်တွင် သူသည် အားကောင်းသော ယုံကြည်မှုအရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
လုချန်ရှန်းသည် တွေးတောစဥ်းစားနေရင်းဖြင့် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ခင်ဗျားနဲ့ စိတ်ဝိညာဥ် အရှင်သခင်ကြားမှာ အငြှိုးအတေးတစ်ခုခု ရှိနေတယ်လို့ ခံစားနေရတယ် “
“ လူပြက်လေးတစ်ယောက်က ငါနဲ့အငြှိုးအတေး ရှိဖို့အတွက် မထိုက်တန်ဘူး “
“ ဒါဆိုရင် ဘာလို့ …….. “
“ ငါက သူတို့ကို အာရုံစိုက်ဖို့အတွက် တော်တော်လေးကို ပျင်းနေခဲ့တာ၊ ဒါပင်မဲ့ အခုချိန်ကနေစပြီးတော့ တကယ်လို့ သူတို့က မင်းတို့ကို ထိရဲနေမယ်ဆိုရင်၊ နတ်အရှင်သခင် ရောက်လာမယ်ဆိုရင်တောင်မှ၊ သူတို့ကို ငါဖျက်ဆီးမယ် “ ဟု ကူချန်ကျွင်းမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းသည် ထိုစကားကို ကြားကာ အံ့ဩတုန်လှုပ်နေသေးသည်။
သို့ရာတွင် သူသည် ထပ်မံ၍ မေးမြန်းလိုက်သည် “ သူ့ကို ကြည့်မရဘူးဆိုရင်၊ သူ့ရဲ့ တောင်ကို ဘာလို့ တိုက်ရိုက်မဖျက်ဆီးလိုက်ရတာလဲ။ သူ့ရဲ့ ရတနာတိုက်က တော်တော်လေးကို ချမ်းသာတဲ့ပုံပဲ “
“ ချန်ရှန်း၊ ကြည့်ရတာတော့ မင်းကလည်း အငြှိုးအတေးထားထားတဲ့ပုံပဲ “ ကူချန်ကျွင်းသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ ခင်ဗျားရဲ့ နောက်ကွယ်မှာ လှည့်ကွက်တွေ သုံးပြီးတော့၊ ခင်ဗျားကို ပစ်မှတ်ထားလာမှာကို ကြောက်လို့ မဟုတ်ပါဘူး “
“ ငါ့ကို ဆွပေးဖို့ မလိုပါဘူး၊ သူ့ကို သတ်ဖို့က မလွယ်ဘူး “
“ ဘာလို့လဲ။ ခင်ဗျားက အများနဲ့တစ်ယောက် တိုက်နိုင်တယ်လို့ ကြာခဲ့ရတယ်လေ “ သူသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်၊ ငါကြားခဲ့ရတာတွေက အလိမ်အညာတွေလား။ ငါလှည့်စားခံလိုက်ရတာလား
ကူချန်ကျွင်းမှ ပြန်ပြောလာခဲ့သည် “ တကယ်လို့ ငါက သတ်ဖြတ်လိုစိတ်ကို ထုတ်ပြလိုက်မယ်ဆိုရင်၊ လအရှင်သခင်နဲ့ နတ်အရှင်သခင်က ငါ့ကို တားဖို့အတွက် သေချာပေါက် ဝင်ပါလာလိမ့်မယ်။ လှုပ်ခတ်မှုက တော်တော်လေးကို ကြီးသွားလိမ့်မယ်၊ အဲ့ဒီလူအိုကြီးတွေပါ ထွက်လာကြလိမ့်မယ်။ သူ့ကို သတ်ဖို့က တကယ်မလွယ်ဘူး “
“ ဒါဆိုရင်လည်း ကောင်းပြီလေ “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူသည် ကူချန်ကျွင်း၏မောက်မာမှုကို မြင်တွေ့နေနိုင်သေးသည်။
ထို့နောက်တွင် ကူချန်ကျွင်းမှ စကားဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ မင်းက သူ့ရဲ့ ရတနာတိုက်ကို စိတ်ဝင်စားနေတယ်ဆိုရင်တော့၊ ဂိုဏ်းမှာ လူမရှိတဲ့ အချိန်မှာ အခွင့်အရေး တစ်ခုလောက် ရှာပြီးတော့ ကြိုးစားကြည့်မယ် “
ဟမ်
လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ အဆိုပါ စကားလုံးများသည် ဆွဲဆောင်မှုအား ကောင်းလွန်းနေပြီး၊ သူသည် အနည်းငယ် မျှော်လင့်မိသွားခဲ့သည်။
ထို့နောက်တါင် ကူချန်ကျွင်းသည် သူ၏လက်ကို ဝေ့ရမ်းပြကာ၊ စကားထပ်ပြောလာခဲ့သည် “ မင်းနှစ်ယောက် သွားနားကြတော့၊ ရတနာတိုက်ကနေ မင်းတို့အတွက် ပစ္စည်းတစ်ခုခု သွားရွေးလိုက်ကြ။ တကယ်လို့ ကျင့်ကြံရတာက ပျင်းဖို့ကောင်းတယ်လို့ ခံစားရတယ်ဆိုရင်၊ ဂိုဏ်းထဲမှာ အလုပ်တစ်ခု သွားရှာလို့ရတယ်။ မင်းတို့ရဲ့ အချိန်တွေအားလုံးကို ကျင့်ကြံဖို့အတွက်ပဲ မသုံးနဲ့ “
“ ဟုတ်၊ ဆရာ “ ယဲ့တျန်ရီမှ ခေါင်းငြိမ့်ပြလိုက်သည်။
လုချန်ရှန်းသည် အနည်းငယ် စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။
“ ဆေးခင်းတွေကို စောင့်ကြည့်ရမဲ့ အလုပ်မျိုးရော ရှိလား “
“ ရှိတယ် “ ကူချန်ကျွင်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သို့သော် လုချန်ရှန်း မတုံ့ပြန်နိုင်ခင် အချိန်မှာပင် သူစကားထပ်ပြောလာခဲ့သည် “ ဒါပင်မဲ့ မင်းတော့ မရဘူး။ မင်းလုပ်လေ့ရှိတဲ့ ကိစ္စတွေကို ငါကြားထားခဲ့ပြီးပြီ။ တကယ်လို့ တစ်ခုခု လိုအပ်တယ်ဆိုရင်၊ ရတနာတိုက်ကနေပဲ ယူလိုက်။ အဲ့ကိစ္စတွေကို ထပ်လုပ်နေဖို့ မလိုအပ်ဘူး။ မင်းတို့သုံးယောက်စလုံးကို ငါထောက်ပံ့ပေးနိုင်တယ် “
ထို့နောက်တွင် သူလှည့်ထွက်သွားခဲ့သည်။
ယခင်က သူပြောခဲ့သည့် စကားများက အဆင်ပြေသော်လည်း၊ နောက်ဆုံးစကားမှာ အနည်းငယ် ချဲ့ကားလွန်းရာကျနေခဲ့သည်။
ကူချန်ကျွင်းသည် သူ့ကိုထောက်ပံ့ပေးရန် တတ်နိုင်သည်ဟု ပြောရဲသည့် ပထမဦးလူဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းသည် ထွက်ခွာသွားသည့် ကူချန်ကျွင်း၏ နောက်ကျောကို ငေးကြည့်ကာ ပြုံးစိစိ ဖြစ်သွားခဲ့သည်။
“ ဒီလိုဆရာတစ်ယောက်မျိုး ရှိရတာက တော်တော်လေးကို ကောင်းတဲ့ပုံပဲ “
တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏အင်မော်တယ်ဂူထံသို့ လှည့်ထွက်သွားခဲ့သည်။
သူသည် ဤတစ်ကြိမ်တွင် အနည်းငယ် နစ်နာခဲ့သော်လည်း၊ အကျိုးအမြတ် များစွာ ရိတ်သိမ်းနိုင်ခဲ့သည်။ ဘုရင်အဆင့် ပစ္စည်းခုနစ်ခုနှင့် စိတ်ဝိညာဥ်အဆင့် ပစ္စည်း သုံးဆယ့်နှစ်ခု။ အကယ်၍ ဘုရင်အဆင့် ပစ္စည်းတစ်ခုကို ဝိညာဥ်ကျောက်တုံး လေးသိန်းဖြင့် ရောင်းချပြီး၊ စိတ်ဝိညာဥ်အဆင့် ပစ္စည်းတစ်ခုကို ငါးသောင်းဖြင့် ရောင်းချနိုင်ခဲ့မည်ဆိုပါက၊ ပမာဏမှာ လေးသန်းကျော်သွားလိမ့်မည် ဖြစ်သည်။
သူသည် ညတွင်းချင်း ချမ်းသာလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူသည် နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူသည် ဝိညာဥ်ကျောက်တုံးများကို အလျှံအပယ် ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။
သူသည် ယခင်က မွေးရာပါ ဝိညာဥ် ကျင့်ကြံရေးအတွက် စိုးရိမ်ပူပန်နေခဲ့သော်လည်း၊ ယခုတွင်ကား မွေးရာပါ ဝိညာဥ်ကို မဆိုထားနှင့်၊ အသွင်ပြောင်းခြင်းနယ်ပယ်ကိုပင် လက်လှမ်းမှီတော့မည် ဖြစ်သည်။
ယခုတွင် သူသည် ၎င်းတို့အားလုံးကို ရောင်းချနိုင်မည့် အခွင့်အလမ်းကို ရှာဖွေရုံသာ လိုအပ်တော့သည်။
သူသည် ရှောင်ဟေးကို ကန်းယွင်ကားချပ်ထံမှ လွှတ်ပေးလိုက်သည်၊ ရှောင်ဟေးသည် မအောင့်ထားနိုင်တော့ဘဲ၊ တအံ့တဩဖြင့် စကားစပြောလာခဲ့သည် “ ကူချန်ကျွင်းကတော့ ထင်ထားတဲ့အတိုင်းပဲ၊ တော်တော်ရက်စက်တာပဲ “
“ သူက တကယ်ကို တော်တော်လေး ရက်စက်တယ် “
“ ဒါပင်မဲ့ အဲ့ဒီကျောက်ရုန်ကလည်း တော်တော်လေး သနားဖို့ကောင်းတယ်။ မင်းကို ဝိညာဥ်ကျောက်တုံး လေး၊ ငါးသန်း ပေးခဲ့ပြီးတော့၊ သူကတော့ အရိုက်ခံလိုက်ရတယ် “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ ပြန်ပြောလိုက်သည် “ သူက လူကောင်းမှ မဖြစ်ချင်တာကွာ၊ သူ့ကိုယ်သူ ပြဿနာတက်အောင် လုပ်နေတာ။ အခုတော့ သူက ခါးသီးမှုကို ခံစားလိုက်ရပြီ “
“ ဟက် “ ရှောင်ဟေးမှ လှောင်ပြောင်လာခဲ့သည် “ သူပြဿနာ မရှာရင်တောင်မှ မင်းက သူ့ကို အလွတ်ပေးမှာ ဟုတ်လို့လား “
“ ရှောင်ဟေး၊ မင်းက ငါ့ကို အကောင်းမမြင်ဘူးပဲ “
“ ဟုတ်လား “
ရှောင်ဟေးသည် တဟားဟား ရယ်မောနေတော့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ငါက စိတ်ရင်းစိတ်ထားကောင်းပြီးတော့ ဖြောင့်မတ်တည်ကြည်တယ်။ ငါ့ရဲ့ အဓိက စည်းမျဥ်းက တကယ်လို့ တစ်ခြားလူတွေက ငါ့ကို မစော်ကားဘူးဆိုရင်၊ ငါကလည်း သူတို့ကို စော်ကားမှာ မဟုတ်ဘူး။ သူငါ့ကို ဘယ်လို ဆက်ဆံလဲဆိုတာကို မင်းလဲမြင်သားပဲ၊ ငါသူ့ကို သတ်တောင် မသတ်ခဲ့ဘူးလေ။ ငါ့နေရာမှာသာ တစ်ခြားတစ်ယောက်ယောက် ဖြစ်နေမယ်ဆိုရင် သူအသက်ရှင်နေမှာ မဟုတ်ဘူး “
“ မဟုတ်ဘူး “
“ အဲ့တာဆိုရင် ဘာလဲ “
ရှောင်ဟေးမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ တစ်ခြားလူသာ ဖြစ်နေမယ်ဆိုရင်၊ ဒီလိုမျိုး အပြစ်တင်ခံရပြီးတော့ သေတာထပ် ဆိုးတဲ့ ဘဝမျိုးကို ရောက်သွားမျာ မဟုတ်ဘူး “
“ ဘာပဲဖြစ်ဖြစ်၊ သူအသက်ရှင်နေသေးတယ်လေ၊ အဲ့တာကတင် တော်တော်လေး ကောင်းနေပြီ “
“ သူက မင်းကို ကျေးဇူးတင်နေရမှာလား “ ရှောင်ဟေး ဆွံ့အသွားခဲ့သည်။
လုချန်ရှန်းသည် သူ့ကိုပြုံးပြလိုက်သည်။ ထို့နောက်တွင် သူသည် လေ့ကျင့်လေးကွင်းမှ ထွက်ကာ၊ စာကြည့်တိုက်ထံသို့ ဦးတည်သွားတော့သည်။
အဆိုပါ အပြုအမူသည် ရှောင်ဟေးကို တအံ့တဩ ဖြစ်သွားစေခဲ့သည်။
“ မင်းရဲ့ဆရာဆီမှာ ကျမ်းစာတွေနဲ့ နည်းစနစ်တွေ အများကြီးရှိပြီးတော့၊ အဲ့တာတွေ အကုန်လုံးက တော်တော်လေးကောင်းတယ်လေ၊ အဲ့တာက မင်းကို ရွေးချယ်ရမဲ့ ဒုက္ခက ကယ်ပေးနိုင်တယ်လေ၊ ဘာကိစ္စ ဒီကို လာနေရတာလဲဟ “
လုချန်ရှန်းသည် စာကြည့်တိုက်အတွင်းသို့ အေးအေးလူလူ လမ်းလျှောက်ဝင်သွားခဲ့သည်၊ သူသည် စာလိပ်တန်းနှင့် လျှို့ဝှက်လက်စွဲစာအုပ်တန်းများကို ကြည့်ကာ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ နတ်ကောင်းကင်ဂိုဏ်းကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ အရင်က ငါသင်ယူခဲ့ရတာတွေက မလုံလောက်သေးဘူးလို့ ငါခံစားခဲ့ရတယ်။ ပိုပြီးတော့ အဆင့်မြင့်တာတွေကို သုတေသနလုပ်ရမယ် “
“ မင်းရဲ့ သတိရှိမှုက တော်တော်ကြီးကို မြင့်တာပဲ၊ မင်းက ခေတ်ရေစီးကြောင်းကို ဘယ်လိုလိုက်ရမလဲဆိုတာကို သိနေတယ် “ ရှောင်ဟေးသည် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။
မောက်မာခြင်းနှင့် ဘဝင်မြင့်ခြင်းမျိုး မရှိသည့် ဤကဲ့သို့သော ပါရမီရှင်များသည် ရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်ထားလေ့ရှိသည်၊ ၎င်းမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့သည်။ သူသည် ထိုလူ့ကို တစ်ခဏခန့် အထင်ကြီးမိသွားသည်။
အကယ်၍ မထင်မှတ်ထားသော ကိစ္စတစ်ခုခုသာ မဖြစ်လာခဲ့ဘူးဆိုပါက၊ သူသည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်လာနိုင်ခြေ မြင့်သည်။
“ ငါကလည်း နည်းစနစ်တွေ အများကြီး မြင်ခဲ့ဖူးပြီးတော့ ဂိုဏ်းကြီးတော်တော်များများရဲ့ ကိစ္စတွေကို နားလည်ထားတယ်။ မင်းက ဘာကိုသင်ယူချင်တာလဲ။ ငါမင်းကို အကြံပေးနိုင်တယ် “
“ တကယ်လား “
“ အမှန်ပဲ၊ မင်းငါ့ကို ဘာမဆို မေးလို့ရတယ် “
“ ကောင်းတယ် “ လုချန်ရှန်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ဖြစ်တည်လာကာ၊ ချက်ချင်းမေးမြန်းလိုက်သည် “ ဘယ်လွတ်မြောက်ရေး နည်းစနစ်က အနက်ရှိုင်းဆုံး ဒါမှမဟုတ် အဆန်းကြယ်ဆုံးလို့ မင်းထင်လဲ။ အသွင်အပြင်နဲ့ ချီပြောင်းလဲရေး နည်းစနစ် ဘယ်နှခုကို မင်းသိလဲ “
ရုတ်တရက်သလိုပင် ရှောင်ဟေး၏ အမူအရာ အေးခဲတောင့်တင်းသွားခဲ့သည်၊ တစ်ခဏ အကြာတွင် သူသည် ဇဝေဇဝါ ဖြစ်နေသော ပုံစံမျိုးဖြင့် မေးမြန်းလာခဲ့သည် “ ဘာကြီး “
လုချန်ရှန်းသည် စကားထပ်ပြောလိုက်သည် “ လူတစ်ယောက်ရဲ့ အသွင်အပြင်ကို သူ့ရဲ့အမေရင်းက မမှတ်မိလောက်တဲ့အထိ ပြောင်းလဲပေးနိုင်မဲ့ နည်းစနစ်မျိုး နတ်ကောင်းကင်ဂိုဏ်းမှာ ရှိနေလား “
“ ငါ …… “
ရှောင်ဟေးသည် ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
…………………………………………………………………………………………………………………………………….
အပိုင်း ( 80 )
အဲ့တာကို သူတတ်သွားတဲ့အချိန်ကျရင် ဘာတွေ ဖြစ်လာမှာလဲ
ရှောင်ဟေး အတွေးနက်သွားခဲ့သည်။
လုချန်ရှန်းကမူ စကားများနေခဲ့ပြီးသည့်နောက်တွင် စကားလုံး အနည်းငယ်ကို တစ်ဦးတည်း ရေရွတ်ပြောဆိုကာ၊ စာလိပ်များကို ရှာဖွေမွှေနှောက်နေတော့သည်။
ထိုအပြုအမူကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးမှာ ထပ်မံ၍ ဆွံ့အသွားခဲ့ရပြန်သည်။
အဖိုးတန်စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် မည်သည့်လူကောင်းမျိုးက ထိုကဲ့သို့သော အရာများကို တစ်ချိန်လုံး သုတေသနလုပ်နေမည်နည်း။ ၎င်းက သဘာဝ အရင်းအမြစ်များကို ဖြုန်းတီးနေခြင်းပင် မဟုတ်ပါလော။
ထို့အပြင် အချိန်တစ်ခုအထိ ပတ်သက်ဆက်ဆံခဲ့ရပြီးသည့်နောက်တွင် သူသည် ဤလူက အတော်လေး အစွမ်းထက်သည်ကို သိရှိခဲ့ရသည်။ နယ်ပယ်တူကို မဆိုထားနှင့်၊ သူ့ထပ် တစ်ဆင့်(သို့) နှစ်ဆင့်မြင့်သည့် လူများကပင် သူ့ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ထိုလူသည် လွတ်မြောက်ရေး နည်းစနစ်များကိုသာ တစ်ချိန်လုံး လေ့လာနေသေးသည်။
လုချန်ရှန်းမှာလည်း ထိုကိစ္စများနှင့် ပတ်သက်၍ ကူရာကယ်ရာမဲ့နေခဲ့လေသည်။
အသက်ရှင်နေဖို့က ဘဝမှာ အရေးကြီးဆုံးပဲ မဟုတ်ဘူးလားဟ
တကယ်လို့ အသက်ရှင်မနေဘူးဆိုရင်၊ အာဏာရှင်လို ပြုမူပြီးတော့ ဘယ်လိုလုပ် လုယက်နိုင်တော့မှာလဲဟ
ဆရာက တော်တော်လေး စွမ်းတယ်ဆိုပင်မဲ့၊ သူက ငါ့ဘေးမှာ အမြဲရှိနေမှာ မဟုတ်ဘူး။ တစ်ခါတစ်လေကျရင် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ကိုယ့်ကိုကိုယ် အားကိုးရတယ်
ကန်းယွင်ဂိုဏ်းတွင် ရှိနေခဲ့စဥ်အချိန်က သူသည် ဒြပ်စင်ပါးပါး လွတ်မြောက်ရေး နည်းစနစ်ကို ကျွမ်းကျင်တတ်မြောက်ထားကာ၊ လေလွတ်မြောက်ခြင်းနှင့် လျှပ်စီးလွတ်မြောက်ခြင်းတို့ကဲ့သို့သော ရှားပါးနည်းစနစ်များကိုပင် တတ်မြောက်ခဲ့လေသည်။
ယခုတွင် ဤနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့်၊ သူသည် ပိုမိုအဆင့်မြင့်သည့် လွတ်မြောက်ရေး နည်းစနစ်များကို ရှာဖွေကာ၊ သူ့ကိုယ်သူ အဆင့်မြှင့်တင်ရမည် ဖြစ်သည်။
သူသည် ယခင်က ကူချန်ကျွင်း၏ စုဆောင်းမှုအတွင်းတွင် ရှာဖွေခဲ့သော်လည်း၊ တစ်ခုတစ်လေပင် ရှာမတွေ့ခဲ့ပေ။
သို့ရာတွင် သူသည် မထင်မှတ်ထားစွာဖြင့်၊ လွတ်မြောက်ရေး နည်းစနစ်များကို စာကြည့်တိုက်ထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဂရုတစိုက် လေ့လာဖတ်ရှုခဲ့ပြီးသည့်နောက်တွင်၊ သူသည် အကျိုးကျေးဇူး ကြီးကြီးမားမား ရရှိခဲ့ပြီး၊ သိသိသာသာ တိုးတက်လာသည်ဟု ခံစားသွားခဲ့ရသည်။
ထို့အပြင် သူသည် ရန်ထျန်ကျူးဟုအမည်ရကာ၊ လူတစ်ဦး၏ အရှိန်အဝါနှင့် ရုပ်ခန္ဓာတို့ကို ပြောင်းလဲနိုင်စွမ်းရှိသည့် အသွင်အပြင် ပြောင်းလဲခြင်းအတွက် သီးသန့်ပြုလုပ်ထားသော လျှို့ဝှက်နည်းစနစ်တစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။
သို့ရာတွင် ကျင့်ကြံရေး ခက်ခဲမှုမှာ အလွန်တရာ မြင့်မားနေခဲ့သည်၊ သာမန်လူများသည် ၎င်းကို ကျင့်ကြံခြင်းဖြင့် အချိန်ဖြုန်းကြလိမ့်မည် မဟုတ်ပေ၊ ၎င်းသည် ကျင့်ကြံရန်အတွက် ရှားပါးပစ္စည်းတစ်ချို့ကို လိုအပ်နေခဲ့သည်။
တစ်ခုတည်းသော အားနည်းချက်မှာ အသွင်အပြင်ကို တစ်ကြိမ်ပြောင်းလဲလိုက်သည်နှင့်တစ်ပြိုင်နက်၊ နောက်ထပ်တစ်ကြိမ် ထပ်ပြောင်းလိုက်သည့် အချိန်တွင်လည်း အဆိုပါ အသွင်အပြင်အတိုင်းသာ ဖြစ်နေလိမ့်မည်ဖြစ်သည်။ ထိုနည်းစနစ်ကို အသက်သွင်းလိုက်သည့် အချိန်တိုင်းတွင် ရုပ်ရည်သွင်ပြင် မတူညီစေရန်အတွက် တစ္ဆေမြက်ကို လိုအပ်ပြီး၊ ၎င်းမှာ ရှာဖွေရခက်ခဲသော ပစ္စည်းတစ်ခု ဖြစ်နေခဲ့သည်။
သို့သော် အဆိုပါ နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် သဲလွန်စများကို တစ်ခြားလူများက ထောက်လှမ်းနိုင်ရန်အတွက် အလွန်တရာ ခက်ခဲသွားကာ၊ သူ့အတွက် ပြီးပြည့်စုံစွာ သင့်တော်နေခဲ့သည်။
“ ဒီခရီးစဥ်က အချည်းနှီးတော့ မဖြစ်ခဲ့ဘူးပဲ “
လုချန်ရှန်းသည် အပြုံးဖြင့် မတ်တပ်ထရပ်ကာ၊ တစ်ခြားစာအုပ်နှစ်အုပ်ကိုပါ ကောက်ယူလိုက်သည်။
နည်းစနစ်အတွက် လိုအပ်သော ပစ္စည်းများကို ကူချန်ကျွင်း၏ ရတနာတိုက်တွင် သွားရောက်ရှာဖွေခဲ့ပြီး၊ ထိုနေရာတွင် မရှိသည့် အရာများကိုမူ နတ်ကောင်းကင်ဂိုဏ်း၏ ရတနာတိုက်တွင် ရှာဖွေတွေ့ရှိခဲ့ကာ၊ သူသည် မည်သို့မျှ အားစိုက်မထုတ်ခဲ့ရဘဲ၊ အရာအားလုံးကို စုစည်းနိုင်ခဲ့သည်။
၎င်းတို့ကို ကိုင်ဆောင်ရင်းဖြင့် သူသည် သူ၏အင်မော်တယ်ဂူဆီ ပျော်ပျော်ရွှင်ရွှင် ပြန်လာခဲ့ပြီး၊ တင်၍ ကျင့်ကြံနေတော့သည်။
ရှောင်ဟေးသည် စိတ်အားထက်သန်စွာဖြင့် အလုပ်ရှုပ်နေသော သူ့ကို စောင့်ကြည့်နေရင်းဖြင့်၊ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။
အကယ်၍ သူကသာ အဆိုပါ နည်းစနစ်ကို အမှန်တကယ် ကျင့်ကြံနိုင်ခဲ့မည်ဆိုပါက၊ သူသည် နောင်အနာဂတ်တွင် အခြားမျက်နှာတစ်ခုဖြင့် ကမ္ဘာအနှံ့ လမ်းပတ်လျှောက်နိုင်တော့မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသည်နှင့်တစ်ပြိုင်နက် ရှောင်ဟေးသည် ဂိုဏ်းမျိုးစုံကြားတွင် ထင်တိုင်းကြဲ၍ လျှောက်သွားနေသော ကပ်ဘေးဆိုးကြီးတစ်ခုက အင်မော်တယ် နယ်မြေအတွင်းသို့ ဝင်လာသည်ကို ကြိုတင်မြင်တွေ့လိုက်ရသည့်အလား ကျောချမ်းသွားခဲ့သည်။
ထိုလူ၏ သမာဓိ မရှိဘဲ၊ လောဘကြီးသော စိတ်သဘောထားနှင့်သာဆိုပါက၊ မည်မျှထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်များ ပေါ်ပေါက်လာမလဲဆိုသည်ကို မည်သူက သိနိုင်မည်နည်း
ပို၍ကြောက်မက်ဖွယ်ကောင်းသည့် အရာသည် သူက ပြဿနာများ ရှာခဲ့ပြီးနောက်တွင်၊ ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ မျက်ဒေါသကို နှိုးဆွမိကာ၊ လူတိုင်းက သူ့ကို ရိုက်သတ်ချင်နေကြမည်ဆိုလျှင်တောင်မှ၊ သူသည် တစ္ဆေမြက်ဖြင့် သူ၏မျက်နှာနှင့် အထောက်အထားတို့ကို ပြောင်းလဲကာ၊ နောက်ထပ်သွေးမုန်တိုင်းတစ်ခုကို ဖန်တီးနိုင်ခြင်းပင် ဖြစ်သည်။
အဆိုးဆုံးဖြစ်လာမည်ဆိုပါက၊ သူသည် သူ၏ မူလအသွင်အပြင်သို့ ပြန်ပြောင်းလိုက်ရံသာလျှင် လိုအပ်သည်၊ ထိုအချိန်တွင် ၎င်းက သူဖြစ်သည်ဟု မည်သူက သိနိုင်ပါမည်နည်း။
ထိုအတွေးကပင် လူတစ်ဦးကို ကြက်သီးများထသွားစေခဲ့သည်။ သူကသာ အဆိုပါ နည်းစနစ်ကို တတ်ကျွမ်းသွားမည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်ပျက်လာမည်နည်း
တောင်ပိုင်းဒေသ၏ တောင်ပိုင်းပြည်နယ်တစ်ခုလုံးသည် မဟာ ဗြဟ္မာ့ဦးခေါင်းတစ်လုံးကို မွေးဖွားပေးလိုက်မည် ဖြစ်သည်။ ၎င်းသည် တွေးကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ ကျင့်ကြံနေရင်းဖြင့် ပြဿနာတစ်ခုကို သဘာပေါက်သွားခဲ့သည်။
“ ငါ့ရဲ့ တကယ့်အသွင်အပြင်ကို ဖုံးကွယ်နိုင်ပြီးတော့ အစွမ်းထက် ပညာရှင်တွေက ငါ့ရဲ့ ရုပ်ရည်ကို ထောက်လှမ်းမှာကို ကာကွယ်ပေးနိုင်တဲ့ ရတနာမျိုး ငါ့ဆီမှာ မရှိဘူး။ နောက်မှ ရတနာတိုက်မှာ သွားရှာကြည့်ရမယ် “
ထိုကဲ့သို့ တွေးတောနေရင်းဖြင့် သူသည် ခေါင်းငြိမ့်ပြီး၊ မျက်လုံးများ မှိတ်ကာ ဆက်လက်၍ ကျင့်ကြံနေတော့သည်။
ရှောင်ဟေးသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ တကယ်လို့ သူကသာ အဲ့တာကို ရှာတွေ့သွားမယ်ဆိုရင်၊ သူတကယ် ပြိုင်ဘက်ကင်းသွားလိမ့်မယ်
ရှောင်ဟေး၏ စိတ်ကို သက်သာရာရသွားစေသည့် အရာမှာ လုချန်ရှန်းလေ့ကျင့်နေသည့် ရန်ထျန်ကျူးနည်းစနစ်က အလွန်တရာ ခက်ခဲနေခြင်းပင် ဖြစ်သည်။ အသုံးပြုသည့် အချိန်တိုင်းတွင် အချိန်ကန့်သတ်ချက် ရှိနေခဲ့ပြီး၊ ထပ်မံ၍ အသုံးပြုနိုင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
နောင်အနာဂတ်တွင် ကြာချိန်တိုးမြင့်သွားနိုင်သော်လည်း၊ ယခုလက်ရှိ ကြာချိန်မှာ များစွာရှည်လျားမနေခဲ့ပေ၊ သူသည် အချိန်တိုအတွင်းတွင် သိသာထင်ရှားသော ရလဒ်တစ်ခုကို ရနိုင်လိမ့်မည် မဟုတ်ပေ။
လုချန်ရှန်းသည် နှစ်ရက်တိတိ ကျင့်ကြံနေခဲ့ပြီး၊ တတိယမြောက်ရက်မှ နိုးထလာခဲ့သည်။
“ ပြီးသွားပြီလား “
ရှောင်ဟေးသည် သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ပြီး၊ သတိတကြီး မေးမြန်းလာခဲ့သည်။
လုချန်ရှန်းသည် ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ ဒီလျှို့ဝှက်နည်းစနစ်က ငါထင်ထားတာထပ်တောင် ပိုခက်နေတယ်၊ အချိန်အတော်ကြာ ယူရလောက်တယ် “
“ ကောင်းတယ် “
သူသည် ရှောင်ဟေးကို လျစ်လျူရှုထားပြီး၊ မတ်တပ်ထရပ်ကာ၊ သူ၏ အသွင်အပြင်ကို အစွမ်းထက် ပညာရှင်တစ်ချို့ကပင် ထွင်းဖောက်မမြင်နိုင်အောင် ဖုံးကွယ်ပေးနိုင်မည့်၊ ပစ္စည်းတစ်ခုခုကို ရှာဖွေရန်အတွက် ရတနာတိုက်သို့ ဦးတည်သွားတော့သည်။
သို့ရာတွင် ရလဒ်ကမူ သူ့ကို အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။
သူသည် ရတနာတိုက်မှ ထွက်လာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် ကျိန်ဆဲနည်းပေါင်းစုံဖြင့် ရေရွတ်ကျိန်ဆဲနေခဲ့သည်။
သို့ရာတွင် လမ်းလျှောက်နေရင်းဖြင့် သိပ်မကြာခင် အချိန်မှာပင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ အဝေးရှိ တောင်တစ်တောင်ကို ဘေးတိုက်ကြည့်ရှုကာ၊ အံ့အားသင့်သွားခဲ့သည်။
“အယ်၊ အခုလေးတင်ပဲ အာရုံခံမိတယ် “
“ ဘာကိုလဲ “ ရှောင်ဟေးသည် သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည်။
“ နတ်ကောင်းကင်ဂိုဏ်းမှာ တကယ်ကြီးကို နဂါးသွေးကြောရှိနေတာပဲဟ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
“ ဘယ်မှာလဲ “
“ အဲ့ဘက်မှာ နဂါးချီတွေ ပျံ့နှံ့နေတယ်၊ ဒါပင်မဲ့ မသိပ်သည်းဘူး။ ကုန်သွားတော့မဲ့ အရိပ်အယောင်တွေ ပြနေပြီ။ အဲ့တာက နောက်လာမဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ လုံးဝခမ်းခြောက်သွားပြီးတော့၊ နဂါးသေတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့မယ်လို့ ခန့်မှန်းမိတယ် “
သူသည် လေးလေးနက်နက် ပြန်ပြောလိုက်သည်။
ရှောင်ဟေးသည် အံ့ဩတကြီးဖြင့် ထပ်မံ၍ မေးမြန်းလာခဲ့သည် “ မင်းက ဘယ်လိုလုပ် သိသွားရတာလဲ “
“ ကောင်းကင်ဘုံလေနဲ့ ဘူမိဗေဒကို လေ့လာ၊ မြေပြင်အနေအထားကို ကြည့်ပြီးတော့ အရပ်လေးမျက်နှာရဲ့ ဝိညာဥ်ချီကို အာရုံခံလိုက်မယ်ဆိုရင်၊ ကောက်ချက်ချဖို့ လွယ်ပါတယ် “
“ လွယ် ….. “ ရှောင်ဟေးဆွံ့အသွားခဲ့သည်၊ သို့သော် သူသည် တအံ့တဩ ဖြစ်နေသေးသည် “ မင်းက အရာအားလုံးကို သိနေတယ်ဆိုတာကို ငါသိသွားပြီ “
“ ငါက အရာအားလုံးကို သိနေတာ မဟုတ်ဘူး၊ အရာအားလုံးကို နည်းနည်းလေး နားလည်နေတာ “
“ မင်းက ကျင့်ကြံရေးအပြင် အဲ့လိုဟာတွေကို စူးစမ်းလေ့လာဖို့ အချိန်ရှိသေးတာလားဟ “ ရှောင်ဟေး အံ့ဩသွားခဲ့သည်။ လူတွေက အဲ့လိုဟာတွေကို အချိန်သီးသန့်ပေးပြီးတော့ လေ့လာရတာ မဟုတ်ဘူးလားဟ
ကျင့်ကြံရေး ကိုယ်တိုင်ကပင် အချိန်ပမာဏ အများအပြား လိုအပ်ကာ၊ အလွန်တရာ ခက်ခဲနေခဲ့သည်။ သူ့ထံတွင် တစ်ခြားအရာများကို စူးစမ်းလေ့လာရန် အချိန်ရှိနေသေးသည်မှာ အံ့အားသင့်ဖွယ်ကောင်းလှပေသည်။
သို့ရာတွင် လုချန်ရှန်း၏ တုံ့ပြန်မှုမှာ သူ့ကို ပို၍ အံ့ဩသွားစေခဲ့သည်။
“ ကျင့်ကြံရေးက အချိန်အများကြီး မယူပါဘူးကွာ။ ဘာပဲဖြစ်ဖြစ်ပါလေ၊ ငါပျင်းနေခဲ့တော့၊ တစ်ခြားအရာတွေကိုပါ လေ့လာလိုက်တာက ဘာမှမထိခိုက်သွားဘူးလေ။ အဲ့တာက အသက်မွေးဝမ်းကျောင်း နည်းလမ်းတစ်ခုဆိုလည်း ဟုတ်တယ် “ လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည်။
သို့ရာတွင် ရှောင်ဟေးကမူ ထပ်မံ၍ တည်ငြိမ်မနေနိုင်တော့ပေ။
ကျင့်ကြံရေးက အချိန်သိပ်မယူဘူးဆိုတာက ဘာကိုဆိုလိုတာလဲဟ
သူက ဒီလိုအသက်အရွယ်နဲ့ မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်ဖို့အတွက် နေ့မအားညမအား မကျင့်ကြံခဲ့ရဘူးပေါ့
လုချန်ရှန်းသည် ကျင့်ကြံရန်ဆန္ဒမရှိပေ။ သူ၏ ကျင့်ကြံရေး ကြာချိန်သည် သူ့ထံတွင် ဝိညာဥ်ကျောက်တုံး မည်မျှရှိလဲဆိုသည့်အပေါ်တွင် မူတည်နေခဲ့သည်။ သူသည် ခက်ခဲသော ကျင့်ကြံရေးတွင် သူ့ကိုယ်သူ နှစ်မြှုပ်ထားခဲ့သော်လည်း၊ ထိုကဲ့သို့သော အခွင့်အရေးမျိုး မရှိခဲ့ပေ။
ရှောင်ဟေးသည် အချိန်အတော်ကြာ ငြိမ်ကျသွားခဲ့သည်။ သတိပြန်ဝင်လာသည့် အချိန်တွင် သူသည် တစ်စုံတစ်ခုကို တွေးမိသွားကာ စကားထပ်ပြောလာခဲ့သည် “ နေပါဦး၊ မင်းက နဂါးသွေးကြောကို တစ်ခုခုလုပ်ဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား “
“ ဘာပဲဖြစ်ဖြစ်၊ အဲ့တာက ခြောက်သွေ့ညှိုးနွမ်းသွားတော့မှာပဲလေ။ ဆယ်စုနှစ် နည်းနည်းလောက်က ဘာမှ မပြောင်းလဲပေးနိုင်ဘူးလေ။ ငါက အဲ့တာကို သုံးခဲ့ပြီးတဲ့နောက်မှာ အဲ့တာက အသက်ပြန်ရှင်သွားနိုင်တာပဲလေ၊ ဘယ်သူက သိမှာလဲ “
“ ခြောက်သွေ့ညှိုးနွမ်းသွားတဲ့ နဂါးသွေးကြောက ပြန်ပြီးတော့ ရှင်သန်လာနိုင်တာလား “
၎င်းသည် သူ့ကို ဗဟုသုတ အသစ်တစ်ခု ရရှိသွားစေခဲ့သည်။
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလာခဲ့သည် “ တစ်ချို့ အစိတ်အပိုင်းတွေကတော့ ရတယ်၊ ဒါပင်မဲ့ အချိန်အတိုင်းအတာ တစ်ခုလောက်အထိတော့ ကြာမယ် “
“ ဘယ်လောက်ကြာမှာလဲ “
“ နှစ်သောင်းဂဏန်းလောက်ပေါ့ “
ရှောင်ဟေး : “ … “
လုချန်ရှန်းသည် ပြုံးပြလိုက်ကာ၊ သူ့ကို လျစ်လျူရှုထားပြီး၊ အနားမှ ဖြတ်သွားသည့် မိန်းမပျိုတစ်ဦးကို တားလိုက်သည်။
“ စီနီယာအစ်မ၊ မေးခွန်းလေးတစ်ခုလောက် မေးလို့ရမလား “ လုချန်ရှန်းသည် အပြုံးဖြင့် မေးမြန်းလိုက်သည်။
သူ့ကို မြင်လိုက်ရသောအခါတွင် မိန်းမပျိုသည် သူ့မျက်နှာ၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။
“ ဂျူနီယာမောင်လေးက ဘာမေးချင်လို့လဲ “
“ အဲ့တာက ဘာလဲဗျ “
သူသည် နဂါးသွေးကြောရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
မိန်းမပျိုသည် ၎င်းကို တစ်ချက်မျှငေးကြည့်လိုက်ကာ ပြန်ပြောလာခဲ့သည် “ အဲ့တာက စိတ်ဝိညာဥ် အရှင်သခင်ရဲ့ နယ်မြေလေ “
“ စိတ်ဝိညာဥ် အရှင်သခင်လား “
“ ဟုတ်တယ်၊ နင်က အသစ်ပဲဖြစ်ရမယ်။ သူက အရှင်သခင်လေးပါးထဲက တစ်ပါးလေ၊ အဲ့တာကြောင့် ကိစ္စအထွေအထူး မရှိဘူးဆိုရင်၊ အနားကို မသွားနဲ့ “ မိန်းမပျိုသည် ဂရုတစိုက် သတိပေးလာခဲ့ပြီး၊ သူ၏လက်ကို ကိုင်ကာ၊ ဂိုဏ်း၏ အမျိုးမျိုးသော ကိစ္စများကို ဆက်တိုက် သတိပေးပြောပြလာခဲ့ပြီးမှ၊ ထွက်သွားခဲ့သည်။
လုချန်ရှန်းသည် အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။
မိန်းမပျိုကို လွှတ်ပေးလိုက်ပြီးသည့်နောက်တွင်၊ သူသည် အလျင်စလို မလှုပ်ရှားရဲဘဲ၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေခဲ့သည်။
ယခုလက်ရှိအချိန်တွင် သူ့ကို ဖိအားအပေးဆုံး ဖြစ်နေသည့် ကိစ္စမှာ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ကာ၊ အဆင့်ထိုးဖောက်နိုင်မည့် နေရာတစ်ခု ရှာဖွေခြင်းပင် ဖြစ်သည်။
နဂါးသွေးကြောကိစ္စကိုမူ ဖြည်းဖြည်းချင်း ဆောင်ရွက်နိုင်ပေသည်။ ၎င်းက ဆယ်စုနှစ် အနည်းငယ်ကြာသည်အထိ ဆက်ရှိနေဦးမည်ဖြစ်သောကြောင့် အလျင်စလို လုပ်ဆောင်ရန် မလိုအပ်ပေ။
သူသည် ၎င်းကို တွေးတောစဥ်းစားနေရင်းဖြင့် စစ်ပွဲဘုရင်၏ လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်လာခဲ့သည်။
သို့သော် သူ၏အင်မော်တယ်ဂူသို့ မသွားရသေးခင် အချိန်မှာပင် ကူချန်ကျွင်းသည် ခြေလှမ်းကျဲကျဲဖြင့် သူ့ထံသို့ လျှောက်လှမ်းလာခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 81 )
ငါက သတင်းအချက်အလက် စုဆောင်းဖို့အတွက် ဒီကို ရောက်လာတာကွ
“ လော့ယွမ်တောင်တန်း “
ကူချန်ကျွင်းသည် အရင်ဦးဆုံး စကားပြောလာခဲ့ကာ၊ သူ့ဘေးနားသို့ လျှောက်လှမ်းလာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ တစ်ခုခု ဖြစ်လို့လား “
“ အင်း၊ ငါမင်းကို ပြောပြရမဲ့ ကိစ္စတစ်ခု ရှိတယ် “ ကူချန်ကျွင်းမှ စကားဆက်ပြောလာခဲ့သည် “ မနက်ဖြန်ကျရင် ငါက မင်းရဲ့ စီနီယာအစ်ကိုကြီးကို ခေါ်သွားပြီးတော့၊ လဝက်လောက် အပြင်သွားမလို့။ အဲ့ကာလအတွင်းမှာ တစ်ခုခုလိုအပ်တယ်ဆိုရင်၊ ပိုင်ဂျန် ဒါမှမဟုတ် လုရွှမ်ကို သွားရှာလိုက် “
“ ကောင်းပြီလေ “ လုချန်ရှန်းသည် ထပ်မံ၍ မေးမြန်းမနေတော့ဘဲ၊ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် သူ၏ဆရာဖြစ်သူက သူ့ကို မထိခိုက်စေဘဲ အလွန်တရာ ကာကွယ်ပေးတတ်သည်ဆိုသည်ကို နားလည်နေခဲ့ပြီ ဖြစ်သည်။
သူသည် ဆရာတစ်ဦး ရုတ်တရက်ရလာခြင်းကြောင့် နေသားမကျရုံသာလျှင် ဖြစ်သည်။
“ ဂိုဏ်းထဲမှာပဲ စိတ်အေးလက်အေး နေနေလိုက်။ ငါပြန်ရောက်တဲ့အချိန်ကျရင်၊ အရင်က ငါမလုပ်ပေးခဲ့ရတဲ့ အရာတွေကို ဖြည်းဖြည်းချင်း ဖြည့်ဆည်းပေးပြီးတော့၊ ဘယ်လိုကျင့်ကြံရမလဲဆိုတာကို သေသေချာချာ သင်ပေးမယ် “
“ ကောင်းပြီလေ “ လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
ကူချန်ကျွင်းသည် စကားထပ်မပြောလာတော့ဘဲ၊ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။
နောက်တစ်နေ့ မနက်ခင်းတွင် သူသည် ကျိုးချင်ယုနှင့်အတူ ထွက်ခွာသွားခဲ့သည်။
လုချန်ရှန်းကမူ မွန်းတည့်လုနီးပါး ဖြစ်နေသည့် အချိန်မှသာလျှင် နိုးထလာခဲ့သည်၊ ထို့နောက်တွင် သူသည် အဝေးသို့ ငေးကြည့်နေတော့သည်။
“ ကွက်တိပဲဟေ့၊ အဆင့်တက်ဖို့အတွက် နေရာရှာလို့ရပြီ “
ထို့နောက်တွင် သူသည် အခြေအနေကို နားလည်ရန်အတွက် ယဲ့ချင်းချန်ကို သွားရှာကာ၊ မြေပုံတစ်ခု တောင်းယူလိုက်သည်။
အစတွင် သူသည် မှော်ပစ္စည်းများကို ရောင်းချကာ၊ ဝိညာဥ်ကျောက်တုံးများ စုဆောင်းရန် ကြံရွယ်ခဲ့သည်၊ သို့သော် သူသည် ထိုပစ္စည်းများကို ယူနိုင်သည့် နေရာများက နတ်ကောင်းကင်ဂိုဏ်းနှင့် မိုင်သောင်းနှင့်ချီ၍ ဝေးကွာနေသည်ကို သိရှိသွားခဲ့သည်။
ဦးစားပေးကိစ္စက အဆင့်ထိုးဖောက်ခြင်းဖြစ်သောကြောင့် သူသည် အခွင့်အလမ်းကို စောင့်ဆိုင်းနေရုံသာလျှင် တတ်နိုင်တော့သည်။
ထို့နောက်တွင် သူသည် ဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကာ၊ တောင်တန်းများအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စိတ်ဝိညာဥ်တောင်တစ်လုံးပေါ်ရှိ ကျောက်ကုန်းမင်သည် အဝေးသို့ ငေးကြည့်နေကာ၊ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ အရှင်သခင်၊ လုချန်ရှန်းက ဂိုဏ်းကနေ ထွက်သွားပါပြီ “
စကားပြောလာသူသည် ယခင်က ကန်ပင်းတောင်တန်းဒေသကို စောင့်ကြပ်ခဲ့သည့် မာကျွဲ့ပင် ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်ကြောင့် သူသည် ထိုနေရာမှ နှင်ထုတ်ခံလိုက်ရပြီး၊ ကန်ပင်းတောင်တန်းဒေသ၏ ကိစ္စအားလုံးကို စိတ်ဝိညာဥ်အရှင်သခင်က တာဝန်ယူစီစဥ်နေပြီ ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ကျောက်ကုန်းမင်၏ အမူအရာမှာ မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ၊ သို့သော် သူသည် အေးစက်စွာ စကားပြောလာခဲ့သည် “ သူက ကိုယ့်သေတွင်းကို ဘယ်လိုတူးရမလဲဆိုတာကို တကယ်သိတာပဲ “
ကျောက်ကုန်းမင်သည် ကူချန်ကျွင်းကို အတွင်းစိတ်ထဲမှပင် ကြောက်ရွံ့နေခဲ့သည်။
လုချန်ရှန်းက ဂိုဏ်းအတွင်းတွင် လုံခြုံဘေးကင်းစွာနေနေသရွေ့၊ သူသည် သူ့ကို မည်သို့မျှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် သူဂိုဏ်းမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက်၊ အခြေအနေက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
“ အရှင်သခင်၊ ကျွန်တော်တို့က ဘာလုပ်ကြမလဲဗျ “
“ မင်းသွားလိုက်။ လုချန်ရှန်းကိုသတ်။ အဲ့အချိန်ကျရင် ကူချန်ကျွင်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငါသိချင်နေပြီ “ ကျောက်ကုန်းမင်မှ လှောင်ပြောင်ပြောဆိုလာခဲ့သည်။
အကယ်၍ သူက ကူချန်ကျွင်းကို အနိုင်မယူနိုင်ဘူးဆိုပါက၊ သူသည် ထိုလူ၏တပည့်ကို သတ်ကာ၊ သူ၏ ဒေါသကို ဖြေဖျောက်နိုင်ပေသည်။ ထို့အပြင် အကယ်၍ လုချန်ရှန်းသေသွားမည်ဆိုလျှင်တောင်မှ၊ သက်သေအထောက်အထား မရှိသရွေ့၊ မည်သူက လုပ်ခဲ့လဲဆိုသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။
“ ဟုတ်ကဲ့ “
မာကျွဲ့သည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ဂိုဏ်းအပြင်ဘက်သို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။
သူတို့သည် များများစားစား မတွေးတောမစဥ်းစားသကဲ့သို့၊ မည်သည့်အရာကိုမှ ပြင်ဆင်ရန် မလိုအပ်ခဲ့ပေ။ အသက်ဆယ့်ရှစ်(သို့)ဆယ့်ကိုးနှစ်အရွယ် လူငယ်တစ်ဦးကို ကိုင်တွယ်ရန် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦးကို လွှတ်လိုက်ခြင်းက လုံလောက်သည်ထပ်ပင် ပိုနေခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် ဂိုဏ်းမှထွက်လာခဲ့ပြီးသည့်နောက်တွင်၊ အဝေးသို့ ပျံသန်းကာ ပျောက်ကွယ်သွားခဲ့သည်။
သူသည် နတ်ကောင်းကင်ဂိုဏ်းနှင့် မိုင်သုံးထောင်အကွာသို့ ရောက်ရှိမှသာလျှင် ရပ်တန့်သွားခဲ့သည်။
ရှောင်ဟေးသည် သူက အဆင့်ထိုးဖောက်နိုင်မည့် နေရာတစ်ခုကို ရှာဖွေတော့မည်ဟုသာ ထင်နေခဲ့သည်၊ သို့သော် ထိုလူသည် မြို့ထဲသို့ ဦးတည်သွားခဲ့သည်။
ခိုးယူထားသော အဆိုပါ ပစ္စည်းများကို ဤနေရာတွင် ရောင်းချ၍ မရဘူးဆိုသည်ကို သူသတိပေးတော့မည့် အချိန်တွင်၊ ထိုလူသည် စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ ခုန်ဝင်သွားကာ၊ ဟင်းများကို စားပွဲအပြည့် မှာယူခဲ့လေသည်။
ရှောင်ဟေးသည် နားမလည်နိုင် ဖြစ်သွားခဲ့သည်။ အကယ်၍ ကျင့်ကြံရေးကို ယခုမှစတင် ပြုလုပ်သည့် လူတစ်ဦးက သူ၏ အစာစားချင်စိတ်ကို မထိန်းချုပ်နိုင်ဘူးဆိုပါက၊ ၎င်းကို သူနားလည်ပေးနိုင်ပေသည်။ သို့သော် ဂုဏ်သိက္ခာကြီးမားသည့် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးက သူ၏ ပါးစပ်ကို မည်သည့်အတွက်ကြောင့် မထိန်းချုပ်နိုင်ရသနည်း
မင်းက အဆင့်တက်ဖို့ အပြင်ထွက်လာခဲ့တာလေ၊ ဘာကိစ္စ အစားလာစားနေရတာလဲဟ
သို့ရာ၌ ထိုလူအစာစားနေသည့် အချိန်တွင်၊ သူသည် ပတ်ဝန်းကျင်ရှိ လူများ၏ ဆွေးနွေးပြောဆိုမှုများကို ကြားနေခဲ့ရသည်။
“ မင်းတို့ကြားပြီးကြပြီလား။ လော့ယွမ်တောင်တန်းတွေ ဖွင့်ပြီတဲ့ “
“ လော့ယွမ်တောင်တန်းဆိုတာက ဘာကြီးလဲ ”
“ အဲ့ဒီနေရာက နှစ်ငါးရာတိုင်းမှာ တစ်ကြိမ်ပေါ်လာတတ်တယ်။ အဲ့တာက နတ်ဘုရားတစ်ပါးရဲ့ ပိုင်နက်ဖြစ်ခဲ့ဖူးပြီးတော့၊ သူဆုံးပါးသွားတဲ့နောက်မှာ အဲ့တာက ရှားပါးရတနာတွေနဲ့ နတ်ဘုရားရဲ့ တစ်သက်တာ စုဆောင်းမှုတွေ ပါဝင်တဲ့ လျှို့ဝှက်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားတယ်လို့ ပြောကြတယ် “
“ ဟုတ်တယ်၊ ငါလည်း အဲ့လိုပဲ ကြားခဲ့ရတယ်၊ ဒဏ္ဍာရီတွေ ပြောတာကတော့ နတ်ဘုရားရဲ့ အမွေအနှစ်ကို ဘယ်သူမှမရသေးဘူးတဲ့ “
“ ငါ့ဂိုဏ်းက အကြီးအကဲတစ်ယောက်ကလည်း ငါ့ကို ပြောပြခဲ့ဖူးတယ်၊ နတ်ဘုရားတွေ သေသွားပြီးတဲ့နောက်မှာ၊ သူတို့က သူတို့ရဲ့ မူလအရင်းအမြစ်ကို ချန်ထားတတ်တယ်တဲ့။ အဲ့တာက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်ပြီးတော့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်တဲ့။ အဲ့တာကိုသာ ရမယ်ဆိုရင် ကောင်းကင်ဘုံပေါ်ကို တက်သွားဖို့က မဖြစ်နိုင်တာ မဟုတ်တော့ဘူးတဲ့ “
“ တောင်ပိုင်းပြည်နယ်က ဂိုဏ်းတော်တော်များများက အဲ့ကိုသွားနေကြပြီ “
“ … “
အားလုံး၏ စိတ်အားထက်သန်သော ဆွေးနွေးမှုများကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။
သူတို့စကားတွေအရဆိုရင်၊ အဲ့တာက သွားလို့ကောင်းမဲ့နေရာကောင်းတစ်ခုဖြစ်မဲ့ပုံပဲ။ ဒါပင်မဲ့ ဂိုဏ်းအားလုံးက အဲ့ကို သွားနေကြပြီဆိုတော့ တော်တော်ကြီးကို အန္တရာယ်များတယ်။ ငါ့ကိုယ်ငါ ပြဿနာထဲ ပစ်သွင်းလိုက်ဖို့ မတန်ပါဘူးကွာ
နတ်ဘုရားတစ်ပါးရဲ့ အရင်းအမြစ်ကတောင် ငါ့အသက်လောက် အဖိုးမတန်ပါဘူးကွာ
ထို့နောက်တွင် တစ်စုံတစ်ဦးမှ စကားဆက်ပြောလာခဲ့သည် “ တကယ်လို့ ငါ့ရဲ့ ကျင့်ကြံရေးက တော်တော်ကြီးကို နိမ့်မနေဘူးဆိုရင်၊ ငါက အဲ့ကို သေချာပေါက် သွားမှာကွာ “
“ တကယ်လို့ မင်းသွားချင်တယ်ဆိုရင်၊ အဲ့တာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ လော့ယွမ်လျှို့ဝှက်နယ်မြေမှာက အလွှာ၂၇ခုရှိတယ်။ လူတိုင်းဝင်နိုင်ပင်မဲ့၊ ရှေ့ကို ရောက်လေလေ၊ ကျင့်ကြံရေးက ပိုပြီးတော့ ဖိနှိပ်ခံရလေလေပဲ၊ အဲ့တာကြောင့် အခွင့်အရေး လုံးဝမရှိတာမျိုးကြီးတော့ မဟုတ်ဘူး “
“ အဲ့လိုလား “
“ အပြင်ဆုံးမှာ ရှိတဲ့ အလွှာကနေ ဟွာရှုအဆင့်၉ ပညာရှင်တွေတောင် ဝင်နိုင်တယ်၊ ဒါပင်မဲ့ အရှေ့ကို ဆက်သွားပြီးတော့ ၂၆ခုမြောက် အလွှာထိ ရောက်သွားမယ်ဆိုရင်၊ ဟွာရှုပညာရှင်ကတောင် အသွင်ပြောင်း အဆင့်၈အထိ ဖိနှိပ်ခံလိုက်ရလိမ့်မယ်၊ နောက်ဆုံး အလွှာကို ရောက်သွားကို ရောက်သွားရင်တော့ လူတိုင်းရဲ့ ကျင့်ကြံရေးက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၁မှာပဲ ရှိနေလိမ့်မယ် “
“ တကယ်လို့ လူတိုင်းက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၁မှာ ရှိနေမယ်ဆိုရင်၊ အလွင့်အလမ်းအတွက် ပြိုင်ဆိုင်ဖို့ ဘာအခွင့်အရေးမှ မရှိတော့ဘူး “
“ ဒီလောက်ကြီးအထိ အံ့ဩဖို့ကောင်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
တစ်ဘက်တွင် ရှိနေသည့် လုချန်ရှန်းကမူ စိတ်ဝင်တစားဖြစ်သွားခဲ့သည်။
သို့ရာ၌ စားသောက်ကာ ဗိုက်အပြည့် ဖြည့်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် ကျသင့်ငွေကို ရှင်းကာ၊ သွားကြားထိုး၍ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့သည်။
“ ဗိုက်ပြည့်သွားပြီလား။ ထပ်မစားတော့ဘူးလား “ ရှောင်ဟေးသည် နှာမှုတ်ကာ အနည်းငယ် မကျေမချမ်းဖြစ်နေခဲ့သည်။ စားပွဲကြီးအပြည့် မှာယူစားသောက်ခဲ့သော်လည်း၊ သူ့အတွက်ပင် နှစ်ပန်းကန်မျှ မဖယ်ထားပေးခဲ့ပေ။
လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ အဲ့တာက ဘယ်လိုစကားကြီးလဲ။ ငါက ဒီကို စားဖို့အတွက်ပဲ ရောက်လာတာ မဟုတ်ဘူး “
“ ဘာရှိသေးလို့လဲ “
“ ခုနက မင်းမကြားခဲ့ရဘူးလားဟ။ ငါက ဒီကို သတင်းအချက်အလက် စုဆောင်းဖို့ ရောက်လာခဲ့တာ “
“ တကယ်လား “
“ သောက်ပေါက်ကရတွေပါကွာ “
“ … “
ရှောင်ဟေးမှ လှောင်ပြောင်လိုက်သည်။ အစားစားဖို့ လာခဲ့ပြီး၊ မတော်တဆ သတင်းတွေ ကြားလိုက်ရတာကို လာနှပ်ချနေတယ်၊ ဒီကောင့်ရဲ့ အရေပြားက တော်တော်ထူတာပဲဟ
လုချန်ရှန်းသည် မြို့အတွင်းမှ ထွက်သွားကာ၊ မိုင်သုံးထောင်အကွာသို့ ထပ်မံ၍ ပျံသန်းသွားပြီး၊ လူသူကင်းမဲ့သော တောင်တစ်လုံးထံသို့ ရောက်ရှိလာခဲ့သည်။
အနီးအနားတွင် မည်သည့်အန္တရာယ်မှ မရှိခဲ့ဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ၏ဘေးပတ်ပတ်လည်တွင် အစီအရင်တစ်ခုကို တည်ဆောက်လိုက်ပြီး၊ ထိုနေရာတွင် ထိုင်ချလိုက်သည်၊ သူ၏လက်ဝါးအတွင်းတွင် ပုလဲအရင်းအမြစ် ပေါ်လာခဲ့သည်။
ရှောင်ဟေးပြောခဲ့သည့်အတိုင်းပင် ပုလဲအရင်းအမြစ်ထံတွင် ဝိညာဥ်ကျောက်တုံး ခြောက်သိန်းကျော်နှင့် ညီမျှသည့် ဝိညာဥ်ချီ ပမာဏ အမြောက်အများ ပါဝင်နေခဲ့သည်။
သူ၏ယခင်က တွက်ချက်မှုများအရ ၎င်းက လုံလောက်သင့်ပေသည်။
သို့ရာ၌ သူသည် အလျင်စလို အဆင့်မတက်ခဲ့ပေ။ ထို့အစား သူသည် ရှေးဟောင်းနေကျမ်းစာကို အသက်သွင်းလိုက်သည်၊ သူ၏ခန္ဓာကိုယ်အတွင်းတွင် တာအိုစည်းချက်တစ်ခု မွေးဖွားလာခဲ့ပြီး၊ အတွင်းမှ အပြင်ဘက်သို့ ထွက်လာခဲ့သည်။
နတ်အလင်းတန်းများသည် သူ၏ အရေပြားနှင့် အသွေးအသားအတွင်းမှ ပေါ်ထွက်လာခဲ့သည်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မဟာတာအိုနှင့် ပဲ့တင်ထပ်နေသကဲ့သို့ တောက်ပလာခဲ့သည်။
ရှောင်ဟေးသည် အဆိုပါ တာအိုစည်းချက်ကြောင့် ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်သည်။
အရာအားလုံး ပွင့်ဟနေသည်ဟု ခံစားနေခဲ့ရကာ၊ သူ၏စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။ လိမ်ယှက်နေသည့် တာအိုပုံစံကွက်များသည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်နေသည့် ချိန်းကြိုးများကို ဖန်တီးထားသည့်အလား ဖြစ်နေခဲ့သည်။
“ သူက ဘာကိုကျင့်ကြံနေတာလဲဟ။ ဘယ်လိုလုပ် ဒီလောက်တောင် အံ့ဩဖို့ကောင်းနေရတာလဲ “
ရှောင်ဟေးသည် လေသံတိုးတိုးလေးဖြင့် အံ့ဩတကြီး စကားပြောနေမိခဲ့ပြီး၊ သူ့အားနှောင့်ယှက်မိသွားမည်ကို စိုးရိမ်သည့်အတွက် စကားကျယ်ကျယ် မပြောရဲခဲ့ပေ။
ကျမ်းစာက အပြည့်အဝ လည်ပတ်သွားသည့် အချိန်တွင် လုချန်ရှန်းသည် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်၊ ပုလဲအရင်းအမြစ်သည် သူ၏ ဦးခေါင်းအထက်သို့ မျောလွင့်လာခဲ့သည်။ ဝိညာဥ်ချီ ပမဏ အမြောက်အများသည် သူ့ထံသို့ ချက်ချင်းစီးဆင်းလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် တိုးဝင်လာခဲ့ကာ၊ မှော်စွမ်းအားများအဖြစ် ဆက်တိုက်ပြောင်းလဲပေးနေခဲ့သည်။
ရှောင်ဟေးသည် ထိုကဲ့သို့သော ကျင့်ကြံရေး နည်းလမ်းမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ သူသည် လူတစ်ဦးက ဝိညာဥ်ချီအား ထိုကဲ့သို့ စုပ်ယူရဲသည်ကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ သူက ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်မိမှာကို မကြောက်ဘူးလားဟ
သို့ရာတွင် လုချန်ရှန်းကမူ မျက်မှောင်တကြုတ်ကြုတ် ဖြစ်နေခဲ့သည်။
ဝိညာဥ်ကျောက်တုံး ခြောက်သိန်းကျော်နှင့် ညီမျှသော ဝိညာဥ်ချီသည် သူ့ကို အဆင့်ထိုးဖောက်အောင် မကူညီနိုင်သေးပေ။
“ ချီးပဲကွာ “
သူသည် စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။ ယခုလက်ရှိ အချိန်တွင် သူသည် ဝိညာဥ်ကျောက် ၁သန်းကျော်အထိ ကျော်လွန်နေခဲ့ပြီဖြစ်သည်၊ သို့သော် သူသည် မွေးရာပါ ဝိညာဥ်အဆင့်၂ကို မထိတွေ့နိုင်သေးပေ။
ရှောင်ဟေးသည် ထပ်မံ၍ အံ့ဩတုန်လှုပ်သွားခဲ့ရပြန်သည်။ ဒီလောက် ဝိညာဥ်ချီ အများကြီးက မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်အများကြီးကို ထောက်ပံ့ပေးနိုင်တယ်လေ၊ အဲ့တာတောင် သူက အဆင့်မတက်သွားဘူးလားဟ
တောင်တန်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။