← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အပိုင်း ( 82 )

တိုက်ဆိုင်လိုက်တာ

တစ်ခဏခန့် ငြိမ်သက်နေခဲ့ပြီးသည့်နောက်တွင် သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေခဲ့သည်။

ရှောင်ဟေးမှ မေးမြန်းရန် လုပ်လိုက်သည့် အချိန်တွင်၊ သူသည် ရုတ်တရက် လက်မြှောက်လိုက်ကာ၊ ပုလဲအရင်းအမြစ်ကို သိမ်းဆည်းလိုက်ပြီး၊ ဝိညာဥ်ကျောက်တုံး ပုံကြီးကို ထုတ်ယူလိုက်သည်။

သူသည် လက်ဟန်တစ်ခုကို ထပ်မံ၍ ပြုလုပ်လိုက်သည်၊ ချက်ချင်းဆိုသလိုပင် ဝိညာဥ်ကျောက်တုံးများသည် သိသာထင်ရှားသော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းသည် ရှောင်ဟေးကို တဖန်ပြန်၍ အံ့အားသင့်သွားစေခဲ့သည်။

ဝိညာဥ်ကျောက်တုံးများ ပျောက်ကွယ်သွားတော့မည့် အချိန်တွင်၊ လုချန်ရှန်း၏ အရှိန်အဝါ ပြောင်းလဲသွားခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် မှော်စွမ်းအားများ မြင့်တက်လာပြီး၊ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ထွက်လာကာ၊ လေပြင်းများ တိုက်ခတ်လာခဲ့ပြီး၊ တောင်တန်းတောအုပ်တစ်ခုလုံး လှုပ်ရမ်းသွားခဲ့သည်၊ သူတို့၏ နားများအတွင်းတွင် ဟိန်းဟောက်သံနှင့် လေတိုးသံတို့သာလျှင် ကျန်နေခဲ့သည်။

သူ၏ခန္ဓာကိုယ်မှ ရွှေရောင်ရောင်ခြည်တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ရွှေရောင်လှိုင်းများအဖြစ် ပျံ့လွင့်သွားကာ၊ ၎င်းတို့ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်လုံးတွင် လေနှင့် တိမ်တိုက်များကို လှုပ်ခတ်သွားစေခဲ့သည်။

သူ၏ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပွင့်လန်းလာခဲ့ပြီး၊ ဘက်ပေါင်းစုံကို လင်းထိန်သွားစေသည့် အလင်းတန်းတစ်ခုပါ အဖော်ပြု လိုက်ပါလာခဲ့သည်။ သူ၏ အရှိန်အဝါသည် တဖြည်းဖြည်း အားကောင်းလာခဲ့ပြီး၊ ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်လာခဲ့ကာ၊ မိုးကြိုးများ ရွေ့လျားလာခဲ့သည်။

ဂျိန်းးးးး

အဆုံးမဲ့ မိုးကြိုးတိမ်တိုက်များသည် ဤနေရာတွင် စုစည်းလာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် သုံးမီတာ အထူရှိသည့် လျှပ်စီးတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ လုချန်ရှန်းအပေါ်သို့ တိုက်ရိုက်ကျဆင်းလာခဲ့သည်။

ကောင်းကင်ထက်ရှိ မိုးကြိုးတိမ်တိုက်များမှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြန်သည်။

“ ကောင်းကင် ……. ကောင်းကင်ဘုံ ကပ်ဘေး “ ရှောင်ဟေးသည် တအံ့တဩဖြင့် အော်မိသွားခဲ့သည် “ သူက အဆင့်သေးတစ်ခုလေးပဲ ကျော်ဖြတ်လိုက်တာမဟုတ်ဘူးလား။ ဘာလို့ ကောင်းကင်ဘုံကပ်ဘေး ပေါ်လာရတာလဲ “

ထိုအချိန်တွင် လေနှင့် မိုးကြိုးသံများသာလျှင် ကျန်နေခဲ့သည်။

အစတွင် လိမ်ယှက်နေခဲ့သည့် ငွေရောင်လျှပ်စီးတန်းများသည် ကိုးရောင်ခြယ်ရောင်ခြည်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကိုးရောင်ခြယ် မိုးကြိုးကပ်ဘေးသည် ဒီရေလှိုင်းတစ်လုံးကဲ့သို့ ကျဆင်းလာခဲ့ကာ၊ ဟင်းလင်းပြင်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။

“ ကိုးရောင်ခြယ် ကောင်းကင်ဘုံကပ်ဘေး “ ရှောင်ဟေးသည် ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။

အမျိုးမျိုးသော ကောင်းကင်ဘုံကပ်ဘေးများအနက် ၎င်းသည် လွန်စွာကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုအဖြစ် ရပ်တည်နေခဲ့သည်။

အဆင့်သေးတစ်ခုကို မဆိုထားနှင့်၊ ပါရမီရှင် အမြောက်အများက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ အဆင့်ထိုးဖောက်သည့် အချိန်မှာပင် ထိုကဲ့သို့သော အစွမ်းထက် ကပ်ဘေးမျိုးကို မဆွဲဆောင်နိုင်ကြပေ။

ရှောင်ဟေး၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး၊ သူ၏ စိတ်ထဲတွင် အမျိုးမျိုးသော မှတ်တမ်းများ ဖြစ်တည်လာခဲ့သည်။

တစ်ချို့သော အစွမ်းထက် ပါရမီရှင်များက အဆင့်သေးများ ထိုးဖောက်သည့် အချိန်တိုင်းတွင် ကောင်းကင်ဘုံ ကပ်ဘေးများကို ဆွဲဆောင်နိုင်သည်ဟု ဒဏ္ဍာရီများက ဆိုထားသည်၊ ၎င်းတို့သည် လူတစ်သန်းတွင် တစ်ယောက်သာ ရှိနိုင်သည့် ပါရမီရှင်များဖြစ်ပြီး၊ ကောင်းကင်ဘုံ၏ မနာလိုမှုကို ဖိတ်ခေါ်နေလျက်ရှိသည်။

သို့သော် အဆင့်သေးတစ်ခု ချိုးဖျက်ခြင်းကြောင့် ကိုးရောင်ခြယ် ကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်နိုင်ခဲ့ခြင်းကိုမူ သူသည် ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

“ ဒီကောင်က ဘယ်လိုမွန်းစတားမျိုးလဲဟ “

ရှောင်ဟေးသည် အံ့ဩတုန်လှုပ်နေလျက်ရှိပြီး၊ ကြောက်မက်ဖွယ်ရာ မိုးကြိုးကပ်ဘေးက သူ့အား ဖုံးလွှမ်းလာနေသည်ကို ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေခဲ့ရသည်၊ ဖျက်စီးခြင်း အရှိန်အဝါတစ်ခုသည် ဘက်ပေါင်းစုံကို အုပ်မိုးလာခဲ့သည်။

လုချန်ရှန်းသည် မုန်တိုင်းအလယ်တွင် အေးအေးလူလူ တင်ပျဥ်ခွေထိုင်လိုက်ကာ၊ မိုးကြိုးကပ်ဘေးကို သူ့အပေါ်သို့ ကျဆင်းခွင့် ပြုထားလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ထိတွေ့နေကာ၊ ဟင်းလင်းပြင်ကို ပေါက်ကွဲသွားစေကာ၊ ကမ္ဘာမြေကို လှုပ်ခါသွားစေခဲ့သည်။

မြင့်မားသော တောင်တန်းကြီးများသည် အပိုင်းပိုင်း အစစဖြစ်သွားကာ၊ လုံးဝပြားကပ်သွားခဲ့သည်။

ရှောင်ဟေးသည် သူ၏အာရုံငါးပါးကို ဖုံးအုပ်ထားကာ၊ မည်သည့်အရာကိုမှ မထောက်လှမ်းဝံ့ပေ။ အသံတစ်သံကို ကြားလိုက်ရသည့် အချိန်မှသာလျှင် သူသည် သူ၏စိတ်စွမ်းအားကို ထုတ်လွှတ်လာဝံ့သည်။

“ တော်တော်ကြီးကို လွန်လွန်းတယ်၊ ကျင့်ကြံရေးနဲ့ နှိပ်စက်တာ အားမရလို့ ငါ့ကို မိုးကြိုးပါ ပစ်နေတယ်ပေါ့လေ၊ သောက်အဘိုးကြီး ကောင်းကင်ဘုံ၊ သောက်ကျင့်ကို ယုတ်နေတာပဲ “

လုချန်ရှန်းသည် နာကျင်မှုများကြောင့် မျက်နှာကြီး ရှုံ့မဲ့သွားကာ၊ အဆက်မပြတ် ကျိန်ဆဲနေခဲ့သည်။

ဂျိန်းးးးးးးးးး

သူ၏ စကားများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ပျောက်ကွယ်လုမတတ် ဖြစ်နေသည့် မိုးကြိုးတိမ်တိုက်များသည် တစ်နည်းနည်းဖြင့် နောက်ဆုံးသော မိုးကြိုးကို ညှစ်ထုတ်ကာ၊ သူ၏မျက်နှာပေါ်သို့ ပစ်လွှတ်လိုက်သည်။

“ လွန်သွားပြီကွာ၊ လာစမ်း၊ ထပ်လာခဲ့လိုက်၊ ငါ့ကိုသေအောင်သတ်လိုက်၊ ဒီသခင်လေးက ထပ်ပြီးတော့ အသက်မရှင်ချင်တော့ဘူး “

“ မင်း သောက်ကျိုးနည်း သောက်အဘိုးကြီး ကောင်းကင်ဘုံ၊ တစ်နေ့ကျရင် မင်း ……. “

“ မင်းစောင့်နေလိုက်၊ အနှေးနဲ့အမြန်ဆိုသလို ………. “

“ @#$%...& “

( errorမဟုတ်ပါ၊ novelထဲက အတိုင်းပါ )

“ … “

သူ့ရှေ့က လူကြောင့် တအံ့တဩဖြစ်နေသေးသည့် ရှောင်ဟေးသည် နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ဆဲဆိုသံများကို ကြားလိုက်ရပြီး၊ ၎င်းတို့မှာ အတော်လေး ရိုင်းစိုင်းကြမ်းတမ်းနေခဲ့သည်။

သူသည် မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်စွန်းရိုးသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်၊ သူသည် ဖြစ်ရပ်ပေါင်းများစွာကို ကြုံတွေ့ကာ၊ ဆဲနည်းပေါင်းစုံကို မြင်ခဲ့ဖူးသော်လည်း၊ ကောင်းကင်ဘုံအား ကျိန်ဆဲခြင်းကိုမူ ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

တဖြည်းဖြည်းဖြင့် မိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားပြီး၊ လုချန်ရှန်းတစ်ဦးတည်းသာလျှင် ထိုနေရာတွင် ကျန်နေခဲ့သည်။

သို့ရာတွင် သူသည် အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ပြီး၊ အဝတ်အစားများ ဆုတ်ပြဲကာ၊ သူ၏အရေပြား တော်တော်များများ ပွင့်ထွက်နေပြီး၊ ဆံပင်ဖရိုဖရဲဖြင့် ချောမောသော လူတစ်ဦး ဟုတ်မနေတော့ပေ။

ကမ္ဘာကြီးသည် တစ်ဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး၊ မှော်စွမ်းအားသည် လုချန်ရှန်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းလာခဲ့သည်၊ သူ၏ဒဏ်ရာများသည် သိသာထင်ရှားသော အမြန်နှုန်းဖြင့်၊ သက်သာပျောက်ကင်းသွားပြီး၊ သူသည် သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ကာ၊ အဝတ်လဲလိုက်သည်။

သူသည် ယခင်ကအတိုင်း အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ကာ၊ ကျောက်စိမ်းသရဖူကို ဆောင်းထားခဲ့သည်။

သူသည် မွေးရာပါ ဝိညာဥအဆင့်၂သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သို့ရာ၌ သူ၏မျက်နှာပေါ်တွင် ဒေါသနှင့် မကျေချမ်းမှုများ ရှိနေစဲဖြစ်ပြီး၊ ရှားရှားပါးပါး ပျော်ရွှင်မှုများ ကင်းမဲ့နေခဲ့သည်။

ထို့အပြင် ဤတစ်ကြိမ် အဆင့်ထိုးဖောက်ခဲ့ပြီးသည့်နောက်တွင် သူသည် လွန်စွာပြင်းထန်သော ပြဿနာတစ်ခုကို နားလည်သွားခဲ့သည်၊ ယခင်က သူ၏တွက်ချက်မှုများ မှားယွင်းနေခဲ့သည်။

သူသည် ဝိညာဥ်ကျောက် တစ်သန်းက အဆင့်သေးတစ်ခု ကျော်ဖြတ်ရန် လုံလောက်သည်ဟု ထင်နေခဲ့ဖူးသည်၊ သူ၏ ကြွယ်ဝမှုနှင့်သာဆိုပါ အဆင့်လေးငါးခြောက်အဆင့်အထိ တက်လှမ်းရန်မှာ ပြဿနာတစ်ခု ဟုတ်မနေခဲ့ပေ။

ယခုတွင်ကား မွေးရာပါ ဝိညာဥ်နယ်ပယ်၏ ဒုတိယအဆင့်သို့ တက်လှမ်းရုံနှင့်တင်၊ ဝိညာဥ‌်ကျောက်တုံး ၁.၅သန်းကျော် သုံးစွဲခဲ့ရသည်ဟု သူအကြမ်းဖျင်း တွက်ချက်မိခဲ့သည်။

တတိယအဆင့်ကမူ ယခင်က ချီသန့်စင်ခြင်းနယ်ပယ်တွင် ရှိနေခဲ့သည့်သူက မွေးရာပါ ဝိညာဥ်ကို ငေးကြည့်နေသည့်အလား ဖြစ်နေခဲ့သည်။ အဆင့်ထိုးဖောက်ရာတွင် လိုအပ်မည့် ပမာဏသည် ၁.၅သန်းကို သေချာပေါက် ကျော်လွန်နေလိမ့်မည် ဖြစ်သည်။

“ များလိုက်တာကွာ၊ တကယ်လို့ ငါ့ကိုယ်ငါ ရောင်းလိုက်မယ်ဆိုရင်တောင်မှ၊ လုံလောက်မှာ မဟုတ်ဘူး “

လုချန်ရှန်းသည် ရေရွတ်ပြောဆိုနေခဲ့ပြီး၊ စိတ်ဝိညာဥ် အရှင်သခင်၏ ပိုင်ဆိုင်မှုဖြစ်သော နဂါးသွေးကြောကို အလိုအလျောက် တွေးမိသွားခဲ့သည်။ ၎င်းသည် သူတွေးမိသမျှထဲတွင် ဝိညာဥ်ချီကို အမြန်ဆုံး စုဆောင်းနိုင်သည့် နည်းလမ်းဖြစ်သည်။

သို့ရာတွင် စိတ်ဝိညာဥ် အရှင်သခင်ထံမှ ဝိညာဥ်သွေးကြောကို လုယက်ရန်အလို့ငှာ၊ သူသည် ဂရုတစိုက် ပြင်ဆင်စီစဥ်ရမည် ဖြစ်သည်။

၎င်းကို သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင် တစ်စုံတစ်ဦးသည် အဝေးမှ ချဥ်းကပ်လာခဲ့သည်။

မာကျွဲ့နှင့် သက်လတ်ပိုင်းလူတစ်ဦး ချဥ်းကပ်လာခဲ့သည်။

“အစ်ကိုမာ၊ မင်းက လုချန်ရှန်းကို မျက်ခြေပြတ်သွားပြီး၊ သူ့ကို သွားရှာရမည့်အစား ဘာလို့ ဒီကိုလာနေရတာလဲ “ သက်လတ်ပိုင်းလူမှာ ဇဝေဇဝါ ဖြစ်နေခဲ့သည်။

မာကျွဲ့မှ ပြန်ပြောလိုက်သည် “ သူက ဟိုဘက်မှာရှိတယ်၊ အခုလေးတင်ပဲ တစ်စုံတစ်ယောက်က မွေးရာပါ ဝိညာဥ်အတွက် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ခဲ့တယ်လေ “

“ အဲ့တာက ဘာများထူးဆန်းနေလို့လဲ “ သက်လတ်ပိုင်းလူသည် အထင်တသေးပြန်ပြောလာခဲ့သည်။

“ အရှင်သခင်ဆီက ကောင်းကင်ဘုံ ကပ်ဘေးအကြောင်း ငါကြားခဲ့ဖူးတယ်၊ ခုနက ကပ်ဘေးကို ရင်ဆိုင်နေတဲ့လူက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်ကနေ မွေးရာပါ ဝိညာဥ်နယ်ပယ်ကို အဆင့်ထိုးဖောက်တဲ့အတွက် ကောင်းကင်ဘုံကပ်ဘေးကို ရင်ဆိုင်နေရတာ မဟုတ်ဘူး၊ အဆင့်သေးတစ်ခုအတွက် ရင်ဆိုင်နေရတာ။ အဲ့တာကြောင့် သူက ရှားပါးပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်။ သူ့ကို စုဆောင်းပြီးတော့ အရှင်သခင်ရဲ့လက်အောက်မှာ ထားလိုက်မယ်ဆိုရင်၊ ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ် “

သက်လတ်ပိုင်းလူသည် မျက်မှောင်ကြုတ်ကာ မေးမြန်းလာခဲ့သည် “ သူက ပါရမီရှင်တစ်ယောက်ဆိုတာကို မင်းဘယ်လိုသိတာလဲ “

မာကျွဲ့မှ ပြန်ပြောလိုက်သည် “ တကယ်လို့ သူကသာ ပါရမီရှင်တစ်ယောက် မဟုတ်ဘူးဆိုရင်၊ အဆင့်သေးတစ်ခုအတွက်နဲ့ ကောင်းကင်ဘုံ ကပ်ဘေးကို ဘယ်လိုလုပ် ရင်ဆိုင်ရမှာလဲ။ ပြီးတော့ တစ်ယောက်ယောက်က အိုမင်းနေတဲ့ အချိန်မှာ မွေးရာပါ ဝိညာဥ်အဆင့်ကို ရောက်သွားတာကို မင်းမြင်ခဲ့ဖူးလို့လား။ ခုနကဟာက ကိုးရောင်ခြယ်မိုးကြိုးကပ်ဘေးပဲ၊ သူက တော်တော်လေးကို ထူးခြားနေမှာ သေချာတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းလူ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

မာကျွဲ့၏ပြောစကားများအရသာဆိုပါက၊ ၎င်းသည် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေမည် ဖြစ်သည်။

၎င်းသာလျှင် မဟုတ်ပေ၊ ဤနေရာသည် နတ်ကောင်းကင်ဂိုဏ်း၏ ပိုင်နက်အတွင်းတွင် ရှိနေခဲ့သည်၊ ထို့ကြောင့် အဆင့်ထိုးဖောက်ခဲ့သည့် လူမှာ တစ်ကိုယ်တော် ကျင့်ကြံသူ(သို့) အဖွဲ့ငယ်တစ်ခု၏ ဖုံးကွယ်ထားသော ပါရမီရှင်တစ်ဦး ဖြစ်နေဖို့များသည်။

ပုံမှန်အခြေအနေများအောက်တွင်သာဆိုပါက၊ ဂိုဏ်းကြီးများ၏ တပည့်များသည် တစ်ခြားလူ၏ ပိုင်နက်အတွင်းတွင် ကပ်ဘေးကို ကျော်ဖြတ်ကာ အဆင့်တက်လိမ့်မည် မဟုတ်ပေ။

လူနှစ်ဦးသည် ပိုတွေးလေလေ ပို၍စိတ်လှုပ်ရှားလေလေ ဖြစ်သွားခဲ့သည်။ အစပိုင်းတွင် မာကျွဲ့သည် လုချန်ရှန်းကို မျက်ခြေပြတ်သွားသည့်အတွက် အကူတစ်ဦးရှာရန်အတွက် သတင်းပြန်ပို့ခဲ့သည်၊ ယခင်က သူသည် စိတ်ဝိညာဥ် အရှင်သခင်၏ အပြစ်ပေးခြင်း ခံရမည်ကို တွေးပူနေခဲ့သည်။

သို့သော် သူတို့ကသာ ဤကဲ့သို့သော အဖိုးတန်ပါရမီရှင်တစ်ဦးကို ပြန်ခေါ်သွားနိုင်မည်ဆိုပါက၊ စိတ်ဝိညာဥ် အရှင်သခင်သည် သူတို့ကို သေလောက်သည်အထိ ချီးမွမ်းနေလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် ရှောင်ဟေးမှ လုချန်ရှန်းကို သတိပေးလိုက်သည်။

“ တစ်ယောက်ယောက်လာနေပြီ၊ မင်းသိတဲ့ လူပဲ “

လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ၎င်းကို အာရုံခံမိနေခဲ့ပြီးသား ဖြစ်သည်။

သူသည် စိတ်ဝိညာဥ် အရှင်သခင်က လက်သီးပုန်းထိုးသည့် လှည့်ကွက်လေးများ သုံးလာမည်ဆိုသည်ကို သိနေခဲ့သည်၊ သို့သော် သူ့ကို လုပ်ကြံသတ်ဖြတ်ရန်အတွက် လူများ လွှတ်လိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူစိတ်စွမ်းအား ပျံ့လွင့်နေကာ၊ လူမည်မျှ ရောက်ရှိလာလဲဆိုသည်ကို အတည်ပြုစစ်ဆေးနေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးသည် မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ မင်းက မပြေးဘူးလား “

“ ငါစစ်ဆေးခဲ့ပြီးပြီ၊ လူနှစ်ယောက်တည်း “

“ အဲ့တော့၊ မင်းဘာလုပ်ချင်နေတာလဲ “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ငါဒီနေ့ စိတ်အခြေအနေ မကောင်းဘူး၊ ဒေါသကို ဖြေဖျောက်ဖို့အတွက် လူသတ်မှဖြစ်မယ် “

“ အဲ့တာက မွေးရာပါ ဝိညာဥ်အဆင့်၄ ပညာရှင်နှစ်ယောက်နော် “

“ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်၊ မင်းတစ်ယောက်၊ ငါတစ်ယောက်ပေါ့ဟ “

“ မင်းက တကယ်ကြီးကို အကွက်စေ့တာပဲ “

လူတစ်ဦးနှင့် ငှက်တစ်ကောင်သည် တစ်ခဏခန့် ဆွေးနွေးပြောဆိုနေခဲ့ပြီး၊ ထိုအချိန်တွင် တစ်ခြားလူနှစ်ဦး ရောက်ရှိလာခဲ့သည်။

သူတို့၏ အကြည့်များ ဖုံးလွှမ်းလာခဲ့ပြီး၊ သူတို့သည် ဤနေရာတွင် ကပ်ဘေးတစ်ခုဖြစ်သွားခဲ့သည်ဆိုသည်ကို အတည်ပြုသွားနိုင်ခဲ့သည်၊ သို့သော် ကပ်ဘေးဖြစ်ပွားခဲ့ရာ မြေပြင်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ထိုလူနှစ်ဦးစလုံး မှင်သက်သွားကြသည်။

“ လုချန်ရှန်းလား “

မာကျွဲ့သည် တအံ့တဩဖြစ်နေသော မျက်လုံးများနှင့်အတူ စကားပြောလာခဲ့သည်။

လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ဒီနေရာမှာ တွေ့ရတယ်ဆိုတော့ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ “

……………………………………………………………………………………………………………………………….

အပိုင်း ( 83 )

ငါ့ရဲ့ ပထမဦးဆုံးအကြိမ်ပဲ

လူငယ်တစ်ဦးသည် ကပ်ဘေးကျဆင်းလာရာ မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။

မာကျွဲ့နှင့် သက်လတ်ပိုင်းလူ နှစ်ဦးစလုံး မှင်သက်သွားကြသည်။

သူတို့သည် လုချန်ရှန်းကို မျက်ခြေပြတ်သွားခဲ့ပြီး၊ စိတ်ဝိညာဥ် အရှင်သခင်အား မည်ကဲ့သို့ ရှင်းပြရမလဲဆိုသည်ကို မသိသောကြောင့် သူတို့၏ အမှားကို ဖာထေးရန်အတွက် ပါရမီရှင်တစ်ဦးကို ခေါ်ဆောင်သွားရန် ပြင်ဆင်နေခဲ့ကြသည်။

ယခုတွင်ကား သူတို့သည် လုချန်ရှန်းထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေသည်။

“ ကြည့်ရတာတော့ သူကလည်း ကောင်းကင်ဘုံ ကပ်ဘေးကြောင့် ဒီကိုရောက်လာခဲ့တဲ့ပုံပဲ “ ဟု မာကျွဲ့မှ စကားပြောလာခဲ့သည်။

သူသည် ကောင်းကင်ဘုံ ကပ်ဘေးကို ဆွဲဆောင်ခဲ့သည့်လူက လုချန်ရှန်းဖြစ်နေလိမ့်မည်ဟု မတွေးထားပေ၊ အသက်ဆယ့်ရှစ်(သို့) ဆယ့်ကိုးနှစ်အရွယ်ကလေးတစ်ယောက်ထံတွင် ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိနေမည်ဆိုပါက၊ သူသည် နတ်ကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် ကံတရားကို အားကိုးခဲ့ရလိမ့်မည် မဟုတ်ပေ။

“ ဟက်၊ ကောင်းတာပေါ့၊ သူ့ကို သတ်မယ်၊ ပြီးရင် အဲ့ဒီပါရမီရှင်ကို လိုက်ရှာကြမယ် “

သက်လတ်ပိုင်းလူသည် တဟားဟားရယ်မောကာ၊ လုချန်ရှန်းကို လုံးဝလျစ်လျူရှုထားခဲ့သည်၊ ချီစုစည်းခြင်းနယ်ပယ်မှ လူငယ်တစ်ဦးက သူတို့နှစ်ဦးကို မည်ကဲ့သို့ ယှဥ်နိုင်မည်နည်း။ သူတို့သည် လက်ချောင်းလေးတစ်ချောင်းတည်းဖြင့် သူ့ကို အကြိမ်တစ်ရာတိတိ ချေမှုန်းနိုင်ပေသည်။

ထိုအချိန်မှ လုချန်ရှန်းမှ စကားပြန်ပြောလိုက်သည် “ ခင်ဗျားတို့က ကျုပ်ကို သတ်ဖို့အတွက် ဒီကိုရောက်လာတာလား “

“ ဟားဟား၊ မင်းက တော်တော်လေးကို အကင်းပါးတာပဲ။ မင်းက နားလည်နေပြီဆိုမှတော့၊ စကားလုံးတွေ ဖြုန်းတီးနေဖို့ မလိုတော့ဘူးပေါ့ “ မာကျွဲ့မှ လှောင်ပြောင်ပြောဆိုလာခဲ့သည်။

ထိုလူနှစ်ဦး၏ မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

လုချန်ရှန်းသည် ထပ်မံ၍ မေးခွန်းထုတ်လိုက်သည် “ ကျောက်ကုန်းမင် မလာဘူးလား “

“ ငါတို့က မင်းကို သတ်ဖို့အတွက် စိတ်ဝိညာဥ် အရှင်သခင်ကို လိုအပ်လို့လား “

ထိုလူနှစ်ဦးသည် သူတို့၏ ဦးခေါင်းများကို ခါရမ်းနေကာ၊ အချိန်ဖြုန်းမနေတော့ဘဲ၊ ရှေ့သို့ခြေတစ်လှမ်းတိုးကာ၊ သူတို့၏ သတ်ဖြတ်လိုစိတ်များကို ထုတ်ပြလာခဲ့သည်။

လုချန်ရှန်းသည် အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့ကာ၊ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဟေး၊ ဒါက ကျုပ်ရဲ့ နယ်ပယ်အထက်က လူကို ပထမဦးအကြိမ်အဖြစ် တိုက်ခိုက်ဖူးတာပဲ “

“ မင်းဘာပြောလိုက်တာလဲ “ မာကျွဲ့မှင်သက်သွားခဲ့သည်။

သက်လတ်ပိုင်းလူမှာလည်း စကားဝင်ပြောလာခဲ့သည် “ မင်းရဲ့နယ်ပယ်အထက်က လူနဲ့ တိုက်ခိုက်တာလား။ မင်းက အချည်းနှီးရုန်းကန်မှုကို လုပ်နေဦးမယ်လို့ ပြောနေတာလား “

“ ကြိုးစားကြည့်ရမှာပေါ့၊ ဒီတိုင်းကြီးတော့ အရှုံးမပေးလိုက်နိုင်ဘူးလေ “

“ ဟားဟားဟား “

လူနှစ်ဦး အော်ရယ်နေကြပြီး၊ သူတို့၏ မျက်နှာများပေါ်တွင် တည်ရှိနေသည့် လှောင်ပြောင်မှုနှင့် မထီမဲ့မြင်ပြုနေမှုတို့မှာ ဖုံးဖိ၍ မရလောက်သည်အထိ ပြည့်နှက်နေခဲ့သည်။

လုချန်ရှန်းသည် လေကုန်ခံမနေတော့ဘဲ ရှောင်ဟေးကို စကားပြောလိုက်သည် “ အနက်လေး၊ သေချာစောင့်ကြည့်နေနော်။ တကယ်လို့ သူတို့ကို ငါမနိုင်ဘူးဆိုရင်၊ ဝင်ပါလာဖို့ သတိရ။ သူတို့ကို မလွတ်သွားစေနဲ့။ မွေးရာပါ ဝိညာဥ်အဆင့်၄ ပညာရှင်လောက်ကတော့ မင်းအဆင်ပြေသင့်တယ်လေ၊ ဟုတ်တယ်မလား “

“ အိုကေ “

ရှောင်ဟေးမှ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ ပြန်လည်အားမွေးနေသည့် ကာလကို ကျော်ဖြတ်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် အပြည့်အဝ ပြန်လည်မသက်သာလာသေးသော်လည်း၊ လှုပ်ရှားမည်ဆိုလျှင်တောင်မှ မည်သည့်ပြဿနာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

“ ကောင်းတယ် “ လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် မာကျွဲ့သည် လေထုအတွင်းသို့ ရုတ်တရက် ခုန်တက်လာခဲ့သည်။ အစတွင် သူသည် လုချန်ရှန်းက လှည့်ကွက်များ သုံးနေမည်ကို စိုးရိမ်နေခဲ့သည်၊ သို့သော် အနီးအနားတွင် မည်သူမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင်၊ သူသည် ချက်ချင်းတိုက်ခိုက်လာခဲ့သည်။

အစွမ်းထက် မှော်စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ သူ၏ပုံရိပ်သည် ကောင်းကင်ထက်သို့ ရွေ့လျားလာခဲ့သည်၊ သူ၏ တိုက်ခိုက်မှုသည် ရပ်တန့်၍ မရသော အရှိန်အဟုန်မျိုးဖြင့် ကျဆင်းလာခဲ့သည်။

လုချန်ရှန်းနှင့် ရင်ဆိုင်နေရသည့် အချိန်မှာပင် သူသည် မည်သည့်အရာကိုမှ ထိန်ချန်မထားခဲ့ပေ၊ သူသည် မတော်တဆမှု တစ်ခုခု ပေါ်လာမည်ကို ကြောက်ရွံ့သောကြောင့်၊ တစ်ကွက်တည်းဖြင့် ပြတ်ပြတ်သားသား အဆုံးသတ်ရန် ကြံရွယ်ထားခဲ့သည်။

“ ဟက် “

မာကျွဲ့သည် ခြောက်ခြားဖွယ်ကောင်းသော အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏အပြုံးမှာ အေးခဲတောင့်တင်းသွားခဲ့ရသည်။ တိုက်ခိုက်မှုက ချဥ်းကပ်သွားသည့် အချိန်မှာပင် လုချန်ရှန်းမှ သူ၏လက်ကို မြှောက်၍ ထိုးချလိုက်ရာ၊ ကျယ်လောင်သော အသံတစ်သံသည် ကောင်းကင်ယံတွင် ဟိန်းထွက်လာခဲ့သည်။

အလင်းတန်းများပေါက်ထွက်လာခဲ့ပြီး၊ တိုက်ခိုက်မှုမှာ ချက်ချင်းပြိုကွဲသွားခဲ့သည်။ ကျန်ရှိနေသည့် မှော်စွမ်းအား လှိုင်းတစ်ခုသည် မာကျွဲ့၏ အရှေ့သို့ ကျရောက်လာခဲ့သည်၊ သူသည် တုန်တုန်ရင်ရင်ဖြစ်သွားပြီး၊ လေထုအတွင်းမှ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

သူ၏ခန္ဓာကိုယ် တုန်ရင်သွားကာ၊ သူ၏ချီသွေး မြင့်တက်လာခဲ့ပြီး၊ သူ၏ပါးစပ်ထောင့်တွင် သွေးစီးကြောင်းတစ်ခု ဖြစ်တည်လာခဲ့သည်။

“ ဘာကြီး “

“ ဘာတွေ ဖြစ်နေတာလဲဟ “

ထိုလူနှစ်ဦး၏ အမူအရာများ မည်းမှောင်သွားကာ၊ အလွန်တရာ အံ့ဩတုန်လှုပ်သွားကြသည်။

မာကျွဲ့သည် လေးလေးနက်နက် ဖြစ်သွားကာ သက်လတ်ပိုင်းလူကို စကားလှမ်းပြောလိုက်သည် “ ဒီကောင်လေးက တစ်ခုခုတော့ တစ်ခုခုပဲ။ ရှိသမျှ အကုန်ထုတ်တော့၊ သူ့ကိုဘာအခွင့်အရေးမှ မပေးနဲ့ “

“ ကောင်းပြီ “

သက်လတ်ပိုင်းလူ၏ မျက်လုံးများ မည်းမှောင်သွားကာ၊ သူ့လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့သည်။ ဓားအော်သံ တစ်ခုပေါ်ထွက်လာခဲ့ကာ၊ ဓားချီများသည် လေထုအတွင်းသို့ ပျံ့လွင့်လာခဲ့သည်။ ထိုလူမှ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ ဓားရှည်သည် ကောင်းကင်ယံကို ကျော်ဖြတ်ကာ၊ ချွန်ထက်နေသည့် ဓားချီကို ဖန်တီးလာခဲ့သည်။

သို့သော် သူ၏ဓားနှင့်အတူ ရှေ့တက်လိုက်သည့် အချိန်မှာပင်၊ သူသည် လုချန်ရှန်းက ပျောက်ကွယ်သွားခဲ့ပြီဆိုသည်ကို သိရှိသွားခဲ့သည်။

သူအပြည့်အဝ မအံ့ဩရသေးသည့် အချိန်မှာပင် ပုံရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်အလား သူ့အနောက်သို့ ရောက်ရှိလာခဲ့သည်။

သူ၏မျက်ဝန်းများ တုန်ရင်သွားခဲ့ပြီး၊ မည်သို့မျှ မတုံ့ပြန်ရသေးသည့် အချိန်မှာပင် လက်တစ်ဖက်သည် သူ၏လက်မောင်းကို ရိုက်ချလာခဲ့သည်။

ပြိုကျလာသော တောင်တစ်လုံးနှင့် မြင့်တက်လာသော ဆူနာမီသဖွယ်ဖြစ်နေသည့် အားတစ်ခုသည် သူ့ကို တိုက်ခိုက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ အရိုးကျိုးသံများပါ အဖော်ပြုလိုက်ပါလာခဲ့သည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရပြီး၊ သူ့လက်ထဲတွင် ရှိနေသည့် ဓားမှာလည်း ပြုတ်ကျသွားခဲ့သည်။

လုချန်ရှန်းသည် ပြုတ်ကျသွားသည့် ဓားရှည်ကို ဖမ်းဆုပ်ထားကာ၊ အဝေးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် သူ့လက်ထဲတွင် ရှိနေသည့် ဓားကို ကြည့်လိုက်ပြီး၊ ၎င်းက စိတ်ဝိညာဥ်အဆင့် အဆင့်မြင့် ရတနာတစ်ခုဆိုသည်ကို သိရှိသွားကာ၊ မျက်မှောင်ကြုတ်၍ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။

သို့ရာ၌ ကြောက်လန့်တကြား ဖြစ်နေသည့် အကြည့်နှစ်ခုနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူသည် အသာအယာ သက်ပြင်းချနေတော့သည် “ ငါ့ရှေ့မှာ ဘာလို့ ဓားလာကစားနေရတာလဲ “

သက်လတ်ပိုင်းသူသည် အထိတ်တလန့်ဖြစ်သွားကာ၊ အဆက်မပြတ် နောက်ဆုတ်သွားခဲ့သည်။

မာကျွဲ့၏ မျက်ဝန်းများ လှုပ်ခါသွားကာ၊ မယုံကြည်နိုင် ဖြစ်နေသော အမူအရာဖြင့် လုချန်ရှန်းကို ငေးကြည့်နေတော့သည်။

သူ့ဆီမှာ ပေါ်ထွက်လာသည့် အရှိန်အဝါကို ခံစားလိုက်ရသောအခါတွင် သူသည် အံ့ဩတကြီး အော်ပြောလာခဲ့သည် “ ခုနက ကောင်းကင်ဘုံ ကပ်ဘေးကို ရင်ဆိုင်ခဲ့တာက မင်းပဲ “

“ မဟုတ်ဘူး၊ တကယ်လို့ မင်းဖြစ်နေမယ်ဆိုရင်၊ ကန်ပင်းတောင်တန်း‌ဒေသက လူကလည်း မင်းပဲမလား “

“ မင်းက မွေးရာပါ ဝိညာဥ်နယ်ပယ်ကို တကယ်ကြီး ရောက်နေတယ်ပေါ့ “

ယခု သူတို့မြင်တွေ့နေရသည့် အရာထပ် ပို၍ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အရာမျိုး ဤကမ္ဘာတွင် မရှိနိုင်တော့ပေ။ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေသည့် အသက်ဆယ့်ရှစ်(သို့) ဆယ့်ကိုးနှစ်အရွယ် လူငယ်တစ်ဦး၊ ၎င်းက မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်သနည်း

ထို့အပြင် အစောပိုင်း အချိန်က သူ၏ တိုက်ခိုက်မှုကို ကြည့်ရခြင်းဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း မခေလှပေ။

“ သွားမယ် “

မာကျွဲ့သည် အလွန်ပင် ပြတ်သားသော လူတစ်ဦးဖြစ်သည်။ တိုက်ကွက်ဖလှယ်ခဲ့ပြီးသည့်နောက်၌ သူတို့၏ စိတ်ထဲတွင် အကြောက်တရားများသာ ကြီးစိုးနေခဲ့သည်။ သူတို့သည် ဤနေရာမှ ထွက်သွားကာ၊ ထိုသတင်းများကို ပြန်လည်ယူဆောင်သွားချင်နေခဲ့သည်။

“ မင်းတို့က ဘယ်သွားကြမလို့လဲ “

ထိုအချိန်တွင် လုချန်ရှန်းသည် ဓားရှည်ကို လွှဲရမ်းကာ စကားပြောလာခဲ့သည်။ မှော်စွမ်းအားများ ဆင်းသက်လာခဲ့ပြီး၊ တောင်တန်းတောအုပ်ကို စိမ်းလန်းစိုပြေသော ပင်လယ်ပြင်အဖြစ် ပြောင်းလဲလိုက်သည်။ မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော ဓားချီများသည် ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့ပြီး၊ ဆုတ်ခွာနိုင်သည့် လမ်းကြောင်းအားလုံးကို ဖြတ်တောက်ကာ၊ ဤနေရာတစ်ခုလုံးကို ပိတ်လှောင်သွားခဲ့သည်။

ပုံရိပ်နှစ်ခု ရပ်တန့်သွားကာ၊ ကတုန်ကရင် ဖြစ်သွားကြသည်။

ထိုမြင်ကွင်းမှာ အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့သည်။ သူတို့နှစ်ဦးသည် လိမ်ယှက်နေသည့် ဓားပင်လယ်ကို ကြည့်ကာ အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ ဓားချီကို ပင်လယ်ပြင်အဖြစ် အသွင်ပြောင်းလိုက်တယ်၊ မင်းက ဓားတာအိုကို အဆင့်၉ရောက်တဲ့အထိ ကျင့်ကြံထားတာပဲ “

သက်လတ်ပိုင်းလူသည် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

သို့သော် လုချန်ရှန်းသည် မည်သို့မျှ မတုံ့ပြန်လိုက်ပေ။ သောင်းနှင့်ချီသော ဓားချီများ လိမ်ယှက်လည်ပတ်နေပြီး၊ အတွေးဖြင့်စေခိုင်းလိုက်ရာ ၎င်းတို့အားလုံး မြင့်တက်လာခဲ့သည်။

ထိုလူနှစ်ဦးသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ၊ သူတို့၏ မှော်ပစ္စည်းအကုန်လုံးကို ထုတ်သုံးလာခဲ့သည်။ မီးအိမ်ရှည်တစ်လုံး လင်းလက်လာခဲ့ပြီး၊ ၎င်း၏ ရောင်ခြည်သည် သူတို့ကို ဖုံးလွှမ်းလာခဲ့ကာ၊ ဒိုင်းတစ်ခုသဖွယ် ထိုလူနှစ်ဦးစလုံးကို ကာကွယ်ပေးလာခဲ့သည်။

စာလိပ်တစ်ခု ပြန့်ကျလာခဲ့ကာ၊ အရပ်လေးမျက်နှာစလုံးကို ဖိနှိပ်လာခဲ့ပြီး၊ လုချန်ရှန်းအပေါ်သို့ ကျဆင်းလာခဲ့သည်။

ထိုလူနှစ်ဦးသည် လက်ဟန်များကို ဆက်တိုက်ပြုလုပ်ကာ၊ အမျိုးမျိုးသော တိုက်ခိုက်မှုများကို ထုတ်လွှတ်လာကြပြီး၊ ဤနေရာမှ ထွက်ပြေးရန်အတွက်ပါ ချုပ်နှောင်မှုကို ချိုးဖျက်ရန် ကြိုးပမ်းနေခဲ့သည်။

ဤလူငယ်က ထူးခြားလွန်းနေသောကြောင့်၊ သူတို့သည် ဤသတင်းများကို မဖြစ်မနေ ပြန်လည်သယ်ဆောင်သွားရမည် ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘဲ၊ ဤမျှကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ဦးက အနီးအနားတွင် ပုန်းကွယ်‌နေမှုနှင့်သာဆိုပါက၊ နောင်အနာဂတ်တွင် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မည်သူက သိနိုင်မည်နည်း

“ ခုတ် “

လုချန်ရှန်းမှ အသာအယာ ဟိန်းဟောက်လိုက်ရာ၊ ဓားချီသည် စီးဆင်းနေသော ရေစီးကြောင်းတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

ဆွစ်ရှ်

သူ့ကို ဖိနှိပ်ရန် နိမ့်ဆင်းလာခဲ့သည့် စာလိပ်သည် အပိုင်းပိုင်း အစစဖြစ်သွားကာ၊ ဘက်ပေါင်းစုံသို့ ပြန့်ကျဲသွားခဲ့သည်။ ဖိအားများ အပြည့်အဝ ပျောက်ကွယ်သွားခဲ့သည်။

သက်လတ်ပိုင်းလူသည် ဓားချီကြောင့် ဒဏ်ရာရရှိသွားကာ၊ မာကျွဲ့အနောက်သို့ ဆုတ်ခွာသွားခဲ့သည်။

သို့ရာတွင် မီးအိမ်ရှည်၏ တောက်ပမှုမှာ ဆက်လက်၍ တည်ရှိနေသေးပြီး၊ သူတို့ကို ကာကွယ်နေခဲ့သည်။ ဓားရေစီးကြောင်းသည် တဂျိမ်းဂျိမ်း အော်မြည်၍ ကျဆင်းလာခဲ့သော်လည်း၊ ခုခံမှုကို မည်သို့မျှ မချိုးဖျက်နိုင်သေးပေ။

မာကျွဲ့သည် တလေးတနက် ဖြစ်နေသော အမူအရာမျိုးဖြင့် စကားထပ်ပြောလာခဲ့သည် “ ပိတ်ဆို့မှုကို ဖွင့်ပြီးတော့ ပြန်ဆုတ်ဖို့ လုပ်ကြမယ် “

သက်လတ်ပိုင်းလူသည် ခေါင်းငြိမ့်ပြလာခဲ့ကာ၊ ချက်ချင်းလှုပ်ရှားလာခဲ့သည်။

လုချန်ရှန်းသည် ဓားရေစီကြောင်းကို ထိန်းချုပ်ကာ အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်၊ ရှေးဟောင်းမီးအိမ်မှာလည်း တဂျိမ်းဂျိမ်းအော်မြည်နေကာ၊ မီးငြှိမ်းသွားတော့မယောင် ဖြစ်နေခဲ့သော်လည်း၊ မည်သို့မျှ မကျိုးပျက်သွားသေးပေ။

သူသည် ၎င်းကို စိုက်ကြည့်ကာ တအံ့တဩ ဖြစ်သွားခဲ့သည် “ နောက်ထပ် တားမြစ်ပစ္စည်းတစ်ခုပဲ “

“ လုချန်ရှန်း၊ မင်းက ဒီလိုမျိုး နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “ မာကျွဲ့သည် အံကြိတ်၍ ပြောဆိုလာခဲ့သည်။

လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဘာကိစ္စ အဲ့အကြောင်းကို ပြောနေရတာလဲ “

“ မင်းက ဒါကို မချိုးဖျက်နိုင်ဘူး။ ငြိမ်းချမ်းရေးလုပ်ကြမယ်ဆိုရင်ကော ဘယ်လိုပဲ။ ငါ့ကို ထွက်သွားခွင့်ပေးလိုက်၊ မင်းကိစ္စတွေကို ငါလုံးဝထုတ်မပြောဘူး။ အခုအချိန်ကနေစပြီးတော့ ငါတို့က တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ပဲနေကြမယ်၊ ဘယ်လိုလဲ “

“ ငါ့ကို ငတုံးလို့ ထင်နေတာလား ဒါမှမဟုတ် မင်းကိုယ်မင်း ဉာဏ်သိပ်ကောင်းတယ်လို့ ထင်နေတာလား “

လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ငါအသက်ငယ်နေတာကြောင့် ငါ့ကို လှည့်စားလို့ရမယ်လို့ ထင်နေတာလားဟ

ထိုအချိန်တွင် သက်လတ်ပိုင်းလူသည် အရူးအမူး တိုက်ခိုက်ကာ၊ ထွက်ပေါက်တစ်ခု ဖွင့်လှစ်ရန် ကြိုးပမ်းနေခဲ့သည်။

၎င်းကို မြင်လိုက်ရသည့် အချိန်တွင် ရှောင်ဟေးသည် ဝင်ပါရန်ပြင်လိုက်သည်၊ သို့သော် ထိုအချိန်တွင် လုချန်ရှန်းမှ စကားပြောလာခဲ့သည် “ ငါထပ်ပြီးတော့ ထိန်းထားလို့ မရတော့တဲ့ပုံပဲ “

“ ဘာတုန်းဟ။ အဲ့တာကတောင် မင်းရဲ့ စွမ်းအားအကုန် မဟုတ်သေးဘူးလား “ ရှောင်ဟေးသည် တအံ့တဩ ဖြစ်သွားခဲ့သည်၊ ဒီကောင်က ဘယ်လောက်တောင် ဖုံးကွယ်ထားတာလဲဟ

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဓားချီသည် ဟိန်းဟောက်၍ ပေါ်ထွက်လာခဲ့ကာ ကောင်းကင်အနှံ့ ပြန့်ကျဲသွားခဲ့သည်။ ဓားချီလှည့်ပတ်နေကာ၊ ကောင်းကင်ဘုံ တိမ်းစောင်းသွားပြီး၊ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ရစ်ခွေနေသည့် ဧရာမ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်တွင် နဂါးအရိပ်သည် ကောင်းကင်ပေါ်သို့ မြင့်တက်သွားသည့် အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ လည်ပတ်လာခဲ့ကာ၊ အရှေ့သို့ တဟုန်ထိုး ပြေးတက်လာခဲ့သည်။

လူတိုင်းမျက်လုံးအပြူးသား ဖြစ်သွားကာ၊ မယုံကြည်နိုင်ဖြစ်နေသော အမူအရာများဖြင့် ငေးကြည့်လာကြသည်။ အံ့ဩတုန်လှုပ်နေခြင်းသပ်သပ်သာလျှင် မဟုတ်ဘဲ၊ သူတို့၏ စိတ်ထဲတွင် သံမှိုနှင့် ရိုက်နှက်ထားလိုက်သကဲ့သို့ ဖျောက်ဖျက်၍ပင် မရတော့ပေ။

“ ဓား …… ဓားချီ အသွင်ပြောင်းခြင်း …… “

…………………………………………………………………………………………………………………………………….

အပိုင်း ( 84 )

မင်းက လူရောဟုတ်သေးရဲ့လား

ဓားချီသည် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ ကောင်းကင်ထက်သို့ မြင့်တက်သွားခဲ့သည်။

ထိုအချိန်၌ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများသာလျှင် ကျန်နေခဲ့သည်။

သက်လတ်ပိုင်းလူသည် နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။ သူကိုယ်တိုင်မှာလည်း ဓားကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်၊ ဓားနဂါးနှင့် ရင်ဆိုင်လိုက်ရသောအချိန်၌ သူ၏စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများသာ ပွင့်လန်းလာခဲ့သည်။

“ ဓားချီ အသွင်ပြောင်းခြင်း …….. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “

သက်လတ်ပိုင်းလူ၏ အသံသည် တုန်တုန်ရင်ရင် ဖြစ်နေခဲ့သည်။

မာကျွဲ့ ဆွံ့အသွားခဲ့ပြီး၊ ခုခံရန်ပင် မတွေးတောနိုင်တော့ပေ။

ဓားတာအိုက ကျင့်ကြံရခက်ခဲသည်ဆိုသည်ကို လူတိုင်းသိကြသည်၊ သို့သော် အောင်မြင်စွာ ကျင့်ကြံနိုင်သည်နှင့်တစ်ပြိုင်နက်၊ ရပ်တန့်၍ မရသော စွမ်းအားကို ပိုင်ဆိုင်ရမည် ဖြစ်သည်။

ဓားတာအိုကို အဆင့်၉ရောက်သည်အထိ ကျင့်ကြံနိုင်သူများသည် တစ်သန်းတွင်တစ်ယောက်သာ ရှိနိုင်သော ပြိုင်ဘက်ကင်းပါရမီရှင်များသာလျှင် ဖြစ်သည်၊ အဆင့်၉အထက်တွင် ဓားနှလုံးသား သန့်စင်မှု ရှိနေခဲ့သည်။

၎င်းသည် ဒဏ္ဍာရီဟု သတ်မှတ်ထားသည့် နယ်ပယ်တစ်ခုဖြစ်ပြီး၊ နှစ်ပေါင်းများစွာကြာရှည်သည်အထိ မည်သူကမှ ထိုအဆင့်သို့ မရောက်ရှိခဲ့ကြပေ။

ထိုကဲ့သို့သော တည်ရှိမှုများသည် ကျင့်ကြံသူတော်တော်များများ၏ မျက်လုံးများအတွင်းတွင် ဓားနတ်ဘုရားကဲ့သို့သော ပုံရိပ်များဖြစ်နေခဲ့ပြီ ဖြစ်သည်။

အဆင့်၉နယ်ပယ်နှင့် ဓားနှလုံးသား သန့်စင်မှုအကြားတွင် ရှိနေသည့် ကွာဟချက်သည် တိုင်းတာ၍ မရလောက်အောင် မြင့်မားသည့် နတ်တောင်တန်းတစ်ခု(သို့) အောက်ခြေမရှိသည့် ချောက်နက်တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ သို့သော် ဓားနှလုံးသား သန့်စင်မှုအထက်တွင် ဒဏ္ဍာရီလာ နယ်ပယ်တစ်ခုဖြစ်သည့် ဓားချီ အသွင်ပြောင်းခြင်း ရှိနေခဲ့သည်။

အသက်နှစ်ဆယ်တွင် မပြည့်သေးသည့် လူငယ်လေးတစ်ဦးက ထိုအဆင့်သို့ ရောက်နေလိမ့်မည်ဟု မည်သူကထင်မှတ်ထားမည်နည်း

“ မဟုတ်ဘူး၊ လုချန်ရှန်း၊ ငါ့ကို မသတ်ပါနဲ့။ ငါက စိတ်ဝိညာဥ် အရှင်သခင်ဆီကနေ ထွက်လာပြီးတော့ မင်းကို အလုပ်အကျွေး ပြုပါ့မယ်၊ ငါ……. “

“ မင်းက ဘာအသုံးဝင်လို့လဲ “ လုချန်ရှန်းသည် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။

ခွမ် ခွမ်

ချက်ချင်းဆိုသလိုပင် အဆုံးမဲ့ ထိတွေ့တိုက်ခတ်မှုအသံများ ပေါ်ထွက်လာခဲ့သည်။ ဓားနဂါးဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံး ပြိုကွဲသွားခဲ့သည်။ ရှေးဟောင်းမီးအိမ်၏ တောက်ပမှု ပြိုကွဲသွားကာ၊ မီးငြိမ်းသွားခဲ့သည့် အချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ရားးးးးးး

မာကျွဲ့သည် အကြောက်တရားအပြည့်ဖြင့် အော်ဟစ်လာခဲ့ပြီး၊ သူမြင်တွေ့နေရသည့် အရာများကို မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

သို့ရာ၌ အဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားခဲ့သည်။

သက်လတ်ပိုင်းလူမှာလည်း မည်သို့မျှ မဆုတ်ခွာနိုင်ခဲ့ဘဲ၊ ဝါးမြိုခံနေရသည်ကို ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေခဲ့ရသည်။ ကောင်းကင်ပြင်မှ သွေးမိုးများ ရွာသွန်းလာခဲ့ပြီး၊ သစ်ကိုင်းနှင့် သစ်ရွက်များ နီရဲသွားကာ၊ တောင်တန်းတောအုပ်အတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။

လုချန်ရှန်းသည် သူ၏ဓားနှင့်အတူ မတ်တပ်ရပ်၍ ငေးကြည့်နေခဲ့ပြီး၊ ဓားအော်သံသည် ကောင်းကင်အနှံ့ ပဲ့တင်ထပ် ပျံ့လွင့်နေခဲ့သည်။ သူ၏အစိမ်းရောင် ဝတ်စုံသည် လုံးဝသန့်ရှင်းသပ်ရပ်နေလျက်ရှိပြီး၊ ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့် ဓားအင်မော်တယ်တစ်ပါးကဲ့သို့ အဆုံးသတ်ကို အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။

“ ဟူး၊ ငါသူတို့ကို အထင်ကြီးခဲ့မိတာပဲ။ ဓားနှလုံးသား သန့်စင်မှုကိုပဲ သုံးလိုက်သင့်တယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးသည် ပါးစပ်အဟောင်းသား ဖြစ်သွားကာ၊ အချိန်အတော်ကြာသည်အထိ ဆွံ့အသွားခဲ့သည်။ ယခုလေးတင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သူ၏များပြားလွန်းလှသော အတွေ့အကြုံများဖြင့်ပင် သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်သွားခဲ့ရသည်၊ ယခုလေးတင် ဖြစ်ပွားခဲ့သည့် အရာအားလုံးမှာ တုန်လှုပ်ဖွယ်ကောင်းလွန်းနေခဲ့သည်။

“ မင်းက အဲ့ဒီစီနီယာတွေနဲ့ ကျင့်ကြံသူတော်တော်များက သူတို့ဘဝတစ်လျှောက်လုံးမှာ အဖျားလေးတောင် မမြင်ခဲ့ရတဲ့ ဒဏ္ဍာရီလာ ဓားချီ အသွင်ပြောင်းခြင်းနယ်ပယ်အထိ တကယ်ကြီးကို ရောက်နေခဲ့တာပဲ။ မင်းအသက်က ဘယ်လောက်ရှိသေးလို့လဲ။ မင်းက လူရောဟုတ်ရဲ့လားဟ “

ရှောင်ဟေး၏ အသံသည် တုန်တုန်ရင်ရင် ဖြစ်နေခဲ့သည်။

သူသည် ထိုလူက နောက်ဆုံးတွင် မည်ကဲ့သို့သော အနေအထားမျိုးအထိ ရောက်ရှိသွားမလဲဆိုသည်ကို စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်တော့ပေ။

နတ်ဘုရား၊ သူတော်စင် …….. ၎င်းတို့သည် သူ့ကို ရည်ညွှန်းရန်အတွက် မလုံလောက်တော့သည့်ပုံပင်။ သူ့မျက်လုံးများ အရှေ့တွင် ရှိနေသည့်လူသည် ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

လုချန်ရှန်းသည် ကျိန်ဆိုမှုကြောင့် ရှောင်ဟေးက ၎င်းတို့အားလုံးကို မြင်တွေ့သွားခြင်းနှင့် ပတ်သက်၍ မည်သို့မျှ ဂရုစိုက်မနေခဲ့ပေ။

ထိုအချိန်တွင် လုချန်ရှန်းမှ စကားပြောလာခဲ့သည် “ ပထမဦးဆုံးအကြိမ်အဖြစ် အဆင့်ကျော်တိုက်တာ ဘာအတွေ့အကြုံမှ မရခဲ့ဘူး။ အနာဂတ်မှာ ပိုပြီးတော့ သိုသိုသိပ်သိပ် နေမှဖြစ်မယ် “

ရှောင်ဟေး စိတ်ဓာတ်ကျသွားခဲ့သည်။ ယခင်က သူသည် သူ့ကိုယ်သူ ပါရမီရှင်တစ်ဦးအဖြစ် ဂုဏ်ယူဝင့်ကြွားနေခဲ့ပြီး၊ သူ့ထံတွင် ကြီးမားသော အနာဂတ်တစ်ခု ရှိနေသည်ဟုသာ အမြဲလိုလို မှတ်ယူထားခဲ့သည်။ သို့သော် ဤလူနှင့် ဆုံတွေ့ခဲ့ရပြီးသည့် အချိန်ကတည်းက ငှက်ကလေး၏ စိတ်ခံစားချက်မှာ အဆင်မပြေဖြစ်သွားရပြီး၊ ယုံကြည်မှုမှာလည်း ထပ်ခါတလဲလဲ ရိုက်ချိုးခံနေခဲ့ရသည်။ စိတ်ကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည့် အချိန်တိုင်းတွင်လည်း၊ အံ့ဖွယ်ကောင်းသော လျှို့ဝှက်ချက်များနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရကာ၊ အဆိုပါ အခြေအနေမှာ လျင်မြန်စွာ ပျက်စီးသွားရလေ့ရှိသည်။

ယခုလက်ရှိ အချိန်တွင် သူသည် သူ၏တာအိုနှလုံးသားကပင် ပြိုကွဲလုနီးပါး ဖြစ်နေပြီဟု ခံစားနေခဲ့ရသည်။

ဤကမ္ဘာပေါ်တွင် မည်သည့်အတွက်ကြောင့် ဤမျှကြောက်မက်ကောင်းသော တည်ရှိမှုတစ်ခု ရှိနေရသနည်း။ မည်သည့်အတွက်ကြောင့် သူနှင့်တွေ့ဆုံနေရသနည်း။

သို့ရာတွင် လုချန်ရှန်းကမူ သူ၏အတွေးများကို လုံးဝလျစ်လျူရှုထားခဲ့သည်။ သူသည် သတိတကြီးထား၍ တိုက်ခိုက်ခဲ့သောကြောင့် ရုပ်ခန္ဓာများမှအပ မည်သည့်အရာမှ မပျက်စီးသွားခဲ့ပေ။ ယခုလက်ရှိအချိန်တွင် သူသည် အောင်မြင်မှု အသီးအပွင့်များကို လိုက်ကောက်နေခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် ရှောင်ဟေးမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ လုချန်ရှန်း၊ ငါနဲ့လိုက်ခဲ့။ ငါမင်းကို ဒီနေရာရဲ့ အဝေးကို ခေါ်သွားပေးမယ်။ အဲ့နေရာမှာ ကျင့်ကြံရေး အရင်းအမြစ်တွေ မရေမတွက်နိုင်လောက်အောင် ရှိတယ်။ မင်းက ဝိညာဥ်ကျောက်တုံးနဲ့ ပတ်သက်ပြီးတော့ ဘာကိုမှ တွေးပူနေစရာ မလိုတော့ဘူး “

“ အရင်းအမြစ်တွေ တကယ်ရှိတာလား “ လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

ရှောင်ဟေး ဆွံ့အသွားခဲ့သည်။ ဘယ်ကို သွားမှာလဲလို့ အရင်ဦးဆုံး မေးလာသင့်တာ မဟုတ်ဘူးလားဟ

သို့သော် ထိုလူသည် အရင်းအမြစ်များ တကယ် ရှိ၊ မရှိဆိုသည်ကို အရင်ဦးဆုံး အတည်ပြုလာခဲ့သည်။

သူသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ ဟုတ်တယ် “

“ ကောင်းတယ် “

“ မင်းသဘောတူတာလား “

“ အင်း၊ ဒါပင်မဲ့ ခဏတော့ စောင့်ရမယ် “

“ ဘာကိုစောင့်ရမှာလဲ “ ရှောင်ဟေးသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

လုချန်ရှန်းသည် တွေးတောစဥ်းစားနေရင်းဖြင့် ပြန်ပြောလိုက်သည် “ ငါက ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ပြီလို့ ခံစားရတဲ့ အချိန်ကိုပေါ့ “

“ ငါ ……. “

ရှောင်ဟေးသည် စကားတစ်ခွန်းတည်းဖြင့် ထပ်မံ၍ ဆွံ့အသွားခဲ့ရပြန်သည်။

သဘောတူတယ်ဆိုပြီးတော့ ဒီလိုစကားမျိုး ပြောတယ်ပေါ့

ပြိုင်ဘင်ကင်းတဲ့ အချိန်အထိ စောင့်ရမယ်ဆိုတော့ မင်းက ဘာလုပ်ဖို့ ကြံနေတာတုန်း။ လုယက်မလို့လား ဒါမှမဟုတ် ဂိုဏ်းတစ်ခုကို ဖျက်စီးမလို့လား

ဒီကောင့်စိတ်ထဲမှာက ဝိညာဥ်ကျောက်တုံးတွေနဲ့ပဲ ပြည့်နှက်နေတာ၊ ပြီးရင် လူသတ်မယ်၊ ပြဿနာရှာမယ်၊ လုယက်မယ် ….. အဲ့တာတွေ အကုန်လုံးက ဝိညာဥ်ကျောက်တုံးအတွက်ချည်းပဲ

ထိုအချိန်မှာပင် သူသည် လုချန်ရှန်းက တိုက်ပွဲမြေပြင်ကို ရှင်းလင်းခဲ့ပြီးကာ၊ မည်းမှောင်နေသော အမူအရာဖြင့် တံတွေးတထွေးထွေး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ ဗွီ၊ ဆင်းရဲလိုက်တဲ့ မျိုးမစစ်တွေကွာ။ နှစ်ယောက်ပေါင်းမှ ဝိညာဥ်ကျောက် တစ်သိန်းပဲရှိတယ်။ အဲ့တာက နတ်ကောင်းကင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လား။ ကန်ပင်းတောင်တန်းဒေသကို နှစ်အတော်ကြာ စောင့်ကြပ်ခဲ့ပြီးတော့၊ အလွဲသုံးစားလုပ်ခဲ့တာတောင်မှ ဒီလောက်လေးပဲ ရှိတယ်ပေါ့လေ။ အောက်စီဂျင်ကို တကယ်ဖြုန်းတီးနေတဲ့ကောင်တွေပဲ “

“ အမ် ……. “

ရှောင်ဟေးသည် ထိုစကားကြောင့် ပါးစပ်အဟောင်းသား ထပ်ဖြစ်ဖြစ်သွားခဲ့ရပြန်သည်။

ထိုအကောင်သည် လူသတ် လုယက်ခဲ့ပြီးသည့်နောက်မှာပင်၊ သားကောင်များကို ဆင်းရဲသည်ဟု ပြစ်တင်ပြောဆိုနေခဲ့လေသည်။

ရှောင်ဟေးသည် ပြန့်ကျဲနေသည့် သူ၏အတွေးများကို ပြန်လည်စုစည်းကာ၊ မေးမြန်းလိုက်သည်။

“ လုချန်ရှန်း၊ ငါ့ကို အမှန်တိုင်းပြောစမ်းပါ၊ အခုလက်ရှိ မင်းရဲ့ တကယ့်စွမ်းအားကဘာလဲ “

“ မွေးရာပါ ဝိညာဥ်အဆင့်၂လေ၊ မင်းမမြင်ဘူးလား “ လုချန်ရှန်းသည် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ ငါက အဲ့တာကို ပြောနေတာ မဟုတ်ဘူး “

“ မင်းရဲ့ ဓားတာအိုကို ပြောနေတာ “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အသွင်ပြောင်းခြင်းလေ “

ရှောင်ဟေးသည် အနည်းငယ် လက်မခံနိုင်ဖြစ်သွားခဲ့သော်လည်း၊ သေချာတွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင်၊ ၎င်းက ယုတ္တိရှိသည်ဟု ခံစားသွားခဲ့ရသည်။

အသက်ဆယ့်ရှစ်(သို့) ဆယ့်ကိုးနှစ်အရွယ် လူငယ်လေးတစ်ဦးက မွေးရာပါ ဝိညာဥ်နယ်ပယ် အဆင့်၂အထိ ကျင့်ကြံနိုင်ခြင်းကပင် အတော်လေး အံ့ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။

ဓားတာအိုလမ်းစဥ်မှာ မည်မျှခက်ခဲလိုက်သနည်း။ အဆင့်၉နယ်ပယ်ကပင် လူတော်တော်များများ လက်လှမ်းမမှီနိုင်သည့် အရာတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ တောင်ပိုင်းဒေသတစ်ခုလုံးတွင် ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ လူမည်မျှရောက်ရှိနိုင်သနည်း

၎င်းတို့ထပ် ပို၍အဆင့်မြင့်သည့် ဓားချီအသွင်ပြောင်းခြင်းကမူ နှစ်ထောင်ပေါင်းများစွာအတွင်းမှာပင် တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ရသော အရာတစ်ခုဖြစ်သည်။

ရှောင်ဟေးသည် ထိုလူ၏ စိတ်သဘောထားနှင့်ပတ်သက်၍ ဒေါသထွက်နေခဲ့သော်လည်း၊ ပါရမီနှင့် ပတ်သက်လာမည်ဆိုပါက၊ ထိုလူသည် ဧကရာဇ်၏ သားတော်များနှင့် ယှဥ်နိုင်သော တစ်သန်းတွင်တစ်ယောက်သာလျှင် ရှိနိုင်မည့် လူတစ်ဦးဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။

ထိုလူ့ကို ပို၍နားလည်လာလေလေ၊ သူက ပို၍ကြောက်မက်ဖွယ်ကောင်းသည်ဟု ထင်ရလေလေ ဖြစ်နေခဲ့သည်။

ဤကိစ္စမတိုင်ခင် အချိန်အထိ သူသည် ဤလူက ထိုမျှကြောက်မက်ဖွယ်ကောင်းသော ဓားတာအို ကျင့်ကြံရေးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

တစ်စုံတစ်ခုကို ထပ်မံ၍ မေးမြန်းလိုက်တော့မည့် အချိန်မှာပင်၊ လုချန်ရှန်းသည် စိတ်မရှည်စွာဖြင့် ပြောဆိုလာခဲ့သည် “ ရှောင်ဟေး၊ မင်းဆီမှာ ဘာကိစ္စမေးခွန်းတွေ အများကြီး ရှိနေရတာလဲ။ ဘာလို့ ငါ့ကို မင်းရဲ့ အစ်ကိုကြီးအဖြစ် အသိအမှတ် ပြုပြီးတော့၊ သင်တန်းကြေး သန်းဂဏန်းလောက် မပေးလိုက်ရတာလဲ၊ ငါမင်းကို အကုန်ပြောပြမှာပေါ့၊ ဓားတာအိုကိုတောင် သင်ပေးဦးမယ်ကွာ “

ရှောင်ဟေးသည် ထိုစကားကြောင့် ဒေါသထွက်သွားခဲ့သည်။

သို့သော် သူသည် သူ၏ စိတ်ကိုထိန်းကာ မေးမြန်းလိုက်သည် “ မင်းက ငါ့ကို ဓားတာအိုသင်ပေးဖို့ ဆန္ဒရှိတယ်ပေါ့ “

“ ငါ၊ လုချန်ရှန်းက ယုံကြည်စိတ်အချရဆုံး၊ အရိုးသားဆုံး လူငယ်သခင်လေးအဖြစ် ကျော်ကြားတယ်။ ငါ့ဆီမှာ ငါနဲ့မထိုက်တန်တဲ့ ဂုဏ်သတင်းတွေ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ “

“ တကယ်လား “

“ ငါက မင်းကို ဘာကိစ္စလိမ်နေရမှာလဲ။ ငွေပေးနေသရွေ့၊ မင်းရဲ့ဝိညာဥ်ကို မရောင်းသရွေ့၊ အရာအားလုံး အဆင်ပြေတယ် “

ရှောင်ဟေး အတွေးနက်သွားခဲ့သည်။

လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ ဒါပေါ့၊ တကယ်လို့ မင်းက ငါ့ရဲ့ ဝိညာဥ်ကို လိုချင်တယ်ဆိုရင်လည်း၊ အဲ့တာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပင်မဲ့ ဈေးကတော့ မတူဘူးပေါ့ “

ရှောင်ဟေးသည် အနည်းငယ် ရွံရှာစက်ဆုပ်သွားပုံရသော်လည်း၊ ထပ်မံ၍ မေးမြန်းလာခဲ့သေးသည် “ မင်းရဲ့ ဝိညာဥ်ကို ငါက ဘာကိစ္စလိုချင်ရမှာလဲ။ ဒါပင်မဲ့ ငါ့ကို ဓားတာအိုသင်ပေးဖို့အတွက် မင်းက ဝိညာဥ်ကျောက်တုံး ဘယ်လောက်လိုချင်တာလဲ “

“ အဲ့တာက မင်းက ဘယ်အဆင့်အထိ ရောက်ချင်လဲဆိုတဲ့အပေါ်မှာ မူတည်တယ် “

လုချန်ရှန်း၏ မျက်လုံးများအတွင်းတွင် ထူးဆန်းသော အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။ သူသည် တစ်ခြားလူများကို ကူပေးခြင်းဖြစ်သည့် အသိပညာများ မျှဝေခြင်းနှင့် သံသယများကို ဖယ်ရှားပေးခြင်းကဲ့သို့သော လုပ်ရပ်များကို အမှန်တကယ် လုပ်ဆောင်ရန် ဆန္ဒရှိပေသည်။

“ တကယ်လို့ ငါက မင်းရဲ့နယ်ပယ်အထိ ရောက်ချင်တယ်ဆိုရင်ကော “

“ အဲ့တာက …… “

“ မရဘူးလား “

“ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူးလေ၊ ပါရမီပါဖို့ အဓိကလိုအပ်တယ်။ အဲ့တာက ပေါ့ပေါ့ပါးပါး ကျင့်ကြံလို့ရတဲ့ဟာ မဟုတ်ဘူးလေ။ တကယ်လို့ ဓားနှလုံးသား သန့်စင်မှုပဲ ဆိုရင်တော့၊ အများကြီး မခက်ခဲသင့်ဘူး “

“ အိုကေလေ၊ ငါစဥ်းစားကြည့်မယ် “

“ ကောင်းပြီလေ “ လုချန်ရှန်းမှာလည်း အလျင်လိုမနေခဲ့ပေ၊ စီးပွားရေးဆိုသည်မှာ တည်ငြိမ်သော စီးဆင်းမှုတစ်ခု ဖြစ်သည်။

ထို့နောက်တွင် သူသည် ဤနေရာမှ ထွက်ခွာကာ၊ ကောင်းကင်ပြင်ကို ကျော်ဖြတ်၍ အဝေးသို့ ပျံသန်းသွားတော့သည်။

“ မင်းဘယ်သွားနေတာလဲ “

“ လော့ယွမ်တောင်တန်းကို “

“ အန္တရာယ်ကို ကြောက်လို့ မသွားဘူးလို့ မင်းပြောခဲ့တယ် မဟုတ်ဘူးလား “

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ ပြန်ပြောလိုက်သည် “ မင်းက ငါ့ကို ဘယ်လိုလူမျိုးအဖြစ် သတ်မှတ်ထားတာလဲ။ ငါက ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားပြီးတော့၊ အခက်အခဲကို ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်လွှားမဲ့ သေခြင်းတရားကို မကြောက်တဲ့ သွေးဆူလွယ်တဲ့ လူငယ်တစ်ယောက်ကွ “

“ မင်းက တကယ်ကြီးကို အရှက်မရှိတာပဲ “

ရှောင်ဟေး ဆွံ့အသွားခဲ့သည်၊ သူသည် ဤလူရောက်သွားသည့် နေရာတိုင်းက မည်သို့မျှ မငြိမ်းချမ်းဘူးဆိုသည်ကို နားလည်နေခဲ့ပြီ ဖြစ်သည်။ နောက်ထပ် လူတစ်စုက ထပ်မံ၍ ခံစားရတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

All Chapters