အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
အပိုင်း ( 88 )
မင်းက ငွေနည်းနည်းလောက် တန်သင့်တယ်လေ၊ ဟုတ်တယ်ဟုတ်
လုချန်ရှန်း၏ စကားလုံးများသည် စုန့်ချင်၏ အမူအရာကို ချက်ချင်းပြောင်းလဲသွားစေခဲ့သည်။
သူ၏ လက်ကို မြှောက်လိုက်ရာ၊ လှံရှည်တစ်လက်ပေါ်လာခဲ့ပြီး၊ အရှေ့သို့ ချိန်ထိုးလာခဲ့သည်။
“ မင်းက ဘယ်သူလဲ။ ဒီလိုစကားမျိုးတွေ ပြောပြီးတော့ ငါ့ကို ဘယ်လိုလုပ်စော်ကားနေရဲရတာလဲ “ စုန့်ချင်သည် ဒေါသတကြီး ဖြစ်သွားခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ငါ့ကို ချင်းယီဓားသခင်လို့ ခေါ်လို့ရတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် စုန့်ချင်၏ အမူအရာ ပြောင်းလဲသွားသည်။ ဦးနှောက်ကို အလုပ်ပေးခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏ မှတ်ဉာဏ်အတွင်းတွင် ထိုကဲ့သို့သော လူမျိုး မရှိဘူးဆိုသည်ကို နားလည်သွားခဲ့သည်။
ထို့နောက်တွင် သူသည် စကားပြန်ပြောလိုက်သည် “ ဘာချင်းယီဓားသခင်လဲ။ ကလေးကွက်တွေ “
“ မလောပါနဲ့၊ ပန်ကလေးကို ငါသင်ခန်းစာပေးခဲ့ပြီးတဲ့အချိန်ကျရင်၊ အဲ့နာမည်က ကမ္ဘာအနှံ့ ပျံ့နှံ့သွားပြီးတော့၊ လူတိုင်းက အဲ့နာမည်ကို သိသွားကြလိမ့်မယ် “ လုချန်ရှန်း၏ အမူအရာနှင့် လေသံသည် အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့သည်။
သို့ရာတွင် တစ်ခြားလူများအတွက်မူ ၎င်းက အလွန်တရာ မောက်မာသော စကားလုံးများ ဖြစ်နေခဲ့သည်။
“ ဟူး “
ရှောင်ဟေးသည် ထိုစကားကို ကြားသွားကာ အသာအယာ သက်ပြင်းချနေတော့သည်။
လုချန်ရှန်းသည် လုံခြုံဘေးကင်းသော နေရာတွင်သာ အမြဲလိုလို ပုန်းကွယ်လေ့ရှိပြီး၊ ဤကဲ့သို့သော အချိန်မျိုးမှသာလျှင် မောက်မောက်မာမာနေလေ့ရှိသည်။
သို့ရာ၌ အဆင့်တူတွင် ပြိုင်ဘက်ကင်းခြင်းမှာ သူ၏စွမ်းရည်ဖြစ်ပြီး၊ သူနှင့် ပတ်သက်၍ ပြောစရာမရှိသော်လည်း၊ သူသည် ထိုလူ ကိုယ်ရည်သွေးလွန်းသည်ဟု အမြဲလိုလို ခံစားနေခဲ့ရသည်။
သို့သော် စုန့်ချင်သည် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ပြီဖြစ်ကာ၊ စကားထပ်ပြောလာခဲ့သည် “ အဲ့လိုဆိုမှ၊ ငါမင်းကို သင်ခန်းစာတစ်ခု အရင်ပေးပေးမယ် “
လှံရှည်တုန်ခါလာခဲ့ပြီး၊ အလင်းတန်းများနှင့်အတူ အစွမ်းထက်အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့သည်။ ၎င်းနှင့်အတူ အလင်းတန်းများပါ အဖော်ပြုလိုက်ပါလာခဲ့ကာ၊ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေခဲ့သည်။
“ သတ် “
စုန့်ချင်သည် အော်ဟစ်ကြုံးဝါးကာ သူ၏အရှိန်အဝါကို ထုတ်လွှတ်လာခဲ့သည်။
“ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၂ “
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး၊ လူအများအပြားက စောင့်ကြည့်နေသည်ကို မြင်တွေ့သွားခဲ့သည်။ ထို့နောက်တွင် သူသည် တောင်ထိပ်ပေါ်သို့ ခုန်တက်ကာ တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
“ သူထွက်ပြေးသွားတာလား “
“ ခုနကလေးတင်ပဲ သူတော်တော်မောက်မာနေခဲ့တာ မဟုတ်ဘူးလား ”
လူအုပ်ကြီးတစ်ခုလုံး မှင်သက်သွားခဲ့သည်။ သူတို့သည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ကိစ္စကို လာရောက်ကြည့်ရှုခြင်းဖြစ်သော်လည်း၊ တစ်ဖက်လူမှာ အဝေးသို့ ထွက်ပြေးသွားခဲ့သည်၊ ၎င်းက လွန်စွာစိတ်ပျက်ဖွယ်ကောင်းနေခဲ့သည်။
“ ပြေးလို့လွတ်မယ်လို့ ထင်နေတာလား “
စုန့်ချင်သည် ချက်ချင်းအော်ဟစ်လာခဲ့ပြီး၊ သူ၏လှံရှည်ကို မြှောက်ကာ၊ ချက်ချင်းပြေးလိုက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လုချန်ရှန်း၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်သည်။
“ မင်းဘယ်ကို သွားနိုင်မှာလဲ “
စုန့်ချင်၏ အမူအရာ တင်းမာသွားခဲ့သည်။
လုချန်ရှန်းကမူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီးမှာ စုန့်ချင်ကို ပြန်လှည့်ကြည့်လာခဲ့သည်။
“ ငါက မင်းမျက်နှာပျက်သွားရမှာကို စိုးရိမ်လို့၊ နည်းနည်းလောက် မျက်နှာသာပေးလိုက်တာ “
“ မောက်မာချက် “
ထို့နောက်တွင် စုန့်ချင်သည် သူ၏ လှံရှည်ဖြင့် လုချန်ရှန်းကို တိုက်ရိုက်ထိုးစိုက်လိုက်သည်။
သူ၏ မျက်လုံးများသည် လှံအလင်းတန်းကဲ့သို့ စူးရှတောက်ပနေခဲ့ကာ၊ သူ၏မှော်စွမ်းအားများသည် သူ့အနားတွင် ဆက်တိုက်မြင့်တက်လာခဲ့သည်။ သူသည် မည်သို့မျှ ထိန်ချန်မထားဘဲ၊ သူ၏စွမ်းအားကို အကုန်အစင် ထုတ်သုံးလာခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။
ထို့နောက်တွင် သူသည် အနားသို့ ချဥ်းကပ်သွားပြီး၊ လက်ကိုမြှောက်၍ ရိုက်ချလိုက်ရာ၊ လက်ဝါးချက်သည် လှံရှည်အပေါ်သို့ တိုက်ရိုက်ကျဆင်းသွားခဲ့သည်။ လှံတစ်ခုလုံး တုန်ခါသွားကာ၊ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုသည် ၎င်းထံမှ ပေါက်ထွက်လာခဲ့သည်။
စုန့်ချင်၏ လက်ခွင်အပေါ်ပိုင်း ကွဲထွက်သွားကာ၊ သွေးများ စီးထွက်လာခဲ့ပြီး၊ လှံရှည်သည် သူ၏လက်အတွင်းမှ လွတ်ထွက်သွားကာ၊ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“ ဘာကြီး၊ မင်းးး …. “
သူစကားမပြောနိုင်ခင် အချိန်မှာပင် လုချန်ရှန်းသည် သူ၏ အနားသို့ ထပ်မံ၍ ရောက်ရှိလာခဲ့သည်၊ လက်ဝါးတစ်ခု ထပ်မံ၍ ကျဆင်းလာခဲ့ပြီး၊ စုန့်ချင်၏ မျက်နှာကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် စုန့်ချင်၏ မျက်နှာသည် ကျောက်တုံးတစ်တုံးနှင့် အထုခံလိုက်ရသည့်အလား ဖြစ်သွားခဲ့ပြီး၊ သူသည် မြေပြင်ပေါ်သို့ လဲပြိုသွားကာ၊ အဆိုပါ ရိုက်ချက်တစ်ချက်တည်းဖြင့် သေလုမတတ် ဖြစ်သွားခဲ့သည်။
စုန့်ချင်သည် လုချန်ရှန်းကို ကြည့်ရှုရန် တစ်ခဏခန့် ရုန်းကန်နေခဲ့ရသည်၊ သူ၏မျက်လုံးများအတွင်းတွင် ကြောက်ရွံ့မှု အငွေ့အသက်များ စွန်းထင်းနေခဲ့သည်။ အကယ်၍ တစ်ဖက်လူကသာ ဆန္ဒရှိနေမည်ဆိုပါက၊ သူသည် မည်သို့မျှ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
အဆိုပါ ခံစားချက်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကာ၊ စိတ်ပျက်အားလျော့ဖွယ် ကောင်းလွန်းနေခဲ့သည်။
သူသည် ထိုလူက မည်သည့်အတွက်ကြောင့် မောက်မောက်မာမာ ပြောခဲ့ရဲဆိုသည်ကို နားလည်သွားခဲ့သည်၊ ထိုလူ့ထံတွင် ဤကဲ့သို့သော စွမ်းအားမျိုး ရှိနေခဲ့လေသည်။
“ မင်း၊ မင်းး ……. “
“ မကြောက်ပါနဲ့၊ ငါက အလွယ်တကူ လူမသတ်တတ်ပါဘူး။ တကယ်လို့ ငါ့မေးခွန်းတွေကို ရိုးရိုးသားသား ဖြေမယ်ဆိုရင်၊ အသက်ရှင်နိုင်ခြေ အများကြီးရှိတယ်။ တကယ်လို့ မင်းမဖြေချင်ဘူးဆိုရင်လည်း၊ မင်းရဲ့ ဝိညာဥ်ကို တိုက်ရိုက်ရှာပေးမယ်။ အဲ့တာက မင်းလေကုန်ခံရမဲ့ကိစ္စကို သက်သာသွားစေမှာပေါ့ “
လုချန်ရှန်း၏ လေသံမှာ အလွန်တရာ ညင်သာနေခဲ့သည်၊ သို့သော် ၎င်းသည် စုန့်ချင်ကို ကျောချမ်းသွားစေခဲ့သည်။
ဝိညာဥ် ရှာဖွေခြင်းဆိုသည်မှာ သေးငယ်သော ကိစ္စတစ်ခု မဟုတ်ပေ။ သေးငယ်သော အမှားအယွင်းတစ်ခုလေးကပင် ခန့်မှန်း၍ မရသော ရှင်သန်ခြင်း(သို့)သေဆုံးခြင်းတို့ကို ဖြစ်ပေါ်သွားစေနိုင်သည်။ ထိုကာလအတွင်းတွင် လူတစ်ဦးသည် ကြီးမားသော နာကျင်မှုကို ခံစားရမည် ဖြစ်သည်။
အဆိုပါ နာကျင်မှုက သေရသည်ထပ်ပင် ပိုမိုဆိုးရွားသည်ဟု ပြောဆိုမည်ဆိုလျှင်တောင်မှ၊ ၎င်းက ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။
သူ့ထံတွင်လည်း အကြောက်တရား ရှိပေသည်၊ ဒီလောက် ခြောက်ခြားဖို့ကောင်းတဲ့ စကားတွေကို မျက်တောင်မခတ်ဘဲ၊ လူသတ်တတ်တဲ့ နတ်ဆိုးခေါင်းဆောင်းကြီးလိုမျိုး ဘယ်လိုလုပ် အေးအေးဆေးဆေး ပြောရဲနေရတာလဲဟ။
“ ပန်ငှက်ကလေး ဘယ်မှာလဲဆိုတာ ငါ့ကိုပြော “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်သည်။
စုန့်ချင်သည် သတိပြန်ဝင်လာခဲ့ပြီး၊ ကြောက်ကြောက်လန့်လန့်ဖြင့် အလောတကြီး ပြန်ပြောလာခဲ့သည် “ သူက တတိယတောင်တန်းရဲ့ တောင်ပိုင်းမှာ ရှိပါတယ် “
“ သူက အဲ့မှာ ဘာလုပ်နေတာလဲ “
“ သူက နတ်ဘုရား အရင်းအမြစ် အပိုင်းအစကို ရှာတွေ့ခဲ့ပြီးတော့၊ အဲ့တာကို ရဖို့ ကြိုးစားနေတာပါ “
“ သူ့ကို အချိန်အတော်ကြာ မတွေ့ခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “ လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် စုန့်ချင်ကို ထပ်ကြည့်ကာ၊ မေးမြန်းလိုက်သည် “ မင်းက ကောင်းကင်တံခါးရဲ့ ကိုယ်ပိုင်တပည့်တစ်ယောက်လို့ ပြောခဲ့တယ်မလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် စုန့်ချင်သည် မျှော်လင့်ချက်တစ်ချို့ကို မြင်တွေ့လိုက်ရသည့်အလား လျင်မြန်စွာ ပြန်ပြောလာခဲ့သည် “ ဟုတ်တယ်၊ ငါ့ရဲ့ဂိုဏ်းက …… “
“ ဆိုတော့ မင်းက ငွေတစ်ချို့လောက် တန်သင့်တယ်လေ၊ ဟုတ်တယ်မလား “
“ ဘာကိုဆိုလိုတာလဲ “
စုန့်ချင်သည် မှင်သက်ကာ၊ နားမလည်နိုင်ဖြစ်သွားခဲ့သည်။ သူ၏စိတ်ထဲတွင်လည်း ဆိုးရွားသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။
လုချန်ရှန်းသည် သူ့လက်ကို မြှောက်ကာ ထိုလူ၏ မှော်စွမ်းအားကို ချိတ်ပိတ်လိုက်သည် “ နာရီဝက်အတွင်းမှာ မင်းရဲ့ အကြီးအကဲတွေဆီကို စာပို့ဖို့အတွက် လူတစ်ယောက် ရှာရမယ်။ ဘာရေးရမလဲဆိုတော့ တတိယ တောင်တန်းမှာ မင်းကို လာရွေးဖို့အတွက် ဝိညာဥ်ကျောက်တုံး နှစ်သိန်းလာပို့ဖို့ ပြောလိုက်။ တကယ်လို့ သူတို့ ရောက်မလာခဲ့ဘူးဆိုရင်တော့၊ ငါက လက်မှတ်ကို ဆုတ်ဖြဲပေးမယ် “
( မင်းကို သတ်မယ် ဘာညာကို ဝက်ဝုတ္တိအလ်ကာသုံးရေးတဲ့ သဘောပါ )
ထိုစကားကို ကြားလိုက်ရသောအခါတွင် စုန့်ချင်သည် သူပြန်ပေးဆွဲခံလိုက်ရပြီဆိုသည်ကို နားလည်သွားခဲ့သည်။
၎င်းက အနည်းငယ် ရုတ်တရက်ဆန်သော်လည်း၊ သူသည် ၎င်းကို လက်ခံလိုက်ရုံသာလျှင် တတ်နိုင်တော့သည်။ ကြောက်ရွံ့ထိတ်လန့်နေခဲ့ပြီးသား ဖြစ်သောကြောင့် စကားကြမ်းကြမ်း ပြန်ပြောရန်အတွက်မူ သူသည် သူ့အား လာရောက်ကယ်ဆယ်မည့် အချိန်အထိ စောင့်နေရမည် ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်လိုက်ရသောအခါတွင်၊ အော်ဟစ်ငေါက်ငမ်းကာ၊ ဆန့်ကျင်သည့် လုပ်ရပ်များကို ပြုလုပ်မည် ဖြစ်သည်။
သူတို့သည် မောက်မာ၊ မိုက်မဲလေ့ရှိပြီး၊ သူတို့၏ဂိုဏ်းများထံသို့ သတင်းပို့လိုက်ခြင်းက တစ်ဖက်လူကို ဟန့်တားသွားကာ၊ သူတို့ကို အသက်ရှင်ခွင့်ပေးလိမ့်မည်ဟုသာ အမြဲလိုလို ထင်နေခဲ့သည်။
သို့သော် အဆိုပါ ပြဿနာမှာ လုချန်ရှန်းအတွက် မည်သို့မျှ အရေးပါမနေခဲ့ပေ။
လုချန်ရှန်းသည် အလျင်လိုမနေခဲ့ပေ။ နာရီဝက်အကြာတွင် သူသည် စုန့်ချင်ကို တောင်ထိပ်ပေါ်သို့ ပြန်သယ်သွားကာ၊ သူ့အား သူ၏လူများထံသို့ သတင်းပို့ခိုင်းလိုက်သည်။
အစပိုင်းတွင် အဆိုပါ တပည့်များသည် ဒေါသတကြီးဖြစ်သွားကြပြီး၊ သူတို့၏ စီနီယာအစ်ကိုကို ကယ်ဆယ်ရန်အတွက် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု ဆင်နွှဲရန် ကြံရွယ်လိုက်ကြသည်၊ သို့သော် သူတို့သည် စုန့်ချင်၏ စိတ်ပျက်လက်ပျက်ဖြစ်ကာ၊ ကြောက်လန့်နေသော အကြည့်ကို မြင်သွားကာ၊ ပြန်လည်ဆုတ်ခွာသွားကြသည်။
“ မင်းက တော်တော်လေးကို ဆင်ခြင်တုံတရားရှိတာပဲ။ တကယ်တော့ သူ့ကို အများကြီး သတိပေးနေဖို့ မလိုပါဘူးကွာ။ သူ့ကို ငါဖမ်းမိတယ်ဆိုရင်တောင်မှ၊ သတင်းပြန်ပို့ခိုင်းဖို့အတွက် လူတစ်ယောက် ရှာဦးမှာပဲ။ ကောင်းကင်တံခါးဂိုဏ်းက ဝိညာဥ်ကျောက်တုံး နည်းနည်းလောက် ပိုပြင်ဆင်ထားဖို့ပဲ လိုအပ်တယ်၊ အဲ့တာက ပြဿနာကြီး မဟုတ်ပါဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် စုန့်ချင်သည် ကျောချမ်းသွားကာ၊ နောင်တတကြီး ဖြစ်သွားခဲ့သည်။
သူသည် ပန်ဘုရင်လေးကို မျက်နှာသာပေးရန်အတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်၊ သို့သော် သူသည် ကြောက်ဖွယ်ကောင်းသော တည်ရှိမှုနှင့် ရင်ဆိုင်လိုက်ရသည်။
သူ၏ မှန်းဆတွက်ချက်မှုများအရ၊ ပန်ဘုရင်လေးမှာလည်း အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ။ သူသည်လည်း သင်ခန်းစာတစ်ခုအတွက် ငွေပေးလိုက်ရနိုင်ပေသည်။
တစ်ခြားလူများမှာလည်း တအံ့တဩ ဖြစ်သွားကြသည်။ စုန့်ချင်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး၊ မရေမတွက်နိုင်အောင် များပြားလှသော ရွယ်တူပါရမီရှင်များကို ဖိနှိပ်ထားနိုင်ခဲ့သော်လည်း၊ ယခုတွင် ရှုံးနိမ့်သွားခဲ့သည်။
လုချန်ရှန်းသည် စုန့်ချင်က မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားသည်ဟု လူများက မထင်သွားစေရန်အတွက် တမင်သပ်သပ် နာရီဝက် အချိန်ဖြုန်းနေခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့သော် သတင်းမျိုးက ရင်ဖုန်းထံသို့ ရောက်ရှိသွားသောအခါတွင် တစ်ဖက်လူသည် စိုးရိမ်တကြီး ဖြစ်သွားကာ၊ ဤနေရာသို့ မလာဝံ့ဘဲ ဖြစ်သွားလိမ့်မည်ဖြစ်သည်၊ ထိုကဲ့သို့သာ ဖြစ်လာခဲ့မယ်ဆိုပါက သူ၏ကြိုးစားအားထုတ်မှုများ အလဟာသ ဖြစ်သွားရပေလိမ့်မည်။
“ မင်းက အဲ့ဒီ ဝိညာဥ်ကျောက်တုံး နည်းနည်းလေးအတွက် တကယ်ကြီးကို ကြိုးစားအားထုတ်နေတာပဲ “ ရှောင်ဟေးသည် ၎င်းတို့အားလုံးကို မြင်တွေ့နေခဲ့ရပြီး၊ လုချန်ရှန်း၏ ရည်ရွယ်ချက်များကို နားလည်နေခဲ့သည်။
လုချန်ရှန်းသည် ဤနေရာတွင် ဆက်မနေတော့ဘဲ၊ စုန့်ချင်ကို ခရမ်းရွှေရောင် ဘူးသီးခြောက်အတွင်းသို့ ပစ်ထည့်လိုက်ကာ၊ တတိယ တောင်တန်းဆီသို့ ဦးတည်သွားတော့သည်။
တစ်ချိန်တည်းမှာပင် စာပို့သမားသည် စုန့်ချင်က သတ်ဖြတ်ခံလိုက်ရမည်ကို တွေးပူနေရင်းဖြင့် အပြင်ပိုင်းသို့ အလောတကြီး ပြေးလွှားနေခဲ့သည်။
ထိုလူများသည် အဝေးမှ စောင့်ကြည့်နေကြစဲဖြစ်သည်၊ မမျှော်လင့်ထားသော ဖြစ်ရပ်များ မပေါ်လာခဲ့ဘူးဆိုပါက၊ သူတို့သည် အတွင်းပိုင်းသို့ အလွယ်တကူ ဝင်လာကြမည် မဟုတ်ပေ။
သူတို့သည် နတ်ဘုရား၏ မူလအရင်းအမြစ်ကို ရရှိရန်မှာ အလွန်တရာ ခက်ခဲသည်ဆိုသည်ကို ကောင်းစွာသတိပြုမိနေခဲ့သည်။ ဒီတစ်ကြိမ် အဓိက ရည်ရွယ်ချက်သည် လူငယ်မျိုးဆက်များ၏ စိတ်ဓာတ်ရေးရာကို ပြုပြင်ပေးရန်နှင့် သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ရင့်ကျက်လာစေရန်အတွက် ဖြစ်သည်။
လူအုပ်ကြီးက စကားပြောဆိုရင်းဖြင့် ဆွေးနွေးပြောဆိုနေစဥ် အချိန်မှာပင်၊ စာပို့သူဖြစ်သည့် တပည့်မှာ အပြင်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။
သူ့ကို မြင်လိုက်ရသောအခါတွင် ကောင်းကင်တံခါးဂိုဏ်းမှ အကြီးအကဲ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူသည် ထိုတပည့်က စကားပြောလာမည်ကို စောင့်ဆိုင်းမနေဘဲ၊ အရင်ဦးဆုံး မေးမြန်းလိုက်သည် “ ဘာဖြစ်တာလဲ။ မင်းက ဘာလို့ ဒီလောက်တောင် ရေးကြီးသုတ်ပျာ ဖြစ်နေရတာလဲ “
တပည့်သည် စိုးရိမ်စိတ်တို့ဖြင့် ပြန်ပြောလိုက်သည် “ စီနီယာအစ်ကို စုန့်ချင်က ကြိုးတုပ်ခံထားရပါတယ် “
တစ်ခြားလူများသည် ထိုစကားကို ကြားသွားကာ၊ သိလိုစိတ်များဖြင့် လှည့်ကြည့်လာကြသည်။
အကြီးအကဲမှ ထပ်မံ၍ မေးမြန်းလိုက်သည် “ ကြိုးတုပ်ခံထားရတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ “
“ ပြန်ပေးဆွဲခံလိုက်ရတာပါ “
“ ပြန်ပေးဆွဲ …….. “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း မှင်သက်သွားကြသည်၊ အကြီးအကဲမှာလည်း ထိုနေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။
သူငေးငိုင်နေသည်ကို မြင်လိုက်ရသောအခါတွင် တပည့်သည် အသေးစိတ်ရှင်းပြမနေဘဲ၊ စကားထပ်ပြောလိုက်သည် “ တစ်စုံတစ်ယောက်က စီနီယာအစ်ကိုစုန့်ချင်ကို ဖမ်းထားပြီးတော့၊ သူ့ကို ပြန်လွှတ်ပေးရတဲ့အတွက် ငွေတောင်းနေတာပါ “
………………………………………………………………………………………………………………………………………
အပိုင်း ( 89 )
ဈေးဆစ်လိုက်
အကြီးအကဲဖြစ်သူသည် တပည့်၏ ပြောစကားကို ကြားကာ သတိပြန်ဝင်လာခဲ့သည်။ ငါက ပြန်ပေးဆွဲတာက ဘာလဲဆိုတာကို မသိလို့လား။ ဂျူနီယာတစ်ယောက်က ငါ့အတွက် ရှင်းပြပေးဖို့ လိုအပ်လို့လားဟ
သူသည် တစ်စုံတစ်ဦးက ကောင်းကင်တံခါးဂိုဏ်း၏ တပည့်တစ်ဦးကို ပြန်ပေးဆွဲရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့သည် ဒေသတစ်ခုကို အုပ်စိုးနေသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်၊ မည်သူက ထိုမျှလောက် အတင့်ရဲနေရသနည်း။
ထို့နောက်တွင် အကြီးအကဲသည် တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့် ပြန်ပြောလိုက်သည် “ ငါ့ကောင်းကင်တံခါးဂိုဏ်းရဲ့ ကိုယ်ပိုင်တပည့်ကို ပြန်ပေးဆွဲရဲရလောက်တဲ့အထိ ဘယ်ကောင်က အတင့်ရဲနေရတာလဲ “
ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသည့် လူများသည် သိလိုစိတ်တို့ဖြင့် စိတ်လှုပ်ရှားသွားကြသည်၊ ထိုကဲ့သို့သော ကိစ္စမျိုးမှာ အတော်ပင် ရှားပါးလွန်းနေခဲ့သည်။
တပည့်မှ ပြန်ပြောလာခဲ့သည် “ အဲ့လူက အစောပိုင်း အချိန်တုန်းက စကားကို ရိုင်းရိုင်းစိုင်းစိုင်း ပြောနေခဲ့ပြီးတော့၊ ပန်ဘုရင်လေးကို သင်ခန်းစာပေးမယ်လို့ ပြောနေခဲ့ပါတယ် “
“ သူပဲ “ ထိုစကားကို ကြားလိုက်ရသောအခါတွင် ပန်ကျူး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
အဲ့လူငယ်လေးက မရိုးရှင်းတဲ့ပုံပဲ။ လှုပ်ခတ်မှု ပိုကြီးလေလေ၊ ပန်ဘုရင်လေးက သူ့ကို အနိုင်ယူလိုက်တဲ့ အချိန်မှာ ရလာမဲ့ အကျိုးအမြတ်က ပိုများလေလေပဲ။
ပန်ကျူး၏ မျက်လုံးများ အတွင်းတွင် ပျော်ရွှင်မှုများ ဖြစ်တည်လာခဲ့သည်။
တပည့်မှ စကားဆက်ပြောလာခဲ့သည် “ လူရွေးဖို့အတွက် ဝိညာဥ်ကျောက်တုံး နှစ်သိန်းပြင်ဆင်ထားပါတဲ့၊ မပေးဘူးဆိုရင် လက်မှတ်ကို ဆုတ်ဖြဲပစ်လိမ့်မယ်လို့ ပြောခဲ့ပါသေးတယ် “
လူအုပ်ကြီးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်၊ ပြန်ပေးဆွဲခြင်းမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့သည်။
“ ခွေးသူတောင်းစား၊ သူက ငါ့ကို ဘယ်လိုတောင် ခြိမ်းခြောက်နေရဲရတာလဲ “
အကြီးအကဲ၏ အမူအရာ ပြာနှမ်းသွားခဲ့သည်၊ သို့သော် သူသည် စိုးရိမ်ပူပန်စိတ်ကိုပါ ခံစားလိုက်ရသည်။ သူသည် အကယ်၍ သူက လူကယ်ရန်အတွက် အလျင်စလို ပြေးဝင်သွားမည်ဆိုပါက၊ လုချန်ရှန်းက လက်မှတ်ကို တိုက်ရိုက်ဆုတ်ဖြဲလိုက်မည်ကို ကြောက်ရွံ့သွားခဲ့သည်၊ သို့သော် ဤအတိုင်း ပစ်ထားလိုက်ခြင်းမှာလည်း ရွေးချယ်စရာတစ်ခု ဟုတ်မနေခဲ့ပေ။
ထို့အပြင် သူ့ထံတွင် ထိုမျှများပြားသော ဝိညာဥ်ကျောက်တုံးများ ရှိမနေခဲ့ပေ။
“ အကြီးအကဲ၊ ကျွန်တော်တို့ဘာလုပ်သင့်လဲဗျ “ တပည့်သည် စိုးရိမ်တကြီးဖြင့် မေးမြန်းလာခဲ့သည်။
အကြီးအကဲသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလာခဲ့သည် “ ဘာလုပ်ရမလဲဆိုတာကို ငါက ဘယ်လိုလုပ်သိမှာလဲ။ ငါက ဝိညာဥ်ကျောက်တုံး နှစ်သိန်းကို ဘယ်နေရာမှာ သွားရှာရမှာလဲ “
လူအုပ်ကြီးတစ်ခုလုံး ဆွံ့အသွားခဲ့သည်။
ထိုစကားမှာ မှန်သော စကားသာဖြစ်နေခဲ့သည်။ လေ့ကျင့်ရေးထွက်လာသည့် အချိန်တွင် မည်သူက ထိုမျှများပြားသော ဝိညာဥ်ကျောက်တုံးများကို သယ်ဆောင်လာလိမ့်မည်နည်း။
ထို့အပြင် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦးအတွက်ပင် ဝိညာဥ်ကျောက်တုံးနှစ်သိန်းဆိုသည့် ပမာဏက သေးငယ်မနေခဲ့ပေ။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် အခြေအနေကို အသေးစိတ်သိရရန်အတွက် တပည့်ဖြစ်သူထံသို့ အသံပို့လွှတ်လိုက်သည်။
တပည့်ဖြစ်သူ၏ ရှင်းပြချက်ကို နားထောင်လိုက်ခဲ့ရပြီးသည့်နောက်တွင်၊ အကြီးအကဲ၏ အမူအရာမှာ ဖြူလိုက်ပြာလိုက် ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် သူသည် သက်မကြီးချကာ ပြန်ပြောလိုက်သည် “ တစ်ခြားနည်းလမ်း မရှိတော့ဘူး “
အနီးအနားရှိ လူများ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ အဲ့တာက ဘာကိုဆိုလိုတာလဲ။ သူက ပြန်ပေးဆွဲတဲ့လူကို သွားတိုက်တော့မှာလား
ချက်ချင်းဆိုသလိုပင် သူသည် တောင်တန်းဒေသဆီသို့ ရွေ့လျားသွားခဲ့သည်။
တပည့်ဖြစ်သူသည် သူ့အနောက်သို့ လိုက်သွားကာ၊ စိတ်လှုပ်ရှားမှုတို့ဖြင့် စကားပြောလာခဲ့သည် “ အကြီးအကဲက အဲ့လူကို ဖိနှိပ်ပြီးတော့ စီနီယာအစ်ကိုကို ကယ်တော့မယ်ပေါ့ “
“ ဖိနှိပ်တာလား “
“ ဟုတ် “
“ ငါက ဘယ်လိုဖိနှိပ်ရမလဲဆိုတာကို ပြောစမ်းပါဦး “
“ သူ့ကို အနိုင်ယူပြီးတော့ပေါ့၊ ပြီးတော့ ……… “
“ တိုက်ခိုက်တာလား “ အကြီးအကဲသည် အံကြိတ်ကာ ပြန်ပြောလိုက်သည် “ အပြင်ဘက်မှာ ဆရာ့ဆရာကြီးတွေပဲ ရှိနေပြီးတော့ အထဲကို ဝင်သွားတဲ့ လူအရေအတွက်က ဘာလို့ နည်းနေရလဲဆိုတာကို မင်းသိလား “
တပည့်သည် ခေါင်းခါပြလာခဲ့ကာ၊ ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည် “ ဘာလို့လဲဗျ “
“ ဘာလို့လဲဆိုတော့ သူတို့က အဆင့်တူမှာ အဲ့ဒီလူငယ်ပါရမီရှင်တွေကို အနိုင်မယူနိုင်လို့ပဲ “
အကြီးအကဲသည် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ သူတို့သည် မြင့်မားသော နယ်ပယ်နှင့် နက်နဲသော ကျင့်ကြံရေးတို့ကို ပိုင်ဆိုင်ထားကြသည်။ သို့သော် သူတို့၏ နယ်ပယ်က အဆင့်တူအဖြစ်သို့ ဖိနှိပ်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ သူတို့၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံများနှင့် မှော်စွမ်းအားများနှင့်တောင်မှ၊ သူတို့သည် ပါရမီရှင်တစ်ချို့ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
လူတစ်ချို့သည် ကျင့်ကြံရေးကို ဦးစားပေးလေ့ရှိပြီး၊ သူတို့ထံတွင် ရှိနေသည့် မှော်ပစ္စည်းများသည် အဆိုပါ အကြီးအကဲများ၏ ပစ္စည်းများထပ်ပင် နှိုင်းယှဥ်၍မရလောက်သည်အထိ ပိုမိုကောင်းမွန်နေခဲ့သည်။
သူသည် အဆင့်တူအတွင်းတွင်ဆိုပါက၊ သူက သူ၏ အတွေ့အကြုံများနှင့် နည်းလမ်းများကိုအသုံးပြုကာ စုန့်ချင်ကို ဖိနှိပ်ကောင်း ဖိနှိပ်နိုင်လိမ့်မည်ဆိုသည်ကို သိနေခဲ့သည်။
သို့သော် စုန့်ချင်မှာ အဖိနှိပ်ခံခဲ့ရပြီးပြီဖြစ်သည်၊ သူသွားသေရမည်လော။
အတွင်းသို့ ဝင်သွားသည့် အစွမ်းထက် ပုဂ္ဂိုလ်များက ပါရမီရှင်များ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့် သာဓကများစွာ ရှိနေခဲ့သည်။
ထို့အပြင် သူတို့သည် နတ်ဘုရား အရင်းအမြစ်အား မရနိုင်ခြေ မြင့်မားသည်ဆိုသည်ကို သိနေကြသည်၊ မည်သူက အတွင်းသို့ ဝင်ကာ အရှက်ကွဲခံကြမည်နည်း။
အင်အားစု တော်တော်များများနှင့် လူအများ၏ အရှေ့တွင် အရှက်ခွဲခံလိုက်ရခြင်းက ရှက်စရာပင် မဟုတ်လော။
တပည့်သည် ဆွံ့အသွားကာ၊ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ အကြီးအကဲ၊ ဒါဆိုရင် ခင်ဗျားက …. “
“ သွား၊ သူနဲ့ဈေးသွားညှိလိုက်၊ ငါက အဲ့လောက်အများကြီးကို မထုတ်ပေးနိုင်ဘူး “
“ ဈေးညှိ …… “
တပည့်ဖြစ်သူမှာ ထပ်မံ၍ ဆွံ့အသွားခဲ့ရပြန်သည်။
အကြီးအကဲမှာလည်း ကူရာကယ်ရာမဲ့နေခဲ့သည်။ စုန့်ချင်သည် ပန်ဘုရင်လေး၏ မျက်နှာသာပေးခြင်းကို ရရှိရန်အတွက်၊ တစ်ဖက်လူကို ရန်စကာ၊ အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။ သူအသတ်မခံလိုက်ရခြင်းကပင် အတော်လေး ကောင်းနေခဲ့ပြီ ဖြစ်သည်။
အကယ်၍ စစ်ကူခေါ်လိုက်မည်ဆိုလျှင်တောင်မှ၊ လမ်းခရီးက ရှည်လျားလွန်းသောကြောင့်၊ သူတို့ရောက်လာသည့်အချိန်တွင် ထိုလူပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။
အနိုင်မယူနိုင်သည့်အပြင် ငွေပါမရှိသောကြောင့်၊ သူတို့သည် ဈေးဆစ်ရုံသာ တတ်နိုင်ကြတော့သည်။ တစ်ခြားလူများထံမှ ချေးငှားနိုင်သော်လည်း၊ လူရယ်စရာ ဖြစ်သွားရလိမ့်မည် ဖြစ်သည်။
“ ငါမင်းကို ပြောပြမယ်၊ ကောင်းကင်တံခါးက တပည့်တစ်ယောက်က ပန်ဘုရင်လေးကို ဖားဖို့အတွက် တစ်ဖက်လူကို သွားစော်ကားခဲ့ပင်မဲ့ အဖမ်းပဲခံလိုက်ရတယ်။ တစ်ဖက်လူက ငွေတောင်းလာခဲ့ပြီး၊ ငါတို့ဆီမှာ ငွေမရှိလို့၊ တစ်ခြားလူဆီကနေ ချေးပြီးတော့ လူပြန်ရွေးရ …………. “
အကြီးအကဲသည် ၎င်းကို တွေးမိရုံဖြင့် ကြက်သီးများထသွားခဲ့သည်။ မဖြစ်မနေလိုအပ်သော အခြေအနေမျိုး မဟုတ်သေးသရွေ့၊ သူသည် ထိုကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုလိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူတစ်ဦးသာလျှင် မဟုတ်ဘဲ၊ ကောင်းကင်တံခါးဂိုဏ်းကပါ မျက်နှာပျက်သွားရကာ၊ လူရယ်စရာ ဖြစ်လာလိမ့်မည် ဖြစ်သည်။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် အစောပိုင်း အချိန်က လုချန်ရှန်းကို ငေးကြည့်ခဲ့သည့် အချိန်တွင်၊ ထိုလူက အတော်လေး ကြင်နာတတ်သည်ဆိုသည်ကို သူခံစားခဲ့ရသည်။ တစ်ဖက်လူသည် စုန့်ချင်ကို သင်ခန်းစာတစ်ခုပေးချင်ရုံသာလျှင် ဖြစ်ဖို့များသည်၊ ထို့ကြောင့် ဈေးညှိခြင်းက အလုပ်ဖြစ်နိုင်ပေသည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် အတွင်းပိုင်းသို့ ဆက်သွားနေခဲ့သည်၊ လျှို့ဝှက်ဆန်းကြယ်သော နိယာမ စွမ်းအားများ လိမ်ယှက်ဆင်းသက်လာခဲ့ပြီး၊ သူ၏ကျင့်ကြံရေးကို အဆက်မပြတ် ဖိနှိပ်လာခဲ့သည်။
သိပ်မကြာခင် အချိန်မှာပင် သူသည် တတိယတောင်တန်းဆီသို့ ရောက်ရှိလာခဲ့ပြီး၊ သူ၏ကျင့်ကြံရေးမှာလည်း အူတိုင်ဖွဲ့စည်းခြင်း အဆင့်၃တွင်သာ ကျန်နေတော့သည်။ ထို့နောက်တွင် သူသည် စုန့်ချင်ပြောပြခဲ့သည့် တည်နေရာကို ရှာတွေ့သွားခဲ့သည်။
သို့ရာတွင် သူသည် ပန်ဘုရင်လေးကို မမြင်ရသေးပေ။ အစတွင် သူသည် စုန့်ချင်က သူ့ကို လိမ်ခဲ့သည်ဟု ထင်သွားကာ၊ သူ့ကို ဆွဲထုတ်ရန် ပြင်လိုက်သည့် အချိန်မှာပင် သူသည် လေထုအတွင်းတွင် ရှိနေသည့် ပုံမှန်မဟုတ်သော ချီကို အာရုံခံမိသွားခဲ့သည်။
၎င်းက သိမ်မွေ့သော်လည်း၊ နတ်စွမ်းအားတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
“ ကြည့်ရတာတော့ သူလိမ်ခဲ့တာ မဟုတ်ဘဲ၊ ငါက တော်တော်လေး နောက်ကျသွားခဲ့တဲ့ပုံပဲ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ၊ ထပ်မံ၍ ရှာဖွေနေတော့သည်။ သို့သော် အချိန်အတော်ကြာသည်အထိ သူသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
ဒုတိယ တောင်တန်းအနားသို့ ရောက်သွားသည့် အချိန်မှသာလျှင် သူသည် ဓားချီတစ်ခုက ကောင်းကင်ယံသို့ ထောင်တက်လာသည်ကို အာရုံခံမိသွားခဲ့သည်။ သူသည် အဆိုပါ ဓားချီကို အတော်လေး ရင်းနှီးနေခဲ့သည်။
“ စီနီယာအစ်ကိုကြီးပဲ “ လုချန်ရှန်းသည် တအံ့တဩဖြစ်သွားခဲ့သည် “ သူက ဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ “
အဝေးမှ ဓားချီကို စူးစမ်းနေရင်းဖြင့် သူသည် ထိုနေရာရှိ အန္တရာယ်နှင့် ကျိုးချင်ယုက အခြေအနေမကောင်းဘူးဆိုသည်ကို သိရှိသွားခဲ့သည်။
သူသည် ပန်ဘုရင်လေးကို ရှာဖွေမနေတော့ဘဲ၊ ထိုနေရာဆီသို့သာ ပြေးသွားခဲ့သည်။
မကြာခင် အချိန်မှာပင် သူသည် တောင်ထိပ်ပေါ်သို့ ခုန်တက်လိုက်ပြီး ကွင်းပြင်ကျယ်တွင် တိုက်ခိုက်နေသည့် လူနှစ်ဦးကို မြင်တွေ့သွားခဲ့သည်။
၎င်းမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဖြစ်နေခဲ့သည်။ အမျိုးသားမှာ ကျိုးချင်ယုဖြစ်နေခဲ့ပြီး၊ တစ်ဖက်လူကမူ အသက် နှစ်ဆယ့်လေး(သို့) နှစ်ဆယ့်ငါးနှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ကာ၊ သွယ်လျသော ခါးနှင့် ရေတံခွန်ကဲ့သို့သော ဆံသားတို့ကို ပိုင်ဆိုင်ထားခဲ့သည်။ သူမ၏ အသွင်အပြင်သည် လှပကာ၊ နတ်သမီးအလား ဖြစ်နေခဲ့ပြီး၊ ရှားပါးအလှပိုင်ရှင်ဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် နှစ်ဖက်စလုံးသည် သူတို့၏ ဓားများကို ကိုင်ဆောင်ထားပြီး၊ အေးစက်စက် အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။ ဓားချီများ ရှုပ်ထွေးနေကာ၊ ဓားရှည်နှစ်လက် တိုက်မိသွားပြီး၊ ကျယ်လောင်သောအသံများ အော်မြည်ကာ၊ မီးပွားများ လွင့်စင်နေလျက်ရှိပြီး၊ သူတို့သည် ခွဲခြား၍မရသော နယ်ပယ်တစ်ခုကို ရောက်ရှိနေသကဲ့သို့ မျောလွင့်နေကြသည်။
သို့ရာတွင် ကျိုးချင်ယုမှာ အောက်စည်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးသည် မနေနိုင်တော့ဘဲ စကားစပြောလာခဲ့သည် “ သူတို့နှစ်ယောက်က ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေရတာလဲ “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ငါလည်း သေချာမသိဘူး၊ အချစ်ကြွေးကြောင့်ထင်တယ် “
“ အချစ်ကြွေးလား “
“ ဟုတ်တယ် “
“ မင်းက စကားကို အဲ့လိုကြီး ပြောလိုက်တယ်ပေါ့၊ အဲ့တာက မင်းရဲ့ စီနီယာအစ်ကိုလေ “ ရှောင်ဟေး ဆွံ့အသွားခဲ့သည်၊ ဘယ်လိုလူမျိုးက သူ့ရဲ့ စီနီယာအစ်ကိုအကြောင်းကို အဲ့လိုမျိုး ပြောလို့လဲဟ
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အခြေအနေတွေက ခန့်မှန်းရခက်တယ်။ ငါသူ့ကို မတွေ့ရတာ ရက်တော်တော်ကြာနေပြီလေ၊ အဲ့တာကြောင့် သူပြောင်းလဲသွား၊ မသွားဆိုတာကို ငါဘယ်လိုလုပ် သိမှာလဲ “
“ ဟက်၊ လူတိုင်းက မင်းလိုဖြစ်နေလိမ့်မယ်လို့ ထင်နေတာလား “
“ ငါက ဘာဖြစ်နေလို့လဲ “
“ မှတ်ချက်ပေးနေမဲ့အစား၊ မင်းရဲ့ စီနီယာအစ်ကိုကို ဘယ်လိုမျိုး ကူညီပေးရမလဲဆိုတာကိုပဲ စဥ်းစားနေသင့်နေတယ်။ အဲ့မိန်းမရဲ့ အရိုးတွေထဲမှာ ထူးဆန်းတဲ့ အရှိန်အဝါတစ်ခုရှိတယ်၊ မင်းရဲ့ စီနီယာအစ်ကို ရှုံးဖို့များတယ် “ ရှောင်ဟေးသည် သူနှင့် ငြင်းခုန်မနေဘဲ၊ အေးအေးလူလူ ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် အောက်သို့ ငုံ့ကြည့်နေတော့သည်။ ရှောင်ဟေးပြောခဲ့သည့်အတိုင်းပင်၊ အဆိုပါ အမျိုးသမီးမှာ အမှန်ပင် ပုံမှန်ဟုတ်မနေခဲ့ပေ။ သူမ၏ဓားတာအိုမှာ အံ့ဖွယ်ကောင်းနေခဲ့ပြီး၊ ဓားတာအိုနယ်ပယ်၏ အဆင့်၈သို့ ရောက်ရှိနေခဲ့သည်၊ ဤအသက်အရွယ်ဖြင့် ထိုအဆင့်သို့ ရောက်ရှိနေသည်မှာ အလွန်တရာ ရှားပါးလွန်းလှသည်။
ခံစားချက်က လွန်စွာထူးဆန်းနေခဲ့သော်လည်း၊ သူသည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို ဝေခွဲမရ ဖြစ်နေခဲ့သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 90 )
တောင်းပန်ပါတယ်၊ ဆက်လုပ်ကြပါ
သူ၏အကြည့်အောက်မှာပင်၊ အဆိုပါ အမျိုးသမီးသည် သူမ၏ဓားကို ကိုင်ဆောင်ကာ အရှေ့သို့ ပြေးတက်သွားခဲ့သည်၊ ၎င်း၏ အလင်းတန်း တောက်ပလာခဲ့ကာ၊ သူမ၏ မျက်လုံးများအတွင်းမှာပင် ရောင်ပြန်ဟပ်သွားခဲ့သည်။
ဓားချီသည် ကျိုးချင်ယု၏ ဘေးပတ်ပတ်လည်တွင် လည်ပတ်နေကာ၊ သူ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ရန် ကြိုးပမ်းနေတော့သည်။
နှစ်ဖက်စလုံးမှ ဓားချီများသည် အဆက်မပြတ် ထိခတ်တိုက်ခိုက်နေလျက်ရှိကာ၊ အံ့ဖွယ်ကောင်းသော အသံများကို ထုတ်လွှတ်နေခဲ့သည်၊ သို့သော် ကျိုးချင်ယုမှာ ဆက်တိုက်ဖိနှိပ်ခံနေခဲ့ရသည်၊ အမျိုးသမီးသည် သူ့ကို ကျင့်ကြံရေးသာလျှင် မဟုတ်ဘဲ၊ ဓားတာအိုတွင်ပါ ဖိနှိပ်ထားခဲ့သည်။
ခဏလေးအတွင်းမှာပင် အဆိုပါ အမျိုးသမီးသည် လုံးဝ အသာစီးရသွားခဲ့ပြီး၊ သူမ၏ဓားကို ဖိချလာခဲ့သည်၊ ရလဒ်မှာ ဆုံးဖြတ်ပြီးသားဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ ဟူး “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ ဖြည်းဖြည်းချင်း စကားပြောလိုက်သည် “ ဘယ်လိုအမုန်းတရားတွေ၊ အငြှိုးအတေးတွေကြောင့်များလဲ။ မိန်းမငယ်လေးက လုံးဝမညှာဘူးပဲ “
ဟမ်
ထိုအသံကို ကြားလိုက်ရသောအခါတွင် လူနှစ်ဦးသည် အဝေးသို့ ငေးကြည့်လာကာ၊ လုချန်ရှန်းကို မြင်တွေ့သွားခဲ့သည်။
ထို့နောက်တွင် အဆိုပါ အမျိုးသမီးသည် မနေနိုင်တော့ဘဲ၊ စကားပြန်ပြောလာခဲ့သည် “ အဲ့တာက နင်နဲ့ဘာဆိုင်လို့လဲ “
“ အမုန်းနဲ့ အဃာတတွေ မရှိဘူဆိုရင်၊ ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ “
“ ကိုယ့်ကိစ္စကိုသာ ကိုယ့်ဟာကိုယ် ဂရုစိုက်စမ်းပါ “ အမျိုးသမီးသည် ခပ်ပြတ်ပြတ် ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းမှာ ကူရာကယ်ရာမဲ့သွားခဲ့သည်၊ အကယ်၍ သူ၏ စီနီယာအစ်ကိုအတွက်ကြောင့်သာ မဟုတ်ဘူးဆိုပါက၊ သူသည် ပြပွဲကောင်းကို အေးအေးလူလူ စောင့်ကြည့်နေမည်သာ ဖြစ်သည်။
ထိုအချိန်တွင် သူသည် ကျိုးချင်ယုကို စိုက်ကြည့်ကာ၊ စကားပြောလိုက်သည် “ လူငယ်လေး၊ ဓားရည်ရွယ်ချက်ကို ကျင့်ကြံတာက အလှပြရုံအတွက်ပဲ မဟုတ်ဘူး။ အဲ့တာက နယ်ပယ်တစ်ခုကိုပဲ ကိုယ်စားပြုတာ မဟုတ်ဘူး၊ ဓားချီတွေကိုလည်း ဖန်တီးပေးတယ်၊ အဲ့တာက ရန်သူတွေကိုပါ သတ်ဖြတ်နိုင်တယ်။ ဒီအချိန်မှာ မင်းရဲ့ စိတ်ကို ရှင်းအောင်လုပ်၊ ဓားဆန္ဒကို မင်းရဲ့ ဓားရှည်ပေါ်မှာ စုစည်းပြီးတော့၊ မင်းရဲ့ နည်းစနစ်ကို လည်ပတ်လိုက် “
( အခုကစပြီးတော့ ဓားဆန္ဒလို့ ပြောင်းလဲသုံးနှုန်းသွားပါမယ် “
ထိုစကားကို ကြားလိုက်ရသောအချိန်၌ ကျိုးချင်ယုသည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ၊ အဆိုပါ ညွှန်ကြားချက်အတိုင်း လိုက်လုပ်နေတော့သည်။ ဓားချီဖြစ်တည်လာသောကြောင့်၊ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့သည်။
သူသည် ထပ်မံ၍ ခုခံမနေတော့ဘဲ၊ သူ၏ဓားဖြင့် ချုပ်နှောင်မှုအားလုံးကို ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။
လူနှစ်ဦးကြားတွင် စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ အမျိုးသမီးသည် ချက်ချင်းနောက်ဆုတ်သွားခဲ့ရသည်။
“ ဘာကြီး “ အမျိုးသမီး၏ မျက်လုံးများအတွင်းတွင် လေးနက်မှု အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။
ကျင့်ကြံရေးနှင့် ဓားဆန္ဒနှစ်ခုလုံးတွင် သူမထပ် နိမ့်ကျနေခဲ့သော်လည်း၊ တစ်ဖက်လူမှာ သူမ၏ တိုက်ခိုက်မှုကို စကားတစ်ခွန်းတည်းဖြင့် ရိုက်ချိုးသွားခဲ့သည်၊ ၎င်းမှာ အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။
ကျိုးချင်ယုသည် သူ့လက်ထဲတွင် ရှိနေသည့် ဓားရှည်ကို ငေးကြည့်နေတော့သည်၊ ထို့နောက်တွင် လုချန်ရှန်းကို ကြည့်ကာ စကားပြောလိုက်သည် “ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ “
ထိုလူက ငယ်ရွယ်နေခဲ့သော်လည်း၊ သူ့ကို ဓားဆန္ဒနှင့်ပတ်သက်၍ လမ်းညွှန်ပေးနိုင်ခြင်းသည် ထိုလူ၏ ဓားဆန္ဒကျင့်ကြံရေးက သူ၏အထက်တွင် ရှိနေသည်ဟု ညွှန်းဆိုနေခြင်း ဖြစ်သည်။ ထို့အပြင် ထိုလူသည် သူနှင့် အမျိုးသမီးကို လူငယ်လေးနှင့် မိန်းမငယ်လေးဟု သုံးနှုန်းခဲ့သည်၊ ထို့ကြောင့် ထိုလူသည် ငယ်ရွယ်မှုကို ထိန်းသိမ်းထားနိုင်သည့် နည်းစနစ်တစ်ခုခုကို လေ့ကျင့်ထားသော အကြီးအကဲတစ်ဦးသာ ဖြစ်နေဖို့များသည်။
လုချန်ရှန်းသည် အပြုံးနှင့် ပြန်ပြောလိုက်သည် “ ငါတို့က ရေစက်ပါတယ်။ ဒီနေ့မှာ မင်းကို လမ်းညွှန်ချက်တစ်ချို့ ပေးလိုက်မယ်။ တကယ်လို့ မင်းသာ သေသေချာချာ မှတ်ထားမယ်ဆိုရင်၊ သူမက မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး “
“ ဟမ်၊ ဖြစ်နိုင်လို့လား “
အမျိုးသမီးသည် အံ့အားသင့်သွားခဲ့သော်လည်း၊ ဒေါသထွက်နေသေးသည်။
လုချန်ရှန်းသည် မည်သည့်စကားမှ ထပ်မပြောဘဲ၊ နည်းလမ်းတစ်ချို့နှင့် အတွေ့အကြုံတစ်ချို့ကို ကျိုးချင်ယုထံသို့ အသံပို့လွှတ်လိုက်သည်။
ထိုစကားများကို ကြားလိုက်ရသောအခါတွင် ကျိုးချင်ယုသည် ရုတ်တရက် သဘောပေါက်သွားပုံရကာ၊ သူ၏မျက်လုံးများ အတွင်းတွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ သူ၏ အရှိန်အဝါမှာလည်း လုံးဝပြောင်းလဲသွားသည်။
ထပ်မံ၍ တိုက်ခိုက်လိုက်သည့် အချိန်တွင်၊ သူ၏ ဓားချီသည် ချောက်ကမ်းပါးမှ ပေါ်ထွက်လာခဲ့သည့် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်ကာ၊ ရွေ့လျားနေခဲ့သည်။
အမျိုးသမီး၏ မျက်လုံးများ အတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ သူမသည် တိုက်ခိုက်မှုတစ်ခုဖြင့် ပြန်၍တုံ့ပြန်လိုက်သည်။
သူမ၏ အသာစီးရနေမှုမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်၊ သူမတို့၏ ရုန်းကန်မှုသည် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်လာစေခဲ့သည်။
လုချန်ရှန်းမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
ကျိုးချင်ယုက ဓားဆန္ဒ၏ အဆင့်၇သို့ ရောက်ရှိသွားသည့် အချိန်တွင် သူသည် ထိုစကားများကို ပြောပြရန်အတွက် နည်းလမ်းတစ်ခု ရှာဖွေရန် စီစဥ်ထားခဲ့သည်။ ယခုတွင် ဤကဲ့သို့သော အခြေအနေမျိုး ပေါ်လာခဲ့သောကြောင့်၊ သူသည် အရာအားလုံးကို တစ်ပြိုင်နက် ပြောပြပေးနိုင်တော့မည် ဖြစ်သည်။
၎င်းတို့သာလျှင် မဟုတ်ဘဲ၊ သူသည် ဓားဆန္ဒ၏ အဆင့်၉နယ်ပယ်အကြောင်းကိုပါ စတင်၍ ပြောပြနေခဲ့သည်။
၎င်းက အတွေ့အကြုံကို မျှဝေပေးသည့် စကားပြောဆိုမှုသာ ဖြစ်နေခဲ့သော်လည်း၊ ၎င်းသည် သူ့အား လမ်းလွဲသွားခြင်းတို့မှ ကာကွယ်ပေးမည် ဖြစ်သည်။ သူ၏စွမ်းရည်နှင့်ဆိုပါက၊ သူသည် ထိုအဆင့်သို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
အစမှအဆုံးအထိ သူသည် အရာအားလုံးကို အလျင်စလို မလုပ်ခဲ့ပေ။ သူသည် ကျိုးချင်ယု၏ အခြေခံအုတ်မြစ်ကို ခိုင်မာကျစ်လျစသွားစေရန်အတွက် သူက ပိတ်ဆို့မှု(သို့) အတားအဆီးနှင့် ရင်ဆိုင်ရသည့် အချိန်မှသာလျှင်၊ လမ်းညွှန်ပေးခဲ့သည်။
ရှောင်ဟေးမှာလည်း ထိုမြင်ကွင်းကို စောင့်ကြည့်ကာ၊ တအံ့တဩ ဖြစ်သွားခဲ့သည်။
“ လုချန်ရှန်း၊ မင်းရဲ့ စွမ်းရည်က တကယ်ကို အံ့ဩဖို့ကောင်းပြီးတော့၊ ဒီကမ္ဘာပေါ်မှာ မြင်ရခဲတယ် “
“ ဘယ်လိုလဲ။ ငါ့ဆီကနေ သင်ယူဖို့ စဥ်းစားပြီးပြီလား။ ဝိညာဥ်ကျောက်တုံး ဆယ်သန်းပဲပေး၊ ဓားနှလုံးသား သန့်စင်မှုအဆင့်ကို ရောက်စေရမယ်လို့ အာမခံတယ် “ လုချန်ရှန်းမှာလည်း ရှောင်ဟေးကို ဂရုတစိုက် စူးစမ်းလေ့လာနေခဲ့သည်။ ၎င်း၏ စွမ်းရည်က မဆိုးလှပေ၊ ၎င်းသည် ဓားဆန္ဒ စတုတ္ထအဆင့်၏ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားခဲ့သည်။
၎င်း၏ အရင်းအမြစ် နောက်ခံနှင့်သာဆိုပါက၊ ၎င်းက ထိုအဆင့်သို့ ရောက်ရှိသည်အထိ ကျင့်ကြံနိုင်ခြင်းမှာ ဖြစ်နိုင်ခြေများလှသည်။
သို့ရာတွင် ရှောင်ဟေးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူသည် ၎င်းကို စိတ်မဝင်စားခြင်း မဟုတ်ဘဲ၊ သူ့ထံတွင် ထိုမျှများပြားသာ ငွေပမာဏမျိုး မရှိခြင်းသာလျှင် ဖြစ်သည်။
လုချန်ရှန်း၏ ခွေးကဲ့သို့သော စိတ်သဘောထားနှင့်သာဆိုပါက၊ သူသည် ငွေမမြင်ရမချင်း လှုပ်ရှားလာလိမ့်မည် မဟုတ်ပေ။
ဘုမ်းး
ထိုစဥ် လူနှစ်ဦး၏ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့ပြီး၊ ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။ သူတို့၏ အကြည့်များအောက်မှာပင် များပြားလွန်းလှသော ဓားချီအားလုံး ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင် သူတို့နှစ်ဦးစလုံး နောက်ဆုတ်သွားကြသည်၊ တိုက်ပွဲက ပြီးဆုံးသွားရသည်။
“ ကျေးဇူးအများကြီးတင်ပါတယ်၊ စီနီယာ “
ကျိုးချင်ယု အပျော်လွန်နေခဲ့သည်။ သူကြားခဲ့ရသည့် စကားများမှာ သူ့အတွက် ရတနာတစ်ပါးဖြစ်နေခဲ့သည်၊ သူသည် ၎င်းက သူ့အတွက် ဖန်တီးထားသည်ဟုပင် အထင်မှားသွားခဲ့ရသည်။
၎င်းသည် တာအိုကို ဖြန့်ဝေပေးကာ၊ သင်ပြပေးခြင်း ကြီးမားသော ကျေးဇူးတရားဖြစ်သည်၊ သူသည် ဒူးထောက်၍ ကျေးဇူးတင်ရန် ပြင်လိုက်သည်။
လုချန်ရှန်းသည် သူ၏လက်ကို လျင်မြန်စွာ မြှောက်ကာ၊ မှော်စွမ်းအားဖြင့် သူ့ကို မထူပေးလိုက်သည်။
“ စကားကောင်းကောင်း ပြောကြတာပေါ့၊ ဒူးမထောက်နဲ့ “
ကျိုးချင်ယုသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သို့ရာတွင် အမျိုးသမီးမှာ ဒေါသတကြီး ပြောဆိုလာခဲ့သည် “ နင်ဘယ်သူလဲ “
“ ချင်းယီဓားသခင် “
အမျိုးသမီးသည် ဤလူက သူ့ကိုယ်သူ ဓားသခင်ဟု ခေါ်ရဲသည့်အတွက် တအံ့တဩ ဖြစ်သွားခဲ့သည်။
သို့သော် သူမ၏ အကြည့်မှာ စူးစူးရဲရဲ ဖြစ်နေခဲ့သည် “ ဘာလို့ ငါ့အလုပ်တွေကို လာနှောင့်ယှက်နေရတာလဲ “
“ ဒါဆိုရင် မင်းကရော ဘာအငြှိုးအတေးတွေ ရှိနေလို့၊ ဒီလောက်တောင် ရက်စက်နေရတာလဲ “
ကျိုးချင်ယုမှ အလောတကြီး စကားဝင်ပြောလာခဲ့သည် “ စီနီယာ အထင်လွဲနေပါပြီ၊ ကျွန်တော်နဲ့သူက ဂိုဏ်းတူ တပည့်တွေပါ။ ခုနက တိုက်ပွဲက လက်ရည်ယှဥ်တဲ့ ပွဲလေးတစ်ခုပါပဲ။ တစ်ချို့ကိစ္စတွေကြောင့် သူမရဲ့ အရှိန်အဝါက နည်းနည်းလေး ပြင်းထန်နေတာပါ၊ ရက်စက်တဲ့ ရန်ပွဲမဟုတ်ပါဘူး “
“ ဂိုဏ်းတူ တပည့်တွေလား။ လက်ရည်ယှဥ်တာလား “
“ ဟုတ်ပါတယ် “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ထိုအမျိုးသမီးကို နဖူးမှခြေဖျားအထိ အကဲခတ်ကြည့်နေတော့သည် “ နင်က လအရှင်သခင်ရဲ့ တပည့်၊ မုရှောင်ရှင်းလား “
“ ရှင်က ကျွန်မကို သိတာလား “ အမျိုးသမီးသည် တအံ့တဩ ဖြစ်သွားခဲ့သည်။
ကျိုးချင်ယုမှာလည်း အံ့အားသင့်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း ဆွံ့အသွားခဲ့သည်၊ သူသည် ဤလူနှစ်ဦးက မည်သည့်အတွက်ကြောင့် တိုက်ခိုက်နေရလဲဆိုသည်ကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။
လူငယ်စုံတွဲသည် ဓားတာအိုချင်း ယှဥ်ပြိုင်ကာ၊ သူတို့၏ ဆက်ဆံရေးကို တိုးတက်အောင် ကြိုးပမ်းနေပုံပေါ်ပြီး၊ သူကသာလျှင် အလွန်အကျွံ ဝင်ပါမိသွားသည့်ပုံရသည်။
“ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ မင်းတို့ဆက်လုပ်ကြပါ “
ထို့နောက်တွင် လုချန်ရှန်းသည် နောက်သို့လှည့်ကာ ထွက်သွားရန်ပြင်လိုက်သည်။
ထိုအချိန်တွင် မုရှောင်ရှင်းမှ ချက်ချင်းစကားထပ်ပြောလာခဲ့သည် “ ရပ်လိုက် “
“ ဘာကိစ္စရှိသေးလို့လဲ “
“ ပါချင်တိုင်းဝင်ပါသွားပြီးမှ၊ ဒီအတိုင်းထွက်သွားလို့ရမယ်လို့ ထင်နေတာလား “
“ နင်ဘာလိုချင်တာလဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
မုရှောင်ရှင်းမှ ပြန်ပြောလာခဲ့သည် “ ရှင့်ကိုယ်ရှင် ဓားသခင်လို့ ခေါ်တာကြောင့် ရှင့်ရဲ့ ဓားတာအိုကလည်း ထူးခြားနေမှာ သေချာတယ်။ ကျွန်မနဲ့ လက်ရည်ယှဥ်မလား “
ကျိုးချင်ယုသည် အနည်းငယ် မျှော်လင့်မိသွားခဲ့သည်။ သူသည် ဓားတာအိုကို ယုံကြည်ကိုးကွယ်သောကြောင့် ဤကဲ့သို့သော ဆရာသခင်တစ်ယောက်က လှုပ်ရှားလာသည်ကို အမှန်တကယ် မြင်တွေ့ချင်နေခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့ကိစ္စကို မေ့လိုက်တော့ “
“ ဘာလို့လဲ “
“ နင့်ငါ့ကို မယှဥ်နိုင်ဘူး “
ထိုစကားသည် မုရှောင်ရှင်းကို ဒေါသထွက်သွားစေပုံရသည်၊ သူမသည် အံကြိတ်ကာ စကားထပ်ပြောလာခဲ့သည် “ ငါတို့က တိုက်တောင် မတိုက်ရသေးဘူးလေ၊ ငါက နင့်လောက်မကောင်းဘူးဆိုတာကို ဘယ်လိုလုပ် သိနေတာလဲ “
“ ငါက နင့်ရဲ့ ကောင်းကျိုးအတွက် ဒါကို လုပ်နေတာ။ တကယ်လို့ အဲ့တာက နင့်ကို စိတ်ဓာတ်ကျသွားစေပြီးတော့၊ နင့်ရဲ့ တာအိုနှလုံးသားကို ထိခိုက်စေသွားခဲ့ရင် ကောင်းမှာ မဟုတ်ဘူး “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ၊ ထပ်မံ၍ ဟန်ဆောင်ရန်အတွက်ပင် ပျင်းရိသွားခဲ့သည်။
၎င်းက သူ၏အနာဂတ် မရီးဖြစ်သည်၊ အကယ် သူကသာ သူမကို ဒဏ်ရာရသွားစေခဲ့မည်ဆိုပါက ……..
“ နင်ငါ့ကို အထင်သေးနေတာလား “ မုရှောင်ရှင်းသည် သူမ၏ ငွေဖြူရောင်သွားလေးများကို အံကြိတ်ကာ၊ သူမ၏ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်နေတော့သည်။
“ ဘာလို့ အကြံပေးနေတာကိုနားမထောင်ရတာလဲ “ လုချန်ရှန်းမှာလည်း ပို၍ကူရာကယ်ရာ မဲ့သွားခဲ့သည်။
ထိုအချိန်တွင် ရှောင်ဟေးမှာလည်း စကားဝင်ပြောလာခဲ့သည် “ မင်းဘာပြောလိုက်လဲဆိုတာကို မကြားဘူးလားဟ။ မင်းက လူရော ဟုတ်ရဲ့လား။ တော်တော်ကြီးကို မောက်မာနေတယ်၊ အဲ့လိုစကားမျိုးကို ဘယ်သူက သည်းခံနိုင်မှာလဲ “
“ အမ် ….. “ လုချန်ရှန်း ဆွံ့အသွားခဲ့သည်။ သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ယခုလက်ရှိ အချိန်တွင် လုချန်ရှန်း မဟုတ်သောကြောင့် သူဘာပြောပြော အသုံးဝင်တော့မည် မဟုတ်ပေ။
“ ကောင်းပြီလေ၊ ငါနင်နဲ့တိုက်မယ် “
သူသဘောတူလာသည်ကို မြင်လိုက်ရသောအခါတွင် မုရှောင်ရှင်းမှာ ချက်ချင်းလှုပ်ရှားလာခဲ့သည်။ ထိုကဲ့သို့ အထင်သေးခံရခြင်းကို သူမကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း
ရွှမ်
ဓားအူသံ ပေါ်ထွက်လာခဲ့ပြီး၊ ကောင်းကင်ပြင်ကို လှုပ်ခါသွားစေကာ၊ တိမ်တိုက်များကို ပြန့်ကျဲသွားစေခဲ့သည်။ များပြားလွန်းလှသော ဓားချီများ ချက်ချင်းပေါက်ထွက်လာခဲ့ပြီး၊ လေထုအတွင်းတွင် လိမ်ယှက်နေတော့သည်၊ သူမ၏ ဓားတာအို အဆင့်၈ ကျင့်ကြံရေး ပေါ်ထွက်လာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ မည်သို့မျှ မလှုပ်ရှားသွားခဲ့ပေ။ သူသည် သူ၏လက်ကို မြှောက်ကာ လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်၊ ဓားဆန္ဒ အပိုင်းအစတစ်ခု ဖြစ်တည်လာခဲ့ကာ၊ တောင်တန်းတစ်ခုလုံးတွင် ပြည့်နှက်နေသည့် များပြားလွန်းလှသော ဓားချီများအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဓားဆန္ဒ အပိုင်းအစသည် ဓားပင်လယ်အဖြစ် အသွင်ပြောင်းသွားကာ၊ ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားပြီး၊ မုရှောင်ရှင်းကို ချုပ်နှောင်လိုက်သည်။
မည်မျှပင် တိုက်ခိုက်နေခဲ့ပါစေ၊ သူမသည် လှောင်အိမ်ထဲတွင် ရှိနေသည့်အလား အရှေ့သို့ ခြေတစ်လှမ်းပင် မလှမ်းနိုင်ခဲ့ချေ။
ကျိုးချင်ယုသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေနေခဲ့ပြီး၊ သူ၏မျက်လုံးများအတွင်းတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
“ ဓားချီက ပင်လယ်အဖြစ် အသွင်ပြောင်းသွားတယ်၊ အဲ့တာက ဓားတာအို အဆင့်၉ပဲ “
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် သူ၏စိတ်နှလုံးသား မငြိမ်မသက်ဖြစ်သွားခဲ့သည်။
မုရှောင်ရှင်းမှာလည်း တလေးတနက် ဖြစ်သွားခဲ့သည်။ ဓားတာအို ကျင့်ကြံရေးတွင် အဆင့်တစ်ဆင့်ချင်းတိုင်းက အသွင်ပြောင်းမှုတစ်ခု ဖြစ်နေခဲ့သည်၊ အထူးသဖြင့် နောက်ပိုင်းအဆင့်များ ဖြစ်ပြီး၊ ကွာဟချက်သည် ကောင်းကင်နှင့် မြေပြင်အလား ဖြစ်နေခဲ့သည်။
ချောက်နက်တစ်ခု ခြားနေသည်ဟု သုံးနှုန်းမည်ဆိုလျှင်တောင်မှ ချဲ့ကားပြောဆိုရာ ကျလိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့ဆိုလျှင်တောင်မှ၊ မုရှောင်ရှင်းသည် လက်မခံနိုင်ဖြစ်နေခဲ့သည်။ ဓားပင်လယ်က အဆက်မပြတ် သေးကျုံ့လာသည်ကို မြင်လိုက်ရသောအခါတွင်၊ သူမသည် လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်၊ သူမ၏ မျက်ခုံးများအကြားတွင် ရုန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက၊ အသေးစား ဓားတစ်လက်ကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
ဓားချီက အနီရောင်တောက်လာသည့်အချိန်တွင်၊ သေးကျုံ့လာသည့် ဓားပင်လယ်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထိုအချိန်တွင် နှစ်ဖက်စလုံးက ထိပ်တိုက်ရင်ဆိုင်နေကြပြီ ဖြစ်သည်။
လုချန်ရှန်းသည် အပြောင်းအလဲကို သတိပြုမိသွားကာ၊ သိလိုစိတ်များ မြင့်တက်သွားခဲ့သည်။
“ စိတ်ဝင်စားစရာပဲ “