← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 46 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 46 Ch. 451-452

အခန်း။ ၄၅၁

နဂါးပြည်နယ် ။

ချောင်ယန်အခြေစိုက်စခန်းနှင့် ကီလိုမီတာ ဆယ်ဂဏန်းခန့် အကွာအဝေးရှိ တောင်တန်းနှင့် သစ်တောများအတွင်း၌ မှိန်ပျပျ အလင်းရောင်အောက်တွင် သွေးများမှာ နေရာအနှံ့ လွင့်စင်နေသည်။

"သတ်ကြဟေ့... "

ဤခဏ၌ တိုက်ပွဲဝင် အော်ဟစ်သံများမှာ နားကွဲလုမတတ် ဆူညံနေပြီး ဒေါသတကြီး ဟိန်းဟောက်သံများမှာလည်း ပဲ့တင်ထပ်နေသည်။

ပုတ်သင်ညိုလူသားအမြောက်အမြားသည် ကျောက်လင်း ဦးဆောင်သော ဆင့်ကဲပြောင်းလဲသူ များနှင့် အသည်းအသန် တိုက်ပွဲဝင်နေကြသည်။ နှစ်ဖက်စလုံးမှာ အပြန်အလှန် အဆက်မပြတ် သုတ်သင်နေကြသဖြင့် နေရာအနှံ့တွင် အလောင်းများ ပြန့်ကျဲနေလေရာ ပုတ်သင်ညိုလူသားများ၏ အလောင်းများသာမက ချောင်ယန်အခြေစိုက်စခန်းဘက်မှ ကျဆုံးသူများလည်း အမြောက်အမြား ရှိနေသည်။

ဘုန်း...

အပြာရောင် စွမ်းအင်လှိုင်းတစ်ခုသည် ထူထဲလှသော သစ်ပင်ပင်စည်များကို ဖြတ်ကျော်ကာ သွေးချင်းချင်းနီနေသည့် အရပ်ရှည်ရှည် ပုတ်သင်ညိုလူသားတစ်ကောင်ကို ညာဘက်ပခုံးမှ ဘယ်ဘက်ခါးအထိ ပိုင်းဖြတ်လိုက်ရာ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားခဲ့သည်။

"ရှူး... "

အဆင့် ၅ အစွမ်းရှိသော ပုတ်သင်ညိုလူသားခေါင်းဆောင်သည် မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လျက် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်မှာ ပေါက်ထွက်သွားကာ အူများနှင့် သွေးများ လွင့်စင်လျက် ချက်ချင်းပင် အသက်ပျောက်သွားခဲ့သည်။

"တောက်... ဒီပုတ်သင်ညိုလူသားတွေကို သတ်လို့ကို မကုန်နိုင်တော့ဘူးလား"

ရန်သူကို အောင်မြင်စွာ သုတ်သင်ပြီးနောက် ကျောက်လင်းသည် သေဆုံးသွားသော ပုတ်သင်ညိုခေါင်းဆောင်နှင့် ကျန်ရှိနေသော ဆင့်ကဲပြောင်းလဲသူများကို ဝိုင်းအုံတိုက်ခိုက်နေဆဲဖြစ်သည့် ပတ်ဝန်းကျင်မှ ပုတ်သင်ညိုများကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ တိုက်ပွဲသုံးဓားမှ သွေးများကို ခါထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

ပြီးခဲ့သည့် သားရဲလှိုင်းအတွင်း သေဆုံးခဲ့ပြီးနောက် သူမ၏ ကျင့်စဉ်မှာ အဆင့် ၆ သို့ တက်လှမ်းရန် အဆုံးအဖြတ် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

ယခုအခါ သူမသည် အဆင့် ၆ သို့ တက်လှမ်းနိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဤပုတ်သင်ညိုလူသား ခေါင်းဆောင်များမှာ အဆင့် ၅ မျှသာ ရှိသဖြင့် သူမ၏လက်ချက်ဖြင့် အလွယ်တကူ အသက်ပျောက်ခဲ့ရသည်။ သို့သော်လည်း ဤပုတ်သင်ညိုလူသားများ၏ အရေအတွက်မှာ အမှန်တကယ်ပင် များပြားလှပြီး သတ်သလောက် မကုန်နိုင်ပေ။

သူတို့ ပထမဆုံး စတင်တွေ့ရှိခဲ့သည့် ပုတ်သင်ညိုလူသားအုပ်စုမှစ၍ ရေတွက်လျှင် ယခုတစ်ကြိမ်သည် ရှာဖွေတွေ့ရှိသည့် ရှစ်ကြိမ်မြောက် အုပ်စုပင်။

သို့သော် ယခုအချိန်အထိ ၎င်းတို့သည် ဤပုတ်သင်ညိုလူသားများ၏ အသိုက်အမြုံကို မရှာဖွေနိုင်သေးသကဲ့သို့ ဤမိစ္ဆာများ အဘယ်အရပ်မှ ရောက်ရှိလာသည်ကိုလည်း အဖြေရှာမရသေးပေ။ ဤသတ္တဝါများသည် လေထဲမှပင် ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ ရှိနေသဖြင့် အခြေစိုက်စခန်းရှိ လူများမှာ လုံးဝ ဝေခွဲမရ ဖြစ်နေကြသည်။

သို့သော်လည်း ကျောက်လင်းအနေဖြင့် များစွာ စဉ်းစားနေရန် အချိန်မရှိချေ။ သူမ၏ လက်အောက်ငယ်သားများသည် ပုတ်သင်ညိုလူသားများနှင့် အသည်းအသန် တိုက်ပွဲဝင်နေဆဲ ဖြစ်သည်ကို မြင်သည်နှင့် သူမ၏ဓားကို ဆွဲကိုင်ကာ ရှေ့သို့ ချက်ချင်းပင် တိုးဝင်လိုက်တော့သည်။

အဆင့် ၆ အစွမ်းရှိသော ဆင့်ကဲပြောင်းလဲသူ ကျောက်လင်း၏ အားကောင်းလှသော ဝင်

ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲမှာ မြန်ဆန်စွာပင် ပြီးဆုံးသွားခဲ့ပြီး ရာနှင့်ချီသော ပုတ်သင်ညိုလူသားများမှာလည်း အကုန်အစင် သုတ်သင်ခြင်း ခံလိုက်ရသည်။

ဆက်လက်၍ ကျောက်လင်းသည် စစ်တလင်းကို ရှင်းလင်းရန်နှင့် ပုတ်သင်ညိုလူသားများထံမှ ရရှိသည့် အသုံးဝင်သော ပစ္စည်းများကို ခွဲဝေယူဆောင်ရန် အချို့သူများကို တာဝန်ပေးလိုက်သည်။

အထူးသဖြင့် ၎င်းတို့၏ အလွန်တရာ ထက်မြက်လှသော လက်သည်းများနှင့် အထူးပြုလုပ်ထားသကဲ့သို့ ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိသည့် အကြေးခွံအရေပြားများမှာ အလွန်

ကောင်းမွန်သော သုတေသနပစ္စည်းများ ဖြစ်ကြရာ အခြေစိုက်စခန်း သုတေသနဌာနက ထိုပစ္စည်းများကို များစွာ လိုလားနေကြသည်။

ထို့နောက် သူမသည် ဒဏ်ရာရသူများကို ကုသရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ခေါ်ယူလိုက်ပြီး နှစ်ပိုင်းပြတ်နေသော အဆင့် ၅ ပုတ်သင်ညိုခေါင်းဆောင်၏ အလောင်းရှိရာသို့ တစ်ဦးတည်း လှမ်းလျှောက်သွားခဲ့သည်။

ဖောက်...

နောက်တစ်ခဏတွင် ကျောက်လင်းသည် ပုတ်သင်ညိုခေါင်းဆောင်၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးအမြုတေတစ်လုံးကို ထုတ်ယူလိုက်သည်။ အမြုတေပေါ်ရှိ သွေးစများကို ခါထုတ်လိုက်ပြီးနောက် သူမ၏ အိတ်ကပ်အတွင်းသို့ ထည့်လိုက်သည်။

ဤနတ်ဆိုးအမြုတေအကြောင်းကို သူမ သိရှိခဲ့ရခြင်းမှာ တတိယမြောက် ပုတ်သင်ညိုအုပ်စုနှင့် ရင်ဆိုင်ရစဉ်က ဖြစ်သည်။ ထိုစဉ်က သူမသည် အဆင့် ၅ ပုတ်သင်ညိုတစ်ကောင်ကို ပိုင်းဖြတ်လိုက်ရာမှ ဤအမြုတေ ကျထွက်လာခဲ့သဖြင့် စတင်သတိပြုမိခဲ့ခြင်းပင်။

ဤနတ်ဆိုးအမြုတေကို အဆင့် ၅ ရှိသော မိစ္ဆာများတွင်သာ တွေ့ရလေ့ရှိပုံရပြီး ယခုအချိန်အထိ သူမထံတွင် ငါးလုံးခန့်သာ ရှိသေးသည်။

ဤနတ်ဆိုးအမြုတေကို မည်သည့်နေရာတွင် အသုံးချရမည် သို့မဟုတ် ၎င်းသည် ဇွန်ဘီအမြုတေများနှင့် ဆင်တူခြင်း ရှိမရှိ သူမ သေသေချာချာ မသိသော်လည်း ဤအရာမှာ ထူးခြားလှပြီး လုချွမ်း အတွက် အသုံးဝင်နိုင်မည်ဟု ကျောက်လင်းက ပင်ကိုယ်ဗီဇအရ ခံစားမိနေသည်။

ထို့ကြောင့် နောက်တစ်ကြိမ် လုချွမ်းနှင့် တွေ့ဆုံချိန်တွင် ပေးအပ်နိုင်ရန်အတွက် သူမက အသေအချာ စုဆောင်းထားခြင်းပင်။

နာရီဝက်ခန့်အကြာတွင် အရာရှိတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လာခဲ့ပြီး ရိုသေစွာဖြင့် တင်ပြလိုက်သည်။

"စစ်နတ်ဘုရားမကြီး... လိုအပ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီးပါပြီ။ ဒဏ်ရာရသူတွေကို ကယ်ဆယ်ကုသတဲ့ လုပ်ငန်းတွေလည်း ပြီးဆုံးပါပြီခင်ဗျာ"

"ဒဏ်ရာအနည်းငယ်ရထားတဲ့သူတွေကတော့ အခြေအနေတည်ငြိမ်နေပါပြီ။ စိုးရိမ်စရာမရှိတော့ပါဘူး။ ဒဏ်ရာပြင်းထန်တဲ့သူအနည်းငယ်ကိုလည်း ရဟတ်ယာဉ်နဲ့ အရင်ဆုံး ပို့ဆောင်ပေးလိုက်ပါပြီ "

"ကောင်းပြီ... ဒါဆိုရင် ပြန်ကြစို့ "

ထိုစကားကို ကြားလိုက်ရသောအခါ သစ်ပင်တစ်ပင်အောက်တွင် တရားထိုင်နေသော ကျောက်လင်းသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ဝုန်း...

တောင်တန်းနှင့် သစ်တောများနှင့် မလှမ်းမကမ်းရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ရှည်လျားသော ယာဉ်တန်းကြီးမှာ စတင်လှုပ်ရှားလာခဲ့ပြီး ချောင်ယန်အခြေစိုက်စခန်းဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားတော့သည်။

ယာဉ်တန်း၏ ရှေ့ဆုံးကားတွင် လိုက်ပါလာသော ကျောက်လင်းသည် သူမ၏အိတ်ကပ်ထဲမှ နတ်ဆိုးအမြုတေကို စမ်းကြည့်ရင်း ပြတင်းပေါက်မှတစ်ဆင့် လီမြစ်အခြေစိုက်စခန်းရှိရာ အရပ်ဆီသို့ ငေးကြည့်နေမိသည်။

"လီမြစ်အခြေစိုက်စခန်းဘက်မှာလည်း အဲဒီမိစ္ဆာတွေ ပေါ်လာလောက်မှာပဲ... လုချွမ်းနဲ့ ချီချီလေးတို့ အခု ဘယ်လိုနေကြမလဲ မသိဘူး"

ကျောက်လင်း၏ မျက်နှာတွင် စိုးရိမ်ပူပန်သော အမူအရာလေးတစ်ခု ခဏမျှ ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

သူမသည် သူမကိုယ်သူမ စိတ်ထဲမှပင် ပြန်၍လှောင်ပြောင်မိလိုက်သည်။ သူမ အမှန်တကယ်ပင် အပိုတွေ တွေးနေမိခြင်းပင်။ လုချွမ်းနှင့် ချီချီလေးတို့၏ စွမ်းအားနှင့်ဆိုလျှင် သူမအနေဖြင့် စိုးရိမ်နေရန် လုံးဝမလိုပေ။

ဒီဂြိုဟ်သားတွေက ငါ့ကိုတောင် မနိုင်ဘဲနဲ့ လုချွမ်းနဲ့ ချီချီလေးတို့ကို ယှဉ်ဖို့ ဘယ်မှာ အင်အားရှိမှာလဲ။

ယာဉ်တန်းနှင့်အတူ အခြေစိုက်စခန်းသို့ ပြန်ရောက်ရောက်ချင်းမှာပင် ကျောက်လင်းသည် အနားယူရန် အချိန်မရသေးဘဲ အစည်းအဝေးတက်ရောက်ရန် ညွှန်ကြားချက်ကို လက်ခံရရှိခဲ့သည်။ သူမအနေဖြင့် ကိုယ်လက်သန့်စင်မှုကို အမြန်ဆုံးလုပ်ဆောင်ကာ အစည်းအဝေးသို့ ခပ်သွက်သွက် ပြေးသွားခဲ့ရတော့သည်။

အစည်းအဝေး၏ အစီအစဉ်မှာမူ ကျောက်လင်းအနေဖြင့် ခန့်မှန်းနေစရာပင် မလိုချေ။ မကြာသေးမီက ပေါ်ပေါက်လာသော ဂြိုဟ်သားမိစ္ဆာများနှင့် ပတ်သက်နေမည်မှာ သေချာလှသည်။ အတန်ကြာအောင် ဤဂြိုဟ်သားမိစ္ဆာများကို ကိုင်တွယ်ဖြေရှင်းနေရခြင်းကြောင့် နဂါးပြည်နယ် အခြေစိုက်စခန်းတစ်ခုလုံးမှာ အသည်းအသန် အလုပ်ရှုပ်နေကြရသည်။

အစည်းအဝေးခန်းမအတွင်းသို့ လှမ်းဝင်လိုက်ရာ အဆင့်မြင့်အရာရှိကြီး အများစု ရောက်ရှိနေကြသည်ကို မြင်ရသဖြင့် ကျောက်လင်းက အားလုံးကို ခေါင်းညိတ်ပြလိုက်ပြီး အခြေစိုက်စခန်း တပ်မှူးကြီး၏ လက်ဝဲဘက်ရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။

"တပ်မှူးကျောက်... ဒီတစ်ခေါက် ပုတ်သင်ညိုလူသားတွေရဲ့ အင်အားက ဘယ်လောက်အထိ ရှိသလဲ"

ကျောက်လင်း ပြန်ရောက်လာသည်ကို မြင်သောအခါ အခြေစိုက်စခန်း တပ်မှူးကြီးသည် အစည်းအဝေးမစတင်မီ အခွင့်အရေးကို အရယူကာ မျက်မှောင်ကြုတ်လျက် တိုးတိုးလေး မေးလိုက်သည်။

"တပ်မှူးကြီး... အခြေအနေကတော့ သိပ်ပြီး အကောင်းမြင်လို့ မရသေးဘူး။ ကျွန်မတို့ဘက်က သူတို့ကို အကုန်သုတ်သင်နိုင်ခဲ့တယ် ဆိုပေမဲ့..."

"ပေါ်လာတဲ့ အဆင့် ၅ ပုတ်သင်ညိုလူသားတွေရဲ့ ခွန်အားက တဖြည်းဖြည်း မြင့်တက်လာနေသလို တစ်သုတ်နဲ့တစ်သုတ်မှာ ပါလာတဲ့ အရေအတွက်ကလည်း ပိုပိုများလာတယ်" ဟု ကျောက်လင်းက တည်ကြည်လေးနက်စွာဖြင့် ခေါင်းယမ်းလျက် ဖြေလိုက်သည်။

ချောင်ယန်အခြေစိုက်စခန်းတွင် အဆင့် ၆ ဆင့်ကဲပြောင်းလဲသူဖြစ်သည့် သူမ ရှိနေ၍သာ တော်တော့သည်။ မဟုတ်ပါက ဤပုတ်သင်ညိုလူသားအုပ်စုများကို ရင်ဆိုင်ရန် အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ကျောက်လင်းက ရှေ့ဆက်ရမည့်အလားအလာမှာ မကောင်းဘူးဟု ခံစားနေရသည်။ ဤပုတ်သင်ညိုလူသားများ၏ အရေအတွက်မှာ သေချာပေါက် နည်းပါးမည်မဟုတ်ပေ။ ၎င်းတို့ဘက်မှ အဆင့် ၅ အစွမ်းရှိသူများကို အကြိမ်ကြိမ် စေလွှတ်နိုင်သည်ဆိုကတည်းက တစ်ဖက်ခြမ်းတွင် အဆင့် ၆ အစွမ်းရှိသူများ ရှိနေနိုင်ခြေမှာ အလွန်ပင် မြင့်မားလှသည်။

အကယ်၍ အနာဂတ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်၌ သူမ၏ အဆင့် ၆ အင်အားကို ရန်သူ့ဘက်မှ အဆင့် ၆ တစ်ဦးက ထိန်းချုပ်ထားလိုက်မည်ဆိုပါက သူမ၏ အင်အားမတောင့်တင်းသေးသော လက်အောက်ငယ်သားများမှာ ပုတ်သင်ညိုစစ်တပ်ကို တောင့်ခံနိုင်ရန် ရုန်းကန်ရပေလိမ့်မည်။

ကျောက်လင်း၏ စကားကို ကြားရသောအခါ တပ်မှူးကြီး၏ မျက်နှာမှာ ပိုမိုလေးနက်သွားသော်လည်း ခေါင်းညိတ်ရုံသာ ပြုလုပ်ပြီး ဘာမှထပ်မပြောတော့ပေ။

မကြာမီ တက်ရောက်ရမည့်သူအားလုံး စုံလင်သွားသဖြင့် အစည်းအဝေးကို တရားဝင် စတင်လိုက်သည်။

တပ်မှူးကြီးက တည်ကြည်သော အမူအရာဖြင့် "ဒီနေ့ လူတိုင်းကို ဒီကိုခေါ်လိုက်ရတာက အကြောင်းအရာတစ်ခုကို အသိပေးဖို့ပါ..."

"လက်ရှိမှာ နဂါးပြည်နယ်တစ်ဝှမ်းက စုစုပေါင်း အခြေစိုက်စခန်း ၁၈ ခုထဲမှာ စခန်း ၄ ခုက ဒီဂြိုဟ်သားမျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကို ခံလိုက်ရပြီး မြို့ထဲကလူတွေအားလုံး အသတ်ခံလိုက်ရပါပြီ"

"အင်ပါယာမြို့တော်ကလာတဲ့ သတင်းအချက်အလက်တွေနဲ့ အဓိက အခြေစိုက်စခန်းတွေက ရရှိတဲ့ အကျဉ်းချုပ်တွေအရဆိုရင် ကျွန်တော်တို့ နဂါးပြည်နယ်အတွင်းမှာ ပေါ်ထွက်နေတဲ့ ဂြိုဟ်သားမျိုးနွယ်စုတွေထဲမှာ ပုတ်သင်ညိုလူသားတွေ၊ မြင်းလူသားတွေ၊ ကိုဘိုးလ်တွေ အပါအဝင် စုစုပေါင်း အမျိုးအစား ၁၁ မျိုးလောက်ရှိပြီး အရေအတွက်ကလည်း အရမ်းကို များပြားလွန်းတယ်"

"ဒါ့အပြင် ဒီဂြိုဟ်သားမျိုးနွယ်စုတွေက ဟင်းလင်းပြင်အက်ကြောင်းတွေကနေတစ်ဆင့် ကျွန်တော်တို့ကမ္ဘာထဲကို တခြားကမ္ဘာကနေ ရောက်လာကြတာဖြစ်ပြီး သူတို့နောက်ကွယ်မှာ တခြားကမ္ဘာတစ်ခုလုံးက ထောက်ပံ့ပေးနေတာပါ။ ပြောရမယ်ဆိုရင် ဒီဂြိုဟ်သားတွေရဲ့ ခြိမ်းခြောက်မှုက ဇွန်ဘီတွေထက် အဆပေါင်းများစွာ ပိုတယ်"

"မိဘပြည်သူတို့... အခုဆိုရင် လူသားမျိုးနွယ်က သေရေးရှင်ရေး တကယ်ကို အဆုံးအဖြတ်ပေးရမယ့် အချိန်ကို ရောက်နေပါပြီ "

ဤစကားကို ကြားလိုက်ရသောအခါ တက်ရောက်လာသူအားလုံးမှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။ အခြေစိုက်စခန်း ၄ ခု ပျက်စီးသွားသည်ကို ကြားသိထားသော်လည်း ဤဂြိုဟ်သားများ၏ ဇစ်မြစ်မှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ကျောက်လင်းသည်လည်း အံ့အားသင့်သွားမိသည်။ သို့သော်လည်း ဤဂြိုဟ်သားများ၏ အင်အားမှာ အမှန်တကယ်ပင် အစွမ်းထက်လှသည်။ သူမ၏ အရင်ဘဝတွင်လည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ဖူးရာ ရှေ့လျှောက် အခြေစိုက်စခန်းအသီးသီး၏ အခြေအနေမှာ ပိုမိုခက်ခဲလာတော့မည်ကို ခန့်မှန်းကြည့်နိုင်သည်။

သူမကိုယ်တိုင် စောင့်ကြပ်နေသည့် ချောင်ယန်အခြေစိုက်စခန်းပင်လျှင် အေးချမ်းနေလိမ့်မည် မဟုတ်ပေ။

"ဖြစ်နိုင်တာကတော့... ဟိုလူ လုချွမ်းနဲ့ ပူးပေါင်းဆောင်ရွက်မှသာ လူသားတွေအတွက် မျှော်လင့်ချက်အလင်းတန်းလေး တစ်ခုလောက် ရှိနိုင်လိမ့်မယ် "

သူမ စိတ်ထဲမှ တွေးနေမိသည်။

အခန်း။ ၄၅၂

သို့သော် ဤသည်မှာ သူမ၏ စိတ်ကူးသက်သက်သာ ဖြစ်သဖြင့် ကျောက်လင်းသည် ထိုအချက်ကို ချက်ချင်း ထုတ်မပြောခဲ့ပေ။

အမှန်စင်စစ်ပင် ဇွန်ဘီဘုရင်၏ ခြိမ်းခြောက်မှုကြီး ပြီးဆုံးသွားသည်မှာ မကြာသေးပေ။ လူတိုင်းက လုချွမ်းကို အလွန်အမင်း သတိထားနေကြဆဲဖြစ်ရာ အကယ်၍ သူမက ရုတ်တရက် ထပြောလိုက်ပါက အကျိုးထက် အပြစ်က ပိုများသွားနိုင်ပြီး အခြားသူများ၏ သံသယကိုပါ ဆွဲဆောင်သလို ဖြစ်သွားနိုင်သည်။

ထို့ကြောင့် သူမ သေချာစဉ်းစားပြီးနောက် အခြေအနေမှာ ယခုထက် ပိုမိုဆိုးရွားလာမည့် သင့်တော်သော အခွင့်အရေးမျိုးကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်ကျမှသာ တပ်မှူးကြီးနှင့် သီးသန့်ဆွေးနွေးခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။ ထိုအခါမှသာ လူများကလည်း လက်ခံရန် ပို၍ လွယ်ကူနိုင်သည်။

အစည်းအဝေး တက်ရောက်နေသူများမှာ အဆင့်မြင့်အရာရှိကြီးများ ဖြစ်ကြသဖြင့် ငတုံးများမဟုတ်ကြပေ။ တပ်မှူးကြီး၏ စကားအပြီးတွင် သူတို့အားလုံးမှာ အမှောင်အတိကျနေသော အနာဂတ်ကို ပြိုင်တူ မြင်ယောင်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ မျက်နှာများမှာ ပို၍ပင် မှိုင်တွေသွားကြတော့သည်။

ကျူးကျော်လာသော ဤဂြိုဟ်သားများ၏ နောက်ကွယ်တွင် ကမ္ဘာတစ်ခုလုံးက ထောက်ပံ့ပေးထားသော်လည်း လူသားမျိုးနွယ်မှာမူ ကမ္ဘာပျက်ကပ်ကြောင့် အင်အားများစွာ ဆုံးရှုံးထားရပြီး ဖြစ်သည်။ လက်ရှိတွင် အသက်ဆက်ရန်ပင် ခဲယဉ်းနေသည့် အခြေအနေမျိုး ဖြစ်နေသည်။

"တပ်မှူးကြီး... အခုဆိုရင် နဂါးပြည်နယ်တစ်ခုလုံးမှာ အခြေစိုက်စခန်း လေးခုတောင် ပျက်စီးသွားပြီ။ ကျန်တဲ့ စခန်းတွေရဲ့ အခြေအနေကလည်း သိပ်မကောင်းဘူး။ အင်ပါယာမြို့တော်

ဘက်ကရော ဘာညွှန်ကြားချက်များ ရှိပါသလဲ"

အဆင့်မြင့်အရာရှိတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။

"ဂြိုဟ်သားခြိမ်းခြောက်မှုကို ခံနေရတာ နဂါးပြည်နယ်တစ်ခုတည်း မဟုတ်ဘူး။ ပြည်နယ်တိုင်းလိုလိုမှာ ဂြိုဟ်သားတွေ ပေါ်နေတာ။ အခုအချိန်မှာ အင်ပါယာမြို့တော်ဟာ သူ့ပတ်ဝန်းကျင်က ပြည်နယ်တွေကိုတောင် မနည်းထိန်းနေရတာ။ ကျွန်တော်တို့ကို ကူညီဖို့ အင်အားမပိုတော့ဘူး "

ထိုစကားကို ကြားရသောအခါ အခြေစိုက်စခန်း တပ်မှူးကြီးက တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်စွာဖြင့် စိတ်ပျက်လက်ပျက် ခေါင်းယမ်းပြလိုက်သည်။

အင်ပါယာမြို့တော်သည် အရင်းအမြစ် ပေါကြွယ်ဝပြီး အခြေခံကောင်းများ ရှိသော်လည်း သူတို့ကိုယ်တိုင်ပင် အကျပ်ရိုက်နေချိန်တွင် နဂါးပြည်နယ်ဘက်သို့ လှည့်ကြည့်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သည့် အခြေအနေပင်။

တပ်မှူးကြီး၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း၏မျက်နှာတွင် စိတ်ပျက်အားလျော့မှုများ အထင်အရှား ပေါ်လွင်လာခဲ့သည်။

လက်ရှိအချိန်တွင် အခြေစိုက်စခန်း၏ တည်ငြိမ်မှုမှာ တပ်မှူးကျောက်၏ အစွမ်းအစကြောင့်သာ ဖြစ်သည်ကို လူတိုင်း သိရှိကြသည်။ သို့သော်လည်း တပ်မှူးကျောက်မှာ စက်ရုပ်တစ်ရုပ်မဟုတ်ပေ။ သူမအနေဖြင့်လည်း မတောင့်ခံနိုင်တော့သည့် အချိန်တစ်ခု ရောက်ရှိလာနိုင်သည်။

"ဒါဆိုရင် ကျွန်တော်တို့ အခု ဘာဆက်လုပ်သင့်သလဲ"

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ဦးက နောက်ဆုံးတွင် ထပ်မေးလိုက်သည်။

အခြေစိုက်စခန်း တပ်မှူးကြီးမှာ ခေါင်းယမ်းလျက် သက်ပြင်းချလိုက်ပြီး မည်သို့မျှ ပြန်လည်ဖြေကြားခြင်း မရှိဘဲ ကျောက်လင်း ဘက်သို့ လှည့်ကြည့်ကာ

"တပ်မှူးကျောက်... ရှေ့လျှောက် အခြေစိုက်စခန်းရဲ့ လုံခြုံရေးကတော့ တစ်ခုလုံး မင်းအပေါ်မှာပဲ မူတည်နေတော့မယ်။ အခြေစိုက်စခန်းတစ်ခုလုံးကလည်း မင်းကို အစွမ်းကုန် ပူးပေါင်းကူညီပေးမှာပါ" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ ကျောက်လင်းသည် ချက်ချင်းပင် အာရုံစူးစိုက်လိုက်ပြီး တည်ကြည်လေးနက်သော အမူအရာဖြင့်

"စိတ်ချပါ တပ်မှူးကြီး... ကျွန်မရဲ့ အသက်ရှင်နေတဲ့ ခန္ဓာကိုယ်ကို ကျော်ဖြတ်မသွားနိုင်သရွေ့တော့ ဒီဂြိုဟ်သားတွေ ကျွန်မတို့ရဲ့ အခြေစိုက်စခန်းကို တစ်စုံတစ်ရာ ထိပါးခွင့် ရစေမှာ မဟုတ်ပါဘူး "

လီမြစ်မြို့ အဆောက်အအုံအနီးရှိ ကိုဘိုးလ်ဇွန်ဘီမွေးမြူရေးစခန်း။

ဝူး... ဝူး...

မွေးမြူရေးစခန်းအတွင်း၌ ဇွန်ဘီအမြောက်အမြားမှာ ဦးတည်ချက်မရှိဘဲ ဖြည်းညှင်းစွာ လှုပ်ရှားသွားလာနေကြသည်။ စခန်း၏ အပြင်ဘက်တွင် ရှိနေသော အဆင့် ၆ ဇွန်ဘီ

များ၏ အရှိန်အဝါကို အာရုံခံမိနေကြသဖြင့် အမြင့်ဆုံး အဆင့် ၄ မျှသာရှိသော ဤအဆင့်မြင့်ဇွန်ဘီများထဲမှ မည်သည့်ဇွန်ဘီမျှ ပျော့ပျောင်းပုံရသည့် ဤမွေးမြူရေးစခန်းကို ကျူးကျော်ဖောက်ထွက်ရန် မဝံ့ရဲကြပေ။

မွေးမြူရေးစခန်းအတွင်း၌ ပေါ်ထွက်လာသော အဆင့် ၃ နှင့် အဆင့် ၄ အဆင့်မြင့်ဇွန်ဘီ အရေအတွက် အမြောက်အမြားကို ကြည့်ရင်း လုချွမ်း မှာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေတော့သတည်း။

"ချီချီလေး ပြောတာ တကယ်မှန်တာပဲ... ဒီကိုဘိုးလ်တွေရဲ့ ရုပ်အလောင်းတွေထဲမှာ စွမ်းအင်တွေ အမြောက်အမြား ပါဝင်နေတယ်။ သန္ဓေပြောင်းသားရဲတွေထက်တောင် ပိုပြီး စွမ်းအားကြီးသေးတယ်။ ဇွန်ဘီတွေကို ပြုစုပျိုးထောင်ဖို့အတွက်တော့ အကောင်းဆုံးပဲ"

လွန်ခဲ့သည့် ရက်များအတွင်း လုချွမ်း၏ မွေးမြူရေးစခန်းအတွင်းရှိ ဇွန်ဘီများ၏ ဆင့်ကဲပြောင်းလဲမှု နှုန်းထားမှာ ယခင်ကထက် များစွာ ပိုမိုမြန်ဆန်လာခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် ဇွန်ဘီတစ်သုတ်ကို ထုတ်ယူခဲ့ပြီးဖြစ်ရာ ယခုအခါ နောက်ထပ်တစ်သုတ်မှာလည်း အဆင်သင့်ဖြစ်လုနီးပါး ရှိနေပြီဖြစ်သည်။

လုချွမ်းအနေဖြင့် ကိုဘိုးလ်များကို အမဲလိုက်နေရုံသာမက လီမြစ်အတွင်းရှိ သောင်းကျန်းနေသော ငါးရိုင်းများကိုလည်း အဆက်မပြတ် ဖမ်းယူနေခဲ့သည်။

အမှန်စင်စစ် သူ၌ ဇွန်ဘီမွေးမြူရေးစခန်းတစ်ခုတည်း ရှိသည်မဟုတ်ပေ။ လီမြစ်မြို့အတွင်းရှိ မွေးမြူရေးစခန်း သုံးခုစလုံးမှာ အသားနှင့် သွေးအမြောက်အမြားကို လိုအပ်နေကြသည်။ ရံဖန်ရံခါမှ ရောက်ရှိလာတတ်သော ကိုဘိုးလ်စစ်တပ်တစ်ခုတည်းကိုသာ အားကိုးနေ၍တော့ လုံးဝ မလုံလောက်နိုင်ချေ။

လီမြစ်ကမ်းနားတွင်

ဝုန်း... ဝုန်း... ဝုန်း...

ရေထိန်းချုပ်သူ ၁ ၏ ထိန်းချုပ်မှုအောက်တွင် လှိုင်းလုံးကြီးများမှာ ကမ်းစပ်သို့ ရိုက်ခတ်လာပြီး မြစ်အတွင်းရှိ ငါးရိုင်းများကို ကုန်းပေါ်သို့ ပစ်တင်ပေးနေသည်။

နောက်တစ်ခဏတွင်တော့ မည်းနက်လှသော အကြေးခွံစူးချွန်များစွာနှင့် မီးလုံးများမှာ မိုးရွာသကဲ့သို့ ကျရောက်လာခဲ့ပြီး ကမ်းစပ်ရှိ ငါးရိုင်းအကောင်ပေါင်း ဆယ်ဂဏန်းခန့်ကို ချက်ချင်းပင် အပြတ်အသတ် သုတ်သင်လိုက်တော့သည်။

"ထူးဆန်းတယ်... ဘာလို့ နောက်ပိုင်းမှာ ငါးရိုင်းတွေရဲ့ အရေအတွက်က တဖြည်းဖြည်း နည်းလာရတာလဲ"

မီးလျှံ ၁ ၏ အမြင်အာရုံကို အသုံးပြု၍ လုချွမ်းသည် ကမ်းစပ်ရှိ ငါးရိုင်းအလောင်းများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

အရေအတွက်မှာ အလွန်နည်းပါးလွန်းနေသည်။ ယခင်ကဆိုလျှင် အနည်းဆုံးအခြေအနေ၌ပင် တစ်ခါပစ်တင်လျှင် အကောင်ရေ ရာနှင့်ချီ၍ ပါလာတတ်သော်လည်း ယနေ့တွင် ငါးရိုင်းအမဲလိုက်ခြင်းကို စတုတ္ထအကြိမ်မြောက် ပြုလုပ်နေခြင်းဖြစ်သော်လည်း တစ်ကြိမ်ထက်တစ်ကြိမ် ရေထိန်းချုပ်သူ ၁ ကုန်းပေါ်သို့ ပစ်တင်ပေးနိုင်သည့် ငါးရိုင်းအရေအတွက်မှာ လျော့နည်းလာခဲ့သည်။

လုချွမ်းအနေဖြင့် ရေထိန်းချုပ်သူ ၁ ကို သံသယမဖြစ်မိပေ။ အကြောင်းမှာ ယခင်ကလည်း ဤနည်းလမ်းအတိုင်းပင် အောင်မြင်စွာ လုပ်ဆောင်ခဲ့ဖူးသောကြောင့်ပင်။

ထို့ကြောင့် ဤအခြေအနေအတွက် ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသောအကြောင်းရင်းမှာ ရေအောက်ရှိ ငါးရိုင်းများ၏ သိပ်သည်းဆ လျော့နည်းသွားခြင်းပင်။

"ငါ အမဲလိုက်တာ များသွားလို့ တကယ်ပဲ မျိုးတုံးကုန်တာလား"

လုချွမ်းသည် သူ့ကိုယ်သူ ချက်ချင်းပင် မေးခွန်းပြန်ထုတ်မိသွားသည်။ သူ၏ ငါးဖမ်းနှုန်းမှာ အလွန်အကျွံ ဖြစ်သွားသလားဟု သံသယဝင်မိခြင်းပင်။

သို့သော် နောက်တစ်ခဏတွင်တော့ လုချွမ်းမှာ ဝေခွဲမရဖြစ်လျက် ခေါင်းကို ပြန်ယမ်းလိုက်သည်။ ယုတ္တိဗေဒအရဆိုလျှင် လီမြစ်သည် အရှေ့မှ အနောက်သို့ သွယ်တန်းနေပြီး အနံရော အလျားပါ ကမ္ဘာ့အဆင့်မီ ထင်ရှားသော မြစ်ကြီးတစ်စင်း ဖြစ်သည်။ ဤမျှ ကျယ်ပြောလှသော မြစ်ကြီးအတွင်းရှိ ငါးရိုင်းအရေအတွက်မှာ မကုန်ခမ်းနိုင်လောက်အောင် များပြားလှမည်သာ ဖြစ်သည်။

သူသည် အမဲလိုက်သည့် အကြိမ်ရေ စိပ်လှသည်ဆိုစေဦးတော့ ၎င်းမှာ လီမြစ်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ရှိသေးသည်။

"ဒီနားက ငါးတွေကို အကုန်ဖမ်းလိုက်ရင်တောင် တခြားနေရာက ငါးတွေ ပြန်ရောက်လာမှာပဲကို။ အခုကျမှ လီမြစ်ရဲ့ ဒီတစ်ကြောမှာ ငါးတွေက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် သိသိသာသာ ရှားသွားရတာလဲ"

တစ်ချိန်တည်းမှာပင် လီမြစ်၏ ရေအောက်ကြမ်းပြင်၌ အမှောင်အတိကျနေသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုအတွင်းမှ နတ်ဆိုးအငွေ့အသက်များမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး မြစ်ရေစီးကြောင်းနှင့်အတူ လီမြစ်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့နေသည်။

ဝူး...

ရေအောက်တွင် ရေစီးကြောင်းများ ကမောက်ကမဖြစ်လာကာ နတ်ဆိုးအငွေ့အသက်များ ဆူပွက်လာပြီးနောက် အက်ကြောင်းအတွင်းမှ ဧရာမ ပုံရိပ်ကြီးတစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ အခန်းတစ်ခန်းစာခန့် ကြီးမားသော ဦးခေါင်းပြားကြီးရှိသည့် ဧရာမ မြွေမိစ္ဆာကြီးတစ်ကောင် ဖြစ်သည်။ ၎င်းတွင် အေးစက်စွာ တောက်ပနေသော နီကျင်ကျင် မျက်လုံးငယ် သုံးစုံ ပါရှိပြီး ၎င်း၏ ပါးစပ်ကြီးမှာလည်း မေးရိုးအရင်းအထိ ကွဲအက်မတတ် ကျယ်ပြန့်လှကာ ထက်မြက်သော သွားကြီးများမှာ အစီအရင်အတိုင်း ရှိနေကြသည်။

မြွေမိစ္ဆာ၏ လည်ပင်းတွင် ၇ မီတာမှ ၈ မီတာခန့်အထိ ရှည်လျားသော အမည်းရောင် အာရုံခံမျှင်များ ပေါက်နေပြီး ရေထဲ၌ အဆက်မပြတ် လွင့်မျောနေသည်။ တစ်ကိုယ်လုံးကို အမည်းရောင် အကြေးခွံသံချပ်ကာများဖြင့် ဖုံးလွှမ်းထားကာ ချွေးပေါက်ငယ်များမှတစ်ဆင့် အမည်းရောင် အဆိပ်ငွေ့များကို ထုတ်လွှတ်လျက် မြစ်ရေစီးကြောင်းအတွင်းသို့ ရောနှောစေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဘေးပတ်ပတ်လည်မှ ထွက်ပြေးနေသော ငါးရိုင်းတစ်

ကောင်နှင့် မြစ်ကြမ်းပြင်ရှိ သတ္တဝါငယ်အချို့မှာ အဆိပ်မိသွားကြပြီး အချွဲများအဖြစ် အရည်ပျော်ကာ မြစ်ကြမ်းပြင် ရွှံ့နွံများအတွင်းသို့ ပျော်ဝင်သွားကြတော့သည်။

ဤမြွေမိစ္ဆာ၏ အရွယ်အစားမှာ အလွန်တရာ ကြီးမားလှရာ ၎င်း၏ အသေးဆုံးအပိုင်းပင်လျှင် စည်ပိုင်းတစ်ခုစာခန့် ထုထည်ရှိပြီး အလျားမှာ မီတာ ၃၀ ကျော် ရှည်လျားသဖြင့် လှုပ်ရှားမှုတိုင်းတွင် ဧရာမ စွမ်းအားများ ပါဝင်နေသည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် ရေလှိုင်းများမှာ တိတ်တဆိတ် ထွက်ပေါ်လာပြီး ၎င်း၏လမ်းကြောင်းပေါ်ရှိ ငါးရိုင်းများကို မူးဝေသွားစေသည်။

နောက်တစ်ခဏတွင်တော့ မြွေမိစ္ဆာ၏ နီရဲသော မျက်လုံးသုံးစုံမှာ ရေအောက်ရှိ ငါးရိုင်းများပေါ်သို့ ကျရောက်သွားခဲ့ပြီး လောဘတကြီးဖြင့် ပါးစပ်ကြီးကို ဟလိုက်သည်။ အသားစူးချွန်များဖြင့် ပြည့်နှက်နေသော လျှာကြီးနှင့် ထက်မြက်လှသော သွားများမှာ ရေထဲရှိ ငါးရိုင်းများကို စတင်ဝါးမြိုရန် အသင့်ဖြစ်နေတော့သည်။

ဤမြွေမိစ္ဆာ၏ အဆင်အခြင်မဲ့ အမဲလိုက်စားသောက်မှုအောက်တွင် လီမြစ်၏ ဤအပိုင်းရှိ ငါးရိုင်းများသည် မြွေ၏ပါးစပ်အတွင်း၌ အသက်ပျောက်ကြရသည်ဖြစ်စေ သို့မဟုတ် ဤနေရာမှ ဝေးရာသို့ ထွက်ပြေးကြသည်ဖြစ်စေ ရလဒ်အနေဖြင့် ဤနေရာရှိ ငါးရိုင်းဦးရေမှာ အကြီးအကျယ် လျော့နည်းသွားခဲ့ရခြင်းပင်။

All Chapters