← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 46 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 46 Ch. 459-460

အခန်း။ ၄၅၉

"လုချွမ်း... ဂြိုဟ်သားကျူးကျော်မှုဆိုတာ လူသားတွေရဲ့ ပြဿနာသက်သက် မဟုတ်တော့ဘူး။ တစ်နေ့နေ့ကျရင် ရှင်လည်း ဒီဂြိုဟ်သားခြိမ်းခြောက်မှုတွေကို မလွဲမသွေ ရင်ဆိုင်ရမှာပဲ။

ရှင်က ဇွန်ဘီဘုရင်တစ်ပါးပဲ။ ဒီဂြိုဟ်သားတွေကို တိုက်ထုတ်ဖို့အတွက် ဇွန်ဘီတွေရဲ့ အင်အားအားလုံးကို စုစည်းသင့်ပြီ"

ကျောက်လင်းက ဆက်ပြောလိုက်သည်။

ယခုတစ်ခေါက် သူမလာရခြင်း၏ ရည်ရွယ်ချက်မှာ လုချွမ်းကို လီမြစ်မြို့ပြင်ပသို့ ခြေလှမ်းလှမ်းစေရန်နှင့် ဂြိုဟ်သားများကို ခုခံရန်အတွက် ဇွန်ဘီမျိုးနွယ်စု၏ အင်အားကို ပေါင်းစည်းရန် ဖျောင်းဖျရန်ပင်။ ဤသို့ဖြင့် လူသားများဘက်မှ ခံစားနေရသော ဖိအားများမှာလည်း များစွာလျော့ပါးသွားပေလိမ့်မည်။

ယခင်က လူသားများနှင့် လုချွမ်းကြားတွင် တစ်ဦးနှင့်တစ်ဦး မနှောင့်ယှက်ကြေးဟူသော နားလည်မှုရှိခဲ့သော်လည်း ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ရာ လူသားများအနေဖြင့် လုချွမ်း၏ အင်အားကို အမှန်တကယ် လိုအပ်နေပြီဖြစ်သည်။

ဘေးနားရှိ ကျိရုရွှယ်မှာမူ မျက်မှောင်ကြုတ်သွားမိသည်။ ဖခင်ဖြစ်သူ အပြင်သို့ထွက်၍ ကူညီပေးမည့်အရေးကို သူမ မကန့်ကွက်သော်လည်း လက်ရှိတွင် လူသားမျိုးနွယ်၏ အခြေအနေမှာ အမှန်တကယ်ပင် မကောင်းလှချေ။ သို့သော် လောလောဆယ်တွင် လီမြစ်အခြေစိုက်စခန်းအတွင်းရှိ အင်အားမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီး အပြင်ဘက်သို့ ထပ်မံစေလွှတ်ရန် အင်အားအပိုဟူ၍ မရှိသလောက်ပင်။

သူမကိုယ်တိုင်မှာလည်း မိုးကြိုးဟိန်းသံ၊ လိပ်ကြီးနှင့် ရေစွမ်းအင်ရှင် ၁ တို့ကို ဦးဆောင်ကာ လီမြစ်ရေအောက်ရှိ အက်ကြောင်းကို စောင့်ကြပ်ရင်း မျက်လုံးနီ နတ်ဆိုးမြွေများကို ကိုင်တွယ်ကာ ဖြေရှင်းနေရသည်။

သူမဖခင်၏ အဆင့်မြင့် ဇွန်ဘီရုပ်သေး အများစုမှာလည်း ဟင်းလင်းပြင်အက်ကြောင်းကို စောင့်ကြပ်နေကြရပြီး အခြေစိုက်စခန်းကို ကာကွယ်ရန်အတွက်လည်း အင်အားအချို့ ချန်ထားရသေးရာ အပိုအင်အားဟူ၍ မရှိတော့ချေ။ အကယ်၍ သူမဖခင်အနေဖြင့် လီမြစ်မြို့ကို စွန့်ခွာလိုပါက ဤအဆင့်မြင့် ဇွန်ဘီရုပ်သေးများကို ချက်ချင်း ပြန်လည်ရုပ်သိမ်းရန်မှာ မလွယ်ကူပေ။ လီမြစ်မြို့ကို အခြေစိုက်စခန်းအဖြစ် စွန့်လွှတ်ကာ အက်ကြောင်းနှစ်ခုကို လျစ်လျူရှုလိုက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

ကျိရုရွှယ်၏ ဘေးတွင် ထိုင်နေသော လုချွမ်းသည် ထိုစကားကို ကြားသောအခါ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။ ကျောက်လင်း၏ အတွေးမှာ သူ ယခင်က စိုးရိမ်ခဲ့သော အချက်နှင့် ထပ်တူကျနေခြင်းပင်။

ဂြိုဟ်သားကျူးကျော်မှုမှာ ဆက်လက်ပြင်းထန်လာမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပြီး ဤကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လုချွမ်းသည်လည်း သဘာဝအရ ဂြိုဟ်သားများနှင့် ရန်ဘက်ပင်။ အနာဂတ်တွင် ဂြိုဟ်သားစစ်တပ်များနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံကာ ရင်ဆိုင်တိုက်ခိုက်လိုပါက ဇွန်ဘီစစ်တပ်ကြီးကို ဆင့်ခေါ်ရန်မှာ အမှန်တကယ်ပင် လိုအပ်လာပေလိမ့်မည်။

လက်ရှိ သူ၏ ဆဋ္ဌမအဆင့် စွမ်းအားနှင့်သာဆိုလျှင် ဇွန်ဘီဘုရင်တစ်ပါး၏ ထိန်းချုပ်နိုင်စွမ်းကို အပြည့်အဝ အသုံးချလိုက်သည်နှင့် အချိန်တိုအတွင်း သန်းနှင့်ချီသော ဇွန်ဘီစစ်တပ်ကြီးကို စုစည်းနိုင်မည် ဖြစ်သည်။ ထို့နောက် ဇွန်ဘီမျိုးနွယ်စု တစ်ခုလုံး၏ အင်အားကို အသုံးပြု၍ တစ်ခြားကမ္ဘာမှ သတ္တဝါများကို ပြန်လည် တိုက်ခိုက်နိုင်ပေမည်။

လုချွမ်း၏ အမြင်အရ ဤဇွန်ဘီစစ်တပ်ကြီးသည် ဆုတ်ယုတ်ပျက်စီးနေသော လူသားမျိုးနွယ်တစ်ခုလုံးကို မကယ်တင်နိုင်လျှင်ပင် အနီးအနားရှိ နဂါးပြည်နယ်၏ အခြေအနေကိုမူ ရှုံးနိမ့်ရာမှ အောင်ပွဲသို့ အခက်အခဲမရှိ ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။

သို့သော်လည်း ဤအစီအစဉ်၏ သော့ချက်မှာ လီမြစ်မြို့ပြင်ပသို့ ခြေလှမ်းလှမ်းရန်ပင်။ အကယ်၍ လီမြစ်မြို့အတွင်း၌သာ ဆက်နေမည်ဆိုပါက လုချွမ်းအနေဖြင့် သန်းနှင့်ချီသော ဇွန်ဘီစစ်တပ်ကို လျင်မြန်စွာ စုစည်းရန်မှာ မဖြစ်နိုင်ပေ။

အကြောင်းမှာ ကမ္ဘာပျက်ကပ် မတိုင်မီကပင် လီမြစ်မြို့၏ လူဦးရေမှာ ထိုမျှအထိ မများပြားခဲ့ပေ။ ဇွန်ဘီများ ဖြစ်သွားပြီးနောက်တွင်လည်း ကာလရှည်ကြာစွာ ဝါးမြိုခံရမှုများနှင့် အမဲလိုက်ခံရမှုများကြောင့် ယခုအခါ ဇွန်ဘီဦးရေမှာ တစ်သန်းပင် မပြည့်တော့ချေ။

"ကျောက်လင်း... ပြင်ပက အခြေအနေတွေကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် အပြင်ထွက်မှာပါ။ ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်သေးဘူး"

လုချွမ်းက ခေါင်းယမ်းလျက် ကျောက်လင်းကို ပြန်ပြောလိုက်သည်။

အမှန်စင်စစ် လုချွမ်း၌ အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်သည်။ ၎င်းမှာ ဂြိုဟ်သားများကို ရင်ဆိုင်ရန် လီမြစ်မြို့မှ မထွက်ခွာမီ အဆင့် ၇ သို့ အရင်ဆုံး တက်လှမ်းနိုင်ရန် ပြင်ဆင်ခြင်းပင်။ လက်ရှိတွင် သူကိုယ်တိုင်မှာ ဆဋ္ဌမအဆင့်၌သာ ရှိနေသေးရာ သူ၏ လက်အောက်ငယ်သားများမှာလည်း အမြင့်ဆုံး ဆဋ္ဌမအဆင့်ရှိ ဇွန်ဘီရုပ်သေးများသာ ဖြစ်ကြသည်။ ဤအင်အားမှာ မနည်းလှသော်လည်း သူ၏အမြင်တွင်မူ စိတ်ချရလောက်သည့် အခြေအနေသို့ မရောက်သေးချေ။

လုချွမ်း၏ အဖြေကြောင့် ကျောက်လင်းမှာ အနည်းငယ် စိတ်ပျက်သွားမိသည်။

ယခုတစ်ခေါက် လာရောက်ဖျောင်းဖျခြင်းမှာ ချောချောမွေ့မွေ့ ဖြစ်လိမ့်မည်မဟုတ်ကြောင်း သူမ ကြိုတင်သိရှိထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီဘုရင်ဖြစ်သူ လုချွမ်းသည် လူသားများနှင့် နက်ရှိုင်းသော ပဋိပက္ခများ ရှိခဲ့ဖူးပြီး ယခုကဲ့သို့ ဂြိုဟ်သားများကို တိုက်ခိုက်ပေးရန် လာရောက်တောင်းဆိုခြင်းမှာ လူသားများ၏ ဖိအားကို လျှော့ချပေးရန်ဖြစ်ကြောင်း ထင်ရှားနေသောကြောင့်ပင်။ သူ၏ ငြင်းဆိုမှုမှာလည်း မျှော်လင့်ထားသည့်အတိုင်းပင်။

သို့သော်လည်း နဂါးပြည်နယ်အတွင်းရှိ အခြေစိုက်စခန်း အသီးသီးအတွက်နှင့် လူသားမျိုးနွယ်၏ ရှေ့ရေးအတွက် ကျောက်လင်းသည် လက်မလျှော့ဘဲ ဆက်လက်၍ ဖျောင်းဖျရန် ကြိုးပမ်းလိုက်သည်။

"လုချွမ်း... အခု ကျူးကျော်လာတဲ့ ဂြိုဟ်သားတွေက ဒီကမ္ဘာပေါ်က သက်ရှိမှန်သမျှကို ရန်သူလို သဘောထားနေကြတာ။ လူသားတွေ၊ သားရဲရိုင်းတွေနဲ့ ဇွန်ဘီတွေအားလုံးက သူတို့ရဲ့ အမဲလိုက်စာရင်းထဲမှာ ပါဝင်နေတယ်။ အခုအချိန်မှာ လူသားတွေနဲ့ ဇွန်ဘီတွေမှာ ဘုံရန်သူ ရှိနေပြီ။ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ ငါတို့မျိုးနွယ်စု နှစ်ခုက ပူးပေါင်းဆောင်ရွက်သင့်တယ်။ နှုတ်ခမ်းမရှိရင် သွားတွေ အေးရတယ်ဆိုတဲ့ အခြေခံသဘောတရားကို ရှင် နားလည်မှာပါ"

ဂြိုဟ်သားကျူးကျော်မှုကို ရင်ဆိုင်နေရသော်လည်း လူသားများသည် သူတို့၏ အမွေအနှစ်များနှင့် ခိုင်ခံ့ထုထည်ကြီးမားသော တံတိုင်းများကြောင့် လုံးဝဥဿုံ ပျက်သုဉ်းသွားခြင်းမျိုးတော့ မရှိသေးပေ။

သို့သော်လည်း နေ့စဉ်နှင့်အမျှ ဆုံးရှုံးမှုများမှာ အလွန်အမင်း များပြားလှသည်။ နဂါးပြည်နယ်တစ်ခုတည်းကိုပင် ကြည့်လျှင် ဂြိုဟ်သားများကို ခုခံရန်အတွက် အခြေစိုက်စခန်းတိုင်းတွင် နေ့စဉ် လူတစ်ရာထက်မနည်း ထိခိုက်သေဆုံးမှုများနှင့် ရင်ဆိုင်နေရသည်။

ဤအရေအတွက်မှာ များလှသည်မဟုတ်ဟု ထင်ရသော်လည်း ၎င်းမှာ တစ်ရက်စာမျှသာ ရှိသေးသည်။ အချိန်ကြာလာသည်နှင့်အမျှ စုပြုံလာသောအခါ ချောင်ယန်အခြေစိုက်စခန်းကဲ့သို့ နေရာမျိုးပင်လျှင် ပြိုလဲသွားနိုင်သည်။

အဆိုးရွားဆုံးအချက်မှာ ဂြိုဟ်သားတို့၏ အင်အားမှာ အဆုံးအစမရှိသကဲ့သို့ ဖြစ်နေခြင်းပင်။ အုပ်စုတစ်စုကို သတ်ဖြတ်လိုက်တိုင်း နောက်တစ်နေ့တွင် နောက်တစ်အုပ်စုမှာ ထပ်မံပေါ်ထွက်လာပြီး ၎င်းတို့၏ စွမ်းအားမှာလည်း ပိုမိုကြီးမားလာနေသည်။

ကျောက်လင်း၏ ဖျောင်းဖျမှုကို နားထောင်ပြီးနောက် လုချွမ်းက ပြုံးလိုက်သည်။ သူမ၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာကို ကြည့်ကာ လုချွမ်းက

"စိတ်မပူပါနဲ့... မကြာခင်မှာ ကျွန်တော် အပြင်ထွက်မှာပါ။ လောလောဆယ်တော့ ပြင်ဆင်စရာလေးတွေ ရှိနေလို့ပါ။ လူသားတွေနဲ့ ပူးပေါင်းဖို့ကိစ္စကိုတော့... မင်း လူသားမျိုးနွယ်ရဲ့ အမြင့်ဆုံးခေါင်းဆောင် ဖြစ်လာတဲ့အခါကျမှပဲ ပြန်ဆွေးနွေးကြတာပေါ့" ဟု ပြောလိုက်သည်။

ကျောက်လင်း ပြောသည်မှာ မှန်ကန်ကြောင်း လုချွမ်း ဝန်ခံသော်လည်း သူ၏ အတိတ်အတွေ့အကြုံများနှင့် လူသားတို့အပေါ် ထားရှိသော သူ၏အမြင်များကြောင့် လူသားများကို အပြည့်အဝ ယုံကြည်ရန်မှာ မဖြစ်နိုင်သေးပေ။

တကယ်လို့ လူသားတွေရဲ့ ဖိအားကို ကူညီလျှော့ချပေးပြီးတဲ့နောက်မှာ လူသားတွေက ငါ့ကို ပြန်တိုက်လာရင် ဘယ်လိုလုပ်မလဲ။

ဤကမ္ဘာတွင် မည်သည့်အရာမှ အတည်မရှိပေ။ လူသားအများစုမှာ ဇွန်ဘီများကို မုန်းတီးကြသည်ဖြစ်ရာ ဤဖြစ်နိုင်ခြေကို လျစ်လျူရှု၍ မရပေ။ ထို့ကြောင့် လုချွမ်းသည် ပိုမိုကြီးမားသော အင်အားကို ပိုင်ဆိုင်ချိန်ကျမှသာ လီမြစ်မြို့မှ ထွက်ခွာပြီး ဂြိုဟ်သားများကို စတင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

"..."

ကျောက်လင်းသည် ထပ်မံဖျောင်းဖျချင်သေးသော်လည်း လုချွမ်း၏ ပြတ်သားသော အမူအရာကို မြင်သောအခါ စကားစကို ရပ်လိုက်ရတော့သည်။ သူမသည် သက်ပြင်းတစ်ချက်ကိုသာ လေးပင်စွာ ချလိုက်ပြီး ထပ်မံ၍ အတင်းအကျပ် မတောင်းဆိုတော့ပေ။ အမှန်တကယ်ပင် လုချွမ်းကဲ့သို့သော သူမျိုးကို အချိန်တိုအတွင်း အပြင်ထွက်လာအောင် လုပ်ရန်မှာ အလွန်ခက်ခဲလှသည်။

"ကဲ... ဒီအကြောင်းတွေ မပြောကြရအောင်တော့။ အန်တီ ဒီအထိ လာခဲ့ရတာဆိုတော့ တစ်ခုခုစားပြီးမှ ပြန်ပါလား"

လုချွမ်းက ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။

ထိုဖိတ်ခေါ်မှုကို ကျောက်လင်းက မငြင်းဆန်ခဲ့ဘဲ ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လုချွမ်းသည် မီးဖိုချောင်ဆီသို့ ဦးတည်သွားတော့သည်။

စားသောက်ပြီးနောက် လုချွမ်းသည် ကျောက်လင်းကို ပြန်လည်ပို့ဆောင်ရန် ကျိရုရွှယ်နှင့်အတူ လိုက်ပါလာခဲ့သည်။

"လမ်းခရီးမှာ ဘေးကင်းပါစေ"

လုချွမ်းက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"သွားတော့မယ်နော်..."

ကျိရုရွှယ်သည် ရဟတ်ယာဉ်ဆီသို့ လျှောက်သွားသော ကျောက်လင်းကိုကြည့်ကာ နှမြောတသဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

"ကောင်းပါပြီ လုချွမ်း... ချီချီလေး။ နောက်မှ ပြန်တွေ့ကြတာပေါ့"

ကျောက်လင်းက ပြန်လည်နှုတ်ဆက်ကာ ရဟတ်ယာဉ်ပေါ်သို့ တက်လိုက်သည်။

ဝူး... ဝူး... ဝူး...

ရဟတ်ယာဉ်သည် စတင်နိုးလာပြီး ကောင်းကင်ယံသို့ အမြန်ပျံတက်သွားခဲ့သည်။ လုချွမ်းနှင့် ကျိရုရွှယ်တို့၏ အကြည့်အောက်တွင်ပင် ဝေးရာသို့ ဦးတည်ပျံသန်းသွားတော့သည်။

ရဟတ်ယာဉ် မောင်းနှင်ခန်းအတွင်း၌ ကျောက်လင်းသည် ရှေ့မှ အခြေအနေများကို စောင့်ကြည့်နေစဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ သူမ၏ ရင်ဘတ်အတွင်းမှ စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူလိုက်သည်။ ဤစာအုပ်ငယ်လေးမှာ ညစာစားပြီး ဗီလာမှ ထွက်ခွာလာချိန်တွင် ချီချီလေးက သူမကို တိတ်တဆိတ် ထည့်ပေးလိုက်ခြင်းပင်။

ချီချီလေးက နောက်ထပ် ကိုယ်ခံပညာကျမ်းတစ်စုပ် ပေးလိုက်သည်လားဟု သိချင်စိတ်ဖြင့် ကျောက်လင်းသည် ထိုစာအုပ်ကို စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်လိုက်သည်။ စာအုပ်ကို ဖွင့်လိုက်သည်နှင့် ကျောက်လင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မျက်နှာတွင် အံ့အားသင့်မှုများ အတိုင်းသား ပေါ်လာခဲ့သည်။

ထိုစာအုပ်ငယ်လေးအတွင်း၌ အခြားကမ္ဘာမှ သတ္တဝါများ၏ အကြောင်းများ၊ ၎င်းတို့၏ စွမ်းရည်များနှင့် အားနည်းချက်များကို အသေးစိတ် ဖော်ပြထားသောကြောင့်ပင်။ ကျောက်လင်းသည် အတိုင်းမသိ ဝမ်းသာသွားခဲ့ရသည်။

ရတနာပဲ။

ဤအရာမှာ စာအုပ်ငယ်လေးတစ်အုပ်မျှသာ ဖြစ်သော်လည်း ကျောက်လင်းအတွက်မူ အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။ ဤစာအုပ်ရှိနေလျှင် လူသားမျိုးနွယ်သည် နောင်တွင် ဂြိုဟ်သားများနှင့် တိုက်ခိုက်ရာ၌ အမြဲတမ်း အရှုံးပေးနေရမည့် အခြေအနေမျိုး ရှိတော့မည်မဟုတ်ပေ။

အခန်း။ ၄၆၀

"ဒီတစ်ဘဝမှာတော့ အန်တီကျောက်လင်းရဲ့ လမ်းပြမှုနဲ့အတူ လူသားတွေ စည်းစည်းလုံးလုံးနဲ့ ပြင်ပရန်သူကို ရင်ဆိုင်နိုင်ကြပါစေလို့ပဲ မျှော်လင့်ရတော့မယ်...

ယခင်ဘဝတုန်းကလို ဖိအားတွေအောက်မှာတင် တစ်ယောက်တစ်ပေါက် ဖြစ်ကြပြီး တစ်စစီ ပြိုကွဲမသွားစေနဲ့တော့..."

ကျိရုရွှယ်သည် ကောင်းကင်ယံ၌ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ရဟတ်ယာဉ်ကို ငေးကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

သူမ၏ အတိတ်ဘဝတွင် ဂြိုဟ်သားကျူးကျော်မှုကို လူသားများ တုံ့ပြန်ပုံမှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။ ဂြိုဟ်သားများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရချိန်၌ပင် ပြည်နယ်တစ်ခုချင်းစီနှင့် အခြေစိုက်စခန်းတစ်ခုချင်းစီမှာ ကိုယ့်အကျိုးစီးပွားအတွက်သာ ကိုယ် ကြည့်နေခဲ့ကြသည်။ တစ်ခါတစ်ရံတွင် မြို့တော်မှ ထုတ်ပြန်သော အမိန့်များသည်ပင် ကိုယ်ကျိုးစီးပွားနှင့် ငြိစွန်းပါက ပယ်ချခြင်း ခံခဲ့ရသည်။ ထိုသို့ စည်းလုံးမှုမရှိခြင်းကြောင့်ပင် လူသားတို့၏ အင်အားစုများက တစ်ခုချင်းစီ အချေမှုန်းခံခဲ့ရပြီး ဂြိုဟ်သားများ၏ လက်အောက်တွင် အရေးနိမ့်ခဲ့ရခြင်းပင်။

သို့သော် ယခုတစ်ဘဝတွင်မူ အဆင့် ၆ ဆင့်ကဲပြောင်းလဲသူဖြစ်သည့်အပြင် ထိပ်တန်းခေါင်းဆောင်မှုသို့ တက်လှမ်းရန် ရည်မှန်းချက်ကြီးမားသော ကျောက်လင်း ရှိနေပြီဖြစ်ရာ ရလဒ်မှာ ပြောင်းလဲသွားနိုင်ဖွယ် ရှိသည်။

ဂြိုဟ်သားကျူးကျော်မှုနှင့် ပတ်သက်လျှင် ယခင်ဘဝနှင့် မတူညီသည့်အချက်မှာ ယခုဘဝတွင် လူသားမျိုးနွယ်၌ ကျောက်လင်းအပြင် ဇွန်ဘီဘုရင်ဖြစ်သည့် သူမ၏ဖခင်ပါ ရှိနေခြင်းပင်။

ဖေဖေသာ လီမြစ်မြို့ပြင်ကို ထွက်ပြီး ဇွန်ဘီမျိုးနွယ်စုရဲ့ အင်အားကို စုစည်းလိုက်မယ်ဆိုရင်တော့ ဂြိုဟ်သားတွေအတွက် တကယ်ကို ခက်ခဲတဲ့အချိန်တွေ ရောက်လာတော့မှာပဲ။

ကျိရုရွှယ်၏ အမြင်တွင်မူ အမှန်တကယ် စည်းလုံးသွားသော ဇွန်ဘီစစ်တပ်သည် လူသားတို့ထက် မနိမ့်ပါးသည့်အပြင် ဂြိုဟ်သားများနှင့် တိုက်ခိုက်ရာတွင် ရဲစွမ်းသတ္တိ၌ လူသားများထက်ပင် သာလွန်နိုင်သေးသည်။

"ဒါနဲ့... အတိတ်ဘဝတုန်းက ရှေးဟောင်းအမွေအနှစ် နေရာတချို့ဆိုရင် အခုလောက်ဆို ပေါ်ထွက်လာသင့်ပြီပဲ။

လူသားတွေ အဲဒီနေရာတွေကို ရှာတွေ့သွားပြီလား မသိဘူး... မတွေ့သေးတာလည်း ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်တော့ အန်တီကျောက်လင်းက ပြောပြမှာပဲလေ"

သူမက တစ်ကိုယ်တည်း တွေးတောနေမိတော့သည်။

ရုတ်တရက် ကျိရုရွှယ်မှာ တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် သူမ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

ယခင်ဘဝတုန်းက လူသားများသည် ရှေးဟောင်းအမွေအနှစ်နေရာအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ထိုနေရာများမှ ကျင့်စဉ်များနှင့် ရတနာများစွာကိုလည်း ရရှိခဲ့ကြသည်။ သာမန်လူများဖြစ်စေ ဆင့်ကဲပြောင်းလဲသူများဖြစ်စေ ထိုကျင့်စဉ်များနှင့် ရတနာများကို အသုံးချခြင်းဖြင့် အင်အားများ သိသိသာသာ တိုးတက်လာခဲ့ကြပြီး တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားချိန်တွင် လူသားမျိုးနွယ်တစ်ခုလုံး၏ စွမ်းအားမှာလည်း မြင့်တက်လာခဲ့သည်။

ဤအချက်ကြောင့်ပင် လူသားများသည် ကနဦးပိုင်းတွင် ကျဆင်းနေခဲ့သော်လည်း ဂြိုဟ်သားကျူးကျော်မှုကို ဇွဲနပဲဖြင့် ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့ခြင်းပင်။ ထိုရှေးဟောင်းအမွေအနှစ်နေရာများ၏ ဇာစ်မြစ်မှာလည်း အလွန်ထူးခြားလှသည်။ လူသားများသည် ရှေးဟောင်းပစ္စည်းများကို ကာလရှည်ကြာစွာ စစ်ဆေးဆန်းစစ်ပြီးနောက် နိဂုံးတစ်ခုကို ချမှတ်နိုင်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဤကမ္ဘာပေါ်တွင် ကျင့်ကြံသူများရှိခဲ့ဖူးပြီး အကြောင်းရင်းတစ်ခုခုကြောင့် ကွယ်ပျောက်သွားခဲ့ကြခြင်းပင်။ ဤရှေးဟောင်းနေရာများသည် ထိုခေတ်ကာလမှ ကျန်ရစ်ခဲ့ခြင်းဖြစ်ကာ အတွင်းရှိ ရတနာများနှင့် ကျင့်စဉ်များမှာလည်း ထိုခေတ်က ကျင့်ကြံသူများ၏ လက်ရာများပင်။

ထို့အပြင် ကျိရုရွှယ်ကိုယ်တိုင်လည်း လူသားမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် ယခင်ဘဝက ထိုရှေးဟောင်းနေရာများကို စူးစမ်းခဲ့ဖူးသည်။ သူမ ယခုကျင့်ကြံနေသည့် မြတ်ကမ္ဘာအလင်း အသက်ရှူကျင့်စဉ်မှာလည်း ထိုနေရာများထဲမှ တစ်ခုတွင် ရှာတွေ့ခဲ့ခြင်းဖြစ်ကာ ထိပ်တန်းပညာရှင်တစ်ဦး ချန်ရစ်ခဲ့သည့် အလွန်ထူးခြားသော ကျင့်စဉ်တစ်ခု ဖြစ်သည်။

"ချီချီလေး... သမီးအန်တီ ကျောက်လင်းလည်း ထွက်သွားပြီဆိုတော့ ဖေဖေတို့လည်း အိမ်ပြန်ကြရအောင်"

ထိုစဉ် လုချွမ်းက အတွေးထဲ နစ်မျောနေသော ကျိရုရွှယ်ကို ကြည့်ကာ သူမ၏ လက်ကလေးကို ဆွဲ၍ အိမ်သို့ ခေါ်သွားခဲ့သည်။ ကျိရုရွှယ်လည်း သတိပြန်ဝင်လာကာ ဖခင်ဖြစ်သူနောက်သို့ လိုက်ပါလာခဲ့သော်လည်း သူမ၏ မျက်ဝန်းထဲတွင်တော့ စဉ်းစားခန်းဖွင့်နေသည့် အရိပ်အယောင်များ ရှိနေဆဲပင်။

ဤရှေးဟောင်းနေရာများသည် လူသားများသာ သွားရောက်နိုင်သည့် နေရာမျိုး မဟုတ်ပေ။ သူမအနေဖြင့် တည်နေရာများကို သိရှိထားပြီးဖြစ်ရာ ဤအခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်ပေ။

နောက်ထပ် အချိန်အနည်းငယ်ကြာလို့ ငါ အဆင့် ၇ ကို တက်လှမ်းနိုင်ပြီဆိုရင် ဖေဖေကိုခေါ်ပြီး အရှေ့ပင်လယ်မှာရှိတဲ့ ရှေးဟောင်းနေရာကို သွားရမယ်။

အဲဒီထဲမှာ ကောင်းတဲ့ပစ္စည်းတွေ အများကြီးရှိတာ ငါမှတ်မိသေးတယ်။ အတိတ်ဘဝတုန်းက ဆင့်ကဲပြောင်းလဲသူ အများကြီးက အဲဒီမှာ ကံထူးခဲ့ကြပြီး အင်အားတွေ အဆမတန် တိုးတက်သွားခဲ့ကြတာပဲ။

ကျောက်လင်း ထွက်ခွာသွားပြီးနောက် လုချွမ်းနှင့် ကျိရုရွှယ်တို့မှာ သူတို့၏ ပုံမှန်နေ့စဉ်ဘဝထဲသို့ ပြန်လည်ရောက်ရှိသွားကြသည်။

လုချွမ်းသည် ထုံးစံအတိုင်း ဇွန်ဘီရုပ်သေးများကို စေခိုင်းကာ လုပ်ငန်းဆောင်တာအမျိုးမျိုးကို လုပ်ဆောင်စေပြီး ကျိရုရွှယ်မှာမူ မျက်လုံးနီ နတ်ဆိုးမြွေများကို နေ့စဉ်အမဲလိုက်ကာ မြွေနီဇွန်ဘီမွေးမြူရေးစခန်းအတွက် အသားနှင့် သွေးများကို ထောက်ပံ့ပေးနေသည်။ ကျန်ရှိသော အချိန်များတွင်တော့ သူမသည် စွမ်းအင်ဆေးရည်များ ဖော်စပ်ခြင်းနှင့် ကျင့်စဉ်လေ့ကျင့်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ တစ်ပတ်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။

ဂြိုဟ်သားကျူးကျော်မှုမှာ ပိုမိုပြင်းထန်လာခဲ့ပြီး လူသားမျိုးနွယ်မှာလည်း သူတို့၏ အင်အားရှိသမျှကို အသုံးပြုကာ အသည်းအသန် ခုခံနေကြရသည်။ တိုက်ပွဲများမှာ အလွန်ပြင်းထန်သော အခြေအနေသို့ ရောက်ရှိနေပြီး လူသားများဘက်မှ အသေအပျောက် များပြားနေသလို ဆင့်ကဲပြောင်းလဲသူ အများအပြားမှာလည်း ဂြိုဟ်သားများ၏ လက်ချက်ဖြင့် ကျဆုံးနေကြရသည်။

သို့သော်လည်း ဂြိုဟ်သားများအတွက်လည်း လွယ်ကူလှသည်တော့မဟုတ်ပေ။ ဤတစ်ပတ်

အတွင်း သူတို့၏ အကျအဆုံးမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ လူသားများသည် တစ်စုံတစ်ရာသော အကြောင်းရင်းကြောင့် အင်အားတောင့်တင်းလာပုံရပြီး တိုက်ပွဲတိုင်းတွင် ဂြိုဟ်သားများကို ကြီးမားသော ထိုးနှက်ချက်များ ပေးနိုင်လာခဲ့ကြသည်။

စစ်မြေပြင်၏ အလုံးစုံသော အခြေအနေမှာ လူသားနှင့် ဂြိုဟ်သားတို့အကြား အပြန်အလှန် အင်အားပြုပြုန်းတီးနေသော အခြေအနေသို့ ရောက်ရှိနေကာ ဘယ်သူက ပိုပြီး ကြာရှည်ခံနိုင်

မလဲဆိုသည့်အချက်ပေါ်တွင်သာ အောင်ပွဲက မူတည်နေတော့သည်။

ချောင်ယန် အခြေစိုက်စခန်း…

ရုံးခန်းအတွင်း၌ ကျောက်လင်းမှာ မျက်မှောင်ကြုတ်လျက် ဘောပင်တစ်ချောင်းကို ကိုင်ကာ စားပွဲပေါ်ရှိ စတင်ကာစ လေ့ကျင့်ရေးအစီအစဉ်ကို ကြည့်နေသည်။

အခြေစိုက်စခန်းတစ်ခုလုံးရှိ ဆင့်ကဲပြောင်းလဲရေးအဖွဲ့၏ တပ်မှူးတစ်ဦးအနေဖြင့် သူမသည် သက်ဆိုင်ရာ တပ်ဖွဲ့များအတွက် လေ့ကျင့်ရေးအစီအစဉ်များကို ရေးဆွဲရန် တာဝန်ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ အခြေစိုက်စခန်းအတွင်းရှိ ဆင့်ကဲပြောင်းလဲသူ အရေအတွက်မှာ တိုးပွားလာသည့် လမ်းကြောင်းသို့ ရောက်ရှိနေသည်။ ဂြိုဟ်သားကျူးကျော်မှုကို ရင်ဆိုင်နေရချိန်၌ပင် အဖွဲ့ဝင်ဦးရေမှာ ဆက်တိုက် မြင့်တက်နေခြင်းပင်။

ဤမျှ များပြားလှသော အဖွဲ့များအတွက် သင့်လျော်မှန်ကန်သော လေ့ကျင့်ရေးအစီအစဉ်တစ်ခု ရေးဆွဲရန်မှာ မလွယ်ကူလှပေ။ ကျောက်လင်းမှာ ဤအစီအစဉ်ကြောင့် ရက်အတော်ကြာ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရပြီး ယခုအချိန်အထိ အစပျိုးရုံသာ ရှိသေးသည်။

ဟူး...

ကျောက်လင်းက ဘောပင်ကို ဘေးသို့ ပစ်တင်လိုက်ပြီး ကုလားထိုင်ပေါ်တွင် နောက်သို့ မှီချလိုက်သည်။ သူမအနေဖြင့် စာရွက်စာတမ်းများပေါ်တွင် အချိန်ကုန်နေရခြင်းထက် ဓားတစ်

လက်ကို ကိုင်ကာ ထိုဂြိုဟ်သားများကို သွားရောက် ဆုံးမရခြင်းကို သူမ ပို၍ နှစ်သက်သည်။

ကံဆိုးစွာဖြင့်ပင် သူမသာ ထိပ်တန်းခေါင်းဆောင်မှုနေရာကို ရယူလိုပါက တိုက်ခိုက်ရေးစွမ်းရည် တစ်ခုတည်းအပေါ်တွင်သာ အားကိုးနေ၍ မရနိုင်ပေ။

ဒေါက်... ဒေါက်... ဒေါက်...

ထိုစဉ် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

"ဝင်ခဲ့ပါ"

ကျွီ……

တံခါးပွင့်သွားပြီး စစ်ဘက်ဆိုင်ရာ အရာရှိငယ်တစ်ဦးမှာ ခပ်သွက်သွက် လျှောက်ဝင်လာခဲ့သည်။

"လက်ထောက်လင်း... ဘာကိစ္စရှိလို့လဲ"

ကျောက်လင်းက သူမ၏ လက်ထောက်ကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"စစ်နတ်ဘုရားမခင်ဗျာ... အခြေစိုက်စခန်း အကြီးအကဲက တပ်မှူးကို တွေ့ချင်နေပါတယ်"

လက်ထောက်လင်းက အမြန် သတင်းပို့လိုက်သည်။

"ကောင်းပြီ... သိပြီ"

ကျောက်လင်းက ခေါင်းညိတ်ပြလျက် မတ်တတ်ထရပ်လိုက်သည်။

မိနစ်အနည်းငယ်အကြာတွင် အစည်းအဝေးခန်းမအတွင်း၌ အခန်းထဲသို့ ဝင်သွားသည့်အခါ အခြားသော အဆင့်မြင့်အရာရှိများကို မတွေ့ရဘဲ အခြေစိုက်စခန်း၏ အကြီးအကဲ တစ်ဦးတည်းသာ ထိပ်ဆုံးတွင် ထိုင်နေသည်ကို မြင်ရသဖြင့် ကျောက်လင်းမှာ ဖြည်းညှင်းစွာ ချဉ်းကပ်သွားခဲ့သည်။

"အကြီးအကဲ... ဘာကိစ္စများ ဆွေးနွေးစရာ ရှိလို့လဲဟင်"

ကျောက်လင်းက အကြီးအကဲ၏ ဘယ်ဘက်ဘေးတွင် ထိုင်လိုက်ရင်း စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"ကျောက်လင်း... ဂုဏ်ယူပါတယ်။ မင်း ဒီတစ်ခေါက်မှာတော့ တကယ်ကို ကြီးမားတဲ့ ကုသိုလ်ထူးကို ရယူနိုင်ခဲ့ပြီ။

မင်း မကြာသေးခင်က တင်ပြခဲ့တဲ့ တစ်ပါးကမ္ဘာက သတ္တဝါတွေအကြောင်း အသေးစိတ် အစီရင်ခံစာကို တစ်နိုင်ငံလုံးက အဓိက အခြေစိုက်စခန်းတွေမှာ စတင်အသုံးပြုနေပြီ။ အဲဒီသတင်းအချက်အလက်တွေက တကယ်ကို တိကျမှန်ကန်နေပြီး အများကြီး အထောက်အကူဖြစ်စေတယ်လို့ အကြောင်းပြန်ချက်တွေ ရထားတယ်။

အင်ပါယာ မြို့တော်ကလည်း အခုပဲ အကြောင်းကြားစာ ထုတ်ပြန်လိုက်ပြီ... မင်းကို အင်ပါယာ၏ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားမဘွဲ့ကို အပ်နှင်းလိုက်ပြီ"

အခြေစိုက်စခန်း အကြီးအကဲက ကျောက်လင်းကို ပြုံးရွှင်စွာဖြင့် ဂုဏ်ပြုစကား ပြောလိုက်သည်။

အင်ပါယာ မြို့တော်၏ လုပ်ဆောင်ချက်များသည် အမြဲတမ်း ခမ်းနားထည်ဝါလှကြောင်း သိရှိထားကြရာ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားမ ဆိုသည့် ဘွဲ့မှာ ဘွဲ့တစ်ခုသက်သက်မျှသာ မဟုတ်ပေ။ ဤစစ်နတ်ဘုရားမ ဘွဲ့နှင့်အတူ နဂါးပြည်နယ်အတွင်းရှိ အခြေစိုက်စခန်း အားလုံးနှင့် မူလက ကျန်းပြည်နယ်၏ အစိတ်အပိုင်း ဖြစ်ခဲ့သော နေရာများအားလုံးမှာ ကျောက်လင်း၏ အမိန့်ကို ချွင်းချက်မရှိ နာခံကြရမည်ပင်။

ကျောက်လင်း၏ လက်ရှိ အဆင့်အတန်းမှာ ကျန်းပြည်နယ်နှင့် နဂါးပြည်နယ်တစ်ခုလုံး၏ အထက်တွင် ရှိနေပြီဟု ဆိုနိုင်သည်။ အင်ပါယာ မြို့တော်မှအပ တစ်နိုင်ငံလုံးရှိ မည်သည့် အခြေစိုက်စခန်း အကြီးအကဲမဆို သူမ၏ ရှေ့မှောက်တွင် ဦးညွှတ်ကြရတော့မည်ပင်။

All Chapters