ရှောင်ဟုန်ရဲ့ တစ်ကိုယ်တော် ရွက်လွှင့်ခြင်း
Vol. 3 Ch. 37
ညခင်းကာလ ပြီးဆုံးခဲ့ပြီ။ နောက်ဆုံးလက်ကျန် အမှောင်ထုကို နံနက်ခင်း နေခြည်တန်းများက အပြီးအပိုင် မောင်းထုတ်ပစ်လိုက်ပြီ။ ကောင်းကင်ရှိ လမင်းပင် လခြမ်းသဏ္ဌာန် ပြောင်းလဲ၍ ဩကာသလောကြီးကို တဖြည်းဖြည်း လက်ပြနှုတ်ဆက်ရင်း ပျောက်ကွယ်ခဲ့ချေပြီ။ မဟူရာ မီးတောင်တွင် ရှိနေသေးသည့် စုမင်မှာလည်း တစ်ကိုယ်လုံး တုန်ယင်လာပြီး နောက်ဆုံး ခေါင်းငိုက်စိုက် ကျနေပြီ ဖြစ်၏။
ရှုပ်ထွေးခြင်း၊ ဝေခွဲမရဖြစ်ခြင်းနှင့် စုမင်မျက်လုံးထဲတွင် မည်သည့်ခံစားချက် အရိပ်အယောင်မျှမရှိဘဲ ဗလာကျင်းနေသည်။ စုမင်၏ မျက်နှာအမူအရာကို မြင်လိုက်သည်နှင့် ရှောင်ဟုန်မှာ ချက်ချင်းပင် အမွေးများထောင်လာပြီး နောက်ကျောနှင့် ဂူနံရံထိကပ်သည်အထိ နောက်ဆုတ်ပြေးသွား၏။ ကြောက်ရွံ့မှုနှင့် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေလေ၏။
စုမင်မျက်လုံးထဲတွင် သွေးလွှမ်းလရဲ့အရိပ် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။
နောက်ဆုံး စုမင် မျက်လုံးထဲမှ သွေးလွှမ်းလ အရိပ်မှာ အလုံးစုံ ပျောက်ကွယ်သွားပြီး သတိ ပြန်ဝင်လာခဲ့၏။ ရှောင်ဟုန်သည် ဘေးမှ စုမင်မျက်နှာကို ကြောင်တောင်တောင် အမူအရာနှင့် ကြည့်နေ၏။ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးပြီး စဉ်းစားမရသည့်ဟန်ပန်မျိုး ပေါ်နေ၏။
စုမင် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့အတွက် တစ်ညတာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်ပြီးမြာက်ခဲ့သလိုပင်။ သူ့စိတ်တို့ ယခုအခါ ကြည်လင်ရှင်းလင်းသွားပြီ ဆိုသော်လည်း ညမှ အကြောင်းအရာများကို ပြန်စဉ်းစားမိသည့်အခါ စိတ်ရှုပ်ထွေးသွားပြန်သည်။ သူ ခန္ဓာကိုယ်ကိုသူ ပြန်စစ်ဆေးကြည့်သည့်အခါ ရှုပ်ထွေးမှုများက ထိတ်လန့်မှုများအဖြစ် ပြောင်းလဲသွားတော့၏။
“ငါ့ဒဏ်ရာတွေ ... အားလုံးပျောက်ကင်းသွားပြီ"
စုမင်သည် ကျင့်စဉ်ကို အတင်းအကြမ်း လေ့ကျင့်မိ၍ ဒဏ်ရာ ရခဲ့သည်။ ဒဏ်ရာတို့က သိပ်မပြင်းပေ။ သူ့အတွေ့အကြုံအရ ရက်အနည်းခန့် တရားထိုင်လိုက်ရုံဖြင့် ပြန်ကောင်းသွားနိုင်သည်။ ယခုတော့ တစ်ညတည်းနှင့် ဒဏ်ရာအားလုံး သက်သာပျောက်ကင်း သွားခဲ့သည်။
အချိန်များစွာ ကုန်လွန်ပြီးသည့်နောက် စုမင် ခေါင်းမော့လိုက်၏။ နံရံပေါ်ရှိ အပေါက်ငယ်လေးများမှတစ်ဆင့် ကြည်လင်တောက်ပနေသည့် ကောင်းကင်နှင့်နေဝန်းကို မြင်နေရ၏။
‘ဒါက မာန်ပညာရပ်၊ မီးတောက် မာန်မျိုးနွယ်စုရဲ့ မာန်ပညာရပ်ပဲ ဖြစ်တယ်... စွမ်းအားကတော့ အံ့မခန်းပဲ။ တစ်ညလောက် လေးလေးနက်နက် တွေးတော လိုက်တာနဲ့ ငါ့ဒဏ်ရာတွေ အားလုံး ပျောက်ကင်းသွားပြီ ... '
စုမင် မျက်လုံးများ လင်းလက်သွားပြီး ခန္ဓာကိုယ်ထဲမှ ချီ စွမ်းအင်များကို နိုးထ စေလိုက်သည်။ မကြာခင် သူ့ကိုယ်ပေါ်တွင် သွေးကြော (၁၉) ခုလုံး ပျံ့နှံ့ ဖြာဆင်းလာ၏။
သွေးကြော (၁၉) ခုလုံး ပေါ်လာသည့်အချိန် စုမင် မျက်နှာမှာ ထူးထူးဆန်းဆန်း အမူအရာတစ်မျိုး ပြောင်းသွားသည်။ ကိုယ်ထဲတွင် ကျန်နေသေးသည့် လက်ကျန် အင်အား အနည်းငယ်ကို ခံစားမိလိုက်၏။ သူ့အမူအရာမှာ လေးနက်တည်ငြိမ်သွားပြီး ချီကို တစ်ကိုယ်လုံးအနှံ့ လှည့်လည်စီးဆင်းစေလိုက်၏။ သူ့ကိုယ်ထဲတွင် ချီကို အကြိမ်ရေ အနည်းငယ် လှည့်လည်ပြီးနောက် ရုတ်တရက် ရင်ဘတ်ပေါ်တွင် (၂၁) ခုမြောက် သွေးကြော ပေါ်လာခဲ့လေ၏။
စုမင် မျက်လုံးတို့ တထိတ်တလန့်နှင့် ပြူးကျယ်သွားသည်။ သူ့ခန္ဓာကိုယ်အတွင်း ချီများ ပျံ့နှံ့သွားသည်နှင့် ညက အဖြစ်အပျက်များကို စဉ်းစားရင်း ပို၍ အံ့ဩလာခဲ့သည်။
သူ့ရင်ဘတ်မှာ တဒုန်းဒုန်း ခုန်နေ၏။ တောင်တန်းဝိညာဉ်ဆေးလုံး၏ စွမ်းပကားမှာ သူ့ကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့၏။ မီးတောက်မာန် ပညာရပ်ကို တွေ့ရှိခြင်းနှင့်အတူ လမ်းအသစ်တစ်ခု ပွင့်ခဲ့ချေပြီ။
"ဉာဏ်အလင်းပေါက် အဆင့်.... ငါဟာ ဉာဏ်အလင်းပေါက် အဆင့်ထိ ပေါက်မြောက် အောင်မြင်ပြီး စွမ်းအားကြီးမားတဲ့ မာန်ပညာရှင် တစ်ယောက် ဖြစ်လာနိုင်တာပဲ '
စုမင်းသည် အသက်ပြင်းပြင်းရှူရင်း စိတ်လှုပ်ရှားမှုနေသည်ကို တည်ငြိမ်အောင် လုပ်ခဲ့၏။ ရှောင်ဟုန်သည် မနီးမဝေး တစ်နေရာမှ စုမင် ပခုံးပေါ် ပြေးတက်လာ၏။ ရှုပ်ထွေးနေသည့် အမူအရာနှင့်အတူ စုမင်မျက်နှာကို ကြည့်လိုက်သည်။ သူက စုမင်၏ပါးကို လက်လေးတွေနှင့် တို့ကြည့်၏။
စုမင်က ရယ်ပြီး မျောက်လေးကို အသာအယာ တွန်းထုတ်လိုက်သည်။ သူတို့ ခဏမျှ ကစားနေကြ၏။ ထို့နောက် ရှောင်ဟုန်က တစ်ခုခုကို သတိရသွားသလို ရှူးရှူးရှဲရှဲ အသံပြုလိုက်သည်။ သူ့ညာလက်ကို မြှောက်၍ အနံ့ခံကြည့်လိုက်၏။ သူ့မျက်နှာမှာ မှိုရသလို ပီတိဖြာနေသည်။ သူ့လက်သူ အကြိမ်အနည်းငယ် လျက်နေရင်း စုမင်ကို နမ်းကြည့်စေချင်သည့် ပုံနှင့် မျက်နှာရှေ့သို့ ထိုးပေးလိုက်၏။
စုမင် ခဏမျှ အံ့အားသင့်သွားသည်။ ရှောင်ဟုန်သည် လွန်ခဲ့သော လပိုင်းခန့်က ယခုလို အပြုအမူမျိုး ထပ်ခါထပ်ခါ လုပ်ခဲ့ဖူးရာ အကြောင်းတခုခု ရှိနေပုံ ရသည်။ သို့သော် သူ့အကြောင်းမှာ ဘာမှမဟုတ်နိုင်ဟု စုမင် အမြဲထင်ခဲ့၏။ ယခု ထိုခြင်းရာကို စုမင် ထပ်မြင်ရပြန်သည်။ ရှောင်ဟုန်မှာ သူ့ရှေ့လာပြီး ချီတုံချတုံနှင့် လက်ထိုးပေးနေပြီ။ ရှောင်ဟုန်က မျှော်လင့်နေသည့် မျက်နှာလေးနှင့် ကြည့်နေပုံရ၍ သူ့လက်ကို နမ်းကြည့်လိုက်သည်။
ပုပ်အဲ့အဲ့ အနံ့တစ်ခုက နှာဝသို့ ဝေ့တက်လာသည်။ စုမင် ချက်ချင်း တွန်းထုတ်မိလိုက်၏။ ရှောင်ဟုန်ရဲ့လုပ်ရပ်က ရယ်စရာ ကောင်းသလို စိတ်ညစ်စရာလည်း ကောင်းလှသည်။
ရှောင်ဟုန်က စုမင်ကို မျက်ထောင့်နီကြီးနှင့် ကြည့်လိုက်၏။ လက်ကို တွန်းထုတ်လိုက်သည်ကို သဘောမကျသည့်အလား ရှူးရှူးရှားရှား အသံပြု၏။ ထို့နောက် ဂူထောင့်တစ်နေရာသို့ ပြေးသွားပြီး သူ့ညာလက်ကို အနံ့ခံနေပြန်သည်၊၊ လက်ထဲတွင် တစ်ခုခုကို ဖမ်းဆုပ်ထားသည့်အလား သူ့မျက်နှာ၌ ဝမ်းသာပျော်ရွှင်မှုများ ထွက်ပေါ်လာ၏။
'' အရင်တုန်းက ဒီအကျင့်မျိုး မရှိပါဘူး...."
စုမင်က ရှောင်ဟုန့်အမူအရာကို ကြည့်ရင်း အံ့ဩနေသည်။ သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာ၍ ဆုံးဖြတ်ချက် ချလိုက်သည်။
ထိုနေ့မှစ ရက်အနည်းငယ် ကုန်လွန်သည့်တိုင်အောင် စုမင်မှာ နိုင်စီး ငြိမ်းသတ်ခြင်း လုပ်ငန်းစဉ်ကိုသာ စိတ်နှစ်ပြီး လုပ်ကိုင်နေ၏။ တောင်တန်းဝိညာဉ် အစွမ်းထက်မှုကြောင့် သူ့စိတ်မှာ လှုပ်ရှားရင်ခုန်နေမိသည်။ ထို့ကြောင့် ဆေးဖော်ချင်သည့် ဆန္ဒတို့သာ တိုးပြီးရင်း တိုးနေ၏။
နှမြောစရာကောင်းသည့်အချက်မှာ တောင်တန်း ဝိညာဉ်ဆေး ဖော်စပ်ရသည်မှာ အောင်မြင်ဖို့ထက် ကျရှုံးဖို့က ပိုအလေးသာနေခြင်းပင်။ ရှိရှိသမျှ တိမ်လွှာမြက်ပင်အကုန် အသုံးပြုပြီးသည့်တိုင် နှစ်လုံးသာ ထပ်မံ ဖော်စပ်နိုင်ခဲ့၏။
နိုင်စီးငြိမ်းသတ်ခြင်း လုပ်ငန်းအပြင် နေ့ဘက်တွင် စုမင်က တင်ပျဉ်ခွေချိတ်၍ သွေးလှည့်ပတ် စီးဆင်းမှုကို ထိန်းချုပ်၏။ သွေးလှည့်ပတ်မှုကို ထိန်းချုပ်ခြင်းကလသွေးကြော ကျောက်သားကျင့်စဉ် အဆင့် (၃) ထက် ပိုပြီး တည်ငြိမ်စေသည်။ ခိုင်မာတည်ကြည်သည့် အားအင်တစ်မျိုး သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံသွား၏။ စုမင်၏ လေ့လာဆန်းစစ်မှုအရ သွေးကျေပျက်သုဉ်းဆေးလုံး အသုံးပြု၍ သတ်ခဲ့သော မဟူရာတောင်မှ မာန်စွမ်းအားရှင်နှင့် ယခုလက်ရှိ မျက်နှာချင်းဆိုင် ယှဉ်ပြိုင်နိုင်သည့် အဆင့်ထိ ရောက်နေပြီ ဖြစ်သည်။
ညဘက်တွင် နိုင်စီးငြိမ်းသတ်ခြင်း မလုပ်ဘဲ လကိုသာ စိုက်ကြည့်၏။ သူ့ခေါင်းထဲ သံမှိုစွဲရိုက်ထားသလို စွဲနေသည့် အနီရောင်လကို တိတ်တဆိတ် ပုံဖော်ကြည့်၏။ သို့သော် ပထမဆုံးနေ့ကအတိုင်း သိသာထင်ရှားသည့် စွမ်းအင်မျိုးကိုတော့ ထပ်မံ မခံစားရတော့ပေ။
လွန်ခဲ့သည့်ရက်များက ကြိုးစားပမ်းစား ကျင့်ကြံခဲ့၍ နောက်ထပ် သွေးကြောတစ်ကြော ထပ်မံပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ယခုအခါ စုမင်သည် သွေးကြော (၂၂) ကြောရှိသည့် မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်၍နေပြီ ဖြစ်သည်။
ယခုညတွင် စုမင်က တင်ပျဉ်ခွေချိတ်ထိုင်ချရင်း လကို ငေးကြည့်နေခဲ့၏။ သူ့စိတ်ကူးထဲမှ အနီရောင်လကို ပုံဖော်နေစဉ် သည်ရက်ပိုင်းအတွင်း အပြင်မထွက်ဘဲ နေနေသည့် ရှောင်ဟုန်တစ်ယောက် တိတ်တဆိတ် ထလာ၏။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် တက်ကြွသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူ့ညာလက်သူ နမ်းကြည့်ပြီး တစ်ကိုယ်တော် လှုပ်ရှားတော့မည့် အမူအရာမျိုးနှင့် စုမင်ကို လှမ်းကြည့်၏။ စုမင်က သူ့ကို မကြည့်ဘဲ လကို ငေးကြည့်နေမှန်း တွေ့ရမှ ဂူထဲမှ ပြေးထွက်လာသည်။
ရှောင်ဟုန် ဂူထဲမှ ထွက်သွားသည်နှင့် စုမင်လည်း မျက်လုံးများ ပွင့်လာသည်။ နှုတ်ခမ်းထောင့်စွန်းမှ ပြုံးရိပ်သန်းလာပြီး တိတ်တဆိတ်ထရပ်လိုက်သည်။ ထို့နောက် သူလည်း ဂူထဲမှ ထွက်လာလိုက်၏။
' ရှောင်ဟုန် ဒီလောက် ဂနာမငြိမ်ဖြစ်နေရတဲ့ အကြောင်းရင်းကို စုံစမ်းကြည့်မှပဲ'
တကယ်တမ်း စုမင် ကိုယ်တိုင်လည်း ဆယ်ကျော်သက် အရွယ်သာ ရှိသေးသည့် မဟုတ်လော။ အရာအားလုံး သိချင်နေသည့် အရွယ်လေ။ ရှောင်ဟုန့် လုပ်ရပ်တို့ကို သတိပြုမိပြီးနောက် သူ့ စပ်စုလိုစိတ်မှာ တိုးပွားလာသည်။
သွေးကြော (၂၂) ခုရှင်အဖြစ် စုမင်သည် ခွန်အားအသစ်၊ အရှိန်နှုန်း အသစ်ဖြင့် မယုံနိုင်လောက်အောင် တိုးတက်လာခဲ့ပြီ။ သူသာ အလိုရှိလျှင် နှင်းများပေါ်မှာ ခြေရာ မကျန်ရစ်အောင် စွမ်းဆောင်နိုင်နေပြီ ဖြစ်၏။
ရှောင်ဟုန် လုံးဝ သတိမထားမိအောင် နောက်မှ လိုက်လာနိုင်ခဲ့၏။ ညဘက်တွင် ရှောင်ဟုန်မှာ အတော့်ကို လျင်မြန်သည်။ သိပ်မကြာလိုက်။ သူ တောင်ခြေသို့ ရောက်လာ၏။
စုမင်တစ်ယောက် ပြုံးစိစိနှင့် နောက်မှ လိုက်လာခဲ့သည်။
သို့ပေမဲ့ တစ်နာရီကြာသည့်အခါ စုမင်မျက်နှာပေါ်တွင် အပြုံးတို့ ပျောက်ကွယ်ပြီး ထူးဆန်းသည့် အမူအရာတစ်မျိုး အစားထိုး ဝင်ရောက်လာ၏။
ရှောင်ဟုန်က တစ်နေရာသို့ ခုန်ပျံ ကျော်လွှားပြီး သွားနေ၏။ ရှောင်ဟုန်တစ်ယောက် တွေဝေတွန့်ဆုတ်ခြင်း မရှိဘဲ ပြေးလွှားနေပုံမှာ ဒီလမ်းကြောင်းနှင့် အလွန် အကျွမ်းတဝင် ရှိမှန်း သိသာလှသည်။ နောက်ဆုံး တောတွင်းရှိ မြေကျင်းတစ်ခုရှေ့တွင် ရပ်လိုက်သည်။ မြေကျင်းပတ်ပတ်လည်တွင် အပင်အားလုံး ဖျက်ဆီးထားခံရပုံနှင့် ရှုပ်ယှက်ခတ်နေ၏။
ရှောင်ဟုန်မှာ ကျင်းအပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူ့ပုံစံမှာ စိတ်လှုပ်ရှားနေသလို သတိအပြည့်နှင့် နိုးနိုးကြားကြားလည်း ရှိနေ၏။ သူက ကျင်းကို ခဏလေ့လာပြီး အထဲသို့ အမြန်ပြေးဝင်သွား၏။
ထိုမြင်ကွင်းကို မနီးမဝေးမှ ချောင်းကြည့်နေသော စုမင်မြင်သွား၍ မျက်မှောင်ကြုတ်သွားမိသည်။ တောထဲတောင်ထဲ နှစ်ပေါင်းများစွာ ကျင်လည်ဖူးသည့် အတွေ့အကြုံအရ ထိုကျင်းမှာ ဝက်ဝံတစ်ကောင် ဆောင်းခိုသည့် ကျင်းမှန်း မြင်ရုံနှင့် အတပ်ပြောနိုင်၏။
ထိုအခိုက် ဒေါသတို့ပြည့်နေသည့် အသံသဲ့သဲ့လေး ကျင်းထဲမှ ပေါ်လာပြီး အနီရောင် အရိပ်တစ်ခုက ကျင်းထဲမှ ထွက်လာလေ၏။ ပြေးလွှားနေရင်း တစီစီနှင့် အော်နေသည်။ သူ့မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားနေသည့် အရိပ်အယောင်တို့ ရှိနေ၏။ စုမင်က ကြည့်လိုက်ရာ ရှောင်ဟုန့်လက်ထဲမှ အနက်ရောင် သားမွေးတစ်ဆုပ်ကို ထင်ထင်ရှားရှား မြင်လိုက်ရ၏။
''ဒါ ...''
စုမင် ဘာမှန်း မသိသော်လည်း မကြာခင် မြေပြင်မှာ တုန်လှုပ်သွားပြီး ဝက်ဝံကြီးတစ်ကောင်၏ မာန်ဖီသံက ကျင်းထဲမှ ဟိန်းထွက်လာ၏။
သားရဲကြီးမှာ ပကတိ အနက်ရောင်ဖြစ်ပြီး သားမွှေးများက ရှည်လျားထူကဲလှ၏။ သူ့မျက်လုံးများက အမျက်ဒေါသကြောင့် နီရဲနေသည်။ စုမင် သတ္တဝါကြီးကို မြင်လိုက်ချိန် သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့် အရိပ်အယောင်များ ယှက်သန်းလာ၏။
ဒေါသတကြီး မာန်ဖီနေသည့် ဝက်ဝံကြီး၏ပေါင်ခြံတွင် အမွေးတို့ လစ်လပ်နေသည်ကို စုမင် မြင်လိုက်၏။ ထိုမြင်ကွင်းကို ကြည့်ရုံနှင့် ယင်းမှာ ပထမဆုံးအကြိမ် အမွှေးနှုတ်ခံရခြင်း မဟုတ်မှန်း သိလိုက်၏။ ပြောရလျှင် မျောက်ကလေး၏ လက်ချက်ကို ဝက်ဝံကြီးမှာ အကြိမ်များစွာ ခံခဲ့ရသည့်အလားပင်။
ရှောင်ဟုန်လက်ထဲမှ အမွေးများကို မြင်လိုက်ရချိန် သူ့ညာလက်ကို ထိုးပေးပြီး စုမင်ကို နမ်းကြည့်စေချင်သည့် ရှောင်ဟုန်၏ပုံရိပ်များကို ပြန်တွေးမိလိုက်သည်။ စုမင်မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။
ဝက်ဝံကြီးမှာ ဒေါသတကြီး မာန်ဖီရင်း ရှောင်ဟုန့်နောက် ပြေးလိုက်နေသော်လည်း မျောက်ကလေးကို အမီမလိုက်နိုင်ပေ။ ထို့နောက် အရှုံးပေးလိုက်ဟန်နှင့် တအီအီအသံပြုရင်း အလွန် စိတ်ဓာတ်ကျသွားသည့် ရုပ်နှင့် ဂူထဲသို့ ပြန်ဝင်သွား၏။ ခဏအကြာ ဆူညံသံများ ထွက်လာ၏။ ကြည့်ရသည်မှာ သူ့ဒေါသကို တခြားတစ်နေရာတွင် ဖြေလျော့လိုက်သည့်ပုံပင်။
စုမင် စိတ်ထဲ ဘာမှမစဉ်းစားမိဘဲ ရှိနေ၏။ စုမင်က ရှောင်ဟုန့်နောက် ပြေးလိုက်သွားသည်။ သူ့အရှိန်နှုန်းက ရှောင်ဟုန့်ထက် မြန်သည့်အတွက် သိပ်မကြာခင် ရှောင်ဟုန့်ကို မီလာလေသည်။
ရှောင်ဟုန်မှာ အပင်ခြောက်များ ပြည့်နေသည့် တောတွင်းတစ်နေရာတွင် ရပ်လိုက်၏။ သူ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ထို့နောက် နှုတ်လာသည့် အမွေးများနှင့် သူ့ပေါင်ခြံကို ပွတ်လိုက်၏။ သူ့မျက်နှာပေါ်မှ ဂုဏ်ယူဝံ့ကြွားမှုကို စုမင် ရှင်းရှင်းကြီး မြင်လိုက်ရ၏။ ရှောင်ဟုန့်ပုံစံက ‘ဝက်ဝံလို ငါလည်း "အားကြီးတယ်" ဟု ကြေညာပြီး မာန်တက်နေသလို ပုံမျိုး။ ရိုးရိုးသားသား ပြောရလျှင် သူ့ပုံစံမှာ တဏှာရူးနှင့်ပင် တူနေသေး၏။
စုမင်မျက်နှာတွင် ခံစားမှုတို့ ကင်းမဲ့နေသည်။ သူ့ကိစ္စပြီးသွားသည့်အချိန် တောထဲသို့ ဂုဏ်ယူဝံ့ကြွားသည့် အမူအရာနှင့် ပြန်ဝင်လာ၏။ ထို့နောက် အသံပြုလိုက်သည်။
ထိုအခါ အမွေးအနီရောင် မဟုတ်သည့် မျောက်မတစ်အုပ် တောထဲမှ ထွက်လာပြီး ရှောင်ဟုန့်အား ဝန်းရံလိုက်သည်ကို စုမင် တွေ့လိုက်ရ၏။
မျောက်မလေးများမှာ ရှောင်ဟုန် ညာလက်ကို အနံ့ခံနေကြ၏။ သူတို့မျက်နှာမှာ ထိတ်လန့်သွားသလိုလို။ ရှောင်ဟုန်မှာ မာန်တက်နေသည့် အသွင်သဏ္ဌာန်နှင့် မျောက်မလေးများ ဝန်းရံပြီး တောနက်တစ်နေရာသို့ ဝင်သွားလေတော့၏။
စုမင် ဟက်ဟက်ပက်ပက် ရယ်မောပြီး သက်ပြင်းချလိုက်၏။ နောက်ဆုံး သူနားလည်ခဲ့ပြီ။ ရှောင်ဟုန်က ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်နိုင်ရန် ဝက်ဝံအနံ့ကို အသုံးချခဲ့ခြင်း ဖြစ်သည်။
စုမင်မှာ ရယ်ရမလား၊ ငိုရမလားပင် မသိတော့။ ဘယ်လိုတွေးပေးရမှန်းပင် မသိတော့။ တမြန်နေ့က သူ့ညာလက်ကို ညာတာပါတေးနှင့် နမ်းကြည့်အောင် လှည့်စားခံလိုက်ရသည့် အဖြစ်ကို မေ့ပစ်ရန် စုမင်တစ်ယောက် ထိုနေရာမှ အမြန်ထွက်ပြေးလာခဲ့၏။
စုမင်မှာ ရှက်ရွံ့နေသည့် ခံစားချက်နှင့် ဂူဆီ ပြန်လာခဲ့သည်။ စုမင် သက်ပြင်း အရှည်ကြီး ချလိုက်၏။ အမွေးတွေ အားယားတိုင်း ဆုံးရှုံးနေသည့် ဝက်ဝံကိုလည်း ကြားမှ သနားမိသည်။
ရှောင်ဟုန် အပြင်ထွက်သွားတိုင်း မောမောပန်းပန်းနှင့် ပြန်ရောက်လာသည်က အံ့ဩစရာ မဟုတ်တော့။ ရှောင်ဟုန်က ဂူထဲဝင်ပြီး အားပြန်ဖြည့်လိုက်၊ အပြင်ပြန်ထွက်ကာ မျောက်စွမ်းကောင်း လုပ်လိုက်နှင့် ဇိမ်ကျနေခဲ့သည်။
စုမင် နှာခေါင်းကို ကိုင်ပြီး ထိုကိစ္စကို ကြိုးစားမေ့ပစ်လိုက်၏။ နောက်တစ်ကြိမ် အနီရောင်လ ပုံရိပ်ကို ပုံဖော်ရင်း သူ့သွေးထဲသို့ နီဖန့်ဖန့် လရောင်များ စီးဝင်လာသည့် ထူးထူးဆန်းဆန်း ခံစားချက်ထဲ ပြန်လည် စီးမျောနေလိုက်သည်။
ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ။ တစ်ညတွင် စုမင်က ပုံမှန်အတိုင်း တင်ပျဉ်ချိတ် ထိုင်ရင်း လကို ကြည့်နေ၏။ လ၏တောက်ပနေသည့် မျက်နှာပြင်ကို ကြည့်ရင်း နီရဲလာသည့် ပတ်ပတ်လည် အရိပ်ကောက်ကြောင်းအား စုမင်မျက်လုံးထဲ မြင်ယောင်လာသည်။ ထိုအရိပ်က တောက်ပစွာ လင်းလက်နေ၏။ ရုတ်တရက် သူ့စိတ်ထဲရှိ သွေးလွှမ်းလမှာ မီးဟုန်းဟုန်း တောက်လောင်လာသည်။ စုမင် တုန်လှုပ်သွားလေ၏။
စကားလုံးများက သူ့စိတ်ထဲ ဖျတ်ခနဲ တိုးဝင်လာကြသည်။
'' ငါ့ကိုယ်ထဲက သွေးတွေကို လောင်ကျွမ်းစေလို့ အများဆုံး ကိုးခု ကျန်တစ်ခုဟာ ဥပဒေ မီးတောက်မာန် သွေးကို ထွန်းညှိလို့ ကိုးကို ကိုးကွယ် ငါတို့အား မီးတောက်မာန်ရဲ့ အာဏာကုန် ပိုင်ဆိုင်နိုင်စွမ်း ပေးပါ... ''
***