သွေးလောင်ကျွမ်းခြင်း
Vol. 3 Ch. 38
"ငါ့ကိုယ်ထဲက သွေးတွေကို လောင်ကျွမ်းစေလို့ အများဆုံး ကိုးခု ကျန်တစ်ခုဟာ ဥပဒေမီးတောက် မာန်သွေးကို ထွန်းညှိလို့ ကိုးကွယ် … ငါတို့အား မီးတောက်မာန်ရဲ့ အာဏာကုန် ပိုင်ဆိုင်နိုင်စွမ်း ပေးပါ ..."
စုမင် နှုတ်မှ အလိုလို ရေရွတ်မိလိုက်၏။ စကားလုံးများက ခေါင်းထဲတွင် ထပ်ခါထပ်ခါ မြည်ဟည်းနေပြီး တစ်ခေါက်ထက်တစ်ခေါက် အသံ ပိုကျယ်လောင်လာသည်။ အကြိမ်ပေါင်း များစွာအဆုံး၌ ၎င်းမှာ မိုးခြိမ်းသံပမာ ဖြစ်လာ၏။ သွေးလွှမ်းလ၏ အရိပ်ဖျော့ဖျော့က စုမင်၏ အမြင်အာရုံတွင် ပို၍ ထင်ရှားလာသည်။ ထူးဆန်းပြီး လှပသည့် အရောင်တစ်မျိုးနှင့် တောက်လောင်လာချိန် စုမင် မျက်လုံးများ နာကျင်လာလေ၏။
နာကျင်မှုမှာ အစပိုင်း၌ မသိသာပေ။ သို့သော် ကောင်းကင်ပေါ်ရှိ လမှာ တောက်ပ လာလေ၊ နာကျင်မှုက တိုးလာလေနှင့် စုမင်ကိုယ်လေး တဆတ်ဆတ် တုန်ယင်လာလေ၏။ သူ့ပုံစံမှာ သည့်ထက်ပို၍ မခံရပ်နိုင်တော့သည့်ဟန်။
လကို မကြည့်ချင်တော့သည့်အတွက် စုမင် မျက်လုံးများကို ပိတ်လိုက်၏။ နာကျင်မှုမှာ မီးမဟုတ်ဘဲ လရောင်ထံမှ လာနေသည်။ တစ်ချိန်တည်း ယခုလိုကိစ္စရပ်များ ဖြစ်ပေါ်လာခြင်းမှာ သူ့အတွက် ထူးဆန်းသည့် အတတ်ပညာရပ်ကို သင်ယူရန် မှန်ကန်သော အချိန် ကျရောက်လာပြီဟုလည်း ခံစားနေရသည်။
အကယ်၍ သူသာ မျက်လုံးများကို ပိတ်လိုက်လျှင် ထိုပညာရပ် သင်ယူနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားရလိမ့်မည်။ တစ်ခါ အရှုံးပေးလျှင် နောက်တစ်ခါသင်ယူနိုင်မည့် အခွင့်အရေး နောက်တစ်ကြိမ် မရတော့ဟု စိတ်ထဲ၌ ခံစားနေရ၏။
''ငါ့ကိုယ်ထဲက သွေးတွေကို လောင်ကျွမ်းစေလို့ ငါ့သွေးတွေ လောင်ကျွမ်းသွားအောင် ငါဘာလုပ်ရမလဲ ... '
စုမင် မျက်လုံးများ နီရဲနေသည်။ သူ့မျက်ဝန်းအိမ်ထဲတွင် မျက်စိသူငယ်အိမ်အစား သွေးကြောနီများ ဝန်းရံနေသည့် လနီရောင်အရိပ်က နေရာယူထားလေ၏။ ထိုအချိန်၌ စုမင်၏ သွင်ပြင်မှာ ကြောက်မက်ဖွယ်ရာ အတိနှင့်ပင်။
သွေးလွှမ်းလ၏ လောင်မီးကျနေသည့် ပုံရိပ်က သူ့မျက်လုံးထဲရှိ အစိုဓာတ် မှန်သမျှကို မီးလောင်တိုက်သွင်းပစ်လိုက်သည်။ သူ့မျက်လုံးများမှာ ခြောက်သွေ့ လာပြီး တစ်ချိန်တည်းတွင် သွေးကဲ့သို့ ရဲရဲနီလာခဲ့၏။ သူ့မျက်လုံးများက အချိန်မရွေး ညှိုးလျော် ကြွေကျသွားတော့မည့် အတိုင်းပင်။
စုမင် ခေါင်းမော့ကာ ကြုံးဝါးလိုက်၏။ သွေးကြောများထဲမှ သွေးလည်ပတ်မှုကို ထိန်းချုပ်ထားစဉ် သူ့မျက်နှာမှာ ရှုံ့မဲ့နေ၏။ သွေးကို မျက်လုံးဆီ ပို့လွှတ်ရန် မည်မျှ ကြိုးစားပါစေ၊ မျက်လုံးထဲမှ ခြောက်သွေ့မှုမှာ မည်သို့မျှ မပြေပျောက်ဘဲ ရှိနေသည်။ ပိုပို ဆိုးရွားလာသည့် ညှိုးလျော်ကြွေကျမလို ခံစားမှုသာ အဖတ်တင်နေတော့၏။
တဖြည်းဖြည်းနှင့် စုမင် အမြင်အာရုံထဲမှ လအရိပ်မှာ မှေးမှိန်လာလေသည်။
အကယ်၍ စုမင် နဘေး၌ တစ်စုံတစ်ယောက် ရှိနေမည်ဆိုလျှင် သူ့မျက်လုံးများထဲ အနီရောင် မီးတောက်များနှင့် တောက်လောင်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမည် ဖြစ်၏။ ၎င်းမီးတောက်သည် သွေးများပမာ အလျှံတငြီးငြီးနှင့် နီရဲကာ ထိန်လင်းတောက်ပနေ၏။
"ငါ့သွေးတွေ လောင်ကျွမ်းသွားအောင် ငါဘာလုပ်ရမလဲ ငါ့သွေးတွေ လောင်ကျွမ်း သွားအောင် ငါဘာလုပ်ရမလဲ..."
စုမင်အတွက် ခက်ခဲလွန်းလှသည်။ ထိုထူးထူးဆန်းဆန်း ပညာရပ်၏ အခြေခံ အဓိပ္ပာယ်ကို သူ နားမလည်။ သူ့ အမြင်အာရုံ အများစု ပျောက်ကွယ်သွားချိန် မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်၏။ ထိုအချိန် မမှိတ်လျှင်လည်း နောင်တစ်ချိန် အလင်းရောင်ကို မြင်နိုင်တော့မည် မဟုတ်ပေ။
သူ့မျက်လုံးတို့ လုံးဝ ပိတ်ကျမသွားခင် လျှပ်စီးလက်သလို အဟုန်နှင့် ထူးဆန်းလွန်းသည့် ရုပ်ပုံလွှာကို မြင်လိုက်ရသည်။ ၎င်းမှာ ပိုင်လင်းအား မကယ်ခင် တွေ့ရသည့် မြင်ကွင်းတို့ ဖြစ်၏။ မီးတောက်ဂူထဲမှ အနီရောင် အပင်ကိုင်းများတွင် ဝမ်းနည်းမှုများ နာကျင်မှုများ ကိန်းဝပ်နေသည့် လရဲ့အတောင်ပံတို့၏ မျက်နှာများကို မြင်နေရသည်။
လရဲ့ အတောင်ပံများက သူတို့၏လက်သည်းကို ကိုက်ဖြတ်ပြီး ၎င်းမှသွေးများနှင့် ကိုယ့်မျက်လုံးကိုယ် သုတ်နေကြ၏။
စုမင် အလွန် အံ့အားသင့်သွားသည်။ သူ တစ်ခုခုကို နားလည်သွားသည်။ မျက်လုံးများကို မပိတ်ခင် တစ်ဖန် ပြန်ဖွင့်ပြီး ညာလက်ကို နှုတ်ခမ်းနား ပင့်လိုက်၏။ ထို့နောက် ပြတ်သားသော အမူအရာနှင့် ကိုက်ချလိုက်လေသည်။
သူ့လက်ချောင်းထိပ်မှ သွေးများ စီးကျလာသည်။ သူ့လက်တစ်ချောင်းလုံး သွေးတို့ ရွှဲသွားချိန် လက်ကိုမြှောက်ရင်း မျက်လုံးပေါ် သွေးနှင့် သုတ်လိမ်းလိုက်၏။
မျက်လုံးများကို သွေးနှင့်သုတ်လိမ်းလိုက်ချိန် သူ့မျက်ခုံးကြားမှ ညည်းညူသံလိုလို ထွက်ပေါ်လာခဲ့၏။ သူ့မျက်လုံးများ ချက်ချင်း လန်းဆန်းသွားသည်။ မဟူရာမီးတောင်မှာ အနည်းငယ် လှုပ်ခတ်သွားသယောင် ထင်ရသော်လည်း နှင်းလွှာထုက တစ်ချက်ကလေးမျှ ရွေ့လျားမသွားခဲ့ပေ။ ကြည့်ရသည်က တောင်၏ ရုပ်ပိုင်းဆိုင်ရာ လှုပ်ခတ်သွားခြင်း မဟုတ်ဘဲ တောင်၏ဝိညာဉ်က လှုပ်ခတ်သွားသည့် ပုံမျိုး။
တစ်ချိန်တည်း၌ ဂူတွင်းရှိ မဟူရာမီးတောင်၏ လေထုမှာ ဆက်လက် မလည်ပတ်တော့ဘဲ စုမင်အနားတွင်သာ ဝန်းရံနေတော့၏။
ဘာကြောင့် ယခုလို ဖြစ်နေရမှန်း မသိသော်လည်း သူ့ဆီ ဝေ့ခနဲ တိုးဝင်လာသည့် လေထုကို စုမင်ခံစားမိ၏။ ၎င်းတို့မှာ စုမင် မျက်လုံးများထဲ ဝင်ရောက်လာကြသည်။ စုမင်မျက်လုံးတို့က ဝဲကတော့တစ်ခုပမာ လေပြင်းတို့ ဝင်လာရန် ဆွဲဆောင် ခေါ်ယူနေသည့် အလားပင်။
သူ့မျက်လုံးများထဲ ၀င်လာသည့်လေထုက မီးကိုငြိမ်းသတ်နိုင်သည့် မိုးရေစက်များနှင့် တူ၏။ မျက်လုံးထဲ ဝင်လာသည်နှင့် စုမင်မျက်လုံးထဲမှ ဝေဝါးနေမှုများ အလျင်အမြန် ပျောက်ကွယ် ကြည်လင်သွား၏။ သူ့မျက်လုံးများ ပြန်လည်ကြည်လင်လာသည်။ ထိုကြည်လင် ရှင်းလင်းမှုများအလယ် အနီရောင်အလင်းတန်း အနည်းငယ် ကျန်ရှိနေသေး၏။ စုမင် မြင်နေရသည့် ကမ္ဘာမှာ သွေးကဲ့သို့ ရဲရဲနီနေသည်။
သူ့မျက်လုံးများထဲမှ လောင်ကျွမ်းမှုနှင့် ခြောက်သွေ့မှုတို့ ချက်ချင်း ပျောက်ကွယ်သွားပြီး လန်းဆန်းတက်ကြွမှုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်း သူ့ခန္ဓာကိုယ်မှ နာကျင်မှုသည်လည်း လေကဲ့သို့ ပျောက်ကွယ်သွားတော့၏။
ထူးဆန်းတဲ့ လေထုသည် စုမင်မျက်လုံးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားပြီး သွေးထဲသို့ပါ စီးဝင်သွား၏။ ထို့နောက် သွေးနှင့်အတူ တစ်ကိုယ်လုံး လှည့်လည်သွားလေသည်။
သွေးကြော (၂၂) ခုမှာ စုမင်ကိုယ်ပေါ်၌ နီမြန်းမြန်းအရောင်နှင့် တောက်ပနေ၏။ အလင်းရောင်သည် စုမင်တစ်ကိုယ်လုံးသို့ လွှမ်းခြုံလိုက်ချိန် (၂၃) ခုမြောက်သွေးကြောမှာ ဘယ်က ဘယ်လိုမှန်းမသိ ပေါ်ပေါက်လာခဲ့လေ၏။
(၂၃) ခုမြောက် သွေးကြော ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် စုမင် မျက်လုံးထဲမှ အနီရောင်အလင်းမှာ တစ်ချက် လက်သွားပြီး (၂၄) ခုမြောက် သွေးကြောလည်း ပျံ့နှံ့ဖြာဆင်း လာခဲ့တော့၏။
အချိန်ကြာမြင့်စွာ ကုန်လွန်ပြီးနောက် မိုးကောင်းကင်မှာ လင်းချင်းလာပြီး လက စတင် မှေးမှိန်လာ၏။ မကြာခင် နေဝန်းက အစားထိုး နေရာယူတော့မည်။ စုမင် အလျင်အမြန် မတ်တတ်ရပ်ပြီး ထွက်ပေါက်ဆီ ပြေးသွား၏။ မျက်စိတစ်မှိတ်အတွင်း သူ အပြင်ကို ရောက်လာသည်။ တောင်ပေါ်တွင် တိုက်ခတ်နေသော လေထုမှာ အသံတဝီဝီ အော်မြည်ရင်း သူ့ ဆံပင်များကို လွင့်မျောကခုန်နေစေ၏။ သွေးကြော (၂၄) ခုမှာ စုမင်ကိုယ်ပေါ်တွင် တောက်ပစွာ လင်းလက်နေသည်။ စုမင်ကိုယ်တိုင် မယုံနိုင်ဘဲ ကျောရိုးထဲထိ စိမ့်တက်လာ၏။
သူရပ်နေရင်း မကြာခင် ပျောက်ကွယ်တော့မည့် လကို ကြည့်နေမိသည်။ ရုတ်တရက် လမင်း တည်ရှိနေရာ အရပ်သို့ မျက်နှာမူပြီး အသက်ပြင်းပြင်း ရှူလိုက်၏။
ထိုအခိုက် လမင်းထံမှ အနီရောင် အလင်းဖျော့ဖျော့က စုမင်မျက်လုံးထဲသို့ တိုက်ရိုက် ကျဆင်းလာပြီး မကြာခင် ပျောက်ကွယ်သွားတော့၏။
စုမင် တစ်ချက် တုန်လှုပ်သွားသည်။ သူ့လည်ပင်းပေါ်တွင် (၂၅) ခုမြောက် သွေးကြော ပေါ်လာခဲ့လေပြီ။
စုမင်မှာ သွေးကြောကျောက်သား ကျင့်စဉ် အဆင့် (၄) သို့ ရောက်ရှိခဲ့လေပြီ။
မျိုးနွယ်စုအငယ်များတွင် အဆင့် (၄) မာန်စွမ်းအားဆိုသည်မှာ အလွန် တန်ဖိုးရှိ၏။ အဆင့် (၄) ရှိသည့် မာန်စွမ်းအားရှင်သည် အမဲလိုက်အဖွဲ့တွင် ပါဝင်၍ရ၏။ တိုက်ပွဲတစ်ခု ဖြစ်ပွားသည့်အခါ အဆင့် (၄) စွမ်းအားရှင်သည် မျိုးနွယ်စု၏ အဓိက အင်အားစုထဲ ပါဝင်သည်ဟု ဆို၍ ရသည်။
တစ်ချိန်တည်း၌ အဆင့် (၄) သည် သွေးကြောကျောက်သား ကျင့်စဉ်၏ အစောပိုင်း အဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိကြောင်း သင်္ကေတတစ်ခုလည်း ဖြစ်သည်။ အဆင့် (၅) သို့ ရောက်သွားလျှင် ၎င်းတို့မှာ သွေးကြောကျောက်သား ကျင့်စဉ်၏ အလယ်ဗဟိုအဆင့်သို့ ပေါက်မြောက်နိုင်သည့် မာန်စွမ်းအားရှင်များ ဖြစ်ပြီဟု ဆိုလိုနိုင်သည်။ ပိုအရေးကြီးသည့် အချက်မှာ သွေးကြောကျောက်သားကျင့်စဉ်၏ အလယ်ဗဟိုအဆင့်သို့ ရောက်လျှင် ပညာရပ် အသစ်တစ်ခုကို သင်ယူ အသုံးချနိုင်ပြီ ဖြစ်၏။
စုမင်မှာ သူ့ကိုယ်ခန္ဓာထဲတွင် ယခင်က တစ်ခါမှ မခံစားဖူးတဲ့ စွမ်းအားကြီး တစ်ခုကို ခံစားနေရသည်။ သူ့အပြုအမူ အားလုံးမှာ အေးဆေးတည်ငြိမ်လျက်ရှိဆဲ။ သွေးများကို ကိုယ်ထဲတွင် လှည့်လည်စီးဆင်းစေရင်း မှေးမှိန်ပျောက်ကွယ်လုနီးပါး လနှင့် လင်းချင်းနေသည့် ကောင်းကင်ကို ကြည့်လိုက်သည်။ လေအေးတစ်စုက သူ့မျက်လုံးထဲသို့ စီးဝင်လာ၏။ တစ်ချိန်တည်းတွင် ၎င်းလေထုနှင့် ဂုဏ်သတ္တိချင်းတူညီသည့် တောင်တန်းပေါ်မှ လေပြည်များလည်း ဝင်ရောက်လာနေသည်။
ရုတ်တရက် စုမင်မှာ လရောင်ကို ထိန်းချုပ်နိုင်ပြီ ဆိုသော ခံစားချက် ထူးထူးဆန်းဆန်းလည်း ခံစားနေရသည်။
လမင်းကွယ်ပျောက်လုဆဲဆဲ ထိုထူးဆန်းသည့် ခံစားချက်၏ လမ်းညွှန်မှုအောက် စုမင်မှာ လက်ကို ဖြည်းဖြည်းချင်း မြှောက်ရင်း အသာအယာ ဝှေ့ယမ်းလိုက်လေ၏။
***