ပိုပြီးစွမ်းအား ကြီးမားလာချင်တယ်
Vol. 3 Ch. 39
စုမင်က ညာလက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကောင်းကင်ပေါ်တွင် မှေးမှိန်စပြုနေပြီ ဖြစ်သည့် တစ်ခြမ်းပဲ့လမှ ငွေရောင် အလင်းတန်းတခု ထွက်ပေါ်လာလေသည်။
စုမင်၏ လက်လှုပ်ရှားမှုကြောင့် ကောင်းကင်ပေါ်မှ ကျလာသော ငွေရောင်အလင်းတန်းမှာ သူ့အရှေ့အရောက် ကွေးညွတ်သွားလေ၏။ ထို့နောက် အလင်းတန်းသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး ကောင်းကင်ထက်မှ ကြုံးဝါးသံကြီး ထွက်ပေါ်လာလေသည်။ စုမင် ရှေ့မှောက်ရှိ ကျောက်သားနံရံပေါ် အလင်းတန်း ကျရောက်သွားသည်နှင့် ကျောက်သားများ အစိတ်စိတ်အမြွာမြွာ ကျိုးကြေပျက်စီးသွားလေသည်။ အပျက်အစီးအချို့မှာ တောင်အောက်ရှိ မြစ်ချောင်းများပေါ်ကျသွားပြီး အချိန်အတော်ကြာသည့်တိုင် ပဲ့တင်ထပ်မြည်ဟည်းနေတော့၏။
စုမင်၏ မျက်လုံးအစုံ ပြူးကျယ်သွားလေသည်။ သူက အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ့ညာလက်အား ကြောင်တောင်တောင် အမူအရာနှင့် ကြည့်လိုက်၏။ အချိန်အတော်ကြာ ဝေခွဲမရ ဖြစ်နေပြီးမှ မိုးကောင်းကင်အား မော့ကြည့်လိုက်သည်။ သော်တာလမင်းသည် ပျောက်ကွယ်သွားခဲ့ချေပြီ။ နေပင် မြင့်တက်လာချေ၏။ ကမ္ဘာမြေ၏ နေ့သစ်တခုအား ဦးဆုံး နေရောင်ခြည်တန်းများက ကြိုဆိုနေကြလေသည်။
"ဒါ မီးတောက် မာန်ပညာရပ်လား။ ဒါပေမဲ့ လနဲ့ဆက်စပ်နေတယ်။ မီးနဲ့ ဘာမှမဆိုင်ဘူး။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲ"
ဝင်လေထွက်လေကို ပုံမှန်ပြုရင်း စုမင် ရေရွတ်လိုက်၏။ သူ့နှလုံးမှာ လျင်လျင်မြန်မြန် ခုန်နေသည်။ လမင်းအား သူညာလက်နှင့် ညွှန်ကြားမှုပြုလုပ်စဉ် အမျိုးအမည် ခွဲခြားမရနိုင်သော ခံစားမှုတမျိုး သူ ရခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုပညာရပ်၏ ရက်စက်ကြမ်းတမ်းမှုကို ကြည့်ရင်း စုမင်၏ နှလုံးသားမှာ ဂုဏ်ယူဝံ့ကြွားနေတော့သည်။
စုမင်က ညာလက်သီးကို ဆုပ်ပြီး ချီစွမ်းအင်ကို လှုံ့ဆော်လိုက်သည်။ ထို့နောက် ဘေးမှ ကျောက်တုံးကြီးအား လက်သီးနဲ့ ထိုးခွဲလိုက်သည်။ သွေးကြော (၂၅) ခုမှာ သူ့ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့ဖြာဆင်းနေပြီး အရေပြားတလျှောက် ဟိုသည်သို့ ယှက်သန်းနေလေ၏။ သူ့လက်သီးနှင့် ကျောက်တုံးတို့ ထိမိသွားချိန် မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကျောက်တုံးပေါ်၌ အက်ကြောင်းရာကြီးများ ပေါ်ထွက်လာလေ၏။ တစ်ချိန်တည်း၌ ပြင်းထန်အားကောင်းလှသည့် တွန်းကန်အားတစ်ခု သူ့ညာဘက်လက်မောင်းထဲသို့ စီးဝင်လာလေသည်။ သို့သော် သူက ထိုတွန်းအားကို ချီ စွမ်းအင်နှင့် တားဆီးလိုက်လေ၏။
စုမင် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ ကျောက်တုံးပေါ်မှ အက်ကွဲရာများကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းများ တောက်ပလာသည်။
"ငါက ကျောက်သားကျင့်စဉ် အဆင့် (၄) ပဲရှိသေးလို့ ကျောက်တုံးကြီး အက်ကွဲအောင်ပဲ လုပ်နိုင်သေးတယ်။ သင့်တော်တဲ့ ဝိညာဉ်သားကောင် တစ်ကောင်ကို ရှာပြီး ဝိညာဉ်ဖြိုခွဲ မန္တာန်ကို အသုံးပြုနိုင်ခဲ့ရင် ကျောက်တုံးကြီး ကွဲထွက်သွားအောင် လုပ်နိုင်လောက်တယ်။ အခုတော့ ငါလုပ်နိုင်သမျှ ဒါအကုန်ပဲ။ စောနက လရောင်စဉ်တန်းရဲ့အားနဲ့ ယှဉ်ကြည့်ရင်တော့ တော်တော်လေး အားနည်းသေးတယ် ပြောရမယ်"
'တကယ်လို့ လရောင်စဉ်တန်း ဖျော့ဖျော့လေးကတောင် ဒီလောက် အားရှိလျှင် ဒီထက်ပိုလာခဲ့ရင်တော့ ... '
စုမင် အသက်ပြင်းပြင်း ရှူရင်း ပျော်ရွှင်ဝမ်းမြောက်စွာ ရယ်မောလိုက်၏။ သူ့ခန္ဓာကိုယ် ပြောင်းလဲမှုနှင့်အတူ ကိုယ်ထဲတွင် လည်ပတ်နေသည့် စွမ်းအားကို ခံစားနေရ၏။ သူက ညအချိန် ရောက်ရန် စောင့်မျှော်နေပြန်၏။
'' လရဲ့စွမ်းအားကို ညဘက်မှာ သုံးနိုင်တာတော့ နှမြောစရာပဲ။"
စုမင် ဂူထဲပြန်ဝင်သွားလိုက်သည်။
စုမင်အနေဖြင့် ညရောက်လာရန် ယခုကဲ့သို့ တခါမျှ မစောင့်မျှော်ဖူးခဲ့ချေ။ ခေါင်းကို မော့ရင်း အပေါက်လေးများမှတဆင့် ကောင်းကင်ကိုသာ ကြည့်နေမိတော့၏။ ယနေ့တွင်မှ နေ့တာက ကုန်ခဲလှသည်။ တဖြည်းဖြည်းနှင့် နေ့တာသည် ကုန်ဆုံးပြီး လရောင်က မြေပြင်ကို ထွန်းလင်းလိုက်လေ၏။ စုမင်က လှုပ်ရှားနေသည့်စိတ်ကို ငြိမ်းသက်ပြီး လအား ကြည့်လိုက်၏။ အသက်ပြင်းပြင်း ရှူလိုက်သည့်အချိန် သူ့မျက်လုံးများ တောက်ပလာလေသည်။
မာန်နတ်ဘုရား ရုပ်တုထံမှ ရရှိထားသည့် သင်ကြားချက်အရ စုမင် ရှင်းရှင်းလင်းလင်း သိထားသည်မှာ သွေးကြောကျောက်သားအဆင့် (၅) သို့မဟုတ် အဆင့် (၆) ရောက်သည်နှင့် မန္တာန်နှစ်ခုကို ထပ်မံ သုံးစွဲနိုင်မည် ဖြစ်၏။ နက်မှောင်တောင်မျိုးနွယ်စုသည် အလယ်အလတ် အင်အားရှိသည့် မျိုးနွယ်စု ဖြစ်သော်လည်း ထိုပညာရပ်များသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ဆင်းသက်လာသည့် မန္တာန်များ ဖြစ်ကြသည်။
မှောင်မိုက်သွေးမှုန်နှင့် နက်ဆိုးသုံးဖော်ကွပ်မျက် ...
မှောင်မိုက်သွေးမှုန်သည် ခန္ဓာကိုယ်ထဲရှိ မာန်သွေးများကို စုစည်းပြီး အသုံးပြုသူအား မယုံနိုင်လောက်အောင် အားကြီးသည့် စွမ်းအင်မျိုး တစ်ခဏတာ ရရှိစေသည်။ နတ်ဆိုး သုံးဖော် ကွပ်မျက်မှာ ... ထိုအကြောင်း တွေးမိလိုက်သည်နှင့် စုမင် စိတ်လှုပ်ရှားလွန်း၍ ရင်ခုန်လာသည်။
မှောင်မိုက်သွေးမှုန် မန္တာန်အား သွေးကြော (၅၀) ကျော် ပျံ့နှံ့ဖြာဆင်းနိုင်သည့် မာန်စွမ်းအားရှင်များသာ အသုံးပြုနိုင်ပေသည်။ နတ်ဆိုးသုံးဖော် ကွပ်မျက်မှာ ပိုလို့ပင် ခက်ခဲသေး၏။ မန္တာန်၏ အစောပိုင်းအဆင့် စွမ်းအင်များကို အသုံးပြုနိုင်ရန် စွမ်းအားရှင်၏ ကိုယ်၌ အနည်းဆုံး သွေးကြော (၂၀၀) ပျံ့နှံ့ ဖြာဆင်းနေရန် လိုအပ်သည်။ တစ်ချက်တည်းနဲ့ အလဲထိုးနိုင်မယ့် ပြိုင်ဘက်ကင်း ပညာရပ် ဖြစ်၏။
သွေးကြောကျောက်စဉ်၏ အဆင့် (၅) ရောက်ရန် စုမင်ကိုယ်ပေါ်၌ သွေးကြော (၅၃) ခုပေါ်ရန် လိုအပ်၏။ အကယ်၍ အဆင့် (၆) စွမ်းအားရှင် ဖြစ်လိုလျှင် သွေးကြော (၁၀၉) ခု လိုအပ်၏။ အဆင့်၇အတွက်ဆိုလျှင် သွေးကြော (၂၄၃) ခု လိုအပ်သည်။
ကျောက်သား ကျင့်စဉ် အလယ်အလတ် အဆင့်၏ ထိပ်ပိုင်းအဆင့်မှာ (၈) ဆင့်ဖြစ်ပြီး ၎င်းအဆင့် (၈) အတွက် သွေးကြော (၃၉၉) ခု ပျံ့နှံ့ဖြာဆင်းရန် လိုအပ်၏။
အဆင့် (၉) မှ နောက်ပိုင်း အဆင့် (၁၁) ထိ သွေးကြောကျောက်သားကျင့်စဉ်၏ နောက်ဆုံးအဆင့်ဟု သတ်မှတ်သည်။ နောက်ဆုံး အဆင့် (၁၁) တွင် ပုံမှန်မာန်စွမ်းအားရှင် တစ်ယောက် လိုအပ်သည့် သွေးကြောအရေအတွက်တွင် ကန့်သတ်ချက် ရှိ၏။ သူ သို့မဟုတ် သူမသည် သွေးကြော (၇၈၁) ခု ဖြာဆင်းနေရန် လိုအပ်၏။ ထိုအဆင့်ထက် သွေးကြောများများ ပိုလာလေ၊ မာန်စွမ်းအား ထက်လာလေ၊ ဉာဏ်အလင်းပေါက် အဆင့်သို့ တက်ရောက်ရန် အခွင့်အလမ်း ပိုများလေ ဖြစ်၏။
စုမင် မျက်လုံးများ တောက်ပလာသည်။ ကောင်းကင်ပေါ်မှ လကိုကြည့်ရင်း သူ့စိတ်လှုပ်ရှားမှုများ ပိုမို ကြီးမားလာသည်။ လအနီရောင် ပြောင်းသွားသည့် အဖြစ်ကို တွေးရင်း သူ့မျက်လုံးထဲ၌ လနီနီမှာ အမှန်တကယ် ပေါ်ထွန်းလာနေ၏။ သူ့မျက်လုံးထဲ တငွေ့ငွေ့ တောက်လောင်နေသည့် အရိပ်အငွေ့များ ခံစားနေရသည်။
ယခုတစ်ကြိမ်တွင် စုမင်မှာ တုံ့ဆိုင်းမနေဘဲ လက်ချောင်းကို ကိုက်ပြီး မျက်လုံးပေါ် သွေးများ သုတ်လိမ်းလိုက်၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ အသံများထွက်နေပြီး မဟူရာမီးတောင်ထဲတွင် တမြန်နေ့ကလို ထူးထူးဆန်းဆန်း အဖြစ်အပျက်များ ထပ်မံ ဖြစ်ပွားလာခဲ့၏။
'ငါပိုပြီး စွမ်းအား ကြီးမားလာချင်တယ်...'
တောင်၏လေထုကို စုပ်ယူရင်း စုမင် ခန္ဓာကိုယ်ပေါ်မှ သွေးကြော (၂၅) ခုသည် အနီရောင် တောက်ပလာခဲ့၏။ ပတ်ပတ်လည်ရှိ လေထုမှာ သူ့ထံ အလျင်အမြန် ပြေးဝင်လာကြ၏။ တစ်ချိန်တည်း မျက်ဝန်းထဲတွင် အနီရောင်လကို မြင်ယောင်ပြီး လက်ကိုမြှောက်၍ လက်ချောင်းမှ သွေးများနှင့် မျက်လုံးကို သုတ်လိမ်းလိုက်ပြန်၏။
"မာန် ကို ရယူလိုတဲ့ ဆန္ဒဟာ အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့တယ်သွေးကို မီးတောက်မှာ လောင်ကျွမ်းခံလို့ စိတ်လိုလက်ရ မိုးကောင်းကင်ကို ပြာချ အဆုံးမရှိတဲ့ ဒီလောကမှာ တိမ်တွေကနေ မီးတောက်လ ဖြစ်ပေါ်လာခဲ့တာက အမှန်ဖြစ်ခဲ့လျှင် ငါ့ကိုယ်ထဲက သွေးတွေကို လောင်ကျွမ်းစေလို့
ငါအသေအချာ တွေးဆပါ့မယ်။ အများဆုံး ကိုးခု ကျန်တစ်ခုဟာ ဥပဒေမီးတောက် မာန်သွေးကို ထွန်းညှိလို့ ကိုးကို ကိုးကွယ် ငါတို့အား မီးတောက်မာန်ရဲ့ အာဏာကုန် ပိုင်ဆိုငိနိုင်စွမ်းပေးပါ မီးတောက်”
"အများဆုံး ကိုးခု ... အများဆုံး ကိုးခု။ ဒီအဓိပ္ပာယ်က ငါက ငါ့ရဲ့သွေးတွေကို ကိုးကြိမ်ကိုးခါ လောင်ကျွမ်းအောင် လုပ်ရမယ် ..."
စုမင် သွေးများအား မျက်လုံးပေါ် သုတ်လိမ်းလိုက်သည့် အခိုက်အတန့် သူ့ကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ခါလာလေ၏။ မဟူရာမီးတောင်လည်း တသိမ့်သိမ့် တုန်သွားသော်လည်း ယခင်တစ်ခေါက်ကဲ့သို့ မည်သူမျှ သတိပြုမိခြင်း မရှိပေ။
တောင်တန်း၏ ပိုမိုပြင်းထန်တဲ့ အင်အားလှိုင်း တစ်ခုသည် လေထုသဏ္ဌာန်ဖြင့် စုမင်ကိုယ်ထဲ ဝင်ရောက်လာခဲ့၏။ ထိုစွမ်းအင်စီးဆင်းမှုကြောင့် သူ့တစ်ကိုယ်လုံး ပေါက်ကွဲ ထွက်သွားမတတ် ခံစားလိုက်ရ၏။ ကိုယ်ပေါ်မှ သွေးကြော (၂၅) ခုသည်လည်း အရေပြားပေါ်တွင် ပိုမို လင်းလက် တောက်ပလာပြီး အသက်ဝင်နေသည့်ပမာ ရွေ့လျားသွားလာနေကြ၏။
ထိုအခိုက် (၂၆) ခုမြောက် သွေးကြောပေါ်လာ၏။ သို့သော် စုမင်မှာ မရပ်တန့်သေး။ ၂၇ ခု၊ ၂၈ ခု၊ ၂၉ ခုမှ ၃၃ ခုမြောက်ထိ သူ့ကိုယ်ပေါ်တွင် တစ်ချိန်တည်း ပြိုင်တူ ပေါ်ပေါက် ဖြာဆင်း လာခဲ့၏။
စုမင် နှလုံးသား တဒုန်းဒုန်းတုန်ခါနေသလို အသက်ရှူနှုန်းလည်း မြန်ဆန်လာ၏။ ဖြစ်ပေါ်နေသည့် စွမ်းအားတွင် ယစ်မူးနေမိသည်။ သို့သော် သူ့စိတ်အစဉ်က တည်ကြည် ရှင်းလင်းနေဆဲ။ မျက်လုံးထဲတွင် သွေးလွှမ်းလကို ပြန်မြင်လာချိန် တတိယမြောက် လက်ချောင်းကို ကိုက်ဖောက်လိုက်တော့၏။
လက်ချောင်းပေါ်မှ လတ်လတ်ဆတ်ဆတ် စီးကျလာသော သွေးတို့တွင် လျှို့ဝှက်ဆန်းပြားသော စွမ်းအားများ ခိုအောင်းနေသလိုပင်။ စုမင်က သွေးစိမ်းရှင်ရှင်ကို ကြည့်ပြီး မျက်လုံးများပေါ် ဖြည်းဖြည်းချင်း သုတ်လိမ်းလိုက်၏။ ၎င်းမှာ တတိယအကြိမ်မြောက် သွေးလောင်ကျွမ်းခြင်း ဖြစ်၏။
တတိယအကြိမ်မြောက် သွေးလောင်ကျွမ်းပြီးလျှင် သူ့စွမ်းအားမှာ ဆထက် တိုးပွားလာမည် ဆိုသော်လည်း စုမင်တယောက် ထူးထူးဆန်းဆန်း ခံစားနေရ၏။ ထိုအတွေးကြောင့် သူ့လက်ချောင်းကို စိုက်ကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ စုမင်က အံကို တင်းတင်းကြိတ်ရင်း မျက်လုံးပေါ် လက်ကိုတင်ကာ အသာအယာ သုတ်လိမ်းလိုက်၏။ သူညာမျက်လုံးပေါ် သွေးများ သုတ်လိမ်းပြီးချိန် တောင်စဉ် တစ်ခုလုံး တုန်ခါသွားပြန်သည်။
ဒီတကြိမ်တွင် မဟူရာမီးတောင် တစ်ခုတည်း သာမက အခြားသော တောင်ထိပ်လေးခုပါ တုန်ခါသွား၏။ ကျေးငှက်များနှင့် သားရဲတိရစ္ဆာန်တို့မှာ ကြောက်စိတ်ကြောင့် မလှုပ်ရှားဝံ့ကြ။ သို့သော် တောင်အားကြည့်နေသည့် လူတစ်ယောက်အတွက် အရာအားလုံး ပုံမှန်အတိုင်း မတုန်မလှုပ် တည်ငြိမ်သော အမူအရာနှင့် ကြည့်နေလေ၏။
ထိုအခြင်းရာကို နက်မှောင်တောင် မျိုးနွယ်စုသာမက မဟူရာတောင်မျိုးနွယ်စုပါ သတိမပြုမိကြပေ။ ဉာဏ်အလင်းပေါက် အဆင့်သို့ ရောက်ရှိရန် မဟူရာမီးတောင်ထဲရှိ လရဲ့အတောင်ပံတို့၏ သွေးကိုစုပ်ယူခဲ့သည့် ပိထူ တစ်ယောက်တည်းသာလျှင် ယင်းအဖြစ်ကို သတိထားမိလိုက်၏။ သူနှလုံးသားမှာ လှုပ်ခတ်သွားသည်။ အိမ်အပြင်ထွက်ကာ ကောင်းကင်ကို မော့ကြည့်၏။
သို့သော် ထိုခံစားမှုမှာ လေလို အလျင်အမြန် ပျောက်ကွယ်သွားလေ၏။ သူ ကြိုးစားစဉ်းစားသော်လည်း ထိုဖြစ်ရပ်၏ နောက်ကွယ်မှ အဓိက အကြောင်းရင်းကို မပြောနိုင်ဘဲ ရှိနေသည်။
စုမင်တစ်ယောက် တတိယအကြိမ်မြောက် သွေးလောင်ကျွမ်းခြင်း ပြုလုပ်စဉ် မဟူရာမီးတောင် အတွင်းပိုင်းတွင် ရှိနေကြသော လရဲ့အတောင်ပံများ၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားနေသည့် အမူအရာများ ဖြစ်ပေါ်နေကြ၏။ ၎င်းတို့အားလုံး ထိန်းမနိုင်သိမ်းမရ လှုပ်ရှားနေကြ၏။ ၎င်းတို့အား ထိန်းချုပ်ထားသည့် အပင်ကြီးထံမှ လွတ်မြောက်ရန် ကြိုးစားနေသည့်ဟန်လည်း ရှိသည်။ ပေါ်ထွက်လာမည့် ၎င်းတို့၏ ဘုရင်မင်းမြတ်ကို ကြိုဆို ဦးခိုက်လိုသည့် ပုံစံမျိုးပင်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့မှာ ထိန်းချုပ်ထားသည့် အမည်မသိ စွမ်းအင်၏ ချုပ်ကိုင်မှုကို မတွန်းလှန်နိုင်သည့်အလား လူးလွန့်နေကြ၏။
တစ်ချိန်တည်း၌ အမှောင်ထုအတွင်း ထီးထီးကြီးရှိနေသာ အနီရောင်အပင်ကြီးမှာ လှုပ်ခါသွားလေသည်။
ညာဘက်မျက်လုံးကို သွေးလတ်လတ်ဆတ်ဆတ်နှင့် သုတ်လိမ်းပြီးကတည်းက စုမင်မျက်လုံးများ တဆတ်ဆတ် လှုပ်ရှားနေသည်မှာ မရပ်တန့်တော့ပေ။ နက်မှောင်တောင်တန်း တစ်ခုလုံးရှိ အရောင်အဝါ အကုန်လုံး စုမင်ထံသို့ အရူးအမူး တိုးဝင်လာနေကြ၏။ ထိုအချင်းအရာကြောင့် စုမင်ကိုယ်ပေါ်မှ သွေးကြောများမှာ သူကိုယ်တိုင် လန့်ဖျပ်မိသည့် အရှိန်အဟုန်နှုန်နှင့် ပျံ့နှံ့ဖြာဆင်းနေတော့၏။
၃၄၊ ၃၅၊ ၃၆ … ၄၂၊ ၄၄ … ခုမှ ၄၇ ခုမြောက် သွေးကြောပေါ်လာသည်အထိ မရပ်မနား ပျံ့နှံ့ဖြာဆင်းလာကြ၏။
စုမင် ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့။ ပေါက်ကွဲထွက်တော့မည့် ခံစားချက်က တစ်စထက်တစ်စ ပိုမို သိသာလာသည်။ မဟူရာမီးတောင်ထဲရှိ လရဲ့အတောင်ပံများ၏ အော်မြည်သံတို့ကိုလည်း ခပ်သဲ့သဲ့မျှ ကြားလိုက်ရသည်။
စုမင် ညာလက်ကို မြှောက်လိုက်သည်။ သူ့အသက်ရှူသံမှာ အရမ်း မြန်ဆန်နေ၏။ သူ့တစ်ကိုယ်လုံး ချွေးတို့ဖြင့် ရွှဲနစ်နေလေသည်။ တစ်ချိန်တည်းတွင် နက်မှောင်တောင်တန်း၏ ဝိညာဉ်ကို မခံစားမိရတော့။ သူ့နားထဲ ကြားယောင်နေသည့် မာန်ဖီသံများလည်း တိုးလျငြိမ်သက်ကာ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။
သို့သော် မကြာခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး ပုံမှန်မဟုတ်မှန်းတော့ စုမင် သိနေသည်။
‘ဘယ်လောက်တောင် အားပြင်းလိုက်တဲ့ ပညာရပ်လဲ... အကယ်၍ ငါသာ တတိယမြောက် သွေးလောင်ကျွမ်းခြင်းကို ပြီးအောင်လုပ်နိုင်ခဲ့လျှင် ငါ့ရဲ့သွေးကြော ပျံ့နှံ့ဖြာဆင်းတဲ့ အရေအတွက် အဆဆ များပြားလာမယ်လို့ ငါခံစားနေရတယ်။ ဒါတောင် တတိယအကြိမ်ပဲ ရှိသေးတယ်။ ကိုးကြိမ်သာ ပြီးသွားခဲ့လျှင်...…..."
စုမင်က တုန်ယင်စွာ အသက်ရှူလိုက်သည်။ ဆက်ပြီး လေ့ကျင့်သွားရန် အနည်းငယ် စိတ်ထင့်နေမိ၏။
''ကိုးကြိမ်မှရယ် မဟုတ်ဘူး။ ငါနားလည်ထားတဲ့ အတိုင်းဆိုလျှင် ငါ့ရဲ့သွေးတွေကို နဝမအကြိမ်ထိ လောင်ကျွမ်းပြီးတာနဲ့ ငါက မီးတောက်လကို ကိုးကွယ်ပူဇော်ရမယ်။ မီးတောက်လကို ကိုးကြိမ်ကိုးခါ ပူဇော်ပြီးလျှင် ငါက မီးတွေ အားလုံးကို ထိန်းချုပ်နိုင်ပြီ..."
စုမင် ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် အင်အားကြီးလာသလို ခံစားနေရသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူ ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးတို့မှာ တည်ကြည် ပြတ်သားမှုတို့နှင့် တောက်ပနေ၏။
''ဒီပညာရပ်နဲ့ ဆေးလုံးတွေကိုသာ အသုံးပြုသွားမယ်ဆိုလျှင် ငါဟာ ဉာဏ်အလင်းပေါက် အဆင့်ကို ရောက်ရှိနိုင်မှာပဲ......"
စုမင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
***