← Chapters

မလိုမုန်းတီးမှုကို ခံစားရခြင်း

Vol. 3 Ch. 40

မလိုမုန်းတီးမှုကို ခံစားရခြင်း

Vol. 3 Ch. 40

စုမင်မှာ နိုင်စီးငြိမ်းသက်ခြင်းဖြင့် ဆေးဖော်စပ်ရင်း အချိန်တို့ ကုန်လွန်စေခဲ့၏။ ရက်အနည်းငယ်အကြာ ခြေကုန် လက်ပမ်းကျနေသည့်ဟန်နှင့် ရှောင်ဟုန်တစ်ယောက် ဂူထဲသို့ ပြန်ရောက်လာ၏။ နီစွေးနေသည့် အမွေးအမှင်များကို အနက်ရောင် ဖြစ်လာသယောင် ရှောင်ဟုန်တစ်ယောက် ဘယ်လို ကြိုးစားခဲ့ကြောင်း သူ မြင်ယောင်ကြည့်ရင်း ပြုံးမိလိုက်သည်။

ခက်ခဲသော်လည်း ဂုဏ်ယူဝင့်ကြွားနေသည့် ဟန်ပန်ကို ရှောင်ဟုန့်မျက်နှာတွင် အထင်းသား တွေ့နေရ၏။ မျောက်မသားလေး ရှောင်ဟုန်မှာ ကိုယ့်ကိုယ်ကိုယ် သဘောကျနေသည့် အမူအရာနှင့် တဖွဖွ နမ်းရှုပ်ပြီး ပြုံးဖြီးဖြီး လုပ်နေတော့သည်။

ရှောင်ဟုန့် အသံကြောင့် လေ့ကျင့်နေရာမှ စုမင် အသာအယာ မျက်လုံး ဖွင့်လိုက်သည်။ ရှောင်ဟုန်ကို မြင်လိုက်ရချိန် တောထဲ၌ နောက်ယောင်ခံလိုက်ချိန် တွေ့ခဲ့ရသည့် မြင်ကွင်းအကြောင်း ထပ်မံစဉ်းစားမိ၍ ပြုံးမိလိုက်ပြန်သည်။

စုမင်ရဲ့အကြည့်ကို သတိပြုမိသွားသည့် ရှောင်ဟုန်က သူ့ထံပါးသို့ ညာလက်ကို မြှောက်ပြီး ရုတ်တရက် ပြေးဝင်လာ၏။ ရှောင်ဟုန်မှာ မျှဝေခြင်းသည် ဂရုစိုက်ခြင်းဟု သဘောထား၍လား မသိ၊ စုမင်ရှေ့သို့ လက်ကိုထိုးပေးပြီး နောက်တစ်ကြိမ် နမ်းရှုပ်ပေးရန် လုပ်ပြနေလေသည်။

သူ့ကြောင့် စုမင်မှာ ငိုရမလို၊ ရီရမလို ဖြစ်သွားသည်။ သို့သော် ရှောင်ဟုန်ကို အရေးလုပ် မနေတော့ဘဲ ဆေးဖော်စပ်ခြင်းတွင်သာ အာရုံနှစ်ထားလိုက်တော့၏။

ရက်၊ လတို့ တရွေ့ရွေ့ကုန်ဆုံးလာပြီး လေပြည်စီးကြောင်း မျိုးနွယ်စုထံ အကြီးအကဲနှင့် အတူသွားရန် ချိန်းဆိုထားသည့်နေ့တို့ နီးကပ်လာလေသည်။

လက်ကျန် တိမ်လွှာမြက်ပင်အားလုံးကို ဆေးဖော်စပ်သည့်နေရာတွင် သုံးခဲ့သော်လည်း "တောင်တန်းဝိညာဉ်"ဆေးတစ်လုံးသာ ဖော်စပ်နိုင်ခဲ့သောကြောင့် စုမင်မှာ စိတ်ရောကိုယ်ပါ နွမ်းလျလို့ နေသည်။

နောက်ဆုံး ကျင့်စဉ်လေ့ကျင့်မှု ပြီးမြောက်သွားပြီ ဖြစ်၏။ "သွေးကြောကျောက်သား" အဆင့် (၄) ဆင့်မြောက်ကို အောင်အောင်မြင်မြင်နှင့် ဖြတ်ကျော်နိုင်ခဲ့သည့်အပြင် နောက်ထပ် အပိုသွေးကြောနှစ်ခုပါ ထပ်ပေါ်လာသောကြောင့် သူ့ခန္ဓာကိုယ်တွင် စုစုပေါင်း သွေးကြော (၄၉) ခု ထင်ထင်ရှားရှား ပေါ်နေပြီ ဖြစ်၏။ သူကိုယ်တိုင်လည်း မီးလျှံမာန်မျိုးနွယ်စု အတတ်၏ ထူးခြား ဆန်းကြယ်မှုများနှင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာတော့သည်။

သွေးကြောကျောက်သား ကျင့်စဉ်သည် အဆင့်များလေ သွေးကြောသစ်များ ဖန်တီးပြုပြင်ရန် ခက်ခဲလာလေ ဖြစ်သည်။ စုမင် မည်သို့ပင် ကြိုးစားသော်လည်း နောက်ထပ် သွေးကြောသစ်များ ထပ်မံပေါ်ပေါက်လာအောင် မစွမ်းဆောင်နိုင်ဘဲ ရှိနေသည်။ သူ ယခုကဲ့သို့ ဖြစ်နေခြင်းမှာ တတိယအကြိမ်မြောက် သွေးလောင်ကျွမ်းခြင်းအား မပြီးမြောက်သေးခြင်းနှင့် ဆက်စပ်နေကြောင်း စုမင် ကောင်းကောင်း နားလည်လေသည်။

ထို့အပြင် လသာနေသည့် ညအချိန်တိုင်း သူ့ခံစားချက်၊ အာရုံခံစားမှုအလိုက် လရောင်အား ထိန်းချုပ်နိုင်ရန် အကြိမ်များစွာ စုမင် ကြိုးစားအားထုတ်ခဲ့သော်လည်း ကြီးကြီးမားမား အကျိုးရလဒ် မရှိခဲ့ပေ။ ၎င်းမှာ စုမင်အနေနှင့် လရောင်စဉ်တန်း အနည်းအကျဉ်းကိုသာ ထိန်းချုပ်နိုင်စွမ်း ရှိ၍ ဖြစ်နိုင်သည်။

သို့သော် စုမင်လက်ထဲက လရောင်စဉ်တန်းအနည်းငယ်မှာ မယုံနိုင်လောက်အောင် စွမ်းအင် ကြီးမားလာသည်။ စပါးအုံးဦးချိုလက်နက်ထက်ပင် ပိုအစွမ်းထက်နေ၏။ ဒီထက် ပိုအရေးကြီးသည့် အချက်မှာ စုမင်ဘေးနားတွင်ရှိနေသော ရှောင်ဟုန်ပင် လရောင်စဉ်တန်းကို မြင်နိုင်စွမ်းမရှိသည့် အချက် ဖြစ်၏။ ထိုအချက်ကြောင့် လရောင်စဉ်တန်းကို သူတစ်ယောက်တည်း မြင်ရပြီး မည်သူမျှ မမြင်နိုင်မှန်း သေချာသွားလေသည်။

နေ့အလင်းရောင် ဖြာထွက်လာသည်။ စုမင် ထရပ်ပြီး ဂူပတ်ပတ်လည်ကို ကြည့်လိုက်၏။  ခဏအကြာ သူ့ရဲ့ မဖြစ်မထွန်း ဒယ်အိုးကို ဘေးဖက်သို့ တွန်းလိုက်သည်။ လေပြေစီးကြောင်း မျိုးနွယ်စုထံတွင် ဘယ်လောက်ကြာကြာနေရမှန်း မသိသည့်အတွက် ပြင်ဆင်မှုတွေလုပ်ရန် လိုသေးသည်။

မီးကျောက်ဂူ နံရံပေါ်တွင်ရှိနေသည့် အပေါက်ငယ်လေးများက နံရံတစ်ခုလုံးကို အလှဆင်ထားသည်။ ၎င်းအပေါက်ငယ်လေးများမှာ လရောင်ကို ထိန်းချုပ်နိုင်ရန် စုမင် လေ့ကျင့်စဉ် ဖောက်ထွင်းထားခြင်း ဖြစ်သည်။

အထုပ်အပိုးအားလုံး ပြင်ဆင်ပြီးနောက် စုမင် ဂူထဲမှ ထွက်လာလိုက်သည်။ ရှောင်ဟုန်လည်း အိပ်ပျော်ရာမှ နိုးလာပြီ ဖြစ်၏။ ပြန်ဖို့ခြေလှမ်း ပြင်နေသည့် စုမင်ကို မြင်လိုက်သည့်အခါ သူ့နောက်မှ  ခပ်သွက်သွက် လိုက်လာခဲ့လေသည်။ တောင်အောင်ဆင်းရမည်ကို အပျင်းထူလွန်းအားကြီး၍ မျောက်ကလေးမှာ ဂူအပြင်သို့ ရောက်သည်နှင့် စုမင်ပခုံးပေါ် တက်လိုက်လေတော့သည်။

"စိတ်ပျက်ဖို့ကောင်းတာက တောင်တန်း ဝိညာဉ်ဆေးဟာ ဖော်စပ်ဖို့ သိပ်ခက်လွန်းနေတာဘဲ။ ဒုတိယ တံခါးချပ်က တောင်တန်းဝိညာဉ် ဆေးလုံးတွေထည့်ဖို့ (၈) ပေါက်ရှိတာဆိုတော့ ငါ ဆေးလုံး (၈) လုံး လုပ်ရမယ်ဆိုတာ သေချာတယ်။ ငါ့ရဲ့ကျင့်ကြံတဲ့ အချိန်တွေကို ထည့်မတွက်ဘူးဆိုရင်တောင် ဒီဆေးအားလုံး ဖော်စပ်နိုင်ဖို့ နောက်ထပ် ဘယ်လောက်ကြာဦးမယ် မသိဘူး"

"ပြီးတော့ ဒုတိယ တံခါးချပ်ဖွင့်နိုင်ဖို့ နောက်ထပ်လိုသေးတဲ့ တောင်အရပ်ခွဲခွာဆိုတဲ့ ဆေးတစ်မျိုးကိုလည်း လုပ်ရဦးမယ်။ ဒါပေမဲ့ အဲဒီဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးပင်တွေကို ငါမှ မမြင်ဖူးတာ။ မိုးနတ်မင်းကြီးရေ ... အကြီးအကဲ ငါ့ကိုပေးတဲ့ ဝါးပိုးမှတ်စုကိုပဲ ကျေးဇူးတင်ရမယ်။ အနည်းဆုံး ဒီထဲမှာ ဆေးပင်တချို့အကြောင်းတော့ ဖော်ပြထားမှာပဲ"

ဂူအပြင်တွင် မတ်တတ်ရပ်နေသည့် စုမင်မှာ အရှေ့ရပ်ဝန်းဆီက ထွက်ပေါ်လာသည့် နေမင်းကြီးကို ငေးကြည့်ရင်း ဘေးပတ်ဝန်းကျင်မှ လတ်ဆတ်အေးမြနေသည့် လေကို ရှူသွင်းလိုက်၏။

"တောင်တန်းဝိညာဉ်နဲ့ တောင်အရပ် ခွဲခွာဆိုတဲ့ ဆေးလုံးတွေ ငါ့မှာ လုံလုံလောက်လောက်ရှိမှ ဒုတိယ တံခါးချပ်ကို ငါဖွင့်နိုင်မှာ။ တော်သေးတာက ဖော်စပ်ဖို့ အရမ်းခက်ခဲပြီး ရှားပါးလွန်းတဲ့ နတ်မင်းကြိုဆိုဆေးကို ငါလုပ်ဖို့ မလိုတာပဲ"

အတွေးရှည်ကြီးထဲ နစ်မြောနေသည့် စုမင်ကို စိတ်မရှည်တော့၍ ရှောင်ဟုန်မှာ ကျောကုန်းပေါ်တွင် ငြိမ်မနေတော့ဘဲ ဆံပင်တွေကို ရှုပ်ပွအောင်လုပ်ကာ တရှူးရှူး တရှဲရှဲ အသံပြုလျက် နှောင့်ယှက်လုပ်နေတော့၏။

စုမင်က မျောက်ကလေး ခေါင်းကို အသာပုတ်ပြီး တောင်ထိပ်မှ ခုန်ဆင်းလာလိုက်သည်။ လေအဟုန်ခွင်းပြီး သွားနေရသောကြောင့် စုမင်၏ အင်္ကျီနှင့် ဆံပင်တို့မှာ လေထဲတွင် တဖျပ်ဖျပ် လွင့်ခါနေ၏။ မြန်ဆန်လွန်းသည့် အရှိန်ကြောင့် ထိတ်လန့်သွားသည့် ရှောင်ဟုန်မှာ စုမင် ဆံပင်ကို အားနှင့်  ဆုပ်ကိုင်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

စုမင်မှာ မျောက်ကလေး၏ ပုံစံကြောင့် ရယ်မောမိသည်။ တောင်ပေါ်မှ အရှိန်နှင့် ခုန်ဆင်းနေခိုက် သူ့ညာလက်နဲ့ မှီရာကျောက်တုံးကို လှမ်းဆွဲပြီး ခဏရပ်လိုက်သည်။ အရှိန်ပြန်ယူပြီးနောက် အောက်ကိုပြန်ခုန်၏။ လက်ရှိနှုန်းအတိုင်း ခရီးဆက်ခဲ့၍ မကြာခင် စုမင်မှာ မဟူရာမီးတောင်ခြေသို့ ရောက်ရှိသွားတော့သည်။

နှင်းမှုန်ထုသည် သစ်တောတခွင်အား ဖုံးလွှမ်းထား၏။ နှင်းမှုန်ထုသည် နူးညံ့ ပျော့ပျောင်းလွန်း၍ ခြေချမိသည်နှင့် စုမင်တယောက် နှင်းတောထဲ နစ်မြုပ်သွား၏။ ထို့နောက် စုမင်မှာ သစ်တောကို ဖြတ်ပြေးလာခဲ့ပြန်သည်။ မူလက သူ့မျိုးနွယ်စုဝင်များထံ ပြန်လာရန် ရည်ရွယ်ထားသော်လည်း လမ်းဆုံလမ်းခွသို့ ရောက်လာသည့်အခါ သူ့ခြေလှမ်းများမှာ တုံ့ဆိုင်းသွားပြီး ခဏလောက် တွေဝေသွားလေသည်။

ရှောင်ဟုန်မှာ သက်တောင့်သက်သာ အနေအထားနှင့် စုမင်ပုခုံးပေါ် ထိုင်နေသည်။ သူက ပျော်ရွှင်မြူးထူးနေသည့် အမူအရာနှင့် ညာလက်ကို တစ်ခါတစ်ရံ နမ်းရှိုက်၏။ ရုတ်တရက် တွေဝေသွားသော စုမင်ကို မြင်လိုက်ရ၍ မျောက်ကလေးမှာ အနည်းငယ် အံ့ဩမှင်သက်သွားလေသည်။

ညာဘက် လမ်းကြောင်းသည် စုမင်၏ မျိုးနွယ်စုဝင်များရှိရာသို့ သွားလမ်းဖြစ်သော်လည်း ဘယ်ဘက်လမ်းမှာ ... နဂါးနက်တောင် မျိုးနွယ်စုများရှိရာသို့ ဦးတည်နေသည့် လမ်းကြောင်းကလေး ဖြစ်၏။ စုမင်က ထိုလမ်းကြောင်းကို စိုက်ကြည့်လိုက်၏။

"ငါသွားကြည့်လိုက်ဦးမယ်... ရှောင်ဟုန် ... မင်း ပိုင်လင်းကို မြင်ဖူးလား။ အိုး ... မင်းမှ သူ့ကို မမြင်ဖူးတာ။ မင်း သူ့ကို တွေ့ချင်လား" ဟု စုမင်က အသာအယာ မေးလိုက်သည်။

ရှောင်ဟုန်ရဲ့ မျက်လုံးများ ဝိုင်းစက်သွားသည်။ ရှောင်ဟုန်မှာ မျက်နှာပေါ်က အမွေးများကို ကုတ်ခြစ်နေသော်လည်း အသံတစ်ခုမှ ထွက်မလာပေ။

"ကောင်းပြီလေ။ မင်းသူ့ကို တွေ့ချင်နေမှတော့ အဝေးကနေ သူမကို ကြည့်ခွင့် ပေးမယ်"

စုမင် ပြောဆိုနေပုံက နဂါးနက်တောင်သို့ သွားရန် သူ့တွင် ခိုင်လုံသည့် အကြောင်းပြချက် တစ်ခု ရှိနေသည့်အတိုင်းပင်။ တစ်ချက်ပြုံးပြီး ရှောင်ဟုန်၏ခေါင်းကို ပုတ်လိုက်၏။ ရှောင်ဟုန်မှာ စိတ်ညစ်သွားသည့်မျက်နှာနှင့် သူ့ကိုကြည့်လိုက်၏။ စုမင်မှာ ဘယ်ဘက်လမ်းကလေးထဲသို့ ဝင်ရောက် ပြေးလွှားသွားတော့သည်။

စုမင်သည် ပိုင်လင်းနှင့် နေဝင်ရီတရော လမ်းခွဲခဲ့သည့် နေရာသို့ ပြန်ရောက်လာသည်။ နေဝင်ခါနီးဖြစ်၍ နေလုံးကြီးဟာ နီညိုရောင် စွန်းနေသည်။ ထိုင်ချလိုက်ပြီး နဂါးနက်တောင် မျိုးနွယ်စုများကို လှမ်းကြည့်လိုက်သည်။ လှုပ်ရှားသွားလာနေကြသည့် နဂါးနက်တောင် လူမျိုးစုဝင်များကြား ပိုင်လင်းတယောက် ပျောက်ချက်သားကောင်းနေသည်။ စုမင်မှာ အချိန်တော်တော်ကြာအောင် အတွေးကမ္ဘာထဲ နစ်မြောနေမိသည်။ သူကိုယ်တိုင် ဘာတွေစဉ်းစားနေမိမှန်း မသိ။ သူသိသည်က ပိုင်လင်းသည် မိန်းမလှလေး ဖြစ်သည်။ သူ့တစ်ဘဝလုံး တွေ့ခဲ့ရသည့် မိန်းကလေးများထဲတွင် အလှဆုံးဖြစ်ပြီး သူမကို နောက်တကြိမ်လောက် ထပ်မံတွေ့ချင်နေမိသည်။

တင်္ဂဒလောက် တွေဝေပြီးနောက် ငြိမ်ငြိမ်လေးထိုင်ပြီး ဘာမှမလှုပ်ရှားဖို့ ဆုံးဖြတ်လိုက်၏။ ထိုအစား သူက ကောင်းကင်ကိုမော့ကြည့်နေခဲ့သည်။ နေဝင်ခါနီး ကောင်းကင်တစ်ခွင်လုံး မှောင်ရိပ်သမ်းလာချိန် သူ မတ်တတ်ရပ်ကာ ရှေ့သို့ ခပ်သွက်သွက်ကလေး လျှောက်သွားလိုက်၏။ ဘေးပတ်ဝန်းကျင်ကို သတိထားပြီး နဂါးနက်တောင် မျိုးနွယ်စုများရှိရာထံ ကရုတစိုက်နှင့် ချဉ်းကပ်လာသည်။ သို့သော် နဂါးနက်တောင်မျိုးနွယ်စုဝင်များနှင့် နီးကပ်လွန်းသည်အထိတော့ သူမသွားဝံ့။ သူရောက်နေသည့် နေရာသည် သူစိမ်းနေရာဖြစ်၍ သူ့အား ရှာတွေ့သွားခဲ့ပါက အသက်အန္တရာယ် ဖြစ်နိုင်ချေ ရှိ၏။

နက်မှောင်တောင် မျိုးနွယ်စုနှင့် နဂါးနက်တောင်မျိုးနွယ်စု ဆက်ဆံရေးသည် နက်မှောင်တောင် မျိုးနွယ်စုနှင့် မဟူရာတောင် မျိုးနွယ်စုတို့၏ ဆက်ဆံရေးလောက် မဆိုးရွားသော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ သင့်မြတ်နေကြသည်တော့ မဟုတ်။ အမဲလိုက်မြေပြင်တွင် အဖွဲ့လိုက် တွေ့ကြသည့်အခါ ရန်သူအဖြစ် သတ်မှတ်ပြီး သူသေကိုယ်သေ တိုက်ခိုက်လေ့ရှိသည်။ ယခုလို နဂါးနက်တောင်မျိုးနွယ်စုအနီး ခိုးကြောင်ခိုးဝှက် လုပ်နေသည့် စုမင်ကို တွေ့သွားပါက ပြဿနာ ကြီးကြီးမားမား တက်သွားနိုင်လေသည်။

"ငါ ဒီလိုမလုပ်သင့်ဘူး" ဟု စုမင်က တတွတ်တွတ်ပြောပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။ နဂါးနက်တောင် မျိုးနွယ်စုနေရာနှင့် ခြေလှမ်း ၁၀,ဝဝဝ ခန့် အကွာတွင် ရပ်တန့်လိုက်၏။ စုမင်က ဆေးမြစ်၊ ဆေးပင်များ စုဆောင်းရန် ငယ်စဉ်ကတည်းက တောထဲပုံမှန် သွားလေ့ရှိသည်။ တစ်ခါတလေ မဟူရာတောင်မျိုးနွယ်စုများနှင့်ပင် ရင်ဆိုင်ဖူးသည်မို့ သတိဝီရိယဟူသည် သူနှင့် တစ်သားတည်း ဖြစ်လို့နေ၏။

သူ့ဘဝတွင် ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက် အမြောက်အမြား ကြုံတွေ့ခဲ့ရသည်။ ခက်ထန်ကြမ်းတမ်းသော မာန်မျိုးနွယ်ဝင်များ၊ အမဲအမဲလိုက်အဖွဲ့တို့၏ တိုက်ပွဲများနှင့် အသားကျနေသော လူမှုပတ်ဝန်းကျင်က သူ့ဘဝနေထိုင်မှုပုံစံကို ကလေးဘဝကတည်းက လွှမ်းမိုးမှု ရှိခဲ့သည်။ ထို့အပြင် သူသည် လူသတ်မှု ကျူးလွန်ပြီးသွားသူလည်း ဖြစ်သည်။

လေ့ချန်ပင် လူ့သွေးတို့ မစွန်းထင်းခဲ့ဖူးချေ။

ယခုလိုအခြေအနေမျိုး၌ စုမင်မှာ ပိုင်လင်းအား အဘယ်မျှအထိ တွေ့ချင်နေသည် ဖြစ်စေ၊ အတွင်းထဲမှ ဆဌမအာရုံက ညရောက်မှသာ လှုပ်ရှားကြည့်ရန် အချက်ပေးနေသည်။ သတိအနေအထားနှင့် စုမင်က ခြေလှမ်း ၁၀,ဝဝဝ အကွာတွင် နေရန် ရွေးချယ်လိုက်၏။

သူ ထိုင်ချပြီး နဂါးနက်တောင် မျိုးနွယ်စုများရှိရာ လှမ်းကြည့်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ နဂါးနက်တောင်ကို ကျောခိုင်း ထွက်ခွာလာတော့၏။

အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက် သူ့ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားသည်။ မဟူရာတောင်အဖွဲ့မှ လူနှစ်ယောက်နှင့် တွေ့ဆုံစဉ်ကထက် ပိုမိုပြင်းထန်သည့် အန္တရာယ် အငွေ့အသက်တို့ အနီးအနားတဝိုက် ရောက်နေကြောင်း ခံစားလိုက်ရသည်။

အရှေ့ကိုခုန်ပြီး ခန္ဓာကိုယ်ကို ရုတ်တရက် လှည့်လိုက်၏။ လက်နှစ်ဖက်နှင့် ခေါင်းကိုကာပြီး ရှောင်ဟုန်ကို ရင်ဘတ်တွင် ခပ်တင်းတင်း ပွေ့ဖက်ထားရင်း စုမင်တစ်ယောက် ရေခဲရိုက်ထားသလို မတုန်မလှုပ် ခဏရပ်နေလိုက်၏။

အချိန်ကိုက် ရောက်ရှိလာတဲ့ လေချွန်သံက လေထုကို ဖြိုခွင်းသွားသည်။ ပေ (၃၀) ခန့် ရှည်လျားလှသည့် စက်လုံးမှာ နဂါးနက်တောင်အဖွဲ့အား ကာရံထားသည့် သစ်သားတံတိုင်းဆီမှ လျှပ်စီးလက်သလို စုမင်နား ရောက်လာ၏။ စုမင်ရှောင်တိမ်းလိုက်၍ စက်လုံးကြီးမှာ မြေပြင်နှင့် ရိုက်မိပြီး ကျယ်လောင်သံကြီး ထွက်ပေါ်လာသည်။ မြေပြင်တခုလုံး တုန်ခါသွားပြီး နှင်းမှုန်စများ လေထုထဲ ပျံ့နှံ့ သွားတော့၏။

၎င်းလက်နက်က ပတ်ဝန်းကျင်ရှိ လေထုကို ခလောက်ဆန်သွားစေသည်။ စုမင်မှာ သတိဝီရိယ ရှိတာကြောင့်သာ ကံကောင်းထောက်မပြီး လက်မတင်လေး လွတ်သွားခြင်း ဖြစ်သည်။ လက်နက်အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် လေပွေများကို ရှောင်ရှားရင်း မြေပြင်ပေါ် ပြန်အကျ အရှေ့သို့ အားသွန်ခွန်စိုက် ပြေးတော့၏။

"ရှောင်ပြေးတာလား"

အေးစက်စက်လေသံက အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။ ချည်ထည်ကြမ်း အင်္ကျီစကို ဝတ်ဆင်ထား၍ ဆံပင်ရှည်ပြီး ခက်ထန် ကြမ်းကြုတ်သည့် အကြည့်ပိုင်ရှင်က သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာသည်။

စုမင်က အရှေ့ကိုဆက်သွားနေရင်း နောက်လှည့်ပြီး ၎င်းအား စူးစူးရဲရဲ ကြည့်လိုက်၏။

***

All Chapters