← Chapters

ငါ့စိတ်ဆန္ဒတစ်ခုက မင်းတို့ရဲ့ကံကြမ္မာ

Vol. 32 Ch. 449

ငါ့စိတ်ဆန္ဒတစ်ခုက မင်းတို့ရဲ့ကံကြမ္မာ

Vol. 32 Ch. 449

အခန်း (၄၄၉) ငါ့စိတ်ဆန္ဒတစ်ခုက မင်းတို့ရဲ့ကံကြမ္မာ

နဂါးအရိုးဆက်သည် နဂါးစိမ်းတောင်ဂိုဏ်း၏ အထွတ်အမြတ်ရတနာတစ်ခု ဖြစ်သည်။

အစိမ်းရောင်အကြေးခွံနဂါး၏ သွေးစွမ်းအားနှင့် နဂါးအရိုးဆက်ပေါင်းစည်းခြင်းသည် နဂါးစိမ်းတောင်ဂိုဏ်း၏ အခြေခံအုတ်မြစ်၏။

ယခု ရန်ကျောက်ကဲက နဂါးစိမ်းတောင်၏ အသက်သွေးကြောကို ထိပါးနေလေရာ ဤအချက်က သူတို့ကို မည်မျှနာကျင်စေကြောင်း တစ်ဖက်လူက သိဟန်မပေါ်ပေ။

ရန်ကျောက်ကဲတောင်းဆိုသည်ကို သူတို့က ငြင်းဆန်လိုက်လျှင် ထိုသခင်လေးက သူတို့ကို အထင်ကြီးလာလေမည်လား။ မည်သို့မှ မဖြစ်နိုင်ပေ။ ရလဒ်က မည်သည့်နည်းနှင့်မှ ပြောင်းလဲသွားမည် မဟုတ်ပေ။

ရန်ကျောက်ကဲ နဂါးစိမ်းတောင်ဂိုဏ်းကို အလွတ်ပေးထားသည်မှာ လော့ကျင်းဟောင်က ရှန်ရုန်၏ယောက္ခမ ဖြစ်နေသောကြောင့်ပင်။ သူ့ခေါင်းထဲတွင် နဂါးစိမ်းတောင်၏ ဘိုးဘေးများအကြောင်းကို တစ်ချက်ပင် ထည့်တွက်မည် မဟုတ်ပေ။

ရန်ကျောက်ကဲ၏ အေးစက်သောအကြည့်နှင့်ရင်ဆိုင်ရသည့်အခါ လော့ကျင်းဟောင်မှာ တောင်ကြီးတစ်လုံး သူ့အပေါ် ဖိနှိပ်ထားသလို ခံစားရပြီး အသက်ရှူမဝသလိုပင် ဖြစ်လာသည်။

သူက စိတ်ထဲမှ မချိပြုံးတစ်ချက်ပြုံးရင်း...

“တကယ်တော့ စူးယွင်နဲ့ သူ့သမီးကြောင့် ငါတို့ကို မျက်နှာသာပေးထားတာပဲ”

ရှန်ရုန်ကို နဂါးအရိုးဆက်ပေးလိုက်ခြင်းကလည်း ပြဿနာမရှိပေ။

အနည်းဆုံးတော့ နဂါးစိမ်းတောင်ဂိုဏ်းက ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။

ရှန်ရုန်က သူ၏သားနှင့်လက်ထပ်ထားသည့်တိုင် နဂါးစိမ်းတောင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်း မရှိပေ။ မိခင်ဖြစ်သူကို အလွန်တရာ လေးစားချစ်ခင်သူပီပီ နှင်းကြိုးကြာဂိုဏ်းသားအဖြစ်သာ ဆက်လက်နေထိုင်ခဲ့သည်။ သို့သော် သူတို့ ဇနီးမောင်နှံနှစ်ယောက်၏ အိမ်ထောင်ရေးက အလွန်အဆင်ပြေပြီး ချစ်ချစ်ခင်ခင် ရှိကြသည်။

နှင်းကြိုးကြာဂိုဏ်းကိုမထိခိုက်သရွေ့ ရှန်ရုန်က နဂါးစိမ်းတောင်ဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်ပမာ စိတ်ရောကိုယ်ပါ ကူညီပေးလေ့ရှိသည်။

ရန်ကျောက်ကဲစကားထဲတွင် သူ၏အနာဂတ်သားမြေးများထံလက်ဆင့်ကမ်းရန်အတွက် နဂါးအရိုးဆက်ကို ရှန်ရုန်ထံပေးအပ်ရမည်ဟု ပါဝင်သည်။

ရှန်ရုန်၏သားသမီးများက လော့ကျင်းဟောင်၏ မြေးများပင်ဖြစ်သည်။ သူတို့က နဂါးအရိုးဆက်ကို အမွေဆက်ခံမည်ဆိုလျှင် လော့ကျင်းဟောင်အတွက်တော့ ဝမ်းသာစရာကိစ္စတစ်ခုပင်။ ဤသည်က သူ၏ ‘လော့’ မိသားစုအတွက် အမှန်တကယ် ကောင်းမွန်သည့်အရာ ဖြစ်သည်။

ရှန်ရုန်၏သားသမီးများ အသုံးမကျဘူးဆိုလျှင်တောင်မှ ‘လော့’ မိသားစုက နဂါးစိမ်းတောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို အစဉ်အဆက် ရယူနိုင်မည် ဖြစ်၏။

ထို့ပြင် ရှန်ရုန်၏လက်ထဲတွင် နဂါးအရိုးဆက်ရှိနေပါက နဂါးစိမ်းတောင် အခြားသောအန္တရယ်များ ၊ အခြားသောစွမ်းအားစုများနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင် ရှန်ရုန်က သူတို့ကိုယ်စား ရင်ဆိုင်တိုက်ပွဲဝင်ပေးရမည် ဖြစ်သည်။

လော့ကျင်းဟောင်က မျက်လုံးထောင့်ကပ်ပြီး မိုးကြိုးဂိုဏ်းချုပ်ကို တစ်ချက်ကြည့်လိုက်သည်။

သိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းအနေဖြင့် ရန်ကျောက်ကဲလက်ချက်ကြောင့် ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုများကို ခံစားခဲ့ကြရပြီး အင်အားများလည်း လျော့နည်းနေပြီ ဖြစ်သည်။ သို့ပေသိ ဤကိစ္စများအားလုံး အဆုံးသတ်သွားလျှင် ထို သိုင်းဂိုဏ်း(၃) ဂိုဏ်း ပူးပေါင်းပြီး နဂါးစိမ်းတောင်ဂိုဏ်းကို တိုက်ခိုက်နိုင်စွမ်းကတော့ ကျန်ရှိသေးသည်ပင်။

နဂါးစိမ်းတောင်အနေဖြင့် ယခုရရှိသည့် အခွင့်အရေးကို ဆုပ်ကိုင်ထားမှသာလျှင် အနာဂတ်တွင် မျောလွင့်ဝိညာဉ်ကမ္ဘာကို လွှမ်းမိုးနိုင်မည် ဖြစ်သည်။ ထိုသို့တွေးမိသည်နှင့် လော့ကျင်းဟောင်စိတ်ထဲ တစ်ချက်လှုပ်ရှားသွားပြီး ရန်ကျောက်ကဲနှင့် စူးယွင်ကို လှမ်းကြည့်လိုက်သည်။

ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါက နဂါးစိမ်းတောင် မျောလွင့်ဝိညာဉ်ကမ္ဘာကိုလွှမ်းမိုးရန် တစ်ခုတည်းသောအတားအဆီးမှာ နှင်းကြိုးကြာဂိုဏ်းသာလျှင် ဖြစ်နိုင်ပေသည်။ နဂါးအရိုးဆက်မရှိတော့သည့် နဂါးစိမ်းတောင်အနေဖြင့် နဂါးအရိုးဆက်ကို ပိုင်ဆိုင်ထားသော နှင်းကြိုးကြာဂိုဏ်းကို ဖိနှိပ်နိုင်မည် မဟုတ်ပေ။

နှင်းကြိုးကြာဂိုဏ်း၏ အလုံးစုံစွမ်းရည်မှာ သူတို့ဂိုဏ်း၏လူငယ်တပည့်များအပေါ်တွင် များစွာတည်မှီသော်လည်း ဂိုဏ်းချုပ်စူးယွင်၏ ကျော်ကြားမှုနှင့် တန်ခိုးစွမ်းအားက အချိန်တိုအတွင်း အတော်လေး မြင့်တက်လာခဲ့သည်။ လော့ကျင်းဟောင်က အတိအကျ မခန့်မှန်းတတ်သော်လည်း စူးယွင် လျှင်မြန်စွာတိုးတက်လာသည်ကိုတော့ သူ အာရုံခံနိုင်သည်။

နောက်တစ်ချက်မှာ သိုင်းဂိုဏ်းကြီး (၃) ဂိုဏ်း ကျရှုံးသွားပြီဖြစ်သလို နဂါးအရိုးစက်ကလည်း နှင်းကြိုးကြာဂိုဏ်းလက်ထဲ ရောက်သွားလျှင် ရန်ကျောကက်ကဲက မိုးကြိုးမိစ္ဆာ ၊ မျောက်ဝံမိစ္ဆာနှင့် စွမ်းအားကြီးမားသော မိစ္ဆာသားရဲကြီးများကို ရှင်းလင်းပေးမည်ဟု သူ ယုံကြည်သည်။

သို့ဆိုလျှင် နောင်တစ်ချိန် ရန်ကျောက်ကဲက အခြားကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုလျှင်တောင်မှ မည်သူမှ နှင်းကြိုးကြာဂိုဏ်းကို ထိပါးရဲမည် မဟုတ်ပေ။

ရှန်ရုန်ထံသို့ နဂါးအရိုးဆက်လွှဲပြောင်းပေးလိုက်ပါက အနာဂတ်တွင် ထိုပစ္စည်းကို သူမ၏သားသမီးများသာ ဆက်လက်အမွေခံမည်ဖြစ်သည်။ သူမ၏သားသမီးများက အဖေနှင့် အဘိုးဘက်ဖြစ်သော ‘လော့’ မျိုးနွယ်ဘက်သို့သာလိုက်ရမည်ဖြစ်လေရာ နဂါးအရိုးဆက်သည် နဂါးစိမ်းတောင်သို့သာ ပြန်လည်ရောက်ရှိလာမည်ပင်။

သို့ပေသိ စူးယွင်နှင့် နှင်းကြိုးကြာဂိုဏ်းကတော့ တန်ဖိုးအရှိဆုံးသော အချိန်တစ်ခုကို ရရှိသွားမည်ဖြစ်ပြီး ထိန်းချုပ်မရ စွမ်းအားကြီးထွားလာကြမည် ဖြစ်သည်။ နှင်းကြိုးကြာဂိုဏ်းက မျောလွင့်ဝိညာဉ်ကမ္ဘာကိုအုပ်စိုးရန် ရည်ရွယ်ချက် မရှိသော်လည်း အခြားသောစွမ်းအားစုများက သူတို့ကို လှုပ်ခါစေနိုင်တော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အာဏာကိုချုပ်ကိုင်မည်လား ၊ သို့မဟုတ် လောကီရေးရာများမှ ကင်းလွတ်စွာရပ်တည်လျှက် ဒဏ္ဍာရဆန်သူတစ်ယောက်အဖြစ် ရပ်တည်မည်လားဆိုသည်ကတော့ စူးယွင်၏ကိုယ်ပိုင်ဆန္ဒအပေါ်တွင် မူတည်သည်သာ။

လော့ကျင်းဟယ်ခေါင်းထဲ များပြားလှစွာသောအတွေးများ ဖြတ်သန်းသွားချိန် ရန်ကျောက်ကဲမျက်ဝန်းများက တစ်ဖန် ပြောင်းလဲသွားပြန်လေရာ သူ့မှာ ကျောထဲစိမ့်သွားသလို ခံစားလိုက်ရသည်။

ရန်ကျောက်ကဲက မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အာဏာချိန်ခွင်လျှာကို ကစားရန် စိတ်မဝင်စားပေ။ သူက သူ၏စွမ်းအားဖြင့် ရန်သူများကို အနိုင်ယူဖိနှိပ်လိုခြင်းသာ ဖြစ်သည်။ သို့သော် ရှန်ရုန်၏မျက်နှာကြောင့် နဂါးစိမ်းတောင်ကို အလွတ်ပေးခဲ့သလို နှင်းကြိုးကြာဂိုဏ်း အနာဂတ်တွင် ပိုမိုအားကောင်းလာစေရန်လည်း လမ်းခင်းပေးခဲ့သည်။

စူးယွင်ကိုကူညီထောက်ပံ့ရန် နဂါးအရိုးဆက် မရှိလျှင်တောင်မှ သူမအနေဖြင့် မျောလွင့်ဝိညာဉ်ကမ္ဘာအမှ ရင်းမြစ်များကိုအသုံးပြုပြီး အေးအေးဆေးဆေး ရပ်တည်နိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲက နဂါးအရိုးဆက်ကို စိတ်မဝင်စားပေ။ သို့သော် ထိုအရာကို စူးယွင်နှင့် ရှန်ရုန်အား လွှဲပြောင်းပေးခြင်းဖြင့် နဂါးစိမ်းတောင်ကို ပညာနည်းနည်းပေးရန် ရည်ရွယ်လိုက်ခြင်းဖြစ်သည်။

လော့ကျင်းဟောင် တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ရှိကြောင်း သိလိုက်သည့်အခါ ရန်ကျောက်ကဲက ညင်သာစွာ ပြုံးလိုက်၏။

“တကယ်တော့... သူက သာမန်လူငယ်တစ်ယောက် လုံးဝမဟုတ်ဘူး ၊ ကျင့်ကြံခြင်းအဆင့်မြင့်မားရုံတင်မကဘူး... လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံနဲ့ မိုးနဲ့လေကို ဆင့်ခေါ်နိုင်စွမ်းရှိတယ် ၊ အားလုံးက သူ့စိတ်ထဲအတိုင်း ဖြစ်လာတာပဲ”

အတွေးနှင့်အတူ လော့ကျင်းဟောင် သက်ပြင်းချလိုက်သည်။

သွေးနီတိမ်တိုက်ဂိုဏ်း ၊ မိုးကြိုးဂိုဏ်းနှင့် မီးတောက်ဂိုဏ်းများက ရန်ကျောက်ကဲကို “မျောလွင့်ဝိညာဉ်ကမ္ဘာဆီသို့ ဘေးဆိုးကြီးဆောင်ယူလာမည့်သူ” ဟု ဆိုခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ထို ဂိုဏ်း (၃) ဂိုဏ်းက ရန်ကျောက်ကဲကို အကြောင်းပြချက်တစ်ခုအဖြစ်အသုံးချကာ နဂါးစိမ်းတောင်ကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြသော်လည်း ထိုစကားမှန်ကန်သည်ဟု လော့ကျင်းဟောင် ခံစားနေရသည်။

သူက အတွေးများကို ပြန်လည်ရုတ်သိမ်းရင်း မျက်နှာထက်တွင် နွေးထွေးသောအပြုံးတစ်ခု ဆင်မြန်းလိုက်၏။

“အရင်တုန်းကပေးအပ်ခဲ့တဲ့ မင်္ဂလာခန်းဝင်လက်ဖွဲ့တွေက ကျွန်တော်တို့စိတ်ရင်းကိုပြသဖို့ နည်းပါးလွန်းနေတယ်လို့ အမြဲခံစားခဲ့ရတာပါ ၊ အဲဒီအကြောင်းတွေးမိတိုင်း အမြဲတမ်း စိတ်မကောင်းဖြစ်ခဲ့ရတာဆိုတော့... ဒီနေ့တော့ အဲဒါကို ပြန်လည်ကုစားဖို့ အချိန်ကောင်းပါပဲ”

ထိုသို့ပြောပြီးသည်နှင့် သူက နဂါးအရိုးဆက်ကို ရှန်ရုန်ထံသို့ လွှဲပြောင်းပေးလိုက်ပြီး ထိုအရာကို သန့်စင်သည့်နည်းလမ်းကိုပါ လက်ဆင့်ကမ်းပေးလိုက်၏။

နဂါးစိမ်းတောင်မှလူအများမှာ စိတ်ရှုတ်ထွေးစွာဖြင့် သဘောထားကွဲလွဲမှုများစွာ ရှိကြသော်လည်း အဆုံးသတ်မှာတော့ သက်ပြင်းချနိုင်ရုံသာ။

အချို့ကတော့ လော့ကျင်းဟောင်ကိုကြည့်ရင်း တွေးကြသည်။

“အေးပေါ့ကွာ... မင်းတို့ ‘လော့’ မိသားစုက ဂိုဏ်းချုပ်နေရာကို အမြဲတမ်းရယူနိုင်သွားတာပေါ့ ၊ တစ်ချက်တောင်မစဉ်းစားဘဲ သဘောတူလိုက်တာ မအံ့သြတော့ပါဘူး”

ရန်ကျောက်ကဲဆန္ဒအရ နဂါးအရိုးဆက်ကို ရှန်ရုန်အား ပေးအပ်လိုက်ရခြင်းဖြစ်‌သော်လည်း လူအတော်များများက လော့ကျင်းဟောင်ကိုသာ အပြစ်တင်ချင်ကြသည်။ ထိုသို့အပြစ်တင်ခံရမည်ကို သိရှိသော်ငြား လော့ကျင်းဟောင်မှာ သက်ပြင်းချရင်း လက်ခံရုံသာရှိသည်။

ထိုအချိန် ရန်ကျောက်ကဲက ပြုံးလိုက်ပြီး လေထဲမှ မိန်းမပျိုပုံရိပ်ကို လက်ညှိုးညွှန်ပြလိုက်သည်။

“ဒါနဲ့... ဒီကိစ္စအတွက်လည်း ‘လော့’ ဂိုဏ်းချုပ်ကိုပဲ တာဝန်ပေးလိုက်မယ် ၊ ‘လော့’ ဂိုဏ်းချုပ်က ငါ့ကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်”

ထိုစကားကြားတော့ လော့ကျင်းဟောင်နှင့် နဂါးစိမ်းတောင်ဂိုဏ်းမှလူများအားလုံး သွေးအန်လုမတတ် ဖြစ်ရသည်။

သူတို့၏ ရတနာပစ္စည်းဖြစ်သော နဂါးအရိုးဆက်ကိုလည်း လက်ဆောင်ပေးလိုက်ရပြီး ယခု အပြာရောင်ငှက်ရှိနေသည့် သွေးနီတိမ်တိုက်ဂိုဏ်းသို့ သွားရောက်ရန် တောင်းဆိုပြန်လေပြီ။ ရန်ကျောက်ကဲက လက်တစ်ဖက်လှုပ်စရာမလိုဘဲ နဂါးစိမ်းတောင်ဂိုဏ်းကို အလိုလိုနေရင်း သေတွင်းထဲရောက်အောင်များ ကစားနေရော့သလား။

ရန်ကျော်ကဲက လက်တစ်ဖက်ကာပြရင်း...

“ငါ တောင်ပိုင်းကို ခရီးမထွက်ချင်တော့ဘူး ၊ ဒီတော့... အပြာရောင်ငှက်နဲ့တွေ့ရင် သူ့ရဲ့ဘိုးဘေးဖြစ်တဲ့ ချင်းလွမ်ဇာမဏီငှက်လိုမျိုး သွေးသန့်စင်တဲ့ ဇာမဏီငှက်ဖြစ်ချင်လားလို့ မေးလိုက်ပါ ၊ တကယ်လို့ သူက ဆန္ဒရှိတယ်ဆိုရင် နှင်းကျောက်စိမ်းတောင်ကိုလာဖို့ ပြောလိုက်ပါ”

ထိုစကားကိုကြားတော့ နဂါးစိမ်းတောင်မှလူများရော မိုးကြိုးဂိုဏ်းသားများပါ တစ်စက္ကန့်လောက် အသက်ရှူရပ်သွားသည်။

အပြာရောင်ငှက်၏သွေးကို အမှန်တကယ်ပင် ချင်းလွမ်ဇာမဏီငှက်ကဲ့သို့ သန့်စင်ပေးနိုင်မည်ဆိုလျှင်...

သူတို့ဂိုဏ်းမှ အစိမ်းရောင်အကြေးခွံနဂါးနှင့် ‌သွေးနှောမီးခြူးတို့၏ သွေးများကိုရော သန့်စင်ပေးနိုင်မည်လား။

ထိုခဏတွင် ရန်ကျောက်ကဲက တည်ကြည်သည့်မျက်နှာထားဖြင့်...

“ဒါက အပြာရောင်ငှက်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

သွေးနီတိမ်တိုက်ဂိုဏ်းက အနီရောင်ဘူးသီးခြောက်ကိုအသုံးပြုကာ အပြာရောင်ငှက်၏စွမ်းအားကို ဖြည့်ဆည်းပေးထားသဖြင့် အပြာရောင်ငှက်၏သွေးစွမ်းအားက အလွန်မြင့်မားလေသည်။

ယခု အနီရောင်ဘူးသီးခြောက်ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ရန်ကျောက်ကဲကသာ သူ၏သွေးကို သန့်စင်ပေးနိုင်စွမ်းရှိမည်ဆိုလျှင် ထိုအပြာရောင်ငှက်သည် လျှပ်စီးကဲ့သို့လျှင်မြန်သောအရှိန်အဟုန်ဖြင့် အနောက်ဘက်သို့ ရောက်လာပေလိမ့်မည်။

ရန်ကျောက်ကဲက ပြောသည့်အတိုင်းသာ မှန်ကန်စွာလုပ်ဆောင်နိုင်မည်ဆိုပါက သူတို့၏ အစိမ်းရောင်အကြေးခွံနဂါးသွေးစွမ်းအားကိုလည်း ပိုမိုသန့်စင်လာအောင်ပြုလုပ်ရန် မျှော်လင့်ချက်ရှိကောင်းရှိနိုင်သည်။

နဂါးအရိုးကွင်းဆက် ဆုံးရှုံးခြင်းကြောင့် စိတ်ပျက်လက်ပျက်နှင့် မျက်စိပျက်မျက်နှာပျက်နေကြသော နဂါးစိမ်းတောင်ဂိုဏ်းမှလူများ၏မျက်နှာများ လင်းလက်သွားကြသည်။ တစ်ခုကိုဆုံးရှုံးပြီး တစ်ခုကိုရရှိခြင်းဖြစ်သဖြင့် နဂါးစိမ်းတောင်အနေဖြင့် ထူးပြီးစွမ်းအားမြင့်မားလာခြင်းမရှိသော်လည်း အဆိုးထဲမှအကောင်းဟုယူဆကာ ဝမ်းသာရမည်သာပင်။

သူတို့ကြည့်နေစဉ်မှာပင် ရန်ကျောက်ကဲပုံရိပ်က တဖြည်းဖြည်းမှုံဝါးလာသလို ခံစားရသည်။

တစ်ယောက်တည်းဖြင့် သိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းကို တိုက်ခိုက်အနိုင်ယူခဲ့သည်မှာ မျောလွင့်ဝိညာဉ်ကမ္ဘာ၏ အမြင့်မားဆုံးအရှိန်အဝါကို လွှမ်းခြုံနိုင်ခဲ့ခြင်းပင်။ ထိုလူငယ်သည် မတုန်လှုပ်သောအုပ်စိုးရှင်တစ်ယောက်ဖြစ်လာပြီး လူအများက သူ့ကိုဝပ်တွားကြမည် ဖြစ်သည်။

သူ၏စိတ်ဆန္ဒတစ်ခုက လူသားတိုင်း၏ ကံကြမ္မာပင် ဖြစ်တော့သည် မဟုတ်ပါလား။

All Chapters