← Chapters

အာဏာဆန်သည့်စကား

Vol. 32 Ch. 450

အာဏာဆန်သည့်စကား

Vol. 32 Ch. 450

အခန်း (၄၅၀) အာဏာဆန်သည့်စကား

မျောလွင့်ဝိညာဉ်ကမ္ဘာမှ သာမာန်လူများကတော့ ဘာကိုမှ သတိပြုမိကြခြင်း မရှိသေးပေ။ သို့သော် ကျင့်ကြံသူများကတော့ ဤကမ္ဘာမှ အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း အာရုံခံမိကြသည်။

ယခုဆိုလျှင် သိုင်းဂိုဏ်းကြီး (၄)ဂိုဏ်းနှင့် မိစ္ဆာ (၃)ပါးတို့က ဤကမ္ဘာ၏ထိပ်ဆုံးအဆင့်တွင် စိုးစံနေခြင်း မရှိတော့ပေ။

မီးတောက်ဂိုဏ်း ၊ မိုးကြိုးဂိုဏ်းနှင့် သွေးနီတိမ်တိုက်ဂိုဏ်းတို့ကို လူတစ်ယောက်က အနိုင်ယူတိုက်ခိုက်ခဲ့သည်။ မိုးကြိုးဂိုဏ်းချုပ်တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း မိုးကြိုးဂိုဏ်း၏ ရှင်သန်မှုနှင့်အင်အားက ကြီးမားစွာ ထိုးနှက်ခံခဲ့ရသည်။

မိစ္ဆာ (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ရှောက်ဖုန်းထင်သည်လည်း အနောက်နယ်မြေတွင် သုတ်သင်ခံလိုက်ရ၏။ ရှောက်ဖုန်းထင်နှင့် ထပ်တူနာမည်ကျော်ကြားသော မိုးကြိုးမိစ္ဆာသည်လည်း ထိုသူ၏လက်ထဲမှာပင် အသက်ဆုံးသွားခဲ့သည်။

သိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းနှင့် မိစ္ဆာ (၃)ပါး အုပ်စိုးခဲ့သော မျောလွင့်ဝိညာဉ်ကမ္ဘာသည် သမိုင်းထဲတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ဤကိစ္စများအားလုံးကို ဖြစ်ပေါ်စေသူမှာ မည်သည့်နေရာကပေါ်လာမှန်းမသိသော မိုးကျရွှေကိုယ် လူငယ်လေးတစ်ယောက်ဖြစ်သည်။ ထိုလူငယ်လေးက အခြားသူမဟုတ် ၊ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ‘ရန်ကျောက်ကဲ’ ပင် ဖြစ်၏။

မနေ့တစ်နေ့ကအထိ မျောလွင့်ဝိညာဉ်ကမ္ဘာတွင် သူ့နာမည်ကို မည်သူမှ မကြားဖူးကြပေ။

သို့ပေသိ တစ်ရက်အတွင်းမှာပင် သူ့နာမည်က မိုးခြိမ်းသံပမာ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။

သူ၏ ဇာစ်မြစ်ကိုမည်သူမှမသိကြပေ။ သို့သော် မျောလွင့်ဝိညာဉ်ကမ္ဘာတွင် သြဇာအကြီးမားဆုံးပုဂ္ဂိုလ်ကို ရှာဖွေလိုသည်ဆိုလျှင်တော့ သူ့ဆီသာ သွားကြရမည်ပင်။

ရန်ကျောက်ကဲက “မဟာဝိညာဉ်ကျောက်တုံးအမြုတေ” လိုချင်သည်ဆိုသောအခါ တစ်လောကလုံးက သူ့အတွက် ရှာဖွေပေးကြရလေသည်။ ရသမျှ မဟာဝိညာဉ်ကျောက်တုံးအမြုတေများကိုစုဆောင်းပြီး နှင်းကျောက်စိမ်းတောင်တန်းသို့ ပေးပို့ကြရသည်။

နယ်မြေအသီးသီးမှ ကျောက်တွင်းများ အသဲအသန် တူးဖော်မှုပြုလုပ်ကြလျှက် ယခင်ကထက်အင်အားသုံးကာ မဟာဝိညာဉ်ကျောက်တုံးများကို ရှာဖွေကြလေသည်။

မိစ္ဆာ (၃)ပါးတွင် နောက်ဆုံးကျန်ရှိသော မျောက်ဝံမိစ္ဆာမှာ လက်ရှိ မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများထဲတွင် စွမ်းအားအမြင့်မားဆုံးဖြစ်၏။  သူက ခဏမျှတိတ်ဆိတ်သွားပြီးနောက် သူ့လက်အောက်မှ မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများကို မဟာဝိညာဉ်ကျောက်တုံးအမြုတေများစုဆောင်းရှာဖွေစေပြီး ရန်ကျောက်ကဲထံ ပေးပို့ရန် ညွှန်ကြားခဲ့သည်။

ရန်ကျောက်ကဲက လက်ရှိကမ္ဘာတွင် ထိပ်တန်းသားရဲကြီးတစ်ကောင်ဖြစ်သော အပြာရောင်ငှက်ကို ဘိုးဘေးချင်းလွမ်ဇာမဏီငှက်ပမာ သန့်စင်သောဇာမဏီသွေးကို ရရှိလိုပါက သူ့ထံလာရောက်ရန် သတင်းပါးခဲ့သည်။ ခဏမျှတိတ်ဆိတ်နေပြီးနောက် အပြာရောင်ငှက်သည် သွေးနီတိမ်တိုက်ဂိုဏ်းမှ အနောက်ဘက်ဒေသသို့ ဦးတည်ထွက်ခွာလာတော့သည်။

ရန်ကျောက်ကဲက အပြာရောင်ငှက်၏သွေးကို ဇာမဏီသွေးအစစ်အဖြစ် သန့်စင်နိုင်ပါမည်လားဟု မည်သူမှ မေးခွန်းမထုတ်ကြပေ။ ရန်ကျောက်ကဲပြောသမျှကို သူတို့က စိတ်ချယုံကြည်လေသည်။

ရန်ကျောက်ကဲက သွေးနီတိမ်တိုက်ဂိုဏ်းမှ တပည့်မလေး ဟယ်ယင်ကို လိုချင်သည်ဟု ဆိုခဲ့သည်။

အပြာရောင်ငှက် ထွက်ခွာသွားသဖြင့် သွေးနီတိမ်တိုက်ဂိုဏ်းသားများ မည်သို့ပင် မကျေမနပ်ဖြစ်စေကာမူ နဂါးစိမ်းတောင်ဂိုဏ်းချုပ်နှင့် မိုးကြိုးဂိုဏ်းချုပ်တို့နှစ်ယောက်ကို မယှဉ်နိုင်သဖြင့် အံကိုကြိတ် ၊ လက်သီးကိုဆုပ်ကာ မကျေမနပ်မှုများကို မျိုသိပ်ကြရသည်။

သူတို့ဘက်မှ ခုခံမည်ဆိုလျှင် သူတို့ဂိုဏ်းပျက်ဆီးရုံသာ ရှိတော့သည်။

အ‌တော်များများက ဤသည်ကိုလက်မခံနိုင်ကြသည့်တိုင် လက်ခံကြရမည်သာပင်။

နှစ်ပေါင်းများစွာ သူတို့နေထိုင်ခဲ့ကြသော မျောလွင့်ဝိညာဉ်ကမ္ဘာသည် နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။

***

ပြင်ပလောတွင် တိမ်ခိုးတိမ်ငွေ့များလွင့်ပျံလျှက် ၊ လေပြင်းများတိုက်ခတ်ကာ နှင်းများကျဆင်းနေလေသည်။

နှင်းကြိုးကြာဂိုဏ်းဌာနချုပ်တည်ရှိရာ နှင်းကျောက်စိမ်းတောင်တန်းတစ်ခွင်က ခါတိုင်းလိုပင် နှင်းများဖုံးလွှမ်းလျှက် ရှိသည်။

နှင်းကြိုးကြာဂိုဏ်း ဘိုးဘေးခန်းမှရှိ သီးခြားနယ်မြေထဲတွင် ရန်ကျောက်ကဲ တင်ပျဉ်ခွေထိုင်လျှက်ရှိသည်။

သူ့အရှေ့မှ ကြီးမားသောကျောက်ဆောင်ကြီးထဲတွင်  လည်ပတ်နေသော ကြေးမုံမှန်တစ်ခြမ်းရှိနေပြီး ကျန်တစ်ခြမ်းကတော့ ရေမျက်နှာပြင်ကဲ့သို့ ရှိနေသည်။ ရေမျက်နှာပြင်ပမာကြေးမုံပြင်နှင့် လည်ပတ်နေသည့်ကြေးမုံမှန်က တစ်သားတည်းပေါင်းစပ်လျှက် ပုံရိပ်တစ်ခု ရောင်ပြန်ဟပ် ထွက်ပေါ်နေသည်။

ထိုပုံရိပ်များက မသိမသာတဖျတ်ဖျတ်ခတ်သွားပြီး ပိုမိုကြည်လင်ရှင်းလင်းလာသည်။

ရန်ကျောက်ကဲ မျက်လုံးများမှေးမှိတ်လျှက် ကိုယ်ဟန်မတ်မတ်ဖြင့် ထိုင်နေသည်။ သူက ချီစွမ်းအားလှည့်ပတ်မှုကို ဖြည်းဖြည်းချင်း ထိန်းညှိပေးနေစဉ် ထိန်းညှိပေးစဉ် များပြားလှစွာသော ကြည်လင်သည့်ကျောက်စိမ်းတုံးများက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ လေထဲတွင် လွင့်မျောနေ၏။

ထို ကြည်လင်သောကျောက်စိမ်းများမှ အလင်းရောင်များ တောက်ပစွာ ထွက်ပေါ်နေသည်။

ရန်ကျောက်ကဲ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူ၏မျက်ဆံထဲတွင် ဝိညာဉ်အလင်းတန်းများ တောက်ပနေပြီး အရှေ့ဆီမှ မြူခိုးများကို စူးစိုက်ကြည့်နေသည်။

မကြာမီ မြူခိုးများကြားတွင် အလင်းသင်္ကေတများလင်းလက်တောက်ပလာပြီး ထူးဆန်းသောပုံရိပ်များစွာ ဖြစ်ပေါ်လာသည်။ ထိုသင်္ကေတများက ထူးဆန်းသလို မိုးမြေတစ်ခွင်မှ အထွတ်ထိပ်အခြေခံသဘောတရားများလည်း ပါဝင်နေသည်။

“မဟာဝိညာဉ်ကျောက်တုံးအမြုတေက တကယ့်ကို ဝိညာဉ်စွမ်းအားပြည့်ဝလွန်းတယ် ၊  မိုးမြေတစ်ခွင်က သဘောတရားများစွာကိုလည်း ဆောင်ယူထားတယ်”

ရန်ကျောက်ကဲ ပြုံးလိုက်သည်။

သူ့ရှေ့မှမြင်ကွင်းများကဲ့သို့ များပြားလှစွာသော အလင်းသင်္ကေတများက သူ့မျက်ဝန်းများထဲတွင်လည်း တောက်ပလျှက် ရှိသည်။

ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် များပြားလှစွာသော ဝိညာဉ်အလင်းတန်းများထွက်ပေါ်လာပြီး ထိုအလင်းတန်းများက ရောင်ဝါတစ်ခုအဖြစ် စုစည်းသွားသည်။

သူ ကျင့်ကြံခဲ့သော အခြေခံမျိုးစေ့သည် ပရမ်းပတာများကြားမှာပင် ခိုင်ခံ့မြဲမြံစွာ အပင်ငယ်လေးပေါက်လာခဲ့ပြီ ဖြစ်၏။ တဖြည်းဖြည်း ထိုအပင်ငယ်လေးမှ ရွက်နုလေးများထွက်ပေါ်လာသည်။

သစ်ရွက်တစ်ရွက် ၊ သစ်ရွက်နှစ်ရွက် ၊ သစ်ရွက်သုံးရွက်... စုစုပေါင်း သစ်ရွက် (၉) ရွက်။

သစ်ရွက် (၉)ရွက်ထက်တွင် မတူညီသော သင်္ကေတပုံစံများပါဝင်နေပြီး နက်ရှိုင်းသောအဓိပ္ပါယ်များ ထင်ဟပ်နေသည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။

နုနယ်သည့်အပင်ငယ်သည် ပရမ်းပတာ အခြေအနေများကြားတွင် မရပ်မနား တုန်ခါလျှက်ရှိသည်။ သို့‌သော် မကြာမီ အပင်ငယ်က တည်ငြိမ်သွားပြီး သစ်ရွက် (၉)ရွက်ကလည်း အသံတစ်ချက်မထွက် ငြိမ်သက်သွားပြီး (၁၀)ရွက်မြောက်ရွက်နုလေးက အညှောင့်ပေါက်လျှက် စတင်ထွက်ပေါ်လာသည်။

(၁၀)ရွက်မြောက် သစ်ရွက်ထွက်ပေါ်လာသည်နှင့် ပရမ်းပတာအခြေအနေများအားလုံး ရုတ်ချည်းတိတ်ဆိတ်ငြိမ်သက်သွားသည်။

အသစ်ထွက်ပေါ်လာသော သစ်ရွက်ငယ်သည် မည်သည့်သင်္ကေတပုံစံမှမပါဝင်ဘဲ ချောမွေ့ရှင်းလင်းလျှက် ရှိသည်။ သို့သော် ဤသို့ ဗလာကျင်းနေခြင်းကပင် လေးနက်သောအဓိပ္ပါယ်များ ပါဝင်နေဟန်ပင်။

“ဟက်... အမတဝိညာဉ်အလယ်ဆင့်ရောက်ဖို့က ဒီလောက်လွယ်သွားတာလား”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း ပြုံးလိုက်၏။

“သစ်ရွက် (၁၀)ရွက် ၊ ပြီးပြည့်စုံခြင်းကို ကိုယ်စားပြုတာပဲ”

ရန်ကျောက်ကဲအတွေးနှင့်အတူ သူ့ဦးခေါင်းထက်မှ ဝိညာဉ်အလင်းတန်းရောင်ဝါပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်သည်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

သူက လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ရာ ပတ်ဝန်းကျင်လေထုထဲတွင် ပျံဝဲနေသော မဟာဝိညာဉ်ကျောက်တုံးအမြုတေများက အဖြူရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သူ့လက်ဖဝါးထက်သို့ ကျဆင်းလာသည်။

ရန်ကျောက်ကဲက လက်ထဲမှ မဟာဝိညာဉ်ကျောက်တုံးအမြုတေများကို သိမ်းဆည်းလိုက်ပြီး ကျောက်ဆောင်ထဲတွင် ရှိနေသည့် မှန်တစ်ခြမ်းရေတစ်ခြမ်း ကြေးမုံမှန်မျက်နှာပြင်ထက်မှ မြင်ကွင်းကိုလှမ်းကြည့်လိုက်သည်။

ထိုစဉ်...

“သခင်လေး... မဟာဝိညာဉ်ကျောက်တုံးအမြုတေ နောက်တစ်သုတ်ထပ်ရောက်လာပါပြီ”

အပြင်ဘက်မှ စူးယွင်၏အသံ ထွက်ပေါ်လာ၏။

ဘိုးဘေးခန်းမထဲရှိ တားမြစ်နယ်မြေအတွင်းသို့ ရန်ကျောက်ကဲခွင့်ပြုချက်မရှိဘဲ စူးယွင်သည်ပင် ဝင်ခွင့်မရှိတော့ပေ။ သူမက အပြင်မှပင် ရန်ကျောက်ကဲထံ အသံပို့လွှတ်ကာ စကားပြောဆိုနိုင်သည်။

“ပြီးတော့ သခင်လေးတွေ့ချင်တဲ့ သွေးနီတိမ်တိုက်ဂိုဏ်းက ဟယ်ယင်ဆိုတဲ့ မိန်းကလေးကိုလည်း ‘လော့’ ဂိုဏ်းချုပ်တို့က ခေါ်ဆောင်လာပါပြီ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ သီးခြားနယ်မြေထဲမှ ထွက်လာပြီး...

“ဒေါ်လေး’ယွင်’ ၊ သူတို့ ဧည့်ခန်းထဲမှာရှိလား”

စူးယွင် ခေါင်းညိတ်လိုက်သည်နှင့် ရန်ကျောက်ကဲက ချက်ချင်းပင် ဧည့်ခန်းဆီသို့ ထွက်ခွာသွားသည်။

ဧည့်ခန်းထဲသို့ရောက်သည်နှင့် လော့ကျင်းဟောင်နှင့် မိုးကြိုးဂိုဏ်းချုပ်က တစ်ပြိုင်တည်းဆိုလိုက်ကြသည်။

“ကံကောင်းစွာနဲ့ သခင်လေး ဖြစ်ချင်တဲ့ဆန္ဒအတိုင်း ကျွန်တော်တို့ ဒီမိန်းကလေးကို ခေါ်ဆောင်လာခဲ့ပါပြီ”

သူကလှမ်းကြည့်လိုက်တော့ သတိလက်လွတ်ငေးမောလျှက် မတ်တတ်ရပ်နေသော မိန်းမပျိုလေးတစ်ယောက်ကို တွေ့ရသည်။

ရန်ကျောက်ကဲ သူမကို လှမ်းကြည့်ကြေင်း အာရုံခံမိတော့ သူမက ခေါင်းမော့ကြည့်သဖြင့် သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည်။

သူမ၏မျက်ဝန်းများထဲတွင် မခံမရပ်နိုင်မှု ၊ နာကြည်းမှုနှင့် ဝမ်းနည်းမှုများ ပြည့်နက်လို့နေသည်။

သူမဂိုဏ်းကိုဖိအားပေးလျှက် သူမကိုအတင်းအကျပ်ခေါ်ဆောင်လာသော လူငယ်တစ်ယောက်ရှေ့တွင် မိန်းကလေးတိုင်း ထိုသို့ပင် ခံစားရမည်သာ။

သတင်းကြားသည်နှင့် ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများလည်း ချက်ချင်းရောက်လာကြသည်။ သူတို့က မိန်းကလေးကိုတွေ့တော့ အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

“သူက ဂိုဏ်းတူညီမလေး’စစ်ခုန်’ နဲ့ တကယ်ဆင်တူတာပဲ”

ရွှီဖေးက အံ့အားသင့်စွာဖြင့် အသံပို့လွှတ်စနစ်အသုံးပြုကာ ဖန်းယွင်ရှန်းကို ပြောလိုက်သည်။

ဖန်းယွင်ရှန်းကတော့ မျက်ခုံးများကို တွန်းချိုးထားရင်း...

“အင်း... ပြီးတော့ ဂိုဏ်းတူညီမလေး’စစ်ခုန်’ နဲ့ သက်တူရွယ်တူလောက်ပဲ ရှိမယ်”

အခြားသူများနှင့်ယှဉ်လျှင် ချွိယန်ချီနှင့် ချန်နင်တို့ကို အရင်ကတွေ့မြင်ဖူးသော ရန်ကျောက်ကဲနှင့် အားဟူကတော့ တည်ငြိမ်လျှက်ရှိသည်။

သွေးနီတိမ်တိုက်ဂိုဏ်း၏ဝတ်စုံကိုဝတ်ဆင်ထားသည်မှလွဲပြီး စစ်ခုန်ချင်းနှင့်ခွဲမရအောင်တူ‌သော သူ့ရှေ့မှ မိန်းကလေးကိုကြည့်ရင်း ရန်ကျောက်ကဲက သိမ်မွေ့စွာဆိုသည်။

“ငါ မင်းကိုရှာရတဲ့အကြောင်းရင်းက ကိစ္စတစ်ခုကို အတည်ပြုဖို့ပါ ၊ မင်းကို ငါတို့က ထိခိုက်အောင်လုပ်မှာမဟုတ်သလို မင်းအတွက် ဆုံးရှုံးစရာလည်းမရှိပါဘူး ၊ ‌လောလောဆယ် မင်းကို ဘာမှအသိမပေးနိုင်သေးပေမယ့်... အချိန်မတန်ခင်အထိတော့ မင်း ဒီနေရာမှာ စိတ်အေးလက်အေး နေနိုင်ပါတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်း သွေးနီတိမ်တိုက်ဂိုဏ်းကိုပြန်ဖို့တော့ မစဉ်းစားနဲ့တော့”

ဟယ်ယင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရန်ကျောက်ကဲက သူမကို အခြေအနေကို ရှင်းပြနေခြင်းဖြစ်ပြီး ညှိနှိုင်းဆွေးနွေးနေခြင်းမဟုတ်ကြောင်း နားလည်လိုက်သည်။

တိတ်ဆိတ်နေသည့် ဟယ်ယင်ကိုကြည့်ရင်း ရန်ကျောက်ကဲ မေးစေ့ကိုတစ်ချက်ပွတ်သပ်လျှက် ရယ်ချင်သွား၏။

“ငါတော့ တကယ့်မိစ္ဆာဘုရင်လူဆိုးကြီး ဖြစ်နေပြီထင်တယ်...”

All Chapters