← Chapters

စစ်ခုန်း

Vol. 3 Ch. 41

စစ်ခုန်း

Vol. 3 Ch. 41

လူငယ်မှာ အသက် (၁၈) နှစ်နှင့် (၁၉) နှစ်ကြားခန့် ရှိ၏။ ၎င်း၏ ခန္ဓာကိုယ် တည်ဆောက်ပုံက တောင့်တင်းခိုင်မာလွန်းသည်။ ၎င်းသည် လေ့ချန်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလောက်၏။ လက်ထဲမှာ အရှည်ငါးပေနီးပါးရှိ၍ ထိတ်လန့်ကျောချမ်းစဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည့် လှံတံရှည်ကို ကိုင်ဆောင်ထား၏။ လှံတံရဲ့ထိပ်ဖျားကို တလက်လက် တောက်နေသည့် ရွှေသားကွပ်ထားလေသည်။

သို့သော် လှံတံမှာ စုမင်တခါမှ မမြင်ဖူးသည့် သတ္တု (ဝါ) အရာဝတ္ထု တခုခုနှင့် ပြုလုပ်ထားခြင်း ဖြစ်၏။ အဝေးက ကြည့်ရှုချိန် လှံတံပေါ် မျက်စိရောက်သွားသည်တွင် ကြောက်ရွှံ့မှုနှင့် ရေခဲလို တောင့်မတ်သွားလေ၏။

အလွန်ရင်းနှီး ကျွမ်းဝင်နေသည့် ခံစားချက် ...

အဘယ်ကြောင့် ယခုလို ရင်းနှီးကျွမ်းဝင်သလို ခံစားနေရမှန်း စုမင် မသိ။ မည်သို့ပင်ဖြစ်စေ သူ့ခေါင်းပေါ်တွင် အန္တရာယ်ဝဲနေပြီ ဆိုသည့်အချက်ကိုတော့ စုမင် သိသည်။ စုမင် အားလုံးကို လျစ်လျူရှု လိုက်၏။ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်ငြိမ်ထားရန်သာ အာရုံစိုက်ထားလိုက်သည်။

ထိုလူမှာ တိရစ္ဆာန်သားရေထည်ကို မဝတ်ဆင်ဘဲ ချည်ထည်ကြမ်းကို ဝတ်ဆင်ထား၏။ ၎င်းအဝတ်အရ .... ထိုလူသည် နဂါးနက်တောင် မျိုးနွယ်၏ အဆင့်အတန်း မြင့်မြင့်ထဲမှ ဖြစ်ရပေလိမ့်မည်။

''နဂါးနက်တောင်ကို လာခဲ့တဲ့အတွက် ငါနောင်တမရဘူး...'

သူ့နှလုံးသားထဲ အဖြေတစ်ခု ရောက်လာသည်နှင့် စုမင်မျက်ဝန်းများ တောက်ပသွားသည်။

"ငါက မျိုးနွယ်စုရဲ့ ပေ (၁၀,၀၀၀) အတွင်းကို မသွားခဲ့ဘူး။ မျိုးနွယ်စုတွေကြားမှာ ထားရှိတဲ့ စည်းမျဉ်းတွေအရ လူတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုဟာ မျိုးနွယ်စုတစ်ခုရဲ့ အပြင်ဘက် ပေ ၁၀,၀၀၀ အကွာမှာရှိနေခဲ့လျှင် သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ထင်ရှားတယ်။ ငါ့မှာမကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး ... ငါ့ရဲ့မိတ်ဆွေတစ်ယောက်က မင်းတို့ မျိုးနွယ်စုကမို့ သူ့ကိုတွေ့ချင်လို့ လာခဲ့တာ "

စုမင်သည် သွေးကြောကျောက်သား ကျင့်စဉ်အဆင့် (၄) ရှိသည့် မာန်စွမ်းအားရှင် တစ်ယောက်၏ အစွမ်းအကုန် ထုတ်သုံးပြီး အရှိန်ပြည့် ပြေးလွှားနေခြင်း ဖြစ်၏။ သူ့အရှိန်ဟုန်ကို တိုးမြှင့်ရန် ခါးကိုကွေးပြီး ပြေးနေခဲ့ရာ နှင်းလွှာထုရဲ့ မျက်နှာပြင်နှင့် မျက်နှာပင် ထိမိမတတ် ရှိနေ၏။ စုမင်၏ မြန်ဆန်လွန်းသော အရှိန်ကြောင့် ဆီးနှင်းပေါ်တွင် မည်သည့်ခြေရာမှ မထင်ကျန်ရစ်ပေ။ စုမင်မှာ ပြေးလည်းပြေး၏၊ အနောက်ကလိုက်နေသည့် လူကိုလည်း အော်ပြောနေရသေး၏။

"ဪ … မင်းပြောသလို တကယ့် ရန်သူမဟုတ်ဘူးဆိုရင် မပြေးနဲ့ပေါ့။ ငါနဲ့မျိုးနွယ်စုထဲ လိုက်ခဲ့။ ငါတို့အကြီးအကဲနဲ့ မင်းရဲ့သရုပ်မှန်ကို စစ်ဆေး ဖော်ထုတ်ကြည့်ရမယ်"

လူငယ်၏ စိမ်းစိမ်းဝါးဝါး အကြည့်က သူ့မျက်လုံးထဲ ဖြတ်ပြေးသွားသည်။ သူက စကားကို ခပ်ဖြည်းဖြည်းသာ ပြောနေသော်လည်း အရှိန်ကတော့ မလျော့သွားပေ။ ထိုအစား အရှိန်မြှင့်တင်လိုက်၏။ စုမင်နောက်ကျောကို မမှိတ်မသုန် စိုက်ကြည့်ထားပုံက စုမင် တုံ့နှေးသွားမည့် အချိန်ကို အသင့်စောင့်ဆိုင်းနေသလိုပင်။

“ငါက အပြင်လူတစ်ယောက်အနေနဲ့ မင်းတို့မျိုးနွယ်စုထဲကို လမ်းလျှောက်ပြီး ဝင်လာရဲပါ့မလား"

၎င်းနှင့် စကားပြောနေစဉ်အတွင်း စုမင်မှာ ရွံ့ကြောက်နေသည့်အမူအရာမျိုး လုံးဝ မရှိဘဲ ရယ်ရယ်မောမောပင် ပြောဆိုနေလေ၏။

"ဟုတ်သားပဲ။ မင်းသိတဲ့လူရဲ့နာမည်ကဘယ်သူလဲ"

လူငယ်က ဆက်လိုက်နေရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။ လူငယ်၏ အပြုအမူမှာ ပြောင်းလဲခြင်း မရှိသော်လည်း သူ့မျက်လုံးများမှာမူ ကျဉ်းမြောင်းသွားလေသည်။

"သူ့နာမည်ကိုငါမသိဘူး။ ဒါပေမဲ့ သူ(မ)က အဖြူရောင်ဝတ်တယ်၊ တော်တော်လှတယ်"

စုမင်က စကားလည်းပြော၊ ဆက်ပြီးလည်း ပြေးနေရင်း လိုက်ဖမ်းနေသူကို နောက်ပြန် လှည့်ကြည့်လိုက်၏။

စုမင်စကားကိုကြားအပြီး ၎င်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်လာသည်ကို မြင်တွေ့လိုက်ရ၏။ စုမင် မသိသည်မှာ သူတို့မျိုးနွယ်စု၏ ပေ ၁၀,၀၀၀ အတွင်းသို့ မဝင်ဘဲနှင့် အဘယ်ကြောင့် သူ့အား ယခုလို ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်ချင်နေသလဲ ဆိုသည့်အကြောင်းရင်းကို ဖြစ်သည်။ လက်ရှိ စုမင်၏ အဆင့်မှာ သူတို့မျိုးနွယ်အပေါ် ခြိမ်းခြောက်နိုင်သည့် အဆင့်မဟုတ်ပေ။ ဆိုရလျှင် နဂါးနက်တောင် မျိုးနွယ်စုတစ်ခုလုံးက  အာရုံစိုက်ခံထားရသူဆိုလျှင်ပင် ယခုလို တိုက်ခိုက်ခံရဖို့ မသင့်ပေ။

ထိုလူ့ နောက်ကွယ်တွင် အကြောင်းပြချက် ရှိရမည်။  အဆင့်အတန်း မြင့်မားလှသော လူငယ်တစ်ယောက်က သူ့နောက်သို့ တစ်ယောက်တည်း လိုက်လာသည်။ ထို့ကြောင့် စုမင် ရင်ထဲတွင် အဖြေတစ်ခု ထွက်လာ၏။

"ငါသိပြီ၊ သူပဲ ..."

လူငယ်က ဟွန်းခနဲအသံပြု၍ အဖြေပြန်ပေးလိုက်၏။ စုမင်ကို လိုက်ဖမ်းနေရင်း ခြေလှမ်းကျဲကျဲလှမ်း၍ ညာလက်ကို မြှောက်လိုက်သည်။ အလွန်များပြားလွန်းသည့် အနက်ရောင် အခိုးအငွေ့များ ၎င်း၏ပတ်ပတ်လည်တွင် ဝန်းရံလာပြီး နောက်ကျောမှ လှံတံဘေးတွင် ရစ်ဝိုင်းနေကြ၏။ အနက်ရောင် အခိုးအငွေ့များ လှံတံဘေးတွင် အကြိမ်ရေ အနည်းငယ်မျှ လှည့်ပတ်ပြီးနောက် မာန်သွင်းသံတစ်ခု လေထုထဲ ပျံ့နှံ့ထွက်ပေါ်လာသည်။ လှံတံသည် အခိုးအငွေ့များ၏ လမ်းညွှန်မှုအောက်တွင် ရှိနေသလိုမျိုး လူငယ်၏ခေါင်းအထက်တွင် ပျံဝဲနေလေ၏။

စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဒါက မာန်ပညာရပ်ပဲ...

လူငယ်ထံမှ ထွက်ပေါ်လာသည့် ချီစွမ်းအင်ဖြစ်တည်မှုက သူစွမ်းအား အဘယ်မျှကြီးကြောင်း ပြသနေသည်။ လူငယ်သည် စုမင်ထက် အနည်းငယ်မျှ စွမ်းအား ပိုကြီး၏။ လူငယ်၏ သွင်ပြင်အရ သွေးကြောကျောက်သား ကျင့်စဉ် အဆင့် (၅) ရှိသူ ဖြစ်သော်လည်း အဆင့် (၅) သို့ မကြာခင်ကမှ တက်ရောက်ထားနိုင်ဟန် ရှိသည်။ သူ့တွင် စုမင်ထက် သွေးကြော အနည်းငယ်သာ ပိုများသေးသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းလက်ထဲ၌ "မာန်စွမ်းအားရှင် သွေးကြောမျှင်"  ရှိနေချိန် အရာအားလုံး ပြောင်းလဲသွားလေသည်။

"မင်းသေပြီးမှပဲ သူနဲ့တွေ့လိုက်တော့"

သူတို့အကြား အကွာအဝေးမှာ ပေ ၇၀၀၀ ကျော်မျှ ရှိ၏။  နှစ်ယောက်လုံး အမြင့်မားဆုံး အရှိန်အဟုန်နှင့် ပြေးနေခဲ့သည်မို့ နဂါးနက်တောင်နှင့် အတန်ငယ်လှမ်းသော နေရာသို့ ရောက်လာကြပြီ ဖြစ်သည်။ သို့တိုင် လူငယ်မှာ သူ့နောက်သို့ လိုက်လံ ဖမ်းဆီးနေဆဲပင်။

လှံတံဘေးမှာဝိုင်းဖွဲ့နေတဲ့ အနက်ရောင် အခိုးအငွေ့တွေကြောင့် ပိုပြီး အန္တရာယ်များတယ်။  သူစကားပြောလိုက်သည်နှင့် သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပိုမို ထင်ရှားလာသည်။ သူက ညာလက်ညှိုးနှင့် စုမင်ရှိရာကို ခပ်သာသာလေး ချိန်ထိုးလိုက်ချိန် ရုတ်ခြည်းဆိုသလို လှံတံက စူးရှသည့် တွန်ကျူးသံပြုလျက် စုမင်ထံ တစ်ရှိန်ထိုး ပြေးထွက်လာလေတော့သည်။

ရှေ့သို့ပျံထွက်လာချိန် လှံတံထိပ်မှ ရွှေရောင်မှာ လက်ခနဲ တောက်ပသွားပြီး လေဟာပြင်ကို ထိုးခွင်းဖြတ်ကျော်လာလေ၏။ ၎င်းက စုမင်ပင် စိတ်ကူးဖြင့် မှန်းဆမရနိုင်သည့် အရှိန်အဟုန်နှင့် ပြေးဝင်လာခြင်းဖြစ်ရာ မျက်စိတစ်မှိတ်လေးအတွင်း သူတို့ကြား ပေ ၃,၀၀၀ သာ ခြားတော့၏။

'မာန်စွမ်းအားရှင် သွေးကြောမျှင် ...'

စုမင် မျက်လုံးများ မှေးကျဉ်းသွားသည်။ စုမင်ကိုယ်တွင်းမှ  သွေးကြော (၄၉) ခုလုံး တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။ သူ့ကိုယ်ထဲမှ သွေးလည်ပတ်မှုနှုန်းမှာ တစ်မုဟုတ်ချင်း တိုးတက်သွားပြီး စုမင်၏ ချီစွမ်းအင်ကို ပေါက်ကွဲထွက်ပေါ်လာစေ၏။ အဆိုပါ အဖြစ်အပျက်ကြောင့် စုမင်အမြန်နှုန်းနှင့် သွက်လက်မှုမှာ အထွတ်အထိပ် ရောက်ရှိသွားပြီး လှံတံထိပ်ဖျားနှင့် ထိလုဆဲဆဲ စုမင်မှာ သီသီကလေး ခေါင်းငုံ့ရှောင်လိုက်နိုင်၏။ လှံနှင့် ခေါင်းမှာ ခုနစ်လက်မလောက်သာ သီသီလေး လွဲချော်သွားခဲ့သည်မို့ သူ့ခေါင်းပေါ်တွင် ပြင်းထန်သည့် လေတိုးသံတစ်ခု စီခနဲထွက်ပေါ်လာသည်။ ထို့နောက် လှံတံသည် မြေပြင်ပေါ်ကို ကျယ်လောင်သည့် အသံနှင့် ပြုတ်ကျသွားလေ၏။

၎င်း၏ တိုက်ခိုက်မှုပြင်းအားမှာ နဂါးနက်တောင်မှ လူငယ်ရဲ့အားထက် နည်းနိုင်စရာ မရှိပေ။

အဆင့် (၄) ရှိသည့် သာမန်မာန်စွမ်းအားရှင် တစ်ယောက်အနေနှင့် လူငယ်၏ တိုက်ခိုက်မှုမှာ ရှောင်ရှားရန် ခက်ခဲသော်လည်း စုမင်၏ အမြန်နှုန်းနှင့် သွက်လက် ဖျတ်လတ်မှုသာမက သူ၏ အထူးတလည် သတိထားမှုကြောင့် လက်မတင်လေး ရှောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း စုမင်မှာ တစ်ချက်ကလေးပင် နောက်ပြန်လှည့်မကြည့်ခဲ့ပေ။ ထိုအစား ပိုမိုဝေးကွာသည့် နေရာဆီ ပြေးသွားလိုက်၏။ စုမင်၏မျက်လုံးထဲတွင် အေးစက်စိမ်းဝါးနေသည့် အကြည့်က နေရာယူလာသည်။

စုမင်က မြေပေါ်တွင် ကျနေသည့် လှံတံကို ကောက်ယူဖို့ပင် မစဉ်းစားတော့။  သားရေ စာလိပ်ထဲ ရေးထားသည်မှာ ဉာဏ်အလင်းပေါက် အဆင့်ရှိ မာန်စွမ်းအားရှင်များသာ မာန်စွမ်းအားရှင် သွေးကြောမျှင်၏ အရှင်သခင်အဖြစ် အသိအမှတ်ပြု ခံရသူများ ဖြစ်သည်။ ဉာဏ်အလင်းပေါက် အဆင့် အောက်ပိုင်းမှ လူများမှာ ယခုလိုလုပ်ဖို့ မစွမ်းသာလှပေ။

သို့တိုင် လူငယ်က လှံတံကို အလွယ်ကလေး ပစ်လွှတ်ခဲ့၏။ ထူးဆန်းလွန်းလှသည်။  တခြားတစ်ယောက်သာဆို အသာကလေး ကောက်ယူသွားနိုင်သည်။ တစ်ခုခုတော့ သေချာပေါက်လွဲနေပြီ။

မှောင်ရီပျိုးပြီ ဖြစ်၏။

သိပ်မကြာခင် လူငယ်သည် လှံတံရှည် မြေပေါ်ကျနေသော နေရာသို့ ရောက်လာခဲ့၏။  ဟွန်းခနဲ အသံပြုသရော်လိုက်ချိန် သူ့မျက်လုံးများတွင် အေးခဲလှသည့် အကြည့်စိမ်းများက နေရာယူလျက် ရှိ၏။ သူ့မျက်ခုံးများကြားတွင် အနည်းငယ် တွန့်ချိုးရာ ရှိနေသည်။

နဂါးနက်တောင် မျိုးနွယ်စု ခေါင်းဆောင်၏ သားတစ်ယောက်ဖြစ်သည့် စစ်ခုန်းမှာ သူတို့ခေတ်တွင် အစွမ်းထက်ဆုံး မာန်စွမ်းအားရှင်တစ်ယောက် မဟုတ်သည့်တိုင် သူလိုကိုယ်လို သာမန်မာန်စွမ်းအားရှင် တစ်ယောက်တော့ မဟုတ်ပေ။ သူသည် သွေးကြောကျောက်သား ကျင့်စဉ် အဆင့် (၅) ရှိသူဖြစ်ပြီး သူလက်ထဲတွင် မာန်စွမ်းအားရှင် သွေးကြောမျှင်လည်း ရှိနေသည်။ သို့အတွက် သွေးကြော ကျောက်သား အဆင့် (၄) ရှိသည့် လူတစ်ယောက်ကို သတ်ရသည်မှာ ငှက်ပျောသီးကိုအခွံနွှာစားရသလို အလွန် လွယ်ကူနေရမည်။

သို့သော် ခိုးကြောင်ခိုးဝှက်လူငယ်သည် သူ့တိုက်ခိုက်မှုကို ရှောင်ရှားသွားနိုင်ခဲ့သည်။ ထို့ကြောင့် စစ်ခုန်းတစ်ယောက် စိုးရိမ်ပူပန်သွား၏။ ထိုလူ၏ နိုးကြားသတိရှိမှုက သူ့ကိုယ် တပ်လှန့်လိုက်လေသည်။

'နှမြောစရာပဲ။ သူသာငါ့ရဲ့ စွမ်းအားရှင် သွေးကြောမျှင်ကို ကောက်ကိုင်လိုက်ရင် ချက်ချင်း သေသွားမယ့်ဟာကို '

စစ်ခုန်းမှာ တစ်ခဏမျှ တွန့်ဆုတ်သွားသော်လည်း တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်နှင့် လှံတံရှည်ကို ဂရုတစိုက်ကောက်ကိုင်ကာ နောက်တစ်ကြိမ် လိုက်ပြန်တော့သည်။

စုမင်သည် တောထဲတွင် လေကဲ့သို့ လျှင်မြန်သောအဟုန်နှင့် ပြေးနေ၏။ သူ့ ပြေးနှုန်းအရှိန်မှာ တိုးလာသော်လည်း စစ်ခုန်းက နောက်မှ ထပ်ကြပ်မကွာ အမီလိုက်နိုင်နေပြန်သည်။ လှံတံကလည်း စုမင်ရှေ့သို့ ရံဖန်ရံခါ ဆတ်ခနဲ လှစ်ခနဲ ရောက်လာတတ်သည်မို့ သူတို့ကြား အကွာအဝေးမှာ ဝေးမလိုနှင့် နီးနေတော့သည်။ စုမင် တောအုပ်ထဲ ပြေးဝင်သွားချိန် သူတို့ကြား အကွာအဝေးမှာ ပေ ၁၀၀ လောက်သာ ရှိတော့၏။

သို့သော် စုမင်သာ အမှန်တကယ် ထွက်ပြေးလွတ်မြောက်လိုလျှင် ထိုသို့ မဖြစ်နိုင်။ သူ၏ အမြန်နှုန်းနှင့် တောတွင်းအတွေ့အကြုံ ကြွယ်ဝမှုက လွတ်မြောက်ဖို့ရန် သိပ်မခက်ခဲနိုင်လှ။  သို့သော် စုမင်က သူတို့ကြား အကွာအဝေးကို ဒီ့ထက်ပို၍ ကြီးမားမသွားစေလို။ စုမင်အတွက် စွမ်းအားရှင် သွေးကြောမျှင်ကို ဒုတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

သူ့ရဲ့စွမ်းပကားကို မြင်တွေ့ရပြီးဖြစ်ရာ သွေးကြောမျှင်အား ပိုင်ဆိုင်ရယူလိုသည့် ဆန္ဒတို့ တိုးပွားလာသည်။ ထို "မာန်စွမ်းအားရှင်သွေးကြောမျှင်"ကို စုမင်လိုချင်မိ၏။

သူပြေးနေရင်း ရံဖန်ရံခါ ကောင်းကင်ကို မော့ကြည့်သည်။  ကောင်းကင်က တဖြည်းဖြည်း မှေးမှိန်လာပြီး လ ထွက်လာတော့မည်ကို မြင်လိုက်ရ၍ စုမင်မျက်လုံးများ တောက်ပလာသည်။

"မာန်စွမ်းအားရှင် သွေးကြောမျှင်ဆိုတာ ရှားပါးပစ္စည်းတစ်ခုပဲ။ ဒါပေမဲ့ အလွယ်တကူ ပစ်ထုတ်လိုက်ပုံကို ထောက်ရင် သူ့မှာတခြားနိုင်ကွက် တစ်ခုရှိသေးပုံရတယ်။ အခု ငါတို့ကြားက အကွာအဝေးကိုလည်း သူမချုံ့ပစ်ဘူး။ သူ့နေရာမှာ ငါသာဆိုရင် သွေးကြောမျှင်ရဲ့ အစွမ်းကို တိုးမြှင့်သုံးစွဲဖို့ လုပ်မှာပဲ။ ဒါပေမဲ့ သူ သတိထားနေလဲ ဆိုတာကို ကြည့်ရင် ဘာတွေကြံစည်ထားလဲ မသိဘူး။ ဒါပေမဲ့ ငါသိချင်တာက မာန်စွမ်းအားရှင် သွေးကြောမျှင်ရဲ့ စွမ်းအား အစစ်အမှန်က ဘယ်လောက် အစွမ်းထက်မလဲ ဆိုတာပဲ"

စစ်ခုန်း ဆုံးဖြတ်ချက်ချလိုက်သည်။

စုမင်ကို ဆက်လိုက်နေရတာ စိတ်မရှည်တော့။ သူ့ပြိုင်ဘက် ဆရာသမားက ယခုလောက် လက်သွက်ခြေသွက်ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ယခုတော့ မှောင်ရီပျိုးလာခဲ့ပြီ။ မျိုးနွယ်စုနှင့်လည်း အတော်လေး အလှမ်းကွာနေပြီ ဖြစ်၏။ သူမျိုးနွယ်စုမှ ထွက်လာသည်ကို လူများ သတိမမူမိခဲ့ကြပေ။ အကယ်၍ သူသာ အိမ်ပြန်နောက်ကျပါက ရှင်းပြရ ခက်သွားလိမ့်မည်။ ထို့ကြောင့် ပြေးနေရင်း ပထမဆုံးအကြိမ် လေထုကို ဖမ်းဆုပ်လိုက်ချိန် အနက်ရောင် အခိုးအငွေ့များ ဝိုင်းဖွဲ့နေသည့် လှံတံက သူ့လက်ထဲသို့ ပြန်ရောက်လာသည်။

ထိုအခိုက်အတန့် စုမင်မှာ ပေ ၁၀၀ အကွာအဝေးမှ စကားပြောလိုက်၏။

"မင်း ငါ့ကို အပြင်းအထန် လိုက်ဖမ်းနေတာကိုကြည့်ရုံနဲ့ တကယ် သတ်ချင်နေမှန်း ငါသိတယ်။ ငါတို့ကြားထဲမှာ အမုန်းတရားလည်း မရှိဘူး။ တကယ်လို့ မင်းငါ့ကို သတ်ချင်ရင်တောင် အကြောင်းပြချက် ပေးသင့်တယ်"

“ငါက မင်းနဲ့ဘာလို့ အပိုစကားတွေ ပြောနေရဦးမှာလဲ။ မင်း ငါတို့မျိုးနွယ်စု နယ်မြေထဲ ရောက်လာတယ်။ အဲဒီအကြောင်းအရာ တစ်ခုတည်းနဲ့ ငါတို့မျိုးနွယ်က ဘယ်သူမဆို မင်းကို သတ်လို့ရတယ်။ ငါတို့ မင်းကိုသတ်လို့ နက်မှောင်တောင်က မင်းအတွက် လက်စားချေမယ်ဆိုရင်တောင် မင်းအမှား ဖြစ်နေတုန်းပဲ"

စစ်ခုန်းက အေးစက်စွာ ရယ်မောလိုက်၏။ သူ စုမင်ကို ဆက်လိုက်နေစဉ် သူ့လက်ထဲတွင် လှံတံကို ကျစ်နေအောင် ဆုပ်ထား၏။ လှံတံ၏အေးစက်စက် အငွေ့အသက် လှိုင်းက သူ့လက်မောင်းများထိတိုင် စီးဝင်လာခဲ့သည်။

“မင်းဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ သေရမယ်”

စစ်ခုန်းက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ သူ့မျက်နှာမှာ သွေးဆုတ် ဖြူလျော်နေ၏။ သူ့မျက်နှာကို ကြည့်ရုံနှင့် လှံတံစွမ်းအားအကုန် ဆင့်ခေါ်လိုက်ခြင်းက သူ့အပေါ်လည်း ကြီးကြီးမားမား ထိခိုက်မှုရှိခဲ့ဟန် တူသည်။ သူ လှံတံကို ပစ်လွှတ်လုဆဲဆဲ စုမင်က ရုတ်တရက် စကားဆိုလိုက်ပြန်၏။

"ငါ ပိုင်လင်းကို ကယ်လိုက်တဲ့ အတွက်ကြောင့် မဟုတ်လား...."

စစ်ခုန်းမှာ ‘ပိုင်လင်း’ နာမည်ကိုကြားသည်နှင့် ခဏ အံ့အားသင့်သွားသည်။ စစ်ခုန်းတစ်ယောက် တွေဝေသွားသည်နှင့် စုမင်သည် ပြေးနေရာမှ ရုတ်ချည်း ရပ်လိုက်ပြီး စစ်ခုန်းကို လှည့်ကြည့်လိုက်သည်။ သူလည်း ညာဘက်လက်ကို မြှောက်ကာ လွှဲယမ်းလိုက်၏။

တစ်ခါမှ မခံစားဖူးသည့် အန္တရာယ်အငွေ့အသက်တစ်ခုကို စစ်ခုန်း ခံစားလိုက်ရ၏။ သူ့မျက်လုံးများမှာ ကျဉ်းမြောင်းသွားရင်း မျက်နှာအမူအရာအားလုံး ပြောင်းလဲသွား၏။ လှံတံကို ပစ်လွှတ်တော့မည့်ဆဲဆဲ သူ့တစ်ကိုယ်လုံး တုန်ယင်သွား၏။ လေပြင်းတစ်ချက် အဝှေ့တွင် သူ့မျက်လုံးတွေထဲသို့ စူးရှရှ အလင်းတန်းတစ်ခု ဝင်ရောက်လာလေသည်။ သူ စုမင် မျက်လုံးထဲမှ သွေးလွှမ်းလ၏ အရိပ်ကို မြင်တွေ့လိုက်ရလေ၏။

သွေးလွှမ်းလအရိပ်မှာ သူမြင်လိုက်ရသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။  သူ့ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် နာကျင်မှု ဝေဒနာကို ခံစားလိုက်ရပြီး သွေးတစ်ပွက် အန်ထွက်လာလေ၏။ နှင်းလွှာပြင်ပေါ် တစ်စတစ်စ လဲကျသွားချိန် သူ့မျက်ဝန်းများထဲများ ရှုပ်ထွေးမှုများ၊ ဝေခွဲမရမှုများ တွေ့မြင်လိုက်ရလေသည်။

သူလဲကျသွားသည်နှင့် လှံတံဘေးတွင် ဝိုင်းဖွဲ့နေသည့် အခိုးအငွေ့များ ပြယ်လွင့်သွားပြီး သာမန်အရာဝတ္ထုတစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက် ဘေးသို့ လဲကျသွားလေတော့၏။

ခန္ဓာကိုယ်အနှံ့ ထွက်နေသည့် သွေးတို့မှာ ဆီးနှင်းထဲသို့ စိမ့်ဝင်သွားသည်။ စစ်ခုန်းကိုယ်ကို ရစ်ပတ်ကာ အသားထဲတွင် နစ်မြုပ်နေသည့် ငွေရောင်ချည်မျှင်လေး တစ်ခု ရှိနေ၏။ ၎င်းကို အသာအယ ဆွဲယူလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားတော့မလို ခံစားနေရသည်။

သူ မသေသေးဘူး။  အသက်ရှူနေဆဲ ရှိ၏။  ရုတ်တရက် ပြင်းထန်လွန်းသည့် နာကျင်မှုကြောင့် သူ သတိလစ်သွားခြင်း ဖြစ်သည်။

စုမင်ရဲ့နှလုံးမှာ အပြင်းအထန် ခုန်လှုပ်နေသည်။ အမျှင်မပြတ်သေးသည့် ကြောက်စိတ်နှင့် လှံတံကို ကြည့်လိုက်၏။ အကယ်၍ လှံတံ၏ စွမ်းအား အစစ်အမှန်သာ သူ့မျက်မှောက် ထွက်ပေါ်လာခဲ့လျှင် သေလူမှာ စုမင် ဖြစ်နေပေလိမ့်မည်။

"တစ်စုံတစ်ယောင်နဲ့တိုက်ခိုက်နေချိန်မှာ အာရုံကိုမလွင့်ပျံ့စေနဲ့။ မတွေဝေနဲ့။ အချိန်တိုအတွင်း တစ်ချက်တည်းနဲ့ သေအောင်သတ်ဖို့ ဖြစ်နိုင်ခဲ့လျှင် နောက်ဆုံးအချိန် အထိ စောင့်မနေနဲ့ "

သူ့ခေါင်းထဲ မှတ်မိနေသည့် စာသားများကို စုမင်ရေရွတ်လိုက်၏။

‘သူ့လှံထဲမှာ မာန်စွမ်းအားရှင် သွေးကြောမျှင်ရှိခဲ့တယ်။ ကံသီလို့ သူ့ကို နိုင်လိုက်တာပဲ'

စုမင်က ထိုင်ချပြီး သတိလစ်နေသည့် စစ်ခုန်းကို ကြည့်လိုက်သည်။ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် စစ်ခုန်း၏ ဒဏ်ရာများကို ဆေးစည်းပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူ့တွင် စစ်ခုန်းကို သေစေလိုသည့်စိတ် သို့မဟုတ် နဂါးနက်တောင် မျိုးနွယ်စုကို ဒုက္ခဖြစ်စေလိုသည့်စိတ် အနည်းငယ်မျှ မရှိပေ။ စစ်ခုန်းတစ်ယောက် မကြာခင် သတိပြန်ရလာမည်ဟု စုမင် ကောက်ချက်ချလိုက်၏။

မကြာခင် အနားတွင်ကျနေသော အနက်ရောင်လှံတံကို ကြည့်ရင်း စုမင်မက်လုံးထဲ ရူးသွပ်နေတဲ့ အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သူ ဂရုတစိုက် ကြည့်လိုက်သည့်အခါ လှံတံနှင့် ပတ်သက်သည့် အချက်တချို့ကို တွေ့လိုက်ရ၏။ လှံတံ၏ အစိတ်အပိုင်း တော်တော်များများတွင် ဆူးချွန်လေးများ မနည်းမနော ပါနေသည်။ သူသေချာ မကြည့်မိလျှင် ယင်းအချက်ကို သတိထားမိမည် မဟုတ်ပေ။

အချိန်ကြာမြင့်စွာ ကြည့်ရှုပြီးနောက် စုမင်မှာ ဆူးမပါသည့် တစ်နေရာကို ရှာတွေ့သွားပြီး လှံတံအား ထိုနေရာမှ ကောက်ကိုင်လိုက်၏။ ထို့နောက် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

***

All Chapters