← Chapters

အကြွေးဆပ်ခြင်း

Vol. 3 Ch. 42

အကြွေးဆပ်ခြင်း

Vol. 3 Ch. 42

များမကြာမီ စုမင် ပြန်ရောက်လာသည်။ သတိလစ်နေသည့် စစ်ခုန်း ဘေးတွင် ရပ်လိုက်၊ ဟိုဒီ လျှောက်လိုက်နှင့် လူးလာခေါက်တုံ့ လုပ်နေ၏။ ခေါင်းကိုမော့၍ လမင်းကို ကြည့်လိုက်စဉ် လရောင်သည် နူးညံ့သိမ်မွေ့စွာနှင့် မြေပြင်ပေါ် သက်ဆင်းလင်းလက်နေကြောင်း တွေ့လိုက်ရ၏။

"ဒီလိုတန်ဖိုးကြီးတဲ့ မာန်စွမ်အားရှင် သွေးကြောမျှင်ကို ဒီအတိုင်း ယူသွားလိုက်လို့တော့ ငါ့အတွက် မသင့်တော်ဘူး။ ငါ့မှာရှင်းပြဖို့ အကြောင်းပြချက် မရှိသလို နဂါးနက်တောင် မျိုးနွယ်စုတွေလည်း အလွယ်တကူ ပြန်ယူသွားကြနိုင်တယ်။ ပြီးတော့ ငါ့ကို ရတနာပစ္စည်း ခိုးယူတယ် ဆိုပြီးလည်း စွပ်စွဲကြဦးမယ်။ ငါသူ့ကို သတ်လရမလား၊ မသတ်ရဘူးလား''

စုမင်မှာ ခေတ္တမျှ ဆိတ်ငြိမ်နေသည်။ စစ်ခွန်းကိုကြည့်ရင်း ဆုံးဖြတ်ချက် ချလိုက်၏။

စုမင်က ရင်ဘတ်ထဲမှ ဆေးမြစ် အနည်းငယ်ကို ထုတ်ပြီး အရည် ဖြစ်သွားသည်အထိ ချေမွလိုက်၏။ ထို့နောက် စစ်ခုန်း နှုတ်ခမ်းတွင် သုတ်လိမ်းပေးလိုက်သည်။ စစ်ခုန်း ဘေးတွင် ထိုင်ချရင်း ဘယ်ဘက်လက်နှင့် ၎င်း၏ခေါင်းကို အားပါပါနှင့် အချိန်အဆ မှန်မှန် ပုတ်ရင်း လှုပ်နိုးလိုက်လေ၏။

များမကြာခင် စစ်ခုန်း၏ ခန္ဓာကိုယ်မှာ တုန်ပြီး မျက်လုံးများ ပွင့်လာသည်။ သူ့အမြင်အာရုံမှာ ဝေဝါးနေဆဲ ရှိသေးသည်။ သို့သော် စုမင်၏ ပြုံးနေသည့် မျက်နှာကို မှုန်ဝါးဝါး မြင်လိုက်ရလေသည်။

စစ်ခုန်းမှာ တဒင်္ဂမျှ အံ့အားသင့်သွားသည်။ ထို့နောက် သူ့မျက်လုံးတို့ ပြူးကျယ်လာ၏။ ယခုထိ သူ့မျက်လုံးထဲတွင် ဝေခွဲမရမှုနှင့် ရှုပ်ထွေးနေသော အရိပ်အယောင်များ အမျှင်မပြတ် ရှိနေဆဲ။ သူ့စိတ်ထဲတွင် လုံးဝ ဗလာနတ္ထိ ဖြစ်နေသည်။ သတိမလစ်သွားခင် တစ်ခုခုကို မြင်တွေ့ လိုက်ရသည်။ သို့သော် သူမြင်လိုက်ရသည်က စိတ်ထဲမှ ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟုလည်း ထင်မြင်နေမိပြန်သည်။ သူ့စိတ်မှာ ဇဝေဇဝါ အတွေးများနှင့် ပိုမို ရှုပ်ထွေးလာလေတော့၏။

သူလှုပ်ရှားရန်ကြိုးစားလိုက်စဉ် စုမင်က လှံတံကို ညာလက်နဲ့ လွှဲယမ်းပြီး စစ်ခုန်း၏ လည်မျိုနှင့် သုံးလက်မအကွာတွင် ထောက်ထားလိုက်သည်။ အကယ်၍ စုမင်သာ ရှေ့ကို နည်းနည်းကလေး တိုးလိုက်မည်ဆိုလျှင် လည်ပင်းကို ထိုးဖောက်ပြီး ပွဲချင်းပြီး သေဆုံးနိုင်သည်။

"မလှုပ်နဲ့"

စစ်ခုန်း၏ မျက်လုံးထဲ၌ လှံတံထိပ်ဖျားမှငွေရောင်မှာ သူ့အသက်ကို နှုတ်ယူသွားတော့မည့် သေမင်းတမန် အလင်းတန်းနှင့် တူနေ၏။ စစ်ခုန်းမှာ တုန်လှုပ်သွား၏။ မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ရောပြွမ်းပြီး စုမင်အား စိုက်ကြည့်နေလေ၏။

"ဘာ…မင်းဘာလုပ်ချင်တာလဲ… ငါက နဂါးနက်တောင် မျိုးနွယ်စု ခေါင်းဆောင်ရဲ့သားပဲ။ ငါ့ကိုသတ်ရင် မင်းကို ငါတို့မျိုးနွယ် တစ်စုလုံးက လက်စားချေလိမ့်မယ်။ မင်းက နက်မှောင်တောင်က လူမှန်း ငါသိတယ်။ တကယ်လို့ မင်းသာ ငါ့ကို သတ်ခဲ့ရင် သူတို့လည်း မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"

စစ်ခုန်းမှာ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့ကြောင်းကို ယခုတိုင် သဘောမပေါက်သေးချေ။ သူ့ရှေ့ရောက်နေသည့်လူက လက်ကို ဝှေ့ယမ်းစဉ် သူ့တစ်ကိုယ်လုံး နာကျင်သွားသည့် အဖြစ်ကိုသာ စစ်ခုန်း နောက်ဆုံးသတိရခဲ့ခြင်း ဖြစ်သည်။  သူ နားမလည်နိုင်လေ၊ သူ့ရှေ့မှ ဆယ်ကျော်သက် ကောင်လေးမှာ သူ့အတွက် ပို၍ လျှို့ဝှက်ဆန်းကြယ်လာလေ ဖြစ်သည်။ သူ့လည်ပင်းကို လှံတံ ရောက်လာချိန် ထိုလျှို့ဝှက်ဆန်းပြားသော ခံစားမှုက ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားပြီး ကြောက်ရွံ့စွာနှင့် အလိုလို နောက်ဆုတ်မိသား ဖြစ်သွားလေသည်။

သို့သော် သူနောက်ဆုတ်မည် အလုပ် လျှာပေါ်တွင် ခါးသက်သက် အရသာတစ်ခုကို ခံစားလိုက်ရ၏။ နှုတ်ခမ်းကိုသပ်ကြည့်လိုက်ရာ အရသာမှာ ပိုပြီး သိသာလာသည်။  သူ့မျက်နှာမှာ လုံးဝ ဖြူဖျော့သွားလေ၏။ မကောင်းသည့် ခံစားချက်ကြောင့် သူ့မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ပြည့်လျှံလာတော့၏။ သူလက်ကိုမြှောက်ပြီး နှုတ်ခမ်းကို သုတ်လိုက်သည်။ သူ့လက်တွင် အညိုရောင် အရည်များ ပါလာလေ၏။

"မင်း... ငါ့ကိုဘာကျွေးထားတာလဲ"

"ဒါကဘာရယ် မဟုတ်ပါဘူး။ သာမန်ဆေးပင်လေးတွေပါပဲ။ နည်းနည်းလေး အဆိပ်ဖြစ်ရုံပဲ ရှိတာပါ"

စုမင်က ရွှတ်နောက်နောက် ပြောလိုက်၏။ သူ့အပြုံးမှာ နားလည်ရန် ခက်ခဲလှပေသည်။

ထိုစကားကို ကြားလိုက်ရချိန် စစ်ခုန်းမျက်နှာမှာ ဝမ်းနည်းစိတ်ပျက်မှုများ ပြည့်နှက်သွားလေ၏။ ခံတွင်းထဲတွင် တဖြည်းဖြည်း ခါးရှလာသည့် အရသာကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်သွား၏။

"မင်းငါ့ကို မသတ်ရဲပါဘူး"

စစ်ခုန်းက ခေါင်းမော့ပြီး စုမင်ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။

"မင်းယုံချင်တာ ယုံထားလို့ရပါတယ်။ မင်းငါ့ကို မယုံဘူးဆိုရင် မင်းကိုယုံအောင် ဘာနဲ့မှ အယုံသွင်းလို့မရဘူး။ ဒါပေမဲ့ ငါ့မှာက အဆိပ်ဖြေဆေးလေးတော့ ရှိတာပေါ့လေ။ ဆိုတော့ကာ မင်းက နဂါးနက်တောင်မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သားလား။ မင်းနာမည်က ဘယ်လိုတဲ့လဲ"

စုမင်မှာ နည်းနည်းတော့ အပြစ်ရှိသလို့ ခံစားနေရသည်။ စုမင်သည် သူ့ပုံစံအစစ်အမှန်ကို မည်သူမျှ ထိုးထွင်း မမြင်နိုင်အောင် ကိုယ့်ကိုယ်ကို ပုံသွင်းထားတဲ့ စရိုက်မျိုးရှိသူ ဖြစ်၏။ ထိုစရိုက်ကြောင့်ပင် အပြစ်ရှိသလို ခံစားချက်က ပိုမို ခိုင်မာလာလေ ဖြစ်၏။ သူက စစ်ခုန်းကို ပြုံးပြီး ဆက်ပြောလိုက်သည်။

"မင်း ...ငါ.... ငါ့နာမည်က စစ်ခုန်း။ ဘာပဲဖြစ်ဖြစ် မင်းငါ့ကို သတ်လို့မရဘူး၊ သတ်ရင် မင်းတို့ မျိုးနွယ်စုလည်း အန္တရာယ် ကျရောက်လိမ့်မယ်"

စစ်ခုန်း၏ မျက်လုံးများမှာ တင်းမာနေသော်လည်း စိတ်ကတော့ လှုပ်ရှားနေသည်။ ယခုဆို လျှာကစူးရှရှ ဖြစ်ရုံမျှမက သူ့ဝမ်းဗိုက်ထဲတွင် နာကျင်မှုကိုပါ ခံစားနေရ၏။ စုမင်၏ အမူအရာကို ကြည့်ပြီး အကဲခတ်၍ မရခြင်းကြောင့်လည်း သူ့မှာ ပိုပြီး ထိတ်လန့်လာလေ၏။

"ဟေး စစ်ခုန်း... တခြားအကြောင်း ပြောကြရအောင်လေ”

စုမင်က လကိုမော့ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

စစ်ခုန်း၏မျက်နှာမှာ ဖြူရော်နေသည်။ တဖြည်းဖြည်း ကြီးမားလာသည့် ကြောက်စိတ်ကို မဖုံးထားနိုင်တော့။ သူက ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။

“မင်းရဲ့ဒီလှံစုတ်ကို ငါကြိုက်လို့။ ငါ့ကိုရောင်းပါလား။ ဒင်္ဂါး ၅,၀၀၀ နဲ့ ပြန်ဝယ်မယ်လေ”

စုမင်က မျှော်လင့်နေသည့်ပုံနှင့် စစ်ခွန်းကိုကြည့်ပြီး မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။

စစ်ခွန်းမှာ လည်မျိုနှင့် ဘယ်လောက်မှ မဝေးတော့သည့် လှံတံထိပ်ဖျားကို ကြည့်ရင်း မဝံ့မရဲ ဖြစ်နေမိသည်။ ယခုလို အခြေအနေရောက်မှ သူသဘောမတူ၍ကော ရနိုင်မည်လား။ ပါးစပ်က ခါးသက်သက် အရသာနှင့် မကြာသေးခင်ကမှ စုမင်နောက်သို့ အသည်းအသန် လိုက်ဖမ်းခဲ့သည့် အဖြစ်တို့ကို တွေးမိလျှင် စုမင်လက်ချက်ဖြင့် သူ အဆိပ်မိထားသည်ဟု တစ်ထစ်ချ တွက်ထားလိုက်သည်။

သူ့မျက်မှောက်ရှေ့မှ ကောင်ငယ်လေးသည် သူ့ကို မသတ်ရဲဟု စစ်ခုန်းတစ်ယောက် အလောင်းအစား လုပ်ချင်ခဲ့သည်။ စစ်ခုန်းဆိုသော သူသည် မျိုးနွယ်စု၏ အဆင့်အတန်းမြင့်သူ တစ်ယောက် မဟုတ်လော။ သူသေသွားလျှင် နှစ်ဖက်မျိုးနွယ်စု တိုက်ပွဲဖြစ်မည်မှာလည်း မုချပင်။

သို့သော် ခံတွင်းထဲမှ ခါးသက်သက် အရသာက သူ့ကို မစွန့်စားရဲအောင် တားဆီးထားပြန်သည်။ အကယ်၍များ ... အကယ်၍များဆိုသည့် အတွေးက သူ့ကို ဖိစီးနှိပ်စက်နေ၏။

အထူးသဖြင့် စုမင်တစ်ယောက် သူ့ဦးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ထား၍ နာကျင်နေသောကြောင့်လည်း ပါသည်။ စစ်ခုန်းမှာ တစ်ခဏသာ တွန့်ဆုတ်နေပြီး ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်လေ၏။

စုမင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။  သူ စစ်ခုန်း၏ အင်္ကျီစ ခပ်ကြီးကြီး ဆွဲဖြဲလိုက်၏။ စုမင်လုပ်ရပ်က စစ်ခုန်၏ ရင်ကို အလျင်မြန် တုန်လှုပ်သွားစေသည်။ နဂိုကတည်းက ဖြူရော်နေတဲ့ မျက်နှာမှာ ပို၍ပင် သွေးဆုတ်သွားလေတော့သည်။

“ဒါက ကုန်ရောင်းကုန်ဝယ် လုပ်တာမို့ ငါတို့ စာချုပ်ချုပ်ဖို့ လိုတယ်လေ။ ချရေးရအောင်"

“ကျွန်တော်၊ စစ်ခုန်းသည် ငွေလိုနေပါသည်။ ထို့ကြောင့် ဒီလှံတံကို ဒင်္ဂါး ၅,၀၀ ၀ဖြင့် ရောင်းချပါသည်" စုမင်က ပြောရင်း ချီတုံချတုံဖြစ်နေသည့်ဟန်နှင့် ခေါင်းကို ခါယမ်းလိုက်၏။

“မဟုတ်သေးပါဘူး။ ဒီလိုရေးချေ၊  ကျွန်တော်၊ စစ်ခုန်းသည် နဂါးနက်တောင် မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သားတစ်ယောက် အနေနှင့် ကျိန်ဆိုပါတယ်။ အရေးပေါ် အခြေအနေကြောင့် ကျွန်တော်သည် နက်မှောင်တောင်မျိုးနွယ်စုထံမှ ဒင်္ဂါး ၅,၀၀၀ ချေးယူသုံးစွဲခဲ့ပြီး ဤလှံတံကို အပေါင်ပစ္စည်းအဖြစ် ဆယ်နှစ်တာကာလ ထားရစ်ခဲ့ပါမည်။ ဤလှံတံအား ပြန်လည်ရယူရန် အတွက် ၁၀ နှစ်ကြာပြီးနောက် ကျောက်ပြား ဒင်္ဂါးတစ်သောင်းနှင့် အလဲအထပ်လုပ်ကာ ပြန်လည်ဝယ်ယူမည်ဟု ကတိပေးပါသည်။ ဤအချိန်ကာလအတွင်း လှံတံအား အခြားမည်သည့် ပစ္စည်းနှင့်မှ ပြန်လည် မလဲလှယ်ပါ။ အကယ်၍ ကတိဖျက်ခဲ့ပါက မာန်နတ်ဘုရား ရုပ်တု၏ အပြစ်ပေးခြင်းကို ခံယူရပါစေသား”

စကား ပြောပြီးပြီးချင်း စုမင်က စစ်ခုန်းကို ကြည့်လိုက်၏။

စုမင်၏ စကားတွေကို နားထောင်ပြီး၊ အထူးသဖြင့် နောက်ဆုံး စကားလုံးများကို နားထောင်ပြီးနောက် သူ့မျက်နှာပေါ်တွင် စိတ်သောကရောက်သည့် အမူအရာများ ပေါ်ပေါက် လာလေသည်။ သူတွေဝေနေစဉ် တစ်ခါမှ မမြင်ဖူးသည့် ဆေးမြစ်တစ်ခုကို စုမင်က သူ့ရင်ဘတ်ထဲမှ ထုတ်ယူလိုက်၏။ ထို့နောက် သူ့နားနောက်ဘက်မှ စုမင်၏ အသံကို ကြားလိုက်ရလေသည်။

"ဒါကဖြေဆေးပဲ။ "

စစ်ခုန်းမှာ ဆေးမြစ်ကိုကြည့်ပြီး အံတင်းတင်းကြိတ်လိုက်သည်။ လက်ကိုပါးစပ်တွင် တေ့ပြီး ကိုက်ဖောက်ကာ သွေးနှင့်ချည်ထည်ကြမ်းစပေါ်တွင် ခံဝန်ကတိရေးသားလိုက်၏။  မကြာခင် စာတစ်ပိုဒ်လုံး ရေးပြီးသွားခဲ့လေသည်။

စုမင်က အဝတ်စကို ဆွဲယူပြီး ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ပေါ်လာ၏။ အဝတ်ကိုမခေါက်ခင် သွေးခြောက်သွားအောင် လေနဲ့မှုတ်လိုက်သေးသည်။ ထို့နောက် ရင်ဘတ်ထဲထည့်ကာ အသာအယာ ပုတ်လိုက်သည်။ ပြီးလျှင် ပြုံးပြီး စစ်ခုန်းအား ကြည့်လိုက်၏။

"စစ်ခုန်း ... မင်းမှတ်ထားပါ။ အကြွေးကို သေချာပေါက် ပြန်ဆပ်ရမယ်နော် ... ငါက ဆယ်နှစ်ပဲစောင့်မှာ''

စုမင်၏ မျက်လုံးတို့မှာ ဉာဏ်နီဉာဏ်နက်အပြည့်နှင့် ဝင်းလက်နေသည်။ ဆေးမြစ်ကို မြေပေါ်တွင်ချပြီး အဝေးကို ထွက်ပြေးသွားကာ စစ်ခုန်းအား နှင်းတောထဲတွင် မညှာမတာ တစ်ယောက်တည်း ချန်ရစ်ခဲ့လေတော့၏။

စစ်ခုန်းက ဆေးမြစ်ကို အမြန်ကောက်ယူလိုက်သည်။ ယခုတိုင် စုမင်စကားကို ယုံပြီး ဆေးမြစ်ကို မစားရဲသေး။ ထိုအစား အမြန်ပြန်ထ၍ မျိုးနွယ်စုထံ ပြန်ပြေးလာခဲ့၏။

စစ်ခုန်း ထွက်သွားပြီးသည့်နောက် ငြိမ်သက်နေသည့် နှင်းလွှာပြင် အလယ်တွင် လူတစ်ဦး၏ မထင်မရှားအရိပ်တစ်ခု ရုတ်တရက်ပေါ်လာလေသည်။ ၎င်းမှာ ညို့မှိုင်းနေသော မျက်နှာထားနှင့် အဘွားအိုတစ်ယောက် ဖြစ်၏။ သူမ၏လက်တွင် ကြီးမားလှသော အရိုးနှင့် ပြုလုပ်ထားသည့် အရာဝတ္ထုတစ်ခု ရှိနေ၏။ ၎င်းအရိုးထိပ်တွင် ချောက်ခြားစရာ အလင်းရောင်လက်နေသည့် လူ့ဦးခေါင်းခွံတစ်ခု ရှိနေလေသည်။

"သူက လွန်ခဲ့တဲ့ဆယ်နှစ်က ကလေးများ ဖြစ်နေမလား။ အဲဒါက ဘယ်လိုမာန် ပညာရပ်ပါလိမ့်။ ငါတောင်တစ်ခါမျှ မမြင်ဖူးဘူး"

အဘွားအိုသည် စုမင်ထွက်သွားရာအရပ်သို့ ကြည့်နေ၏။ သူမ လေးလေးနက်နက် တွေးတောနေတုန်း မျက်လုံးများက လင်းလက်တောက်ပနေသည်။ တစ်ခဏအကြာတွင် ၎င်းက နဂါးနက်တောင် မျိုးနွယ်စုဆီရှိရာထံ လှည့်ထွက်သွားလိုက်လေ၏။

စုမင်မှာ တောအုပ်ထဲတွင် ဖြတ်ပြေးရင်း လက်ထဲမှလှံတံကို ကြည့်ကာ စိတ်မနှံ့သလို တခွိခွိ ရယ်နေသည်။ သူ့မျက်လုံးထဲတွင် ကျေနပ်အားရနေသည့် အရိပ်အယောင်များ ရှိနေ၏။ သူ့ပခုံးပေါ်တွင် ထိုင်နေသည့် ရှောင်ဟုန်ပင် လှံတံကို စပ်စပ်စုစုကြည့်ပြီး အော်ဟစ်နေသည်။ လှံတံ၏ ကွယ်ဝှက်နေသော စွမ်းအားများကို ရှောင်ဟုန်ပင် ခံစားမိနေ၏။

" ပိုင်လင်းကို ငါတွေ့ဖို့လုပ်တာကို ဘာလို့လာတားလဲ။ သူ့ပုံစံကို ကြည့်ရတာ ပိုင်လင်းကို ကြိုက်နေတာပဲ ဖြစ်ရမယ်။ ဒီလိုသာဆိုလျှင် ငါ ပိုင်လင်းကို ကယ်ခဲ့တာ လူတော်တော်များများ သိနေတာပဲ”

စုမင် အတွေးထဲ နစ်မျောသွား၍ ခြေလှမ်းများ နှေးကွေးသွားသည်။

"ပိုင်လင်းက ဘယ်နှယောက်လောက်ကို ပြောပြထားပြီးပြီလဲ မသိဘူး။ သူသာအကုန်လုံး ပြောပြထားတာဆိုလျှင် ငါနိုင်စီးငြိမ်းသတ်ခြင်း လုပ်တဲ့နေရာက မလုံခြုံတော့ဘူး"

စုမင် ရုတ်တရက် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။  သူ မျက်မှောင်ကြုတ်ပြီး အချိန်အကြာကြီး စဉ်းစားလိုက်သည်။ ထို့နောက် ညဘက်ကြီး တောကို ဖြတ်၍ ခရီးနှင်နေတော့သည်။

ရှောင်ဟုန်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ စုမင် တစ်စုံတစ်ရာကြောင့် ဒုက္ခများနေတာကို မြင်လိုက်သည့်အခါ သူ့စိတ်ထဲ အတွေးတစ်စ ပေါ်လာ၏။ သူ သဘောပေါက်သွားပြီး ပြုံးဖြီးဖြီး ဖြစ်သွားသည်။ ထို့နောက် စုမင်ပခုံးပေါ်မှ ခုန်ဆင်းသွားပြီး အကြိမ်အနည်းငယ် ခုန်ပျံကျော်လွှားကာ အဝေးသို့ ကြိုပြေးသွားလေ၏။

"မဟူရာမီးတောင်ကို ပြန်မသွားနဲ့။ မီးတောက်ဂူကိုလည်း မပြန်နဲ့နော်..."

စုမင် သူ့ကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

တောသည် ရှောင်ဟုန့်၏ အိမ် ဖြစ်၏။ အန္တရာယ်နှင့် ကြုံနိုင်စရာ မရှိမှန်း စုမင် နားလည်သည်။ သူတို့နှစ်ဦးမှာ မျိုးနွယ်စုနှင့်လည်း သိပ်မဝေးတော့။ အပြန်ခရီးနှင်နေရင်း စိတ်ကို အနှောင့်အယှက်ပေးနေသည့် ကိစ္စကို မတွေးမိအောင် ထိန်းချုပ်ထား၏။ မျိုးနွယ်စုထံ ပြန်ရောက်တော့မည်ဖြစ်၍ သူ့ကိုယ်သူ ပျော်ရွှင်နေသည့်ပုံ ဖြစ်အောင် ဖမ်းလိုက်သည်။

ကောင်းကင်ပေါ်မှလ အတောက်ပဆုံး ညဉ့်သန်းခေါင်အချိန်တွင် စုမင်မှာ မျိုးနွယ်စု၏ အလည်မှ မီးပုံအလင်းတန်းများကို မြင်နေရလေပြီ။ စုမင်တောထဲမှ ထွက်မည်အပြု အနောက်မှ သစ်ရွက်ကျိုးသံများ ထွက်ပေါ်လာသည်။ စုမင် လှည့်ကြည့်လိုက်သည့်အခါ မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုများ၊ စိတ်လှုပ်ရှားနေသည့် အမူအရာများနှင့် ပြည့်နှက်နေသည့် ရှောင်ဟုန့်ကို တွေ့လိုက်ရလေ၏။

အနက်ရောင်သားမွေး အစုအပုံကြီးက ၎င်း၏လက်ထဲတွင် ရှိနေသည်။  စုမင်ရှေ့ ရောက်လာသည်နှင့် တစ်ပြိုင်နက် လက်ထဲမှ အမွေးများကို စုမင်ထံ ထိုးပေးလိုက်၏။ စုမင်မှာ ရှိုးတိုးရှန့်တန့် ဖြစ်သွားသည်။ ရှောင်ဟုန်က အမွေးများကို ညွှန်ပြလိုက်၊ သူ့ပေါင်ခြံသူ လက်ညှိုးညွှန်ပြလိုက်နှင့် အလုပ်များနေတော့၏။ ရှောင်ဟုန်မှာ ထူးထူးဆန်းဆန်း အမူအရာနှင့် သားမွှေးအသုံးပြုပုံကို သင်ပေးနေသည့် အလားပင်။

သူ့ရင်ဘတ်သူ ဂုဏ်ယူဝင့်ကြွားစွာနှင့်ပုတ်ရင်း ကွိကွိကွကွ အော်နေသေး၏။ ရှောင်ဟုန်က စုမင်အား သူ့လုပ်ရပ်၏ အစွမ်းထက်မှုအကြောင်း ပြောပြနေပုံပင်။

စုမင်မှာ ရှောင်ဟုန်ကိုကြည့်ပြီး တဟားဟား ရယ်မောလေတော့သည်။ စူမင်မျက်ခုံးများ ပြေလျော့သွားသည်ကို မြင်တော့မှ သူမှန်းတာ မှန်သွားတယ်ဆိုသည့်ပုံစံနှင့် မပြီးနိုင်မစီးနိုင် သွားဖြဲပြနေတော့၏။ တကယ်တော့ စုမင်မှာ ထိုကိစ္စကြောင့် စိတ်ညစ်သွားခြင်း ဖြစ်၏။

"ရှောင်ဟုန် "

စုမင် ထိုင်ချပြီး မျောက်လေးနား တိုးသွားသည်။ မျောက်လေးကလည်း သူ့ထံ ပြေးလာ၏။

စုမင်က ရှောင်ဟုန်ကို နူးညံ့သော အကြည့်တို့နှင့် ကြည့်လိုက်သည်။  သူမျောက်ငယ်လေးကို ညင်သာစွာ ပွတ်သပ်ပေးနေ၏။ မျောက်ကလေး၏ အပြုအမူက သူ့နှလုံးသားကို နွေးထွေးစေလေသည်။

"ငါမင်းအနားမှာ မရှိရင် မဟူရာမီးတောင်ကို မသွားနဲ့။ မီးတောက်ဂူကိုလည်း မသွားနဲ့။ တခြားနေရာသွားနေ၊ ငါပြန်လာရင် မင်းကိုလာရှာလှည့်မယ်"

“မင်းကို ငါပေးထားတဲ့ ဆေးတွေကို ခါးတယ်ဆိုပြီး မသောက်ဘဲ မနေနဲ့။ တစ်နေ့တစ်လုံး စားပေးနော်။ ငါမင်းကို သင်ပေးထားတဲ့အတိုင်း ဆေးမြစ်တွေကို လုပ်ပြီး အဲဒါတွေနဲ့အတူ အတူတူတွဲစား။ မှတ်ထားနော်”

စုမင်မှာ ပြုံးလျက် ညင်သာစွာ ပြောလိုက်၏။ ရှောင်ဟုန်ကို သမင်လည်ပြန် တစ်ချက် ငဲ့ကြည့်ပြီး မျိုးနွယ်စုရှိရာသို့ ထွက်သွားလေတော့သည်။

***

စာစဉ်(၃)ပြီး၏။

All Chapters