အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း ၄၁ - ကြောင်တောင်တောင်ဖြစ်သွားသော ယန်လျို့ရှား၊ ဓားချက်တိုင်းက ရက်စက်လိုက်တာ
ယန်လျိုရှား၏ မျက်နှာထက်တွင် ယခင်နှင့်မတူဘဲ လုံးဝကွဲပြားခြားနားသွားသော အရိပ်အယောင်ကို သတိပြုမိလိုက်ကြပြီးနောက် ထိပ်တန်းပါရမီရှင်အသီးသီးတို့သည် ခါးသီးသော အပြုံးများဖြင့် ခေါင်းခါယမ်းလိုက်ကြရုံသာ တတ်နိုင်တော့သည်။
နတ်ဘုရားပင်မမျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည့် တစ်ဦးတည်းသော လူနှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ယန်လျိုရှားပင်လျှင် လင်းချန်၏ လက်ရှိအောင်မြင်မှုများကို လက်ခံရန် အနည်းငယ် ခက်ခဲနေပုံရသည်။
သို့သော် ၎င်းက ကျိုးကြောင်းဆီလျော်လှပါသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရား ပင်မမျှော်စင်ကို ဖြတ်ကျော်ကာ သမိုင်းတစ်လျှောက် အသန်မာဆုံး ပါရမီရှင်များကို ထမင်းစား၊ ရေသောက်ကဲ့သို့ လွယ်ကူစွာ အနိုင်ယူနိုင်သူမှာ အခြားမည်သူရှိပါဦးမည်နည်း။
ထို့ပြင် ကောင်းကင်ဘုံတာအိုက ကောင်းကင်ယံ၌ အလင်းမျက်နှာပြင်တစ်ခုကို ဖန်တီးပေးပြီး လင်းချန်၏ တိုက်ပွဲကို တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံးအား ကြည့်ရှုခွင့်ပေးရလောက်အောင် မည်သူက စွမ်းဆောင်နိုင်ပါသနည်း။
မည်သူမျှ မရှိပါချေ။
ယခုအခါ သမိုင်းတွင် အတောက်ပဆုံးသော ပါရမီရှင်အဖြစ် စံချိန်တင်နိုင်သူမှာ လင်းချန် တစ်ဦးတည်းသာ ရှိတော့သည်။
လက်ရှိ လင်းချန်သည် ၎င်းတို့အားလုံးထက် ပိုမိုသန်မာနေပြီဖြစ်ကြောင်း သူတို့ ဝန်ခံရမည်ဖြစ်သော်လည်း ၎င်းနှင့် ယှဉ်ပြိုင်လိုသည့်စိတ်ကိုမူ လက်မလျှော့ကြသေးပေ။ ထိပ်တန်း ပါရမီရှင်များပီပီ ယခုကဲ့သို့ ကောင်းကင်တာအိုကိုပင် ဆန့်ကျင်နိုင်သည့် တည်ရှိမှုမျိုးကို ပြိုင်ဘက်အဖြစ် ရရှိထားခြင်းမှာ အမှန်တကယ်ပင် ကံကောင်းလှသည့် အရာတစ်ခုဖြစ်ပေသည်။
ကောင်းကင်ယံရှိ တိုက်ပွဲအလင်းမျက်နှာပြင်က ကာကွယ်ထားသောကြောင့် ယန်လျိုရှားသည် နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းရှိ လင်းချန်၏ လက်ရှိအဆင့်ကို မမြင်တွေ့ရသေးပေ။ သူမသည် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ရင်ထဲမှ တုန်လှုပ်မှုများကို အတင်းအကျပ် ဖိနှိပ်ကာ ပတ်ဝန်းကျင်ရှိ ပါရမီရှင်များကို မေးခွန်းတစ်ခု မေးလိုက်သည်။
“တာအိုမိတ်ဆွေတို့... လင်းချန်က အခု နတ်ဘုရားပင်မမျှော်စင်မှာ ဘယ်နှစ်ထပ်မြောက်ကို ရောက်နေပြီလဲဆိုတာ သိချင်မိပါတယ်။”
ထိုသို့ပြောပြီးနောက် သူမသည် အဖြေကို စောင့်ဆိုင်းရင်း ပတ်ဝန်းကျင်ရှိ ပါရမီရှင်အများအပြားကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။
ထိုစကားကို ကြားသောအခါ ပါရမီရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့သာ ယခု အမှန်အတိုင်း ဖြေလိုက်ပါက ယန်လျိုရှားအနေဖြင့် ထိုဒဏ်ကို ခံနိုင်ရည်ရှိပါ့မလားဟု စိုးရိမ်နေကြခြင်းဖြစ်သည်။
ပါရမီအဆင့်စာရင်း၏ ထိပ်ဆုံးမှ ပါရမီရှင်များသည် ထူးဆန်းသော အမူအရာများ ရှိနေကြ၏။ ယန်လျိုရှားသည် အလင်းမျက်နှာပြင်ကို မြင်ရရုံနှင့်ပင် ဤမျှ တုန်လှုပ်နေပါက လင်းချန် လက်ရှိ ရင်ဆိုင်နေရသူမှာ မည်သူဖြစ်ကြောင်း သိသွားလျှင် သူမ၏ တုံ့ပြန်မှုက မည်မျှ ပိုမိုကြီးမားသွားမည်နည်း။
ရှေးဟောင်းကန္တာရ လင်းမိသားစုမှ လင်းရှန်ဟဲနှင့် အခြားပါရမီရှင်များသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ထို့နောက် လင်းရှန်ဟဲက ပြုံးကာ ဝင်ပြောလိုက်သည်။
“ငါတို့ ရှေးဟောင်းကန္တာရ လင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်က အခုဆိုရင် နတ်ဘုရား ပင်မမျှော်စင်ရဲ့ ကိုးဆယ့်ခုနစ်ထပ်မြောက်ကို စတင်စိန်ခေါ်နေပြီ။”
“ကောင်းကင်က အလင်းမျက်နှာပြင်ထဲမှာ မြင်နေရတဲ့ သွေးရောင်လွှမ်းနေတဲ့ ပုံရိပ်က နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းမှာ အဆင့် ၃ ချိတ်ထားတဲ့ လွမ်ပဲ။”
သူ၏လေသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ အပြည့်ပါဝင်နေ၏။ ဤသူမှာ သူတို့၏ ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားသားတော်ဖြစ်ပြီး သူတို့ မိသားစု၏ ဂုဏ်ယူစရာပင် ဖြစ်သည်။
နတ်ဘုရား ပင်မမျှော်စင်၏ ကိုးဆယ့်ခုနစ်ထပ်မြောက်လော...။
နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်း၏ အဆင့် ၃ ဖြစ်သူ လွမ် ကို စိန်ခေါ်နေခြင်းလော။
ဤစကားနှစ်ခွန်းက သူမ၏ စိတ်ခံစားချက်များကို ဖိနှိပ်ရန် ကြိုးစားနေသည့် ယန်လျိုရှားအား ချက်ချင်းပင် ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။ ခဏချင်းမှာပင် ရှုပ်ထွေးလှသော ခံစားချက်များစွာက သူမ၏ နှလုံးသားထဲသို့ တိုးဝင်လာတော့သည်။
သူမသည် ပင်မမျှော်စင်၏ ပထမထပ်ကိုပင် အလွန်ခက်ခဲစွာ ဖြတ်ကျော်ခဲ့ရပြီး သုံးရက်အတွင်း ဒုတိယထပ်ကို ချိုးဖောက်နိုင်လိမ့်မည်ဟု အနည်းငယ်သာ ယုံကြည်ချက်ရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းချန်သည် နတ်ဘုရားစာရင်း၏ အဆင့် ၃ ကိုပင် စိန်ခေါ်နေပြီဖြစ်ကြောင်း လင်းရှန်ဟဲက ပြောပြလိုက်၏။
ယန်လျိုရှားသည် ထိုအခြင်းအရာကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရကာ နေရာမှာတင် ကျောက်ရုပ်ကဲ့သို့ အေးခဲသွားပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်ဖြစ်သွားခဲ့တော့သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံ၏ နက်ရှိုင်းရာအရပ်မှ ကောင်းကင်ဘုံတာအို၏ အထွတ်အထိပ် ခံ့ညားထည်ဝါသော အသံကြီး ထပ်မံထွက်ပေါ်လာခဲ့သည်။
“လျို့ရှား သူတော်စင်နယ်မြေမှ သူတော်စင်မ ယန်လျိုရှားသည် ကောင်းကင်ဘုံတာအို၏ ဆုလာဘ်အဖြစ် အထွတ်အထိပ်အဆင့် နတ်ဘုရားလက်နက် စစ်ဝတ်စုံတစ်စုံနှင့် မိုင်ပေါင်းသုံးရာစာ ကံတရားကောင်းချီးပေးခြင်းကို ရရှိသွားပါပြီ...။”
“ဝုန်း...”
ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ မီးလျှံများ တောက်ပနေသော အမျိုးသမီးဝတ် စစ်ဝတ်စုံတစ်စုံမှာ လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါများကို ထုတ်လွှတ်နေ၏။ ၎င်းမှာ အမှန်တကယ်ပင် အထွတ်အထိပ်အဆင့် နတ်ဘုရားလက်နက် အမျိုးသမီးဝတ်စစ်ဝတ်စုံ ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ မိုင်ပေါင်းသုံးရာအထိ ရှည်လျားသော ရွှေရောင်ကံတရားစွမ်းအင်များ ပေါ်ပေါက်လာ၏။ နောက်တစ်ခဏ၌ ထိုမီးလျှံများ တောက်ပနေသည့် စစ်ဝတ်စုံမှာ ယန်လျိုရှားရှိရာသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး ရွှေရောင်ကံတရားစွမ်းအင်များမှာလည်း ယန်လျိုရှား၏ ခန္ဓာကိုယ်ထဲသို့ ဒီရေသဖွယ် စီးဝင်သွားတော့သည်။
သူမရှေ့တွင် လွင့်မျောနေသော မီးလျှံ စစ်ဝတ်စုံကို ကြည့်ရင်းနှင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော ကံတရားစွမ်းအင်များ၏ ထူးခြားသော ခံစားမှုကို ခံစားရင်း ယန်လျို့ရှား၏ မျက်နှာမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
ဒီလူ လင်းချန်က တကယ့်ကို ထူးဆန်းတဲ့ မိစ္ဆာကောင်ပဲ။
သူမသည် အတိတ်ဘဝက မဟာဧကရာဇ်အဆင့်ထိ ရောက်ခဲ့ဖူးပြီး ဒုတိယဘဝကို ပြန်လည်ရှင်သန်နေသူဖြစ်သော်လည်း ဤရွှေရောင်ခေတ်ကာလကြီးတွင် သူ့ကို အမီလိုက်ရန် အလွန်ခက်ခဲနေသေးသည်ကို တွေ့ရှိခဲ့ရသည်။
သို့သော်လည်း ယန်လျို့ရှားသည် အရှုံးပေးတတ်သူ မဟုတ်ပေ။ သူမသည် လင်းချန်၏ ခြေလှမ်းများကို တစ်နေ့တွင် အမီလိုက်နိုင်ရန် သေချာပေါက် နှစ်ဆပို၍ ကြိုးစားသွားမည်ဖြစ်သည်။
ရုတ်တရက် ပါရမီရှင်တစ်ဦးက ကောင်းကင်ယံတွင် အချင်းချင်း အကဲခတ်နေကြသော လင်းချန်နှင့် လွမ်တို့၏ လှုပ်ရှားမှုအသစ်ကို သတိပြုမိသွားပြီး အံ့အားသင့်တုန်လှုပ်စွာ အော်ဟစ်လိုက်တော့၏။
“တာအိုမိတ်ဆွေတို့... လင်းချန်နဲ့ လွမ်တို့ရဲ့ တကယ့်တိုက်ပွဲ စနေပြီဟေ့။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်း၏ အာရုံမှာ ကောင်းကင်ယံရှိ ကြီးမားလှသော အလင်းမျက်နှာပြင်ဆီသို့ ချက်ချင်း ရောက်ရှိသွားကြတော့လေသည်။ အမှန်တကယ်ပင် အလင်းမျက်နှာပြင်ထဲမှ အချင်းချင်း အကဲခတ်နေကြသူ နှစ်ဦးမှာ ယခုအခါ တိုက်ပွဲအတွင်းသို့ အပြည့်အဝ နစ်ဝင်နေကြပြီဖြစ်သည်။
အလင်းမျက်နှာပြင်မှတစ်ဆင့် ကြည့်နေရသော်လည်း ထိုတိုက်ပွဲအတွင်းမှ ပျံ့လွင့်လာသော ကြောက်မက်ဖွယ် စွမ်းအားများကို သူတို့ ခံစားနေရဆဲပင်။ ထိုမြင်ကွင်းကို ကြည့်ရင်း ပါရမီရှင်အားလုံးမှာ စိတ်ထဲမှ ထပ်မံ၍ ဆုတောင်းနေမိကြ၏။
လင်းချန်... တာအိုပြည်နယ်သုံးထောင်ရဲ့ နိယာမတွေကို ဖျက်ဆီးပစ်ခဲ့တဲ့ အဲ့ဒီကောင်ကို အပြတ်အသတ် ရိုက်နှက်ဆုံးမပေးစမ်းပါ။
ထိုသူကြောင့်သာ သူတို့မှာ ယခုအခါ တစ်ခုတည်းသော မဟာဧကရာဇ်နေရာအတွက် အလုအယက် ယှဉ်ပြိုင်နေကြရခြင်း ဖြစ်သည်။ အကယ်၍ တာအိုပြည်နယ်သုံးထောင်၏ နိယာမများသာ ပြည့်စုံနေဦးမည်ဆိုပါက သူတို့မျိုးဆက်တွင် အနည်းဆုံး မဟာဧကရာဇ်အဆင့် ပညာရှင် ဆယ်ဦးခန့် ပေါ်ထွက်လာမည်မှာ သေချာပေသည်။
ဤအရာအားလုံး၏ တရားခံဖြစ်သော လွမ်သည် ထိုက်တန်သော တန်ဖိုးကို ပေးဆပ်ရမည်သာ။
နတ်ဘုရား ပင်မမျှော်စင်၏ ကိုးဆယ့်ခုနစ်ထပ်မြောက်အတွင်း....။
ရှေးဟောင်း သွေးရောင်လွှမ်းနေသော စစ်တလင်းပြင်တွင် ဟင်းလင်းပြင်များမှာ အဆက်မပြတ် ဆုတ်ဖြဲခံနေရပြီး ပေါက်ကွဲသံများမှာလည်း တစ်ခုပြီးတစ်ခု ဟိန်းထွက်နေခဲ့သည်။
“ဒုန်း...”
သွေးရောင်ပုံရိပ်နှင့် ငွေမင်ရောင်ပုံရိပ်တို့ ထိပ်တိုက်တွေ့ဆုံလိုက်တိုင်း ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားရသည်။ ထိုပုံရိပ်နှစ်ခု၏ တိုက်ခိုက်မှုကြောင့် သွေးရောင်စစ်တလင်းပြင်ကြီးတစ်ခုလုံးမှာ အတိတ်က စစ်ပွဲအတွင်းသို့ ပြန်လည်ရောက်ရှိသွားသယောင်ပင် ထင်မှတ်ရလေသည်။
လင်းချန်သည် ငွေမီးခိုးရောင် ဖရိုဖရဲချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အနက်ရောင် ကောင်းကင်သတ်ဓားကို ကိုင်ဆောင်ထားကာ တစ်ကိုယ်လုံးမှာလည်း နက်နဲလှသော နိယာမစွမ်းအားများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
သူသည် သူ၏ ဖရိုဖရဲအနှစ်သာရကို အသုံးပြုကာ လက်သီးအနှစ်သာရနှင့် ဓားအနှစ်သာရတို့ကို ခေတ္တပေါင်းစပ်ထားခြင်းဖြစ်သည်။ ယခုအခါ သူ၏ တိုက်ခိုက်မှုတိုင်းတွင် သူပိုင်ဆိုင်သမျှ အနှစ်သာရအားလုံး၏ အရှိန်အဝါနှင့် စွမ်းအားများ ပါဝင်နေပေသည်။
“ဝုန်း”
ငွေမီးခိုးရောင် ဓားအလင်းတန်းတစ်ခုမှာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖြတ်တောက်ဖျက်ဆီးကာ ထွက်ပေါ်လာခဲ့သည်။
“ကမ္ဘာဦးဖရိုဖရဲ ဓားကိုးချက် - ပထမဓားချက်။”
ဓားအလင်းတန်း ဦးတည်ရာတွင် ရှိနေသော လွမ်၏ သွေးရောင်လွှမ်းသော ခန္ဓာကိုယ်ကြီးမှာ စူးရှသော သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး သူ၏ မျက်နှာမှာလည်း အလွန်အမင်း တည်ကြည်လေးနက်နေခဲ့သည်။
ဤသေးငယ်သော လူသားမှာ သူ၏ စိတ်ကူးထက်ပင် ပိုမိုအစွမ်းထက်နေ၏။ လင်းချန်မှာ သူနှင့် အဆင့်တူအတွင်း သူ့ကို ဖိနှိပ်နိုင်သည့် ပထမဦးဆုံးသော တည်ရှိမှုပင် ဖြစ်လေသည်။
နိယာမတွေ မပြည့်စုံတော့တဲ့ ဒီလိုနောက်ကျကျန်ခဲ့တဲ့ ခေတ်ကြီးထဲမှာ ဒီလောက်အစွမ်းထက်တဲ့ ပါရမီရှင်မျိုး တကယ်ပဲ မွေးဖွားလာနိုင်တယ်လား။
ငွေမီးခိုးရောင် ဓားအလင်းတန်းနှင့် ရင်ဆိုင်ရချိန်တွင် လွမ်၏ တစ်ကိုယ်လုံးမှ သွေးနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဓားအလင်းတန်းကို ထိပ်တိုက်ရင်ဆိုင်ရန် သွေးရောင်လွှမ်းသော စွမ်းအင်လုံးကြီးတစ်ခုကို စုစည်းလိုက်သည်။
သူသည် ဤတိုက်ခိုက်မှုကို ရှောင်တိမ်း၍မရနိုင်ပေ။ ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့သည်။
“သွေးနတ်ဘုရား အမြောက်ဆန်။”
“ဝုန်း....”
ငွေမီးခိုးရောင် ဓားအလင်းတန်းနှင့် သွေးရောင်စွမ်းအင်လုံးကြီးတို့ ထိတွေ့မိသွားချိန်တွင် ကမ္ဘာမြေကို တုန်ဟိန်းသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်လှသော တုန်ခါမှုလှိုင်းလုံးကြီးများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး မည်သည့်အခါမျှ ပုပ်သိုးပျက်စီးခြင်းမရှိခဲ့သည့် ရှေးဟောင်းအလောင်းကောင်များကိုပင် အမှုန့်ခြေဖျက်ဆီးပစ်လိုက်တော့သည်။
သွေးရောင်စွမ်းအင်လုံးမှာ ခဏတာမျှသာ တောင့်ခံနိုင်ပြီးနောက် ငွေမီးခိုးရောင် ဓားအလင်းတန်း၏ ပိုင်းဖြတ်မှုကို ခံလိုက်ရကာ ပူဖောင်းတစ်ခုကဲ့သို့ စွမ်းအားများ ပျောက်ကွယ်သွားတော့သည်။
ဓားအလင်းတန်းသည် စွမ်းအင်လုံးကို ဖောက်ထွက်သွားပြီးနောက် အရှိန်အဟုန်မပျက်ဘဲ လွမ်ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွား၏။ ထိုဓားအလင်းတန်းမှာ ဟင်းလင်းပြင်ကို ကျော်ဖြတ်လာသကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်း လွမ်၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
လွမ်၏ မျက်နှာပျက်ယွင်းသွားပြီး မသိစိတ်ဖြင့် အော်ဟစ်လိုက်မိ၏။
“မကောင်းတော့ဘူး...။”
သူသည် ထိုဓားအလင်းတန်း၏ စွမ်းအားကို အထင်ကြီးထားခဲ့သော်လည်း ယခုကဲ့သို့ အကွာကြီး ကွာခြားနေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့မိပေ။
ဒီလူသား... ဒီလိုအားနည်းတဲ့ လူသားမျိုးနွယ်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ထူးဆန်းတဲ့ မိစ္ဆာကောင်မျိုး ဖြစ်နေရတာလဲ။
နောက်တစ်ခဏတွင် ဓားအလင်းတန်း၏ အစွမ်းကုန်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လွမ်၏ တစ်ကိုယ်လုံးကို ဝါးမျိုသွားတော့သည်။ လင်းချန်သည် အနက်ရောင် ကောင်းကင်သတ်ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏မျက်နှာမှာ လုံးဝအေးစက်တည်ငြိမ်နေခဲ့သည်။
ထိုဓားတစ်ချက်ပြီးနောက် သူသည် ရပ်တန့်မသွားဘဲ ပိုမိုပြင်းထန်သော ငွေမီးခိုးရောင် ဓားအလင်းတန်းများကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်လိုက်တော့သည်။
“ကမ္ဘာဦးဖရိုဖရဲ ဓားကိုးချက် - ဒုတိယဓားချက်။”
“ကမ္ဘာဦးဖရိုဖရဲ ဓားကိုးချက် - တတိယဓားချက်။”
“ကမ္ဘာဦးဖရိုဖရဲ ဓားကိုးချက်...”
လွမ်နှင့် ရင်ဆိုင်ရာတွင် သူသည် အနည်းငယ်မျှ ကရုဏာမထားဘဲ သူ၏ စွမ်းဆောင်ရည်အားလုံးကို အသုံးပြုနေခဲ့လေသည်။ ဤကောင်ကို တစ်ကြိမ်လောက် သတ်ဖြတ်ပစ်နိုင်မှသာ အတိတ်က သူပြုလုပ်ခဲ့သမျှအတွက် အတိုးဖြင့် ပြန်လည်ပေးဆပ်ခိုင်းရာ ရောက်ပေလိမ့်မည်။
“ဝုန်း...ဝုန်း...ဝုန်း”
သွေးရောင်လွှမ်းနေသော ရှေးဟောင်းစစ်တလင်းပြင်တွင် ဓားအလင်းတန်းများမှာ ကောင်းကင်ယံအထိ မြင့်တက်နေပြီး အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ဓားအလင်းတန်းများ၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသော လွမ်ကိုမူ မမြင်တွေ့ရတော့ပေ။ သူ၏ အရှိန်အဝါများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားနေသည်ကိုသာ အာရုံခံမိကြတော့သည်။
အခန်း ၄၂ - တစ်ဖက်သတ်တိုက်ပွဲ၊ စစ်မှန်သော သတ်ဖြတ်ခြင်း
ဓားချက်အနည်းငယ်ကို ဆက်တိုက်ထုတ်လွှတ်ပြီးနောက် လင်းချန်သည် နောက်ဆုံးတွင် လက်ထဲမှ ကောင်းကင်သတ်ဓားကို ဝှေ့ယမ်းခြင်းအား ရပ်တန့်လိုက်ပြီး လွမ်ရှိနေခဲ့သည့် နေရာသို့ ကောင်းကင်ယံမှနေ၍ စိုက်ကြည့်နေလိုက်သည်။
ထိုအချိန်တွင် ထိုနေရာတစ်ခုလုံးသည် ဟင်းလင်းပြင်အပျက်အစီးတစ်ခု ဖြစ်သွားခဲ့ပြီး မည်သည့်အရာမျှ တည်ရှိမနေတော့ပေ။ အရိုးစုများ၊ ဦးခေါင်းခွံစေတီများ၊ သွေးရောင်မြူခိုးများ... အရာအားလုံး ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရပြီဖြစ်သည်။
အမည်မသိ အရှိန်အဝါများ ထွက်ပေါ်နေသည့် အနက်ရောင် လေဟာနယ်နှင့် ပြင်းထန်လှသော ဓားနိယာမ၏ ထက်ရှသောအစွန်းအထင်းများသာ ကျန်ရစ်တော့သည်။
လွမ်၏ ပုံရိပ်သည်လည်း ငွေမီးခိုးရောင် ဓားအလင်းတန်းများကြားတွင် ပျောက်ကွယ်သွားပြီး ဝေဝါးသွားခဲ့သည်။ သို့သော် လင်းချန်၏ နှိုင်းယှဉ်မဲ့ နှစ်မွှာမျက်လုံးကမူ အတွင်းပိုင်းမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ လွမ်သည် ထိုနေရာ၌ပင် ရှိနေဆဲဖြစ်သော်လည်း ကမ္ဘာဦးဖရိုဖရဲ ဓားကိုးချက်၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းမှ ရုန်းမထွက်နိုင်ဖြစ်နေခဲ့လေသည်။
ကမ္ဘာဦးဖရိုဖရဲ ဓားကိုးချက်သည် တစ်ကြိမ် ထုတ်လွှတ်လိုက်သည်နှင့် ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ရန်သူ့ထံ တိုက်ရိုက်ရောက်ရှိနိုင်သဖြင့် ကာကွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် လက်ရှိလွမ်သည် သူ၏ ယခင်က တည်ငြိမ်မှု သို့မဟုတ် ခန့်ညားမှုများကို မပိုင်ဆိုင်တော့ပေ။ အဆုံးမရှိသော အရှက်ရမှုနှင့် ပျက်စီးယိုယွင်းမှုများသာ ကျန်ရှိတော့လေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အရုပ်ဆိုးလှသော ဓားဒဏ်ရာများစွာ ဖြစ်တည်နေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက အခြားအစိတ်အပိုင်းများကို အဆက်မပြတ် တိုက်စားနေခဲ့သည်။ သူ၏ တစ်ကိုယ်လုံးမှ စွမ်းအင်များမှာလည်း ဖရိုဖရဲဖြစ်နေပြီး ယခင်ကထက် ထက်ဝက်ကျော်ခန့် လျော့နည်းသွားခဲ့ပြီဖြစ်သည်။
သူ၏ မျက်နှာတွင်လည်း ပြင်းထန်သော ဒေါသနှင့် အရှက်ရမှုများ ဖုံးလွှမ်းနေ၏။ ၎င်းသည် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို ဤမျှအထိ အရှက်ရအောင် မလုပ်ဆောင်နိုင်ခဲ့ဖူးကြောင်း အခြားသူများကို ပြောပြနေသကဲ့သို့ပင်။
သူ အလွန်ဒေါသထွက်နေခဲ့ချေပြီ။
“ဝုန်း”
ရုတ်တရက် သွေးရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ငွေမီးခိုးရောင် ဓားအလင်းတန်းအားလုံးကို ဖောက်ထွက်လိုက်၏။ အနက်ရောင် လေဟာနယ်အတွင်းမှ ပြင်းထန်သော သွေးရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် လွမ်၏ ပုံရိပ်မှာ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
သူ၏ အရုပ်ဆိုးလှသော မျက်နှာထက်မှ မျက်လုံးများသည် လင်းချန်ကို စိုက်ကြည့်နေပြီး အနည်းငယ် ရူးသွပ်နေပုံရသည်။
“ငါ့ကို ဒီလောက်အထိ အကျပ်ရိုက်အောင် လုပ်နိုင်တာကိုကြည့်ရင် မင်းက နောက်မျိုးဆက်တွေထဲမှာ တကယ့်ကို သန်မာတဲ့သူတစ်ယောက်ပဲလို့ ငါပြောရမယ်။
ဒါပေမဲ့ အဲ့လိုဆိုရင်တောင်မှ ငါ့ရှေ့မှာတော့ မင်းက မလုံလောက်သေးဘူး။
ဒီနေ့ မင်း ငါ့ဆီမှာပဲ ရပ်တန့်သွားစေရမယ်။ ငါ မင်းကို တစ်စစီ ချေမှုန်းပစ်မယ်။ မင်းကို အမျိုးမျိုးသော ဒုက္ခတွေကို ခံစားရစေပြီးမှ သတ်ပစ်မယ်ကွ။”
သူက ဘယ်သူမို့လို့လဲ။
သူသည် ရှေးဟောင်းခေတ်၏ တားမြစ်ချက်တစ်ခုဖြစ်ကာ ခေတ်တစ်ခုကို အဆုံးသတ်ပေးခဲ့ပြီး တာအိုပြည်နယ်သုံးထောင်၏ ကျင့်ကြံခြင်းစနစ်ကို တော်လှန်ပြောင်းလဲပစ်ခဲ့သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
နောက်မျိုးဆက်မှ လူတစ်ယောက်၏ လက်ထဲတွင် သူသည် မည်သို့ အရှုံးပေးနိုင်ပါမည်နည်း။ ဤစိတ်ကူးယဉ်မျှော်စင်ထဲတွင် သူ မည်သို့ ကျဆုံးနိုင်ပါမည်နည်း။ ၎င်းသည် သူ၏ ပုံရိပ်ယောင်မျှသာ ဖြစ်နေဦးတော့မှပင်။
လင်းချန်သည် ထိုစကားကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်၏။
“မင်း ခုနက လုံးဝ ခုခံနိုင်စွမ်းမရှိဖြစ်နေတာသာ မဟုတ်ရင် မင်းပြောတာကို ငါ ယုံကောင်းယုံမိလိမ့်ဦးမယ်။
လွမ်... မင်း ကျူးလွန်ခဲ့တဲ့ အပြစ်တွေက ခွင့်လွှတ်လို့မရနိုင်ဘူး။ မင်း... ငါ့ရဲ့ သတ်ဖြတ်ခြင်းကို ခံယူဖို့ အဆင်သင့်ဖြစ်ပြီလား။”
ထိုသို့ပြောနေစဉ်မှာပင် သူ၏ စွမ်းအားအားလုံးကို စုစည်းလိုက်ရာ အားကောင်းလှသော ဖိအားများ ထပ်မံပေါက်ကွဲထွက်လာခဲ့ပြန်သည်။
သူသည် စောစောက သွေးပူလေ့ကျင့်ခန်း လုပ်ရုံသာ ရှိသေး၏။ ယခု သွေးပူသွားပြီဖြစ်ရာ အစစ်အမှန် တိုက်ပွဲကို စတင်ရန် အချိန်ကျပြီဖြစ်သည်။
သူ၏စကားအဆုံးတွင် လွမ်သည် အလွန်အမင်း ဒေါသထွက်ကာ ရယ်မောလိုက်၏။
“ဟားဟားဟား... တကယ်ကို ရယ်စရာပဲ။ ငါက လွမ်ပဲ...ကောင်းကင်ဘုံတာအိုကိုယ်တိုင်တောင် ဘာမှမတတ်နိုင်ခဲ့တဲ့ လွမ်ပဲ။
ငါက ခေတ်တစ်ခုရဲ့ သက်ရှိအားလုံးကို သတ်ဖြတ်ခဲ့တယ်။ ခေတ်တစ်ခုလုံးကို ယဇ်ပူဇော်ခဲ့တယ်။ နိယာမတွေကိုတောင် မပြည့်မစုံဖြစ်အောင် လုပ်ခဲ့တဲ့သူပဲ။
မင်းလို မျိုးဆက်သစ်လေးတစ်ယောက်က ငါ့ကို အနိုင်ယူဖို့ စိတ်ကူးနေတာလား။ မင်းက သစ်ပင်ကြီးကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်ပဲကွ။”
သူ့စကားမဆုံးခင်မှာပင် လွမ်၏ ခန္ဓာကိုယ်ပေါ်မှ သွေးရောင်အလင်းတန်းများ ရုတ်တရက် ဝင်းလက်လာပြီး ယခင်က ဖရိုဖရဲဖြစ်နေသော စွမ်းအင်များမှာ ပြန်လည်တည်ငြိမ်သွားကာ အရင်ကထက်ပင် ပိုမိုအားကောင်းလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာလည်း အံ့ဩဖွယ်ကောင်းလောက်အောင် ကြီးထွားလာပြီး ခေတ္တအတွင်းမှာပင် မိုးထိအောင် မြင့်မားသည့် ဧရာမဘီလူးကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ရာ ကောင်းကင်ဘုံ လှမ်းတက်ခြင်းအဆင့်၏ ထိပ်ဆုံးရှိ ပညာရှင်တစ်ဦးပင်လျှင် ကြောက်လန့်တကြား ထွက်ပြေးရမည့် အခြေအနေမျိုး ဖြစ်ပေသည်။
လွမ်၏ မိုးထိအောင် မြင့်မားလှသော ဧရာမခန္ဓာကိုယ်ကြီး၏ ရှေ့တွင် လင်းချန်၏ ပုံရိပ်မှာ အလွန်ပင် သေးငယ်လှပေသည်။ သူသည် ကောင်းကင်သို့ လှမ်းတက်နေသော သစ်ပင်ကြီးကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်လေးတစ်ကောင်နှင့် အမှန်တကယ်ပင် တူညီနေခဲ့သည်။
လွမ်၏ မောက်မာလှသော အသံများ နားထဲတွင် ဟိန်းထွက်နေသည်ကို နားထောင်ရင်း လင်းချန်၏ မျက်နှာမှာ တဖြည်းဖြည်း အေးစက်လာခဲ့သည်။
သူက ခေတ်တစ်ခုရဲ့ သက်ရှိအားလုံးကို သတ်ဖြတ်ခဲ့တယ်၊ ခေတ်တစ်ခုလုံးကို ယဇ်ပူဇော်ခဲ့တယ်...
ယခု သူတို့ရှိနေသော ဤစစ်တလင်းပြင်သည် ခေတ်တစ်ခု အဆုံးသတ်ခဲ့သည့် နေရာလော။ ရှေးဟောင်းခေတ် မတိုင်မီ ကမ္ဘာဦးကာလသည် လွမ် ရှင်သန်ခဲ့သော ခေတ်ဖြစ်၏။
ခေတ်တစ်ခုလုံးရှိ သက်ရှိအရေအတွက်မှာ မှန်းဆ၍မရနိုင်လောက်အောင် များပြားလှသော်လည်း ၎င်းတို့အားလုံးမှာ လွမ်၏ လက်ချက်ဖြင့် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ ထိုသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ သူ၏ အစွန်းရောက်လှသော အတ္တဆန္ဒများကို ဖြည့်ဆည်းရန် ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။
လင်းချန်သည် ခေါင်းကို အနည်းငယ်မော့လိုက်ရာ သူ၏ မျက်ဝန်းအိမ်ထဲ၌ အေးစက်သော အလင်းတန်းများ လျှပ်ပြတ်သကဲ့သို့ လက်ခနဲ ဖြစ်သွား၏။
“ဒီနေ့ ငါ မင်းရဲ့ ပုံရိပ်ယောင်ကိုလည်းမယ်။ တစ်နေ့ကျရင် ငါ မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကိုလည်း ရှာဖွေပြီး အဲ့ဒါကိုပါ အပိုင်းပိုင်း ဖြတ်တောက်ပစ်မယ်။
ဒီလိုမှ မဟုတ်ရင် ငါသေသွားတဲ့အခါမှာလည်း သံသရာထဲကို မဝင်ဘူး။ နောင်ဘဝဆိုတာလည်း မရှိစေရဘူး။”
သူသည် ကြီးမြတ်သော ကတိသစ္စာကို ပြုလိုက်၏။ သူ၏ ရင်ထဲမှ နာကြည်းမှုများကို ငြိမ်းအေးစေရန် အစစ်အမှန် လွမ်ကို သေချာပေါက် သတ်ဖြတ်ရမည် ဖြစ်သည်။
“ဝုန်း...”
သွေးရောင်လွှမ်းသော ကောင်းကင်ယံတွင် ဆိုးယုတ်သော အနက်ရောင်တိမ်တိုက်များ ရုတ်တရက် ဖြစ်ပေါ်လာပြီး ကောင်းကင်ဘုံတာအိုထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ထိုတိမ်တိုက်များထဲတွင် ကိန်းအောင်းနေပုံရသည်။
လွမ်သည် ထိုအရာအားလုံးကို သတိပြုမိသွားပြီး သူ၏ မျက်နှာထက်တွင် ရယ်ချင်ပတ်ကျပုံစံ ဖြစ်ပေါ်လာခဲ့သည်။
“စိတ်ဝင်စားစရာပဲ။ မဟာတာအိုရဲ့ အလိုဆန္ဒကိုတောင် ဆွဲဆောင်နိုင်တယ်ဆိုတော့ မင်း ငါ့ကို တကယ်ပဲ အသည်းခိုက်အောင် မုန်းနေပုံရတယ်။
နှမြောစရာပဲ...။ ငါ ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ မင်း လုံးဝ မသိသေးဘူး။”
ထိုသို့ပြောပြီးသည်နှင့် လွမ်၏ တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသော လက်သီးကြီးမှာ အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ချေမှုန်းကာ လင်းချန်ရှိရာသို့ တိုက်ရိုက် ဦးတည်၍ ထိုးနှက်လိုက်တော့သည်။
လင်းချန်သည် ထိုအရာအားလုံးကို ငြိမ်သက်စွာသာ ရပ်ကြည့်နေ၏။ ပြင်းထန်လှသော လက်သီးလေပွေများက လင်းချန်၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ သို့သော်လည်း လင်းချန်သည် မည်သည့် အမူအရာမျှ မပြဘဲ လှုပ်ရှားခြင်းလည်း မရှိပေ။
ထိုလက်သီးကြီး သူ၏ ရှေ့မှောက်သို့ ရောက်လာသည့် အချိန်ကျမှသာ လင်းချန်သည် သူ၏ ဘယ်ဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အားအကုန်သုံးကာ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
“ဖရိုဖရဲ... လက်သီး။”
ဤလက်သီးချက်တွင် သူသည် အစွမ်းကုန် စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး မည်သည့်အရာကိုမျှ ချန်လှပ်မထားခဲ့ပေ။ ၎င်းသည် သူ၏ တစ်သက်တာတွင် ထိုးနှက်ခဲ့သမျှ၌ အစွမ်းအထက်ဆုံး လက်သီးချက်ပင် ဖြစ်သည်။
တောင်ကြီးတစ်လုံးကဲ့သို့ သွေးရောင်လက်သီးကြီး၏ ရှေ့တွင် လင်းချန်၏ လက်သီးလေးမှာ အလွန်ပင် သေးငယ်လှပြီး မိမိကိုယ်ကိုယ် အထင်ကြီးလွန်းနေပုံရသည်။
“ဒုန်း...ဝုန်း...”
နောက်တစ်ခဏတွင် ကွာခြားချက် ကြီးမားလှသော လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး ကောင်းကင်ယံကိုပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေခဲ့သည်။ ရှေးဟောင်းစစ်တလင်းပြင်အတွင်း မိုင်ပေါင်းသောင်းချီသော ဧရိယာတစ်ခုလုံးမှာ လုံးဝ ပြိုကျပျက်စီးသွားပြီး လက်သီးနှစ်ခု၏ အရှိန်အဝါ အကြွင်းအကျန်များသာ ကျန်ရစ်တော့လေသည်။
“ဂျွတ်”
“ဗုန်း”
ထင်မမှတ်စွာပင် သွေးရောင်လက်သီးကြီးသည် လင်းချန်၏ သေးငယ်သော လက်သီးချက်နှင့် ခဏတာမျှသာ ယှဉ်နိုင်ပြီးနောက် သွေးမိုးများ ရွာချစေလိုက်သည်။
လှိမ့်ဆင်းလာသော မြစ်တစ်စင်းကဲ့သို့ နီရဲသော သွေးများသည် ကောင်းကင်ယံတစ်ခုလုံးတွင် စဉ်းထွက်သွားပြီး လင်းချန်၏ ငွေမီးခိုးရောင် စစ်ဝတ်စုံကို နီရဲသွားစေခဲ့သည်။ ဤသည်မှာ သွေးရောင်လက်သီးကြီး အလွယ်တကူပင် အပိုင်းပိုင်း ပြတ်ထွက်သွားရာမှ ပန်းထွက်လာသော လတ်ဆတ်သည့် သွေးများပင် ဖြစ်သည်။
“အား... မဖြစ်နိုင်ဘူး။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”
လွမ်၏ ရက်စက်ကြမ်းကြုတ်သော အပြုံးများ ပျောက်ကွယ်သွားပြီး နာကျင်မှုနှင့် မယုံကြည်နိုင်မှုများက အစားထိုးဝင်ရောက်လာခဲ့သည်။ သူသည် သူ၏ အစွမ်းအထက်ဆုံး နည်းဗျူဟာများ၊ သူ၏ နတ်ဘုရားပုံရိပ်ကိုပင် အသုံးပြုခဲ့သော်လည်း အဘယ်ကြောင့် ယှဉ်နိုင်ခြင်း မရှိသေးသနည်း။
ဒီလူသားမှာ ဘယ်လိုလုပ် ဒီလောက်အထိ အစွမ်းထက်တဲ့ ရုပ်ခန္ဓာမျိုး ရှိနေရတာလဲ။
ယခုအခါ လက်မောင်းတစ်ခုသာ ကျန်တော့သော သူ၏ ညာလက်ကို ကြည့်ရင်း လွမ်သည် လင်းချန်၏ တိုက်ခိုက်မှုမှ လွတ်မြောက်ရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်တော့သည်။
သူ၏စွမ်းအားများကို မြှင့်တင်ပြီး ပြတ်တောက်သွားသော လက်ဖဝါးကို ပြန်လည်ကုစားရန် ကြိုးစားလိုက်သော်လည်း ပြတ်တောက်နေသောနေရာ ရှိ လက်သီးအရှိန်အဝါများက အဆက်မပြတ် တိုက်စားနေသဖြင့် လုံးဝမဖြစ်နိုင်ပေ။
လွမ်၏ နောက်ဆုတ်မှုမှာ လျင်မြန်လှသော်လည်း ကံဆိုးစွာပင် လင်းချန်က ပို၍မြန်နေကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ နောက်ထပ်လက်သီးတစ်ချက် တိုက်ရိုက်ထိုးနှက်လိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် သူ၏ညာလက်ရှိ ကောင်းကင်သတ်ဓားကိုလည်း ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ငွေမီးခိုးရောင် ဓားအလင်းတန်းများ ထွက်ပေါ်လာတော့သည်။
“ဘမ်း...ဘမ်း...ဘမ်း”
“ဝုန်း...”
လက်သီးရိပ်များနှင့် ဓားအလင်းတန်းများကြားတွင် လွမ်၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ရိုက်နှက်ခြင်းခံလိုက်ရပြီး ပျက်စီးယိုယွင်းနေသော ရှေးဟောင်း သွေးရောင်စစ်တလင်းပြင်ထက်တွင် ဟိုတစ်စ ဒီတစ်စ လွင့်စင်သွားတော့သည်။
ထိုသို့ဖြစ်နေသည့်တိုင်အောင် လွမ်သည် သေဆုံးခြင်းမရှိသေးဘဲ သူ၏ခန္ဓာကိုယ်ကို ပြန်လည်စုစည်းကာ တိုက်ပွဲဝင်ရန် ကြိုးစားနေဆဲပင်။
လင်းချန်၏ ပုံရိပ်မှာ ကောင်းကင်ယံတွင် ရပ်တန့်နေပြီး သူ၏ အေးစက်တည်ငြိမ်သော အသံမှာ ဟိန်းထွက်လာခဲ့သည်။
“အခု ငါ့မှာ မင်းကို သတ်ဖြတ်ဖို့ အရည်အချင်း ပြည့်မီပြီလား။”