အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း ၄၃ - စစ်မှန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်း၏ အဆင့် ၃ သို့ တက်လှမ်းခြင်း
“တောက်...သေစမ်း။ ငါက ခေတ်တစ်ခုကို အဆုံးသတ်ခဲ့တဲ့ နှိုင်းယှဉ်မဲ့ ပါရမီရှင်ပဲ။ ဒီကမ္ဘာဦးခေတ်ရဲ့ အသန်မာဆုံး ပါရမီရှင်ကွ။
ငါက ဘယ်လိုလုပ်ပြီး ရှုံးနိမ့်ရမှာလဲ။ ငါက ဘာလို့ နောက်မျိုးဆက်က လူတစ်ယောက်ကို ရှုံးနိမ့်ရမှာလဲ။”
လွမ်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်တောက်ကာ နေရာအနှံ့ လွင့်စဉ်နေသော်လည်း အတွင်းရှိ နတ်ဘုရားဝိညာဉ်မှာမူ မပျက်စီးသေးဘဲ မကျေမနပ်ဖြစ်ကာ အော်ဟစ်မေးမြန်းနေ၏။
ကြေမွနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တုန်ရီနေပြီး ပြန်လည်ပေါင်းစည်းရန် ကြိုးစားနေကြသော်လည်း လင်းချန်၏ စွမ်းအားများဖြင့် ချိတ်ပိတ်ထားမှုအောက်တွင် ထိုရုန်းကန်မှုများမှာ အချည်းနှီးသာ ဖြစ်နေတော့သည်။
နားထဲတွင် ဟိန်းထွက်နေသော မကျေမနပ် အော်ဟစ်သံကို ကြားသောအခါ လင်းချန်က လှောင်ပြုံးပြုံးလိုက်သည်။
“အသန်မာဆုံး ဟုတ်လား။ မင်းက အသန်မာဆုံးလို့ ခေါ်ဖို့ ထိုက်တန်လို့လား။ မင်းအထက်မှာ ကြီးမြတ်တဲ့ တည်ရှိမှု နှစ်ခုတောင် ရှိသေးတယ်။ မင်းက အဆင့် ၃ ချိတ်ရုံတင် ရှိတဲ့ အကောင်လေးတစ်ယောက်ပဲ။
အော်...ဟုတ်သားပဲ။ မကြာခင်မှာ မင်းက အဆင့် ၄ ဖြစ်တော့မှာ။ ဒီ ‘လေး’ ဆိုတဲ့ ဂဏန်းက မင်းနဲ့ တကယ် လိုက်ဖက်တယ်။
ဘာလို့လဲဆိုတော့ ဒီနောက်ပိုင်းမှာ မင်းဟာ ငါ့ရဲ့ လက်ချက်နဲ့ သေချာပေါက် အသတ်ခံရမှာမို့လို့ပဲ။”
မိမိကိုယ်ကိုယ် ပြန်လည်ကုစားရန် ရူးသွပ်စွာ ကြိုးစားနေသော လွမ်၏ အကြွင်းအကျန်များသည် ထိုစကားကို ကြားလိုက်ရချိန်၌ တောင့်ခဲသွားကြ၏။ နောက်တစ်ခဏတွင် လွမ်၏ နတ်ဘုရားဝိညာဉ်ထံမှ မယုံကြည်နိုင်သော အော်ဟစ်သံကြီး ပေါက်ကွဲထွက်လာတော့သည်။
“ငါက ဘာလို့ အဆင့် ၃ ပဲ ရှိရမှာလဲ။ ငါက ခေတ်တစ်ခုလုံးကို အဆုံးသတ်ခဲ့တယ်။ ခေတ်တစ်ခုလုံးကို ယဇ်ပူဇော်ပြီး ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် အသုံးချခဲ့တာ။
နောက်ပိုင်းမှာ ကောင်းကင်ဘုံတာအိုက ငါ့ကို တားဖို့ ကြိုးစားတော့လည်း ငါ သူ့ရဲ့ နိယာမတွေကိုတောင် ချေဖျက်ပစ်ခဲ့တယ်။ ငါက ဘယ်လိုလုပ် အဆင့် ၃ ပဲ ဖြစ်နိုင်မှာလဲ။
မဖြစ်နိုင်ဘူး...ငါမယုံဘူး။ မင်း ငါ့ကို လိမ်နေတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်...အဲ့ဒါပဲ ဖြစ်ရမယ်။ ဟားဟားဟား မင်း ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်မနေနဲ့။”
သူသည် ထိုသို့ပြောနေသော်လည်း သူ၏ အသံထဲတွင် ယုံကြည်မှု ကင်းမဲ့နေသည်ကို မည်သူမဆို ကြားနိုင်ပေသည်။
လင်းချန်သည် စိတ်အာရုံဖြင့် ဖရိုဖရဲစစ်ဝတ်စုံနှင့် ကောင်းကင်သတ်ဓားတို့ကို သူ၏ ဒန်တျန်နှင့် ဝိညာဉ်ပင်လယ်အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်၏။ သူသည် လွမ်ကို ငုံ့ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်မိသည်။
“အမှန်အတိုင်း ပြောရရင် ငါ မင်းကို အထင်ကြီးမိသွားလို့ ငါ့ရဲ့ နည်းလမ်းအားလုံးကို သုံးခဲ့တာ။
ဒါပေမဲ့ ငါ အတည်အပေါက် စတိုက်တာနဲ့တင် မင်းက မခံနိုင်တော့ဘူးလို့ မမျှော်လင့်ထားမိဘူး။ ငါ ပြောချင်တာက... မင်း တကယ်ကို အားနည်းလွန်းတယ်။”
ဤသည်မှာ သူ၏ ရင်ထဲမှ အမှန်တရားပင် ဖြစ်သည်။ သွေးပူလေ့ကျင့်ခန်း ပြီးရုံသာ ရှိသေးသော်လည်း လွမ်မှာ ပြိုလဲသွားခဲ့ပြီ။
နတ်ဘုရားအဆင့်စာရင်းရဲ့ အဆင့် ၃ က ဒါလေးပဲလား။
လွမ်၏ ပြန်လည်တုံ့ပြန်မှုကို မစောင့်တော့ဘဲ လင်းချန်သည် လက်ကို ဝှေ့ယမ်းကာ ငွေမီးခိုးရောင် မီးလျှံများကို ထုတ်လွှတ်လိုက်တော့သည်။
“မင်းရဲ့ တည်ရှိမှုကို ငါသိပြီးကတည်းက မင်းကို အသေသတ်ပစ်မယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ မင်းနဲ့ တိုက်ခိုက်ရတာ အရမ်း ပျင်းစရာကောင်းလွန်းတယ်။”
“ဝုန်း...”
ငွေမီးခိုးရောင် မီးလျှံများသည် ရှေးဟောင်း သွေးရောင်စစ်တလင်းပြင်တစ်ခုလုံးကို ချက်ချင်းပင် လောင်ကျွမ်းသွားစေပြီး လွမ်၏ ခန္ဓာကိုယ်နှင့် နတ်ဘုရားဝိညာဉ် အပါအဝင် အရာအားလုံးကို ဝါးမျိုသွားတော့သည်။
“အား... အား...အားးးးး”
လွမ်သည် တစ်စုံတစ်ခုကို ငြင်းခုံရန် ကြိုးစားနေဆဲမှာပင် ငွေမီးခိုးရောင် မီးလျှံများ၏ ဝိုင်းရံမှုကို ခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
လင်းချန်သည် ထိုအရာအားလုံးကို အလွန်အေးစက်သော မျက်နှာပေးဖြင့် ကြည့်နေခဲ့၏။ ဤသည်မှာ အစပြုခြင်းသာ ရှိသေးသည်။ အနာဂတ်တွင် သူ ပိုမိုသန်မာလာသောအခါ လွမ်၏ အစစ်အမှန် ခန္ဓာကိုယ်ကို ရှာဖွေပြီး ၎င်းကိုပါ အမြစ်ပြတ် ချေမှုန်းပစ်မည်ဖြစ်သည်။
အကယ်၍ လွမ်၏ အစစ်အမှန် ခန္ဓာကိုယ်က သေဆုံးသွားပြီ ဆိုလျှင်ပင် သူသည် အချိန်မြစ်ကြီးထဲမှ သူ့ကို ပြန်လည်ဆွဲထုတ်ကာ နောက်ထပ်တစ်ကြိမ် ထပ်မံသတ်ဖြတ်ပစ်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်မှသာ သူ၏ ရင်ထဲမှ နာကြည်းမှုများ ပြေပျောက်ပေလိမ့်မည်။
လွမ်၏ နောက်ဆုံးနိဂုံး မည်မျှပင် ဆိုးရွားပါစေ ၎င်းမှာ သူနှင့် ထိုက်တန်လှပေသည်။
“ဝုန်း...”
“ခရက်...ခရက်...။”
ငွေမီးခိုးရောင် မီးလျှံများသည် နာရီပေါင်းများစွာ လောင်ကျွမ်းခဲ့ပြီးမှ ငြိမ်းသတ်သွားခဲ့သည်။ ထိုအချိန်အတွင်း လွမ်၏ စူးစူးဝါးဝါး အော်ဟစ်သံများမှာ တစ်စက္ကန့်မျှပင် ရပ်တန့်မသွားခဲ့ပေ။
လင်းချန်၏ နားထဲတွင်မူ ယခင်က ဆူညံလွန်းလှသော ဤအသံသည် ယခုအခါ အလွန်ပင် နားဝင်ချိုမြိန်သော အသံတစ်ခု ဖြစ်နေတော့လေသည်။
သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်မည်ဟု ပြောခဲ့ပါက ပြောတဲ့အတိုင်းလည်း တကယ်လုပ်ပြပေလိမ့်မည်။
မီးလျှံများ ငြိမ်းသတ်သွားသောအခါ သွေးရောင်စစ်တလင်းပြင်မှာ မည်းတူးနေသော မြေရိုင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး လွမ်မှာမူ သူ၏ ပြင်းထန်သော အသက်စွမ်းအားကြောင့်သာ နောက်ဆုံးထွက်သက်ကို ခက်ခဲစွာ ဖက်တွယ်ထားရရှာသည်။
သူ၏ ခန္ဓာကိုယ်မှာ ပြန်လည်ကုစားရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း မည်မျှပင် အားထုတ်ပါစေ မအောင်မြင်တော့ပေ။ သူ၏ ရုပ်ခန္ဓာမှ ပြတ်တောက်နေသော နေရာများရှိ နက်နဲလှသော အစ်အမှန် အနှစ်သာရစွမ်းအားများက ပြန်လည်ပေါင်းစည်းမှုကို တားဆီးထားသောကြောင့်ပင်။
လင်းချန်သည် လွမ်၏ ဦးခေါင်းရှိရာနေရာသို့ ဆင်းသက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းက ဒီကမ္ဘာဦးခေတ်ရဲ့ အသန်မာဆုံး ပါရမီရှင်လို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ခဲ့ပေမဲ့ အခု မင်းရဲ့ပုံစံက တကယ့်ကို သနားစရာကောင်းပြီး ကြည့်ရဆိုးလွန်းတယ်။
အို... မေ့လို့။ ဒီမြင်ကွင်းတွေကို တာအိုပြည်နယ်သုံးထောင်လုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသနေတာဆိုတာ မင်းကို ပြောဖို့ကျန်သွားတယ်။
တစ်နည်းအားဖြင့် ပြောရရင် တာအိုပြည်နယ်သုံးထောင်က သက်ရှိအားလုံးဟာ မင်း နာရီပေါင်းများစွာ မီးလောင်တိုက်သွင်းခံနေရတဲ့ မြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြတာပေါ့။”
ဤသို့ပြောရင်း လင်းချန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“အခုဆိုရင် သူတို့အားလုံးက ‘ဒါ မင်းနဲ့ ထိုက်တန်တဲ့ အကျိုးဆက်ပဲ’ လို့ အော်ဟစ်ပြီး အားရပါးရ အောင်ပွဲခံနေကြလိမ့်မယ်လို့ ငါထင်တယ်။ မင်းရော ဘယ်လိုထင်လဲ...။
ကြီးမြတ်တဲ့ ပါရမီရှင်ကြီး... အခု ဘယ်လိုခံစားနေရလဲ။ သေချင်နေပြီလား။
ငါ မင်းကို နည်းနည်းလောက် ပြန်ကုပေးပြီး နောက်ထပ်တစ်ချီလောက် မီးကင်ပေးရမလား။”
သူ ထိုသို့ပြောနေစဉ်မှာပင် သူ၏လက်ထဲ၌ ငွေမီးခိုးရောင် ဖရိုဖရဲဝိညာဉ်စွမ်းအားများ ပေါ်ထွက်လာပြီး လွမ်၏ ဒဏ်ရာများကို တကယ်ပင် ကုသပေးတော့မည့်ပုံစံမျိုး လုပ်ပြလိုက်၏။
လွမ်၏ မည်းတူးနေသော မျက်နှာထက်တွင် အရှက်တရားများဖြင့် အပြည့်ဖုံးလွှမ်းသွားတော့သည်။ သူသည် တစ်ခါမျှ ဤကဲ့သို့သော ဆက်ဆံမှုကို မခံခဲ့ရဖူးသလို ဤမျှကြီးမားသော အရှက်ကွဲမှုကိုလည်း မကြုံခဲ့ရဖူးပေ။
သူက လွမ်လေ။ သူက လွမ်ပဲ။
ခေတ်တစ်ခုလုံး၏ အနာဂတ်အဖြစ် မွေးဖွားလာသူ၊ အသန်မာဆုံး ပါရမီရှင်အဖြစ် မွေးဖွားလာသူကို မည်သူက ဤကဲ့သို့ ဆက်ဆံရဲပါမည်နည်း။ နောက်ပိုင်းတွင် သူ၏ ကျင့်ကြံခြင်းမှာ အစစ်အမှန် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် ခေတ်တစ်ခုလုံးရှိ သက်ရှိများကို ယဇ်ပူဇော်ပြီး သူ၏ ကျင့်ကြံခြင်းအတွက် အားဖြည့်ခဲ့သည်။
သူ့အမြင်တွင် ထိုလူများမှာ သူ၏ ကျင့်ကြံခြင်းအတွက် အာဟာရဖြစ်ခွင့်ရခြင်းမှာ ဘဝပေါင်း ရှစ်ဘဝစာလောက် ကုသိုလ်ပြုခဲ့ရသည့် ဆုလာဘ်ပင် ဖြစ်သဖြင့် သူ့ကို ကျေးဇူးတင်သင့်သည်ဟု ယူဆထားခဲ့သည်။ သူတို့၏ ရည်မှန်းချက်မှာလည်း သူ အသန်မာဆုံး ဖြစ်လာရန် မဟုတ်ပါလော။ နောက်ဆုံးတွင် သူ အောင်မြင်ခဲ့၏။ သူ ဘာများ မှားခဲ့သနည်း။
လင်းချန်က လွမ်၏ အမူအရာကို သတိပြုမိပြီး ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
“မင်းက နောင်တမရသေးတဲ့ပုံပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မင်းကို နောင်တရအောင် လုပ်ဖို့ ငါ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး။ ငါ့ရည်ရွယ်ချက်က မင်းနဲ့ အပျော်တန်း ကစားဖို့ပဲ။
အခုတော့ ကစားပွဲက ပြီးသွားပြီ...။ မင်း သွားရမယ့် အချိန်ရောက်ပြီ။
မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကလည်း မကြာခင်မှာ မင်းဆီကို လိုက်လာစေရမယ်။”
ပြောပြောဆိုဆိုနှင့်ပင် ငွေမီးခိုးရောင် စွမ်းအားများ ပြည့်နှက်နေသော သူ၏ လက်ဖဝါးမှာ လွမ်၏ နဖူးပေါ်သို့ ကျရောက်သွားတော့သည်။ တစ်ခဏချင်းမှာပင် လွမ်၏ မျက်လုံးများမှ နတ်ဘုရားအလင်းတန်းများ ပျောက်ကွယ်သွားပြီး အသက်ဓာတ်များ လုံးဝ ကင်းမဲ့သွားတော့သည်။
ဦးခေါင်းအတွင်းရှိ နတ်ဘုရားဝိညာဉ်မှာ လက်ဖဝါးရိုက်ချက် တစ်ချက်တည်းနှင့်ပင် အမှုန့်ခြေဖျက်ဆီးခြင်း ခံလိုက်ရပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ မည်းတူးနေသော စစ်တလင်းပြင်မှာ ပျောက်ကွယ်သွားပြီး ခံ့ညားထည်ဝါသော အသံကြီး ထွက်ပေါ်လာခဲ့သည်။
“ဂုဏ်ယူပါတယ် မျှော်စင်စိန်ခေါ်သူ။ သင်သည် နတ်ဘုရား ပင်မမျှော်စင်၏ ကိုးဆယ့်ခုနစ်ထပ်မြောက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်စာရင်းတွင် အဆင့် ၃ ချိတ်နိုင်ခဲ့ပါပြီ။”
“သင်သည် လက်ရှိတွင် ကောင်းကင်ဘုံတာအို၏ ဆုလာဘ် ၉၇ ခုနှင့် မိုင်ပေါင်းငါးသိန်းစာ ကံတရားကောင်းချီးများကို စုဆောင်းရရှိထားပါပြီ။”
“မျှော်စင်စိန်ခေါ်သူ လင်းချန် သင် ဆက်လက် တက်လှမ်းလိုပါသလား။”
နားထဲတွင် ကြားလိုက်ရသော ထိုအသံကြောင့် လင်းချန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်၏။
သူသည် လွမ်ကို ဖရိုဖရဲမီးလျှံများဖြင့် နှိပ်စက်ရန်အတွက် နာရီပေါင်းများစွာ အချိန်ပေးခဲ့သည်။ ဤသည်မှာ အချိန်ဖြုန်းတီးခြင်းဟု ထင်ရသော်လည်း သူ့အမြင်တွင်မူ အလွန်ပင် တန်ဖိုးရှိလှပေသည်။ အနည်းဆုံးတော့ ယခုအခါ သူ၏ ရင်ထဲတွင် ကြည်လင်သွားပြီး ယခင်က ခံစားနေရသော ကသိကအောက်ဖြစ်မှုများလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ခံ့ညားသော အသံကြီး မပျောက်ကွယ်မီမှာပင် လင်းချန်သည် ယခင်ကကဲ့သို့ပင် လေဟာနယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ခပ်ရဲ့ရဲ့ပြုံးကာ ပြောလိုက်၏။
“ငါ ဆက်တက်ဖို့ ရွေးချယ်တယ်။”
သူ့စကားမဆုံးမီမှာပင် ထိုခံ့ညားသောအသံမှာ အရပ်မျက်နှာအနှံ့မှ ထပ်မံထွက်ပေါ်လာခဲ့သည်။
“သင်သည် နတ်ဘုရားအဆင့်စာရင်း၏ ထိပ်ဆုံးသုံးဦးအတွင်း ဝင်ရောက်သွားပြီဖြစ်သောကြောင့် အဆင့်သတ်မှတ်ချက် အစီအစဉ်အတိုင်းသာ ဆက်လက်တက်လှမ်းနိုင်မည်ဖြစ်သည်။”
“ဆက်လက်တက်လှမ်းရန် ရွေးချယ်ပါက သင့်အား နတ်ဘုရား ပင်မမျှော်စင်၏ ကိုးဆယ့်ရှစ်ထပ်မြောက်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး နတ်ဘုရားအဆင့်စာရင်း၏ ဒုတိယနေရာတွင် ရှိနေသော မိစ္ဆာသားရဲဘိုးဘေးကို စိန်ခေါ်ရမည်ဖြစ်သည်။”
“မျှော်စင်စိန်ခေါ်သူ လင်းချန် သင် ဆက်လက်တက်လှမ်းဖို့ ဆုံးဖြတ်ပါသလား။”
ထိုအခါ လင်းချန်က ပြုံးလိုက်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
“ငါကို အနားယူဖို့ အချိန်ပေးစရာမလိုပါဘူး။ ကိုးဆယ့်ရှစ်ထပ်မြောက်ကို တိုက်ရိုက်သာ ပို့ပေးလိုက်ပါ။”
သတိပေးစရာပင် မလိုဘဲ သူသည် အဆင့်များကို ကျော်ဖြတ်ကာ စိန်ခေါ်လိုစိတ် မရှိတော့ပေ။
မိစ္ဆာဘိုးဘေးနှင့် တာအိုဘိုးဘေးဟူသည့် ဤကြီးမြတ်လှသော တည်ရှိမှုနှစ်ဦးစလုံးကို သူကိုယ်တိုင် ကိုယ်တွေ့ရင်ဆိုင် ကြုံတွေ့ရမည်သာ ဖြစ်သည်။
“သင့်ဆန္ဒအတိုင်း ဖြစ်စေရပါမယ်။ နတ်ဘုရား ပင်မမျှော်စင်၏ ကိုးဆယ့်ရှစ်ထပ်မြောက်သို့ ပို့ဆောင်နေပါပြီ။”
အခန်း ၄၄ - ဘိုးဘေးနဂါးနှင့် ရင်ဆိုင်ခြင်း
နတ်ဘုရားမျှော်စင်၏ အပြင်ဘက်တွင်...။
ယန်လျိုရှားနှင့် ထိပ်တန်း ပါရမီရှင်တစ်စုတို့သည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသော အလင်းမျက်နှာပြင်ကို ကြည့်ရင်း တစ်စုံတစ်ရာ လိုအပ်နေသေးသကဲ့သို့ ခံစားနေရသည်။
တကယ့်ကို အားရကျေနပ်စရာကောင်းတဲ့ တိုက်ပွဲပဲ။
အို... နေဦး...။ ဒါက တကယ့်ကို အားရစရာကောင်းတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးပဲ။
ထိုလူ လွမ်သည် ပထမဆုံး ထွက်ပေါ်လာချိန်တွင် အလွန်အမင်း မောက်မာခဲ့ပြီး လင်းချန်ကို သူ၏မျက်လုံးထဲ၌ပင် ထည့်မထားခဲ့ပေ။ တိုက်ပွဲအတွင်း အသာစီးမရတော့သည့် အချိန်မှာပင် ခေါင်းမာမာဖြင့် လင်းချန်သည် သူ့လောက် မတော်ကြောင်းနှင့် သူကိုယ်တိုင်က အတည် မတိုက်ခိုက်သေးခြင်းသာဖြစ်ကြောင်း ပြောဆိုနေခဲ့သေးသည်။
သို့သော် နောက်ဆုံးတွင်မူ သူ၏ အတိတ်က လုပ်ရပ်များအတွက် အလွန်ပင် နာကျင်လှသော တန်ဖိုးကို ပေးဆပ်လိုက်ရပြီဖြစ်သည်။
တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံး၏ စောင့်ကြည့်မှုအောက်တွင် သူ၏ ခန္ဓာကိုယ်မှာ ပြန်လည်ကုစားရန်ပင် မျှော်လင့်ချက်မရှိဘဲ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရုံသာမက နာရီပေါင်းများစွာကြာအောင် မီးလောင်တိုက်သွင်းခြင်းကိုလည်း ခံခဲ့ရသည်။ နောက်ဆုံးတွင် လင်းချန်သည် သူ၏ နတ်ဘုရားဝိညာဉ်ကို လက်ဖဝါး တစ်ချက်တည်းဖြင့် ကရုဏာမဲ့စွာ ဖျက်ဆီးပစ်ကာ အရာအားလုံးကို အဆုံးသတ်လိုက်သည်။
လွမ်၏ ပုံရိပ်ယောင် ကြုံတွေ့ခဲ့ရသော ကံကြမ္မာနှင့် ပတ်သက်၍ မည်သူမျှ မထိုက်တန်ဟု မခံစားရသလို လင်းချန်၏ နည်းလမ်းများက ရက်စက်လွန်းသည်ဟုလည်း မည်သူမျှ မထင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် လင်းချန်သည် အမှန်ကန်ဆုံးအရာကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ ခံစားနေခဲ့ရလေသည်။ တစ်ခုတည်းသော နောင်တမှာ ထိုအလုပ်ကို သူတို့ကိုယ်တိုင် မလုပ်ဆောင်နိုင်ခဲ့ခြင်းပင်။
ယခုအခါ ဤနတ်ဘုရားမျှော်စင်၏ အခွင့်အရေးမှာ သူတို့နှင့် မသက်ဆိုင်တော့သကဲ့သို့ ခံစားနေကြရသည်။ ဤနတ်ဘုရားမျှော်စင် ပေါ်ပေါက်လာခြင်းမှာ လင်းချန်ကို တက်လှမ်းစေပြီး သူ၏ အကန့်အသတ်ကို သူကိုယ်တိုင် မြင်တွေ့နိုင်ရန် ဖန်တီးပေးထားသကဲ့သို့ပင်။ ကျန်ရှိသော ပါရမီရှင်များမှာ သူ့ကို ပိုမိုတောက်ပလာစေရန် ဝန်းရံပေးရသည့် နောက်ခံလူများသာ ဖြစ်တော့သည်။
ထိုအချိန်တွင် ကောင်းကင်ယံ၏ နက်ရှိုင်းရာအရပ်မှ ကောင်းကင်ဘုံတာအို၏ အထွတ်အထိပ် ခံ့ညားထည်ဝါသော ကြေညာချက်မှာ တာအိုပြည်နယ်သုံးထောင်လုံးတွင် ဟိန်းထွက်လာခဲ့ပြန်သည်။
“ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရား ပင်မမျှော်စင်၏ ကိုးဆယ့်ခုနစ်ထပ်မြောက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်စာရင်းတွင် အဆင့် ၃ ချိတ်နိုင်ခဲ့ပါပြီ။”
“ကောင်းကင်ဘုံ၏ ဆုလာဘ် စုစုပေါင်း ၉၇ ခုနှင့် မိုင်ပေါင်းငါးသိန်းစာ ကံတရားကောင်းချီးများကို ရရှိစုဆောင်းပြီး ဖြစ်သည်။”
ထိုအသံ ထွက်ပေါ်လာချိန်တွင် တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံးသည် အလင်းမျက်နှာပြင်ပေါ်တွင် မြင်တွေ့ခဲ့ရသည့် တိုက်ပွဲအတွင်းမှ သတိပြန်ဝင်လာကြ၏။ ဤအချိန်တွင် ရှေးဟောင်းမျိုးနွယ်စု အသီးသီးမှ ပညာရှင်များပင်လျှင် ရှေးဟောင်းကန္တာရ လင်းမိသားစုအပေါ် မနာလိုစိတ် မရှိကြတော့ဘဲ အံ့ဩချီးကျူးမှုများသာ ရှိတော့သည်။
လွမ်သည် တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံး၏ ရန်သူဖြစ်သည်။ သူသည် လက်ရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ပျက်စီးအောင် ပြုလုပ်ခဲ့သူ ဖြစ်သည်။ တာအိုပြည်နယ်သုံးထောင်တွင် မဟာဧကရာဇ်အဆင့် ပညာရှင်များ သဘာဝအလျောက် ပေါ်ထွန်းမလာနိုင်တော့ခြင်း၏ အကြောင်းရင်းမှာလည်း သူပင် ဖြစ်သည်။
ပုံရိပ်ယောင်မျှသာ ဖြစ်နေဦးတော့ သက်ရှိအားလုံး၏ ရှေ့တွင် လင်းချန်က လွမ်ကို အပြတ်အသတ် နှိပ်ကွပ်နိုင်ခဲ့ခြင်းအတွက်... သူတို့၏ ရင်ထဲတွင် မကြုံစဖူးသော ကျေနပ်အားရမှုကို ခံစားနေကြရချေသည်။
နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၃...။
သူသည် ထိုနေရာနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
တားမြစ်နယ်မြေ အသီးသီးအတွင်းရှိ ကွာစီဧကရာဇ်လောင်းများ၏ မျက်နှာထက်တွင်မူ ဝေခွဲမရဖြစ်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ လင်းချန်၏ ပါရမီအဆင့်အတန်းမှာ သူတို့ကို ခဏတာမျှ ဆုံးဖြတ်ချက်ချရ ခက်ခဲသွားစေခဲ့လေသည်။
သူတို့အနေဖြင့် လင်းချန်နှင့် ယှဉ်ပြိုင်သင့်သလော။ သို့မဟုတ် သူ့ကို မဟာဧကရာဇ်ဖြစ်လာအောင် ကူညီပေးပြီးမှ တားမြစ်နယ်မြေအားလုံးကို ငြိမ်းချမ်းအောင် လုပ်ခိုင်းသင့်သလော။ အကယ်၍ သူတို့ ယှဉ်ပြိုင်မည်ဆိုပါက အနိုင်ရချင်မှ ရပေလိမ့်မည်။ သို့သော် သူ့ကို ထောက်ပံ့ပေး၍ လင်းချန် ဧကရာဇ်ဖြစ်သွားလျှင်ကော...သူတို့နောက်ကွယ်က အင်အားစုများ၏ အနာဂတ်က ဘယ်ဆီသို့ ဦးတည်သွားမည်နည်း။
သူတို့အတွက်မူ ဤသည်မှာ အလွန်ပင် ခက်ခဲလှသော ရွေးချယ်မှုကြီး ဖြစ်နေတော့သည်။
ရှေးဟောင်းကန္တာရ လင်းမိသားစုအတွင်း၌မူ....။
လင်းမိသားစု၏ တပည့်အားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံကာ ဟစ်ကြွေးနေကြလေတော့သည်။
သူတို့၏ နတ်ဘုရားသားတော်သည် အမြဲတမ်းကဲ့သို့ပင် အနိုင်မရနိုင်သော တည်ရှိမှုအဖြစ် ရှိနေဆဲပင်။ အတိတ်နှင့် ပစ္စုပ္ပန်မှ အသန်မာဆုံးသော ပါရမီရှင်များနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် အလွယ်တကူပင် ချေမှုန်းနိုင်ခဲ့သည်။
တာအိုပြည်နယ်သုံးထောင်၏ နိယာမများကို ပျက်စီးစေခဲ့သည့် လွမ်သည် သမိုင်းတစ်လျှောက် တတိယမြောက် အသန်မာဆုံး ပါရမီရှင် ဖြစ်သည်။ သို့သော် နတ်ဘုရားသားတော် ရှေ့တွင်မူ သူသည် ထည့်ပြောရန်ပင် မထိုက်တန်ဘဲ အလွယ်တကူ အသတ်ခံလိုက်ရ၏။
သူတို့၏ နတ်ဘုရားသားတော်သည် ယခုအခါ ကြီးမြတ်သော စွမ်းဆောင်မှုတစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။
မိစ္ဆာဘိုးဘေးနှင့် တာအိုဘိုးဘေးတို့၏ အောက်တွင် နံပါတ်တစ် ပါရမီရှင်။
ဆက်လက်၍ သူတို့၏ နတ်ဘုရားသားတော် လင်းချန်သည် ရှေ့သို့ ဆက်လက်စိန်ခေါ်သွားဦးမည်ဖြစ်သည်။ အဆင့်တူ ကျင့်ကြံခြင်းနယ်ပယ်အတွင်း တိုက်ခိုက်မှု၌ မိစ္ဆာဘိုးဘေးနှင့် တာအိုဘိုးဘေးတို့ကို အနိုင်ယူပြီး... ရှေးဦးကမ္ဘာဦးခေတ်မှစ၍ တာအိုပြည်နယ်သုံးထောင်၏ အသန်မာဆုံးသောသူ ဖြစ်လာရန် အခွင့်အရေး ရှိနေသေးသည်။
သူတော်စင်အပေါင်းတို့၏ ရင်ပြင်....။
ယွမ်ချင်းရိုသည် လင်းဟောက်ရန်၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း ကောင်းကင်ယံရှိ ရွှေအိုရောင် နတ်ဘုရားအဆင့်စာရင်းကို မော့ကြည့်နေ၏။ သူမ၏ မျက်နှာထက်တွင် ဂုဏ်ယူမှုများ အပြည့်ဖုံးလွှမ်းနေခဲ့သည်။ ၎င်းမှာ သူတို့၏သား၊ သူတို့၏ဂုဏ်ယူစရာ လင်းချန်ပင် ဖြစ်သည်။
လင်းမေရှန်းသည် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ချစ်ပြနေကြသော ထိုနှစ်ဦးကို ကြည့်ရင်း လွန်ခဲ့သော နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့သည့် သူ၏ဇနီးသည်ကို ရုတ်တရက် သတိရမိသွား၏။ အကယ်၍ သူမသာ ဤနေရာမှာ ရှိနေခဲ့လျှင် သူမလည်း အလွန်ပင် ဂုဏ်ယူနေလိမ့်မည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေ သူတို့၏ ရှေးဟောင်းကန္တာရ လင်းမိသားစုသည် အမှန်တကယ်ပင် တူနှိုင်းမဲ့ ထာဝရပါရမီရှင်တစ်ဦးကို မွေးဖွားပေးနိုင်ခဲ့ပြီဖြစ်သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ ပျောက်ကွယ်သွားခါစ အလင်းမျက်နှာပြင်မှာ ပြန်လည် ထွက်ပေါ်လာ၏။ လင်းချန်၏ ပုံရိပ်မှာ ထိုနေရာ၌ ရှိနေဆဲဖြစ်သော်လည်း ယခုတစ်ကြိမ် မြင်ကွင်းမှာ ရှေးဟောင်း သွေးရောင်စစ်တလင်းပြင် မဟုတ်တော့ဘဲ ဖရိုဖရဲဖြစ်နေသော ကစဉ့်ကလျားမြေရိုင်းတစ်ခု ဖြစ်နေခဲ့လေသည်။
အလင်းမျက်နှာပြင် ပြန်လည်ထွက်ပေါ်လာသည်ကို မြင်ရသောအခါ သက်ရှိအားလုံးမှာ အသက်ရှူပင် မေ့လောက်အောင် အာရုံစိုက် ကြည့်ရှုလိုက်ကြသည်။ ယခု လင်းချန် စိန်ခေါ်နေသူမှာ မိစ္ဆာသားရဲမျိုးနွယ်၏ ဘိုးဘေး၊ နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၂ ဖြစ်သူ ဘိုးဘေးနဂါး ဖြစ်ပေလိမ့်မည်။
မိစ္ဆာသားရဲနတ်ဘုရားပြည်နယ်...။
ရေတွက်၍မရနိုင်သော မိစ္ဆာသားရဲမျိုးနွယ် ပညာရှင်များမှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေကြသည်။ သူတို့၏ ကမ္ဘာ့အမြင်ကို အက်ကွဲသွားစေမည့် မြင်ကွင်းမျိုး မြင်တွေ့ရမည်ကို သူတို့ ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ မိစ္ဆာဘိုးဘေး၏ တည်ရှိမှုကို သူတို့ သိရှိကြသည်။ သူသည် သူတို့၏ မျိုးရိုးလိုက်မှတ်ဉာဏ်များထဲတွင် အမြဲတမ်း အမြင့်မြတ်ဆုံးသော တည်ရှိမှု ဖြစ်ခဲ့သည်။
ဘိုးဘေးနဂါး မိစ္ဆာဘိုးဘေးသည် သူတို့၏ နားလည်မှုအရ မည်သူမျှ အနိုင်မယူနိုင်သော အစစ်အမှန် အင်အားကြီး တည်ရှိမှုဖြစ်သည်။ သို့သော်လည်း ယခုအခါ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူတို့မှာ အလွန်ပင် စိုးရိမ်ပူပန်နေကြရ၏။ ထိုစိုးရိမ်စိတ်မှာ ဖိနှိပ်၍မရနိုင်လောက်အောင်ပင်။
၎င်းမှာ သူတို့၏ မိစ္ဆာဘိုးဘေးသည် အဆင့်တူ တိုက်ပွဲတွင် ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားမည်ကို ကြောက်ရွံ့နေကြခြင်းပင် ဖြစ်သည်။ ဤခံစားချက်မှာ အဓိပ္ပာယ်မရှိလှပေ။ သူတို့၏ အမြင့်မြတ်ဆုံးသော မိစ္ဆာဘိုးဘေးသည် အဆင့်တူ တိုက်ပွဲတွင် လူသားတစ်ယောက်ကို မည်သို့ ရှုံးနိမ့်နိုင်ပါမည်နည်း။ သို့သော် မည်မျှပင် အဓိပ္ပာယ်မရှိပါစေ ထိုခံစားချက်မှာ ပေါ်ပေါက်လာပြီး ပို၍ပို၍ ပြင်းထန်လာနေခဲ့လေသည်။
နတ်ဘုရား ပင်မမျှော်စင်၊ ကိုးဆယ့်ရှစ်ထပ်မြောက်...။
လင်းချန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မျက်ခုံးတစ်ဖက် ပင့်လိုက်မိ၏။ သူ ရောက်ရှိနေသည့် နေရာမှာ သက်ရှိများ မမွေးဖွားသေးသည့် ကမ္ဘာဦးစကြဝဠာနှင့် တူညီနေလေသည်။ အရာအားလုံးမှာ မူလအခြေအနေတွင်သာ ရှိနေပြီး စစ်မှန်သော ကမ္ဘာတစ်ခုအဖြစ်သို့ မပြောင်းလဲသေးပေ။
ဒါက နတ်ဘုရားအဆင့်စာရင်းမှာ အဆင့် ၂ ချိတ်ထားတဲ့ မိစ္ဆာမျိုးနွယ်ရဲ့ ဘိုးဘေး၊ ဘိုးဘေးနဂါး မွေးဖွားရာနေရာလား။
ထိုစဉ်....
“ဂါးးးးးးးးးး”
ကမ္ဘာမြေကို တုန်ခါသွားစေသော နဂါးဟိန်းသံကြီးမှာ အဆုံးအစမဲ့သော ကစဉ့်ကလျားမြေရိုင်းအတွင်း ဟိန်းထွက်လာပြီး လင်းချန်၏ အာရုံကို ဆွဲဆောင်လိုက်တော့သည်။ ထိုနဂါးဟိန်းသံမှာ သူယခင်က ကြားဖူးသမျှနှင့် လုံးဝကွဲပြားနေသည်ကို လင်းချန် ရှင်းလင်းစွာ ကြားနိုင်ပေသည်။ အသံချင်း ဆင်တူသယောင်ရှိသော်လည်း လက်တွေ့တွင်မူ ကြီးမားသော ခြားနားချက်မျိုး ရှိနေခဲ့သည်။
ဤနဂါးဟိန်းသံမှာ ပိုမိုစင်ကြယ်ပြီး သဘာဝကျလှသည်။ ၎င်းမှာ မူလအတိုင်း ရှိသင့်ရှိထိုက်သည့် အသံမျိုးပင်။ အခြားသော နဂါးဟိန်းသံများကဲ့သို့ ထိုအသံထွက်ပေါ်လာအောင် အတင်းအကျပ် လုပ်ယူထားသည့် ပုံစံမျိုး မဟုတ်ပေ။
ဟိန်းဟောက်သံ မစဲခင်မှာပင် မိုင်ပေါင်းသောင်းချီ ရှည်လျားသော ငွေမီးခိုးရောင် နဂါးကြီးတစ်ကောင်သည် အဝေးမှ ပျံသန်းလာပြီး ကစဉ့်ကလျားမြေရိုင်းကြီးကို ကန့်လန့်ဖြတ်ကာ ဝပ်စင်းလိုက်၏။
ခံ့ညားထည်ဝါလှသော နဂါးဦးခေါင်းကြီးမှာ လှုပ်ရှားသွားပြီး သေးငယ်လှသော လင်းချန်ကို စိုက်ကြည့်ကာ သဘာဝအလျောက် မြင့်မြတ်သောအသံဖြင့် မေးမြန်းလိုက်သည်။
“မင်းက ငါ့ကို စိန်ခေါ်ချင်တဲ့ စိန်ခေါ်သူလား။”
သူ၏ ခန္ဓာကိုယ်မှာ အလွန်တရာ ကြီးမားလှသော်လည်း အနည်းငယ်မျှ လေးလံထိုင်းမှိုင်းခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်ပင် ဖျတ်လတ်ဖျတ်လတ်ရှိလှပြီး အနှိုင်းမဲ့သော စွမ်းအားများ ပြည့်နှက်နေခဲ့သည်။
ထိုစကားကို ကြားသောအခါ လင်းချန်သည် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ဂါရဝပြုလိုက်သည်။
“မျိုးဆက်သစ် လင်းချန်က မိစ္ဆာဘိုးဘေးကို ဂါရဝပြုပါတယ်။”
မိစ္ဆာအားလုံး၏ ဘိုးဘေး၊ မိစ္ဆာသားရဲမျိုးနွယ်၏ ပထမဦးဆုံးသော ဘိုးဘေးနဂါးဖြစ်သည်နှင့်အညီ သူနှင့် ထိုက်တန်သော လေးစားမှုကို ပေးအပ်ရမည်ဖြစ်သည်။ ဤသူသည် လွမ်ကဲ့သို့သောသူ မဟုတ်ဘဲ အမှန်တကယ်ပင် ကြီးမြတ်သော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။
ဘိုးဘေးနဂါးသည် ခေါင်းကို ငုံ့လိုက်ကာ လင်းချန်ကို သေချာစွာ စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် ချီးကျူးစကား ဆိုလိုက်သည်။
“လင်းချန်... မင်းက အရမ်းသန်မာတယ်ဆိုတာ ငါမြင်နိုင်တယ်။ မင်းရဲ့ အဆင့်တူ ကျင့်ကြံခြင်းနယ်ပယ်က အခြေခံအုတ်မြစ်က သမိုင်းမှာ မကြုံစဖူးလောက်အောင် ခိုင်မာတယ်လို့ ဆိုရမယ်။
ငါကိုယ်တိုင်တောင် ဘယ်လို အားနည်းချက်မျိုးကိုမှ ရှာမတွေ့ဘူး။ မင်းက ငါ့ကို စိန်ခေါ်ဖို့ လုံလောက်တဲ့ အရည်အချင်း ရှိတယ်။”
ထိုအသံမှာ ဂုဏ်ယူဝင့်ကြွားမှုနှင့် ဓမ္မဓိဌာန်ကျမှုတို့ဖြင့် ပြည့်နှက်နေသော်လည်း အနည်းငယ်မျှ စိတ်အနှောင့်အယှက်ဖြစ်စရာ မရှိပေ။ သူ၏ နဂါးဟိန်းသံကဲ့သို့ပင် ဤသို့ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုသာ ထင်မြင်ရပေသည်။
လင်းချန်က ပြုံးလိုက်ပြီး ဖရိုဖရဲချပ်ဝတ်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်း ဖုံးလွှမ်းသွားကာ လက်ထဲတွင် ကောင်းကင်သတ်ဓား ပေါ်လာသည်နှင့်အမျှ သူ၏ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။
“ဒါဆိုရင်... စီနီယာ ဘိုးဘေးနဂါး ကျုပ်ကို လမ်းညွှန်ပြသပေးပါဦး။”