အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း (၄၇) - ဘိုးဘေးနဂါးကို အနိုင်ယူခြင်း၊ နတ်ဘုရားစာရင်း၏ ဒုတိယနေရာသို့ တက်လှမ်းခြင်း၊ တာအိုဘိုးဘေးအား ရင်ဆိုင်ရန် ပြင်ဆင်ခြင်း...
ရှေးဟောင်း မိစ္ဆာသားရဲမျိုးနွယ်စုအသီးသီးမှ ကျွမ်းကျင်သူများသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးကြပေ။
ကောင်းကင်နှင့် မြေကြီး၏ ပြုစုပျိုးထောင်မှုဖြင့် ပေါ်ထွက်လာသော ပထမဆုံးသော မူလမိစ္ဆာသားရဲမျိုးနွယ်ဝင် အရှင်ဘိုးဘေးနဂါးကြီးသည် တူညီသော နယ်ပယ်အတွင်း၌ အခြားတစ်စုံတစ်ဦး၏ အနိုင်ယူခြင်းကို ခံရလိမ့်မည်ဟူ၍ ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ပထမဆုံးသော သက်ရှိဖြစ်သလို ပထမဆုံးသော မိစ္ဆာသားရဲမျိုးနွယ် ဘိုးဘေးနဂါးလည်း ဖြစ်ရာ တူညီသောနယ်ပယ်တွင် မည်သို့လျှင် ရှုံးနိမ့်နိုင်ပါမည်နည်း။
အဓိပ္ပာယ်မရှိလိုက်တာ...။
သို့သော် ယခုအခါ သူတို့ မိစ္ဆာသားရဲမျိုးနွယ်စုအားလုံး၏ ဘုံဘိုးဘေးဖြစ်သော အရှင်ဘိုးဘေးနဂါးကြီးသည် မိစ္ဆာသားရဲမျိုးနွယ်ကျွမ်းကျင်သူအားလုံး၏ မျက်မှောက်တွင်ပင်... အမှန်တကယ် ရှုံးနိမ့်တော့မည့်အလား ရှိနေချေပြီ။
နှစ်ပေါင်းသုံးထောင်ကြာ မိမိကိုယ်ကိုယ် ချိပ်ပိတ်ထားခဲ့ပြီး မကြာသေးမီကမှ ထိုချိပ်ပိတ်မှုကို ဖျက်ဆီးကာ ထွက်ပေါ်လာသည့် ရှေးဟောင်း လင်းမိသားစုမှ နတ်ဘုရားသားတော် လင်းချန်၏ အနိုင်ယူခြင်းကို သူ ခံရတော့မည် ဖြစ်သည်။
နတ်ဘုရား ပင်မမျှော်စင်အတွင်းရှိ နောက်ဆုံးရလဒ်ကို အတိအကျ မသိရသေးသော်လည်း...
တိုက်ပွဲကို ရင်ဆိုင်ရန် သူ၏ မူလစွမ်းအားအားလုံးကို ထုတ်သုံးခဲ့သော ဘိုးဘေးနဂါးကြီးသည် ကံကောင်း၍ အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် ပြင်းထန်သော ဒဏ်ရာများကို ရရှိပေလိမ့်မည်။
လင်းချန်သာ သူ၏ အခြေအနေကို အနည်းငယ်မျှ ဆက်လက်ထိန်းထားနိုင်ပါက သူတို့မျက်စိထဲတွင် အနှိုင်းမဲ့သော အရှင်ဘိုးဘေးနဂါးကြီးကို အနိုင်ယူနိုင်စွမ်း ရှိနေဆဲပင်။
မိစ္ဆာသားရဲမျိုးနွယ် ကျွမ်းကျင်သူအားလုံး၏ နှလုံးသားထဲတွင် ဖော်ပြရခက်သော ခံစားချက်များ ပေါ်ပေါက်လာတော့သည်။
နှောင်းလူတစ်ယောက်က ရှေးဟောင်းခေတ်မှ ကျွမ်းကျင်သူတစ်ဦးကို ကျော်တက်သွားခြင်းမှာ တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်သင့်သော်လည်း ကျော်တက်ခြင်း ခံလိုက်ရသူမှာ သူတို့၏ မူလဘိုးဘေး၊ သူတို့နှလုံးသားထဲမှ အထွတ်အထိပ် ဘိုးဘေးနဂါးကြီး ဖြစ်နေသည့်အခါ ထိုခံစားချက်မျိုးမှာ သူတို့ကိုယ်တိုင်သာ နားလည်နိုင်ပေလိမ့်မည်။
အလင်းမျက်နှာပြင်အတွင်း၌မူ အဆုံးမဲ့သော ငွေမီးခိုးရောင် စွမ်းအင်လှိုင်းလုံးကြီးများမှာ ဆက်လက်ပျံ့နှံ့နေဆဲပင်။
မျက်နှာပြင်တစ်ခုလုံးမှာ ငွေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး အတွင်းရှိ မြင်ကွင်းကို လုံးဝမမြင်ရပေ။
တာအိုပြည်နယ်သုံးထောင်အတွင်းရှိ သာမန်လူသားများ၊ ကျင့်ကြံသူကျွမ်းကျင်သူများနှင့် တားမြစ်နယ်မြေများကို စောင့်ကြပ်နေကြသော ဧကရာဇ်တပိုင်းအဆင့် ကျွမ်းကျင်သူများ အားလုံးမှာလည်း စောင့်ဆိုင်းနေကြသည်။
အလင်းမျက်နှာပြင်ပေါ်ရှိ စွမ်းအင်လှိုင်းလုံးကြီးများ လွင့်စင်သွားမည့်အချိန်၊ မြင်ကွင်းများ ပြန်လည်ကြည်လင်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်ခန့်တွင် အလင်းမျက်နှာပြင်ပေါ်ရှိ ပုံရိပ်မှာ တဖြည်းဖြည်း ပြန်လည်ပေါ်ပေါက်လာတော့သည်။
အဆုံးမဲ့သော ဖရိုဖရဲနယ်မြေ တစ်ခုလုံးမှာ မူလအလှတရားများ ပျောက်ကွယ်ကာ အစအနပင်မကျန်အောင် ပျက်စီးယိုယွင်းနေသည်ကို တွေ့လိုက်ကြရသည်။
သို့သော် မည်သူကမျှ ထိုအရာကို ဂရုမစိုက်ကြချေ။ တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံး၏ အာရုံမှာ ထိုပျက်စီးနေသော နယ်မြေအတွင်းရှိ ကြီးမားသော ပုံရိပ်တစ်ခုနှင့် သေးငယ်သော ပုံရိပ်တစ်ခုဆီသို့သာ ရောက်ရှိနေခဲ့သည်။
ဘိုးဘေးနဂါး၏ ကြီးမားလှသော ငွေမီးခိုးရောင် နဂါးခန္ဓာကိုယ်ပေါ်ရှိ အလွန်မာကျောလှသော နဂါးအကြေးခွံများမှာ အားလုံးနီးပါး ကွာကျနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ သွေးရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ထိုအရာမှာ သူ၏ သွေးများ ဖြစ်သည်။ သူထွက်ခဲ့သမျှ သွေးများသည် အဆုံးမဲ့သော ဖရိုဖရဲနယ်မြေအတွင်း၌ သွေးပင်လယ်တစ်ခုသဖွယ် စီးဆင်းနေခဲ့သည်။
သူ၏ မူလက အစွမ်းထက်လှသော အရှိန်အဝါမှာလည်း ကမောက်ကမ ဖြစ်နေပြီး အလွန်တရာ အားနည်းနေသည့် အခြေအနေဟုပင် ဆိုနိုင်သည်။
ဘိုးဘေးနဂါးတစ်ဦး၏ ဖိအားရှိနေခြင်းကြောင့်သာ လဲပြိုမသွားဘဲ အဆုံးမဲ့နယ်မြေအတွင်း မားမားမတ်မတ် ရပ်တည်နိုင်ခြင်း ဖြစ်သည်။
ဘိုးဘေးနဂါး၏ ဦးခေါင်းနှင့် တစ်တန်းတည်းရှိသော မနီးမဝေးနေရာတွင်မူ လင်းချန်၏ သေးငယ်သော ပုံရိပ်သည် သူ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ရပ်နေ၏။
ဘိုးဘေးနဂါး၏ သနားစဖွယ် အခြေအနေနှင့် နှိုင်းယှဉ်ပါက လင်းချန်၏ အခြေအနေမှာ သံသယဖြစ်ဖွယ်မရှိဘဲ ပို၍ ကောင်းမွန်နေခဲ့သည်။
ငွေမီးခိုးရောင် ဖရိုဖရဲ တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာမှာ တောက်ပသော အလင်းတန်းများကို ဖြာထွက်နေပြီး နက်မှောင်သော ကောင်းကင်သတ်ဓားပေါ်တွင်လည်း နက်မှောင်သော ဝိညာဉ်အလင်းတန်းများ စွဲထင်နေဆဲပင်။
သူ၏ ခန္ဓာကိုယ်နှင့် ခြေလက်များမှာ ဒဏ်ရာအနာအဆာမရှိဘဲ ကျန်းကျန်းမာမာပင် ရှိနေသည်။ ချည်နှောင်ထားသော သူ၏ ဆံနွယ်ရှည်များမှာမူ ချည်နှောင်မှုမှ လွတ်မြောက်ကာ မငြိမ်သက်သေးသော လေလှိုင်းများအတွင်း လွင့်မြောနေတော့သည်။
လင်းချန်၏ အရှိန်အဝါမှာ အနည်းငယ်မျှသာ ဖရိုဖရဲဖြစ်နေပြီး အားနည်းသွားသည့် လက္ခဏာ လုံးဝမရှိပေ။
သူတို့နှစ်ဦး၏ အခြေအနေ ကွာခြားချက်မှာ တစ်ချက်ကြည့်ရုံဖြင့် သိသာထင်ရှားလှပေသည်။
အလင်းမျက်နှာပြင်ပေါ်ရှိ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံး၏ နှလုံးသားထဲ၌ အတွေးတစ်ခုတည်းသာ ဖြတ်ပြေးသွားတော့သည်။
ရလဒ်ကတော့ ထွက်သွားပြီ။
နတ်ဘုရားစာရင်း၏ ဒုတိယနေရာတွင် ရှိနေသော၊ မိစ္ဆာပေါင်းသောင်းခြောက်ထောင်၏ ဘိုးဘေးဖြစ်သော... ဘိုးဘေးနဂါးကြီးကို တူညီသောနယ်ပယ်အတွင်း အနိုင်ယူခြင်းဖြင့် လင်းချန်သည် ဒဏ္ဍာရီလာ အံ့ဖွယ်အမှုကို ဖန်တီးတော့မည် ဖြစ်သည်။
မိစ္ဆာသားရဲနတ်ဘုရား နယ်မြေ...။
မိစ္ဆာသားရဲမျိုးနွယ် ကျွမ်းကျင်သူအများစုမှာ မူလက သေးငယ်သော မျှော်လင့်ချက်လေး ထားရှိခဲ့ကြသော်လည်း ရှေ့မှောက်ရှိ မြင်ကွင်းက ထိုနောက်ဆုံးမျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်၏။
မိစ္ဆာသားရဲမျိုးနွယ် ကျွမ်းကျင်သူအားလုံးသည် အလိုလိုနေရင်း ဝမ်းနည်းပူဆွေးစွာ ဟစ်အော်လိုက်ကြတော့သည်။
“အရှင်ဘိုးဘေးနဂါးကြီး... ရှုံးတော့မယ်။”
မိစ္ဆာသားရဲမျိုးနွယ်တစ်ခုလုံး၏ စိတ်ဓာတ်သည် ရုတ်ချည်းပင် အေးခဲမှတ်သို့ ကျဆင်းသွားတော့သည်။
နတ်ဘုရား ပင်မမျှော်စင်၊ ၉၈ ထပ်...။
လင်းချန်သည် ကောင်းကင်သတ်ဓားကို ဆုပ်ကိုင်ကာ ငွေမီးခိုးရောင် ဖရိုဖရဲ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ ဖွင့်ဟခြင်းတံခါးကလည်း တိုက်ခိုက်ရေးစွမ်းအားကို ဆက်လက်မြှင့်တင်ပေးနေဆဲဖြစ်သည်။
သူသည် ရှေ့တည့်တည့်ရှိ အနည်းငယ် အားနည်းနေသော ဘိုးဘေးနဂါး၏ မျက်နှာကို ကြည့်ကာ ပြုံးလိုက်သည်။
“စီနီယာ ဘိုးဘေးနဂါး... ခုနက နတ်ဘုရားစွမ်းရည်တွေက ဘယ်လိုလဲ...။”
ထိုစကားကို ကြားလိုက်ရသောအခါ ဘိုးဘေးနဂါးသည် လင်းချန်ကို နောက်တစ်ကြိမ် သေချာစွာ ကြည့်ရှုပြီးနောက် အံ့သြချီးကျူးစွာဖြင့် ပြန်လည်ဖြေကြားလိုက်၏။
“နှောင်းခေတ်မှာ ဒီလောက်အံ့သြဖို့ကောင်းတဲ့ တည်ရှိမှုမျိုး ပေါ်ထွက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။
ငါဝန်ခံပါတယ်... ငါရှုံးပြီ။ တူညီတဲ့ နယ်ပယ်ထဲမှာ မင်းက ငါ့ထက် ပိုပြီး အစွမ်းထက်တယ်။
ခုနက မင်းထုတ်သုံးလိုက်တဲ့ နတ်ဘုရားစွမ်းရည် သုံးခုထဲက တစ်ခုခုဟာ တူညီတဲ့နယ်ပယ်ကို လွှမ်းမိုးနိုင်ရုံတင်မကဘဲ အဆင့်မြင့်တဲ့ ကျွမ်းကျင်သူတွေကိုပါ နှိမ်နင်းနိုင်စွမ်းရှိတယ်။
မင်းက အဲ့ဒီစွမ်းရည် သုံးခုစလုံးကို ပိုင်ဆိုင်ထားပြီး တစ်ပြိုင်နက်တည်း အလွယ်တကူ ထုတ်ဖော်နိုင်တာပဲ။ မင်းကို ရှုံးရတာ... ငါ့မှာ ဘာနောင်တမှ မရှိပါဘူး။”
သူ၏ အသံထဲတွင် ရန်ငြိုးဖွဲ့မှု အလျဉ်းမရှိဘဲ နက်ရှိုင်းသော လေးစားမှုကိုသာ တွေ့ရသည်။
ဘိုးဘေးနဂါး၏ ချီးကျူးမှုကို ရရှိလိုက်ရာ လင်းချန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမိုကျယ်ပြန့်လာတော့သည်။
ဘိုးဘေးနဂါးသည် ထူးကဲသော တည်ရှိမှုတစ်ခုဖြစ်ပြီး မိစ္ဆာပေါင်း၏ စစ်မှန်သော ဘိုးဘေးဖြစ်ရာ သူ၏ထံမှ ဤကဲ့သို့သော ချီးကျူးမှုကို ရရှိရန်မှာ အလွန်ရှားပါးလှပေသည်။
သူ့အနေဖြင့်ပင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျေနပ်မှုကို ခံစားလိုက်ရသည်။
“စီနီယာ ဘိုးဘေးနဂါးက ကျုပ်ကို အမွှမ်းတင်လွန်းနေပါပြီ။”
ဘိုးဘေးနဂါးက အလေးအနက် ခေါင်းခါပြလိုက်သည်။
“ငါက မင်းကို အမွှမ်းတင်နေတာ မဟုတ်ဘူး။ အမှန်တရားကို ပြောနေတာပါ။ မင်းရဲ့ ပါရမီနဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါနေထိုင်ခဲ့တဲ့ ခေတ်က အနှိုင်းမဲ့ မဟာဧကရာဇ်တွေထက်တောင် ပိုပြီး အားကောင်းနေပြီ။
ဂုဏ်ယူပါတယ်။ မင်း စိန်ခေါ်မှုကို အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။”
ထိုစကားသံပင် မဆုံးသေးမီ ဘိုးဘေးနဂါး၏ အရှိန်အဝါမှာ ပေါက်ထွက်သွားသည့်အလား ရုတ်ချည်းကျဆင်းသွားတော့သည်။
သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးသည်ပင် အစစ်အမှန်နှင့် အတုအယောင်ကြားတွင် ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းချန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဖရိုဖရဲ ချပ်ဝတ်တန်ဆာနှင့် ကောင်းကင်သတ်ဓားကို သိမ်းဆည်းလိုက်ကာ အတွင်းတံခါးရှစ်ခုအခြေအနေကိုပါ ရုပ်သိမ်းလိုက်သည်။
သူသည် စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ပျောက်ကွယ်သွားတော့မည့် ဘိုးဘေးနဂါးကို အလေးအနက် ဂါရဝပြုလိုက်၏။
“မျိုးဆက်သစ် လင်းချန်က စီနီယာ ဘိုးဘေးနဂါးကို အရိုအသေပြု နှုတ်ဆက်ပါတယ်။”
သူ၏ အသံမှာ အဆုံးအစမဲ့သော ဖရိုဖရဲနယ်မြေတစ်ခွင်သို့ ဟိန်းထွက်သွားတော့သည်။
လင်းချန်၏ စကားကို ကြားသောအခါ ဘိုးဘေးနဂါးက ကျေနပ်စွာ ပြုံးလိုက်၏။
“လင်းချန်... နောက်တစ်ကြိမ် ပြန်ဆုံမယ့်အချိန်ကို ငါမျှော်လင့်နေတယ်။ ငါတို့ ပြန်ဆုံတဲ့အခါ တိုက်ခိုက်ဖို့ အခွင့်အရေးရှိဦးမယ်လို့လည်း ငါမျှော်လင့်တယ်...။”
ဤတစ်ကြိမ်တွင်မူ စကားသံစတင်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဘိုးဘေးနဂါး၏ မိုင်ပေါင်းသောင်းချီရှည်လျားသော ဧရာမခန္ဓာကိုယ်ကြီးသည် အဆုံးအစမဲ့သော ဖရိုဖရဲနယ်မြေအတွင်းသို့ လုံးဝဥဿုံ ပျောက်ကွယ်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းချန်သည် အသာအယာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
စီနီယာ ဘိုးဘေးနဂါးနှင့် နောက်တစ်ကြိမ် မည်သည့်အချိန်တွင် ပြန်လည်ဆုံတွေ့ရမည်ကို သူ မသိပါချေ။
ဘိုးဘေးနဂါးသည် အလွန်ပင် စိတ်သဘောထားကြီးမားသော ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း တွေ့မြင်နိုင်ပြီး သူသည် ရှုံးနိမ့်သွားခြင်းကြောင့် အခြားမကောင်းသော စိတ်ထားမျိုးကိုလည်း ထားရှိခြင်းမရှိပေ။
ဤကဲ့သို့သော ကျွမ်းကျင်သူမျိုးမှာ အမှန်တကယ်ပင် ပေါင်းသင်းဆက်ဆံရန် ထိုက်တန်သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။
“စိတ်ချပါ စီနီယာ ဘိုးဘေးနဂါး။ နောင်တစ်ချိန်မှာ ကျုပ်တို့ တစ်ကျော့ပြန် တိုက်ခိုက်ခွင့် ရဦးမှာပါ။”
ထိုအချိန်တွင် ပျက်စီးနေသော ဖရိုဖရဲနယ်မြေသည် ယခင်မြင်ကွင်းများကဲ့သို့ပင် ဟင်းလင်းပြင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
အသက်ရှးတစ်ရှိုက်စာ အချိန်အတွင်းမှာပင် လင်းချန်၏ ပုံရိပ်သည် ထိုဟင်းလင်းပြင်အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အလွန်တရာ ခန့်ညားထည်ဝါသော အသံကြီးတစ်ခုသည် ဟင်းလင်းပြင်တစ်ခုလုံးတွင် ဟိန်းထွက်လာကာ စိန်ခေါ်မှုရလဒ်ကို ကြေညာလိုက်တော့သည်။
“စိန်ခေါ်သူ လင်းချန်... နတ်ဘုရား ပင်မမျှော်စင်၏ ကိုးဆယ့်ရှစ်ထပ်မြောက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားစာရင်း၏ ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်။”
“သင်သည် ကောင်းကင်ဘုံတာအို၏ လက်ဆောင် ၉၈ ကြိမ်နှင့် ကံတရားကောင်းချီး မိုင်ပေါင်း တစ်သန်းကို စုဆောင်းရရှိပြီး ဖြစ်သည်။”
“စိန်ခေါ်သူ လင်းချန်... သင် စိန်ခေါ်မှုကို ဆက်လက်လုပ်ဆောင်လိုပါသလား။”
ထိုစကားကို ကြားလိုက်ရသောအခါ လင်းချန်သည် အနည်းငယ် အံ့သြသွားကာ မျက်ခုံးပင့်လိုက်မိ၏။
သူ မှတ်မိသလောက်ဆိုလျှင် ယခင်က သူ၏ ကံတရားရောင်းချီးမှာ မိုင်ပေါင်း ငါးသိန်းသာ ရှိခဲ့ခြင်းဖြစ်သည်။
ယခု နတ်ဘုရား ပင်မမျှော်စင် တစ်ထပ်တည်းကို အောင်မြင်စွာ စိန်ခေါ်နိုင်ရုံနှင့် အဘယ်ကြောင့် မိုင်ပေါင်း တစ်သန်းအထိ နှစ်ဆတိုးသွားရသနည်း။
သို့ဆိုလျှင် နတ်ဘုရားမျှော်စင် ၉၈ ထပ်မြောက် တစ်ထပ်တည်းကတင် သူ့အား ကံတရားကောင်းချီး မိုင်ပေါင်း ငါးသိန်းကို ဆုလာဘ်အဖြစ် ပေးအပ်ခဲ့ခြင်း မဟုတ်ပါလော။
ဤဆုလာဘ်မှာ အလွန်ပင် ရက်ရောလွန်းလှသည်။
“ဟူး...”
လင်းချန်သည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် ဝန်မလေးဘဲ ပြုံးလိုက်သည်။
“ငါ စိန်ခေါ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ ရွေးချယ်တယ်။ ပင်မမျှော်စင်ရဲ့ ၉၉ ထပ်မြောက် မျှော်စင်စောင့်နတ်ဘုရား... တာအိုဘိုးဘေးနဲ့ ရင်ဆိုင်မယ်။
ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ကျုပ် နာရီဝက်လောက် အနားယူဖို့ လိုတယ်။ နာရီဝက်ကြာပြီးရင် စိန်ခေါ်မှုကို စတင်မယ်။”
ဘိုးဘေးနဂါးနှင့် ယခုတိုက်ပွဲသည် သူ၏ အင်အားများကို များစွာကုန်ဆုံးစေခဲ့ရာ သူ၏ အခြေအနေကို စနစ်တကျ ပြန်လည်ကုစားရန် လိုအပ်ပေသည်။
အရေးကြီးဆုံးအချက်မှာ ထိုအကြိတ်အနယ် တိုက်ပွဲအတွင်း သူသည် တိုက်ခိုက်ရေးဆိုင်ရာ သိမြင်နားလည်မှုအသစ်များစွာကိုလည်း ရရှိခဲ့သည်။
ဤတိုက်ခိုက်ရေး သိမြင်မှုများကို အစာချေဖျက်ပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် နောက်ထပ်တစ်ဆင့် မြင့်တက်လာလိမ့်မည်ဟု သူ ယုံကြည်သည်။
“နတ်ဘုရား ပင်မမျှော်စင်၏ ၉၉ ထပ်မြောက်သို့ ဦးတည်သော ဟင်းလင်းပြင်လမ်းကြောင်း ပွင့်သွားပါပြီ။ စိန်ခေါ်သူ လင်းချန်... နာရီဝက်အတွင်း ဝင်ရောက်ပေးပါ။”
အခန်း (၄၈) - ကြာပန်းပင်လယ်ကမ္ဘာ၊ အစိမ်းရောင်ကြာပန်းပလ္လင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသော တာအိုဘိုးဘေး
ခန့်ညားထည်ဝါသော အသံကြီး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဘေးနားရှိ ဟင်းလင်းပြင်ထဲတွင် နက်မှောင်သော ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လင်းချန်သည် ၎င်းကို တစ်ချက်ကြည့်လိုက်သော်လည်း လျစ်လျူရှုထားကာ နေရာ၌ပင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။
သူသည် စိတ်အာရုံဖြင့် သူ၏ သိုလှောင်လက်စွပ်ထဲမှ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများနှင့် ကောင်းကင်နှင့်မြေကြီး၏ ရတနာများစွာကို ထုတ်ယူလိုက်ပြီး ကုန်ဆုံးသွားသော သူ၏ အင်အားများကို ပြန်လည်ဖြည့်တင်းလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူသည် စိတ်အာရုံကို နှစ်ပိုင်းခွဲကာ စောစောက ဘိုးဘေးနဂါးနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှ ရရှိလာသော သိမြင်နားလည်မှုများကို စတင်ချေဖျက်လိုက်သည်။
အပြင်ဘက်ရှိ တာအိုပြည်နယ်သုံးထောင်တွင်မူ...
ဧရာမအလင်းမျက်နှာပြင်ကြီး ကွယ်ပျောက်သွားချိန်မှာပင် ကောင်းကင်ယံ၏ အမြင့်ဆုံးနေရာမှ ကောင်းကင်ဘုံတာအို၏ မြင့်မြတ်ခန့်ညားလှသော ကြေညာချက်သည် ဟိန်းထွက်လာတော့သည်။
“ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရား ပင်မမျှော်စင်၏ ကိုးဆယ့်ရှစ်ထပ်မြောက်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားစာရင်း၏ ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပါပြီ။”
“စုဆောင်းရရှိသော ကောင်းကင်ဘုံတာအို၏ လက်ဆောင်: ၉၈ ကြိမ်၊ စုဆောင်းရရှိသော ကံတရားကောင်းချီး: မိုင်ပေါင်း တစ်သန်း။”
ဝုန်း
ထိုအသံပင် မဆုံးသေးမီ ကောင်းကင်ယံ အထက်တွင် ရွှေအိုရောင်နတ်ဘုရားစာရင်းသည် တုန်ခါသွားပြီး ၎င်းပေါ်ရှိ အဆင့်သတ်မှတ်ချက်များမှာ အသစ်တစ်ဖန် ပြောင်းလဲသွားတော့သည်။
နတ်ဘုရားစာရင်း၏ တတိယနေရာတွင် မူလက ရှိနေသော လင်းချန်၏ အမည်မှာ ရုတ်တရက် အထက်သို့ တစ်နေရာ တက်လှမ်းသွားပြီး ဘိုးဘေးနဂါးကို အောက်သို့ တွန်းချလိုက်သည်။
ဘိုးဘေးနဂါးသည် နတ်ဘုရားစာရင်း၏ ဒုတိယနေရာမှ တတိယနေရာသို့ ကျဆင်းသွားခဲ့သည်။
ရွှေအိုရောင်နတ်ဘုရားစာရင်းပေါ်ရှိ ပထမနှင့် ဒုတိယ အဆင့်များမှာ ယခုအခါ...
[နတ်ဘုရားစာရင်း အဆင့် (၁) - တာအိုဘိုးဘေး။]
[နတ်ဘုရားစာရင်း အဆင့် (၂) - ရှေးဟောင်းကန္တာရ လင်းမိသားစုမှ လင်းချန်။ ]
ကောင်းကင်ဘုံတာအို၏ ကြေညာချက်ကို ကြားလိုက်ရပြီး နတ်ဘုရားစာရင်း၏ အပြောင်းအလဲကို မြင်တွေ့လိုက်ရသောအခါ မရေမတွက်နိုင်သော ကျွမ်းကျင်သူများနှင့် သက်ရှိအပေါင်းတို့မှာ တိတ်ဆိတ်သွားကြတော့လေသည်။
၎င်းမှာ သူတို့တွင် ခံစားချက်မရှိ၍ မဟုတ်ဘဲ ခံစားချက်များက အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် စကားပင် မဆိုနိုင်တော့ခြင်း ဖြစ်သည်။
ထိုပုဂ္ဂိုလ်မှာ မိစ္ဆာအပေါင်း၏ ဘိုးဘေး၊ မိစ္ဆာသားရဲမျိုးနွယ်၏ ကျင့်စဉ်စနစ်ကို စတင်လမ်းဖောက်ခဲ့သည့် အစွမ်းထက်လှသော ဘိုးဘေးနဂါးကြီး မဟုတ်ပါလော။
တူညီသော နယ်ပယ်အတွင်း၌ သူသည် လင်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့သည်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် တာအိုပြည်နယ်သုံးထောင်လုံး၌ အတိတ်ဆိတ်ဆုံးနေရာမှာ မိစ္ဆာသားရဲနတ်ဘုရား ပြည်နယ်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
မိစ္ဆာသားရဲမျိုးနွယ်စုအသီးသီးမှ ကျွမ်းကျင်သူများ၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှု အမူအရာများဖြင့် ဖုံးလွှမ်းနေ၏။
အရှင်ဘိုးဘေးနဂါးကြီး ရှုံးသွားပြီ။ အရှင်ဘိုးဘေးနဂါးကြီး တကယ်ပဲ ရှုံးသွားပြီ။
ကောင်းကင်ဘုံတာအိုကပင် တရားဝင် ကြေညာလိုက်ပြီဖြစ်ရာ သူတို့ မယုံကြည်ချင်သော်လည်း လက်ခံရန်မှတစ်ပါး အခြားမရှိတော့ပေ။
မိစ္ဆာသားရဲနတ်ဘုရားပြည်နယ်အတွင်းရှိ တားမြစ်နယ်မြေများထဲတွင်မူ ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
“ဝုန်း”
“ဘုန်း ဘုန်း ဘုန်း”
“ဂျိမ်း...”
မိစ္ဆာသားရဲမျိုးနွယ်စုမှ ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူ အများအပြားသည် သူတို့၏ စွမ်းအားများကို တိတ်တဆိတ် ထုတ်လွှတ်ကာ တားမြစ်နယ်မြေများအတွင်းသို့ ဒေါသတကြီး တိုက်ခိုက်နေကြ၏။
တားမြစ်နယ်မြေများအတွင်းရှိ သတ္တဝါဆိုးကြီးများသည် အပြင်သို့ပင် ထွက်မလာနိုင်သေးမီ သူတို့၏ လက်ထဲတွင် အသက်ပျောက်နေကြရသည်။
ထိုအထဲတွင် နတ်ဘုရားနယ်ပယ်အဆင့်ရှိ အစွမ်းထက်သတ္တဝါများ ပါဝင်သော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ၏ ရှေ့တွင်မူ သနားစရာကောင်းလောက်အောင် အားနည်းနေကြသည်။
အတန်ကြာ ဒေါသဖြေလိုက်ပြီးနောက်မှသာ မိစ္ဆာသားရဲမျိုးနွယ် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားတော့လေသည်။
သူတို့သည် အရှင်ဘိုးဘေးနဂါးကြီးကို ဤရှုံးနိမ့်မှုအတွက် အပြစ်မတင်ကြဘဲ သူတို့ကိုယ်တိုင်၏ စိတ်ပိုင်းဆိုင်ရာ လက်မခံနိုင်မှုကိုသာ အပြစ်တင်နေကြခြင်း ဖြစ်သည်။
အရှင်ဘိုးဘေးနဂါးကြီးမှာ အင်အားကြီးမားသည်မှာ ငြင်းမရသော အမှန်တရားဖြစ်သော်လည်း လင်းချန်ဟူသော ထိုမိစ္ဆာကဲ့သို့ လူငယ်လေးမှာ ပို၍ပင် ထူးဆန်းအံ့သြဖွယ် ကောင်းနေသောကြောင့်ပင်။
သူသည် အမှန်တကယ်ပင် အကျိုးအကြောင်းမဲ့လှသော ကောင်းကင်ကို ဆန့်ကျင်နေသည့် ထူးဆန်းသော ပါရမီရှင်တစ်ဦးပင်။
ကပ်ဘေးကိုးခုနယ်ပယ်၏ တတိယအဆင့် ကျင့်ကြံခြင်းဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင်ရှိသော မည်သည့်ကျွမ်းကျင်သူကိုမဆို ချက်ချင်းသတ်ဖြတ်နိုင်လောက်သည့် အစွမ်းကို လင်းချန်မှလွဲ၍ အခြားမည်သူက ထုတ်ဖော်နိုင်ပါဦးမည်နည်း။
မဟုတ်သေး...။ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၏ အထွတ်အထိပ်ရှိသူများကို သတ်ဖြတ်နိုင်ရုံတင်မကဘဲ သာမန် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများသည်ပင် ကပ်ဘေးကိုးခုနယ်ပယ် တတိယအဆင့်ရှိသော လင်းချန်ကို ယှဉ်ပြိုင်တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။
တာအိုပြည်နယ်သုံးထောင်တစ်ခွင်ရှိ တားမြစ်နယ်မြေ အသီးသီးအတွင်း၌မူ...
မိစ္ဆာသားရဲမျိုးနွယ်မှ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများနှင့်မတူဘဲ လူသားမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများသည် တားမြစ်နယ်မြေများပေါ်တွင် ဒေါသဖြေဖျောက်ခြင်းမပြုဘဲ တိတ်ဆိတ်စွာသာ ရှိနေကြ၏။
တားမြစ်နယ်မြေထဲမှ သတ္တဝါဆိုးတစ်ခုခု ရံဖန်ရံခါ ထွက်ပေါ်လာချိန်တွင်သာ ၎င်းတို့သည် လောကကြီးကို ဖျက်ဆီးခြင်းမပြုနိုင်ရန် အလျင်အမြန် သုတ်သင်ရှင်းလင်းကြလေသည်။
သူတို့၏ စိတ်ထဲတွင်မူ ဝေခွဲမရဖြစ်ကာ ရွေးချယ်မှုတစ်ခုပြုလုပ်ရန် ရုန်းကန်နေကြရသည်။
လူသားမျိုးနွယ်တစ်ခုလုံး၏ အင်အားဖြင့် လင်းချန်ကို ပြုစုပျိုးထောင်ပေးကာ သူ့အား မဟာဧကရာဇ်ရာထူးကို ရရှိစေပြီးနောက် တားမြစ်နယ်မြေများကို အမြစ်ပြတ်ချေမှုန်းခိုင်းရန်...။
ဤသည်မှာ လူသားမျိုးနွယ်နှင့် တာအိုပြည်နယ်သုံးထောင်လုံးအတွက် အကောင်းဆုံးနှင့် အကျိုးအရှိဆုံး ဆုံးဖြတ်ချက်ဟု ထင်ရသည်။
သို့သော် ထိုသို့ပြုလုပ်ရန်အတွက် သူတို့သည် မိစ္ဆာသားရဲမျိုးနွယ်ကိုလည်း နားချရမည်ဖြစ်ပြီး သူတို့၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကိုလည်း ပူးပေါင်းခိုင်းရမည်ဖြစ်သည်။
၎င်းမှာ ပြဿနာတစ်ခုဖြစ်ပြီး ဒုတိယပြဿနာမှာ ထိုသို့ရွေးချယ်လိုက်ခြင်းသည် အခြားသော ပါရမီရှင်များအတွက် အလွန်တရာ မတရားရာ ရောက်သွားမည် ဖြစ်သည်။
ထိုပါရမီရှင်များထဲတွင် ရှေးဟောင်းကာလနှောင်းပိုင်းမှစ၍ မိမိကိုယ်ကိုယ် ချိပ်ပိတ်ခဲ့ကြသော ရှေးဟောင်းလူထူးဆန်းများနှင့် အခြားသော ခေတ်အဆက်ဆက်မှ ပါရမီရှင်များ ပါဝင်သည်။
သူတို့သည် ရွှေရောင်ခေတ်ကြီးကို စောင့်ဆိုင်းကာ မဟာဧကရာဇ် ဖြစ်လာမည့် အခွင့်အရေးကို ရယူရန်အတွက် မိမိကိုယ်ကိုယ် ချိပ်ပိတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခု နောက်ဆုံးတွင် ထိုအခွင့်အရေးကို ရရှိခဲ့ချိန်မှ သူတို့အား ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုရန်နှင့် ထိုအခွင့်အရေးကို အခြားတစ်ဦးအား ပေးအပ်လိုက်ရန် ပြောဆိုခြင်းမှာ...
တာအိုပြည်နယ်သုံးထောင်လုံးအတွက် မည်သို့ပင် အကျိုးရှိစေကာမူ ထိုပါရမီရှင်များအတွက်မူ အလွန်ပင် မတရားလွန်းလှပေ။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများစွာ စိတ်အတွင်း၌ ပဋိပက္ခဖြစ်နေကြစဉ် အချိန်များမှာ ကုန်ဆုံးသွားခဲ့ပြီး နာရီဝက်ဆိုသော အချိန်မှာ လျင်မြန်စွာပင် ပြည့်သွားခဲ့သည်။
နတ်ဘုရား ပင်မမျှော်စင်၏ ဟင်းလင်းပြင်အတွင်း၌မူ...
နာရီဝက်ပြည့်ရန် နီးကပ်လာချိန်တွင် လင်းချန်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
“နာရီဝက်ကျော်သွားပြီပဲ။ ငါ့ရဲ့အခြေအနေက ပြီးပြည့်စုံတဲ့အဆင့်ကို ပြန်ရောက်သွားရုံတင်မကဘဲ တိုက်ပွဲကရတဲ့ သိမြင်မှုတွေကိုလည်း အကုန်လုံးချေဖျက် ပြီးသွားပြီ။
အခု ငါသာ စီနီယာ ဘိုးဘေးနဂါးနဲ့ တစ်ခါပြန်တိုက်ရမယ်ဆိုရင် အရင်ကထက် အများကြီး ပိုပြီး လွယ်လွယ်ကူကူ အနိုင်ယူနိုင်လိမ့်မယ်။”
လင်းချန်သည် ထိုသို့ပြောဆိုရင်း နက်မှောင်သော ဟင်းလင်းပြင်ဥမင်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။
“ဒါဆိုရင် မျှော်စင်ကို ဆက်တက်ကြတာပေါ့။ လူသားမျိုးနွယ် ကျင့်စဉ်နည်းလမ်းတွေကို စတင်လမ်းဖောက်ခဲ့သူ၊ အနှိုင်းမဲ့ပါရမီရှင်... တာအိုဘိုးဘေး...။
လူသားမျိုးနွယ်ရဲ့ လောကအရှင်သခင်ဆိုတော့... သူက အရမ်းသန်မာမှာပဲ မဟုတ်လား။”
သူသည် ထိုသို့ဆိုကာ ဝန်မလေးတော့ဘဲ ရှေ့သို့ လှမ်းတက်လိုက်ပြီး နက်မှောင်သော ဟင်းလင်းပြင်ဥမင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် တာအိုပြည်နယ်သုံးထောင်၏ ကောင်းကင်ယံထက်တွင် ကြီးမားလှသော အလင်းမျက်နှာပြင်အသစ်တစ်ခု ထွက်ပေါ်လာတော့သည်။
မြင်ကွင်းအတွင်း၌ ငြိမ်းချမ်းလှသော ကြာပန်းပင်လယ်ကြီးတစ်ခု ရှိနေသည်။
ထိုအဆုံးမဲ့သော ပင်လယ်ကမ္ဘာအတွင်း၌ ဖြူစင်သော ကြာပန်းဖြူလေးများမှာ နေရာအနှံ့အပြား၌ အစက်အပြောက်လေးများသဖွယ် တည်ရှိနေကြ၏။
ထိုကြာပန်းပင်လယ်၏ အလယ်ဗဟိုတည့်တည့်တွင် အစိမ်းရောင် ကြာပန်းပလ္လင်တစ်ခု တိတ်ဆိတ်စွာ တည်ရှိနေလေသည်။
ကြာပန်းပလ္လင်ထက်တွင် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် မျက်လုံးများကို မှိတ်ကာ ငြိမ်သက်စွာ တင်ပျဉ်ခွေ ထိုင်နေ၏။
ထိုအမျိုးသား၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အလွန်ပင် အေးချမ်းပြီး သဘာဝကျလှရာ ကြည့်ရသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းလှပေသည်။
သူသည် သဘာဝတရားကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ သူသည် သဘာဝတရားဖြစ်ပြီး သဘာဝတရားသည် သူပင် ဖြစ်သည်...။ သူသည် “နိယာမခပ်သိမ်း သဘာဝအတိုင်းဖြစ်တည်ခြင်း” ပင် ဖြစ်တော့သည်။
တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအပေါင်းတို့သည် ကြာပန်းပလ္လင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသော အစိမ်းရောက် ဝတ်ရုံနှင့် အမျိုးသားကို မြင်လိုက်ရသောအခါ သူတို့၏ အမူအရာများ တောင့်တင်းသွားကြ၏။
ဤပုဂ္ဂိုလ်မှာ... နတ်ဘုရားစာရင်း၏ အဆင့် (၁) နေရာတွင် ရှိနေသည့်... လူသားမျိုးနွယ်၏ တာအိုဘိုးဘေးပေလော။
ဝုန်း
ကြာပန်းပလ္လင်နှင့် မနီးမဝေးနေရာရှိ ဟင်းလင်းပြင်ထဲတွင် လင်းချန်၏ ပုံရိပ်သည် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် လင်းချန်သည် အစိမ်းရောင် ဝတ်ရုံနှင့် အမျိုးသားကို သတိပြုမိသွားပြီး သူ၏ အကြည့်ကို ထိုသူထံ၌သာ အသေအချာ စိုက်ကြည့်ထားလိုက်သည်။
အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားသည်လည်း လင်းချန် ရောက်ရှိလာသည်ကို သိရှိသွားပုံရသည်။ သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး လင်းချန်အား အပြုံးဖျော့ဖျော့လေးဖြင့် ကြည့်ကာ မေးလိုက်သည်။
“မင်းက မျှော်စင်ကို စိန်ခေါ်မယ့်သူလား။”