သင်ကြားခြင်းများ
Vol. 4 Ch. 43
မျိုးနွယ်စုဝင်များ ရှိရာသို့ စုမင်ရောက်ပြီး ၃ရက်အကြာတွင် အကြီးအကဲ ဦးဆောင်သော လူတစ်စု ရင်ပြင်အလယ်တွင် ရပ်ရင်း စုဝေးနေကြသည်။ အကြီးအကဲတို့ ရပ်နေသည့် နေရာသည် "ဝိညာဉ်နှိုးပွဲတော်” ကျင်းပခဲ့သည့် နေရာ ဖြစ်၏။ အကြီးအကဲသည် ချည်ထည်ကြမ်းကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်မှ ဆံပင်ဖြူများကို ဖွတ်မြီးထိုး ကျစ်ဆံမြိတ်များအဖြစ် စည်းနှောင်ထား၏။ စိတ်အားတက်ကြွနေဟန်ရှိသည့် အကြီးအကဲက ပေလင်း၊ လေ့ချန်၊ စုမင်နှင့် စုမင်နှင့်သက်တူရွယ်တူ မိန်းကလေးတို့ကို ကြည့်လိုက်၏။
ထိုမိန်းကလေးမှာ ဝူလ ဖြစ်ပြီး "ဝိညာဉ်နှိုးပွဲတော်” ၌ မာန်ခန္ဓာကိုယ် ပိုင်ဆိုင်သူအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်သည်။ ထိုအချိန်မှစ၍ လအနည်းငယ်အကြာ ယခုလိုအချိန်တွင် သွေးကြောကျောက်သား ကျင့်စဉ် အဆင့် (၂) သို့ ရောက်ရှိနေသူ ဖြစ်သည်။ သွေးကြော ကျောက်သား အဆင့် (၃) ဖြစ်သည့် (၁၁) ခုမြောက် သွေးကြော ပေါ်လာရန် သိပ်မလိုလှတော့ချေ။
အကြီးအကဲနောက်တွင် လူနှစ်ယောက် ရပ်နေ၏။ တစ်ယောက်မှာ အစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ပေလင်း၏ဖခင်လည်း ဖြစ်သည်။ ကျန်းမာသန်စွမ်းသည့် ၎င်း၏ခန္ဓာကိုယ်က သံမဏိရဲတိုက်တစ်ခုပမာ ကြံ့ခိုင်သော်လည်း စူးရှလွန်းသည့် အကြည့်များအောက်တွင် နူးညံ့ ကြင်နာမှုများ ပြည့်လို့နေလေ၏။
နောက်တစ်ယောက်မှာ ဖော်ရွေမှုကင်းပြီး တည်ငြိမ်အေးဆေးသည့် အမူအရာရှိသည့် အမဲလိုက်အဖွဲ့ခေါင်းဆောင် ရှန့်ဟန် ဖြစ်သည်။ တိရစ္ဆာန်သားရေ ဝတ်ဆင်ထားလျှင် အညှာအတာ ကင်းမဲ့ရက်စက်တဲ့သူတစ်ယောက်၏ သွင်ပြမျိုး ပိုမို ပေါ်လွင်နေတတ်သူ ဖြစ်သည်။ စကားများများ ပြောလေ့ရှိသူ မဟုတ်သော်လည်း မျိုးနွယ်စုဝင်များမှာ ၎င်းအား တလေးတစားနှင့် ရှိရှိသေသေ ဆက်ဆံလေ့ ရှိသည်။ ၎င်း၏အမဲလိုက်အဖွဲ့သည် မျိုးနွယ်စုဝင်များအား ကာကွယ်စောင့်ရှောက်ရန်နှင့် အစာရေစာ ထောက်ပံရေးစသည့် အရေးကြီးတာဝန်များကို ယူထားရသောကြောင့် ဩဇာအာဏာကြီးမားသူ တစ်ယောက်လည်း ဖြစ်၏။
"ငါတို့မျိုးနွယ်စုက သေးငယ်တဲ့အတွက်တဲ့ လေပြည်စီးကြောင်းလို မျိုးနွယ်စုကြီး တစ်ခုနဲ့ မယှဉ်သာဘူး။ ဒါကြောင့် ငါတို့ မျိုးနွယ်စုဝင်တွေဟာ နှစ်အနည်းငယ်ကြာတိုင်း သူတို့ကို ငါတို့ရဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတဲ့အနေနဲ့ လက်ဆောင်ပဏ္ဍာတွေ ဆက်သရတာ ဖြစ်တယ်။ ခါတိုင်း ငါသွားလေ့သွားထ မရှိပေမဲ့ ဒီနှစ်တော့ ငါကိုယ်တိုင် သွားရမယ်။ ဒါ့အပြင် နဂါးနက်တောင်၊ မဟူရာတောင်နဲ့ တခြားအဖွဲ့ငယ်တွေ အားလုံး လေပြည်စီးကြောင်း မျိုးနွယ်စု နယ်မြေမှာ စည်းဝေးကြလိမ့်မယ်။
"ဒီခရီးဟာ မင်းတို့အတွက် ယှဉ်ပြိုင်စရာ၊ လေ့လာ သင်ယူစရာတွေ ရှိလာမယ့် ခရီးဖြစ်တယ်။ မင်းတို့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိပြီး ငါတို့ မျိုးနွယ်စုကို အရှက်မရစေဖို့ မင်းတို့မှာ တာဝန်ရှိတယ်။ ဒီလို လုပ်နိုင်ဖို့ကတော့ မင်းတို့အပေါ်မှာ မူတည်တယ်"
မင်းတို့အားလုံးဟာ နက်မှောင်တောင် မျိုးနွယ်စုရဲ့ အနာဂတ် ခေါင်းဆောင်တွေ ဖြစ်တာကြောင့် ဒီခရီးစဉ်မှာ လိုက်ပါဖို့ ငါတို့အားလုံး သဘောတူရွေးချယ် ထားတာ ဖြစ်တယ်။ ဒီခရီးစဉ်က ရလာမယ့် အတွေ့အကြုံတွေဟာ အနာဂတ်မှာ မင်းတို့ကို ကူညီထောက်ပံ့ ပေးလိမ့်မယ်။
မင်းတို့ အားလုံးထဲမှာ ပေလင်းဟာ ငါတို့နဲ့အတူ လေပြည်စီးကြောင်း မျိုးနွယ်စုနယ်မြေကို တစ်ခါ ရောက်ဖူးတယ်။ ဒီခရီးနဲ့ ရင်းနှီး ကျွမ်းဝင်နေတဲ့သူကို မင်းတို့ သိချင်တာတွေ မေးလို့ရတယ်”
အကြီးအကဲ၏ ညင်သာလှတဲ့ စကားသံက ဘေးပတ်ဝန်းကျင်ရှိ လေထုထဲတွင် ပဲ့တင်ထပ်နေ၏။
အကြီးအကဲ၏ ပြောစကားကို ပေလင်းက အသံနိမ့်နှင့် တုံ့ပြန်ပြီး သဘောတူ နာခံကြောင်း ပြ၏။ သူ့အကြည့်တို့က လေ့ချန်၊ ဝူလဟုခေါ်သော မိန်းကလေးနှင့် နောက်ဆုံး သူ့ဘေးတွင် ရပ်နေသော စုမင်အပေါ် မျက်မှောင်ကြုတ်ပြီး ရောက်လာလေသည်။
"အကြီးအကဲ ဒီခရီးဟာ အရင်က သွားခဲ့ဖူးတဲ့ ခရီး (၂) ခုနဲ့ အတူတူပဲလား။ ဒီခရီးမှာရော... ပြိုင်ပွဲတွေ ရှိပါဦးမလား” ဟု ဇဝေဇဝါ ဖြစ်နေသည့် ပေလင်းက တရိုတသေနှင့် မေးလိုက်၏။ အကြီးအကဲထံမှက ခေါင်းညိတ်အဖြေပေးသည်ကို မြင်ပြီးနောက် စူးရှသည့် အကြည့်တစ်စုံနှင့် စုမင်အား လက်ညှိုးထိုးလိုက်သည်။
"အကြီးအကဲ စုမင်ဟာ ကျွန်တော်တို့နဲ့ လိုက်မလာသင့်ဘူး။ သူဟာ မာန်ကိုယ်ခန္ဓာ ပိုင်ဆိုင်ထားခြင်းလည်း မရှိဘူး။ သူလိုက်လာခဲ့ရင် ကျွန်တော်တို့အတွက် ဘာကူဖော်လောင်ဖက်မှ ရမှာ မဟုတ်ဘူး။ သူ့အစား အခြား တစ်ယောက်ကို ကျွန်တော်တို့ အခွင့်အရေး ပေးသင့်ပါတယ်”
ပေလင်း ပြောဆိုနေသည့်အခိုက် လေ့ချန်၏ အကြည့်တို့တွင် ဒေါသခိုးများ ချက်ချင်း ပြည့်လျှံလာတယ်။
အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး ပေလင်းအား အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။
"သူက မာန်ကိုယ်ခန္ဓာမရှိလို့ လိုက်လို့ မရဘူးပေါ့ ဟုတ်လား။ ပေလင်း မင်းပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲကွ"
ဝူလဆိုသော မိန်းကလေးမှာ ပကတိ ငြိမ်သက်နေသော စုမင်အားကြည့်ရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူမ မျက်ဝန်းထဲတွင် စုမင်ကို ခေါ်မည့်အကြံကို မနှစ်မြို့ဟန်ပေါ်နေသော်လည်း အငြင်းအခုံစကားဝိုင်းထဲတွင် ဝင်ပါလိုဟန် မရှိချေ။
"အကြီးအကဲ ကျွန်တော်တို့ဟာ ပွဲတော်ကို ဆင်နွှဲတဲ့အခါတိုင်း အဖွဲ့ထဲက လူငယ် လေးယောက်ကိုပဲ ခေါ်ဆောင်သွားခွင့် ရှိပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေတုန်းက ကျွန်တော်ဟာ မာန်လူမျိုး ထိပ်တန်း တိုက်ခိုက်ရေးသမား အယောက် ၅၀ ထဲမှာ ပါဝင်သူအဖြစ် သတ်မှတ်ခြင်း ခံရတဲ့ နက်မှောင်တောင် မျိုးနွယ်စုထဲက တစ်ယောက တည်းသော သူလည်း ဖြစ်တယ်။ ဒီနှစ်မှာ လေ့ချန် လိုက်လာတဲ့အတွက် သူ့အနေနဲ့ နေရာတစ်ခု ရကောင်းရနိုင်တယ်။ ဝူလအနေနဲ့ သူမရဲ့ကျင့်စဉ်ဟာ အဆင့်မြင့်ဖို့ လိုသေးတယ် ဆိုပေမဲ့ 'ဝိညာဉ်နှိုးပွဲတော်'မှာ မာန်နတ်ဘုရား ရုပ်တုကနေ မီးတောက် ကိုးကြိမ် ထွန်းလင်း ဖြာထွက်လာအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဖြစ်နိုင်ချေရှိတာက သူမလည်း ထိပ်ဆုံး အယောက် ၁၀၀ ထဲမှာ ပါကောင်း ပါနိုင်တယ်”
"ဒီခန့်မှန်းချက်ဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် တော်တော်လေးကို အားရဖို့ ကောင်းတယ်။ တကယ်လို့သာ ထိပ်ဆုံး အယောက် ၁၀၀ ထဲမှာ ပါအောင် လုပ်နိုင်မယ့် တစ်ယောက်ယောက်သာ ထပ်ပါလာမယ်ဆိုရင် ပိုမကောင်းဘူးလား။ စုမင်ကို ခေါ်သွားတာဟာ အခွင့်အရေးကို သက်သက်မဲ့ ဖြုန်းတီးနေတာပဲ"
ဟု ပေလင်းက သူ့အား ဒေါသတကြီး စိုက်ကြည့်နေသည့် လေ့ချန်ကို လျစ်လျူရှုကာ တည်ငြိမ်သော အမူအရာနှင့် အေးအေးဆေးဆေး ဆက်ပြောလိုက်၏။
"စုမင်က ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူး။ ငါ့မှာ သူ့ကို ခေါ်လာရတဲ့ တခြား အကြောင်းပြချက် ရှိတယ်”
အကြီးအကဲက အသာအယာ ပြောလိုက်သည်။
ပေလင်းမှာ ဆက်လက်အထွန့်တက်လိုသော်လည်း အကြီးအကဲနောက်တွင် ရပ်နေသည့် မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်သည် သူ့အား မာမာထန်ထန် စိုက်ကြည့် နေကြောင်း သတိမူမိလိုက်သည်နှင့် စိတ်ထဲမှ စကားများကို မျိုသိပ်ထားလိုက်တော့၏။ ပေလင်းသည် ငယ်ငယ်ကတည်းက အဖေဖြစ်သူအပေါ် ရိုသေကြောက်ရွံ့ခဲ့ရသူ မဟုတ်လော။
"ကောင်းပြီ၊ ငါတို့မှာ အချိန် သိပ်မရှိတော့ဘူး။ သွားကြစို့”
ကြည်လင် ရှင်းသန့်နေသည့် ကောင်းကင်ပြာကြီးကို အကြီးအကဲက ညွှန်ပြပြီး ပြောလိုက်၏။ ချက်ချင်းဆိုသလို မိုးကြိုး ထစ်ချုန်းသံတွေ ကမ္ဘာမြေတစ်ခွင် ပျံ့နှံ့မြည်ဟီးလာလေ၏။ ကောင်းကင်ပေါ်မှ မိုးသား တိမ်တိုက်ဖြူများမှာ ညိုမှိုင်းအုပ်ဆိုင်း၍ သွားလေတော့သည်။
တစ်ချိန်တည်းတွင် အကြီးအကဲ၏ မျက်နှာပေါ်မှ သွေးကြောငယ် အမြောက်အမြားနှင့် ဖွဲ့စည်းထားသည့် မာန်အမှတ်အသားမှာ စပါးအုံးမြွေ တစ်ကောင် အသွင်သဏ္ဌာန်မျိုး ထင်ထင်ရှားရှား ထွက်ပေါ်လာ၏။ မာန်အမှတ်အသား ထင်ရှားလာသည်နှင့် ကောင်းကင်ပေါ်မှ တိမ်ညိုတိမ်မည်းများအား မမြင်ရသည့် လက်တစ်စုံက ပဲ့ကိုင်ထိန်းချုပ်လိုက်သလို လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ မျက်စိတစ်မှိတ် လျှပ်တစ်ဖြတ်အတွင်း မိုးသားတိမ်စိုင် အားလုံး အရွယ်အစားကြီးမားလာပြီး ထိတ်လန့် ကြောက်ရွံ့စရာအဆင်းနှင့် ပေ (၁၀၀) အရှည် ရှိသည့် စပါးအုံးမြွေနက်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း လေ့ချန်နှင့် ဝူလတို့ အံ့အားသင့်နေကြသည်။ နှစ်ယောက်စလုံး နေရာတွင်ရပ်ပြီး ကြောင်ကြည့်နေကြ၏။ ပေလင်းသည်လည်း မတုန်မလှုပ်အောင် မနည်း ကြိုးစားနေရသည်။ သူ့ပုံစံမှာ အဆင့်မြင့်မာန်စွမ်းအားရှင်တစ်ယောက်နှင့် အညီ တည်ငြိမ်အေးဆေးသည့် အသွင်ဖြစ်ရန် အတင်းဖိအားပေး ကြိုးစားနေသည့်အလားပင်။
စုမင်တစ်ယောက်သာ ကြီးမားလှသည့် စပါးအုံးမြွေနက်ကြီးအား မမှိတ်မသုန် ကြည့်နေ၏။ မက်မောအားကျနေသည့် အကြည့်များနှင့် အသက်ကိုပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ အကြီးအကဲနောက်တွင် ရပ်နေသော အစောင့်အရှောက် ခေါင်းဆောင်သည် စပါးအုံးမြွေနက်ကြီးအား တရိုတသေ ကြည့်နေ၏။ ရှန့်ဟန်၏ မျက်ဝန်းထဲတွင် တစ်ယူသန် တက်ကြွနေသည့် အရိပ်အယောင် ရုတ်တရက် ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရလေသည်။
စပါးအုံးမြွေနက်ကြီးသည် တိမ်စိုင်တိမ်ခဲများမှ အသွင်ပြောင်းလာခြင်း ဖြစ်သော်လည်း ၎င်း၏ကိုယ်ထည်ပေါ်မှ ကြေးခွံများကို အထင်အရှား မြင်နေရလေ၏။ ၎င်းရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါတို့က မြေပြင်ပေါ်မှ လူအားလုံးကို အရှိန်ပြင်းပြင်းနှင့် လာရောက်ရိုက်ခတ်နေသည်။ စပါးအုံးမြွေနက်ကြီးက ခေါင်းကို ဝှေ့ယမ်းလိုက်၏။ ရဲရဲနီကာ ရက်စက်ကြမ်းကြုတ်သော အကြည့်များနှင့် ပြည့်နှက်နေသည့် မျက်လုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နူးညံ့ညင်သာသော အကြည့်တို့က အစားထိုး ဝင်ရောက်လာသည်။ စပါးအုံးမြွေနက်ကြီးသည် ကောင်းကင်ပေါ်မှ ဆင်းလာပြီး အကြီးအကဲဘေးတွင် နာခံမှုအပြည့်နှင့် ခေါင်းငုံ့၍ နေလေ၏။
အကြီးအကဲက စပါးအုံး မြွေနက်ကြီးပေါ် တက်သွားပြီး ဦးခေါင်းတွင် နေရာယူ ရပ်လိုက်သည်။
"လာကြ”
ပေလင်းက ဦးဆုံး တစ်ချက်ခုန်ပြီး မြွေကြီးကျောပေါ် တက်လိုက်၏။ သူ ခြေခွထိုင်ပြီး သွားချိန် လေ့ချန်နှင့် ဝူလတို့လည်း အပေါ်သို့ တက်လာကြသည်။ စုမင်က မြွေကျောကုန်းပေါ် ခုန်မတက်ခင် စဉ်းစားနေသလို ရပ်နေ၏။ နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်ပြီး လေ့ချန်နား ထိုင်လိုက်ချိန် အကြီးအကဲ၏ အသံက သူ့ထံ ရောက်လာသည်။
"စုမင်၊ ငါ့ဘေးနားမှာ လာထိုင်”
အကြီးအကဲ၏ စကားသံမှာ အလွန်တရာ လေးနက်လွန်းဥ စုမင်ပင် အထိတ်တလန့် ဖြစ်သွားပြီး အရှေ့သို့ ရိုကျိုးစွာ လျှောက်သွားလိုက်၏။ သူ ထိုင်ချလိုက်ချိန် အကြီးအကဲက သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အကြီးအကဲ... ကျွန်တော် မှားသွားပါတယ်... ကျွန်တော် လုပ်ခဲ့တဲ့အရာက အရမ်းကို ညံ့ဖျင်းလွန်းပါတယ်..."
စုမင်က ချက်ချင်းဘဲ ခပ်တိုးတိုးလေး ဝန်ခံလိုက်၏။
အကြီးအကဲက သူ့အား အရေးမစိုက်ပေ။ ထိုအစား မျိုးနွယ်စုအဖွဲ့ အစောင့်ခေါင်းဆောင်နှင့် ရှန့်ဟန်တို့ မြွေပေါ်တက်လာသည်ကိုသာ စောင့်ဆိုင်းနေ၏။ ထို့နောက် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ချိန် စပါးအုံးမြွနက်ကြီးက မိုးသားတိမ်တိုက်များရှိရာ ကောင်းကင်ပေါ်သို့ ကျယ်လောင်သော အသံကြီးပြုလျက် ပျံတက်သွားလေ၏။
အောက်တွင် ကျန်ရစ်ခဲ့သည့် မျိုးနွယ်စုနယ်မြေများမှာ သူတို့မျက်စိရှေ့၌ အစက်အပြောက်လေးများအဖြစ် တဖြည်းဖြည်း သေးငယ်လာသည်အထိ စပါးအုံးမြွေနက်ကြီးမှာ ကောင်းကင်ယံထက် တက်ကာပျံသန်းသွားလေ၏။ ထိုအခြင်းအရာကို ကြည့်ရင်း စုမင်၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားလေသည်။
လေ့ချန်နှင့် တခြားသူတွေမှာလည်း သူ့လိုပင်။ သို့သော် မျိုးနွယ်စုအဖွဲ့ အစောင့်အရှောက် ခေါင်းဆောင်နှင့် ရှန့်ဟန်တို့မှာ မြွေနက်ကြီး၏ ကျောအလယ်နှင့်အမြီးတွင် အသီးသီး နေရာယူပြီး သူတို့အား ကာကွယ်ပေးထားကြ၏။
စုမင်မှာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်နေသည့် လေထုကြောင့် အသက်ရှူနှုန်း မြန်ဆန်လာသော်လည်း အကြီးအကဲဆီမှ နူးညံ့ညင်သာတဲ့ စွမ်းအင်တချို့ ထွက်ပေါ်လာပြီး သူ့အား ဝန်းရံလာသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် စုမင်မှာ ပထမဆုံးအကြိမ် ကြုံတွေ့ရသည့် ကောင်းကင်ခရီးစဉ်၏ အခက်ခဲများကို ရင်ဆိုင်နိုင်စွမ်း ရှိလာလေသည်။
"ဒီတော့ အခု မင်း အမှား လုပ်ခဲ့တာကို သိပြီလား။ မင်း ဘာအမှား လုပ်ခဲ့တယ်ဆိုတာ ပြောစမ်းပါဦး။ နဂါးနက်တောင်အဖွဲ့က လာစုလေး တစ်ယောက်က ကျောက်ဒင်္ဂါးပြား ၅၀၀၀ ကို မင်းဆီကချေးပြီး သူ့လက်နက်ကို အပေါင်ထားသွားတဲ့အကြောင်း မဟုတ်လား”
အနီး ပတ်ဝန်းကျင်တွင် လေတိုက်ခတ်နေသော်လည်း စုမင်၏နားထဲတွင် အကြီးအကဲ၏ စကားသံကို ပီပီသသ ကြားလိုက်ရ၏။ အကြီးအကဲ၏ ချီစွမ်းအားကြောင့် သူတို့နှစ်ယောက်၏ အသံကို မည်သူမျှ ကြားနိုင်စွမ်း မရှိပေ။
"အာ...”
စုမင်တစ်ယောက် အတော်လေး တုန်လှုပ်သွားသည်။ မျိုးနွယ်စုအဖွဲ့ရှိရာထံ ပြန်ရောက်သည်နှင့် အကြီးအကဲဆီ သွားပြီး သူကြုံတွေ့ခဲ့ရသည့် စွန့်စားခန်း အကြောင်းကို အားပါးတရ ပြောပြခဲ့သည်။ သူ့အဖြစ်အပျက်ကို နားထောင်အပြီး အကြီးအကဲ၏ စိတ်မှာ မကြည်မလင် ဖြစ်သွားပြီး သူ့အား ဆူပူကြိမ်းမောင်းတော့သည်။ သူ့၏ လက်နက်ကိုပင် သိမ်းသွား၏။ ထို့ကြောင့် စုမင်မှာ သူ့အိမ်လေးထဲတွင် စိတ်မသက်မသာနှင့် သက်ပြင်းရှည်တို့ ခဏခဏချရင်း ဘာအမှား လုပ်မိခဲ့သည်ကို စဉ်းစားနေခဲ့၏။
"အကြီးအကဲ၊ ကျွန်တော် မှားသွားပါတယ်... ကျွန်တော် စစ်ခုန်းရဲ့ မာန်သွေးကြောကို မယူလာခဲ့သင့်ဘူး... ကျွန်တော် လောဘ မကြီးသင့်ဘူး”
စုမင်က အကြီးအကဲ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး သတိထားလျက် ပြောလိုက်သည်။
"ကျွန်တော် သူ့ကို သွေးနဲ့ရေးရတဲ့ ကတိစာမျိုးလည်း မလုပ်ခိုင်းသင့်ဘူး။ အာ... အကြီးအကဲ၊ ကျွန်တော် တကယ် မှားသွားပါတယ်ဗျာ”
စုမင်မှာ မျက်နှာငယ်လေးနှင့် အကြီးအကဲအား ကြည့်၍နေလေသည်။
"အိုး မင်းရဲ့အမှားတွေက ဒါပဲလား။ နောက်ထပ် မရှိတော့ဘူးလား။ ပြန်တွေးကြည့်ဦး။ မင်းဘယ်နေရာမှာ အမှားလုပ်ခဲ့တယ် ဆိုတာကို သေချာ စဉ်းစားစမ်းပါဦး”
အကြီးအကဲက ပြန်ပြောလိုက်၏။
စုမင်မှာ စဉ်းစားရ ခက်ဟန်ဖြင့် ခေါင်းကိုသာ တွင်တွင်ကုတ်နေ၏။ အကြီးအကဲ စကားကို အသေအချာ စဉ်းစားကြည့်သည်။ ထိုစကားတို့၏ နောက်ကွယ်တွင် အဓိပ္ပာယ်တစ်ခုခု ရှိနေရမည်။ သူဝန်ခံခဲ့သည့်အရာများအပြင် နောက်ထပ် သူ မသိသေးသည့် အမှားတို့လည်း ရှိနေနိုင်သေးသည်။
စုမင်က မျက်မှောင်ကြုတ်ပြီး အလေးအနက် ပြန်တွေးကြည့်သည်။ ရုတ်တရက် ဆိုသလို သူ့မျက်ဝန်းထဲတွင် စူးရှကြည်လင်သည့် အကြည့်တစ်ချက် လင်းလက်သွားပြီး အလျင်အမြန် ခေါင်းမော့လာ၏။
"အကြီးအကဲ၊ ကျွန်တော်သိပြီ။ ကျွန်တော် သူ့ရဲ့ မာန်သွေးကြောကို မယူခင် သူ့ကို အရင်သတ်ခဲ့သင့်တယ်"
စုမင်၏အဖြေကို ကြားလိုက်ရချိန် အကြီးအကဲက သူ့အား အလိုမကျသည့်ပုံစံနှင့် တအံ့တသြ ကြည့်လိုက်သည်။ အကြီးအကဲမှာ သူ့ရှေ့တွင်ရပ်နေသည့် လူငယ်လေးကို ကြည့်နေပုံ မပေါ်ဘဲ စုမင် နားလည်ပုံမရသည့် အရာတစ်ခုကို စဉ်းစား၍နေလေ၏။
"အိုး ဘာကြောင့် အဲဒီဟာကို မင်းမှားတယ်လို့ ထင်ရတာလဲ။ ဘာကြောင့် မင်းသူ့ကို သတ်ရမှာလဲ”
အကြီးအကဲက စုမင်အား ညင်ညင်သာသာ မေးလိုက်သည်။
"သူက ကျွန်တော့်ကို သတ်တော့မှာဗျ။ အကြီးအကဲက အဲဒီအကြောင်းတွေကို မသိပေမဲ့ သူ့ပုံစံက ကျွန်တော့်ကို တကယ် သတ်ချင်နေတဲ့ပုံ။ ကျွန်တော်သာ သတိမရှိဘူးဆိုရင် အခုဆို ကျွန်တော် ဒီနေရာမှာ ရှိနေနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့... ကျွန်တော် ဒီလို မလုပ်နိုင်ဘူး။ ကျွန်တော် သူ့ကို သတ်လိုက်ရင် ကျွန်တော့်မျိုးနွယ်စု အတွက် ပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်...”
စုမင်က ခေတ္တစဉ်းစားပြီး ဖြေရှင်းချက် ပေးလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်ပျက်များကို ပြန်တွေးမိတိုင်း ကြောက်စိတ်က အတွင်းနှလုံးသားထဲထိ လွှမ်းမိုး၍လာသည်။
"မင်းမှန်တယ်... စုမင် မင်းဒါကို မှတ်ထားရမယ်။ မင်းကို လူတစ်ယောက်က ပြဿနာ ရှာချင်တဲ့အခါမှာ ဒီအန္တရာယ်ကို ပထုတ်ရမယ်”
အကြီးအကဲက မျက်လုံးများကို ခေတ္တမျှ မှိတ်ထားပြီးနောက် စုမင်အား ကြင်ကြင်နာနာနှင့် စကားဆိုရင်း ကြည့်လိုက်သည်။
“ဒါပေမဲ့... ငါဆိုလိုတာ ဒီအမှား မဟုတ်ဘူး။ စဉ်းစားကြည့်ပါ၊ မင်း ဘယ်အရာတွေကို စဉ်းစားဖို့ ကျန်ခဲ့သလဲ။ လူတစ်ယောက်ကို သတ်ရတာ လွယ်ကူပေမဲ့ သူ့ကို သတ်ပြီးတာနဲ့ အန္တရာယ် ကင်းမယ်လို့ မင်းဘယ်လို အာမခံနိုင်မလဲ။ မင်းအတွက် လုံခြုံမှုမရှိ၊ ကူရာမဲ့နေတဲ့ အချိန်တွေမှာ လွတ်မြောက်ဖို့ လမ်းကို မင်း ဘယ်လိုရှာမလဲ”
အကြီးအကဲက စုမင်ကို ထပ်မံ မေးမြန်းလိုက်၏။
စုမင်မှာ ခေါင်းကုတ်၍သာ နေတော့သည်။ သူမတူအောင် ထူးခြားလှသည့် စွမ်းရည်နှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို ပြသခဲ့သော်လည်း စုမင်သည် ဆယ်ကျော်သက်အရွယ် ကောင်ကလေး တစ်ယောက်သာ ဖြစ်သည်။ ခေါင်းထဲမှာ အဖြေရှာမရ ဖြစ်နေသည့် စုမင်မှာ အကြီးအကဲ စကားကြောင့် ပို၍ပင် စိတ်ရှုပ်ထွေးသွား၏။
"သေချာ စဉ်းစားပါ။ အဖြေ ချက်ချင်း ပေးစရာမလိုဘူး။ မင်း နားလည်သွားတဲ့အခါ ငါ့ကို ပြောပြလို့ ရတယ်။ ကိုယ့်ရဲ့ အပြုမူတွေကို ဘယ်လိုတွေးခေါ် သုံးသပ်ရမလဲ ဆိုတာကို မင်းအနေနဲ့ သင်ယူရမယ်”
အကြီးအကဲက မျက်လုံးများကို မှိတ်လိုက်၏။
စုမင်သည် အကြီးအကဲ၏ ဆိုဆုံးမစကားများနှင့် ကြီးပြင်းလာရသူ ဖြစ်၏။ အကြီးအကဲ၏ သွန်သင်ဆုံးမမှုများက စုမင် ကြီးထွားရင့်ကျက်လာရန် အလွန်အထောက်အကူပြုသည့် စကားများလည်း ဖြစ်သည်။
စုမင်မှာ ထိုနေ့က အဖြစ်အပျက်ကို တခုချင်း အနုလုံ ပဋိလုံ ပြန်လည် သုံးသပ်နေသောကြောင့် အတွေးရှည်ကြီးထဲ နက်နက်ရှိုင်းရှိုင်း နစ်မျောနေတော့သည်။
အချိန်တို့က တရွေ့ရွေ့ ကုန်လွန်လာသည်။ တစ်နာရီ ကုန်ဆုံးသွားခဲ့လေပြီ။ လေပြည်စီးကြောင်း မျိုးနွယ်စုနယ်မြေသို့ ရောက်ရန် ခရီးတစ်ဝက်ကျိုးပြီးနောက် အဝေးက တိုက်ခတ်လာသည့် လေပြင်းတစ်ချက်ကြောင့် စပါးအုံးမြွေနက်ကြီးမှည ရုတ်တရက် လှုပ်ရှား သွားသည်။ ရုတ်တရက် တုန်ခါမှုကြောင့် စုမင်ခန္ဓာကိုယ်ဟာ လှုပ်ခါသွားပြီး ခေါင်းထဲတွင် အတွေးတစ်ချက် လင်းလက်သွား၏။
"အကြီးအကဲ... ကျွန်တော် အခု သိသွားပြီ”
ကျောပေါ်၌ ချွေးစေးများပြန်နေသည့် စုမင်၏ မသဲမကွဲ ရေရွတ်သံလေး ထွက်ပေါ်လာလေသည်။
***