မော့စန်း
Vol. 4 Ch. 44
"အိုး ဒီတော့ မင်းဘာကို နားလည်သွားတာလဲ”
အကြီးအကဲက မျက်လုံး ဖွင့်ပြီး စုမင်ကို မေးလိုက်၏။
"ကျွန်တော် စစ်ခုန်းကို သတ်လိုက်လို့ မရဘူး။ သူဟာ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သားဖြစ်ရင်တောင် မျိုးနွယ်စုကို အကာအကွယ် ပေးနေတဲ့ လှံတံရှည်လက်နက်ကို အသက်သွင်းနိုင်မှာ မဟုတ်ဘူး။ ဒီထက်ပိုပြီး အရေးကြီးတာက နဂါးနက်တောင်ကနေ တစ်ယောက်တည်း ထွက်လာပြီး ကျွန်တာ့်ကို သတ်ဖို့ဆိုတဲ့ အချက်ကို တစ်ခြားလူတွေ မသိအောင် သူဘယ်လိုမှ ဖုံးထားနိုင်မှာ မဟုတ်ဘူး”
စုမင်မှာ စကားဆက်ပြောလေ ကြောက်စိတ်တို့က ဝင်လာလေ ဖြစ်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ချွေးစေးများနှင့် ရွှဲနစ်နေ၏။
“ကျွန်တော့်ကို လိုက်ဖမ်းဖို့ သူ တစ်ယောက်တည်း ထွက်လာတယ်လို့ ထင်ရပေမဲ့ အမှန် တကယ်တော့...”
စုမင် မျက်စိ သူငယ်အိမ်မှာ ကြောက်စိတ်ကြောင့် လှုပ်ခတ်နေသည်။
"အမှန်တကယ်တော့ သူ ကျွန်တော့်ကို သတ်မယ်ဆိုတာ နဂါးနက်တောင် အကြီးအကဲနဲ့ ခေါင်းဆောင်တို့က သိထားပြီးသား ဖြစ်နိုင်တယ် ဒါပေမဲ့ သူ့ကို တားရမယ့်အစား သူတို့က ခွင့်ပြု လိုက်ကြတယ်"
"ပြီးတော့... သူတို့တွေက စစ်ခုန်းနောက်မှာ တစ်ချိန်လုံး ရှိနေပြီးတော့ ကျွန်တော်နဲ့ သူနဲ့ တိုက်ခိုက်နေတာကို စောင့်ကြည့် နေတယ်”
စုမင် အသက်ရှုနှုန်းများ မြန်လာသည်။ ထိုအရာများကို မမှုပေသော်လည်း သူ လရဲ့စွမ်းအင် အသုံးပြုနေသည်ကို တစ်ယောက်ယောက် မြင်သွားမှာ စိုးရိမ်နေမိသည်။ အခြေနေမျညူကို အသေအချာ သုံးသပ်မိသည်နှင့်အမျှ သူပိုပြီး ကြောက်ရွံ့လာလေသည်။ ဖြစ်စဉ် တစ်ခုလုံး သူ့မျက်လုံးရှေ့တွင် တဖြေးဖြေး ရုပ်လုံးပေါ်လာ၏။
ခဏအကြာ စုမင်မှာ စိတ်ညစ်နေဟန်နှင့် မျက်မှောင်ကြုတ်ထားလေတော့သည်။
"နဂါးနက်တောင် အကြီးအကဲနဲ့ ခေါင်းဆောင် ဖြစ်သူဟာ မင်းတို့ကို နောက်ယောင် ခံလိုက်နေပေမဲ့လို့ လှံတံရှည်ကိုယူဖို့ ဘာကြောင့် မင်းကို အသာတကြည် ခွင့်ပြုလိုက်တယ် ဆိုတာကို မင်း နားမလည်သေးဘူးလို့ ငါထင်တယ်”
ချက်ချင်းဆိုသလို စုမင်၏ အကြီးမားဆုံး သံသယကို အကြီးအကဲက တည်တည်ငြိမ်ငြိမ်နှင့် ထုတ်ပြောလိုက်၏။
စုမင်မှာ စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ အတွေးကမ္ဘာထဲ နယ်ချဲ့နေမိတော့သည်။ အချိန် အနည်းငယ်ကြာပြီးနောက် အဆုံးစမဲ့ ကျယ်ပြောလှတဲ့ ကမ္ဘာမြေကြီးကို ကြည့်ရင်း ဖြည်းညင်းစွာ စကားဆိုလိုက်၏။
"စစ်ခုန်းနဲ့ ကျွန်တော့်ကို နောက်ယောင်ခံ လိုက်နေတာ မျိုးနွယ်စု ခေါင်းဆောင် မဖြစ်နိုင်ဘူး။ တကယ်လို့ သူသာဆိုရင် စစ်ခုန်း ဒဏ်ရာရတာကို တွေ့တဲ့အချိန် ဆက်ပြီးတော့ ပုန်းကွယ်နေမှာ မဟုတ်ဘူး”
"ကျွန်တော်တို့ကို နောက်ယောင်ခံ လိုက်တဲ့သူက... နဂါးနက်တောင် အကြီးအကဲ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ နဂါးနက်တောင်ရဲ့ အကြီးအကဲက ကျွန်တော့်ကို 'မာန်' သွေးကြောမျှင်ယူဖို့ ဘာကြောင့် ခွင့်ပြုသလဲ ဆိုတာကို ကျွန်တော် သိပ်မရှင်းဘူး”
"မှန်တယ်။ မင်းတို့ကို နောက်ယောင်ခံ လိုက်တဲ့သူက နဂါးနက်တောင် အကြီးအကဲ လေ့စုပဲ”
အကြီးအကဲ၏ မျက်လုံးများမှာ အားရကျေနပ်မှုတို့နှင့် တောက်ပ၍နေသည်။
"မင်း သုံးသပ်တာ မှန်တယ်။ တကယ်လို့ နဂါးနက်တောင် မျိုးနွယ်စု ခေါင်းဆောင်သာ ဖြစ်မယ်ဆိုရင် သူ့သား အနိုင်ကျင့် ခံနေရတာကို ဒီတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ဇဝေဇဝါဖြစ်နေတဲ့ မင်းရဲ့ မေးခွန်းအတွက် ငါအဖြေပေးမယ်"
"ဒီကိစ္စရပ်က မင်းရဲ့အသက်ကို နုတ်ယူလိုတဲ့ လိုက်လံ ဖမ်းဆီးမှုလို့ ထင်မြင်ရပေမဲ့ တကယ်တော့ မဟုတ်ဘူး။ မင်းဟာ ပိုင်လင်းကို ကယ်ခဲ့သူ။ သူတို့ကို ကူညီခဲ့ဖူးတဲ့ မင်းကို သတ်မယ်ဆိုရင် ဒါဟာ နက်မှောင်တောင် မျိုးနွယ်စုရဲ့ ဒေါသကို လာဆွလိုက်တာပဲ။ အထူးသဖြင့် အခုလို အရေးကြုံနေတဲ့ အချိန်မျိုးမှာ သူတို့ ဒီလိုလုပ်မှာ မဟုတ်ဘူး”
အကြီးအကဲရဲ့ ပညာဉာဏ်အပြည့်နှင့် သုံးသပ်သင်ပြမှုတို့က စုမင်၏ သုံးသပ်လေ့လာမှုတို့ကို ထက်မြက်လာစေရန် အထောက်အကူ ပေးနေတော့သည်။
"သူတို့ ကျွန်တော့်ကို ခြောက်လှန့်ဖို့ ကြိုးစားချင်တာလား”
စုမင်မှာ ကိစ္စရပ်များကို နားလည်သွားဟန်ပေါ်သော်လည်း ခဏအကြာတွင် စိုးရိမ်မှုတို့က သူ့မျက်ဝန်းများထက် နေရာယူလာပြန်၏။
"ဟားဟား ... သူတို့မျိုးနွယ်စုက မိန်းကလေး တစ်ယောက်ကို မျက်စိကျနေတဲ့ မင်းကို လက်လျှော့ သွားစေချင်တာ။ မင်းကို ကြောက်လန့် သွားအောင်လုပ်ပြီး သူတို့ နဂါးနက်တောင်ကို နောက်ထပ် ခြေမလှမ်းရဲတော့အောင် ခြောက်လှန့်လိုက်တာပဲ”
"စစ်ခုန်း ကတော့ ဒါကို မသိဘူး။ သူက မင်းကို တကယ် သတ်ချင်နေတာ။ သူ့ဒေါသကို ဆွဖို့ ပိုင်လင်းအပေါ်ထားတဲ့ သူ့ခံစားချက်ကို နဂါးနက်တောင်အကြီးအကဲ လေ့စုက အသုံးချခဲ့တာ။ မင်းသာ သူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အရည်အချင်း မပြည့်မီခဲ့ရင် ဒဏ်ရာ ကြီးကြီးမားမား ရလိမ့်မယ်။ အဲဒီအခါကျရင် မင်းအသက် အန္တရာယ်ထဲက လွတ်မြောက် သွားသယောင် ဖန်တီးဖို့ သူမက နောက်ကွယ်ကနေ တိတ်တဆိတ် ကြိုးစားလိမ့်မယ်”
"မင်းဟာ သိပ်ကို ငယ်ရွယ်သေးတယ်။ ဖြစ်စဉ် တစ်ခုလုံးကို မြင်နိုင်စွမ်း မရှိသေးဘူး။ ငါသာ မင်းနေရာမှာဆိုရင် ထွက်မပြေးဘဲ သူတို့ မျိုးနွယ်စုရှိရာကို ခပ်တည်တည်နဲ့ သွားမယ်။ သူတို့ရှေ့မှာပဲ ငါသဘောကျ နှစ်သက်တဲ့ မိန်းကလေးကို တွေ့အောင် လိုက်ရှာမယ်။ မင်းက သူမရဲ့ အသက်သခင် ကယ်တင်ရှင် ဖြစ်တဲ့အပြင် ငါ့ရဲ့သားလည်း ဟုတ်တယ်။ သူတို့က မင်းကို ဘယ်လို အန္တရာယ် ပြုရဲမလဲကွ” အကြီးအကဲက စုမင်ခေါင်းကိုပုတ်ပြီး ခပ်ပြုးပြုံး ပြောလိုက်၏။
စုမင်မှာတော့ ကြောင်ပြီးကြည့်နေမိသည်။ သူ့မျက်နှာမှာ နှမြောတသ ဖြစ်နေသည့် အမူအရာ အပြည့် ... ။
"ဒါက မင်းအတွက် နဂါးနက်တောင်ရဲ့ စမ်းသပ်မှု တစ်ခုပဲ။ ပြီတော့ မင်း မျက်စိကျနေတဲ့ မိန်းကလေးဟာ လေ့စုရဲ့ မြေးမလေးပဲ”
အကြီးအကဲက စုမင်အား ပြုံးရင်း ကြည့်နေလိုက်သည်။
"အကြီးအကဲ၊ နဂါးနက်တောင် အကြီးအကဲဟာ တော်တော် လှည့်စား တတ်လွန်းတယ်ဗျာ”
စုမင်၏ မျက်နှာမှာ အောင့်သက်သက်နှင့် ခံရခက်သလို ဖြစ်နေသည်။ အကြီးအကဲ၏ ရှင်းပြမှုအပြီး ဖြစ်စဉ်အားလုံးကို ဂဃနဏ သိရှိနားလည်သွားလေသည်။
"အရမ်းလည်း စိတ်ပျက်မသွားပါနဲ့။ မင်းက သူတို့ရဲ့ အကြံအစည်တွေ မသိပေမဲ့လည်း မင်းလုပ်ခဲ့တာတွေက သိပ်ကောင်းတယ်။ လေ့စုဟာ ဒီလိုအဖြစ်မျိုးကို မျှော်လင့် မထားလောက်ဘူး။ မင်းဟာ စစ်ခုန်းရဲ့ ရန်ရှာ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့ရုံတင် မကဘဲ သူ့ကိုပါ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တယ်"
"လေ့စုဟာ မင်းကို မာန်သွေးကြော ဘာကြောင့် ယူခွင့်ပြုလိုက်တာလဲ ဆိုတော့ ... "အကြီးအကဲ၏ မျက်လုံးများမှာ အဓိပ္ပါယ်ဖွင့်ရခက်စွာ တဖျတ်ဖျတ် လင်းလက်သွားလေ၏။
"မင်းကို ခြောက်လှန့်လို့ မရမှတော့ မင်းကို တမင်တကာ ယူသွား ခိုင်းလိုက်တာ ဖြစ်ရမယ်။ မင်းကို ယူခွင့်ပြုရတဲ့အကြောင်းရင်းက ပိုင်လင်းအသက်ကို ကယ်ခဲ့လို့ မင်းအပေါ် တင်သွားတဲ့ အကြွေးကျေပြီဆိုတာ ငါ့ကို သိစေချင်လို့ပဲ။ နဂါးနက်တောင်က လူတွေ၊ အထူးသဖြင့် လေ့စုဟာ ငါတို့နဲ့ သိပ်မတူဘူး။ သူမက မာန်အတက်ပညာနဲ့ ရင်းနှီး ကျွမ်းဝင်မှု မရှိပေမဲ့ မာန်သွေးကြောကို ဖန်တီးပြုလုပ်ရာမှာတော့ အလွန်ထူးချွန်တယ်။ ဒါပေမဲ့ သူမ ဖန်တီးပြုလုပ်တာက မာန်သွေးကြော အစစ်တွေ မဟုတ်ဘူး၊ အတုပဲ ဖြစ်တယ်"
"ဥပမာအနေနဲ့ မင်းရဲ့ လှံတံရှည်ကိုပဲ ကြည့်။ အဲဒါက မာန်သွေးကြောမျှင် အတုပဲ။ သူ့ကို အရင် နက်မှောင်တောင် မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ မာန်သွေးကြော သုံးခုထဲက တစ်ခုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်တယ်”
အကြီးအကဲက ညာလက်ကို မြှောက်ပြီး စုမင်လက်မောင်းကို ပုတ်လိုက်၏။ ချက်ချင်းဆိုသလို သူ့လက်မောင်းတစ်လျှောက် ချမ်းစိမ့်စိမ့် ဖြစ်လာသည်ကို ခံစားမိလိုက်ရသည်။ များမကြာမီ သူ့လက်မောင်းပေါ်တွင် မျဉ်းနက်တစ်ကြောင်း တဖြည်းဖြည်း ထင်ရှားလာ၏။
"လှံတံရှည်ကို တချို့နေရာတွေမှာ အပြောင်းလဲလုပ်ပြီး မင်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ငါ ပြုပြင်ထားပြီးပြီ။ နဂါးနက်ကိုလည်း သိမ်းငှက်နက်အဖြစ် ငါ ပြောင်းလဲထားလိုက်တယ်။ အဲဒီဟာနဲ့ မင်းခန္ဓာကိုယ်ကို အခု ချိတ်ဆက်လို့ရပြီ။ မင်းဆန္ဒရှိတဲ့ အချိန်တိုင်း အတွေးထဲကနေ သူ့ကို ဆင့်ခေါ်လို့ ရတယ်”
အကြီးအကဲက ပြုံးရင်း စကားဆိုလိုက်၏။
ညာဘက် လက်မောင်းပေါ်မှ မျဉ်းနက်ကို ကြည့်ပြီး စုမင်မှာ ခဏတာ တွေဝေသွားသည်။ ပြီးမှ စကားပြောရန် ပြင်လိုက်၏။
"မင်း ဘာပြောချင်တယ် ဆိုတာကို ငါသိတယ်။ မင်းကို မေးရဦးမယ်၊ ပိုင်လင်းကို ကယ်ခဲ့လို့ နဂါးနက်တောင်က မင်းကို တုံ့ပြန်တဲ့အနေနဲ့ ပေးခဲ့တဲ့ မာန်သွေးကြောကို ယူတုန်းက မင်း ဘာတွေ တွေးနေခဲ့တာလဲ”
"မင်း သဘောကျနေတဲ့ မိန်းကလေးကို နောက်တစ်ခေါက်တွေ့ဖို့ အလဲအလှယ် လုပ်တဲ့အနေနဲ့ လှံတံကို ပြန်ပေးမှာလား၊ ဒါမှမဟုတ် ပြန်မပေးဘဲ ကောင်မလေးကို နောက်ထပ် ဘယ်တော့မှ မတွေ့တော့ဖို့ ဆုံးဖြတ် လိုက်တာလား”
အကြီးအကဲက ပြုံးတုံ့တုံ့ အမူအရာနှင့် မေးလိုက်၏။
စုမင်မှာ ခဏလောက် တိတ်ဆိတ်သွားပြီး ရုတ်တရက် ထရယ်လိုက်သည်။
"စစ်ခုန်းက ကျောက်ဒင်္ဂါးပြား ၅၀၀၀ နဲ့ ကျွန်တော့်ဆီမှာ အပေါင်ထားခဲ့တာ။ သူတို့ဆီကို ပြန်သွားပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပိုင်လင်း အတွက်တော့... ကျွန်တော်က သူ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲဗျ”
စုမင်က မျက်စေ့တစ်ဖက် မှိတ်ပြပြီး ရယ်မောလိုက်၏။
အကြီးအကဲ၏ သဘောကျသွားသည့် ရယ်သံမှာ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာပြီး စုမင်ခေါင်းကို ပုတ်လိုက်၏။ သူ့မျက်လုံးတို့တွင် ဝမ်းသာပီတိဖြာလို့ နေသည်။
ပေလင်းမှာ မြွေနက်ကြီး၏ ကျောလယ်တွင် ခွလျက် ထိုင်နေ၏။ အကြီးအကဲနှင့် စုမင်တို့၏ နောက်ကျောကို မျက်နှာမူထားလေသည်။ သူတို့နှစ်ဦး ပြောနေသည့် စကားများကို မကြားရသော်လည်း အကြီးအကဲ၏ ပြုံးတုံ့တုံ့အမူအရာနှင့် စုမင်၏အပြုံးကို မြင်လိုက်ရချိန် သူခေါင်းငုံ့သွားမိသည်။
သူ့မျက်ဝန်းတို့တွင် မလိုမုန်းတီးမှုတို့က အပြည့်ပင်။
"စုမင်... မင်းကသာ မာန်မျိုးနွယ်ဝင် တစ်ယောက်ဆိုရင် ငါအခုလို ဖြစ်နေမှာ မဟုတ်ဘူး။ မင်းရဲ့ ပထမဆုံးအကြိမ် ဝိညာဉ်နှိုးပွဲတော်ကတည်းက မင်းဟာ မာန်ကိုယ်ခန္ဓာ မပိုင်တဲ့ လူတစ်ယောက်ဆိုတာ ငါသိခဲ့ပြီးသား။ အားရှင်းက မင်းလို သာမန်လူတစ်ယောက်ကို ဘာကြောင့် ကြိုက်ရတာလဲ။ ပြီးတော့ ... အကြီးအကဲကရော မင်းအပေါ်မှာ ဘာကြောင့် ဒီလောက်အထိ သဘောကောင်းနေရတာလဲ။ မင်းကို အကြီးအကဲက မွေးစား ထားတာကြောင့်လား”
"မင်းက သွေးသား တော်စပ်မှုလည်း မရှိဘူး။ ငါဟာ မျိုးနွယ်စုအတွက် အနာဂတ် မျှော်လင့်ချက် ဖြစ်နေပေမဲ့ အကြီးအကဲဟာ ငါ့ကို ဘယ်တော့မှ မပြုံးပြဖူးဘူး။ ငါ့အဖေတောင်မှ ဒီလိုပဲ...။ တစ်နေ့ကျရင် မင်းက မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်လို့ သူက အမြဲပြောနေကြ"
"စုမင် ... မင်းသာ ဒီနေရာမှာမရှိရင် ချန်းရှင်း၊ အဖေနဲ့ အကြီးအကဲတို့က ငါ့ကို အခုလို ဆက်ဆံမှာ မဟုတ်ဘူး။ စုမင် ... ငါက ချန်းရှင်းကြောင့် မင်းအပေါ်မှာ အေးတိအေးစက် ဆက်ဆံတယ်လို့ ထင်ပြီး ငါ့ကို မင်း ရှင်းပြချင်နေတာ မဟုတ်လား။ မင်းဆီက ဘာဖြေရှင်းချက်မှ ငါမကြားချင်ဘူးဆိုတာ မင်း နားမလည်ဘူး။ မင်းဟာ အလေအလွင့် ကလေကချေတစ်ယောက်ပဲ။ နက်မှောင်တောင်နဲ့ ဘာမှမသက်ဆိုင်တဲ့လူ။ မင်းဟာ မာန်မျိုးနွယ် အဖွဲ့ဝင် တစ်ယောက်တောင် မဟုတ်ဘူး။ ငါ့ကိုရှင်းပြနေရအောင် မင်းကဘာအဆင့်ရှိလို့လဲ။ မင်းအကြောင်းပြချက်တွေကို နားထောင်ဖို့ ငါ့အချိန်တွေကို မဖြုန်းနိုင်ဘူး"
ပေလင်း၏ အသက်ရှူသံမှာ ဒေါသကြောင့် မြန်ဆန်လာသည်။ အချိန်ခဏကြာမှ ပုံမှန်ပြန်ဖြစ်သွားသည်။ သူ ခေါင်းမော့လိုက်ချိန် အရင်လို သွေးအေးပြီး ခပ်တန်းတန်းဟန် ပြန်ဖြစ်သွား၏။
ပေလင်းနှင့် မနီးမဝေးတွင် ရပ်နေသော မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်ဖြစ်သူ ပိုင်လင်း၏ ဖခင်က မျက်မှောင်ကြုတ်၍ နေသည်။ သူက ပေလင်းကို တစ်လှည့်... စုမင် နောက်ကျောကို တစ်ချက်ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ထူးဆန်းသည့် အရောင်အဝါ တစ်ခု ရှန့်ဟန်၏မျက်လုံးထဲတွင် တစ်ခဏမျှ ပေါ်လာသည်။ သူက မြွေနက်ကြီးအမြီးပေါ်တွင် လေ့ချန်နဘေးနား ရပ်လို့နေ၏။ သူ ဘာတွေးနေသည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ မျိုးနွယ်စုထဲတွင် မာကျောခက်ထန်ပုံပေါ်သည့် သူ့အတွေးကို လူနည်းစုသာ မြင်နိုင်စွမ်း ရှိ၏။
အချိန်များ တရွေ့ရွ့ ကုန်ဆုံးလာသည်နှင့်အမျှ နက်မှောင်တောင်မှ လေပြည်စီးကြောင်း မျိုးနွယ်စုရှိရာသို့ အတော်ကလေး ခရီးပေါက်လာပြီ ဖြစ်သည်။ စုမင်သည် ဤခရီးကို ခြေကျင် ပြေးမည်ဆိုပါက အချိန်နှစ်ရက်ခန့် ယူရပေလိမ့်မည်။ ယခု အကြီးအကဲ၏ မြွေနက်ကြီးကြောင့် အလွန် ကြီးမားသည့် မျိုးနွယ်စု၏ နယ်စပ်မျဉ်းကို အချိန်နှစ်နာရီကျော်ကြာပြီးချိန်တွင် မြင်လာရလေ၏။
မျိုးနွယ်စု၏ အလယ်ဗဟို ညာဘက်ခြမ်းတွင် ရွှံ့ကျောက်များနှင့် တည်ဆောက်ထားသည့် မြို့တော်ကြီးတစ်ခု ရှိသည်။ ၎င်းမြို့ကြီးမှာ ကောင်းကင်မှ ကြည့်လျှင် ကြီးမားဟန်မပေါ်သော်လည်း မြွေနက်ကြီး မြေပြင်သို့ ဆင်းလာသည်နှင့်အမျှ ကြီးမားလှသည့် မြို့မြင်ကွင်းတစ်ခုလုံး ကွက်ကွက်ကွင်းကွင်း မြင်လာရလေ၏။
ကြီးကျယ် ခမ်းနားလှသည့် မြို့ကြီးကို ရွှံ့ကျောက်တို့နှင့် တည်ဆောက်ထားသည့် လူနေအိမ် အများအပြားက နေရာယူထားသည်။ မြို့တည်ဆောက်ပုံမှာ ရှုပ်ထွေးမနေဘဲ စနစ်ကျပြီး သန့်ရှင်းသပ်ရပ်မှု ရှိ၏။ မြို့လေးမှာ စုမင် မြင်တွေ့ခဲ့သည့် မီးလျှံမာန် မျိုးနွယ်စု၏ ပျက်စီးတိမ်းပါးသွားသော မြို့နှင့်ကြီးမားခန့်ညားပုံချင်း မယှဉ်သာသော်လည်း သူနေထိုင်ရာ နက်မှောင်တောင်ထက်တော့ အင်အား တောင့်တင်းလှသည်။
ကျုံးမြို့ရိုး တစ်ခုတည်းနှင့်တင် နက်မှောင်တောင် မျိုးနွယ်စုအနေဖြင့် လိုက်မမီနိုင်သော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ထင်ရှားလေသည်။
မြို့တွင်းနံရံမှာ ပေပေါင်းများစွာ မြင့်မားလှ၏။ လူတစ်ယောက်အနေဖြင့် မြေပြင်ပေါ်မှ မြို့ရိုးထိပ်သို့ ကြည့်မည်ဆိုလျှင် ခေါင်းကိုအဆုံးစွန်ဆုံးမော့ကြည့်မှသာ မြင်နိုင်ပေလိမ့်မည်။ စုမင်မှာ ဝေဟင်ထက်တွင် ရှိနေသော်လည်း ကြီးမားခံ့ထည်လှသော မြို့ရိုးနံရံများကို မြင်လိုက်ရချိန် သူ့ရင်မှာ ခုန်တက်သွားလေသည်။ ယခုကဲ့သို့ ခံစားနေရသည်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ။ မြွေနက်ကြီးပေါ်တွင် ထိုင်ရင်း အောက်သို့ငုံ့ကြည့်နေသည့် လေ့ချန်ပင် ရင်ထဲ၌ ရင်သပ်ရှုမောအံ့အားသင့်၍ နေသည်။
ဝူလလည်း အလားတူပင်။ ရွှံ့ကျောက်တို့နှင့် တည်ဆောက်ထားသည့် ဧရာမ မြို့တော်ကြီးကို မှင်တက်ငေးကြည့်နေမိ၏။ ထိုခံစားချက်မျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။ ပေလင်း တစ်ယောက်သာ ပကတိ တည်ငြိမ်နေသည်။
မြို့ကြီးတွင် လူထောင်ပေါင်းများစွာ နေထိုင်ကြသည့်တိုင်အောင် နေရာလွတ် အနည်းငယ် ကျန်နေသေး၏။ မြို့အလယ်ဗဟိုတွင် ပဉ္စဂံ ပုံသဏ္ဌာန်ရှိသည့် ဧရာမယဇ်တိုင်ကြီးတစ်ခု ရှိနေသည်။ ယဇ်တိုင်ကြီးမှာ အနက်ရောင် ပကတိ ဖုံးလွှမ်းနေပြီး ပေပေါင်းများစွာ ရှည်လျား၏။ ထိုနေရာမှာ ငှက်ရုပ်ပုံရိပ်တစ်ခုကို ထုဆစ်ပုံဖော်ထား၏။ ၎င်းယဇ်တိုင်ကြီးမှာ မြို့တော်၏ အထင်ကရ နေရာတစ်ခု ဖြစ်သည့်အပြင် ကြည့်လိုက်တိုင်း ရှေးကျသည့် ခံစားမှုတစ်ချို့ကို ပေးစွမ်းနေပြန်၏။
ရွှံ့မြေကျောက်သား မြို့တော် တစ်ခုတည်းသာ လေပြည်စီးကြောင်း မျိုးနွယ်စု၏ တန်ခိုးထွားမှုကို ပြသနေသည် မဟုတ်ပေ။ ဒေသ၏ အောင်နိုင်သူများဖြစ်သည့် အုပ်ချုပ်သူများမှာ ဘေးပတ်ဝန်းကျင်ရှိ လူမျိုးစု အဖွဲ့ငယ်လေးများ ဆက်သသည့် လက်ဆောင် ပဏ္ဍာတို့ကို လက်ခံရရှိသေး၏။ ၎င်းတို့သည် ကောင်းကင်ဘုံ မျိုးနွယ်စုများနှင့် အဆက်အသွယ်လုပ်ရာတွင် အရည်အချင်း ပြည့်မီသည့် တစ်ခုတည်းသော လူမျိုးစု ဖြစ်၏။ ထို့အပြင် ၎င်းရွှံ့မြေကျောက်သား မြို့တော် ဘေးပတ်လည်တွင် နက်မှောင်တောင် မျိုးနွယ်စုကဲ့သို့ အခြားမျိုးနွယ်စု ခြောက်ခုလည်း ရှိနေသည်။
၎င်းအဖွဲ့ခြောက်ခုစလုံးမှာ မူလက လေပြည်စီးကြောင်း မျိုးနွယ်စုထံတွင် လက်အောက်ခံ အဖြစ် ခိုလှုံခဲ့သူများ ဖြစ်သည်။ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ၎င်းတို့မှာ လေပြည်စီးကြောင်း မျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီ ဖြစ်သည်။
စုမင်သည် မြေပြင်ပေါ်မှ မျိုးနွယ်စုကြီးကို တအံ့တဩ ငေးကြည့်နေမိ၏။ လေပြည်စီးကြောင်းမျိုးနွယ်သည် သူ ထင်ထားသည်ထက် အင်အားပိုကြီး၏။ ၎င်းမျိုးနွယ်စု၏ တန်ခိုးအစွမ်းမှာ စုမင်အတွက် နတ်ဘုရားတို့နှင့် ခြားမနားပင်။ ၎င်းမျိုးနွယ်စုသည် ရန်သူမှန်သမျှ ချေမှုန်းနိုင်စွမ်း ရှိကြလေ၏။
မြွေနက်ကြီး မြေပြင်ပေါ် ခြေချလိုက်သည်နှင့် လေပြည်စီးကြောင်း မျိုးနွယ်စုမှ လူများသည် ခေါင်းမော့ပြီး သူတို့အား စူးစမ်းသလို ဝိုင်းကြည့်နေကြ၏။ စုမင်မှာ အိပ်မက်,မက်နေသလားဟု ထင်မှတ်မိသော်လည်း လေပြေစီးကြောင်း မျိုးနွယ်စုများကြားတွင်တော့ သူတို့အားလုံး၏ အမူအရာများက မာန်မာနထောင်လွှားတက်ကြွမှု အပြည့်နှင့် ရှိနေကြသည်။
"ဒါက လေပြည်စီးကြောင်း မျိုးနွယ်စုပဲ”
အကြီးအကဲ၏အသံက မြွေနက်ကြီးပေါ်မှ ထွက်ပေါ်လာသည်။
“အရင်တုန်းက နက်မှောင်တောင် အဖွဲ့ရဲ့ လက်အောက်ခံ ဖြစ်ခဲ့ဖူးတဲ့ အဖွဲ့ဟာ အခုတော့... ဒီဒေသမှာ အင်အား အကြီးမားဆုံး ဖြစ်လာပြီ"
"အကြီးအကဲ၊ အတိတ် ကာလတုန်းက နက်မှောင်တောင်ဟာ လေပြည်စီးကြောင်း မျိုးနွယ်စုလို ဘုန်းတန်းခိုး ကြီးမားခဲ့လား”
ဝူလက မေးခွန်းထုတ်လိုက်၏။
အကြီးအကဲက မည်သည့်စကားမှ မပြောဘဲ ငြိမ်နေသည်။ သို့သော် သူ့မျက်လုံးများမှာ အနည်းငယ်မျှ တောက်ပသွားလေ၏။
ထိုအခိုက် နူးညံ့သိမ်မွေ့သည့် ရယ်မောသံတစ်ခု လေပြည်စီးကြောင်း မျိုးနွယ်စုထံမှ ပျံ့လွင့်လာသည်။
"မော့စန်း... လေပြည်စီးကြောင်း မျိုးနွယ်စုဆီ အရောက် လာပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်”
***