မြေးအဘိုးနှစ်ယောက် ဆုံစည်းရာတွင်
Vol. 95 Ch. 1321
“မင်း” အပြင်သူတာအိုဥသျှောင်မှာ ချက်ချင်း မျက်နှာပျက်သွားသည်။ ဘယ်နေရာရောက်နေမှန်း သူ မသိသော်လည်း ဤနေရာ၏ သေခြင်းအငွေ့အသက်များမှာ အလွန်အားကောင်းကြောင်း အာရုံရနေသည်။
သေခြင်းအငွေ့အသက်အတွင်း၌ ချုပ်နှောင်ဓာတ်တစ်မျိုးလည်း တည်ရှိနေသည်ကို သူ ပြောနိုင်သည်။ သို့ထိတိုင် ထိုအရာက ကြောက်စရာအကောင်းဆုံးမဟုတ်သေး။ အားလုံးအထဲ ကြောက်စရာအကောင်းဆုံးမှာ ... ဤနေရာ၌ သူ့ထက်ပင် ချောက်ချားဖွယ်ကောင်းသည့် အရှိန်အဝါများ ရှိနေကြောင်း သူ ခံစားလိုက်ရခြင်းဖြစ်သည်။
တစ်ဦးတစ်ယောက်ချင်းစီသည် ... ပါရာဂွန်အဆင့်နှင့် ညီမျှနေ၏။
ထိုမျှသာမက ထိုအရှိန်အဝါမှာ သူ၏ချီသွေးနှင့် ကျင့်ကြံခြင်းအခြေခံအတွက် စောင့်စားနေသည့်အလား ... ကမူးရှူးထိုး ဖြစ်နေသည်၊ လောဘတက်နေသည်၊ ဆာလောင်နေသည်။
ရုတ်တရက် အပြင်သူတာအိုဥသျှောင် ဤနေရာက မည်သည့်နေရာလဲ နားလည်လိုက်၍ သူ့နှလုံးသားတွင် အံ့ဩခြင်းလှိုင်းတံပိုးကြီးများ ထကြွလာတော့သည်။
“ငရဲဘုံ ၃၃ ဘုံ”
ငရဲဘုံ ၃၃ ဘုံကို သူ သိသည်။ ၎င်းကား ဟိုးယခင်တုန်းက ပါရာဂွန်များကို ပါရာဂွန်ကိုးတံဆိပ် ချုပ်နှောင်ပိတ်လှောင်ထားခဲ့သည့် နေရာတစ်နေရာပင်။ အမှန်တွင် ကောင်းကင်ဘုံ ၃၃ ဘုံသည် ငရဲဘုံ ၃၃ ဘုံနှင့်ပတ်သက်၍ အသေးစိတ်ထောက်လှမ်းစုံစမ်းခဲ့၍ ... တောင်ပင်လယ်လောကသားများအတွက် ၎င်းသည် ကံကောင်းမှုနှင့် ကံဆိုးမှုတို့ ဒွန်တွဲနေသော နေရာတစ်နေရာဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့လေသည်။ သို့သော် ... တောင်ပင်လယ်လောကသားမဟုတ်သူများအတွက်တော့ ၎င်းက မုချသေကိုသေရမည့် နေရာပင်။
ဤအခိုက်အတန့်တွင် သူ့မှာ ဤငရဲဘုံ ၃၃ ဘုံ၏ အစားခံရတော့မည့် အစာဖြစ်လာခဲ့သည့်အလား ခံစားလိုက်ရသည်။
“မဖြစ်ဘူး” သူက ဒေါသတကြီး ဟိန်းဟောက်ရင်း အပေါ်မှထွက်ရန် ကြိုးစားသော်လည်း မန်ဟိုက သူ့ကို ခွင့်ပြုမည်လော။ မန်ဟိုသည် ဤအပြင်သူကို ထောင်ချောက်ဆင်ဖို့ ဤအခြေအနေတစ်ခုလုံးကို စီစဉ်ထားခဲ့သည်သာမက အတွင်းထဲအထိ ဝင်၍ပင် မျှားခေါ်ခဲ့၏။ ထိုလူ့ကို ထွက်လာခွင့် မည်ကဲ့သို့ပေးနိုင်မည်နည်း။
“ပါရာဂွန်ကိုးတံဆိပ်ရဲ့ဆက်ခံသူ ဒါမှမဟုတ် သူ့ရဲ့အသိအမှတ်ပြုမှု ရရှိထားတဲ့ လူကလွဲပြီး” မန်ဟိုက ပြောသည်။ “ဘယ်သူမှ ဒီနေရာမှာ ကျင့်ကြံအဆင့်မမြှင့်နိုင်ဘူး။ ဒီအပြင်သူတာအိုဥသျှောင် ... အဲဒီနေရာမှာ သေချာပေါက် သေရလိမ့်မယ်” လောဘ၏အသက်စွမ်းအားအနှစ်သာရက သူ့ကိုယ်ထဲတွင် ပေါ်ထွက်လာသဖြင့် သူ့မျက်လုံးများ တောက်ပလာသည်။ ငရဲဘုံ ၃၃ ဘုံသည် ရုတ်တရက် တုန်ရီလာ၏။ မြူများ လွင့်မျောထွက်လာပြီး ဒေါသတကြီးဟိန်းသံများနှင့်အတူ သံကြိုးချင်းရိုက်ခတ်သံများ ကြားလာရသည်။
မန်ဟိုက ညာလက်ကို ဝှေ့ယမ်းရင်း ပါရာဂွန်တံတားကို ဆင့်ခေါ်သည်။ ၎င်း ကျဆင်းသွားစဉ် လောဘ၏အသက်စွမ်းအားအနှစ်သာရ ပေါ်ထွက်လာသည်။ အကွဲကြောင်းအတွင်းရှိ မြူများ သိပ်သည်းလာရုံသာမက ထို့အတွင်းရှိ ကမ္ဗည်းကျောက်စာတိုင်၏အောက်ခြေရှိ မြေကြီးသည် ကွဲအက်လာပြီး ဧရာမဆွဲအားကြီး ထွက်လာ၏။
အပြင်သူတာအိုဥသျှောင်၏မျက်နှာတွင် အံ့ဩမှုတို့ ဖြတ်ပြေးသွားပြီး သူက ဒေါသတကြီး ဟိန်းလိုက်သည်။ ယခုတွင် သူ့မှာ လွတ်အောင် ရုန်းဖို့ အစွမ်းကုန်ထုတ်ရင်း တဆတ်ဆတ် တုန်နေလေသည်။ ထိုအချိန်တွင် သံကြိုးတစ်ကြိုးက လေကိုခွင်းလာရင်း သူ့ကို ရစ်ပတ်လိုက်၏။ ထို့နောက် ဘီလူးကြီးတစ်ကောင် ချဉ်းကပ်လာနေသည့်အလား မြူများ တဖွေးဖွေးလှုပ်လာပြီး တစ်ဆက်တည်းမှာ အပြင်သူမှာ ဆွဲချခံလိုက်ရသည်။
အံ့မခန်းလိလိ ဆွဲအားက အပြင်သူကို လှုပ်မရအောင် ချုပ်ထားသည်။ အကွဲကြောင်းသည်လည်း ဖြည်းဖြည်းချင်း ပိတ်လာသဖြင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့အကြည့်ထဲတွင် အမျက်ဒေါသနှင့် အမုန်းတရားတို့ အဆိပ်ပြင်းလျက်ရှိ၏။
“မလုပ်နဲ့”
သူ ဟိန်းဟောက်နေသည့်အချိန်မှာပင် သွေးရောင်အလင်း ဖြာထွက်လာသဖြင့် တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။ ၎င်းသည် ပါရာဂွန်တစ်ဦး၏အရှိန်အဝါကို ထုတ်လွှတ်နေသော ဒိုင်းတစ်ဒိုင်းဖြစ်၏။ ထိုဒိုင်းဖြင့် သူက ဘီလူးကြီး၏သံကြိုးမှ ရုန်းထွက်နိုင်သွား၍ ကောင်းကင်သို့ ပျံတက်သွားတော့သည်။
သို့သော် သူ အကွဲကြောင်းအနား ရောက်သွားသည့်အချိန်မှာပင် ... ၎င်းကား ပိတ်သွားလေပြီ။
ဝုန်း
အပြင်သူတာအိုဥသျှောင်က မချင့်မရဲ အော်ဟစ်လိုက်ပြီး အောက်ရှိ မြူများကို ငုံ့ကြည့်လိုက်စဉ် သူ့မျက်လုံးများတွင် အကြောက်တရားတို့ ပြည့်နှက်လာသည်။ ကြည့်ရသရွေ့ မြူများအပေါ် ဆွဲအားသက်ရောက်မှု မရှိသယောင်ပင်။ ကြည့်နေရင်းတန်းလန်း လောဘတက်နေသော မျက်ဝန်းတစ်စုံ မြူထဲ၌ ပေါ်လာခဲ့သည်ကို သူ သတိထားမိလိုက်၏။
သူ့ကို ပို၍ပင်တုန်လှုပ်သွားစေသည်က ဤကမ္ဘာ၏ထွက်ပေါက် ပိတ်သွားပြီးနောက် ... တစ်နေရာလုံး နိုးထလာခဲ့သည့်အလား သူ ခံစားလိုက်ရ၍ပင်။ မြေကြီး၏ဟိုးအောက်ထဲမှ အသံတစ်သံက မျှော်လင့်မှု၊ တပ်မက်မှုအပြည့်ဖြင့် တဟားဟားရယ်ရင်း စကားပြောသည်။
“အသွေးအသား... ဝိညာဉ်... ကျင့်ကြံခြင်းအခြေခံ...
“ငါ သူ့ကို စားလိုက်ရင် ငါ့အသက်ကို နောက်နှစ်သောင်းအထိ ဆွဲဆန့်နိုင်ပြီ...
“တာအိုဥသျှောင်အသားမစားရတာ အင့်မတန်အင်မတန် ကြာခဲ့ပြီပဲ....”
တုန်ရီနေသော အပြင်သူတာအိုဥသျှောင်က သူ့တွင် ရှိသမျှအစွမ်းအားလုံးကိုသာမက သူ၏အသက်စွမ်းအားများကို သွေးရောင်ပါရာဂွန်ဒိုင်းထဲ စီးဆင်းစေလိုက်သည်။
သူ့မှာ အစားမခံရခင် ထွက်ပေါက်ကို ဖွင့်၍ ပြေးနိုင်ရန် မျှော်လင့်ရင်း ခေါင်းပေါ်ရှိ ကောင်းကင်းအမိုးကို ထုနှက်လိုက်လေသည်။ သူ၏မျက်လုံးကြီးများကလည်း နီရဲတောက်နေသည်။
ငရဲဘုံ ၃၃ ဘုံ၏အပြင်တွင်တော့ မန်ဟို့မျက်နှာမှာ ဖြူဖျော့နေသည်။ သူက နှုတ်ခမ်းမှ သွေးများကို သုတ်ပြီး ရိပ်ခနဲ ထွက်သွားသည်။ ငရဲဘုံ ၃၃ ဘုံမှ ထွက်လာပြီးနောက် သူသည် အမှောင်ဒေသကို ပြန်ကြည့်ပြီး မျက်လုံးများ အေးစက်စွာ တောက်ပသွား၏။
“ဒီအပြင်သူတာအိုဥသျှောင်ဟာ ဒီနေရာမှာ အသတ်ခံရပြီး ဒီနေရာအတွက် မြေဩဇာဖြစ်လာလိမ့်မယ်။ ဒါဆို ငါ နောက်ပိုင်းပြန်လာတဲ့အခါ အစွမ်းပိုထက်လာဖို့ အဲဒီစွမ်းအားကို စုပ်ယူနိုင်ပြီ... သူ အသတ်မခံရရင်တောင် အနည်းဆုံးတော့ အချိန်တစ်ခုအထိ ပိတ်မိနေဦးမှာပဲ” ထိုအပြင်သူတာအိုဥသျှောင် သုံးခဲ့သော သွေးရောင်ဒိုင်းနှင့် ၎င်း ထုတ်လွှတ်ခဲ့သည့် အရှိန်အဝါကို တွေးကြည့်လိုက်လျှင် ပါရာဂွန်တစ်ဦးမှ လက်ဆောင်ပေးခဲ့သည့် အကာအကွယ်ပစ္စည်းဖြစ်ကြောင်း ထင်ရှား၏။
“သူ ထွက်ပေါက်ကို ရှာတွေ့ရင်တောင်မှ ကြာဦးမှာ။ အဲဒီအချိန်ကျရင် ငါ့အနေနဲ့ တာအိုဥသျှောင်တစ်ဦးကို သတ်နိုင်အောင် ပြင်ဆင်ထားသင့်တယ်” မန်ဟိုသည် ငရဲဘုံ ၃၃ ဘုံမှ လှည့်ထွက်လာခဲ့၏။ ယခုတွင် သူ၏နတ်ဘုရားအာရုံမှာ အဖိနှိပ်မခံထားရတော့၍ ၎င်းကို အဋ္ဌမတောင်ပင်လယ်တစ်ခွင် ဖြန့်ကျက်လိုက်သည်။
တောင်ပင်လယ်လောကသားကျင့်ကြံသူများ ကောင်းကင်ဘုံ (၁) မှ အပြင်သူများနှင့် သူသေကိုယ်သေ တိုက်ခိုက်နေသည်ကို သူ တွေ့လိုက်ရ၏။ သတ္တမနှင့် အဋ္ဌမတောင်ပင်လယ်စစ်ပွဲကြောင့် ကျင့်ကြံသူများသည် တိုက်ပွဲများနှင့် ရင်းနှီးကျွမ်းဝင်လာ၍ သူတို့၏တိုက်ကွက်များကို ရှေ့တန်းနှစ်တန်းပေါ်၌ အားစိုက်ထားကြသည်။
ထိုရှေ့တန်းနှစ်တန်းအပြင် အဓိကတိုက်ပွဲကြီးသည် ... အဋ္ဌမတောင်ပင်လယ်ပေါ်တွင် တိုက်ခိုက်နေ၏။
အဋ္ဌမတောင်ပင်လယ်သခင်နှင့် အပြင်သူတာအိုဥသျှောင်၏ ကိုယ်ပွားငါးကိုယ်ထဲမှ တစ်ကိုယ်က တစ်ယောက်တစ်ပြန် တိုက်ခိုက်ရင်း အဋ္ဌမတောင်တစ်တောင်လုံးကို တုန်ခါနေစေသည်။ မှော်သိုင်းကွက်များ၏ လှိုင်းဂယက်များ ဖြာထွက်နေစဉ် မန်ဟိုသည် တာအိုဥသျှောင်ကိုယ်ပွားကို အဆက်မပြတ် ထိုးနှက်နေသော သူ့အဘိုးဖြစ်သူကို လှမ်းမြင်လိုက်၏။
“ဘိုးဘိုး...” သူက ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ သတ္တမတောင်ပင်လယ်ကျင့်ကြံသူများနှင့် ကောင်းကင်ဘုံ (၁) မှ အပြင်သူများ ပြည့်နေသည့် စစ်မြေပြင်တစ်ခုအပေါ်၌ ဖြစ်သည်။ သူ ပေါ်လာလျှင်ချင်း သူ၏ကျင့်ကြံခြင်းအခြေခံက သက်ဝင်လှုပ်ရှားလာပြီး သူ၏နတ်ဘုရားအာရုံက လိမ့်ထွက်ရိုက်ခတ်သွားသည်။ အနားရှိ အပြင်သူတစ်ဝက်တိတိမှာ မချိတင်ကဲအော်ဟစ်ရင်း ခေါင်းများပေါက်ကွဲကုန်ကြသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် ပျောက်ကွယ်သွားပြန်သည်။ ဤတစ်ခေါက်တွင် အဋ္ဌမတောင်ပင်လယ်ကျင့်ကြံသူများ၏ စစ်မြေပြင်တစ်ခု၏ထက်၌ ပြန်ပေါ်လာသည်။ ထပ်မံ၍ သူ၏နတ်ဘုရားအာရုံသည် လိမ့်ဖြာထွက်ရင်း အပြင်သူတစ်ယောက်ပြီးတစ်ယောက်ကို ပေါက်ကွဲသွားစေသဖြင့် မချိတင်ကဲအော်ဟစ်သံများ ဆူညံသွားတော့သည်။
သေကြေပျက်စီးနှုန်းက အပြင်သူများ၏ ရင်ထဲတွင် ထိတ်လန့်အံ့ဩမှုတို့ ပြည့်နှက်သွားစေသည်။ သို့သော် မန်ဟိုက ရပ်ပင်မရပ်။ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး အဋ္ဌမတောင်ထိပ်တွင် ပြန်ပေါ်လာသည်။
သူ ပေါ်လာသော အခိုက်အတန့်တွင် သူ့အဘိုးက တောင်ပင်လယ်စွမ်းအားဖြင့် တိုက်ကွက်တစ်ကွက်ကို ထုတ်လွှတ်နေသည်။ အပြင်သူတာအိုဥသျှောင်ကိုယ်ပွားမှာ သွေးတချို့အန်ရင်း နောက်ဆုတ်လိုက်၏။ သို့သော် မန်ဟိုက အသတ်အဖြတ်စိတ်ဆန္ဒဖြင့် မျက်လုံးများတောက်ပနေလျက် သူ့အနောက်၌ ပေါ်လာပြီးနောက် လက်သီးဆုပ်ကာ နတ်ဘုရားသုတ်သင်လက်သီးဖြင့် ထိုးချလိုက်သည်။
ကိုယ်ပွား၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူ့တွင် ရှောင်ချိန်မရလိုက်ပေ။ လက်သီးက သူ့ကျောပေါ်တည့်တည့် ကျရောက်လာခဲ့သည်။ သူ့ကိုယ်တစ်ပိုင်းလုံး ချက်ချင်း ကြေမွသွား၍ သူ့မှာ မချိတင်ကဲ အော်ဟစ်ရင်း မန်ဟို့ထံမှ ခွာလိုက်သည်။ သူ့ခန္ဓာကိုယ်က ပြန်ကုစားနေသော်လည် သူ့အရှိန်အဝါသည် ဆိုးဆိုးရွားရွား အားနည်းသွားခဲ့၏။
သူသည် နောက်လှည့်ကြည့်၍ မန်ဟို့ကို မြင်သောအခါ မျက်နှာပျက်သွားတော့သည်။
“မင်းမသေသေးဘူးလား။ လောင်လင်းစစ်ရော ဘာဖြစ်သွားပြီလဲ”
“သူ့နာမည်က လောင်လင်းစစ်ပေါ့လေ” မန်ဟိုက အေးစက်စက် ပြန်ဖြေပြီး ခြေတစ်လှမ်းတက်လိုက်သည်။ ထိုအခိုက်၌ အဋ္ဌမတောင်ပင်လယ်သခင်၊ မန်ဟို့အဘိုးက ချဉ်းကပ်လာသည်။ မန်ဟိုဖြစ်ကြောင်းမြင်လျှင် သူ့မှာ စိတ်သက်သာရာရသွားပြီး သူ့မျက်ဝန်းများသည် ချစ်မြတ်နိုးမှု၊ လွမ်းဆွတ်မှုတို့ဖြင့် တောက်ပလာသည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူ့မြေးငယ်လေး ယခုလို ကြီးပြင်းလာခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အပြင်သူတာအိုဥသျှောင်၏မျက်နှာ ပျက်သွားပြန်ပြီး မယုံနိုင်တော့ပေ။ လောင်လင်းစစ်၏ အတိုက်အခိုက်စွမ်းရည်ကို သူ ကောင်းကောင်းသိသည်။ ၎င်းက သူ့ထက် အတန်ငယ်အားနည်းသော်လည်း သူ ငါးကိုယ်ခွဲထားသည့်အချိန်တွင် လောင်းလင်းစစ်သည် ကိုယ်မခွဲဘဲ ဤလူ့ကို သတ်ဖို့ ကြိုးစားခဲ့သည်။ ထို့ကြောင့် လောင်လင်းစစ်အနေဖြင့် အတိုက်အခိုက်စွမ်းရည်အပြည့်အဝ သုံးနိုင်ခဲ့မည်။
သို့ထိတိုင် သူ့မှာ ရှုံးနိမ့်ခဲ့ရသေးလေသည်။
ဤအခိုက်အတန့်တွင် လောင်လင်းစစ်၏ အရှိန်အဝါ ပျောက်ကွယ်သွားခဲ့ကြောင်း သူ အာရုံရလိုက်သည်။ ဤအခြင်းအရာက ကိုယ်ပွားကို ပင့်သက်ရှိုက်မိသွားစေပြီး သူသည် တွန့်ဆုတ်မနေဘဲ ထွက်ပြေးတော့၏။ ဤတိုက်ပွဲတွင် သူ၏တွက်ချက်မှုများစွာ မှားယွင်းခဲ့လေပြီ။
သူသည် ဤတောင်ပင်လယ်သခင်ကို လျှော့တွက်ခဲ့မိ၏ ... အမှန်တွင် သူ့ကိုယ်ပွားအားလုံး တောင်ပင်လယ်လောကအနှံ့အပြားတွင် ထိုးနှက်ခံနေရသည်။ အားလုံးအထဲ အဆိုးဆုံးမှာ သူ့ကို ထပ်ခါတလဲလဲ အနိုင်ယူခဲ့သည့် ဤအဋ္ဌမတောင်ပင်လယ်သခင်ပင်။
ယခုလေးတင် ပေါ်လာခဲ့သည့် ကျင့်ကြံသူမှာမူ သူ့ထက် ကျင့်ကြံအဆင့်နိမ့်သယောင် ထင်ရသော်လည်း ပါရာဂွန်တစ်ဦး၏တိုက်ကွက်ကို ခုခံနိုင်ခဲ့သလို၊ လောင်လင်းစစ်ပင် သူ့အတွက် ပြိုင်ဘက်မဟုတ်ခဲ့ပေ။ အပြင်သူတာအိုဥသျှောင်ကိုယ်ပွား၏ ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိသည်... ယင်းက ပြေးရန်ပင်။
“မင်း သွားနိုင်ပြီလို့ ငါ ပြောလား” ဘိုးဘိုးမန်က ပြောသည်။ သူက ညာခြေကို ဆောင့်နင်းလိုက်ရာ ဧရာမချုပ်နှောင်အမှတ်အသားတစ်ခု ပေါ်လာသည်။ အပြင်သူတာအိုဥသျှောင်၏ပတ်ပတ်လည် ကြယ်တာရာကောင်းကင်မှာ ပုံပျက်ရှုံ့တွလာ၏။
တစ်ချိန်တည်းမှာပင် မန်ဟိုသည် ညာလက်ကို ဆန့်တန်းရင်း မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ လက်ညှိုးထိုး၏။ ၎င်းကား အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ပင်။ မန်ဟိုသည် လောင်လင်းစစ်အတွက် ပြိုင်ဘက်မဟုတ်ခဲ့သော်လည်း ဤသည်မှာ တာအိုဥသျှောင်၏ ကိုယ်ပွားတစ်ခုသာ မဟုတ်ပါလော။ သူ့ကို သတ်ဖြင်းက လက်ကလေးလှန်သလို လွယ်လိမ့်မည်။
မန်ဟို သူ့လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ကိုယ်ပွားမှာ အံ့အားသင့်နေသောအမူအရာဖြင့် တုံ့ခနဲ ရပ်သွားလေသည်။ ဘိုးဘိုးမန်လည်း မန်ဟို့ကို တအံ့တဩ လှမ်းကြည့်ကာ ပြော၏။ “ဟင်”
မန်ဟိုက သူ့လက်ချောင်းကို ဝှေ့ယမ်းလိုက်ပြန်သည်။
၎င်းကား သတ္တမမိစ္ဆာချုပ်နှောင်မန္တန် ၊ ကံကြွေးမန္တန်ပင်။
အုန်းခနဲ အသံကြီး ကြားလိုက်ရစဉ် အပြင်သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ၏ကံကြွေးသည် ဖရိုဖရဲဖြစ်သွားလေပြီ။ ထို့နောက် ဆဋ္ဌမမန္တန်က သူ့နဖူးထက်တွင် မီးခိုးရောင်ချုပ်နှောင်သင်္ကေတတစ်ခုကို ပေါ်လာစေသည်။ ထို့နောက် သင်္ကေတသည် ဖောင်းခနဲ ကွဲကြေရင်း သူ့ခေါင်းထဲ ဝင်သွား၏။ သို့သော် သူကား မသေသေး။ သူက လျင်မြန်စွာ သက်သာလာသော်လည်း ယခင်ထက်ပင်ပို၍ အားနည်းသွားလေပြီ။
ထို့နောက် ပဉ္စမမန္တန်၊ အတွင်း-အပြင်မန္တန် ပေါ်လာသည်။ အကွဲကြောင်းများက သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြာထွက်သွားပြီး ကိုယ်ပွားသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသဖြင့် ... သွေးပျက်စွာ အော်သံကြီး ပဲ့တင်ထပ်ကျန်ခဲ့၏။
သို့သော် ဤမျှနှင့်မပြီးသေး။ သူ ပြိုကွဲသွားသည့်အချိန်မှာပင် မန်ဟိုက ဒုတိယမန္တန်ကို ထုတ်လွှတ်လိုက်သည်။
ရှင်ခြင်း-သေခြင်းမန္တန်
သူ၏ပြိုကွဲနေသော ခန္ဓာကိုယ် ပြန်လည်ဖြစ်ပေါ်လာပြီး အဝေးထွက်ပြေးသွားသည့်အချိန်မှာပင် သူ့ခန္ဓာကိုယ်၏အစနအများသည် အစစ်အမှန်မှ ... အတုအယောင်ဖြစ်သွား၏။
သူမသေခင် ငယ်သံပါအောင် အော်သံကြီး ဟိန်းထွက်သွားသည်။ သူနှင့်ပတ်သက်သမျှ အရာအားလုံး ပြာကျသွားလေပြီ။ ဤအပြင်သူတာအိုဥသျှောင်ကိုယ်ပွားကား မန်ဟို့အတွက် သေချာပေါက် ပြိုင်ဘက်မဟုတ်ပေ။
မန်ဟို၏အတိုက်အခိုက်စွမ်းရည်က ခိတိဂဗ္ဗနှင့် တစ်ဆင့်တည်းမဟုတ်သော်လည်း တောင်ပင်လယ်လောကတွင် ထိပ်တန်းပညာရှင်တစ်ဦး စာရင်းဝင်သေးသည်။
“တော်တယ်” ဘိုးဘိုးမန်က အားရဝမ်းသာစွာ ရယ်ရင်း ပြောသည်။ မန်ဟို့ကို ကြည့်နေစဉ် သူ့မျက်ဝန်းထဲရှိ ချစ်ခြင်းမေတ္တာသည် ကြည်လဲ့နေ၏။
မန်ဟိုက စိတ်လှုပ်ရှားစွာ လှည့်၍ လက်ယှက်အရိုအသေပေးသည်။ “ဟိုအာ ဘိုးဘိုးကို ဂါဝရပြုပါတယ်”
မြေးအဘိုးနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေပြီး သူ့နှလုံးသားထဲတွင် စကားလုံးများစွာမသုံးဘဲ ဖော်ပြရခက်သော အမှတ်တရများ၊ ခံစားချက်များ ပြည့်နှက်နေသည်။ နောက်ဆုံးတော့ မန်ဟိုက ဘိုးဘိုးဖန်အကြောင်း မေးလိုက်သည်။
တခဏကြာ တိတ်ဆိတ်နေပြီးနောက် ဘိုးဘိုးမန်မန်က သက်ပြင်းချကာ ပြောသည်။ “သူက .. တောင်ပင်လယ်လောကထဲမှာ မဟုတ်ဘူး
“ဘိုးဘိုးက စီနီယာအပြင်သူ ညွှန်ကြားခဲ့တဲ့အတိုင်း လုပ်ခဲ့လို့ အဋ္ဌမတောင်ပင်လယ်သခင် ဖြစ်လာခဲ့တယ်။ ကံဆိုးစွာနဲ့ အဲဒီကတည်းက အိပ်ပျော်သွားခဲ့တာပဲ။ ဒါပေမဲ့ မြေးရဲ့ ဘိုးဘိုးဖန်က မြေးအဖေထက်အောင် လက်ရုံးရုည်နဲ့ ပြည့်စုံတဲ့ ပါရမီရှင်စစ်သည်တော်တစ်ဦးကွယ့်။ ဒါနဲ့ စီနီယာအပြင်သူလည်း သူ့ကို သဘောကျသွားပြီး အင်မတန်အရေးပါတဲ့ တာဝန်တချို့ ပေးခဲ့တယ်လေ...”
တခဏနှုတ်ဆိတ်နေပြီးနောက်တွင် မန်ဟိုက သူ့အဘိုးကို ကြည့်၍ မေးသည်။ “ဘိုးဘိုးပြောတဲ့ စီနီယာအပြင်သူက ဘယ်သူလဲ"