← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၁ + ၅၂

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ပြင်းထန်လှသော လက်သီးချက်များနှင့် ခြေကန်ချက်များသည် လေချန်၏ ခန္ဓာကိုယ်ထက်သို့ မိုးသီးများသဖွယ် တရစပ် ကျဆင်းလာတော့၏။

တစ်ချိန်က အလွန်အမင်း မောက်မာခဲ့သော လေချန်သည် လင်းချန်၏ ညှာတာမှုကင်းမဲ့သည့် မုန်တိုင်းဆန်သော တိုက်စစ်အောက်တွင် အလူးအလဲ ခံနေရလျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ပင် ပြန်ကျခွင့်မရတော့ဘဲ လေဟာပြင်ထဲ၌သာ တောက်လျှောက်ဆိုသလို လွင့်စင်နေရတော့၏။

သေခြင်းရှင်ခြင်းစင်မြင့်အောက်၌ လာရောက်ကြည့်ရှုနေကြသော အတွင်းစည်းနှင့် အပြင်စည်း နတ်ဓားဂိုဏ်း တပည့်များအားလုံး၏ မျက်နှာထက်တို့၌ အံ့သြမှင်သက်မှုများက အထင်းသား ပေါ်လွင်နေလျက်ရှိသည်။

သေချာပေါက် ရှုံးမည်ဟု သူတို့ မှတ်ယူထားခဲ့သော လင်းချန်သည် လေချန်အား ခုခံနိုင်စွမ်း လုံးဝမရှိတော့သည်အထိ ရက်စက်စွာ ရိုက်နှက်နေနိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

လင်းချန် နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကို ကျော်ဖြတ်ပြီးစီးသွားသည့်တိုင်အောင် နေယွမ်နယ်ပယ်၌သာ ရှိနေသေးသူ ဖြစ်၏။

သို့သော် သူ၏ တိုက်ခိုက်မှုတစ်ချက်ချင်းစီတိုင်းသည် သစ်ကိုင်းခြောက်များကို ချိုးဖဲ့လိုက်သကဲ့သို့ လေချန်၏ အကာအကွယ် စိတ်ဝိညာဉ်စွမ်းအင်များကို အလွယ်တကူပင် ထိုးဖောက်သွားနိုင်စွမ်းရှိနေသည်။

လေချန်၏ အကာအကွယ်အဖြစ် အသုံးပြုထားသော အစွမ်းထက်လှသည့် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များသည် လင်းချန်၏ ရှေ့မှောက်၌မူ ပါးလွှာသော စက္ကူစအလား လုံးဝ အသုံးမဝင်တော့ချေ။

တပည့်တစ်ဦးက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ "ဒီလင်းချန် သိုင်းဝိညာဉ်သားရဲကနေ လူယောင်ဖန်ဆင်းထားတာများလားကွ..."

"နေယွမ်နယ်ပယ်မှာ ပြိုင်ဘက်ကင်းတာတဲ့လား...။ ငါထင်တာတော့ နေယွမ်နယ်ပယ်တင်မကဘူး... နိဗ္ဗာန်နယ်ပယ်မှာပါ ပြိုင်ဘက်ကင်းနေသလို ခံစားနေရတယ်..."

"သူသာ နိဗ္ဗာန်နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ရင်... ဘယ်လောက်တောင်များ အစွမ်းထက်လာမလဲဆိုတာ တွေးကြည့်စမ်း...။ တကယ့်ကို နှမြောစရာပဲကွာ..."

လေချန်၏ စွမ်းရည်ကို လေ့လာရန် လာရောက်ကြသော အတွင်းစည်းတပည့်များ၏ စိတ်အစဉ်ထဲ၌ အံ့ဩမှင်သက်မှုများနှင့်အတူ နောင်တတရားများလည်း အပြင်းအထန် ဖြစ်ပေါ်နေကြ၏။

ရုတ်တရက် လေချန်၏ ဒေါသအပြည့်ဖြင့် အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ "အား... တော်လောက်ပြီ..."

စင်မြင့်ပေါ်ရှိ လေချန်သည် ထိုကဲ့သို့ အရှက်ရမှုကို ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အလွန်အမင်း ဒေါသပေါက်ကွဲလာတော့သည်။

သူသည် လေထဲတွင် ကြိုးဖြင့် ဆွဲချိတ်ခံထားရသည့်အလား အဆက်မပြတ် အရိုက်ခံနေရပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးဟူ၍ အရိပ်အယောင်မျှပင် မရနိုင်ဖြစ်နေ၏။

အလွန်အမင်း ဒေါသထွက်လွန်းလှသဖြင့် လေချန်သည် ရုတ်တရက်ဆိုသလို သူ၏ ခြေလက်များကို ဘေးသို့ အားကုန် ဖြန့်ကားပစ်လိုက်ရာ ပြင်းထန်လှသော မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များက စက်လုံးပုံသဏ္ဌာန် အကာအကွယ်တစ်ခုအဖြစ် ရုတ်ချည်း ထွက်ပေါ်လာပြီး လင်းချန်အား ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားစေတော့၏။

ထိုလှုပ်ရှားမှုကြောင့် လေချန်၏ စိတ်ဝိညာဉ်စွမ်းအင်များစွာ လျင်မြန်စွာ ကုန်ခမ်းသွားရသော်ငြား နောက်ဆုံးတွင်တော့ လင်းချန်၏ ညှာတာမှုကင်းမဲ့လှသော တိုက်ခိုက်မှုအောက်မှ လွတ်မြောက်သွားကာ မြေကြီးပေါ်သို့ ပြန်လည် ကျဆင်းသွားနိုင်လာသည်။

လင်းချန် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် သူ၏ ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို အားကုန် ဆောင့်နင်းလိုက်ရာ တဝုန်းဝုန်း မြည်သံနှင့်အတူ သူ၏ ပုံရိပ်မှာ နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ထို့နောက် လေချန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ သူ၏ သာမန် ခန္ဓာကိုယ်သက်သက်ဖြင့်ပင် ထိုအစွမ်းထက်လှသော မိုးကြိုးစက်လုံး အကာအကွယ်ကြီးကို အရှိန်ပြင်းစွာ ဝင်တိုက်ပစ်လိုက်၏။

ချင်ဝူရွှမ်က လင်းချန်၏ ရူးသွပ်လှသော လှုပ်ရှားမှုကို မြင်လိုက်ရသည်နှင့် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။ "မဟန်တော့ဘူး... လင်းချန် ဒီကောင်လေး စိတ်လွတ်သွားပြီပဲ..."

ထိုအချိန်၌ လာရောက်ကြည့်ရှုနေကြသော အတွင်းစည်းတပည့်များသည်လည်း လွန်စွာ အံ့အားသင့်သွားကြပြီး လင်းချန် ရူးသွပ်သွားပြီဟုသာ မှတ်ယူလိုက်ကြတော့သည်။

ဤလှုပ်ရှားမှု၏ ကြီးမားလှသော အန္တရာယ်ကို အပြင်စည်းတပည့်များနှင့် ဂုဏ်ထူးဆောင်တပည့်များက ရှင်းရှင်းလင်းလင်း သဘောမပေါက်ကြသော်လည်း ဝေဝူရွှမ်အပါအဝင် အတွင်းစည်းတပည့်များနှင့် ခုံသမာဓိစင်မြင့်ပေါ်ရှိ လူများကမူ ကောင်းစွာ နားလည်ထားကြ၏။

မိုးကြိုးဒိုင်း... အလွန်အစွမ်းထက်လှသော မိုးကြိုးစွမ်းအင် အကာအကွယ် စိတ်ဝိညာဉ်စွမ်းအင်ပင် ဖြစ်သည်။

ထိုအရာက မယုံနိုင်လောက်အောင် ခိုင်မာလှသော ကာကွယ်မှုကို ပေးစွမ်းနိုင်သော်လည်း အသုံးပြုသူ၏ စိတ်ဝိညာဉ်စွမ်းအင် ထက်ဝက်ခန့်ကို ချက်ချင်းဆိုသလို ကုန်ဆုံးသွားစေ၏။ ထိုတိုက်ကွက်မှာ ခံစစ်တိုက်ကွက်တစ်ခု ဖြစ်သော်ငြား ထိုသို့ဖြစ်ပေါ်လာသော မိုးကြိုးအတားအဆီးတွင် လွန်စွာ ကြီးမားသည့် ဖျက်ဆီးအားများလည်း ပြည့်နှက်နေသည်။

ယခုကဲ့သို့ လင်းချန်၏ ခန္ဓာကိုယ်သက်သက်ဖြင့် တိုက်ရိုက် ဝင်တိုက်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ပေါက်ကွဲသွားခြင်းဟူသော ကြောက်မက်ဖွယ် ရလဒ်ကိုသာ ကျိန်းသေပေါက် ဖြစ်ပေါ်လာစေလိမ့်မည် ဖြစ်၏။

ခုံသမာဓိစင်မြင့်ထက်၌ သူ၏ မြေးဖြစ်သူ အကြိမ်ကြိမ် အရိုက်ခံရပြီးနောက် အလွန်အမင်း မျက်နှာပျက်နေခဲ့ရသော လေဟန်သည်လည်း သွေးအေးရက်စက်စွာ မဲ့ပြုံးပြုံးလိုက်၏။

"ကိုယ့်ကိုယ်ကိုယ်ကို အထင်ကြီးလွန်းတဲ့ ကောင်စုတ်လေး..."

သို့သော် သူတို့အားလုံး မသိလိုက်သည့် အရာတစ်ခု ရှိနေခဲ့သည်။ ထိုအရာကား လင်းချန် မိုးကြိုးအတားအဆီးကြီးကို ဝင်တိုက်တော့မည့် အချိန်လေးအတွင်းမှာပင် သူ၏ ရှေ့ရှိ စိတ်ဝိညာဉ်စွမ်းအင်ပေါ်၌ ရွှေနီရောင် မိုးကြိုးများက ဝေဝါးစွာ ပေါ်လာခဲ့ခြင်းပင် ဖြစ်၏။

"ဘုန်းးးးးးးးး"

နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲတိုက်ခိုက်သံကြီး ထွက်ပေါ်လာပြီးနောက် ဖန်ကွဲစများအလား ကွဲကြေသွားသော အသံများက အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

သေခြင်းရှင်ခြင်းစင်မြင့်ထက်၌ လင်းချန် အလွန်အမင်း ကြောင်အမ်းနေသော လေချန်၏ ရှေ့တည့်တည့်၌ ခန့်ညားစွာ ရပ်တန့်လိုက်ပြီး အေးစက်စက် ပြုံးစိစိ လုပ်နေလျက်ရှိ၏။

ခုံသမာဓိစင်မြင့်ပေါ်ရှိ လေဟန်သည် နေရာ၌ပင် မှင်သက်သွားရပြီး ချင်ဝူရွှမ်သည်လည်း ကြောင်အမ်းသွားတော့သည်။ အမြဲတမ်း အေးစက်ခက်ထန်နေတတ်သော စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ၏ မျက်နှာပေါ်တွင်ပင် မယုံကြည်နိုင်မှုများက အထင်းသား ပေါ်လွင်လာ၏။

ဝေဝူရွှမ်ကမူ အားရပါးရ ကျယ်လောင်စွာ ရယ်မောလိုက်ရသည်။ ထို့နောက် လွန်စွာ တုန်လှုပ်ခြောက်ခြားနေကြသော အတွင်းစည်းတပည့် အများအပြားထဲမှ တစ်ဦးက ပထမဆုံး စတင်၍ အော်ဟစ်လိုက်တော့၏။

"ကောင်းကင်ဘုံ... မိုးကြိုးဒိုင်းကို ခန္ဓာကိုယ်သက်သက်နဲ့ ဖြိုခွင်းလိုက်တာလား...။ ဒီလင်းချန် လူရော ဟုတ်ရဲ့လားကွာ..."

မိုးကြိုးဒိုင်းကြီး ကွဲကြေပျက်စီးသွားပြီးနောက် လေချန်တစ်ယာက် ကြောင်အမ်းအမ်းဖြင့် နေရာ၌ မလှုပ်မယှက် ရပ်နေမိ၏။ သူသည် ရှေ့မှောက်၌ ရပ်နေသော လင်းချန်အား မည်သို့မျှ တုံ့ပြန်ခြင်း မပြုနိုင်တော့ဘဲ ငေးကြည့်နေမိရုံသာ တတ်နိုင်တော့သည်။

လင်းချန် လေချန်၏ ရှေ့တွင် ခန့်ညားစွာ ရပ်ကာ အေးစက်စွာ ပြုံးပြလိုက်ပြီး ရုတ်တရက်ဆိုသလို သူ၏ ညာလက်ကို ဖြန့်ချလိုက်ရာ ရက်စက်လှသော လက်ဝါးရိုက်ချက်မှ ထွက်ပေါ်လာသည့် လေပြင်းများက လေချန်၏ မျက်နှာဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားတော့၏။

"နတ်ဘုရားဆင့်ခေါ် လက်ဝါးရိုက်ချက်..."

"ဖြောင်းးး"

အလွန်ကျယ်လောင်ပြတ်သားလှသော ရိုက်ချက်သံကြီး ထွက်ပေါ်လာပြီးနောက် လင်းချန်၏ ပြင်းထန်သော လက်ဝါးရိုက်ချက်ကြောင့် လေချန် လေထဲသို့ ရုတ်တရက် လွင့်စင်သွားရတော့သည်။

သူ၏ ခန္ဓာကိုယ်ကြီးမှာ မြေပြင်နှင့် အပြိုင်ဖြစ်သွားရပြီး လေထဲတွင် အကြိမ်ရေအနည်းငယ်ခန့် လည်ထွက်သွားကာ မြေကြီးပေါ်သို့ "ဘုန်း" ခနဲ အသံမည်လျက် ပြုတ်ကျသွားတော့၏။

ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် သေခြင်းရှင်ခြင်းစင်မြင့်အောက်ရှိ တပည့်အများအပြားသည် သူတို့၏ ကိုယ်ပိုင် မျက်နှာများကိုပင် အလိုအလျောက် စမ်းသပ်ကြည့်မိလိုက်ကြပြီး စိတ်ထဲတွင် တညီတညွတ်တည်း တွေးလိုက်မိကြ၏။

"အတော် နာမယ့်ပုံပဲ..."

လေချန်တစ်ယောက် မြေကြီးပေါ်မှ ယိုင်တိုင်တိုင်ဖြင့် ပြန်ထလာချိန်တွင် သူ၏ မျက်နှာပေါ်၌ နီရဲနေသော လက်ဝါးရာကြီး အထင်းသား ကျန်ရစ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ လင်းချန် သူ၏ လက်ဝါးကို ပြန်လည်ကြည့်ရှုကာ အလွန်အမင်း ကျေနပ်အားရစွာဖြင့် သက်ပြင်းချရင်း ဆိုလိုက်၏။

"ဟူးးး... လန်းဆန်းအမောပြေ သွားတာပဲ..."

လင်းချန်၏ ရိသဲ့သဲ့စကားက မီးလောင်ရာ လေပင့်လိုက်သကဲ့သို့ ဖြစ်သွားရပြီး ဒေါသတရားတို့ကြောင့် လေချန်၏ ရင်ဘတ်ကြီးမှာ အပြင်းအထန် နိမ့်ချည်မြင့်ချည် ဖြစ်လာတော့သည်။ သူ၏ မျက်နှာသည် ဒေါသကြောင့် ပုံပျက်ပန်းပျက် ရှုံ့မဲ့သွားရပြီး ခန္ဓာကိုယ်ပတ်လည်ရှိ လျှပ်စီးများသည် လုံးဝ ထိန်းချုပ်မရတော့ဘဲ ပေါက်ကွဲထွက်တော့မည့်အလား ပိုမို၍ ပြင်းထန်လာ၏။

ရုတ်တရက် လေဟန်၏ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

"ခွေးကောင်လေး... အခုချက်ချင်း စိတ်ကိုငြိမ်အောင်ထိန်းစမ်း..."

ထိုအော်ဟစ်သံကြီးက စည်းကမ်းထိန်းသိမ်းရေး ခန်းမအထက် ကောင်းကင်ယံ၌ ဧရာမမိုးကြိုးကြီး ပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားပြီး လူများကို နားကွဲမတတ် ဖြစ်သွားစေတော့သည်။

သေခြင်းရှင်ခြင်းစင်မြင့် ဘေးရှိ တပည့်များသည် မျက်မှောင်ကြုတ်ကာ နားများကို တင်းကျပ်စွာ ပိတ်ထားလိုက်ကြရပြီး အချို့မှာ လေဟန်၏ အော်ဟစ်သံ အရှိန်အဝါကြောင့်ပင် မူးမေ့လဲလုနီးပါး အခြေအနေသို့ ရောက်ရှိသွားကြရ၏။

လေဟန်၏ ကြောက်မက်ဖွယ် အော်ဟစ်သံကြီး ပျောက်ကွယ်သွားပြီးနောက် လေချန်၏ ရှုံ့မဲ့နေသော မျက်နှာထားသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပြီး မမှန်မကန် ဖြစ်နေခဲ့သော အသက်ရှူနှုန်းများသည်လည်း ပြန်လည် တည်ငြိမ်လာတော့၏။

လေဟန်က ခပ်မာမာ ဆက်ပြောသည်။ "မင်းက နိဗ္ဗာန်နယ်ပယ် ရောက်နေပြီဆိုတာကို မေ့နေတာလား...။ ကိုယ့်ရဲ့ အားသာချက်တွေကို မေ့ပြီးတော့ ကိုယ့်အားနည်းချက်နဲ့ သွားတိုက်နေတာလား..."

ထိုစကားကို ကြားလိုက်ရပြီးနောက် လေချန် မျက်လုံးများကို မှိတ်လိုက်ကာ ပါးစပ်မှ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ ထို့နောက် မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါတွင်မူ သူ၏ တည်ငြိမ်မှုကို အပြည့်အဝ ပြန်လည်ရရှိသွားပြီ ဖြစ်သည်။

ခုံသမာဓိစင်မြင့်ပေါ်၌မူ ချင်ဝူရွှမ်၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး လေဟန်အား ဒေါသတကြီး စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

"ဦးလေး... သေခြင်းရှင်ခြင်း တိုက်ပွဲကို အခုလို ကြားဖြတ်ဝင်ပြောပြီးတော့ သတိပေး ၊ လမ်းညွှန်နေတာက ဘာသဘောလဲ..."

လေဟန်ကမူ အထင်အသေးဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြန်လည် ချေပလိုက်၏။ "ဒီလင်းချန်က ငါ့မြေး စိတ်မတည်မငြိမ်ဖြစ်အောင်လို့ တမင်သက်သက် ဆွပေးနေတာလေ...။ ဒါကရော တရားလို့လား...။ ငါက သူ့ကို သတိပြန်ဝင်လာအောင်လို့ လှမ်းအော်လိုက်တာ ဘာဖြစ်လဲ... မင်းလည်း ဝင်ပြီးတော့ လမ်းညွှန်ချင်ရင် လှမ်းအော်လိုက်လေ... ငါ ဘာမှမပြောဘူး..."

လေဟန်၏ စကားကို ကြားလိုက်ရသောအခါ ချင်ဝူရွှမ် ဒေါသတကြီးဖြင့် အံကြိတ်လိုက်ရသည်။

စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ၏ ခက်ထန်သော မျက်နှာပင် ပြောင်းလဲသွားပြီး လေဟန်အား ပြတ်သားစွာ သတိပေးလိုက်၏။

"ဒီတစ်ကြိမ်ပဲ ခွင့်ပြုမယ်... နောက်တစ်ခါ ထပ်မလုပ်ရဘူး...။ တူတော်ဝေ... လျော်ကြေးအနေနဲ့ မင်းလည်း တစ်ခါလောက် ဝင်ပြီးတော့ သတိပေးစကား ပြောလို့ရတယ်..."

ဝေဝူရွှမ်သည်တော့ တိုးတိုးလေး နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီး အေးစက်စွာ ငြင်းဆန်လိုက်၏။ "မလိုပါဘူး... ကျွန်တော့်တပည့်က ဒီလို သေခြင်းရှင်ခြင်း တိုက်ပွဲမှာ အနိုင်ရဖို့အတွက် ဂုဏ်သိက္ခာမဲ့တဲ့ နည်းလမ်းတွေကို အားကိုးစရာ မလိုပါဘူး...။ လက်ခံပြီးမှတော့ မယှဉ်နိုင်လို့ အသတ်ခံရရင်လည်း တတ်နိုင်ဘူးပေါ့..."

ဝေဝူရွှမ်၏ ဘေးတွင် ရပ်နေသော လေဟန်က ဝေဝူရွှမ်၏ လှောင်ပြောင်စကားကို မကျေနပ်ကြောင်း ပြသသည့်အနေဖြင့် အေးစက်စွာ နှာမှုတ်လိုက်၏။ "ဟမ့်..."

သေခြင်းရှင်ခြင်းစင်မြင့်ထက်၌မူ လေချန်က လင်းချန်ကို စူးရှစွာ စိုက်ကြည့်ကာ ပြောလာသည်။

"မင်းရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်စွမ်းအင်က ကောလာဟလတွေအတိုင်း ထူးကဲတယ်ဆိုတာ ငါ ဝန်ခံပါတယ်...။ မင်းငါ့ဒေါသကိုဆွပြီး ငါ့ကိုစိတ်လွတ်အောင်လုပ်တာကလည်း ဉာဏ်ကောင်းတယ်လို့ ဆိုရမယ်..."

လင်းချန်ကမူ လေချန်၏ စကားကို သဘောကျစွာဖြင့် ပြုံးလျက် တုံ့ပြန်လိုက်၏။ "ဒါဆို အခု မင်း စိတ်တည်ငြိမ်သွားပြီဆိုတော့လည်း ငါ့ရဲ့ အနိုင်ကျင့်တာကို ဆက်ခံဖို့ပဲ ရှိတော့တာပေါ့..."

လေချန်က ဒေါသတကြီးဖြင့် ကြုံးဝါးလိုက်သည်။ "အဓိပ္ပာယ်မရှိတာ လင်းချန်... ဒီနေ့ မင်း သေချာပေါက် သေရမယ်..."

လေချန် ဆိုပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲရှိ တဖျစ်ဖျစ် မြည်နေသော လျှပ်စီးများကြားတွင် သေးငယ်ပြီး သေသပ်လှပသော ဓားပုံစံ ဝိညာဉ်လက်နက် နှလုံးသားတစ်ခုနှင့် ခရမ်းရောင် စက်လုံးပုံစံ သတ္တုအစိတ်အပိုင်း ငါးခုက ရုတ်တရက် ပေါ်ထွက်လာ၏။

ပြင်းထန်လှသော ခရမ်းရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များသည် ဝိညာဉ်လက်နက် နှလုံးသားပေါ်တွင် ဓားပုံသဏ္ဌာန်အဖြစ် လျင်မြန်စွာ စုစည်းသွားပြီး အစိတ်အပိုင်းများသည်လည်း သတ္တုရည်အဖြစ် အရည်ပျော်ကျကာ ထိုအရာဆီသို့ အဆက်မပြတ် စီးဆင်းသွားကြတော့သည်။

လေချန် အားအကုန် အော်ဟစ်လိုက်၏။ "ဝိညာဉ်လက်နက် တပ်ဆင်ခြင်း..."

ဝိညာဉ်လက်နက် နှလုံးသားမှ စုစည်းထားသော ဓားပုံစံ စိတ်ဝိညာဉ်စွမ်းအင်ကို အရည်ပျော်နေသော သတ္တုရည်များက အပြည့်အဝ ဖုံးအုပ်သွားပြီး ချက်ချင်းဆိုသလိုပင် အစိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားကာ ခရမ်းရောင် လျှပ်စီးများ ရစ်ပတ်ထားသော ရှည်လျားသည့် မိုးကြိုးဓားတစ်ချောင်းအဖြစ် အသွင်ပြောင်းသွားတော့၏။

လေချန်က အရူးတစ်ကောင်ကဲ့သို့ ရယ်မောလိုက်သည်။ "ဟား... ဟား... ဟား... ဒါက ငါတို့ကြားက ကွာခြားချက်ပဲ...။ မင်း ဝိညာဉ်လက်နက် မတပ်နိုင်ဘူး..."

လေချန် လက်ထဲမှ မိုးကြိုးသံများ ကျယ်လောင်စွာ မြည်ဟီးနေသော ဓားရှည်ကြီးကို လေထုထဲ၌ ဝှေ့ယမ်းကာ ဓားထိပ်ဖြင့် လင်းချန်ကို သွေးအေးစွာ ချိန်ရွယ်လိုက်၏။

"မိုးကြိုးဓားရဲ့ အမျက်ဒေါသကို... မင်း ခံစားစေရမယ်..."

"ဂျိမ်းးးး"

လျှပ်စီးများသည် မြေပြင်ကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားပြီး တဖျစ်ဖျစ် မြည်ဟီးနေလျက်ရှိသည်။ လေချန် အောင်မြင်စွာ တပ်ဆင်ထားသော မိုးကြိုးဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လင်းချန်ထံသို့ အရှိန်ပြင်းစွာ တိုးဝင်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းချန်၏ အနီးသို့ ရောက်ရှိလာ၏။

ထက်ရှလှသော ဓားသွားကြီးက အောက်သို့ အားကုန် ခုတ်ချလိုက်သည်နှင့် တစ်ပြိုင်နက် လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားရပြီး အလျင်အမြန် နောက်ဆုတ်ကာ သူ၏ လက်မောင်းနှစ်ဖက်ဖြင့် မိမိကိုယ်ကို ချက်ချင်း ကာကွယ်လိုက်ရသည်။

သို့သော် အစွမ်းထက်လှသော ခရမ်းရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးကို ထုံကျင်သွားစေသည့် ခံစားမှုကို ရုတ်ချည်း ဖြစ်ပေါ်စေသဖြင့် ထိုထုံကျင်မှုကို အတင်းအဓမ္မ တွန်းလှန်ရန် လင်းချန်အနေဖြင့် စိတ်ဝိညာဉ်စွမ်းအင်များကို ပိုမိုအသုံးပြုရန် လိုအပ်လာ၏။

ထို့အပြင် နိဗ္ဗာန်စက်ဝန်းကိုးသွယ် ပြီးပြည့်စုံခြင်း၌ အစိတ်အပိုင်း ငါးခုကို အောင်မြင်စွာ တပ်ဆင်ထားနိုင်ခြင်းကြောင့် ဓားသွား၏ ထက်ရှမှုသည် ဘာရှန်းမြို့ရှိ နိဗ္ဗာန်နယ်ပယ် ပုဂ္ဂိုလ်အများစုနှင့်ပင် လုံးဝ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အစွမ်းထက်လှသည်။

ရက်စက်လှသော မိုးကြိုးဓားသည် အဖြူရောင် စိတ်ဝိညာဉ်စွမ်းအင်ကို အလွယ်တကူ ထိုးခွဲပိုင်းဖြတ်သွားပြီး လင်းချန်၏ လက်မောင်းပေါ်တွင် နက်ရှိုင်းသော ဓားရာတစ်ခုကို ထင်ကျန်ရစ်စေကာ ဒဏ်ရာမှ သွေးပူပူများက တသွင်သွင် စီးကျလာတော့၏။

လင်းချန် အလွန် လျင်မြန်စွာ နောက်ဆုတ်လိုက်သော်ငြား လေချန်ကမူ ညှာတာမှုကင်းမဲ့စွာဖြင့် မနားတမ်း လိုက်လံတိုက်ခိုက်နေလျက် ရှိသည်။

မိုးကြိုးဓားမှနေ၍ လျှပ်စီးပုံစံ ဓားရောင်ခြည်များက အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာပြီး ရှေ့သို့ ခုတ်ပိုင်းလိုက်တိုင်း သေခြင်းရှင်ခြင်းစင်မြင့် ကြမ်းပြင်ကြီးကို အရှိန်ပြင်းစွာ ထိမှန်ကာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသံကြီးများနှင့်အတူ ဖုန်မှုန့်များနှင့် မီးခိုးများက လေထုထဲသို့ လွင့်ပျံလာတော့၏။

သို့သော် ထိုသို့ လွင့်ပျံနေသော ဖုန်မှုန့်နှင့် မီးခိုးများသည် သူတို့နှစ်ဦး၏ လွန်စွာ မြန်ဆန်လှသော တိုက်ခိုက်မှုများမှ ဖြစ်ပေါ်လာသည့် လေပြင်းများကြောင့် ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားကြရသည်။

လေချန် အားရပါးရ ရယ်မောလိုက်ပြီး လင်းချန်ကို အသည်းအသန် လိုက်လံတိုက်ခိုက်ရင်း ဆက်တိုက်ဆိုသလို လှောင်ပြောင်နေတော့၏။ "ဟားဟားဟား လင်းချန်...။ အစောက မင်း လေကြီးနေတာ မဟုတ်လား... အခုကျတော့ ဘာလို့ သခင်ပျောက်နေတဲ့ ခွေးလိုမျိုး ထွက်ပြေးဖို့ပဲ သိတော့တာလဲ..."

သို့သော် မာနထောင်လွှားနေသော လေချန် သတိမထားမိလိုက်သည့် အရာတစ်ခု ရှိသည်။ ထိုအရာကား လင်းချန်၏ ရှေ့တည့်တည့်၌ သာမန်မျက်စိဖြင့် လုံးဝ မမြင်နိုင်သော အချက်အလက် မျက်နှာပြင်တစ်ခု ရှိနေခြင်းပင် ဖြစ်၏။

ထို့အပြင် လင်းချန်၏ မျက်ဝန်းအစုံထဲ၌ မှိန်ဖျဖျ ဝိညာဉ်အလင်းတန်းများ တလက်လက် တောက်ပနေသည်ကိုလည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သတိမထားမိခဲ့ကြချေ။

လင်းချန် တစ်ယောက်တည်းသာလျှင် မြင်တွေ့နိုင်သော သူ၏ မျက်စိရှေ့မှ ထိုမျက်နှာပြင်ပေါ်တွင် လေချန်နှင့် ပတ်သက်၍ သူ သေချာစွာ လေ့လာထားသော အမြဲမပြတ် ပြောင်းလဲနေသည့် အချက်အလက်များကို အသေးစိတ် မှတ်တမ်းတင်နေလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် အလွန်တရာ ဝေးကွာလှသော ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနအတွင်းရှိ ပင်မခန်းမဆောင်ကြီးထဲ၌မူ ထိပ်တန်းပညာရှင် တစ်သိန်းကျော်တို့သည် ဧရာမ နည်းဗျူဟာမှန်ပြင်ကြီးတစ်ခုကို အာရုံစိုက် ကြည့်ရှုကာ အသည်းအသန် ခွဲခြမ်းစိတ်ဖြာနေကြ၏။

ရုတ်တရက် သေခြင်းရှင်ခြင်းစင်မြင့်ထက်တွင် လေချန်သည် လိုက်လံတိုက်ခိုက်နေခြင်းကို ခေတ္တရပ်တန့်လိုက်ပြီး လင်းချန်ကို အထင်အသေး ကြည့်ကာ ခေါင်းခါလိုက်၏။

"လင်းချန်... ကြောင်နဲ့ကြွက်တမ်း ကစားရတာ ငါ တော်တော်လေး ငြီးငွေ့လာပြီ..."

လေချန် ဓားသွားပေါ်သို့ သူ၏ လက်ချောင်းနှစ်ချောင်းဖြင့် အသာအယာ ပွတ်ဆွဲလိုက်သည်။ "ငါက မိုးကြိုးဓားချက်ကို အကျွမ်းကျင်ဆုံးပဲ...။ မိုးကြိုးတွေ အဆက်မပြတ် ပြေးလွှားနေသလိုမျိုး ဒီဓားက ကောင်းကင်နဲ့ မြေကြီးကိုပါ ဖြတ်တောက်နိုင်တယ်...။ ဒါကြောင့် ငါ့ရဲ့ သိုင်းဝိညာဉ်ကို မိုးကြိုးဓားလို့ ခေါ်တာ..."

လေချန်က လင်းချန်ကို စူးရှစွာ စိုက်ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် ကြွားလုံးထုတ်လိုက်ပြီး သူ၏ တိုက်ကွက်အပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေကြောင်းကို ပြသလိုက်၏။ "မင်း ဘယ်လောက်ပဲ မြန်မြန်... ဒီတိုက်ကွက်ရဲ့ ရှေ့မှာတော့ လွတ်လမ်းမရှိပါဘူး..."

လင်းချန်ကမူ မလှုပ်မယှက် တိတ်ဆိတ်စွာပင် ရပ်နေပြီး သူတစ်ယောက်တည်းသာ မြင်တွေ့ရသော မျက်နှာပြင်ပေါ်မှ ခွဲခြမ်းစိတ်ဖြာထားသည့် အချက်အလက်များကိုသာ စူးစိုက်စွာ ကြည့်ရှုနေလျက်ရှိသည်။

"ဘုန်းးး... ဘုန်းးး... ဘုန်းးး..."

ချက်ချင်းဆိုသလိုပင် လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအင်များသည် အံ့မခန်းသော အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီးကို ရုတ်ချည်း ကြုံတွေ့လိုက်ရတော့၏။

သူ၏ ဖြူဖျော့ဖျော့ စိတ်ဝိညာဉ်စွမ်းအင်များကို လွန်စွာ ပြင်းထန်လှသော ရွှေနီရောင် လျှပ်စီးများက လွှမ်းခြုံသွားပြီး ကြီးမားလှသော မိုးကြိုးမြည်သံကြီးသည် နေရာအနှံ့ ငလျင်တစ်ခုအလား တုန်ခါသွားစေတော့သည်။

ရွှေနီရောင် မိုးကြိုးများ ကြမ်းတမ်းစွာ လင်းလက်မြည်ဟီးနေပြီး ဓားပုံစံ ဝိညာဉ်လက်နက် နှလုံးသားတစ်ခုနှင့် ရွှေနီရောင် အစိတ်အပိုင်း သုံးခုတို့ လင်းချန်၏ ရှေ့တည့်တည့်တွင် ရုတ်တရက် ပေါ်လာ၏။

ထို့နောက် အလွန်တရာ ခံ့ညားထည်ဝါလှသော မိုးကြိုးဓား တစ်စင်း ပေါ်ထွက်လာပြီး အစိတ်အပိုင်းများသည် သတ္တုရည်များအဖြစ် ပြောင်းလဲကာ ထိုဓားပေါ်သို့ အဆက်မပြတ် စီးဆင်းသွားကြတော့သည်။

ခုံသမာဓိစင်မြင့်ထက်၌မူ ဝေဝူရွှမ်နှင့် ချင်ဝူရွှမ်တို့ နေရာမှ ရုတ်တရက် မတ်တတ် ထရပ်လိုက်ကြပြီး သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ရှိ လင်းချန်ကို အလွန်အမင်း အံ့ဩမှင်သက်စွာဖြင့် အာရုံစိုက်လိုက်ကြ၏။

လေဟန်၏ ခက်ထန်သော မျက်နှာသည်လည်း သိသိသာသာ ပြောင်းလဲသွားရပြီး ချက်ချင်းဆိုသလို မတ်တတ် ထရပ်လိုက်မိသည်။ သေခြင်းရှင်ခြင်း တိုက်ပွဲကို မတ်တတ်ရပ်၍ ကြည့်ရှုနေသော အမြဲတမ်း တည်ငြိမ်နေတတ်သည့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲပင်လျှင် အပြင်းအထန် တုန်လှုပ်သွားရတော့၏။

စင်မြင့်အောက်မှ ကြည့်ရှုနေသော ပိုင်ရန်ဆိုလျှင် လွန်စွာ စိတ်လှုပ်ရှားလွန်းလှသဖြင့် သူ၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေလျက်ရှိပြီး ရေရွတ်လိုက်မိသည်။ "ဒါ... ဒါ ဖြစ်နိုင်ပါ့မလား... အစ်ကိုလင်း..."

စင်မြင့်ပေါ်၌ လင်းချန် သွေးအေးရက်စက်စွာ ပြုံးလိုက်ပြီး အလွန်အမင်း ကြောင်အမ်းနေသော လေချန်အား စိုက်ကြည့်ကာ စကားတစ်ခွန်းကိုသာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။

"ဝိညာဉ်လက်နက် တပ်ဆင်ခြင်း..."

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၁ + ၅၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters