အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၃ + ၅၄
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
လှည့်ပတ်စီးဆင်းနေသော သတ္တုရည်များမှာလည်း ထိုနည်းတူပင် ဓားရှည်တစ်လက်အဖြစ် လျင်မြန်စွာ ပေါင်းစပ်သွား၏။ သို့သော် လင်းချန်၏ ဝိညာဉ်လက်နက် တပ်ဆင်ပုံသည် လေချန်နှင့် လုံးဝကို ကွဲပြားခြားနားနေသည်။
ရွှေနီရောင် မိုးကြိုးလှိုင်းများက ဝိညာဉ်လက်နက်၏ အူတိုင်နှင့် အစိတ်အပိုင်းများကို အပြည့်အဝ လွှမ်းခြုံထားသဖြင့် အတွင်းပိုင်း အခြေအနေကို မည်သူမျှ မမြင်တွေ့နိုင်တော့ချေ။
လင်းချန် အနည်းငယ်မျှပင် တွေဝေခြင်းမရှိဘဲ ရွှေနီရောင် လျှပ်စီးများထဲသို့ သူ၏ လက်ကို ထည့်ကာ အလွန်တရာ ခန့်ညားလှသည့် အနက်ရောင် ဓားရှည်တစ်ချောင်းကို အသာအယာ ဆွဲထုတ်လိုက်၏။
ထက်ရှလှသော ဓားသွား၏ ပြောင်လက်နေသည့် အနက်ရောင် မျက်နှာပြင်ပေါ်တွင် အဖြူရောင် အဆင်တန်ဆာ ကနုတ်ပန်းများက သေသပ်စွာ ယှက်နွှယ်နေလျက်ရှိသည်။ သုံးပေခန့် ရှည်လျားသော ထိုဓားသည် လက်နှစ်လုံးစာ အကျယ်ရှိသည့် သာမန် ဓားရှည်များထက် နှစ်ဆခန့် ပိုကျယ်ပြီး စုစုပေါင်း လက်လေးလုံးစာ ဗျက်အကျယ် ရှိသည်။
ဓားသွားထက်၌ ရွှေနီရောင် မိုးကြိုးများက ခက်ထန်စွာ လင်းလက်နေပြီး လင်းချန်၏ ကိုယ်ပေါ်မှ ဖော်ပြရခက်လောက်အောင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာတော့၏။
မိုးကြိုးလျှပ်စီးဓား...။ ဤသည်ကား လင်းချန်ထံ၌ နိုးထလာခဲ့သော သိုင်းဝိညာဉ် နှစ်ခုအနက်မှ တစ်ခုပင် ဖြစ်သည်။
"ဝီ..." ဟူသော အသံနှင့်အတူ ဓားသည် လေထုထဲ၌ ကျယ်လောင်စွာ တုန်ခါသွားပြီးနောက် အေးစက်လှသော အနက်ရောင် ဓားထိပ်ဖျားက လေချန်ထံသို့ သွေးအေးစွာ ချိန်ရွယ်သွား၏။
ထို့နောက် လင်းချန် ရိသဲ့သဲ့ အပြုံးဖြင့် ဆိုလိုက်သည်။ "ကောလာဟလတွေက... အမြဲတမ်း ယုံကြည်ရတာ မဟုတ်ဘူးကွ...။ ကြည့်စမ်း... ငါက ဝိညာဉ်လက်နက် မတပ်ဆင်နိုင်ဘူးလို့... ဘယ်သူပြောလဲ..."
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ရှိ လေချန်သာမက ထိုနေရာ၌ ရှိနေကြသူ အားလုံး လင်းချန်ကို အလွန်အမင်း တုန်လှုပ်ခြောက်ခြားစွာဖြင့် စိုက်ကြည့်နေမိကြ၏။ လင်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလွန်းလှပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာလည်း သာမန်ထက် များစွာ ထူးကဲလှသည်။ နေယွမ်နယ်ပယ်၌ ပြိုင်ဘက်ကင်းလှသော သူ၏ စွမ်းရည်က လူအများကို များစွာ အံ့အားသင့်စေခဲ့ပြီး ဖြစ်၏။
လင်းချန် ဝိညာဉ်လက်နက် မတပ်ဆင်နိုင်ကြောင်း ၊ သို့မဟုတ် နိဗ္ဗာန်နယ်ပယ်သို့ ထိုးဖောက်မဝင်ရောက်နိုင်တော့ကြောင်း ထွက်ပေါ်နေခဲ့သည့် ကောလာဟလများကသာလျှင် လူအများအတွက် စိတ်သက်သာရာ ရစေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ကောင်းကင်ဘုံကိုပင် အာခံနိုင်စွမ်းရှိသော ထိုသို့သော မိစ္ဆာဆန်သည့် ပါရမီရှင်တစ်ယောက်က နိဗ္ဗာန်နယ်ပယ်ကိုပါ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့လျှင် လောက၌ တရားမျှတမှု ဆိုသည်မှာ ဘယ်မှာရှိတော့မည်နည်း။
လင်းချန်ကဲ့သို့သော လူတစ်ယောက်သာ နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိသွားပါက ဆက်လက်၍ ပြိုင်ဘက်ကင်းနေမည်ဖြစ်ပြီး သူတို့ကို အထက်စီးမှ အကြင်နာကင်းမဲ့စွာ ဖိနှိပ်ထားမည်ကို သူတို့ အပြင်းအထန် စိုးရိမ်ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်၏။
ယခုမူ သူတို့အားလုံး ဆွံ့အသွားကြရပြီး ဘာစကားမျှပင် မဟနိုင်ကြတော့ချေ။ လင်းချန် ဝိညာဉ်လက်နက် တပ်ဆင်ခြင်းကို လက်တွေ့ပြသ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ပုံစံမတူညီသော်ငြား အမှန်တကယ်ပင် အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်း ဖြစ်၏။
ဤအချက်တစ်ခုတည်းကပင် လင်းချန် နိဗ္ဗာန်နယ်ပယ်သို့ မကြာမီ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်တော့မည်ဖြစ်ကြောင်း ခိုင်မာစွာ သက်သေပြနေသည်။
ထိုအတွင်းစည်းတပည့်များ၏ မျက်နှာထားများမှာ သိသိသာသာ စတင်ပျက်ယွင်းလာကြပြီး ထိတ်လန့်ကြောက်ရွံ့နေသော အခြေအနေသို့ လျင်မြန်စွာ ဦးတည်လာပြီ ဖြစ်၏။
လင်းချန်သာ နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် နေယွမ်နယ်ပယ်တွင် ရှိစဉ်ကကဲ့သို့ပင် ပြိုင်ဘက်ကင်းလှသော တိုက်ခိုက်နိုင်စွမ်းများကို ထပ်မံပြသလာမည်ကို သူတို့ ကြိုတင် တွေးမြင်နေမိကြသည်။
ခုံသမာဓိစင်မြင့်ပေါ်မှ ချင်ဝူရွှမ်ကအူ လင်းချန် ကိုင်ဆောင်ထားသော မိုးကြိုးလျှပ်စီးဓားကို မျက်မှောင်ကြုတ်ကြည့်ရင်း ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။ "ထူးဆန်းတယ်... ဘာလို့ လင်းချန်ရဲ့ ဝိညာဉ်လက်နက် တပ်ဆင်ပုံက ကွဲပြားနေရတာလဲ..."
လေဟန်က အထင်အမြင်သေးစွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့ကာ မှတ်ချက်ချလိုက်သည်။ "အဟက်... သူ့ရဲ့ သိုင်းဝိညာဉ်က နိမ့်ကျနေတုန်းမို့လို့... ဝိညာဉ်လက်နက် တပ်ဆင်ခြင်းက မပြည့်စုံတာ ဖြစ်လောက်တယ်..."
သူက ထိုသို့ပြောလိုက်သော်ငြား သူ၏ မျက်ဝန်းအစုံထဲရှိ အလွန်အမင်း မနာလိုမှုများကိုကား မည်သူမဆို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ လင်းချန် ဝိညာဉ်လက်နက် တပ်ဆင်ခြင်းကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
ချင်ဝူရွှမ် အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ သူ၏ စီနီယာအစ်ကိုမှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး အသက်ရှူနှုန်းများ မြန်ဆန်နေကာ လင်းချန်လက်ထဲမှ မိုးကြိုးလျှပ်စီးဓားကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်ကို အထင်းသား တွေ့လိုက်ရ၏။
ဝိညာဉ်လက်နက် တပ်ဆင်ပြီးနောက် ဖြစ်ပေါ်လာသော မူလလက်နက်သည် များသောအားဖြင့် ကိုင်ဆောင်သူ၏ စိတ်ကြိုက် ပုံစံနှင့် အရွယ်အစားအတိုင်း ဖြစ်ပေါ်လေ့ရှိသည်။
လေချန်၏ လက်ထဲမှ ဓားသွားမှာ လင်းချန်၏ ဓားထက် သိသိသာသာ တိုတောင်းကာ သွယ်လျနေ၏။ သို့သော် လေချန်၏ ဝိညာဉ်လက်နက် ဓားရှည်မှာ ခရမ်းရောင် သတ္တုစက်လုံး အစိတ်အပိုင်းများ၏ အရောင်နှင့် ကွက်တိ ကိုက်ညီနေပြီး ခရမ်းရောင် သက်သက်သာ ဖြစ်သည်။
လင်းချန်ကမူ ရွှေနီရောင် ဝိညာဉ်အစိတ်အပိုင်းများကို အသုံးပြုထားသော်လည်း ဖြစ်ပေါ်လာသော ဓားမှာ အနက်ရောင်ဖြစ်နေပြီး အနုစိတ်လှသော အဆင်တန်ဆာများဖြင့် လွန်စွာ ဆန်းပြားနေသည်။
ခေတ္တမျှ ကြာပြီးနောက် ဝေဝူရွှမ် တုန်ယင်နေသော အသံဖြင့် ဖြည်းညှင်းစွာ ရေရွတ်လိုက်၏။
"သေချာပေါက်... လေချန် ရှုံးပြီပဲ..."
ဝေဝူရွှမ်၏ စကားကြောင့် ချင်ဝူရွှမ်နှင့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတို့မှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး လေဟန်ပင်လျှင် မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်မိသည်။
နတ်ဓားဂိုဏ်း၏ အမြွှာကြယ်ပွင့်ဟောင်းများထဲမှ တစ်ဦးဖြစ်သော အစွမ်းထက် စစ်ဧကရာဇ် ဝေဝူရွှမ်သည် တပည့်ဖြစ်သူက ဝိညာဉ်လက်နက် တပ်ဆင်နိုင်သည်ကို တွေ့လိုက်ရသောကြောင့် အသံများပင် တုန်ယင်သွားသည်အထိ ဖြစ်သွားရသည် မဟုတ်ပါလော။
ချင်ဝူရွှမ် အလျင်အမြန် မေးလိုက်၏။ "စီနီယာ အစ်ကို... လင်းချန်ရဲ့ ဝိညာဉ်လက်နက် တပ်ဆင်ပုံက အဲဒီလို ဖြစ်နေတာလဲ... မပြည့်စုံလို့ မဟုတ်ဘဲ တခြားအကြောင်းအရင်းကြောင့်များလား..."
သူ့ ဂျူနီယာညီလေး၏ ရှုပ်ထွေးနေသော မျက်နှာထားကို ကြည့်ရင်း ဝေဝူရွှမ် ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်သည်။ "မပြည့်စုံတဲ့ ဝိညာဉ်လက်နက် ဟုတ်လား...။ မင်းရဲ့ အာရုံတွေက လင်းချန်ရဲ့ ဝိညာဉ်လက်နက် တပ်ဆင်နိုင်စွမ်းအပေါ်မှာပဲ ရောက်နေတာလား... တခြား ထူးခြားတာ ဘာမှ သတိမထားမိဘူးလား..."
ရုတ်တရက် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက အံ့ဩမှင်သက်စွာဖြင့် ဝင်မေးလိုက်၏။ "လင်းချန်က... နေယွမ်နယ်ပယ်မှာပဲ ရှိသေးတယ် မဟုတ်လား..."
ချင်ဝူရွှမ် ခေါင်းညိတ်ကာ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ရှိ လင်းချန်ကို လှမ်းကြည့်လိုက်သည်။ "ဟုတ်တယ်... သူက နေယွမ်နယ်ပယ်မှာပဲ ရှိသေးတယ်...။ ဘာမှ မှားနေပုံ မရပါဘူး... ပုံမှန်ပါပဲ..."
ချင်ဝူရွှမ်မှာ စကားပင် မဆုံးလိုက် ၊ သူ၏ စကားသံများ ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ အသက်ရှူမှားသွားတော့၏။
လင်းချန်၏ ကိုယ်ပေါ်၌ တဖျစ်ဖျစ် မြည်နေသော လျှပ်စီးများကို စိုက်ကြည့်ရင်း စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်ရသည်။ "နေယွမ်နယ်ပယ်က... ဘယ်လိုလုပ်ပြီး မိုးကြိုးစွမ်းအင်ကို နိုးထလာနိုင်မှာလဲ..."
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်၌ လေချန်သည်လည်း ထိုအချက်ကို သတိထားမိလိုက်ပြီး အံကြိတ်ကာ လင်းချန်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။ တစ်ဖက်လူမှာ နေယွမ်နယ်ပယ်၌သာ ရှိနေသော်လည်း အဘယ်ကြောင့် သူနှင့်တူညီသော မိုးကြိုးစွမ်းအင် နိုးထလာရသည်ကို သူ လုံးဝ နားမလည်နိုင် ဖြစ်နေရတော့သည်။
"မင်းသေပေတော့ လင်းချန်..."
လေချန် ရုတ်တရက် အသံကုန် အော်ဟစ်လိုက်ပြီး ခရမ်းရောင် မိုးကြိုးဓားကို အားကုန် ဝှေ့ယမ်းလိုက်၏။
လေချန် တိုက်ခိုက်လိုက်သည့် အခိုက်အတန့်၌ ပြင်းထန်လှသော ခရမ်းရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်သည် ရုတ်တရက် တဟုန်ထိုးမြင့်တက်လာပြီး လက်ထဲရှိ မိုးကြိုးဓားပေါ်သို့ မစုစည်းမီ သူ၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ လှည့်ပတ်စီးဆင်းသွားသည်။
ချက်ချင်းဆိုသလိုပင် မျက်စိကျိန်းမတတ် စူးရှလှသော ခရမ်းရောင် မိုးကြိုးအလင်းတန်းကြီးက ဓားသွားမှနေ၍ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာပြီး သေခြင်းရှင်ခြင်းစင်မြင့် ကြမ်းပြင်တစ်ခုလုံးကို ခရမ်းရောင်အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားစေတော့၏။
"ဘုန်းးးး"
လေချန် မူလရပ်နေသော နေရာမှ ခရမ်းရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး စူးရှသော မိုးကြိုးခြိမ်းသံကြီး ဟိန်းဟောက်ကာ လင်းချန်၏ မျက်နှာဆီသို့ သေမင်းတမန် ဓားချက်တစ်ခုက အရှိန်ပြင်းစွာ ခုတ်ပိုင်းဝင်ရောက်လာ၏။
"မိုးကြိုးဓားချက်..."
ခရမ်းရောင် မိုးကြိုးသက်သက်ဖြင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ် ဓားချီစွမ်းအင်သည် လေချန်၏ လက်ထဲမှ မိုးကြိုးဓားကဲ့သို့ ပုံသဏ္ဌာန်ဖြင့် အရှိန်ပြင်းစွာ ခုတ်ပိုင်းထွက်သွားသည်။ ဓားချီစွမ်းအင်၏ အနောက်တွင် လျှပ်စီးများက ထပ်ကြပ်မကွာ လိုက်ပါလာပြီး လင်းချန် ရှိရာသို့ ပြင်းထန်စွာ တိုးဝင်လာ၏။
မိုးကြိုးဓားချက်မှာ သဘာဝအလျောက် အလွန် လျင်မြန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းချန်ထံသို့ ရောက်ရှိလာသည်။ ထို့အပြင် လေချန် ကိုယ်၌ကလည်း မိုးကြိုးဓားချက်မှ ဖြစ်ပေါ်လာသော လျှပ်စီးဓားစွမ်းအင်နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး လက်ထဲမှ မိုးကြိုးဓားဖြင့် လင်းချန်၏ ခေါင်းပေါ်သို့ အထက်စီးမှနေ၍ အားကုန် ခုတ်ချလိုက်တော့၏။
လေချန် သူ၏ တိုက်ခိုက်မှုအပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေသည်။ မိုးကြိုးဓားချက်၏ အကန့်အသတ်မဲ့ စွမ်းအားကို နိဗ္ဗာန်စက်ဝန်းကိုးသွယ်မြောက် ကျင့်ကြံသူများပင် ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။ အကယ်၍ လင်းချန် မိုးကြိုးဓားချက်ကို တစ်နည်းနည်းဖြင့် ခုခံနိုင်ခဲ့လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေလုမျောပါး ဖြစ်သွားမည် ဖြစ်ရာ ထပ်ကြပ်မကွာ လိုက်ပါလာသော လေချန်က သူ့ကို အလွယ်တကူပင် နှစ်ပိုင်း ပိုင်းချသတ်ဖြတ်ပစ်နိုင်မည် ဖြစ်၏။
ထိုအခိုက်အတန့်၌ လင်းချန် အေးစက်စွာ ပြုံးလျက် ရုတ်တရက် ဆိုလိုက်ပြီး လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားကို အသာအယာ မြှောက်လိုက်သည်။ "မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်က သိပ်အားနည်းလွန်းတယ်...။ သိုင်းဝိညာဉ်ရဲ့ စွမ်းရည်ကလည်း... ငါ့ကို လုံးဝ မထိခိုက်စေနိုင်ဘူးကွ..."
"မိုးကြိုးဓားချက် ဟုတ်လား...။ ဒါက နိဗ္ဗာန်စက်ဝန်းရှစ်သွယ်မြောက် ပြီးပြည့်စုံခြင်းရဲ့... အထင်ကရ တိုက်ကွက် စွမ်းအားလား..."
လင်းချန် စကားပြောနေစဉ်မှာပင် သူ၏ လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားကို အရှိန်အဟုန်ဖြင့် ဖြတ်ခနဲ ခုတ်ချလိုက်ရာ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များက ဓားသွားမှနေ၍ လခြမ်းကွေးပုံသဏ္ဌာန် အရှိန်ပြင်းပြင်း ထိုးထွက်သွား၏။
မိုးကြိုးဓားချက်၏ ကြီးမားလှသော ဓားချီစွမ်းအင်သည် လင်းချန် ခုတ်ချလိုက်သော မိုးကြိုးလျှပ်စီး ဓားစွမ်းအင်နှင့် ရင်ဆိုင်လိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် ကောင်းကင်အပြည့် ခရမ်းရောင် လျှပ်စီးများအဖြစ် တစ်စစီ ပြိုကွဲပျက်စီးသွားတော့သည်။
လင်းချန်၏ ဓားစွမ်းအင်မှာ မိုးကြိုးဓားချက်ကို အလွယ်တကူ ဖောက်ထွင်းသွားပြီး လေချန်၏ ဘေးမှ လျင်မြန်စွာ ဖြတ်သန်းကာ သေခြင်းရှင်ခြင်းစင်မြင့်၏ အကာအကွယ် အတားအဆီးကို အရှိန်ပြင်းစွာ ဝင်တိုက်မိသွားသဖြင့် "ဘုန်း" ဟူသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာ၏။
"ရွှပ်... ရွှပ်..."
လေချန် ပြန်လည်တုံ့ပြန်ရန် အချိန်ပင် လုံးဝ မရလိုက်ဘဲ အလိုအလျောက် သူ၏ လက်ထဲမှ မိုးကြိုးဓားကို မြှောက်ကာ ကာကွယ်လိုက်မိသည်။ ရွှေနီရောင် ဓားအလင်းတန်း နှစ်ခု ရုတ်ချည်း ပေါ်လာပြီး လေချန်၏ လည်မျိုနားတွင် မိုးကြိုးလျှပ်စီးများ ထုတ်လွှတ်နေသော ဓားနက်တစ်ချောင်း၏ ထိပ်ဖျား ရောက်ရှိနေသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရ၏။
တစ်ချိန်တည်း၌ပင် လေချန်၏ လက်ထဲရှိ မိုးကြိုးဓားသည် သတ္တုသံ ကျယ်လောင်စွာ မြည်လျက် ကြမ်းပြင်ပေါ်သို့ တစ်စစီ ကျိုးပဲ့ ကြွေကျသွားတော့သည်။ လေးပိုင်းကွဲသွားသော မူလလက်နက်၏ အူတိုင်သည် ဝိညာဉ်အစိတ်အပိုင်း နှစ်ပိုင်းအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွား၏။
လင်းချန် ရက်စက်စွာ ပြောလိုက်သည်။ "ငါ အား အကုန်တောင် ထုတ်မသုံးရသေးပါဘူး... လေချန်ရာ..."
လည်ပင်းနားသို့ ရောက်နေသော ဓားသွား၏ ရက်စက်လှသည့် ထက်ရှမှုနှင့် ဓားသွားပေါ်၌ တလက်လက် တောက်ပနေသော ရွှေနီရောင် မိုးကြိုးလျှပ်စီးများကို အနီးကပ် ခံစားလိုက်ရပြီးနောက် လေချန်၏ နဖူးပေါ်မှ ချွေးစေးများ တသွင်သွင် စီးကျလာကာ လည်ချောင်းထဲမှ တံတွေးတစ်ချက်ကို "ဂလု" ခနဲ မြိုချလိုက်ရသည်။
သေခြင်းတရား၏ အေးစက်စက် အငွေ့အသက်များက လေချန်၏ ခေါင်းပေါ်တွင် ဝဲပျံနေလျက်ရှိသည်။ သူ သေခြင်းတရားနှင့် ဤမျှ နီးကပ်စွာ တစ်ကြိမ်တစ်ခါမျှ မရင်ဆိုင်ခဲ့ရဖူးချေ။ ဤသည်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ရာ လင်းချန် ဓားချက်တစ်ချက်တည်းဖြင့် သူ၏ လည်ပင်းကို ပြတ်ထွက်သွားအောင် လှီးဖြတ်လိုက်လျှင်ပင် လုံးဝ တရားမျှတမှု ရှိနေသည်။
ထိုအချိန်၌ လေချန် သူ၏ အသုံးမကျသော ညီဖြစ်သူ လေကွန်ကို စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိ၏။
လင်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား ၊ ကြွယ်ဝလှသော စိတ်ဝိညာဉ်စွမ်းအင်နှင့် နိဗ္ဗာန်နယ်ပယ်ကို လက်ဗလာဖြင့် ယှဉ်ပြိုင်နိုင်ခြင်းတို့မှာ ချဲ့ကားပြောဆိုခြင်းများသာ ဖြစ်သည်ဟု နတ်ဓားဂိုဏ်း အတွင်းစည်းတပည့်များက ထင်မြင်ခဲ့ကြသည်။
ယခု ရလဒ်အနေဖြင့် သူ လုံးဝ မထင်မှတ်ထားခဲ့သော မိုးကြိုးဒိုင်းကို ခန္ဓာကိုယ်သက်သက်ဖြင့် ဝင်ဆောင့်တိုက်ကာ ဖြိုခွင်းလိုက်ခြင်းအားဖြင့် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားဆိုသည်မှာ မည်သည်နည်းဟူသည်ကို ကိုယ်တိုင်ကိုယ်ကျ အသေအချာ ကြုံတွေ့လိုက်ရပြီ ဖြစ်တော့၏။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၃ + ၅၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team