အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၅ + ၅၆
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ဤသည်က သာမန်ထက် လွန်ကဲလွန်းနေပြီ ဖြစ်၏။ နေယွမ်နယ်ပယ်၌ပင် မူလလက်နက်ဝိညာဉ်နှလုံးသားကို တပ်ဆင်နိုင်သည့် ကျင့်ကြံသူဟူ၍ လေချန် တစ်ခါမှ မကြားဖူးခဲ့ချေ။
လင်းချန်တစ်ယောက် မူလလက်နက်ဝိညာဉ်နှလုံးသားကို မတပ်ဆင်နိုင်သေးပေ ဆိုသည့် ကောလဟာလမှာ လုံးဝကို အဓိပ္ပာယ်မရှိချေ။ လင်းချန်၏ လက်ထဲမှ အချိန်မရွေး သူ၏အသက်ကို နှုတ်ယူသွားနိုင်သော ဓားက အောင်မြင်စွာ တပ်ဆင်ထားသည့် မူလလက်နက်ကြီး ဖြစ်နေသည် မဟုတ်ပါလော။
ဤသေခြင်းရှင်ခြင်း တိုက်ပွဲသို့ လူငယ်ဧကရာဇ်လင်းချန်နှင့် လာရောက်ယှဉ်ပြိုင်မိသည့်အတွက် လေချန်မှာ အကြီးအကျယ် နောင်တရနေမိ၏။
တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲ၌ ကြီးမားလှသော ရှုံးနိမ့်မှုခံစားချက်ကြီးက တင်းကျပ်စွာ နေရာယူလာ၏။
သူက နိဗ္ဗာန်နယ်ပယ်၏ အဆင့်ကိုး အထွတ်အထိပ်သို့ ရောက်ရှိနေကာ အဆင့်ချိုးဖျက်တော့မည့်သူ တစ်ဦးဖြစ်၏။
သို့သော် ယခုအခါ နေယွမ်နယ်ပယ်သာ ရှိသော လင်းချန်၏ ဖမ်းချုပ်ခြင်းကို ခံထားရပြီး သူ၏အသက်မှာ တစ်ဖက်လူ၏ သနားညှာတာမှုအပေါ်၌သာ မူတည်နေပြီ ဖြစ်သည်။
"လင်းချန်။"
ထိုအချိန်၌ပင် ခုံသမာဓိစင်မြင့်ပေါ်ရှိ လေဟန်က ထရပ်လိုက်၏။
"မလုပ်နဲ့။"
လင်းချန် လေဟန်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
"အကြီးအကဲလေဟန်... ကျွန်တော်က ဘာလို့ မလုပ်ရမှာလဲ။ ကျွန်တော့်ဦးလေး ပွဲဖျက်သိမ်းဖို့ ပြောခဲ့တုန်းက ခင်ဗျားပဲ သေခြင်းရှင်ခြင်း တိုက်ပွဲကို ဆက်လုပ်ဖို့ အတင်းပြောတာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ကျွန်တော့်ကို မလုပ်စေချင်ရတာလဲ။"
ထိုသို့ပြောရင်းဖြင့် လင်းချန် မိုးကြိုးလျှပ်စီးဓားကို ပိုမိုတင်းကျပ်စွာ ကိုင်လိုက်ရာ ဓားသွားက လေချန်၏ လည်ပင်းအရေပြားအား ဖောက်ထွင်းသွားကာ သွေးစက်အချို့ စီးကျလာတော့၏။
"မလုပ်နဲ့။"
လေဟန်က လက်ကာပြလိုက်ပြီး လုံးဝ ဆောက်တည်ရာမရ ဖြစ်နေတော့သည်။
"လူငယ်ဧကရာဇ်လင်းချန်... လေချန်ကို လွှတ်ပေးပါ။ မင်း ဘာတောင်းဆိုတောင်းဆို ငါ သဘောတူပါ့မယ် ၊ ငါ တောင်းပန်ပါတယ်။"
တကယ်တမ်း၌စ လေချန်က လေကွန်နှင့် လုံးဝ မတူညီချေ။ နှစ်ယောက်လုံး၏ ပါရမီမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလှ၏။ လင်းချန်၏ ရှေ့၌ လေချန်က အားနည်းသူတစ်ဦးကဲ့သို့ ဖြစ်နေသော်လည်း တကယ်တမ်းတွင်မူ သူက အားနည်းသူ မဟုတ်ချေ။
လေချန်မှာ ကမ်းရိုးတန်းပြည်နယ်၌ ကျော်ကြားသော နတ်ဓားဂိုဏ်း၏ ထိပ်သီးအတွင်းစည်းတပည့် ၁၀ ဦးစာရင်းဝင် တစ်ယောက်ဖြစ်ရာ အဆင့်တူများကြား၌ လုံးဝကို အားနည်းသူ မဟုတ်ပေ။
နေယွမ်နယ်ပယ်၌သာ ရှိသေးသော လင်းချန်သည် ပုံမှန်စံနှုန်းများဖြင့် တိုင်းတာ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ် တည်ရှိမှုကြီး ဖြစ်နေမည်ကို မည်သူမျှ ထင်မှတ်မထားမိခြင်းသာ ဖြစ်၏။
"ဟုတ်လား ၊ တောင်းပန်တယ်ပေါ့..."
လင်းချန် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများက လေဟန်ကို စိုက်ကြည့်နေရင်း ဆိုလိုက်၏။
"ကျုပ်ရဲ့ တောင်းဆိုချက်က ခင်ဗျား အသက်ပေးရမယ်ဆိုရင်ရော။"
လေဟန်၏ အမူအရာမှာ တောင့်တင်းသွားပြီး ခဏမျှ စဥ်းစားလိုက်မိသော်လည်း နောက်ဆုံးတွင် လင်းချန်ဘက်သို့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"သဘောတူတယ်။"
"မလုပ်နဲ့ အဘိုး။"
လေဟန် သဘောတူလိုက်သည်ကို ကြားသောအခါ လေချန် မျက်နှာပျက်သွားရပြီး အလျင်အမြန် အော်ဟစ် တားဆီးလိုက်၏။
"ခင်ဗျားက ခင်ဗျားမြေးကို တကယ် အလိုလိုက်တာပဲ။ ဒါကြောင့်လည်း နတ်ဓားဂိုဏ်းရဲ့ မိုးကြိုးဘုရင်ကြီး လေဟန်က လေကွန်လို လူမိုက်ကောင်ကို မွေးထုတ်ပေးလိုက်တာ ဖြစ်မယ်။"
လင်းချန် လေချန်ကို လှောင်ပြောင်လိုက်သည်။
"ခင်ဗျား သေစရာ မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော့် တောင်းဆိုချက် ၃ ချက်ကိုတော့ သဘောတူရမယ်။ လေချန်က တစ်ချက် သဘောတူရမယ်။"
လေဟန်က အနည်းငယ် အံ့ဩသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ် လက်ခံလိုက်၏။
"ကောင်းပြီ ၊ ပြဿနာမရှိဘူး ၊ ပြောပါ။"
"ပထမအချက်... ခင်ဗျားမြေးရဲ့ အကျင့်စရိုက်ကို ထိန်းကျောင်းပါ။ သူ မဟုတ်တာ လုပ်တာ ထပ်တွေ့ရင် ကျွန်တော် သတ်မယ်။"
"ဒုတိယအချက်... အပြစ်မဲ့မိန်းကလေးရဲ့ စိတ်ဒဏ်ရာကို ကုသပေးဖို့ နည်းလမ်းရှာပြီး သူ့ရဲ့ ရှေ့ဆက်ရမယ့် ဘဝအတွက် တာဝန်ယူပေးပါ။"
"တတိယအချက်... လေချန်ရဲ့ ရှေးဟောင်းအမွေအနှစ်နေရာ ဝင်ခွင့်ကို ကျွန်တော် လိုချင်တယ်။"
ထိုအချက်များကို ကြားသောအခါ လေဟန်မှာ အံ့ဩသွားသည်။
မူလ၌ လင်းချန် ဝိညာဉ်ကျောက်တုံးများ ၊ သဘာဝရတနာများကဲ့သို့ အဖိုးတန်အရာများကို တောင်းဆိုမည်ဟု သူ ထင်မှတ်ထားခဲ့မိ၏။ သို့သော် ယခုကဲ့သို့ တောင်းဆိုမှုမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
ရှေးဟောင်းအမွေအနှစ်နေရာ ဝင်ခွင့်ကို လက်လွှတ်ရခြင်းမှာလည်း ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။ ထိုနေရာမှာ ဂိုဏ်းသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းမှ နိဗ္ဗာန်နယ်ပယ် တပည့်များအတွက် ဝင်ခွင့်ဖြစ်၏။ လေချန်သာ သွားရမည်ဆိုလျှင် သေချာပေါက် အောင်မြင်မှုရနိုင်ပြီး အဆင့်တက်လာနိုင်သည်။
သို့သော် သူ၏မြေးအသက်နှင့် ယှဉ်လျှင် အမွေအနှစ်နေရာ ဝင်ခွင့်မှာ အရေးမပါလှချေ။
"ကောင်းပြီ ၊ ငါ အကုန် သဘောတူတယ်။"
လေဟန် ခေါင်းညိတ်လိုက်ပြီး ချင်ဝူရွှမ်ကို လှမ်းကြည့်လိုက်သည်။
"တိုက်ဆိုင်စွာနဲ့ ဂိုဏ်းချုပ်လည်း ဒီမာ ရှိနေတယ်။ ရှေးဟောင်းအမွေအနှစ်နေရာ ခရီးစဉ်တိုင်းကို ဂိုဏ်းချုပ်က ကိုယ်တိုင် ဦးဆောင်တာဆိုတော့လေ။"
လင်းချန် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏ရှေ့မှ လေချန်ကို ကြည့်လိုက်၏။
"မင်းလိုက်နာရမယ့် အချက်ကတော့ သေခြင်းရှင်ခြင်း တိုက်ပွဲ ပြီးဆုံးမယ့် နောက်ထပ် နှစ်နာရီကြာတဲ့အထိ မင်းအဘိုးရှေ့မှာ ဒူးထောက်နေရမယ်။"
ထိုသို့ပြောပြီးနောက် လင်းချန် မိုးကြိုးလျှပ်စီးဓားကို ပြန်လည်ရုပ်သိမ်းလိုက်တော့၏။
လေချန်မှာ ကြောင်အသွားရသည်။ လင်းချန် သူ့အား အရှက်ခွဲမည်ဟု ထင်မှတ်ထားခဲ့သော်လည်း အဘိုးရှေ့တွင် ဒူးထောက်ခိုင်းရုံမျှသာ ဖြစ်နေသည်။
"နတ်ဓားဂိုဏ်းရဲ့ မိုးကြိုးဘုရင်ကြီး လေဟန်က မာနကြီးပြီး ဗိုလ်ကျတတ်ပေမယ့် ဂိုဏ်းရဲ့ မှတ်တမ်းတွေအရဆိုရင် အောင်မြင်မှုတွေ အများကြီး ရှိခဲ့ပြီး ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ပြောလို့ရတယ်။ မင်းတို့က သူ့ရဲ့ ဂုဏ်သိက္ခာကို အသုံးချပြီး ပြဿနာတွေ ရှာကြတာ။"
"မင်းရဲ့ အဘိုးက မင်းအတွက်ကြောင့် ဂျူနီယာတစ်ယောက်ကို တောင်းပန်ရတာ ၊ မင်း အဘိုးကို ပြန်တောင်းပန်သင့်တယ် မဟုတ်လား။"
ထိုသို့ပြောပြီးနောက် လင်းချန် မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး လေချန်ကို ကြည့်ကာ ခေါင်းခါပြလိုက်၏။
"မင်းမှာ ပါရမီရှိပေမဲ့ ငါ့အမြင်မှာတော့ မင်းက တကယ်ကို အနာဂတ် မရှိတဲ့ကောင်ပဲ။"
လင်းချန်၏ စကားများကို နားထောင်ပြီးနောက် လေချန်မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားပြီး ဒူးများခွေကာ အဘိုးဖြစ်သူ လေဟန်ရှေ့တွင် ဒုန်းခနဲမြည်အောင် ဒူးထောက်ချလိုက်တော့သည်။
"တကယ်တော့ ငါ နားမလည်ဘူး။ အတွင်းစည်းပဲ ဖြစ်ဖြစ် ၊ အပြင်စည်းပဲ ဖြစ်ဖြစ် ၊ ယာယီဂုဏ်ထူးဆောင်တပည့်ပဲ ဖြစ်ဖြစ် ငါတို့အားလုံးက နတ်ဓားဂိုဏ်းသားတွေ မဟုတ်ဘူးလား။"
"ဂိုဏ်းမှာအတူတူ နေကြတာ ရေစက်ပဲ။ ညီအစ်ကို မောင်နှမတွေလို ကူညီလို့ မရကြဘူးလား။ နည်းနည်းလေး အောင်မြင်တာနဲ့ အနိုင်ကျင့်ဖို့ စဉ်းစားကြတယ်။"
"ရိုးရိုးသားသား ပြောရရင် ဂိုဏ်းတူအချင်းချင်း အနိုင်ကျင့်တာ ဘာအဓိပ္ပာယ်ရှိလို့လဲ။ ရှန်ထျန်ဂိုဏ်းတို့ မဟာလှံတံဂိုဏ်းတို့လို ပြင်ပလူတွေကို သွားအနိုင်ကျင့်ရတာကမှ ပိုပြီး ပျော်ဖို့ကောင်းပါသေးတယ် မဟုတ်ဘူးလား။"
လင်းချန်၏ တစ်ကိုယ်တည်း ရေရွတ်သံကို ရှိနေသူအားလုံး ရှင်းလင်းစွာ ကြားလိုက်ရ၏။
ဟုတ်၏။ အချင်းချင်း ရန်ဖြစ်နေမည့်အစား ညီအစ်ကို မောင်နှမများကဲ့သို့ အဘယ်ကြောင့် မကူညီနိုင်ကြရခြင်းအကြောင်းကို ရှိနေသည့် ဂိုဏ်းတပည့်များအားလုံး တွေးတောမိသွားကြတော့သည်။
ဤစကားလုံးများက အပြင်စည်းနှင့် ယာယီတပည့်များအပေါ် အလွန်ထိရောက်မှု ရှိ၏။ လင်းချန် အတိတ်ဘဝကတည်း၌ အတန်းအစား ခွဲခြားဖိနှိပ်ခံရမှုများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသောကြောင့် ဤသို့ပြောနိုင်ခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အခွင့်ထူးခံ အတွင်းစည်းတပည့်များမှာမူ ထိုကဲ့သို့ ခံစားဖူးမည် မဟုတ်ပေ။
လေချန်၏ အင်အားကို လာရောက်ကြည့်ရှုကြသော လေချန်နောက်လိုက် အတွင်းစည်း တပည့်များမှာလည်း လင်းချန်၏ စကားကြောင့် မှင်သက်သွားကြပြီး ညီညွတ်ခြင်း ၊ ချစ်ခင်ခြင်းနှင့် အပြန်အလှန် ကူညီခြင်း မျိုးစေ့များက သူတို့၏ နှလုံးသားထဲတွင် စတင် အမြစ်တွယ်လာကြတော့သည်။
"ဒီစည်းရုံးရေးဝိညာဉ်စွမ်းရည်က တကယ့်ကို နတ်ဘုရား စွမ်းရည်ပဲ။"
လင်းချန် လူတိုင်း၏ တုံ့ပြန်မှုကို ကြည့်ပြီး ကျေနပ်စွာ တွေးလိုက်၏။
လင်းချန်ပြောသည့် စကားများက အမှန်တကယ် ကျိုးကြောင်းဆီလျော်မှု ရှိသော်လည်း သူသည် လူများ၏ စိတ်ကို စကားလုံးသက်သက်ဖြင့် ပြောင်းလဲနိုင်သည့် သူတော်စင်တစ်ပါး မဟုတ်ချေ။
သို့သော် အဆင့်မြှင့်တင်ထားသော ဝိညာဉ်စွမ်းရည်၏ အကူအညီဖြင့် အခြားသူများ၏ စိတ်ကို သတိမထားမိလိုက်ဘဲ လွှမ်းမိုးနိုင်ပြီး မသိစိတ်မှ လက်ခံလာအောင် စွမ်းဆောင်နိုင်၏။
လင်းချန်၏ အပြောများက လူတိုင်းကို ချက်ချင်း ယုံကြည်လာစေမည် မဟုတ်သော်လည်း ပြန်ပြောင်းစဉ်းစားကြည့်သည့်အခါတွင်မူ တဖြည်းဖြည်း သဘောတူလက်ခံလာကြလိမ့်မည် ဖြစ်သည်။
ယနေ့ သူပြောလိုက်သော စကားများက နတ်ဓားဂိုဏ်းကို လွှမ်းမိုးနိုင် လိမ့်မည်ဟု လင်းချန် ကိုယ်တိုင်ပင် မျှော်လင့်ထားခဲ့မည် မဟုတ်ချေ။
နောက်ဆုံး၌ လင်းချန်နှင့် လေချန်တို့၏ သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ထိုကဲ့သို့ပင် ပြီးဆုံးသွားတော့သည်။ လင်းချန် အဆိုပြုသည့်အတိုင်း လေချန်မှာ သူ၏ အဘိုး လေဟန်ရှေ့တွင် တစ်နာရီကျော်ကြာ ဒူးထောက်ခဲ့၏။ စည်းကမ်းများအရ တိုက်ပွဲပြီးဆုံးပြီးနောက် နှစ်နာရီ ပြည့်သည့်အချိန်အထိ ဒူးထောက်နေရမည် ဖြစ်၏။
အဘိုးဖြစ်သူရှေ့တွင် ဒူးထောက်နေရသည့် နှစ်နာရီအတွင်း လေချန်မှာ အလိုအလျောက် စိတ်တည်ငြိမ်သွားပြီး များစွာ တွေးတောကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်ခဲ့သည်။
"လင်းချန် ၊ ငါ မင်းကို တကယ် လေးစားပါတယ်။"
လေချန် လင်းချန်ရှေ့၌ မတ်တတ်ရပ်ကာ မထွက်ခွာမီ ဝန်ခံစကား ဆိုလိုက်သည်။
"ငါ့ကို သက်ညှာပေးတဲ့အတွက် ကျေးဇူးပါပဲ။"
သူ အသက်ရှင်ကျန်ရစ်ခြင်းမှာ သူ့အဘိုး၏ တောင်းဆိုမှုကို သဘောတူပေးသော သူ၏ရှေ့မှ လူငယ်ကြောင့်သာ ဖြစ်ကြောင်းကို လေချန် သိရှိထား၏။
ထိုသို့မဟုတ်ပါက လင်းချန် ဓားချက်တစ်ချက်တည်းဖြင့် သူ၏ခေါင်းကို ဖြတ်ပစ်နိုင်ပြီး ထိုသို့လုပ်လျှင်လည်း မည်သူကမျှ အပြစ်ပြောနိုင်မည် မဟုတ်ချေ။
"ဟမ်... အစတုန်းက မင်း အရမ်း မာနကြီးနေတာ မဟုတ်ဘူးလား။"
လင်းချန် သူ၏ရှေ့မှ လေချန်ကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့ပြလိုက်သည်။
"မင်းရဲ့ ပါရမီက မဆိုးပါဘူး။ မင်းရဲ့ စိတ်နေသဘောထားကြောင့်သာ အတွင်းစည်းတပည့်တွေကြားမှာ အဆင့် ၁၀ ပဲ ရနေတာ။"
ထိုသို့ပြောပြီးနောက် လင်းချန် ကြောင်အသွားသော လေချန်ကို ဆက်လက် ဂရုမစိုက်တော့ဘဲ စင်မြင့်အောက်ရှိ ပိုင်ရန်နှင့် အခြားသူများထံသို့ ထွက်ခွာသွားတော့သည်။
လင်းချန် လာနေသည်ကို မြင်သောအခါ အခြားတပည့်များ အားလုံး ဘေးဖယ်ပေးကြပြီး အပြင်စည်းနှင့် ယာယီတပည့်များက အော်ဟစ် နှုတ်ဆက်လိုက်ကြသည်။
ခုံသမာဓိစင်မြင့်ပေါ်၌မူ ချင်ဝူရွှမ် လေဟန်ကို ကြည့်လိုက်၏။
"ဦးလေး... ဦးလေးက ကတိတည်မယ့်သူလို့ ကျွန်တော် ထင်ပါတယ်။"
လေဟန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချင်ဝူရွှမ်ကို ပြန်ကြည့်လိုက်သည်။
"ငါ ကတိပေးထားတဲ့အတိုင်း လုပ်မှာပါ။"
ထို့နောက် လေဟန် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှ ဆင်းလာသော လေချန်နှင့်အတူ ထွက်ခွာသွားတော့၏။
တစ်နာရီကြာပြီးနောက် လင်းချန် ပိုင်ရန်နှင့် အခြားသူများကို နှုတ်ဆက်ကာ သူနှင့် ဆရာဖြစ်သူ ဝေဝူရွှမ်တို့ နေထိုင်ရာ မော်ချင်းတောင်ရှိ နေအိမ်သို့ ပြန်လာခဲ့သည်။
လင်းချန် သူ၏အခန်းရှေ့ရှိ ခြံဝန်းထဲသို့ ရောက်သောအခါ ဝေဝူရွှမ်မှာ စောစီးစွာ ရောက်ရှိနေပြီး ထိုင်နေသည်ကို တွေ့လိုက်ရ၏။
"ဆရာ့ရဲ့ ရုပ်ဖျက်စွမ်းရည်က တော်တော် အထင်ကြီးစရာ ကောင်းတာပဲ။ ဆရာ့မှာ ဒီလို အရည်အချင်းတွေ ရှိလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားဘူး။"
ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သေလုမြောပါး ဖြစ်နေပုံပေါက်နေသော သူ၏ဆရာကို ကြည့်ရင်း လင်းချန် မှတ်ချက်ချလိုက်၏။
လင်းချန်၏ စကားကို ကြားသောအခါ ဝေဝူရွှမ်၏ မျက်နှာပေါ်တွင် ဂုဏ်ယူသော အမူအရာ ပေါ်လာသည်။
"ဒါပေါ့ ၊ ဒါပေါ့ ငါ့မှာ စွမ်းရည်တွေ အများကြီး ရှိတယ်။"
လင်းချန် ခေတ္တရပ်လိုက်ပြီး စကားဆက်လိုက်၏။
"ဆရာက တခြားကိစ္စတစ်ခု ဆွေးနွေးဖို့အတွက် ကျွန်တော့်ကို သီးသန့် စောင့်နေတာလို့ ထင်တယ် ၊ ဟုတ်တယ်မဟုတ်လား။"
ဝေဝူရွှမ် အသာ ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ၊ ပါးနပ်တဲ့ကောင်လေး။ ငါ ဘာတွေးနေလဲဆိုတာ မင်း ချက်ချင်း ရိပ်မိတာပဲ။"
"ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာလဲဆိုတာ ဆရာ မေးချင်နေတာမလား။"
လင်းချန် မေးခွန်းထုတ်ရင်း ရှေ့သို့ လျှောက်သွားကာ ဝေဝူရွှမ်ကဲ့သို့ပင် ခြံဝန်းထဲရှိ ကျောက်စားပွဲတွင် ဝင်ထိုင်လိုက်သည်။
"မင်းရဲ့ လျင်မြန်တဲ့ အဆင့်တိုးတက်မှုအပေါ် ငါ ယေဘုယျ ခန့်မှန်းထားတာ ရှိတယ်။ မင်းရဲ့ သိုင်းဝိညာဉ် အပြည့်အဝ နိုးထလာတာနဲ့ သက်ဆိုင်လိမ့်မယ်လို့ ငါထင်တယ်။" ဝေဝူရွှမ်က လင်းချန်ကို ကြည့်ပြီး ဖြည်းညှင်းစွာ သုံးသပ်ပြလိုက်၏။
ဝေဝူရွှမ်၏ စကားကို ကြားသောအခါ လင်းချန်မှာ ကြောင်အသွားသည်။
အစပထမတွင် သူ၏ အင်အားရုတ်တရက် တိုးတက်လာမှုကို မည်သို့ ရှင်းပြရမည်နည်းဟု သူ ဗျာများနေခဲ့ရ၏။
သူသညိ အခြားကမ္ဘာတစ်ခုမှ ပြန်လည်မွေးဖွားလာသူ ဖြစ်ပြီး ကြီးမားသော အင်ပါယာတစ်ခုက သူ၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသည်ဟု ဆရာဖြစ်သူကို ပြောပြရမည်လောဟုပင် တွေးမိခဲ့သေးသည်။
သူ၏ ကြောက်မက်ဖွယ် ကောင်းသော ရုပ်ပိုင်းဆိုင်ရာခန္ဓာမှာလည် သူ၏လက်အောက်ငယ်သားများ၏ မဟာဗျူဟာများနှင့် သုတေသနများ၏ ရလာဒ်ဖြစ်သည်ဟု ပြောရမည်လောပင် စဉ်းစားမိခဲ့သေး၏။
ဤသည်က လင်းချန်၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်ပြီး ပြော၍ မဖြစ်နိုင်ချေ။
ကံကောင်းစွာပင် ဝေဝူရွှမ်က လင်းချန်၏ သိုင်းဝိညာဉ် အပြည့်အဝ နိုးထလာခြင်းကြောင့် ဖြစ်သည်ဟူသော အကြောင်းပြချက်ကို သူ့ဘာသာသူ ရှာဖွေတွေ့ရှိသွားသည်။
အစပိုင်းတွင် လင်းချန်၏ ခန္ဓာကိုယ်ထဲ၌ ကျင့်ကြံနိုင်သော်လည်း ဝိညာဉ်လက်နက် တပ်ဆင်ခြင်းပြုလုပ်၍ မရနိုင်သော ထူးဆန်းသည့် ဝဲဂယက်သိုင်းဝိညာဉ်တစ်ခု ရှိနေကြောင်းကို ဝေဝူရွှမ်တစ်ဦးတည်းသာ သိရှိထား၏။
ထိုအချိန်က ဝေဝူရွှမ်က လင်းချန်၌ သိုင်းဝိညာဉ် ရှိသော်လည်း အပြည့်အဝ မနိုးထသေးဟု ယူဆခဲ့သည်။
အမှန်တကယ်၌မူ လင်းချန်၏ သိုင်းဝိညာဉ် မနိုးထသေးခြင်းမှာ ကျူးကော့မင်က ဟွာရှာအင်ပါယာကို အပြည့်အဝ ပြန်လည်မတည်ဆောက်နိုင်သေးသဖြင့် သူ၏ စွမ်းအင်များကို ဖိနှိပ်ထားသောကြောင့်သာ ဖြစ်၏။
ထို့ကြောင့် သူ၏ဆရာ လွဲမှားစွာ ကောက်ချက်ချထားမှုကိုသာ အလိုက်သင့် လက်ခံလိုက်တော့သည်။
"ဟုတ်တယ် ဆရာ ၊ ကျွန်တော့် သိုင်းဝိညာဉ် နိုးထလာပြီးနောက်မှာ ကျွန်တော့်အဆင့်အနည်းငယ်လောက် တော်တော်လေး မြန်မြန် တိုးတက်လာပါတယ်။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၅ + ၅၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team