အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၇ + ၅၈
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
"တပည့်... မင်း ဝိညာဉ်လက်နက် တပ်ဆင်ပြီးတဲ့နောက် ပေါ်လာတဲ့ ဓားရှည်နက်ကြီးက မင်းခန္ဓာကိုယ်ထဲက သိုင်းဝိညာဉ်ရဲ့ ပုံစံနဲ့ တစ်ထပ်တည်းပဲလား။"
ဆရာဖြစ်သူထံမှ မေးခွန်းကို ကြားလိုက်ရသောအခါ လင်းချန် ကြောင်အသွားပြီး ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ဆရာ... ပြဿနာ တစ်ခုခု ရှိလို့လား။"
"ပုံမှန်အားဖြင့် ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့ သိုင်းဝိညာဉ်က ဓားတွေ ၊ ဓားကောက်တွေ ၊ တုတ်တံတွေလို လက်နက်ပုံစံတွေအဖြစ် ပေါ်လာတတ်တယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် သိုင်းဝိညာဉ်တွေက ပုံသဏ္ဌာန်ပဲရှိပြီး မထင်မရှား ဝါးတားတား ဖြစ်နေတတ်တာ။"
"ဥပမာ... ဓားသိုင်းဝိညာဉ်ဆိုရင် ဒန်တျန်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ဖွဲ့စည်းထားတဲ့ ဓားတစ်လက်လို ပုံစံမျိုးရှိပြီး စိတ်ဝိညာဉ်စွမ်းအင်ရဲ့ အရောင်ကိုပဲ ထင်ဟပ်နေတတ်တာမျိုးပေါ့။"
"မင်း ပြောပြချက်အရဆိုရင် မင်းရဲ့ ဒန်တျန်ထဲက သိုင်းဝိညာဉ်က ဝါးတားတား ဓားပုံစံမျိုး မဟုတ်ဘဲ အသေးစိတ်ကျကျ ထင်ရှားပီပြင်နေပြီး ထူးခြားတဲ့ အသွင်အပြင်တွေ ရှိနေတယ်... ဟုတ်တယ်မလား။"
ထိုစကားကို ကြားသောအခါ လင်းချန် ကြောင်အသွားပြီး တွေဝေစွာဖြင့် ခေါင်းညိတ်လိုက်၏။
ဆရာဖြစ်သူ၏ ပြောပြချက်အရဆိုလျှင် အခြားသူများ၏ သိုင်းဝိညာဉ်များသည် ဓားတစ်လက်ကို ရိုးရိုးရှင်းရှင်း ဆွဲထားသည့် ပုံကြမ်းများကဲ့သို့သာ ဖြစ်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏သိုင်းဝိညာဉ်ကမူ ဓားပုံစံ ဖော်ပြနေရုံသာမက အရောင်အသွေးများ ပါဝင်နေပြီး ဓား၏ အစိတ်အပိုင်း တစ်ခုချင်းစီကအစ အသေးစိတ် ပီပြင်ထင်ရှားနေလေ၏။
လင်းချန်မှာ ငတုံးတစ်ယောက် မဟုတ်ချေ။ ဤနေရာတွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေရမည်ကို သူ သိလိုက်သည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လင်းချန် စိုးရိမ်သော အမူအရာဖြင့် သတိထားကာ မေးမြန်းလိုက်သည်။
"ဆရာ... ကျွန်တော့်ရဲ့ သိုင်းဝိညာဉ်မှာ ချို့ယွင်းချက် ရှိနေတယ်လို့ ဆိုလိုတာလား။"
လင်းချန်၏ စိုးရိမ်တကြီး အမေးကို ကြားသောအခါ ဝေဝူရွှမ်က မနေနိုင်ဘဲ အားရပါးရ ရယ်မောလိုက်၏။
"ချို့ယွင်းချက် ဟုတ်လား... ငါ့ရဲ့ အလားအလာနဲ့ ပါရမီကို မင်း ဘယ်လို သတ်မှတ်မလဲ။"
ဆရာဖြစ်သူ၏ အမေးကို ကြားသောအခါ လင်းချန် လေးနက်စွာ ပြန်ဖြေလိုက်သည်။
"ဆရာ့ရဲ့ ပါရမီက ပြိုင်စံရှားပါပဲ။ ကမ်းရိုးတန်းပြည်နယ် သမိုင်းတစ်လျှောက် ပါရမီအရှိဆုံး ဉာဏ်ကြီးရှင်တွေထဲက တစ်ယောက်ပါ။" သူ၏ ဆရာဖြစ်နေ၍ လင်းချန် မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ချေ။ ရှိရင်းစွဲ အမှန်တရားကိုသာ ပြောလိုက်ခြင်း ဖြစ်၏။
ဝေဝူရွှမ် တိတ်ဆိတ်စွာသာ ခေါင်းညိတ်လိုက်ပြီး လင်းချန်ကို လေးနက်စွာ ကြည့်လိုက်၏။
"ဒါပေမဲ့ မင်းရှေ့မှာတော့ ငါ့ပါရမီက သာမန်လူတစ်ယောက် အဆင့်ပဲ ရှိတယ်။ နတ်ဓားဂိုဏ်းထဲက တခြားလူတိုင်းကလည်း မင်းနဲ့ယှဉ်ရင် အမှိုက်တွေချည်းပဲ။"
လင်းချန် ဆရာဖြစ်သူ၏ စကားကြောင့် လန့်ဖျပ်သွားရ၏။ လင်းချန်၏ အမူအရာကို မြင်သောအခါ ဝေဝူရွှမ်က ထပ်မံ၍ ရယ်မောလိုက်ရပြန်သည်။
"လန့်သွားပြီလား... မင်း ဝိညာဉ်လက်နက် တပ်ဆင်ပြီးနောက်မှာ မင်းကို ပထမဆုံးအကြိမ် တွေ့တုန်းက ငါ သေလုမတတ် ကြောက်လန့်သွားခဲ့တယ်ဆိုတာ မင်း သိလား။"
လင်းချန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဝေဝူရွှမ်ကို စိုက်ကြည့်လိုက်၏။
"ဆရာ... ကျွန်တော့် သိုင်းဝိညာဉ်က ဘာဖြစ်နေလို့လဲ။"
ဝေဝူရွှမ် လင်းချန်ကို စိုက်ကြည့်ရင်း ရှင်းပြလိုက်သည်။
"မင်းရဲ့ သိုင်းဝိညာဉ်က ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ပဲ။ ဒီလို သိုင်းဝိညာဉ်မျိုးကို ပိုင်ဆိုင်ထားတာက မင်းကကောင်းကင်ဘုံရဲ့ ကောင်းချီးကို ရထားတယ်လို့ ဆိုလိုတာပဲ။"
"တပည့်လေး... မင်းရဲ့ ဇာစ်မြစ်က သေချာပေါက် သာမန် မဖြစ်နိုင်ဘူး။"
လင်းချန် ဆရာဖြစ်သူကို ကြည့်ကာ နားမလည်နိုင်သည့် အမူအရာဖြင့် မေးမြန်းလိုက်သည်။
"ဆရာ... ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ဆိုတာ ဘာလဲ။ ပြီးတော့ ကျွန်တော့်ရဲ့ မျိုးရိုးက ထူးခြားမယ်လို့ ဘာကြောင့် ထင်တာလဲ။"
လင်းချန် ဆရာဖြစ်သူ၏ စကားများကို အလွန် စိတ်ဝင်စားသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မိဘများသည်လည်း သာမန်လူများ မဟုတ်လောက်ကြောင်း သူ ကိုယ်တိုင် သိထားပြီး ဖြစ်သောကြောင့် ဖြစ်၏။
"မင်း သိတဲ့အတိုင်းပဲ... ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ ပထမဆုံး အခြေခံနယ်ပယ်သုံးခု ဖြစ်တဲ့ တိမ်ယွမ်နယ်ပယ် ၊ လယွမ်နယ်ပယ် နဲ့ နေယွမ်နယ်ပယ် ဆိုပြီး ရှိတယ်။"
"ပြီးရင်တော့ ပြောင်းလဲခြင်း နယ်ပယ်သုံးခု ဖြစ်တဲ့ နိဗ္ဗာန်နယ်ပယ် ၊ ကောင်းကင်နယ်ပယ် နဲ့ သေခြင်းရှင်ခြင်း နယ်ပယ်ဆိုပြီး လာတာပဲ။"
"အဲဒီအထက်မှာမှ သိုင်းနယ်ပယ်သုံးခု ရှိသေးတယ်။ အဲဒါတွေကတော့ နိုးထခြင်းနယ်ပယ် ၊ စဦးသေမျိုးနယ်ပယ် နဲ့ စဦးသူတော်စင်နယ်ပယ်တို့ပဲ။"
"သိုင်းနယ်ပယ်သုံးခု ဟုတ်လား။"
လင်းချန်၏ မျက်နှာအထက်၌ အံ့ဩသွားသော အမူအရာတစ်ခု ပေါ်လာပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်ပုံ ပေါ်လာ၏။
ကမ်းရိုးတန်းပြည်နယ်၌ သိုင်းပညာရှင်များသည် အခြေခံနယ်ပယ်သုံးခုနှင့် ပြောင်းလဲခြင်းနယ်ပယ်သုံးခု အကြောင်းကိုသာ သိရှိထားကြသည်။ ဝေဝူရွှမ် ပြောပြသော သိုင်းနယ်ပယ်သုံးခုနှင့် ပတ်သက်၍ သူတို့ တစ်ခါမှ မကြားဖူးကြချေ။
ပြောင်းလဲခြင်းနယ်ပယ်သုံးခု၏ အထက်တွင် ပိုမိုမြင့်မားသော နယ်ပယ်များ ရှိလိမ့်မည်ဟု လင်းချန် အကြမ်းဖျင်း ခန့်မှန်းထားဖူးသော်လည်း ယခုကဲ့သို့ သေချာသိလိုက်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
"နိဗ္ဗာန်နယ်ပယ် ပြီးတဲ့နောက်မှာ ကျင့်ကြံသူတစ်ယောက်ရဲ့ သိုင်းဝိညာဉ်က သူ့ရဲ့စွမ်းရည်တွေကို နိုးထလာစေပြီး စိတ်ဝိညာဉ်စွမ်းအင်မှာလည်း ဒြပ်စင်စွမ်းအင်တွေ ပါဝင်လာတယ်။"
"နိုးထခြင်းနယ်ပယ်ဆိုတာက ပိုမိုကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုပဲ။ အဲဒီနယ်ပယ်မှာ သိုင်းဝိညာဉ်က ဝါးတားတား အခြေအနေ မဟုတ်တော့ဘဲ ကျင့်ကြံသူ လိုလားတောင့်တတဲ့ ပုံစံအဖြစ် ပြောင်းလဲသွားတာမျိုး။"
"အခု မင်းရဲ့ ဒန်တျန်ထဲက သိုင်းဝိညာဉ်လိုမျိုးပေါ့။ အဲဒါက အပြည့်အဝ နိုးထနေပြီ။ ရိုးရှင်းတဲ့ စိတ်ဝိညာဉ်စွမ်းအင် စုစည်းထားတဲ့ အခြေအနေ မဟုတ်တော့ဘဲ တိကျတဲ့ အသေးစိတ်အချက်အလက်တွေနဲ့အတူ ကျင့်ကြံသူရဲ့ စိတ်ဆန္ဒနဲ့ ပိုပြီး တစ်ထပ်တည်း ကျနေတာမျိုးလေ။"
"တကယ်လို့ အရင်တုန်းက သိုင်းဝိညာဉ်တွေကို သန္ဓေသားလောင်းတွေလို့ ပြောမယ်ဆိုရင် နိုးထခြင်းနယ်ပယ်မှာတော့ သိုင်းဝိညာဉ်က ကလေးအဖြစ် မွေးလာပြီ။"
လင်းချန် ကြောင်အသွားရသည်။ သိုင်းဝိညာဉ်တစ်ခုသည် သန္ဓေသားလောင်းအဆင့်မှ ခွဲထွက်ပြီး အပြည့်အဝ မွေးဖွားနိုင်ရန်အတွက် နိုးထခြင်းနယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်ရမည်ဟု ဝေဝူရွှမ်က ပြောဖြစ်၏။
သို့သော် သူသည် အခြေခံနယ်ပယ်သုံးခုထဲမှ နေယွမ်နယ်ပယ်တွင်သာ ရှိသေးပြီး နိဗ္ဗာန်နယ်ပယ်ကိုပင် မချိုးဖြတ်ရသေးချေ။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူ၏ ဒန်တျန်ထဲရှိ သိုင်းဝိညာဉ်သည် နိုးထခြင်းနယ်ပယ်၏ လက္ခဏာရပ်များကို ပြသနေရသည်နည်း။ ယင်းသည် ဝေဝူရွှမ် ပြောပြသည့် ဘိုးဘေးအဆင့် သိုင်းဝိညာဉ်နှင့် ဆက်စပ်နေဖွယ် ရှိပုံရ၏။
လင်းချန် ဝေဝူရွှမ်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
"ကျွန်တော် သိုင်းဝိညာဉ်ကို အစောကြီး ပုံဖော်နိုင်တာက ဆရာ ပြောတဲ့ ဘိုးဘေးအဆင့် သိုင်းဝိညာဉ်နဲ့ အများကြီး သက်ဆိုင်နေတာလား။"
ဝေဝူရွှမ် ခေါင်းညိတ်လိုက်ပြီး ပြောလာသည်။
"ဘာကြောင့်လဲဆိုတော့ သိုင်းနယ်ပယ်သုံးခုရဲ့ အချုပ်အနှောင်တွေကို ချိုးဖြတ်ပြီး မြင့်မားတဲ့ နယ်ပယ်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ ၊ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေရဲ့ မျိုးဆက်တွေကသာ အဲဒီလို ကြိုင်ပြီးတော့ ပုံဖော်နိုင်စွမ်း ရှိကြလို့ပဲ။"
လင်းချန် အာမေဋိတ်သံဖြင့် ရေရွတ်လိုက်သည်။ "သိုင်းနယ်ပယ်သုံးခုရဲ့ အထက်က ပိုမိုမြင့်မားတဲ့ နယ်ပယ်တွေတဲ့လား။"
ဝေဝူရွှမ်၏ ရှင်းပြချက်အရဆိုလျှင် သူသည် ပြန်လည်မွေးဖွားလာပြီးနောက် ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးတစ်ဦး၏ မျိုးဆက် ဖြစ်နေသည်လော။
ဝေဝူရွှမ်က လင်းချန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။
"အဲဒီလို မိသားစုရဲ့ မျိုးဆက်တွေကို ငါ ကမ်းရိုးတန်းပြည်နယ် အပြင်ဘက်ကို ခရီးထွက်တုန်းက ကြားဖူးရုံပဲ ရှိတာ။ တစ်ခါမှ ကိုယ်တိုင် မမြင်ဖူးခဲ့ဘူး။"
"ကမ်းရိုးတန်းပြည်နယ်မှာ ငါ လက်ခံခဲ့တဲ့ တပည့်လေးက အဲဒီလို သွေးမျိုးဆက်မျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး။"
ထို့နောက် ဝေဝူရွှမ်က ဘိုးဘေးအဆင့် သိုင်းဝိညာဉ် အယူအဆနှင့် ပတ်သက်ပြီး လင်းချန်ကို အသေးစိတ် ရှင်းပြလိုက်သည်။
သိုင်းနယ်ပယ်သုံးခုကို ချိုးဖြတ်ပြီးသူများ၏ မျိုးဆက်များသည် သွေးမျိုးဆက် အမွေအနှစ်၏ စွမ်းအားကို ခံစားခွင့်ရရှိကြပြီး နိုးထလာသော သိုင်းဝိညာဉ် စွမ်းရည်များသည်လည်း မွေးရာပါ သာလွန်ထူးကဲကြ၏။
သို့သော် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ၏ မျိုးဆက်များ ဖြစ်ကြသောကြောင့် သူတို့၏ ပါရမီများမှာ ကွဲပြားကြပြီး သွေးမျိုးဆက်မှ ရရှိသော အကျိုးကျေးဇူး ပမာဏမှာလည်း ကွာခြားကြသည်။
မျိုးဆက်အများစုသည် ကျင့်ကြံခြင်း အရှိန်အဟုန် ပိုမိုမြန်ဆန်ရုံသာ ရှိပြီး နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိမှသာ သူတို့၏ သိုင်းဝိညာဉ် စွမ်းရည်များ ပိုမို သန်မာလာကြ၏။ ထိုကဲ့သို့သော မျိုးဆက်တပည့်များ၏ ပါရမီကို သွေးမျိုးဆက်၏ စွမ်းအားဟုသာ သတ်မှတ်နိုင်၏။
ထူးခြားသော ပါရမီရှိသည့် မျိုးဆက်အနည်းငယ်ကသာ သွေးမျိုးဆက်မှ စွမ်းအားများကို ပိုမို ထုတ်ယူနိုင်ကြပြီး ပိုမို လျင်မြန်စွာ ကျင့်ကြံနိုင်ကာ ပိုမို သန်မာသော သိုင်းဝိညာဉ်စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ ထိုကဲ့သို့သော ပါရမီရှင် မျိုးဆက်များကို အမွေဆက်ခံ သိုင်းဝိညာဉ် ပိုင်ဆိုင်သူများဟု ခေါ်ဆိုကြ၏။
အချို့သော မျိုးဆက်များသည် နိဗ္ဗာန်နယ်ပယ် ကာလအတွင်းမှာပင် သူတို့၏ သိုင်းဝိညာဉ်များကို ပုံဖော်နိုင်ကြသည်။ သူတို့၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည်လည်း အလွန်မြန်ဆန်စွာ တိုးတက်လာတတ်ကြ၏။ ထိုကဲ့သို့သော မျိုးဆက်များသည် ထိုမိသားစုကြီးများ၏ အဓိက ပျိုးထောင်ခြင်း ခံရသူများ ဖြစ်ကြပြီး ဘိုးဘေးတစ်ဝက် သိုင်းဝိညာဉ် ပိုင်ရှင်များဟု ခေါ်ဆိုကြသည်။
နောက်ဆုံး အမျိုးအစားမှာမူ ယုံကြည်နိုင်ဖွယ်ရာ မရှိလောက်အောင် ကျင့်ကြံခြင်း အရှိန်အဟုန် မြန်ဆန်ပြီး သိုင်းဝိညာဉ် နိုးထလာသည်နှင့် တစ်ပြိုင်နက် ပုံဖော်ပြီးသား ဖြစ်နေသူများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသူတို့ကို ဘိုးဘေးအဆင့် သိုင်းဝိညာဉ် ပိုင်ဆိုင်သူများဟု သတ်မှတ်ကြ၏။
လင်းချန်သည် နိဗ္ဗာန်နယ်ပယ်ကိုပင် မချိုးဖြတ်ရသေးသော်လည်း သူ၏ သိုင်းဝိညာဉ်သည် အပြည့်အဝ ပုံဖော်ပြီးသား ဖြစ်နေခြင်းက ဘိုးဘေးအဆင့် သိုင်းဝိညာဉ် အစစ်အမှန် ဖြစ်ကြောင်းနှင့် သူ၏ ဘိုးဘေးထံမှ သွေးမျိုးဆက် စွမ်းအားအားလုံးကို အမွေဆက်ခံထားကြောင်း သက်သေပြနေသည်။
ဝေဝူရွှမ်က ပြောရင်း သက်ပြင်းချလိုက်သည်။
"ဘိုးဘေးအဆင့် သိုင်းဝိညာဉ် ဆိုတာက ဘိုးဘေးရဲ့ သိုင်းဝိညာဉ်နဲ့ တစ်ထပ်တည်း တူညီနေမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ မင်းရဲ့ သိုင်းဝိညာဉ်က ဓားတစ်လက် ဖြစ်ပေမဲ့ မင်းရဲ့ ဘိုးဘေးက ဓားမကြီးတစ်လက်ကို သုံးခဲ့တာလည်း ဖြစ်နိုင်တယ်။"
"မင်းမှာ ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်း အရှိန်အဟုန် ရှိသလို သိုင်းဝိညာဉ်ကို ဝိညာဉ်လက်နက် တပ်ဆင်လိုက်ပြီးတဲ့နောက်မှာလည်း ကြီးမားလှတဲ့ လွှမ်းမိုးနိုင်စွမ်းတွေ ရှိတယ်။"
လင်းချန် ထိုစကားကို ကြားသောအခါ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ဟွာရှာအင်ပါယာ၏ အကူအညီ မပါဘဲနှင့်ပင် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် အမှန်တကယ်ကို ကြောက်စရာ ကောင်းလှ၏။
ထို့အပြင် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း ပြုလုပ်ပြီးနောက် သိုင်းဝိညာဉ် စွမ်းအားဖြင့် အားဖြည့်လိုက်သောအခါ ဝိညာဉ်လက်နက်၏ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိုက်ခိုက်စွမ်းအား တိုးတက်လာမှုကို လင်းချန် ရှင်းလင်းစွာ ခံစားခဲ့ရသည်။
အကယ်၍ ယခင်က လက်ဗလာဖြင့် အသုံးပြုသော စိတ်ဝိညာဉ်စွမ်းအင်၏ အင်အားသည် တစ်ဆသာ ရှိသည်ဆိုလျှင် ဝိညာဉ်လက်နက် တပ်ဆင်ပြီးနောက်တွင်မူ ဓားချီစွမ်းအားသည် ဆယ်ဆခန့် ဖြစ်သွား၏။
ထိုကဲ့သို့ ကြီးမားသော ကွာခြားချက်ကြောင့်ပင် လင်းချန်မှာ နေယွမ်နယ်ပယ်သာ ရှိသော်လည်း အခြားသူများကို အလွန်အမင်း တုန်လှုပ်သွားစေနိုင်ခြင်း ဖြစ်သည်။
လင်းချန် နည်းဗျူဟာခန်းမတွင် ကျူးကော့မင် တွက်ချက်ပြခဲ့သည့် မြင်ကွင်းများကို ပြန်လည်တွေးတောလိုက်မိသည်။
"ကျူးကော့မင်ရဲ့ လေ့လာချက်အရ မိုးကြိုးလျှပ်စီးဓားက အဖေဆီကနေ အမွေရခဲ့တာ။ ဒါဆိုရင် အဖေက အင်အားကြီးမားတဲ့ မိသားစုတစ်ခုရဲ့ မျိုးဆက် ဖြစ်သင့်တယ်။ ဘာကြောင့်များ ရေအကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားရတာလဲ။"
ထို့အပြင် ဆရာဖြစ်သူ၏ စကားအရ ဒန်တျန်ထဲ၌ ပုံဖော်ပြီးသား ဖြစ်နေသော တိမ်တိုက်ဓားသည်လည်း ဘိုးဘေးအဆင့် သိုင်းဝိညာဉ်တစ်ခု ဖြစ်နေသေး၏။ အကယ်၍ သူ၏ တပည့်တွင် ဘိုးဘေးအဆင့် သိုင်းဝိညာဉ် တစ်ခုတည်း ရှိသည်မဟုတ်ဘဲ နှစ်ခုတောင် ရှိနေသည်ကို ဝေဝူရွှမ်သာ သိရှိသွားပါက ချက်ချင်းပင် မေ့လဲသွားလောက်သည်။
"ဒီအတိုင်းဆိုရင် အမေ့ရဲ့ နောက်ခံမိသားစုကလည်း ကြီးမားတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်မှာပဲ။ ဒါကြောင့် လုံလောက်တဲ့ ကျင့်ကြံခြင်းနယ်ပယ် မရှိဘဲ အမေနဲ့အဖေတို့ကို လိုက်ရှာတာက အကြံကောင်မဟုတ်ဘူး။"
"ဒါပေမဲ့ ဒီလို ကျင့်ကြံခြင်း အရှိန်အဟုန်နဲ့ ဟွာရှာအင်ပါယာ ရှိနေမှတော့ အမေနဲ့အဖေတို့ကို လိုက်ရှာနိုင်တဲ့ ခွန်အားကိုရဖို့ အချိန်အကြာကြီး ယူရမှာ မဟုတ်ဘူး။"
လင်းချန် တိတ်ဆိတ်စွာ တွေးတောနေစဉ် ဝေဝူရွှမ်မှာလည်း အတွေးများ ပြည့်နှက်နေ၏။
သူတို့၏ ဆရာတပည့် ဆက်ဆံရေးသည် အလွန် ကောင်းမွန်လှသည်။
လင်းချန်၏ သိုင်းဝိညာဉ် မနိုးထနိုင်မှုကို ဖြေရှင်းရန်အတွက် သူ၏ မိဘများသည် ငယ်စဉ်ကတည်းက ထွက်ခွာသွားကြကြောင်း လင်းချန်ထံမှ သူ ကြားသိရသည်။ သို့သော် လင်းချန်၏ မိဘများသည် ယခုချိန်ထိ ပြန်မရောက်လာကြသေးချေ။
သူ့တပည့်၏ ဖခင်ဖြစ်သူ၌ သေးငယ်သော နောက်ခံအသိုင်းအဝိုင်း ရှိမည်မဟုတ်ကြောင်း ရှင်းလင်းနေသည်။ နှစ်ပေါင်းများစွာ ကြာသည်အထိ ပြန်မလာခြင်းမှာ ကြီးမားသော ဒုက္ခတစ်ခုခုနှင့် ကြုံတွေ့နေခြင်းကြောင့် ဖြစ်ပုံရဟ၏။
"လင်းချန်... ငါ ပြောတာကို မှတ်ထားပါ။ မင်းက မိဘတွေကို ရှာဖွေချင်တယ်ဆိုရင်တောင် လုံလောက်တဲ့ ခွန်အားမရှိခင်မှာ အလျင်စလို မလုပ်နဲ့။"
"နောက်ပြီး... အနာဂတ်မှာ ဝိညာဉ်လက်နက် အပြည့်အဝ တပ်ဆင်တာကို ရှောင်ကြဉ်ပါ။"
လင်းချန် ဆရာဖြစ်သူ၏ စကားကို တိတ်ဆိတ်စွာ ခေါင်းညိတ် ထောက်ခံလိုက်၏။ အပင်မြင့်လျှင် လေတိုက်ခံရသည် ဆိုသော သဘောတရားကို သူ နားလည်သည်။
တောအုပ်ထဲ၌ အမြင့်မားဆုံး ထိုးထွက်နေသော သစ်ပင်သည် မုန်တိုင်း၏ ဖျက်ဆီးမှုကို ခံရနိုင်ခြေ အများဆုံး ဖြစ်၏။ တစ်ခါတစ်ရံတွင် အလွန်အကျွံ ထက်မြက်နေခြင်းသည် ကိုယ့်အတွက် အကျိုးမရှိချေ။
ဝေဝူရွှမ်က စနောက်သော လေသံဖြင့် ပြောလိုက်သည်။
"ရှေးဟောင်းအမွေအနှစ်နယ်မြေ ဖွင့်လှစ်ချိန် နီးကပ်လာပြီ။ မင်း ကောင်းကောင်း ပြင်ဆင်ထားတာ ပိုကောင်းမယ်။"
"အဲဒီအချိန်ကျရင် မင်းရဲ့ စေ့စပ်ထားတဲ့ ကောင်မလေးလည်း တက်ရောက်လာလိမ့်မယ်။ မင်း ကောင်းကောင်း စွမ်းဆောင်နိုင်မှ ဖြစ်မယ်။ ကမ်းရိုးတန်းပြည်နယ်က တခြား ပါရမီရှင် လူငယ်တွေ သူ့ကို လုယူသွားတာမျိုး အဖြစ်မခံနဲ့။"
လင်းချန် အံ့ဩတကြီး မေးမြန်းလိုက်မိသည်။
"ဆရာ... ဘယ်လိုလုပ်..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၇ + ၅၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team