← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၉ + ၆၀

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

“ငါက ဘာလို့ မသိရမှာလဲ...”

ဝေဝူရွှမ် ပြုံးလိုက်ပြီး လင်းချန်၏ ပခုံးကို ပုတ်ကာ ဆိုလိုက်၏။

“ကောင်လေး... မင်းက တကယ် သန်မာပေမဲ့ ရှေးဟောင်းအမွေအနှစ်နယ်မြေက ထင်သလောက် မရိုးရှင်းဘူးကွ။ အဲ့ဒီကို မသွားခင် နယ်ပယ်တက်အောင် အရင်ကြိုးစားဦး...”

ထိုသို့ပြောပြီးနောက် ဝေဝူရွှမ် မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ၏ အခန်းဆီသို့ လျှောက်သွားလိုက်တော့သည်။

လင်းချန်ထံမှ ဆေးရည်ကို ရရှိပြီးနောက် ဝေဝူရွှမ်သည် ထိုဆေးရည်အား အလွန်အဖိုးတန်လှသော ရတနာတစ်ပါးကဲ့သို့ သဘောထားကာ ဆေးရည်၏ ထူးခြားသော အာနိသင်များကို အသုံးပြု၍ နေ့စဉ်ရက်ဆက် ကျင့်ကြံအားထုတ်နေလျက်ရှိ၏။

ဝေဝူရွှမ် ထွက်ခွာသွားပြီးသည့်နောက် လင်းချန် ခြံဝင်းထဲ၌ ဆက်လက် ထိုင်နေရင်း တစ်စုံတစ်ရာကို တိတ်ဆိတ်စွာ တွေးတောနေမိသည်။

"အခုချိန်ဆို ရှင်းရှင်းတစ်ယောက် ဘယ်လိုများ နေနေမလဲ မသိဘူး။ ပိုပြီးတောင် လှလာလောက်ပြီ ထင်တယ်..."

မကြာမီမှာပင် လင်းချန်သည်လည်း မတ်တပ်ရပ်လိုက်ပြီး သူ၏ အိမ်ထဲသို့ ပြန်ဝင်သွားလိုက်တော့၏။ ဝေဝူရွှမ် ပြောခဲ့သလိုပင် ရှေးဟောင်းအမွေအနှစ်နယ်မြေ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများအား သေချာပေါက် ပြုလုပ်ထားရန် လိုအပ်နေသည်။

ရှေးဟောင်းအမွေအနှစ်နယ်မြေသည် ကမ်းရိုးတန်းပြည်နယ်၌ အကြီးမားဆုံးသော ရှေးဟောင်းဂိုဏ်းပျက်ကြီးတစ်ခု ဖြစ်ပြီး ၊ ရှေးဟောင်းဂိုဏ်းများက သူတို့၏ တပည့်များအား စမ်းသပ်စစ်ဆေးရာ နေရာတစ်ခုလည်း ဖြစ်၏။

အချိန်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်ငြား ရှေးဟောင်းအမွေအနှစ်နယ်မြေသည် အလွန်အစွမ်းထက်သော အစီအရင်များဖြင့် ဖုံးလွှမ်းနေလျက်ရှိဆဲ ဖြစ်သည်။

အသက် ၂၆ နှစ်အောက် ကျင့်ကြံသူများသာလျှင် အစီအရင်၏ ဟန့်တားမှုကို မခံရဘဲ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ၊ ရှေးဟောင်းအမွေအနှစ်နယ်မြေအတွင်းရှိ စမ်းသပ်မှုများကို ဝင်ရောက် ဖြတ်ကျော်နိုင်မည် ဖြစ်လေ၏။

ဂိုဏ်းသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်း၏ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အတွေ့အကြုံများအရ သူတို့သည် ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ ဖွဲ့စည်းပုံအား အပြည့်အဝ နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။

သုံးနှစ်လျှင် တစ်ကြိမ် ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ ဝင်ပေါက်များ ပွင့်လာလေ့ရှိပြီး ၊ ဝင်ရောက်၍ စမ်းသပ်မှုကို အောင်မြင်ပါက ကြီးမားသော ဆုလာဘ်များ ရရှိမည် ဖြစ်၏။

အကြိမ်တိုင်း၌ စမ်းသပ်မှုခံယူရန် ဝင်ရောက်နိုင်သူ အရေအတွက်မှာ ၄၈ ဦးသာ ရှိပြီး ၊ ဂိုဏ်းသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းမှ တစ်ဖွဲ့လျှင် နေရာ ၆ နေရာစီ ရရှိကြသည်။

ရှေးဟောင်းအမွေအနှစ်နယ်မြေသည် ကျင့်ကြံအားထုတ်ရန်အတွက် အကောင်းဆုံးနေရာ ဖြစ်ရုံသာမက ၊ တန်ဖိုးကြီးမားလှသော ဆုလာဘ်များကိုပါ ပေးအပ်လေ့ ရှိ၏။

ထို့အတွက်ကြောင့် ထိုဝင်ခွင့်နေရာတစ်နေရာ ရရှိရန်မှာ အလွန်ပင် တန်ဖိုးကြီးလှပြီး ၊ အတွင်းစည်းဂိုဏ်းမှ ထိပ်တန်း တပည့် ၆ ဦးသာလျှင် သွားရောက်ခွင့် ရှိ၏။

လေချန် ထိုဝင်ခွင့်နေရာတစ်နေရာကို ရရှိခဲ့သည်မှာ အဘိုးဖြစ်သူ လေဟန်က အဆင့် ၆ နေရာရှိ တပည့်ထံမှ ကြီးမားလှသော တန်ကြေးများပေးကာ ဝယ်ယူခဲ့ရခြင်းပင် ဖြစ်၏။

လေဟန်သည် အထွတ်အထိပ်အကြီးအကဲ တစ်ယောက် ဖြစ်လျှင်ပင် ၊ သူ၏ အာဏာကို အသုံးပြုကာ ထိုတပည့်ထံမှ ဝင်ခွင့်နေရာအား ဗြောင်ကျကျ လုယူ၍ မရနိုင်ချေ။

လင်းချန် ရှေးဟောင်းအမွေအနှစ်နယ်မြေသို့ သွားရောက်လိုစိတ် အလွန်အမင်း ပြင်းပြနေခဲ့သည်မှာ အတော်ပင် ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ဝင်ခွင့်နေရာတစ်နေရာ ရရှိမည့် အခွင့်အရေး ကြုံလာသောအခါ သူ့အတွက် အလွန် ကျေနပ်အားရဖွယ် ဖြစ်သွားတော့၏။

သူ၏ ဖခင် ရှာဖွေဖွင့်လှစ်နိုင်ခဲ့သော ဘာရှန်းမြို့အနီးရှိ ရှေးဟောင်းအမွေအနှစ်နေရာ၏ အတိုင်းအတာမှာ မသေးငယ်လှသော်ငြား ၊ ယခုရှေးဟောင်းအမွေအနှစ်နယ်မြေနှင့် ယှဉ်လိုက်လျှင်တော့ ကွာခြားချက်က ကြီးမားလွန်းလှသည်။

ထို့အပြင် ထိုနေရာသည် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ရာ ဂိုဒေါင်နှင့် ပို၍တူညီနေပြီး ၊ အဓိကအားဖြင့် ဆေးလုံးများ ၊ ဝိညာဉ်လက်နက် နှလုံးသားများ ၊ ဝိညာဉ်အစိတ်အပိုင်းများနှင့် အခြားဝိညာဉ်ပစ္စည်းအချို့သာ ပါဝင်၏။

လင်းချန် ထိုပစ္စည်းများအား ဟွာရှာအင်ပါယာသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကာ ၊ ကျူးကော့မင်၏ ကောင်းကင်လက်မှုပညာဌာနသို့ ပေးပို့၍ ခွဲခြမ်းစိတ်ဖြာ လေ့လာစေခဲ့သည်။

သေခြင်းရှင်ခြင်း တိုက်ပွဲများအတွင်း လင်းချန် အသုံးပြုခဲ့သော ဝိညာဉ်လက်နက် နှလုံးသားနှင့် ဝိညာဉ်အစိတ်အပိုင်းများသည် ထိုကောင်းကင်လက်မှုပညာဌာန၏ သုတေသနရလဒ်များပင် ဖြစ်၏။

**--**--**--**--**--**--**--**

“ဟင်...”

ရုတ်တရက်ဆိုသလိုပင် လင်းချန်၏ စိတ်ထဲ၌ အသံတစ်ခု ထွက်ပေါ်လာ၏။

သူ စိတ်ဆန္ဒ ပြုလိုက်သည်နှင့် တစ်ပြိုင်နက် ကျူးကော့မင်ထံမှ သတင်းပို့ချက်တစ်ခုက လင်းချန်၏ ရှေ့တွင် ပေါ်လာပြီး ၊ ထိုအကြောင်းအရာကြောင့် သူ အနည်းငယ် အံ့ဩသွားရတော့သည်။

“မူလတိုင်းပြည်ကို ပြန်မယ်...”

လင်းချန်၏ အသံဆုံးသည်နှင့် သူ၏ ဘေးပတ်လည်တွင် အလင်းရောင်များ လင်းလက်သွား၏။ သူ မူလရပ်နေသော နေရာ၌ အစားထိုးရုပ်သေးတစ်ရုပ်သာ ကျန်ရစ်ခဲ့ပြီး ၊ သူကမူ ဟွာရှာအင်ပါယာသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်း၌ပင် နတ်ဓားဂိုဏ်းအတွင်းရှိ မိုးကြိုးဘုရင်တောင်ထိပ်တွင် အလွန်ကြီးမားသော ခရမ်းရောင် အိမ်တော်ကြီးတစ်လုံး ရှိနေလျက်ရှိနေ၏။

ဤနေရာကား အခြားမဟုတ် ၊ အကြီးအကဲ လေဟန် နေထိုင်ရာ စံအိမ်ကြီးပင် ဖြစ်သည်။

အိမ်တော်ကြီးသည် အလွန် ကျယ်ဝန်းလှပြီး ၊ ထိုအိမ်တော်၏ နောက်ဖေးခြံဝင်းထဲမှနေ၍ ပစ္စည်းများအား ဒေါသတကြီး ရိုက်ခွဲဖျက်ဆီးနေသော ဆူညံသံများ ဆက်တိုက် ထွက်ပေါ်နေလျက်ရှိ၏။

အခန်းထဲတွင်မူ ဆံပင်တိုတိုညှပ်ထားပြီး တစ်ကိုယ်လုံး ပတ်တီးများ စည်းထားသော လူငယ်တစ်ဦးသည် လက်လှမ်းမီသမျှ အရာအားလုံးကို ဒေါသတကြီး ရိုက်ခွဲဖျက်ဆီးပစ်နေလျက်ရှိသည်။

အိမ်ဖော်မလေး နှစ်ယောက်မှာမူ အနီးနားတွင် ခေါင်းငုံ့ထားကြပြီး အကြောက်လွန်ကာ တစ်ဆတ်ဆတ် တုန်ယင်နေကြရ၏။

“ဘာလို့လဲ... ဘာလို့ ဒီအတိုင်း ထားလိုက်ရတာလဲ။ ငါက ဒုက္ခိတ ဖြစ်သွားပြီလေကွာ... အဘိုးက ဒီကိစ္စကို ဒီအတိုင်းကြီး လွှတ်ထားလိုက်တာလား...”

“လေချန်ကလည်း အသုံးကိုမကျတဲ့ကောင်... နေယွမ်နယ်ပယ်က ကောင်ကိုတောင် အနိုင်မယူနိုင်ဘူး။ သေလိုက်ပါတော့လားကွာ...”

“ငါ မကျေနပ်ဘူး... ၊ ငါ လုံးဝ မကျေနပ်ဘူးကွ...”

**--**--**--**--**--**--**--**

နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာသောအခါ...

“ဘာ... ၊ မင်းရဲ့ညီ ပျောက်သွားတယ်...”

မော်ချင်းတောင်ထိပ်ရှိ ခြံဝင်းထဲ၌ လင်းချန် လေချန်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်၏။

လေချန်သည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မာန်မာနထောင်လွှားသော အသွင်အပြင် ရှိနေဆဲဖြစ်သော်ငြား ၊ အတိတ်ကနှင့် ယှဉ်လိုက်လျှင်မူ သူ၏ မာနများကို သိသိသာသာ ထိန်းချုပ်ထားပုံ ရသည်။

လေချန် ခေါင်းကို အနည်းငယ် ခါယမ်းကာ ရှင်းပြလိုက်၏။ “ဟုတ်တယ်... အဘိုး ပြန်လာတော့ သူ့ကိ့ အတော်လေး ဆူပူကြိမ်းမောင်းလိုက်တာ... နောက်တစ်နေ့ကျတော့ သူ ပျောက်သွားပါလေရော။ ဂိုဏ်းတံခါးစောင့် တပည့်တွေကို မေးကြည့်တော့ သူ ဂိုဏ်းထဲက ထွက်သွားတယ်တဲ့...”

လင်းချန် တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။ “မင်း ညီလေးက တကယ်ကို ဟုတ်နေတာပဲ။ အိမ်ကနေတောင် ထွက်ပြေးတယ်ပေါ့လေ...”

လေချန် လင်းချန်၏ မျက်နှာထားကို ကြည့်ကာ မကျေမနပ် ဖြစ်သွား၏။ “ကျွန်တော့်ညီက ခင်ဗျားလက်ချက်နဲ့ ဒုက္ခိတ ဖြစ်သွားခဲ့ရတာလေဗျာ။ သူက အသက်ရှင်မလား ၊ သေမလားတောင် သေချာမသိရဘဲ နတ်ဓားဂိုဏ်းထဲကနေ ထွက်ပြေးသွားတာကို ခင်ဗျားက ရယ်နိုင်သေးတယ်ပေါ့လေ... ခင်ဗျားက တကယ်ကို ကိုယ်ချင်းစာစိတ် မရှိတာပဲ...”

လင်းချန် အေးစက်စွာဖြင့် တုံ့ပြန်လိုက်၏။ “ဟမ်... မင်း ညီက ဒုက္ခိတ ဖြစ်သွားတော့ ဘာဖြစ်လဲကွ။ အဲ့ဒီလို စိတ်ဓာတ်မျိုးနဲ့ဆိုရင် အနာဂတ်မှာ ဘယ်လို ပြဿနာမျိုးတွေ ရှာဦးမလဲဆိုတာ ဘယ်သူသိမှာလဲ... အဲ့ဒီလို ဖြစ်မယ့်အစား သူ့ကို သာမန်လူတစ်ယောက်အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေခိုင်းလိုက်တာက ပိုကောင်းပါတယ်...”

လေချန် လင်းချန်၏ စကားကို နားထောင်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။ အမှန်တကယ်တော့ လင်းချန် ပြောသည့်စကားများမှာ မမှားပေ။ သူ၏ ညီဖြစ်သူ လေကွန်သည် ကိုယ့်အတတ်နှင့် ကိုယ်စူးခဲ့ခြင်းသာ ဖြစ်၏။

“အတည်ပြောရရင် မင်းက အကြီးအကဲ လေဟန်လိုပဲ မာနကြီးပေမဲ့ မကောင်းမှုတော့ မလုပ်ဘူးလေ။ ဟိတ်ဟန်ထုတ်ရတာကိုပဲ ကြိုက်တာ။ မင်း ညီကကျတော့ ဘာလို့ အဲ့လောက် လူယုတ်မာ ဖြစ်နေရတာလဲ။ သူ ယုတ်မာတဲ့ကိစ္စတွေ တော်တော်များများ လုပ်ခဲ့တယ်လို့ ငါ ကြားဖူးတယ်နော်...”

လေချန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖွင့်ဟလိုက်၏။ “သူက တကယ်တော့ ကျွန်တော့်အဖေရဲ့ သားအရင်း မဟုတ်ဘူးဗျ...”

လင်းချန် ရယ်မောလိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူကာ ဖြည်းညှင်းစွာ မှုတ်လိုက်သည်။ “ဘာ... ၊ မဖြစ်နိုင်တာ။ သူက ဘေးအိမ်က လူနဲ့ရထားတဲ့ ကလေးများလား...”

လေချန်သည် လင်းချန်အား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး အံ့သြစွာ မေးလိုက်၏။ “ကျွန်တော့်ညီရဲ့ အဖေအရင်း မျိုးရိုးနာမည်က ဝမ် ဖြစ်တယ်ဆိုတာကို ခင်ဗျား ဘယ်လိုလုပ် သိတာလဲ...” (ဘေးအိမ်ကလူ ရဲ့ တရုတ်အသံထွက်က ဝမ် ဖြစ်နိုင်တယ်ဗျ။ မသေချာ)

“ဖူးးး”

လင်းချန် သောက်လိုက်သော လက်ဖက်ရည်များမှာ လည်ချောင်းထဲသို့ပင် မရောက်လိုက်ဘဲ ၊ လေချန်၏ မျက်နှာဆီသို့ အမှတ်မထင် ပန်းထွက်သွားတော့၏။

ကံကောင်းစွာပင် လေချန်သည် လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး ဘေးသို့ အချိန်မီ ရှောင်တိမ်းလိုက်နိုင်သဖြင့် ၊ လက်ဖက်ရည်ဖြင့် မျက်နှာသစ်ရမည့် ဘေးမှ လွတ်ကင်းသွားသည်။

လေချန်က သူ့အား နားမလည်နိုင်သည့်အလား စိုက်ကြည့်နေသည်ကို မြင်သောအခါ လင်းချန် နှုတ်ခမ်းထောင့်မှ လက်ဖက်ရည်စက်များကို သုတ်လိုက်ပြီး ဟန်ကိုယ့်ဖို့လုပ်ကာ ချောင်းဟန့်လိုက်၏။

“ဟိုတုန်းက ရှန်ထျန်ဂိုဏ်းနဲ့ နတ်ဓားဂိုဏ်း တိုက်ပွဲဖြစ်တုန်းက ကျွန်တော့်မိဘတွေ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်လေ... ဦးလေးဝမ်လည်း အဘိုးကို ကာကွယ်ရင်း အသတ်ခံလိုက်ရတယ်ဗျ...”

“အဲ့ဒီ အပြစ်ရှိစိတ်ကြောင့်ပဲ အဘိုးက လေကွန်ကို အလိုလိုက်လွန်းပြီး အခုလို အကျိုးဆက်တွေ ဖြစ်လာရတာပဲ...”

လေချန်၏ စကားကို ကြားပြီးနောက် လင်းချန် လက်ဖက်ရည် ထပ်ထည့်လိုက်ပြီး မတ်တပ်ရပ်ကာ လေချန်ဆီသို့ လျှောက်လာလိုက်၏။

“အေးပါ... ငါ သဘောပေါက်ပါပြီ။ ဒါပေမဲ့ မင်းအဘိုးရဲ့ ကျင့်ကြံခြင်းနယ်ပယ်အဆင့်နဲ့ဆိုရင် လေကွန်က နတ်ဓားဂိုဏ်းကနေ ထွက်သွားရင်တောင်မှ သူ့ကို ပြန်ရှာဖို့က သိပ်မခက်ခဲလောက်ပါဘူး...”

“ထူးဆန်းတာက အဘိုး သူ့ကို ရှာမတွေ့တာပဲဗျ။ အဘိုးက နတ်ဓားဂိုဏ်း ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းမှာ သေချာရှာဖွေခဲ့ပေမဲ့ သူ့အရိပ်အယောင်ကိုတောင် လုံးဝကို မတွေ့ရဘူးတဲ့...”

လင်းချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

အကယ်၍ လေချန် ပြောသည့်အတိုင်းသာဆိုပါက ဤကိစ္စသည် အမှန်တကယ်ပင် ပုံမှန် မဟုတ်တော့ချေ။

ခဏအကြာတွင် လင်းချန် တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် မေးလိုက်သည်။ “နေပါဦး... ငါ မနေ့ကမှ မင်းကို သတ်လုနီးပါး ဖြစ်ခဲ့တာလေ။ ဒီနေ့ကျ မင်းက ငါနဲ့ လာပြီး စကားဖောင်ဖွဲ့နေတယ်ပေါ့။ မင်း သတ္တိ တော်တော်ကောင်းတာပဲ...”

“ဒီနေ့ ကျွန်တော် လာတာက တခြားအကြောင်းအရင်း ရှိလို့ပါဗျ...”

လင်းချန် မေးရင်း လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်၏။ “အော်... ဘာလဲ... မင်း ငါနဲ့ ထပ်ချချင်လို့လား...”

ရုတ်တရက် လေချန် လင်းချန်အား လက်ယှက်ကာ အရိုအသေပေးလိုက်ပြီး လေးနက်စွာ တောင်းဆိုလိုက်သည်။ “လူငယ်ဧကရာဇ်... ခင်ဗျားကို ကျွန်တော့်ရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပါတယ်။ ခင်ဗျားနောက်ကို လိုက်ပြီး ကျင့်ကြံခွင့်ပြုပါ...”

“ဖူးးး”

လေချန် စကားဆုံးသည်နှင့် တစ်ပြိုင်နက် လင်းချန်၏ ပါးစပ်မှ လက်ဖက်ရည်များ ပန်းထွက်လာပြီး ၊ လေချန်၏ မျက်နှာပေါ်သို့ တည့်တည့်မတ်မတ် ပန်းမိသွားတော့၏။

"မင်း နေ့တိုင်း အိမ်ကထွက်ရင် ခေါင်းကို တံခါးနဲ့ တိုက်မိနေလားလို့ ငါ သံသယတောင် ဝင်လာပြီကွာ..."

"ငါ မနေ့ကမှ မင်းကို သတ်လုနီးပါး ဖြစ်ခဲ့တာလေ။ အခုကျတော့ မင်းက ငါ့ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတယ်ပေါ့..."

"..."

လင်းချန်၏ စကားများက လေချန်အား ဆွံ့အသွားစေပြီး မည်သို့ ပြန်ပြောရမည်ကိုပင် မသိတော့ချေ။

သေချာ ပြန်စဉ်းစားကြည့်လိုက်လျှင် လင်းချန် ပြောသည်မှာလည်း မှန်ကန်နေသည်။ သူသည် ယမန်နေ့ကမှ လင်းချန်၏ လက်ချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရပြီး ၊ ယနေ့တွင် ထိုသူ့ကိုပင် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် လာရောက်တောင်းဆိုနေခြင်း ဖြစ်၏။

ဤအကြောင်းကို ကြားလိုက်ရသူတိုင်းက ရယ်စရာကောင်းလှသည်ဟု ထင်မြင်သွားကြမည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော်ငြားလည်း တစ်ခါတစ်ရံတွင် အမှန်တရားသည် အလွန်ပင် ထူးဆန်းနေတတ်၏။

ယမန်နေ့က လေချန် ကြုံတွေ့ခဲ့ရသည့် ရှုံးနိမ့်မှုသည် အလွန်ပင် ဆိုးရွားခဲ့ပြီး သူ့အား အသိတရား ရသွားစေခဲ့သည်။ အမှန်စင်စစ် သူသည် ထင်သလောက် ထူးခြားနေသူ မဟုတ်ခဲ့ပေ။

လောကကြီး၌ သူ့ထက် ပိုသာသည့် ပါရမီရှင်များစွာ ရှိနေသည်။ ထို့အတွက်ကြောင့် သူ၏ အဓိပ္ပါယ်မဲ့လှသော မာနအား ဆက်လက် ဖက်တွယ်ထားခြင်းမှာ ရယ်စရာကောင်းလှ၏။

ထို့အပြင် လင်းချန်၏ စကားများသည် သူ၏ စိတ်ကို နိုးကြားသွားစေခဲ့သည်။

နတ်ဓားဂိုဏ်းအတွင်း၌ ဗိုလ်ကျကာ ဂိုဏ်းသားများကို အနိုင်ကျင့်ခြင်းသည် အသုံးမကျလှချေ။ ထိုသည်က အားနည်းသူအပေါ် ဖိနှိပ်နေခြင်းသာ မဟုတ်ပါလော။

ရှင်းထျန်းဂိုဏ်းမှ သန်မာသော လူများအား သွားရောက် အနိုင်ကျင့်နိုင်မှသာလျှင် စစ်မှန်သောစွမ်းရည်ဟု သတ်မှတ်နိုင်မည်။

သူ၏ မိဘများကို သတ်ဖြတ်ခဲ့သူများမှာ ရှင်းထျန်းဂိုဏ်းမှ လူများဖြစ်ကြောင်း လေချန် သတိရသွား၏။ ထို့အပြင် နတ်ဓားဂိုဏ်းနှင့် ရှင်းထျန်းဂိုဏ်းကြားမှ ရန်ငြိုးသည်လည်း နှစ်ကာလများစွာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။

ပဋိပက္ခ မည်သည့်အချိန်တွင် ဖြစ်ပွားမည် ၊ တိုက်ပွဲများ မည်သို့ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

ထို့ကြောင့် ယခုအချိန်၌ လေချန် အဓိက လုပ်ဆောင်ရမည့်အရာမှာ သူ၏ စွမ်းအားကို တိုးတက်လာအောင် မြှင့်တင်ရန်သာ ဖြစ်၏။

မကောင်းသူနှင့် ပေါင်းလျှင် မကောင်းသူ ၊ တော်သူနှင့် ပေါင်းလျှင် တော်သူ ဖြစ်လာတတ်စမြဲပင်။ အစွမ်းထက်သော လင်းချန်၏ အနားတွင် နေထိုင်ရလျှင် အရာများစွာကို သင်ယူနိုင်လိမ့်မည်ဟု သူ တွေးမိလိုက်သည်။

ထို့အပြင် လင်းချန် သူ့အား လူကြီးလူကောင်းပီသစွာ အနိုင်ယူခဲ့ခြင်းကပင် လေချန်၏ ရင်ထဲ၌ လေးစားမှု ဖြစ်ပေါ်လာစေရန် လုံလောက်နေပြီ ဖြစ်သည်။

လေချန်၏ ပြတ်သားသော မျက်နှာထားကို ကြည့်ရင်း လင်းချန် နားလည်စ ပြုလာ၏။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မာနကြီးသူများသည် ရှုံးနိမ့်မှုနှင့် အဆင်မပြေမှုများကို ရင်ဆိုင်ရသောအခါ ရလဒ်နှစ်ခု ဖြစ်ပေါ်လာတတ်သည်။

ပထမတစ်ခုမှာ စိတ်ဓာတ်များ လုံးဝပြိုလဲသွားပြီး သူ့အား အနိုင်ယူခဲ့သူကို လက်တုံ့ပြန်ရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကာ သူတို့၏ ဂုဏ်သိက္ခာအား ပြန်လည်ရယူရန် ကြိုးစားခြင်းပင် ဖြစ်၏။

ဒုတိယတစ်ခုမှာမူ လေးစားအားကျသွားပြီး ကိုယ်၌၏ စွမ်းရည်များကို မြှင့်တင်ရန် နှိမ့်ချစွာ လမ်းညွှန်မှု ခံယူခြင်း ဖြစ်သည်။

လေချန်မှာ ဒုတိယအမျိုးအစား ဖြစ်ကြောင်း ထင်ရှားနေ၏။

"ငါ့ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီး ငါနဲ့အတူ ကျင့်ကြံမယ်ဆိုတော့ မင်းနောက်ကို လိုက်နေတဲ့ ဂိုဏ်းသားတွေကကော ဘယ်လိုလုပ်မလဲ..."

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၆ ၊ အတွဲ ၁ ၊ အပိုင်း ၅၉ + ၆၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

သိုင်းလောကရဲ့စည်းမျဥ်းများအရ အပိုင်း ၆၀ အထိ အခမဲ့တင်ပြီးရင် အရောင်းစာရင်းတင်နိုင်ပါပြီဗျ။ ထို့အတွက်ကြောင့် စာစဥ် ၇ မှစပြီး တစ်အုပ်ကို ၃၀၀ ကျပ်ဖြင့် စတင်ရောင်းချပါမည်။ အရေးအသားဖတ်ရတာ အဆင်မပြေရင် comments မာ လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်ဗျ။ ကျနော်ဝင်ဖတ်ဖြစ်ပါတယ်။ ဟင်းတစ်ပွဲရဲ့ လိုအပ်ချက်တွေကို ထောက်ပြသောအားဖြင့် စာဖိုမှူးအနေနဲ့ ပိုမိုကောင်းမွန်ပြီး အရသာရှိတဲ့ ဟင်းပွဲတွေကို ချက်ပြုတ်နိုင်မာ ဖြစ်ပါတယ်ဗျ။

အားပေးဖတ်ရှုပေးနေတဲ့ စာဖတ်သူများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်လျက်ပါ။ ခေတ်အခြေအနေကြောင့် ငွေကြေးအဆင်မပြေရင် ဝယ်မဖတ်သေးပဲ စာစဥ်လေးကို Library ထဲထည့်ပေးပေးပါဗျ။ စာစဥ် ၃၀ လောက်ရောက်ရင် အခမဲ့ကို စာစဥ် တစ်ဆယ်လောက်ထိ တိုးပေးပါမယ်နော် ^^ နောက်ပိုင်းအပိုင်းများလာတာနဲ့အမျှ အခမဲ့ကိုလည်း လိုက်တိုးပေးပါမယ်ဗျ။

ဝါသနာပါလို့ လုပ်နေတာဖြစ်ပေမဲ့ ဝမ်းရေးလည်းဖြစ်တာမလို့ အရောင်းတင်ရခြင်းကို နားလည်​ပေးဖို့ တောင်းဆိုလိုပါတယ်။ ရှန်းရှသိုင်းလောကသားများအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာကြပါစေဗျ။ ^^

All Chapters