အခန်း (၇၃)
Vol. 7 Ch. 73
အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၇၃
စနစ် - "အင်... အခု ငါ့မှာ ဖြေရှင်းနည်းတစ်ခု ရှိပြီ။"
ဝမ်ယွီထုံ - "ကျွန်မအသေးစိတ် သိချင်တယ်။"
စနစ် - "ဇာတ်လိုက် ကျိုးရှောင်ယွီက အခု တစ်နှစ်ပဲ ရှိသေးတယ်၊ သူ့ကံကောင်းမှုက အရမ်းအားနည်းနေသေးတယ်။ သူ အသက်ကြီးလာတာနဲ့အမျှ သူ့ကံကောင်းမှုက ပိုအားကောင်းလာလိမ့်မယ်။"
ဝမ်ယွီထုံ - "အိုး။"
စနစ်က မာန်မာနထောင်လွှားသည့်ပုံဖြင့် ရယ်မောလိုက်သည်။ "ငါက အနာဂတ်ကို ခရီးသွားလို့ မရပေမယ့်၊ အတိတ်ကို တိုတောင်းတဲ့ကာလအတွက် ပြန်ခေါ်သွားလို့ရတယ်။ ဒီကမ္ဘာက အရမ်းထူးဆန်းတယ်လို့ ထင်တယ်။ဘာကြောင့်လဲမသိ ကမ္ဘာတစ်ခုလုံး ပြန်လည်ဖန်တီးခံခဲ့ရတယ် ဇာတ်လမ်း အပိုင်းနှစ်ပိုင်းတောင်။ ဒါကြောင့် ငါတို့က ဒီချို့ယွင်းချက်ကို အသုံးချလို့ရတယ်။"
ဝမ်ယွီထုံလည်း အံ့အားသင့်သွားသည်။ "ဘာ!! အပိုင်း နှစ်ပိုင်းးလား?"
စနစ် - "ဟုတ်တယ်၊ ဒါက အရမ်းအံ့သြဖို့ကောင်းတယ်လို့ ငါထင်တယ်။ ပထမပိုင်းးက ကျိုးရှောင်ယွီ အသက် ၁၅ နှစ် ရောက်တဲ့အခါ ရုတ်တရက် ပြီးဆုံးသွားပြီး ကမ္ဘာတစ်ခုလုံး ပြန်စခဲ့တယ်၊ ဒုတိယပိုင်း စတင်ခဲ့တယ်။ ငါက အဲ့ဒီအချိန်ဟာကွက်ကို အသုံးပြုပြီး မင်းကို ပထမပိုင်းက ၁၅ နှစ်သား ကျိုးရှောင်ယွီဆီ ပြန်ခေါ်သွားပြီး သူနဲ့ တစ်လနေခွင့်ပေးမယ်။ ဒီတစ်လအတွင်း မင်းက အရမ်းကံကောင်းတဲ့သူရဲ့ နောက်ဆုံး ၁% ကံကောင်းမှုကို စုပ်ယူနိုင်ရင်၊ မင်းက အလိုအလျောက် ဒီကို ပြန်ရောက်လာပြီး ပင်လယ်ထဲကနေ ကယ်တင်ခံရလိမ့်မယ်။"
ဝမ်ယွီထုံ - "မအောင်မြင်ရင် ဘာဖြစ်မလဲ။"
စနစ် -"ဒါဆို မင်းက ပင်လယ်ကြမ်းပြင်မှာ မြှုပ်နှံခံရလိမ့်မယ်။ မင်း လုပ်ချင်လား?"
ဝမ်ယွီထုံ - "ကျွန်မလုပ်မယ်"
ဝမ်ယွီထုံ လက်သီးဆုပ်လိုက်ကာ မိမိကိုယ်ကို အားတင်းထားလိုက်သည်။ အောင်မြင်နိုင်ခြေက ၁% ပဲ ရှိတယ် ဆိုရင်တောင် ပေါက်စီလုံးလေးနဲ့ သူမ ယောကျာ်းဆီပြန်လာနိုင်ဖို့ သူမ ကြိုးစားရလိမ့်မယ်။ သူမ ခုလေးတင် ဖွင့်ထားခဲ့တဲ့ ကလေးကစားကွင်း လုပ်ငန်းလဲ ရှိသေးတယ်။ လုပ်ငန်းခွဲ တွေ ရာနဲ့ချီပြီး ဖွင့်ချင်သေးတယ်။
ထိုစဉ် သူမ၏ ကမ္ဘာပတ်ချာလည်သွားသလို ခံစားလိုက်ရကာ စနစ်သည် ဝမ်ယွီထုံအား အချိန်စက်ဝန်းထဲ ဆွဲယူလိုက်သည်။
"အာ့... စနစ်ရယ် ဖြည်းဖြည်းလုပ်ပါ ကျွန်မခေါင်းတွေ မူးသွားတာပဲ"
နောက် စက္ကန့်ဝက်အကြာမှာ သူမမျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။
ပြတင်းပေါက်အပြင်ဘက်က နေရောင်ဟာတောက်ပနေပြီး ရာသီဥတုကလည်း ပူနေသောကြောင့် နွေရာသီဖြစ်ရမည်။ သူမသည် သူမ ရင်းနှီးသည့် ဧည့်ခန်းမှာ ထိုင်နေပြီး ရိုးရိုးရှင်းရှင်း ဝတ်စုံကို ဝတ်ထားသည်။
စနစ် - " လက်ရှိမှာ ကျိုးရှောင်ယွီက စာညံ့တဲ့ ကျောင်းသားဖြစ်နေတာမို့လို့ ကျိုးကျီယွဲ့က ကျူရှင်ဆရာတစ်ယောက် စီစဉ်ပေးထားတယ်။ ပထမဆုံးရောက်တဲ့ နေ့မှာ မင်းက ကျူရှင်ဆရာမပဲ။ မင်း မျက်နှာလည်း အရင်အတိုင်းပဲ ဆိုတော့ တစ်ခြားသူတွေ မရိပ်မိအောင် ငါနည်းနည်းလေး ပြင်ညှိထားလိုက်တယ်"
ဝမ်ယွီထုံ - "အိုကေ။"
စနစ် - " သွားတော့ ဇာတ်လိုက်ကို စာသင်ပေးပြီး သူနဲ့အချိန်တွေကုန်လိုက်။ ဒါမှ မင်းရဲ့ ကံကောင်းခြင်းအမှတ်တွေ တိုးလာမှာ"
ဝမ်ယွီထုံလည်း လက်တွေ့စမ်းသပ်ကြည့်ရန် စိတ်ပြင်းပြနေသော်လည်း ကလေးကို မမြင်ရ၍ သံသယဖြင့်မေးလိုက်သည်။ "ဒါနဲ့ ကျွန်မရဲ့ အချစ်တုံးလေးက ဘယ်မှာလဲ?"
စနစ် - " မင်းအနောက်မှာလေ"
ဝမ်ယွီထုံက မျှော်လင့်ချက်ဖြင့် လှည့်ကြည့်လိုက်သည်နှင့် ပုန်ကန်တတ်သည့် အနက်ရောင်မျက်ဝန်းတစ်စုံနဲ့ ကြုံလိုက်ရသည်။
လူငယ်လေးမှာ ငွေရောင်ဆံပင် အကောက်လေးနှင့် ဘယ်ဘက် နားမှာလဲ စိန်နားကပ်ကို ပန်ထားသေးသည်။ရှည်လျား သေးသွယ်သည့် သူ့ပုံစံသည် အရပ် ၁.၈မီတာလောက်ရှည်လိမ့်မည်။
သူ့မျက်နှာမှာ ဒဏ်ရာ တစ်ချို့ ရှိသော်လည်း နုပျိုနေသည့် မျက်နှာလေးသည် အမှန်ဟုပင်မထင်ရလောက်အောင် လှပနေ၏။
ဝမ်ယွီထုံက ၁၅ နှစ်သား ကျိုးရှောင်ယွီကို အနီးကပ် မကြည့်ပဲ မနေနိုင်ခဲ့ပါ။ သူ့အသားအရေက ကလေးဘဝတုန်းကလိုပဲ ဖွေးအုနေဆဲဖြစ်ကာ မျက်လုံးတွေကတော့ ကလေးဘဝတုန်းကထက် ပိုကျဉ်းပြီး ရှည်လာခဲ့သည်။ နှာတံကတော့ မြင့်ကာဖြောင့်တန်းနေပြီး နှုတ်ခမ်းလေးကလည်း ကလေးဘဝတုန်းကလိုပဲ နူးညံ့လှသည်။
"ဟိုင်းးး ကလေး....အဟမ်းးး ဟယ်လို.. ကျောင်းသားကျိုးး"
လက်တစ်ဖက်မှာ ကိုလာ အအေးဘူးကိုင်ထားသည့် ကောင်လေးသည် နှာခေါင်းရှုံ့သံ တစ်ချက်ပြုကာ နောက်လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ပြီး ဝမ်ယွီထုံအား လှည့်ပင်မကြည့်ပဲ ကျော်သွားလေသည်။
ဝမ်ယွီထုံရဲ့ လက်သီးတွေ ချက်ချင်းပဲ ဆုပ်လိုက်ကာ တောင့်သွားသည်။
'ငါလခွမ်းးးး' သူမကို လုံးဝ ဂရုမစိုက်ဘူးပဲ!!
'ပေါက်စီလုံးလေးက ကြီးလာတော့ လုံးဝကို ချစ်စရာ မကောင်းဘူးပဲ!!!'
'ဒီကောင်လေး ဘာလို့ ဒီလောက်တောင် ပျက်စီးသွားရတာလဲ? သူ့ကို ကောင်းကောင်းရိုက်ပြီး ဆုံးမပေးရမယ်!!'
ကျိုးရှောင်ယွီသည် ဆိုဖာပေါ် ပျင်းရိပျင်းတွဲလဲလျောင်းနေပြီး သူ့ခြေထောက်ရှည်ကြီးတွေကို ကော်ဖီစားပွဲပေါ် တင်ထားကာ တီဗီမှာ ဂိမ်းဆော့နေသည်။
တီဗီကနေ နားကွဲလုမတတ် ဂိမ်းတိုက်ပွဲ သံတွေ ကြားနေရသည်။
ဝမ်ယွီထုံလည်း စိတ်တိုတိုဖြင့် သူမနားကို အုပ်လိုက်ကာ ကလေးရဲ့စာအုပ်တွေကို လှန်လှောကြည့်လိုက်သည်။
မျက်စိနှင့်သာ မျက်မြင်မတွေ့ရလျင် ယုံပင် ယုံနိုင်လိမ့်မည်မဟုတ်။ ဝမ်ယွီထုံ လန့်ဖျန့်သွားမိသည်။
မကြာသေးခင်ကမှ ပြီးထားသည့် လပတ်စာမေးပွဲမှာ တရုတ်စာ၊ သင်္ချာ၊ အင်္ဂလိပ်စာသည့် အဓိက ဘာသာရပ်ကြီးသုံးခု စာမေးပွဲကျထားလေသည်။ လက်ရေးကတော့ အတော်လေးလှသည်။ ကျိုးကျီယွဲ့ လက်ရေးလို စွမ်းအားတွေ အပြည့်နဲ့ မဟုတ်ပေမယ့် ကျော့ရှင်းကာ လှပသည်။
မာနကြီးကာ ဘယ်သူ့ကိုမှ လူမထင်သည့်ပုံဖြင့် ဂိမ်းကစားနေသည့် ကျိုးရှောင်ယွီကို ဝမ်ယွီထုံ လျစ်လျူရှုထားလိုက်သည်။ ထိုအစား ထိုင်ခုံတစ်ခုမှာ ထိုင်လိုက်ပြီး ကျိုးရှောင်ယွီ၏ ဘာသာရပ် စာအုပ်တစ်အုပ်ထဲက အမှားများကို ကြည့်ကာ ကလေးရဲ့ အားနည်းချက်ကို ရှာနေလိုက်သည်။ သူမစာရွက်တွေကို တစ်ရွက်ပြီး တစ်ရွက် အမြန်လှန်ကာ စစ်ဆေးလိုက်သည်။ ပုစ္ဆာ အတော်များများက မှန်သည် သို့သော် အပုဒ်ကြီးတွေကိုတော့ ကွက်လပ်တွေချည်း ထားခဲ့သည်။ ဥပမာ အားဖြင့်ဆိုရလျင် သင်္ချာဘာသာရပ် ဆိုလျင် ဘာကြာင့်မှန်းမသိ အပုဒ်ကြီး နှစ်ပုဒ်မဖြေထားပေ။
"ဆရာမ ဝမ် လက်ဖက်ရည်လေးသောက်ပါဦး"
ဤတစ်ကြိမ်တွင် ဝမ်ယွီထုံသည် ဆရာမဝမ်အမည်ဖြင့် ကူးပြောင်းလာခြင်းဖြစ်သည်။ ခေါင်းကို မော့ကြည့်လိုက်စဉ် သူမ မျက်ဝန်းထဲ အနည်းငယ် အံ့အားသင့်ရိပ်ဖြစ်သွားသည်။ သူမကို လက်ဖက်ရည် ယူလာပေးသည့်သူက အိမ်တော်ထိန်းစန်ပင်ဖြစ်သည်။
ယခုချိန်တွင် အိမ်တော်ထိန်းစန်၏ ပုံစံက အတော်လေးအိုနေပြီဖြစ်သည်။ သူ့မျက်နှာက ကြင်နာတတ်သည့် မျက်နှာထား ရှိနေသေးသော်လည်း ဆံပင်တွေဖြူကာ ခါးကလည် ကိုင်းနေပြီဖြစ်သည်။
"ကျေးဇူးတင်ပါတယ်။" ဝမ်ယွီထုံက သူ့ကို ပြုံးပြလိုက်ပြီး ကျိုးရှောင်ယွီရဲ့ အိမ်စာကို ဆက်ကြည့်နေလိုက်သည်။
စစ်ဆေးမှုက နာရီဝက်ခန့်ကြာသွားသည်။ ဝမ်ယွီထုံသည် ပြတင်းပေါက်ဘေးနားတွင် ခါးကို မတ်မတ်ထားကာ ထိုင်နေ၏။ သူမလက်ထဲက ဘောပင်က ရွေ့လျားနေသော်လည်း သူမခန္ဓာကိုယ်က လုံးဝ မလှုပ်ပေ။
ဂိမ်းဆော့နေတဲ့ ကျိုးရှောင်ယွီက ဝမ်ယွီထုံရှိရာဘက်ကို ရှုပ်ထွေးနေဟန်မျက်နှာဖြင့် မသိမသာကြည့်လိုက်သည်။ သူ့ရဲ့ မာန်မာနကြီးတဲ့ အဖေက သူ့အတွက် ကျူရှင်ဆရာ ဆယ်ယောက်ကျော်တောင် ငှားပေးခဲ့ဖူးသည်။ ဆရာတစ်ချို့က သူ့အား ချော့မော့ စာလုပ်ခိုင်းသလို တစ်ချို့က သူ့အား 'ဒီကလေး ကယ်မရတော့ဘူး' ဆိုသည့်မျက်နှာထားဖြင့်ကြည့်ကာ လက်လန်တတ်ကြသည်။ ဒီဆရာမတစ်ယောက်ကပဲ ရောက်ရောက်ချင်းသူ့ကို လျစ်လျူရှုကာ သူအိမ်စာတွေကိုစစ်နေ၏။
ကျိုးရှောင်ယွီလည်း နှုတ်ခမ်းလေးစူကာ ဂိမ်းဆက်ဆော့နေလိုက်သည်။
ညနေခင်းပိုင်းရောက်လျင် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ၏ မှားနေသည့်ပုစ္ဆာအားလုံးကို စစ်ဆေးပြီးကာ သူ၏ သင်ယူမှု အခြေအနေကိုလည်း အကြမ်းဖျင်းနားလည်လိုက်သည်။
ဝမ်ယွီထုံတစ်ယောက် ပြုံးပြုံးလေးနှင့် ကျိုးရှောင်ယွီနားလျှောက်သွားလိုက်သည်။"ကျောင်းသားကျိုးး.."
ဂိမ်းဆော့သည့်အသံတွေ ကျယ်လောင်လှသည်။ ကျိုးရှောင်ယွီသည် သူမကိုလျစ်လျူရှုကာ တီဗွီစခရင်ကိုပဲ အာရုံစိုက်နေ၏။ သုံးလေးကြိမ်လောက် ပစ်ခတ်လိုက်သော်လည်း ဂိမ်းထဲက ပြိုင်ဘက်ကို မထိနိုင်သေးပေ။
ဝမ်ယွီထုံ လက်ဆီးဆုပ်လိုက်ကာ ကျိုးရှောင်ယွီ၏ ဂိမ်းထိန်းချုပ်စက်ကို လုယူလိုက်သည်။
"ဘာလို့ ..." ကျိုးရှောင်ယွီ အံ့အားသင့်သွားကာ ဒေါသလည်း ထွက်သွားသည်။ "ကျွန်တော့်ကို ခုချက်ချင်း ပြန်ပေးပါ။ ရှုံးတော့မှာ !"
ဝမ်ယွီထုံ အထင်သေးသည့်ပုံဖြင့် အေးစက်စက်ပြုံးလိုက်ကာ သူမမျက်လုံးကို လှိမ့်လိုက်သည်။ "ဆော့လဲ မဆော့တတ်ပဲနဲ့"
"ကျွန်တော်က မဆော့တတ်ဘူးဟုတ်လား? ဒါဆိုခင်ဗျားကရော?" ကျိုးရှောင်ယွီတစ်ယောက် ဝမ်ယွီထုံစကားကြောင့် မခံမရပ်နိုင်ဖြစ်ကာ ဒေါသတွေထွက်လာပြီး သူ့ငွေရောင်ဆံပင်တွေပါ လှုပ်ရမ်းသွားသည်။ ထို့နောက် တမင် ဆွပေးသည့်ပုံဖြင့် ပြောလာသည်။
" အို့ ခင်ဗျားတစ်ကယ်ဆော့တတ်တယ် ဆိုရင် ခင်ဗျားပြောတာ အခြေအနေတစ်ခုအထိ ကျွန်တော်လုပ်ပေးမယ်။ ကြိုက်တာလုပ်ခိုင်း"
ဝမ်ယွီထုံ မျက်မှောင်ကြုံ့ကာ ဂိမ်းထိန်းချုပ်စက်ကို မြဲမြံစွာ ကိုင်လိုက်ပြီး မြန်မြန်ဆန်ဆန် နေရာယူ သေနတ်ချိန်ကာ ပစ်လိုက်သည်။
"ဘန်းးး ဘန်းးးး ဘန်းးးး!"
ဝမ်ယွီထုံက ဆက်တိုက် သုံးချက်ပစ်လိုက်ရာ ရန်သူသုံးယောက် ခေါင်းထိသွားသည်။
ကျိုးရှောင်ယွီ မျက်လုံးပြူးသွားကာ ရှေ့ကို အနည်းငယ် တိုးကြည့်မိသည်။
ဝမ်ယွီထုံကတော့ အေးအေးဆေးဆေးပင် ဂိမ်းထိန်းချုပ်စက်ကို လှုပ်ရှားကာ ပြိုင်ဘက်ရဲ့ ကျည်ဆန်တွေကို ရှောင်ရှားပြီး ရန်သူမမြင်နိုင်သည့်နေရာကနေ ချိန်ပစ်လိုက်သည်။
"ဘန်းးးးဘန်းးးး"
နောက်ထပ် ရန်သူခေါင်းနှစ်လုံးကို ထိသွားလေသည်။
ဂိမ်းပြီးသွားသည့်အခါ ဝမ်ယွီထုံသည် ကျိုးရှောင်ယွီအား ထီမထင်သည့်အကြည့် ကြည့်လိုက်ကာ မျက်ခုံးပင့်ပြလိုက်သည်။ သူမ ဂိမ်းကစားတာတော်လို့ မဟုတ်ဘဲ ကျိုးရှောင်ယွီကိုယ်၌ကိုက ဂိမ်းမဆော့တတ်၍ ဖြစ်သည်။
ကျိုးရှောင်ယွီမျက်နှာ နီသွားပြီး မကျေမနပ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့အသက် ၁၅ နှစ်ရှိပြီဖြစ်သော်လည်း တစ်ချို့အပြုအမူတွေက ကလေးဘဝတုန်းကလို ပြောင်းလဲမှု မရှိပေ။ အခုလည်း ရှက်ပြီး ဒေါသထွက်နေခြင်းဖြစ်သည်။
ဝမ်ယွီထုံ သူမ နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်သည်။ "မင်းပဲ စောနက ဆရာမ ခိုင်းတာလုပ်မယ်ဆိုလားလို့ ဟုတ်လား?"
"အမ်..." ကျိုးရှောင်ယွီ မျက်နှာမော့ချီလိုက်ကာ ရူးရူးမိုက်မိုက်ပြုံးလိုက်သည်။ "ပြောစမ်းပါ။ ကျွန်တော့်ကို အိမ်စာလုပ်စေချင်တာလား? ဒါမှ ခင်ဗျားလည်း ကျွန်တော့အဖေကို ပြန်တင်ပြလို့ရအောင်လေ"
ဝမ်ယွီထုံက ပြုံးပြီး ခေါင်းခါလိုက်သည်။ "မဟုတ်ဘူးး ပထမဆုံး မင်းကတိအရင်ပေးရမယ်။ ဒါ ငါတို့နှစ်ယောက်ကြားထဲက လျို့ဝှက်ချက် ဘယ်သူ့ကိုမှ မပြောပါဘူးဆိုတဲ့ အကြောင်းကိုပေါ့"
ကျိုးရှောင်ယွီ သိချင်စိတ်ပြင်းပြလာသည်။ "အိုခေ ခင်ဗျား ဘာလိုချင်တာလဲ?"
"လာ အခန်းထဲကို သွားပြောရအောင်"
ဝမ်ယွီထုံနဲ့ ကျိုးရှောင်ယွီတို့ ပထမထပ်က စတိုခန်းထဲကို ဝင်သွားလိုက်ကြသည်။ ဝမ်ယွီထုံ တံခါးသော့ခတ်ပြီးသည်နှင့် ကျိုးရှောင်ယွီကို ပြုံးပြုံးလေးကြည့်လိုက်သည်။
ဘာကြောင့်မှန်းမသိ ကျိုးရှောင်ယွီတစ်ယောက် စိတ်မသက်မသာဖြစ်လာ၍ သတိထားပြီး မေးလိုက်သည်။ "ဘာ! ဘယ်လို.."
သူ့စကား မဆုံးခင်မှာပဲ သူ့ဘယ်ခြေထောက်ကို တံမြက်စည်းဖြင့် ဘန်းကနဲ အရိုက်ခံလိုက်ရသည်။
"ခင်ဗျားး!" ကျိုးရှောင်ယွီ မယုံကြည်နိုင် ဖြစ်နေတုန်းမှာပဲ သူ့ညာခြေထောက် ဘန်းကနဲ အရိုက်ခံလိုက်ရပြန်သည်။ သူရှောင်ချင်သော်လည်း သိုလှောင်ခန်းက ကျဉ်းနေ၍ မရှောင်နိုင်ပဲ အရိုက်ခံနေရသည်။
ဝမ်ယွီထုံသည် ဤအိမ်နှင့်ပတ်သက်ပြီး အတော်လေးသိသည်။ ဤစတိုခန်း၏ အသံလှုံမှုကိုလည်း ကောင်းကောင်းသိ၍ ရိုက်ရုံသာမက ဆူလည်း ဆူလိုက်သည်။
"ကောင်စုတ်လေးး ဘယ်လိုလုပ် မင်းက ကြီးလာလေလေ ဆိုးလာလေလေ ဖြစ်နေရတာလဲ? ရိုင်းစိုင်းရုံမက သင်ကြားရေး အရင်းမြစ်တွေကိုပါ ဖြုန်းတီးနေတယ်။ မင်း ဒီလို ချမ်းချမ်းသာသာ သက်သောင့်သက်သာနေရတာကို ကလေးဘယ်လောက်များများ အားကျနေမယ်လို့ထင်လဲ။ ဆင်းရဲတဲ့ မိသားစုက ကလေးတွေ ဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး အမှီအခိုကင်းနိုင်အောင် ကြိုးစားရတယ်။ မင်းက ဒါကို တန်ဖိုးမထားပဲ ပုန်ကန်နေတယ်။ ဘယ်လို ပုန်ကန်မှုမျိုးလဲ ဒါက။ မင်းအသိတရား ဝင်အောင်လို့ ရိုက်နှက်ပြီး ဆုံးမပေးရမယ်"
"ဟေးး မရိုက်နဲ့ နာတယ်!"
ကျိုးရှောင်ယွီက အရမ်းလန့်သွားပြီး ဘာပြောရမှန်းပင် မသိတော့ပေ။ သူ့အဖေတောင် သူ့ကို မရိုက်တာ ဒီ ကျူရှင်ဆရာမ အသစ်က ဘာလို့ သူ့ကို ရိုက်ရဲ ရတာလဲ?
စိတ်ကျေနပ်သည်အထိ ရိုက်နှက်ပြီးနောက် ဝမ်ယွီထုံတစ်ယောက် စိတ်ရောကိုယ်ပါ လန်းဆန်းသွားသည်။
ကျိုးရှောင်ယွီ ကလေးဘဝတုန်းက သူမ ဆူပူရိုက်နှက်ခြင်း မလုပ်ရက်ခဲ့ပေ။ သို့ပေမယ့် ယခုချိန်မှာတော့မတူတော့ပေ။ အထူးအခွင့်အရေးတွေနဲ့ သူ့ဘဝကို ကျေးဇူးမသိတတ်ပဲ ကလန်ကဆန်လုပ်တတ်တဲ့ ဆယ်ကျော်သက်ကောင်လေးကို ခုလိုမျိုး ရိုက်ပြီးတော့ကို ဆုံးမရမယ်။
အရိုက်ခံလိုက်ရ၍ တုန်လှုပ်သွားသည့် ကျိုးရှောင်ယွီကို ဝမ်ယွီထုံသည် စာကြည့်ခန်းထဲ ဆွဲခေါ်သွားပြန်သည်။ သူမ သေချာစစ်ဆေးပြီးနောက် သိသာနိုင်သည့် သဲလွန်စများလည်း မကျန်ခဲ့ပေ။ ထို့ကြောင့် ကျိုးရှောင်ယွီက ကျိုးကျီယွဲ့ထံ တိုင်တန်းခဲ့လျင်ပင် သက်သေအထောက်အထား မရှိနိုင်ပေ။
ဝမ်ယွီထုံ သစ်သီးပန်းပန်ကို ကျိုးရှောင်ယွီထံ ယူလာပေးကာ နူးညံ့ညှင်သာစွာ ပြောလိုက်သည်။ "မစ္စတာကျိုးး အခု ကျွန်မတို့ စာ စသင်ကြတော့မလားး?"
ကျိုးရှောင်ယွီက လန့်သွားပြီး စကားမပြောတတ်တော့တာလား၊ ဒါမှမဟုတ် ရိုက်နှက်ခံရတာကြောင့် တကယ်နာကျင်နေတာလား။ သူက မခုခံတော့ဘဲ၊ ရှုပ်ထွေးတဲ့အမူအရာနဲ့ ထိုင်ခုံမှာထိုင်ပြီး ဝမ်ယွီထုံစာရှင်းပြတာကိုလိုက်နားထောင်နေ၏။
ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ၏ သင်ယူမှုအခြေအနေကို လေ့လာထားပြီး ဖြစ်၍ ကလေးရဲ့ အားနည်းချက်တွေကို ပိုပိုသာသာ သင်ပြပေးကာ မှတ်မိအောင် လုပ်ပေးနေသည်။
ကျိုးရှောင်ယွီ သူ့လက်ထဲက ဘောပင်ကို လှည့်နေသည်။ ဒေါသထွက်နေဆဲဖြစ်သော်လည်း စာသင်ပေးနေသည့်အပေါ် မသိစိတ်က အာရုံစူးစိုက်မိသွားသည်။
ဒီဆရာမက စိတ်မနှံ့သလိုနဲ့ ရက်စက်တတ်ပေမယ့် အရင်က သင်ခဲ့ဖူးတဲ့ တစ်ခြား ကျူရှင်ဆရာတွေနဲ့ မတူပဲ ပိုသင်တတ်တယ် ဆိုတာကိုတော့ သူ ဝန်ခံရလိမ့်မယ်။
သူတို့နှစ်ဦးပင် သတိမထားမိလိုက်ပဲ အချိန်တွေ ကုန်သွားကာ ညဘက်ရောက်လာခဲ့သည်။
ဝမ်ယွီထုံက ကျိုးရှောင်ယွီကို အိမ်စာလုပ်ဖို့ လမ်းညွှန်ပေးနေသည်။ ပုစ္ဆာတစ်ပုဒ်ချင်းစီကို အသေအချာ သင်ပေးနေသည်။
သူမ စာရှင်းပြရင်း ရေဆာလာသလို ဖြစ်လာ၍ ရေသောက်ချင်လာကာ ဘေးဘီဝေ့ကြည့်လိုက်ရာ ရင်းနှီးသည့် ပုံရိပ်တစ်ခု တံခါးဘေးမှာ ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသားသည် ဒီဇိုင်နာချုပ်ဝတ်စုံကို ဝတ်ထားပြီး သူ၏ မီးခိုးရောင်မျက်ဝန်းတွေကလည်း သူမမှတ်မိခဲ့သာ်ထက် ပိုမိုစူးရှနေသည်။ ရွှေကိုင်းတပ်မျက်မှန်ကိုလည်း ဝတ်ဆင်ထားပြီး ခိုင်မာသည့်သူ့မျက်နှာက အေးစက်မှုတွေ လွှမ်းနေသည်။
အသက် ၃၇ နှစ် ကျိုးကျီယွဲ့ရဲ့ မျက်လုံးတွေက အေးစက်နေကာ သူ့အမူအရာကလည်း အေးဆေးတည်ငြိမ်ပြီး ခံစားချက်တွေ ကင်းမဲ့နေသည်။ အသက်နှစ်ဆယ်ကျော်အရွယ်တုန်းကထက် ပိုပြီး ခေတ်မီနေကာ ပိုရင့်ကျက်တဲ့ အမျိုးသားမှာပဲ တွေ့ရတဲ့ ဆွဲဆောင်မှုတစ်မျိုးပင် ရှိနေသည်။
'အိုးး သူ့ကို ပွေ့ဖက်ပြီး ဒယ်ဒီ လို့ ခေါ်ချင်လိုက်တာ...'
ဝမ်ယွီထုံ၏ မျက်ဝန်းတွေ ချက်ချင်းပဲ ကြယ်တွေထက်ပိုတောက်ပလာသည်။ သူမ နားသယ်နားက ဆံပင်စ တွေကို သပ်လိုက်ကာ အသံကိုလည်း မသိမသာနဲ့ နူးညံ့သွားအောင် လုပ်လိုက်သည်။
"မစ္စ...မစ္စတာကျိုးးး"
ကျိုးကျီယွဲ့က မျက်ခုံးအနည်းငယ် ကြုံ့သွားသည်။
ဝမ်ယွီထုံ ချောင်းအနည်းငယ် ဟန့်လိုက်ကာ အလေးအနက်လေသံဖြင့် ပြန်ပြောလိုက်သည်။ "ကျောင်းသား ကျိုးက ဒီနေ့ အတော်လေး ကြိုးစားရှာပါတယ်။ စာသင်တဲ့ အခါမှာလည်း ကောင်းကောင်း လိုက်နားထောင်ပြီး ဒီတစ်ပတ်အတွင်း ပေးထားတဲ့ အိမ်စာတွေလည်း အကုန်လုပ်ပြီးပါပြီ။ အင်္ဂလိပ်ဘာသာရပ် နှစ်မျက်နှာ လုပ်ဖို့ပဲ ကျန်ပါတော့တယ်"
ကျိုးရှောင်ယွီက ကျိုးကျီယွဲ့ကိုမြင်သည်နှင့် ကလန်ကဆန်လုပ်တော့သည်။ ချက်ချင်းပဲ ခဲတံကို ချလိုက်ကာထိုင်ခုံကို နောက်မှီလိုက်ပြီး ခြေထောက်ကို စားပွဲပေါ်တင်လိုက်သည်။
ဝမ်ယွီထုံ - "..."
ကျိုးကျီယွဲ့အတွက်လည်း မကြာခဏဖြစ်နေကျ ဖြစ်လိမ့်မည်။ ကလေး၏ အပြုအမူကို အလေးသိပ်မထားပဲ ဝမ်ယွီထုံကိုသာ ခေါင်းငြိမ့်ပြလိုက်သည်။ "အခုလိုကြိုးစားပေးလို့ကျေးဇူးတင်ပါတယ်။ ဆရာမဝမ် ညနေစာ ရော စားသွားပါဦးလားး"
ဝမ်ယွီထုံလည်း သူမ အသွင်ယူထားသည်ကို မေ့သွားကာ ကျိုးကျီယွဲ့ထံ ကလူကျီဇယ်သည့်အပြုံးလေးပြုံးပြကာပြော လိုက်သည်။ "အိုခေပါ"
ကျိုးကျီယွဲ့တစ်ယောက် မျက်မှောင်ကြုံ့ရင်း သူတို့နှစ်ဦးကို လှည့်မကြည့်တော့ပဲ စာကြည့်ခန်းကနေ လှည့်ထွက်သွားတော့သည်။
ဝမ်ယွီထုံ မျက်နှာ ပြန်လှည့်လာစဉ် ကျိုးရှောင်ယွီ တစ်ယောက် ထင်ရာစိုင်းနေသည်ကို ထပ်မြင်လိုက်ရပြန်သည်။ သူ့မျက်နှာဝယ် ပုန်ကန်နေသော်လည်း အကြည့်တော့ ဝေဝါးနေ၏။ သူငယ်ငယ်တုန်းက အပြစ်လုပ်ထားမိလျင်ဖြစ်စေ၊ တစ်ယောက်ယောက်၏ ဂရုစိုက်မှုကို လိုချင်၍ဖြစ်စေ လုပ်တတ်သည့်အပြုအမူနှင့် တစ်ထေရာတည်းဖြစ်သည်။
"နောက်ထပ် ပုစ္ဆာ နှစ်ပုဒ်ကျန်သေးတယ်။ ညစာစားပြီးမှ ဆက် လုပ်ကြရအောင်။"
ကျိုးရှောင်ယွီက ဝါး ခနဲသန်း လိုက်သည်။