← Chapters

အခန်း (၇၄)

Vol. 7 Ch. 74

အခန်း (၇၄)

Vol. 7 Ch. 74

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

အပိုင်း ၇၄

ဝမ်ယွီထုံက ရှေ့တိုးလိုက်ကာ မျက်ခုံးပင့်လိုက်သည်။

"ဒီပုံစံအတိုင်း ဆိုရင် မင်းအဖေက မင်းကို ဘယ်တော့မှ အကောင်း မြင်မှာ မဟုတ်ဘူး"

ကျိုးရှောင်ယွီတစ်ယောက် ကြောင်အမြီးတက်နင်းခံလိုက်ရသလိုဖြစ်သွားသည်။ "ဘယ်သူက သူအကောင်းမြင်တာခံချင်လို့လဲ။ လုံးဝဂရုမစိုက်ပါဘူး"

ဝမ်ယွီထုံ နားလည်လိုက်သည်။ "မင်းက မင်းအဖေ မင်းကို ပို ဂရုစိုက်တာကို မလိုချင်ဘူးလားး သနားစရာကောင်းတာက မင်းအဖေက အမြဲတမ်းအေးစက်စက်ပုံစံနဲ့"

"အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့။ သူ့အာရုံစိုက်မှုကိုလည်း မလိုချင်ဘူး။ ကျွန်တော့်အကြောင်း ကောင်းကောင်းသိပြီလို့ ထင်မနေနဲ့"

ကျိုးရှောင်ယွီ ဒေါသထွက်လာပြီး ထရပ်ကာ လှည့်ထွက်သွားရန်ပြင်လိုက်သည်။

ဝမ်ယွီထုံလည်း လူငယ်လေး၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ကာ ထိုင်ခုံမှာ ဖိထားလိုက်ပြီး မျက်လုံးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျောင်းသားကျိုး တစ်ကယ်တော့ မင်းက အတော်လေးတော်ပြီး အမြင်လည်း ရှိတယ်။ ခုက မင်းကို သင်ကြည့်လိုက်တော့ မင်းရဲ့ ရမှတ်တွေထက် မင်းအဆင့်က ပိုသိတဲ့ အဆင့်ဖြစ်နေတယ်။ မင်းအဖေကို ကလန်ကဆန် လုပ်နေစရာမလိုပါဘူး။ မင်းအဖေကလည်း မင်းကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ သူက သူ့ဂရုစိုက်မှုတွေကို ဘယ်လိုဖော်ပြရလဲ မသိဖြစ်နေတာ။ ငါ့ကိုယုံ။ ငါပြောတဲ့အတိုင်းလိုက်လုပ်။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ မင်းအဖေ မင်းကို အထင်ကြီးသွားစေရမယ်"

ဝမ်ယွီထုံသည် လက်မထောင်ပြကာ ချဲ့ကားပြောဆိုလိုက်ပြန်သည်။ "မင်းအဖေ မင်းကို စိတ်ထဲကနေ ဂရုစိုက်နေတာ တော့အသေအချာပဲ။ မင်းငယ်ငယ်တုန်းက မင်းရဲ့ အင်းအင်းတွေကို အကြိမ်မရေတွက်နိုင်အောင် သန့်ရှင်းပေးခဲ့တာတွေ၊ အကြောင်းပြချင်တွေ ပေးမနေပဲ ငယ်သေးတဲ့ မင်းကို အစားအသောက်တွေ ကျွေးခဲ့တာကို ကြည့်ရင် မင်းကိုဂရုမစိုက်ဘူးဆိုမှ ထူးဆန်းနေမှပေါ့"

ရှက်ရွံသွားသည့်ပုံရိပ်လေး ကျိုးရှောင်ယွီ မျက်နှာမှာ ပေါ်လာသည်။ သို့သော် ခေါင်းမာမာနှင့် ဆက်ပြောလာသည်။ "ကျွန်တော် သူ့ရဲ့ ဂရုစိုက်မှုတွေကို မလိုချင်ဘူး"

ထိုသို့ပြောပြီး ဝမ်ယွီထုံကို ချန်ထားခဲ့ကာ အလျင်အမြန်ပြေးထွက်သွားသည်။

ဝမ်ယွီထုံလည်း လူငယ်လေး၏ ကျောပြင်ကိုကြည့်ကာ နှုတ်ခမ်းလေးတွန့်ကွေးကာ ပြုံးလိုက်သည်။

'အမလေးးး အသက်ကဖြင့် ၁၅နှစ်ရှိနေပြီ ခုထိ မပြောင်းလဲသေးဘူး။ ကလေးဆန်ပြီး ဆိုးနေတုန်း။ တစ်ခြားသူတွေရဲ့ အာရုံစိုက်မှုကို လိုချင်နေတုန်း။သူ့ပုံစံကိုကြည့်ရင် ဘာကိုမှ ဂရုမစိုက်သလိုလိုနဲ့ အမှန်တော့ပတ်ဝန်းကျင်က လူတွေရဲ့ အတွေးအခေါ်တွေကို အရမ်းထည့်တွေးတတ်နေတုန်းပါပဲလားး'

ကျိုးကျီယွဲ့သည် အေးစက်စက်ပုံစံဖြစ်နေသောကြောင့် ကျိုးရှောင်ယွီ၏ ကိစ္စတွေမှာ သိပ်ပြီး ဝင်မစွက်ဖက်ပေ။

ထို့ကြောင့်လည်း ကျိုးရှောင်ယွီက ကျိုးကျီယွဲ့၏ အာရုံစိုက်မှုကိုရရန် ကလန်ကဆန် ပုန်ကန်သည့်နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ကျိုးကျီယွဲ့ကလည်း သူ့ကိုဂရုမစိုက်တာ မဟုတ်ပါ။ ကျိုးကျီယွဲ့၏ စရိုက်ကိုက အေးစက်သည့်ပုံစံဖြစ်ပြီး သူများကို ဘယ်လို ဂရုစိုက်ပေးရမည်မှန်းလဲ မသိပေ။ ကျိုးကျီယွဲ့နှင့် သူမ စ‌တွေ့တုန်းက ပုံစံကို သတိရလိုက်သည်။ သူမဘက်ကသာ သူ့ကို စပြီး အထာမပေးခဲ့လျင် ကိုယ်တော်ချောက သူမကို လှည့်ပင်ကြည့်မည်မဟုတ်ပေ။

‌ဝမ်ယွီထုံက သူ့မေးကို ပွတ်သပ်ရင်း ခဏလောက် စဉ်းစားလိုက်သည်။

တစ်ယောက်က စိတ်ဓါတ်ခိုင်မာပြီး တစ်ယောက်က ခေါင်းမာသည်။ ဒီသားအဖနှစ်ယောက်နှင့် ဆက်ဆံ ရသည်က သူမထင်ထားတာထက်ပင် ပိုခက်ခဲလှသည်။

ညနေစာ စားပြီးနောက် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို ကျန်နေသေးသည့် အင်္ဂလိပ်စာအိမ်စာကို အတင်း ဆက်လုပ်စေကာ စာပြီးမှ အတန်းဆင်းပေးလိုက်သည်။

ကျိုးရှောင်ယွီအနေဖြင့် ကျူရှင်ဆရာမတစ်ယောက်၏ အမိန့်ကို နာခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ထို့ကြောင့် သူ့မျက်နှာသည် အနည်းငယ် ဒေါခီးနေသည့်ပုံပေါ်လေသည်။

"မေးခွန်းစာရွက်တွေကို သေချာသိမ်းထားပါ။ မနက်ဖြန်ကျောင်းက ပြန်လာရင် ဆက်ဖြေကြမယ်"

ကျိုးရှောင်ယွီက နှုတ်ခမ်းကွေးကာ ပြုံးလိုက်သည်။

"ဘာလို့လဲ? ကျွန်တော် ထပ်မလုပ်ချင်တော့ဘူး"

ဝမ်ယွီထုံကလည်း ပြုံးရင်း ပြန်ပြောလိုက်သည်။

"ဒါဆိုရင်လည်း စတိုခန်းထဲ သွားပြီး စကားပြောရအောင်လေ"

ကြောက်စရာ အဖြစ်အပျက်ကို ပြန်တွေးလိုက်မိသည်နှင့် ကျိုးရှောင်ယွီတစ်ကိုယ်လုံး တောင့်တင်းသွားသည်။ထို့ကြောင့် ဒေါသထွက်လာကာ ထိုင်ခုံကို တစ်ချက်ကန်လိုက်ပြီး စာကြည့်ခန်းထဲကနေ ထွက်သွားလေသည်။

ဝမ်ယွီထုံ ပစ္စည်းတွေ သိမ်းနေစဉ်မှာပဲ ကျိုးကျီယွဲ့က အခန်းထဲ ဝင်လာခဲ့သည်။

"ဆရာမ ဝမ်"

"ယောက်....အဟမ်းး မစ္စတာကျိုးး ..ဘာပြောချင်လို့လဲရှင့်"

ကျိုးကျီယွဲ့က ဝမ်ယွီထုံကို စေ့စေ့စပ်စပ် စစ်ဆေးသလိုကြည့်လိုက်သည်။ မျက်မှန်နောက်က မီးခိုးရောင်မျက်ဝန်းတွေက သံသယအကြည့်တွေနှင့်ဖြစ်နေသည်။ထူးဆန်းသည့်အကြည့်တွေကို ဖုံးကွယ်လိုက်ကာ "အဆင်ပြေရဲ့လား ဆရာမ" ဟု မေးလိုက်သည်။

ဝမ်ယွီထုံက နှုတ်ခမ်းလေး တွန့်ကွေးကာ ပြုံးလိုက်ပြီး သူမရင်ဘတ်ကို ပုတ်ကာ သေချာသည့်ဟန်ဖြင့် ပြောလိုက်သည်။

"အဆင်ပြေတာပေါ့ရှင်။ ကျောင်းသားကျိုးက ကျွန်မ မြင်ဖူးသမျှထဲ အတော်ဆုံးကလေးပဲ။ သူ့ကိုသာ အချိန်ပေးပြီး သေချာလေး သင်ပြပေးနိုင်ရင် အမှတ်တွေ တိုးတက်လာမှာပါ။ နောက်လစာမေးပွဲမှာတောင် ရမှတ်တွေ တိုးတက်လာတာကို မြင်ရပါလိမ့်မယ်"

ကျိုးကျီယွဲ့ သူမကို သေချာကြည့်လိုက်သည်။ဒီကျူရှင်ဆရာမ အသစ်က ကျိုးရှောင်ယွီကို စိတ်ရင်းနဲ့ ချီးကျူးရုံမက ချဲ့ကားအပိုလုပ် ပြောဆိုတာမျိုးလဲ မရှိပါ။ထို့ကြောင့် သူ၏ စိုးရိမ်စိတ်၊ သတိထားမှုကို လျှော့ချလိုက်သည်။

"ရှောင်ယွီရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဆရာမကိုပဲ ဒုက္ခပေးပါရစေ"

ကျိုးကျီယွဲ့သည် အလုပ်ကိစ္စပြောသည့်နှယ် အေးစက်စက်လေသံဖြင့် ဆက်ပြောလိုက်သည်။

"ဒီအတောအတွင်း ဆရာမ ဒီမှာ နေလို့ရပါတယ်။အိမ်တော်ထိန်းက အစစအရာရာ စီစဉ်ပေးပါလိမ့်မယ်"

"ဟုတ်ကဲ့ ကျေးဇူးပါ မစ္စတာကျိုး"

တစ်စုံတစ်ခုကို ပြန်တွေးမိလိုက်သည့် ဝမ်ယွီထုံသည် အံကြိတ်မိလိုက်သည်။ သူမ မျက်လုံးကို လှိမ့်လိုက်ကာ ကျိုးကျီယွဲ့ကို ကြည့်လိုက်ပြီး သူမဆံပင်ကောက်လေးကို ခါရမ်းကာ စာအုပ်ကိုင်ပြီး လှည့်ထွက်သွားလိုက်သည်။

ကျိုးကျီယွဲ့ - "..."

'အိုးး အရင်ကတော့ သူမနဲ့အတူအိပ်ရဖို့ မရှက်မကြောက် တောင်းပန်တိုးလျိုးနေတာကိုများး'

'အခုတော့ ကြီးကျယ်မြင့်မြတ်တဲ့ ပုံဖမ်းနေပြန်ပြီ စိတ်တိုလိုက်တာ..'

ဝမ်ယွီထုံကို ကျိုးအိမ်တော်၏ အလုပ်သမားများနေထိုင်ရာ အပိုအဆောက်အအုံဘက်တွင် နေရာချပေးလိုက်သည်။ ထိုအဆောက်အအုံဘက်တွင် ဝမ်ယွီထုံ နှင့်ရင်းနှီးသည့် မျက်နှာများကို မြင်လိုက်ရသည်။ ကျိုးအိမ်တော်၏ စားဖိုမှုး၊ ကားဆရာ နှင့် အိမ်အလုပ်သမားအများစုသည် ဤ အဆောက်အအုံတွက် နေထိုင်ကြသည်။ အိမ်တော်ထိန်းစန်သည်ပင် သူမ အခန်းကပ်ရပ်တွင် နေထိုင်သည်။

မွန်းလွဲနောက်ပိုင်းတွင် ဝမ်ယွီထုံနှင့် ကားဆရာတို့သည် နေ့တိုင်း ကျိုးရှောင်ယွီကို ကျောင်းသွားကြိုရလေသည်။အိမ်ပြန်ရောက်သည်နှင့် တစ်နေ့တာ သင်ယူခဲ့သည့်သင်ခန်းစာများကို ပြန်လှန်လေ့ကျင့်ပေးကာ ကျိုးရှောင်ယွီအား အိမ်စာများ လေ့ကျင့်ခန်းများ လုပ်စေသည်။

နောက်လာမည့်စာမေးပွဲအတွက်လည်း ပြင်ဆင်ပေးရပြန်သည်။ ဤလာမည့်စာမေးပွဲသည် နောက်အတန်းအတွက် အဆင့်သတ်မှတ်ပေးမည်ဖြစ်၍ အလွန်အရေးပါသည်။

ကျိုးရှောင်ယွီတက်သည့် ရှီးယကျောင်းသည် မြို့တော်အေရှိ ကိန်းကြီးခန်းကြီးများ တက်သည့် နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်သည်။ ထိုကျောင်းတွင် တက်ရောက်သည့် ကျောင်းသူကျောင်းသားများသည် တော်ဝင်မျိုးနွယ်များ ကျိကျိတက်ချမ်းသာသူများ ဖြစ်ရုံသာမက ကျောင်းစာတွင်လည်း အမှတ်ကောင်းများ ရှိရမည်ဖြစ်သည်။

ကျိုးရှောင်ယွီသည် စာမေးပွဲတိုင်းတွင် နောက်ဆုံး အဆင့်ဖြင့်အောင်သော်လည်း သူ့အဖေကျိုးရှောင်ယွီက ကျောင်းကို ရန်ပုံငွေအများကြီး ထည့်လှူပေးထား၍ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမ‌တွေကလည်း မမြင်ချင်ယောင်ဆောင်လွတ်ထားကြကာ သူ့ကို မည်သူမျှ ပြောဆိုဆုံးမခြင်း မပြုကြပေ။ ထို့ကြောင့် ကျိုးရှောင်ယွီသည် ရှီးယကျောင်း၏ နာမည်ကြီး လူရမ်းကားတစ်ဦးဖြစ်နေသည်။

ဤသို့ဖြင့် ရက်သတ္တပတ် တစ်ပတ်သည် ဘာပြဿနာမှ မဖြစ်ပဲ ကုန်ဆုံးသွားခဲ့သည်။

သောကြာနေ့ရောက်တော့ ဝမ်ယွီထုံသည် ကားဆရာနှင့်အတူ ကျိုးရှောင်ယွီကို ကျောင်းကြိုသွားခဲ့သော်လည်း ကျောင်းပေါက်ဝမှာ သူ့ကို မတွေ့ရပေ။

ဝမ်ယွီထုံလည်း ကျောင်းထဲ ဝင်ကာ လိုက်ရှာရတော့သည်။ ကျိုးရှောင်ယွီကို လိုက်ရှာရတာ သိပ်တော့မခက်ပေ။ လမ်းမှာ တွေ့သည့် ကျောင်းသူတစ်ဦးကို မေးလိုက်ရုံပင်။ ကျိုးရှောင်ယွီ တစ်ယောက် ကျောင်းမှာ နာမည်ကြီးမှန်း ဝမ်ယွီထုံသိနေ၏။

ဝမ်ယွီထုံမေးလိုက်သည့် ကျောင်းသူလေးက ရှက်ပြုံးလေးနှင့်ပြန်ဖြေသည်။"အတန်းဖော်ကျိုးက ဘတ်စကတ်ဘောကွင်းထဲမှာပါ။ ဒီနေ့ သမီးတို့ကျောင်းနဲ့ ဟယ်ရီကျောင်းနဲ့ ဘတ်စကတ်ဘောပြိုင်ပွဲ ရှိတယ်လေ"

"ကျေးဇူးနော်"ဝမ်ယွီထုံ ကျေးဇူးတင်စကားပြောရင်း ဘတ်စကတ်ဘောကွင်းဘက်ကို သွားရန်ပြင်လိုက်သည်။

ထိုစဉ် ကျောင်းသူက လှမ်းတားလိုက်သည်။ " ဘတ်စကတ်ဘောကွင်းကို အခု မသွားတာပိုကောင်းလိမ့်မယ်ရှင့်။ ကျိုးရှောင်ယွီ ပွဲကစားတိုင်း ကွင်းနဲ့ နီးတဲ့ ထိုင်ခုံအားလုံးကို အရောင်းတင်ထားရတယ်။ ထိုင်ခုံရချင်ရင် ဝယ်မှ ရလိမ့်မယ်"

ဝမ်ယွီထုံ မဲ့ပြုံး ပြုံးလိုက်သည်။ "ဘယ်လို ဝယ်ရမယ် ဟုတ်လား?"

ကျောင်းသူလေးသည် သူမတို့ကျောင်း၏ အင်တာနက်စာမျက်နှာ ဖိုရမ်ကို ဖွင့်ပြကာ မျက်နှာညိုးသွားသည်။

"ဟုတ်တယ်ရှင့် ဒီမှာ ကြည့်ပါဦး ကွင်းနဲ့နီးတဲ့ ထိုင်ခုံတွေက ယွမ်၁၂၀၀၀ ဈေးတောင်ရောက်သွားပြီ။ ကွင်းထဲက တစ်ခြားထိုင်ခုံတွေလည်း ယွမ်၅၀၀၀ ဈေးဖြစ်နေပြီ။သမီးလည်း ဈေး မတတ်နိုင်လို့ အထဲကို မဝင်နိုင်ဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ခဏနေဆို ပွဲပြီးတော့မှာ။ သမီးတို့ဒီနားက စောင့်နေလိုက်ရင် သူတို့ ဘေးကနေ ဖြတ်သွားလိမ်မယ်"

ဝမ်ယွီထုံ စကားပင်မပြောနိုင်တော့ပဲ ဆွံ့အသွားကာ သူမ နဖူးကို လက်ဖြင့်ကိုင်လိုက်သည်။ ပေါက်စီလုံးလေးကို ဒီလောက် လူကြိုက်များလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။

ဝမ်ယွီထုံလည်း တက်ကြွနေသည့် ကျောင်းသူငယ်ငယ်လေးတွေလိုမျိုး ဘတ်စကတ်ဘောကွင်း အပေါက်ဝမှာ ကျိုးရှောင်ယွီတို့ ထွက်အလာကို စောင့်နေလိုက်သည်။

နာရီဝက်လောက် စောင့်ပြီးနောက် ကျိုးရှောင်ယွီကို မြင်လိုက်ရသည်။

ခပ်လှမ်းလှမ်းကနေ ဆံပင်ငွေရောင်ဆိုးထားသည့်ကောင်ချောလေးတစ်ယောက်ကို ဝမ်ယွီထုံ လှမ်းမြင်လိုက်ရသည်။ သူက အဖြူရောင်ဂျာစီအင်္ကျီကို ဝတ်ထားပြီး ညာဘက်လက်မှာ ဘတ်စကတ်ဘောလုံးကို ကိုင်ထားသည်။ နေရောင်ခြည်ကလည်း သူ့ကိုယ်ပေါ် ဖြာကျနေ၍ ကိုယ်ရောင်တွေ တောက်ပနေသလိုဖြစ်နေသည်။

ဘေးနားက မိန်းကလေးတွေက အရူးအမူးအော်ဟစ်နေ၍ ဝမ်ယွီထုံ နားစည်ပင် ကွဲလုမတတ် ဖြစ်သွားသည်။

ဆံပင်ငွေရောင်စုံဆိုးထားသည့် ယောကျာ်းလေးအဖွဲ့နှင့်အတူ လမ်းလျှောက်ထွက်လာသည့်ကျိုးရှောင်ယွီသည် အလွန်မာနကြီးသည့်ပုံပေါ်နေ၏။

ဝမ်ယွီထုံ - "..."

ခုခတ် ဆယ့်လေး ဆယ့်ငါး အရွယ်ကလေးတွေက အကုန်ထူးထူးဆန်းဆန်း ဆံပင်အရောင်တွေ ဆိုးကြပြီး ဖန်စီစတိုင်တွေ ဝတ်ကြတယ် ထင်ပါရဲ့။ ကျိုးရှောင်ယွီကိုတော့ သူမမျက်စိထဲ အမြင်တင့်တယ်နေ၏။

ဝမ်ယွီထုံလည်း လူအုပ်ထဲကနေ တိုးထွက်ကာ ကျောင်းပေါက်ဝကနေ ကျိုးရှောင်ယွီကို စောင့်လိုက်သည်။ကျိုးရှောင်ယွီက လူငယ်နှစ်ဦးနှင့်အတူ ရယ်ရယ်မောမော စကားပြောရင်း ထွက်လာသည်။

ဆံဝါကောင်လေး - " ဟေးး ကျိုး ဒါဘယ်သူလဲ?"

လွယ်အိတ်ကို ပုခုံးပေါ်လွယ်ထားသည့် ကျိုးရှောင်ယွီသည် ဝမ်ယွီထုံကို လှမ်းကြည့်လိုက်ပြီး ဘာမှ ပြန်မဖြေပါ။

ဝမ်ယွီထုံက ရှေ့ထွက်လာပြီး ကိုယ်တိုင်မိတ်ဆက်လိုက်သည်။ "ဟယ်လို အန်တီက ရှောင်ယွီရဲ့ ကျူရှင်ဆရာမပါ။ဝမ် မျိုးရိုးပါ"

ကျိုးရှောင်ယွီ တစ်ယောက် လန့်ဖြန့်သွားပြီး မျက်နှာ ချက်ချင်း နီရဲသွားသည်။"ကျွန်တော့်ကို အာ့လို ဘယ်တော့မှ မခေါ်ဖို့ ပြောထားတယ်လေ"

ကျိုးရှောင်ယွီ စိတ်တိုနေမိသည်။ ဆရာမဝမ်က အပြောင်အပျက် လုပ်ရုံမက သူ့ကိုတောင် နာမည်ပြောင်ပေးလိုက်သေးတယ်။ သူ့အဖေကလည်း ဆေးခပ်ခံ လိုက်ရသလို ဆရာမဝမ်ကို လူကောင်းလို့ထင်ပြီး သူ့ကို အာဏာတွေ အပြည့်အဝ ပေးလိုက်သေးတယ်။

ဆံပင်အဝါရောင်ကောင်လေးသည် မထိန်းနိုင်တော့ပဲ ရယ်လိုက်သည်။"ရှောင်..ရှောင်ယွီ? ဟားးဟားးဟားးဟားးဟားး အာ့နာမည် မင်းနဲ့အတော်လိုက်တယ်"

သူ့ဘေးက ဆံပင်အနက်ရောင်၊ မျက်မှန်ကိုင်ထူထူဝတ်ထားသည့်ကောင်လေးကတော့ လိုက်မရယ်ခဲ့ပါ။သူ့ပုံစံက တည်ငြိမ်အေးဆေးပြီး ထိန်းချုပ်တတ်သည့်ပုံပင်။ထိုကောင်လေးက ယဉ်ကျေးစွာပင် ဝမ်ယွီထုံကို ပြန်နှုတ်ဆက်လာသည်။

"ဟယ်လို ဆရာမဝမ်၊ ကျွန်တော်က ခုန်းဟန်ရွေ့ပါ ကျိုးရှောင်ယွီရဲ့ အတန်းဖော်ပါ"

ဆံပင်ဝါကောင်လေးကလည်း မိတ်ဆက်လာသည်။

"ကျွန်တော်က ချန်နိုင် ပါ"

ကျိုးရှောင်ယွီ တစ်ယောက် မကျေမနပ် နှုတ်ခမ်း တွန့်ကွေးလိုက်သည်။ သူ့သူငယ်ချင်းကောင်း ဆိုသူ‌တွေကို ဒီလို ဘက်ပြောင်း လွယ်တဲ့ သူတွေ ဖြစ်မယ်လို့ သူတစ်ခါမှပင် မထင်ခဲ့ဖူးပါ။

ကျိုးရှောင်ယွီတစ်ယောက် တစ်စုံတစ်ခုကိုသတိရလိုက်ပြီး ဉာဏ်နီဉာဏ်နက်ပါသည့် အကြည့်တစ်ခုဖြတ်ပြေးသွားသည်။

"ကျွန်တော် ဒီည အိမ်ပြန်ထမင်းမစားတော့ဘူး။ကျွန်တော်လုပ်စရာရှိတယ်"

ဝမ်ယွီထုံ မျက်မှောင်ကြုံ့သွားသည်။"ဘာဖြစ်လို့လဲ"

ကျိုးရှောင်ယွီက ပဟေဠိဆန်ဆန် ပြန်မဖြေပေ။

ခုန်းဟန်ရွေ့က ပြန်ဖြေလာသည်။ "ကျွန်တော်တို့တူတူ စာအုပ်ဆိုင်မှာ သင်ထောက်ကူပစ္စည်းတွေ ဝယ်ကြပြီး ညနေစာ အတူစားကြမလို့"

ဝမ်ယွီထုံ ပြုံးလိုက်သည်။"အန်တီလည်း မင်းတို့နဲ့ အတူလိုက်ခဲ့မယ်လေ။ နောက်လစာမေးပွဲအတွက် သင်ထောက်ကူတွေ ဝယ်ဖို့လိုနေတာ။ အတန်းအဆင့်နဲ့လည်း သက်ဆိုင်နေတာဆိုတော့။ မင်းတို့ကျောင်းက ကျောင်းသားတွေတောင် မေးခွန်းဟောင်းတွေ လေ့ကျင့်နေကြတာ မြင်လိုက်သေးတယ်"

ကျိုးရှောင်ယွီ - " မရ..."

ချန်နိုင် - " ရတယ်လေ!!ကျွန်တော်တောင် ဆရာမဝမ်နဲ့အတူ စာအုပ်ဆိုင်သွားချင်နေတာ။ အို့ နောက်လ စာမေးပွဲ အတွက် ဘာတွေ လုပ်ရမလဲ တောင်မသိသေးဘူး။ဆရာမဝမ် ကျွန်တော့်ကိုလည်း သင်ခန်းစာတွေ ကြည့်ဖို့ကူပေးပါလား?"

ချန်နိုင်လည်း ကျိုးရှောင်ယွီလိုမျိုး အတန်းထဲမှာ နောက်ဆုံးအဆင့်ဖြစ်သည်။ အကယ်၍ နောက်လစာမေးပွဲမှာ ကျလို့ စာအညံ့ဆုံးကျောင်းသားများရှိရာအတန်း (F) အခန်းထိသာ သူကျသွားခဲ့လျင် အိမ်ပြန်လျင် အကြိတ်ခံရနိုင်သည်။

ခုန်းဟန်ရွေ့ကိုယ်၌က စာတော်သည့် ကျောင်းသားဖြစ်သည်။ သူ၏ မျက်မှန်ကိုင်းအထူကြီးကို ပင့်လိုက်ကာ သိလိုစိတ်ပြင်းပြသည့်ပုံဖြင့် ပြောလာသည်။

"ကျွန်တော်လည်း ဆရာမဝမ်ရဲ့ သင်ခန်းစာတွေကို နားထောင်ချင်တယ်"

ကျိုးရှောင်ယွီ၏ ဖခင်သည် အလွန်ဇီဇာကြောင် ဂျီးများကြောင်း လူတိုင်းသိသည်။ ထို့ကြောင့် ကျိုးအိမ်မှာ ကျူရှင်ဆရာမလုပ်နိုင်သည့် ဆရာမဝမ်သည် အလွန်တော်သည့်ဆရာမ ဖြစ်ရမည်။

ဝမ်ယွီထုံလည်း ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီလေ။ ဒါဆိုရင်လည်း စာအုပ်တူတူသွားဝယ်ပြီး တူတူ ညနေစာ စားကြရအောင်။ ပြီးရင် မေးခွန်းတွေ တူတူ လုပ်ကြမယ်"

ကျိုးရှောင်ယွီသည် လက်ကြီးပိုက်ကာ မျက်နှာသည် မခံမရပ်နိုင်ဖြစ်နေလေသည်။ မူလက သူစီစဉ်ထားသည်က သူ့ဘော်ဒါနှစ်ယောက်နှင့်အတူ ပျော်စရာတွေ ဖန်တီးရန်ဖြစ်သည်။ ညနေစာ စားပြီးလျင် အင်တာနက်ဆိုင်ကို သွားကာ ဂိမ်းကစားရန်ပင် ‌တွေးထားသည်။

ခုတော့ သူ့သူငယ်ချင်း နှစ်ယောက်က ပြောလာတော့ သူလည်း ငြင်းရန်ခက်သွားတော့သည်။

ကျောင်းအနီးနားက စာအုပ်ဆိုင်ဆီ သူတို့‌တွေ တူတူလမ်းလျှောက်သွားကြသည်။ ဝမ်ယွီထုံ၊ ခုန်းဟန်ရွေ့နှင့် ချန်နိုင်တို့ သုံးဦးသား လမ်းတစ်လျှောက် ရယ်မောကာ စကားပြောလာကြသည်။ မည်သူမျှ ကျိုးရှောင်ယွီကို အာရုံမလာကြတော့ ဝမ်ယွီထုံတစ်ယောက် ကျိုးရှောင်ယွီကို "ငါမင်းကို ရန်စနေတာနော် မင်းဘာလုပ်နိုင်လို့လဲ " ဟူသော အဓိပ္ပာယ်ပါသည့် အကြည့်ကို ကြည့်ပေး လိုက်သည်။

ကျိုးရှောင်ယွီ လက်သီးဆုပ်လိုက်သည်။ ဒီဆရာမဝမ်ကို ဒီလို ဉာဏ်များတတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့ကို အတင်းအကြပ် စာသင်ရုံမက သူ့သူငယ်ချင်း နှစ်ယောက်ကိုပင် စည်းရုံးသွားခဲ့သည်။

စာအုပ်ဆိုင်မှာ နာရီဝက်ကြာပြီးနောက် ကလေးသုံးယောက်သည် အမေးအဖြေစာအုပ်နှင့် တစ်ခြားသင်ထောက်ကူ စာအုပ်တွေ တစ်ထပ်ကြီး ကိုင်လာကြသည်။ ဝမ်ယွီထုံက ကလေးသုံးယောက်ကို ကျောင်းနှင့် နှစ်ပြစာဝေးသည့် ဟော့ပေါ့ဆိုင်ကို ညနေစာ ခေါ်စားလိုက်သည်။

ကလေးသုံးယောက်လုံးက ချမ်းသာသည့်အိမ်မှ ကလေးများဖြစ်၍ ဤကဲ့သို့ စားသောက်ဆိုင်မျိုးကို လာခဲ သည်။

ကျိုးရှောင်ယွီသည် လူရှုပ်နေသည့် ဆိုင်မှာ ထိုင်ရင်း အနည်းငယ် ငြိမ်နေ၏။ သူသည် ဟော့ပေါ့ကို စားလေ့စားထ မရှိပါ။

မိသားစုဝင်နည်းသည့်အပြင် တစ်သီးတစ်ခြားနေတတ်သော သူ့အဖေကလည်း နတ်သုဒ္ဓါပဲ စားတတ်သည့် ဘုရားလိုပင်။ အိမ်မှာ ချက်ကျွေးသည့် အစားအသောက်‌တွေကလည်း ကျန်းမာရေးနှင့်ညီညွတ်ကာ အရသာထူးကဲကောင်းမွန်သည့် အဆင့်မြင့်မြင့်ရွေးချယ်ထားသည့် စားဖွယ်ရာများသာဖြစ်သည်။

ဟော့ပေါ့ဆိုင်ထဲမှာ သူတို့၏ အတန်းဖော် ကျန်းလီကိုမမျှော်လင့်ပဲ တွေ့လိုက်ရသည်။ ကျန်းလီသည် ဟော့ပေါ့ဆိုင်မှာ အလုပ်လုပ်နေသည့် ဝန်ထမ်းဖြစ်သည်။

ကျန်းလီသည် သူတို့ကို မနှောက်ယှက်ပဲ လိုအပ်သည့် စားစရာဝန်ဆောင်မှုကိုပေးကာ ထွက်သွားသည်။

ချန်နိုင်သည် ကျန်းလီ၏ နောက်ကျောကို ကြည့်ကာ အသာအယာပြောလိုက်သည်။ "ကျန်းလီက အရမ်းတော်တဲ့ ကျောင်းသားပဲ။ အတန်းထဲမှာ ဆိုလဲ အဆင့်သုံး အမြဲဝင်တယ်။ ကံဆိုးတာက သူ့မိသားစုသိပ်အဆင်မပြေဘူးကြားတယ်။ ကျောင်းကနေ သူ့ကို စာတော်လို့ အထူးဝင်ခွင့်ပေးထားတာတဲ့"

ကျိုးရှောင်ယွီ ချန်နိုင်၏ ခြေထောက်ကို ကန်ကာ ပြောလိုက်သည်။"ဟုတ်ပါပြီ သူများအကြောင်းတွေ မပြောနဲ့တော့"

All Chapters