← Chapters

အခန်း (၇၅)

Vol. 7 Ch. 75

အခန်း (၇၅)

Vol. 7 Ch. 75

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

အပိုင်း ၇၅

ဝမ်ယွီထုံက အမဲသားလွှာ နှစ်ခုကို ကောက်ယူကာ ဆော့တို့လိုက်ပြီး ကျိုးရှောင်ယွီကို မျက်လုံးမှိတ်ပြရင်း ပေးလိုက်သည်။"မင်းသေချာပေါက် ကြိုက်လိမ့်မယ်"

ကျိုးရှောင်ယွီ ငယ်စဉ် ဖြည့်စွက်စာ စကျွေးကတည်းက အမဲသားစားရတာကို ကြိုက်သူဖြစ်သည်။

သူက အချိုသိပ်မစားသော်လည်း ငယ်ငယ်တုန်းက အချိုကြိုက်မှန်း ဝမ်ယွီထုံသိ၍ ဆော့အချိုထဲ နှစ်ကာ ပေးလိုက်ခြင်းဖြစ်သည်။

ကျိုးရှောင်ယွီသည် ရွံရှာသည့် ပုံဖြင့် ပြောလိုက်သည်။

"စားချင်စရာလည်း မကောင်းဘူးး.."

ပါးစပ်ထဲ ဝင်သွားပြီးနောက် ကျိုးရှောင်ယွီ အံ့ဩသွားသည်။

အမဲသားရဲ့ အနံ့အရသာနှင့် ဆော့အရသာ ပေါင်းလိုက်သည့်အခါ လျှာပေါ်ရှိ အရသာခံဖုလေးများ အရည်ရွမ်းကာ နိုးကြားသွားသည်။

ဆယ်ကျော်သက် မြီးကောင်ပေါက်လေးသည် အရသာရှိသည့်စားစရာ၏ သွေးဆောင်မှုကို မတွန်းလှန်နိုင်ခဲ့ပေ။ တံတွေးတွေကို မြိုချရင်း နောက်ထပ် အဆီရွှမ်းနေသည့် အမဲသားလွှာကို ယူကာ ဆော့တို့ရင်း ပါးစပ်ထဲ ထည့်လိုက်သည်။

ဝမ်ယွီထုံလည်း နောက်ထပ်အသား‌တွေကို ကျိုးရှောင်ယွီပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ကျိုးရှောင်ယွီလည်း ဗိုက်တာနေသည့် ဝံပုလွေအလား ပန်းကန်လုံး လေးလုံး အပြည့် စားလိုက်သည်။

ဝမ်ယွီထုံသည် ခုန်းဟန်ရွေ့နှင့် ချန်နိုင်တို့ကိုလည်း ထည့်ပေးဖို့မမေ့ခဲ့ပါ။ သူမကိုယ်တိုင်တော့ နည်းနည်းသာစားပြီး ကလေးတွေ သေချာစားမစားကိုသာ ဂရုစိုက်ကြည့်နေလိုက်သည်။

ဝမ်ယွီထုံတစ်ယောက် အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူမတို့သုံးယောက် ဟော့ပေါ့ဆိုင်ထဲ ဝင်လာကတည်းက ဆိုင်ထဲက မိန်းကလေးတိုင်း နီးပါးက သူမတို့ရှိရာဆီ တိတ်တခိုး လှမ်းရှိုးနေကြ၍ ဖြစ်သည်။

စနစ် - " ကျောင်းအင်တာနက် ဖိုရမ်ကတော့ ပေါက်ကွဲနေပြီဟေ့။ ခေါင်းစီးက - သခင်လေးကျိုးက ဟော့ပေါ့စားနေတာတောင် မိမိုက်နေဆဲ! တဲ့"

ဝမ်ယွီထုံ ဆွံ့အသွားး - "........"

ကလေးသုံးယောက်လုံး မြိန်ရေယှက်ရေစားသောက်နေပုံက ကျေနပ်စရာပင်။ ဟော့ပေါ့ဆိုင်ကလည်း ယနေ့ ပရိုမိုးရှင်းပေးနေ၍ လူတိုင်းကို ယူနီကွန်းရုပ် လက်ဆောင်ရကြလေသည်။

ဝမ်းရေးပြဿနာ ဖြေရှင်းပြီးနောက် ဝမ်ယွီထုံလည်း ကလေးသုံးယောက်ကို သင်ခန်းစာ မေးခွန်းများ လေ့ကျင့်ရန် စားသောက်ဆိုင် မျက်နှာချင်းဆိုင်ရှိ ကော်ဖီဆိုင်၏ သီးသန့်ခန်းကို ခေါ်သွားလိုက်သည်။

ကျောင်းအတန်းထဲ စာသင်ကြားနေချိန်တွင် ဆရာ တစ်ဦးတည်းကနေ ကျောင်းသားအားလုံးကို လိုက်ဂရုစိုက်ပေးနိုင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဝမ်ယွီထုံက တစ်ဦးချင်းဆီ နားမလည်သည်များကို သေချာ ရှင်းပြပေးနေ၏။

ခုန်းဟန်ရွေ့နှင့် ချန်နိုင်တို့ကလည်း လိမ်လိမ်မာမာ စာလိုက်လုပ်ကြသည်။ သူငယ်ချင်း နှစ်ယောက် ရှိ၍လားမသိ ဒီညတော့ ကျိုးရှောင်ယွီကလည်း ပြန်အာခံ မနေပဲ လိမ်မာနေသည်။

ဤကလေးသုံးယောက် စာအတူလုပ်လျင် ကောင်းလိမ့်မည်ဟု ဝမ်ယွီထုံ တွေးလိုက်သည်။ ကျိုးရှောင်ယွီကလည်း ငယ်ငယ်ကတည်းက သူများနဲ့ ယှဉ်ပြိုင်ရတာမျိုးဆို အသေကြိုက်တာကိုးးး။ သူ့သူငယ်ချင်းတွေ စာကြိုးစားနေတာကို မြင်တော့ သူလည်း အောက်ကျမခံနိုင်ပေ။ အရင်က မှားနေကျ မေးခွန်းတွေတောင် အခုည မှန်အောင် လုပ်နိုင်သွားသည်။

နောက်ဆုံးတော့ ဝမ်ယွီထုံလည်း သူတို့ရဲ့အိမ်စာတွေကို စစ်ပေးပြီး ကျိုးရှောင်ယွီကို သီးသန့် ချီးကျူးလိုက်သည်။

"ရှောင်ယွီ အရမ်းတော်တာပဲ။ ဒီညတော့ မင်း ဂျီသြမေတြီ ပုစ္ဆာနှစ်ခုလုံးကို ဖြေရှင်း နိုင်သွားပြီပဲ"

ကျိုးရှောင်ယွီ စားပွဲကို ထုရိုက်လိုက်သည်။ သူ့နား‌တွေလည်း နီရဲလာသည်။"ကျွန်တော်ပြောထားတယ်နော် အာ့လို မခေါ်နဲ့လို့"

ချန်နိုင်က စလိုက်သည်။"ရှောင် ယွီ "

ကျိုးရှောင်ယွီက ချန်နိုင်ကို မဲ့ပြုံးပြုံးရင်း ထုလိုက်သည်။ ပြီးနောက် ကောင်လေးနှစ်ယောက် အချင်းချင်း တွန်းတိုက်နေကြတော့သည်။

ခုန်းဟန်ရွေ့ကတော့ သိက္ခာရှိရှိ ငြိမ်ငြိမ်လေး ထိုင်နေသည်။"‌ဆရာမဝမ် ဒီပုစ္ဆာကို ဘယ်လိုတွက်ရတာလဲ...."

ကိုးနာရီ ထိုးလောက်မှ သူတို့အဖွဲ့လေး ကော်ဖီဆိုင်ကနေ ခွဲခွာခဲ့ကြသည်။ ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့ကားက အရင်ရောက်လာသော်လည်း မပြန်ချင်ကြသေးပေ။ "ခုကစပြီး ငါတို့ မင်းအိမ်ကို အလည်လိုက်ခဲ့မယ်လေ။ မင်းအိမ်မှာ ဟော့ပေါ့ရှိလား?"

ကျိုးရှောင်ယွီ မျက်ခုံး ပင့်လိုက်ကာ နှင်လိုက်သည်။

"သွားစမ်းး"

ချန်နိုင်လည်း ကားထဲ ဝင်လိုက်ကာ မကျေနပ်သည့်မျက်နှာဖြင့် "ကျွတ် ကပ်စေးကုတ်လိုက်တာ"ဟု ပြောလိုက်သည်။

ခုန်းဟန်ရွေ့ကတော့ ယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်လေသည်။"ဆရာမဝမ်၊ ကျိုးရှောင်ယွီ ဂွတ်ဘိုင်ပါ။ နောက်တစ်ခေါက် အားတဲ့အခါလည်း အခုလို အတူတူ ည‌နေစာစားပြီး အတူတူ စာကြည့်ရအောင်"

ဝမ်ယွီထုံတစ်ယောက် ပြုံးရင်း သူတို့နှစ်ယောက်ကို လက်ပြ နှုတ်ဆက်လိုက်သည်။"အိုခေပါ ဂွတ်ဘိုင်.."

သူတို့ပြန်သွားပြီးနောက် လမ်းပေါ်တွင် ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီတို့နှစ်ယောက်သာ ကျန်ခဲ့သည်။

ဝမ်ယွီထုံက ကျိုးရှောင်ယွီ လက်ထဲမှ ယူနီကွန်း အမွှေးပွရုပ်ကို ဘာမှ မပြောပဲ လုယူလိုက်သည်။"ဆရာမ ယူထားလိုက်မယ်။ မင်းနဲ့ အလာဒ်ဂျစ် ဖြစ်နိုင်လောက်တယ်"

ကျိုးရှောင်ယွီ ငယ်စဉ်က မွှေးပွအရုပ်တွေ အိမ်မှာ သိပ်မရှိပါ။ မွှေးပွအရုပ်တွေနဲ့ကစားပြီးတိုင်းမျက်နှာတွေ နီရဲလာတတ်သည်။ ထို့ကြောင့် အမွှေးပွရုပ်တွေနဲ့မကစားခိုင်းတော့ပေ။ အလာဒ်ဂျစ်ဖြစ်သည်ဟု သူမ ထင်သော်လည်း သေချာတော့ မသိခဲ့ပါ။

ကျိုးရှောင်ယွီတစ်ယောက် အံ့အားသင့်သွားပြီး ကြောင်သွားသည်။

ဆရာမက ဘာလို့ သူ့အကြောင်း ကောင်းကောင်းသိနေရတာလဲ? ငယ်ငယ်တုန်းက သူ အမွှေးပွအရုပ်တွေနဲ့ ကစားလို့မရတာမို့လို့ ကြီးသည်အထိ မကစားခဲ့ပေ။

ဆရာမဝမ်နှင့် စတွေ့ကတည်းက သူ့စိတ်ထဲ ထူးဆန်းသည့် ခံစားချက်ရှိနေခဲ့တာဖြစ်သည်။

သူမက သူနဲ့ အရမ်းရင်း နှီးသလို သူ့အကြိုက်တွေအားလုံးကိုလည်း သိနေသည့်အပြင် သူ့အတွေးတွေကိုပါ သူမရှေ့မှာ မဖုံးထားနိုင်ခဲ့ပေ။

သူ့မျက်နှာ အမူအရာတစ်ချက် ပြောင်းသွားသည်နှင့် ဆရာမဝမ်က ချက်ချင်းသိကာ သူ‌တွေးနေသည့်အတိုင်း လိုက်လုပ်ပေးခဲ့သည်။

ငယ်စဉ်ကလေးဘဝကတည်းက ကြီးလာသည်အထိ သူတွေ့ဖူးသမျှ လူထဲတွင် ဆရာမဝမ်သည် ထူးဆန်းစွာ အထူးပုဂ္ဂိုလ်လို ဖြစ်နေခဲ့သည်။

ကျိုးရှောင်ယွီ စိတ်ထဲ ရှုပ်ထွေးမှု တွေဖြင့် သူ့နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်သည်။

ဇိမ်ခံကားလေးတစ်စီးသည် သူတို့အနားကို အသာမောင်းလာသည်။ ဒီညတော့ ကျိုးကျီယွဲ့က သူတို့ကို ကိုယ်တိုင်လာကြိုတာဖြစ်သည်။

ကျိုးကျီယွဲ့ကို တွေ့လိုက်သည်နှင့် ကျိုးရှောင်ယွီ၏ အပြုအမူတစ်ခုလုံး ပြောင်းလဲသွားသည်။ ကားနောက်ထိုင်ခုံကို မှီထိုင်လိုက်ပြီး ပုန်ကန် ကလန်ကဆန်လုပ်တတ်သည့်ပုံဖြင့် ကားပြတင်းအပြင်ဘက်ကို ပျင်းရိစွာကြည့်နေလိုက်သည်။

ကားစတီယာရင်ကို ကိုင်ကာ ကားမောင်းနေသည့် ကျိုးကျီယွဲ့သည် သူ၏ရွှေရောင်မျက်မှန်ကိုင်းကိုကျော်ကာ အနောက်ကြည့်မှန်မှ တစ်ဆင့် ကျိုးရှောင်ယွီကို လှမ်းကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

"မင်းတို့ ဒီနေ့ညနေ ဘယ်သွားကြတာလဲ" ကျိုးကျီယွဲ့ ညှင်သာသွာမေးလိုက်သည်။

"ဘယ်မှ မသွားဘူး" ကျိုးရှောင်ယွီက အေးစက်စက်အသံဖြင့် ပြန်ဖြေလိုက်သည်။

ထိုစဉ် ဝမ်ယွီထုံက တက်ကြွစွာ ပြန်ဖြေလာသည်။

"ကျွန်မတို့ ရှောင်ခုန်း ရှောင်ချန်တို့နဲ့အတူ စာအုပ်ဆိုင်သွားကြတာ။ ပြီးတော့ ဟော့ပေါ့စားကြပြီး စာလုပ်ကြတာလေ။ ရှောင်ယွီ ဒီနေ့ တော်တော်လေး တိုးတက်လာတယ်။မှီငြမ်းစာအုပ် ငါးအုပ်ဝယ်ခဲ့တဲ့အပြင် သင်္ချာအိမ်စာလည်း ၇၀%လောက်မှန်အောင် လုပ်နိုင်ခဲ့တယ်။မနက်ဖြန်တော့ တစ်ခြားဘာသာရပ်တွေ လုပ်လိမ့်မယ်။အို့ ဒါနဲ့ ဒီနေ့ ညနေစာလည်း ကောင်းကောင်းစားခဲ့တယ်။လေးပန်းကန်...."

ဝမ်ယွီထုံ ပြီးအောင်မပြောနိုင်သေးခင် ကျိုးရှောင်ယွီက မျက်နှာကြီးနီကာ ဒေါသထွက်လွန်း၍ စွေ့စွေ့ခုန်နေပြီဖြစ်သည်။"ခင်ဗျားးးး!"

သူ့ရဲ့ လျို့ဝှက်ချက်တွေကို ဘာလို့ သူ့အဖေရှေ့မှာ ပြောရတာလဲ? ဒီဆရာမ သက်သက်လုပ်တာ!!

သူပဲ မှားမြင်လိုက်တာလားတော့မသိပေမယ့် ကားမောင်းသူနေရာမှာ ထိုင်နေတဲ့ အေးစက်စက် လူအိုကြီးရဲ့ မီးခိုးရောင်အကြည့်တွေထဲ ပြံးရိပ်သန်းသွားသည်။ မီးနီစောင့်နေတုန်း သူ၏ သွယ်လျသည့်လက်ချောင်းတွေက ကားစတီယာရင်ကို အသာ တီးခေါက်နေ၏။

ကျိုးရှောင်ယွီက ဝမ်ယွီထုံကို စိတ်ဆိုးဒေါသထွက်ကာ ချက်ချင်း ထွက်‌ပြေးသွားချင်စိတ်ပင် ပေါ်လာခဲ့သည်။

ဝမ်ယွီထုံကတော့ ကျိုးရှောင်ယွီ၏ အကြည့်တွေကို ဂရုစိုက်မနေခဲ့ပါ။ သူမအကြည့်တွေက ကျိုးကျီယွဲ့ဆီသာ ရောက်နေသည်။

ကျစ်! ကျိုးကျီယွဲ့က မျက်မှန်နဲ့လည်း အရမ်းကြည့်ကောင်းတာပဲ။ သူ့ပုံစံက သိက္ခာရှိသည့်ပုံပေါက်နေသော်လည်း အနည်းငယ် အလေးမထားတတ်သည့် လူကြီးလူကောင်းလိုဖြစ်နေ၏။ သူမအား အတိတ်က ပုံရိပ်တွေကိုပြန်လည်သတိရလာစေသည်။

ကျိုးရှောင်ယွီသည် ထူးခြားမှုကို ချက်ချင်း အာရုံခံမိလိုက်ကာ ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့ကို စိုက်ကြည့်လိုက်သည်။

ကားပေါ်က မဆင်းခင် ကျိုးရှောင်ယွီသည် အောင်နိုင်သူအပြုံးဖြင့် ဝမ်ယွီထုံကို ပြုံးပြလိုက်သည်။

ဝမ်ယွီထုံလည်း ဘာလဲ ဆိုသည့်အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

ကျိုးရှောင်ယွီသည် ဂိမ်းအဆုံးသတ်တွင် အနိုင်ရလိုက်သူလိုမျိုး ခံစားလိုက်ရသည်။ သူ့မျက်ခုံးကိုပင့်ရင်း သက်ပြင်းချလိုက်ကာ ဝမ်ယွီထုံနားတိုးကပ်ရင်း တီးတိုးမေးလိုက်သည်။ "အိုးးး ဆရာမက ကျွန်တော့် မိထွေးဖြစ်ချင်တာလား?"

ကျိုးရှောင်ယွီထင်သည်က ဝမ်ယွီထုံသည် သူမ၏ အကြံအစည်များ ဖော်ထုတ်ခံလိုက်ရ၍ စိတ်ဆိုးသွားလိမ့်မည်ဟုပင်။ သို့သော် သူမမျှော်လင့်ထားသည်က ဝမ်ယွီထုံသည်အံ့အားသင့်သည့်ဟန်ဖြင့် မျက်ခုံးပင့်ရင်း ပြုံးကာ ပြောလာသည်။

"အဲ့ဒီတော့ ?"

ကျိုးရှောင်ယွီ လုံးဝကြောင်အ သွားသည်။ ဒီလို အရှက်မဲ့တဲ့ သူမျိုး သူတစ်ခါမှ မတွေ့ဖူးဘူးး!

အမျိုးသမီးအများစုသည် သူ့အဖေအကြောင်းသိချင်ကြ၍ သူနှင့်တမင် နီးစပ်အောင်ကြိုးစားကြသည်။သို့သော် သူတို့၏ ရည်ရွယ်ချက်ကို သူက အကြင်နာတရားမဲ့စွာ ဖော်ထုတ်လိုက်တိုင်း သူတို့အပြစ်ရှိစိတ်ဖြင့် အရှက်ရကုန်ကြသည်။

ဒါပေမယ့် ဒီဆရာမဝမ်ကတော့ တစ်ကယ့်ကို....

ကျိုးရှောင်ယွီ လက်မလျော့နိုင်သေးပါ။ မျက်နှာကြီးမှုန်ကုတ်ကာ ခြိမ်းခြောက်လိုက်သည်။ "ဆရာမအတွေး‌ တွေကို ကျွန်တော့်အဖေကို ပြောပြလိုက်မှာ မကြောက်ဘူးလား?"

ဝမ်ယွီထုံ လက်ပိုက်လိုက်ရင်း ကျိုးရှောင်ယွီကို ကြည့်နေသည့်ပုံက လုံးဝမကြောက်မှန်း သိသာလှသည်။

ကားထဲက အရင်ထွက်နှင့်သည့် ကျိုးကျီယွဲ့သည် လမ်းနည်းနည်းလျှောက်လိုက်ပြီး နောက် လှည့်ကြည့်လိုက်စဉ် ဘယ်သူမှ သူ့နောက် လိုက်လာသည်ကို မတွေ့ရ၍ ကားထဲ စကားပြောကျန်နေခဲ့သည့် နှစ်ယောက်ကို ရပ်စောင့်နေလိုက်သည်။

ကျိုးရှောင်ယွီ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"မစိုးရိမ်ပါနဲ့ ဆရာမက ဘယ်လိုနည်းနဲ့ မှ ကျွန်တော့မိထွေး ဖြစ်လာမှာ မဟုတ်ဘူး"

ဝမ်ယွီထုံ မျက်မှောင်ကြုံ့ရင်း အံကြိတ်လိုက်သည်။

"ဘာကိုဆိုလိုတာလဲ? မင်းအဖေမှာ ရည်းစားရှိနေလို့လား?"

ဝမ်ယွီထုံ စိတ်မကျေနပ်ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ ကျိုးရှောင်ယွီသည် တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်သွားသည်။

"အာ့တာကြောင့်တော့ မဟုတ်ဘူး။ ဒီနှစ်တွေ အတောတွင်း ဘယ်မိန်းမမှ အဖေ့နား ကပ်နိုင်တာ မမြင်ဖူးသေးဘူး"

ဝမ်ယွီထုံ မျက်လုံး အရောင်တောက်သွားပြီး တိတ်တခိုး ပျော်သွားသည်။

အရေးကြီးသည့် အရာတစ်ခုကို ပြောလိုသည့်ဟန်ဖြင့် ကျိုးရှောင်ယွီသည် ဝမ်ယွီထုံနားကို ကပ်လာလိုက်သည်။

"ကျွန်တော်ထင်တာတော့ သူက မိန်းမတွေကို လုံးဝမကြိုက်ဘူးထင်တယ်"

ဝမ်ယွီထုံ တစ်ယောက် မအောင့်နိုင်တော့ပဲ အော်ရယ်လိုက်မိတော့သည်။ ရယ်လွန်း၍ ဗိုက်ပင် အောင့်လာသည်။

"ဘာလို့ ရယ်ရတာလဲ ကျွန်တော်အမှန်ပြောနေတာ"

ကျိုးရှောင်ယွီသည် ဝမ်ယွီထုံ၏ အပြုအမူကြောင့် မကျေမနပ် စိတ်ဆိုးကာ လက်သီးဆုပ်လိုက်သည်။

ဝမ်ယွီထုံတစ်ယောက် ရယ်ရလွန်း၍ မျက်ရည်ပင်ဝဲ လာသည်။။သူမလက်ကို ဝေ့ရမ်း လိုက်ကာ "ဟုတ်တယ် ဟုတ်တယ် မင်းပြောတာ လုံးဝ မှန်တယ် " ဟု ပြန်ပြောလိုက်သည်။

ကျိုးရှောင်ယွီကတော့ ဆက်ငြင်းချင်နေသေးသော်လည်း ကျိုးကျီယွဲ့က ကားနား ပြန်ရောက်လာပြီး မေးလိုက်သည်။" ဘာဖြစ်နေတာလဲ"

ကျိုးရှောင်ယွီက သူ၏ အဖက်မလုပ်သည့် ဟန်ပန်ပြန်ဖြစ်သွားကာ ပြန်မဖြေပေ။

စိတ်ကောင်းဝင်နေသည့် ဝမ်ယွီထုံသည် ကလန်ကဆန်လုပ်တတ်သည့်ကောင်လေးကို အသာအယာ ပုခုံးပုတ်လိုက်ရင်း ပြန်ဖြေလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။ စနေ့နေ့မှာ အိမ်စာတွေ အကုန်ပြီးရင် ကစားကွင်းခေါ်သွားပေးမယ်လို့ပြောနေတာ"

ဝမ်ယွီထုံ တက်ကြွစွာ သူမအိတ်ကပ်ထဲကနေ လက်မှတ်သုံးခုထုတ်လိုက်သည်။ ဒီလက်မှတ်က အခုချိန် အေမြို့မှာ နာမည်ကြီးနေတဲ့ ကစားကွင်းရဲ့ ဝင်ခွင့်လက်မှတ်ပဲ။ လွန်ခဲ့တဲ့ ၁၅နှစ်က ဤကစားကွင်းမဖွင့်သေးပေ။ ပြီးတော့ ကစားကွင်းပုံစံကလည်း ပျော်ဖို့ကောင်းမယ့်ပုံပဲ။

ကျိုးရှောင်ယွီတစ်ယောက် ဆွံ့အသွားမိသည်။ သူ့မျက်လုံးထဲဝယ် မယုံကြည်နိုင်မှုတွေနှင့် အနည်းငယ် ရှုပ်ထွေးသွားသည်။

ကျိုးကျီယွဲ့လည်း အံ့အားသင့်သွားသည်။ "ကစားကွင်း?"

ဝမ်ယွီထုံ တောက်ပစွာ ပြုံးရင်း ခေါင်းကို ဖြည်းညှင်းစွာငြိမ့်လိုက်သည်။ "ဟုတ်တယ် ရှောင်ယွီက ဒီတစ်ပတ်အတွင်း အမှတ်တွေ တိုးတက်လာတဲ့ အပြင် အိမ်စာတွေလည်း မပျက်လုပ်ခဲ့တယ်လေ။ ဒါပေမယ့် နေ့တိုင်းစာလုပ်နေရတာက ပျင်းဖို့ကောင်းတယ်။ ဒါကြောင့် ကျွန်မ သူ့ကို ပျော်စရာလေးတွေ ဖန်တီးပေးမလို့ ။အဆင်ပြေမလား မစ္စတာကျိုးး?"

ကျိုးကျီယွဲ့ မျက်လွှာချရင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။"ရပါတယ်"

ဝမ်ယွီထုံက လက်မှတ် တစ်ခုကို ကျိုးကျီယွဲ့ လက်ထဲ ထိုးထည့်လိုက်ရင်း ပြောလိုက်သည်။ "မစ္စတာကျိုး ရှင်လည်း အချိန်ရရင် လိုက်ခဲ့ပါလား"

ကျိုးကျီယွဲ့ သူ့လက်ထဲက လက်မှတ်ကို ဆုပ်ကိုင်ရင်း အသာ ပြန်ဖြေလိုက်သည်။"အင်းပါ"

ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီတို့ ဘေးချင်းယှဉ်ကာ လျှောက်ရင်း အိမ်ထဲ ဝင်သွားကြသည်။ ကျိုးကျီယွဲ့က အနောက်ကနေ လိုက်လျှောက်လာရင်း စကားပြိုင်ပြောနေကြသည့် သူတို့နှစ်ဦးကို မခန့်မှန်းနိုင်သည့် အကြည့်တွေဖြင့် ကြည့်နေ၏။

ကျိုးရှောင်ယွီကတော့ စောနက ပြောခဲ့သည့် ကျိုးကျီယွဲ့၏ လျို့ဝှက်ချက်အကြောင်းလည်း လုံးဝ မေ့သွားပြီဖြစ်သည်။ အပျော်တွေကြောင့် လမ်းလျှောက်နေပုံကပင် ပျံလွှားငှက်ကဲ့သို့ ပေါ့ပါးနေသော်လည်း စိတ်ညစ်သည့်ပုံ ဟန်ဆောင်ကာ ညဉ်းငြူပြနေသေးသည်။

"ကစားကွင်းဆိုတာ ဒိတ်အောက်နေတဲ့ ကလေးတွေ သွားတဲ့ နေရာမျိုးပဲ ကလေးဆန်လိုက်တာ"

"မင်းရောက်ဖူးတယ်လား"

"မ‌ရောက်ဖူးဘူး ဆရာမသွားတဲ့ နေရာတွေက ဒိတ်အောက်နေတဲ့ နေရာတွေပဲ ဖြစ်မှာပဲ"

"ဆရာမထင်တာတော့ မင်းကမှ ဒိတ်အောက်နေတာ ဒိတ်အအောက်ဆုံး ကလေးပဲ"

  ….... ........

စနေနေ့ရောက်လျင် ကျိုးရှောင်ယွီသည် သူ၏ အိမ်စာအားလုံးကို ပြီူအောင် လုပ်ခဲ့လေသည်။

တနင်္ဂနွေနေ့ရောက်လျင် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို ကစားက္ငွင်းခေါ်သွားလေသည်။ ကစားကွင်းသွားသည့်လမ်းတွေက ပိတ်နေ၍ ကျိုးအိမ်မှ ဇိမ်ခံကားဖြင့် ကစားကွင်း မသွားခဲ့ပါ။

ကျိုးရှောင်ယွီနှင့်အတူ မြေအောက်ရထား သုံးဆင့်ပြောင်းစီးခဲ့ပြီးနောက် ကစားကွင်း ဝင်ပေါက်ကို ရောက်ရှိခဲ့သည်။

ထိုအခါမှသာ ဤကလေးသည် လောကကြီးကို မမြင်ဖူးသေးကြောင်း ဝမ်ယွီထုံ နားလည်လိုက်သည်။

မြေအောက်ရထားကို မစီးဖူးရုံသာမက ကစားကွင်းကိုလည်း မရောက်ဖူးသေးရှာပေ။ မြေအောက်ရထားမစီးဖူးသေးတာက နားလည်ပေးနိုင်သေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် လူချမ်းသာကလေးဖြစ်၍ အပြင်ထွက်တိုင်း ကိုယ်ပိုင်ကားဖြင့် လိုရာကိုသွားနိုင်သည်ကိုးး။

ဒါပေမယ့် ကစားကွင်း မသွားဖူးတာကတော့.....

ကျိုးရှောင်ယွီ ငယ်စဉ်အခါက ကျိုးကျီယွဲ့သည် နေ့တိုင်း အလုပ်များလွန်းသောကြောင့် သူတို့သားအဖ နှစ်ယောက်ကြား ကစားကွင်း ဆိုတာ အတွေးထဲ ပင်ပေါ်မလာခဲ့ပါ။ ကြီးလာတော့လည်း သူ့သူငယ်ချင်းတွေနှင့်အတူ ကစားကွင်း မသွားဖြစ်ပါ။ ဂိမ်းအတူကစားတာတို့၊ ပြိုင်ကားမောင်းတာတို့ တစ်ခြား အားကစားလုပ်တာမျိုးပဲ ရှိခဲ့သည်။

ကျိုးရှောင်ယွီက အလေးမထားသည့်ဟန်ဖြင့် ပြောလာသည်။ "ကျစ် ကစားကွင်းဆိုတာ ကလေးတွေ လာကစားကြတဲ့နေရာပဲ။ ကလေးဆန်ပြီး ပျင်းစရာကောင်းလိုက်တာ! ဘာတွေများ ပျော်စရာကောင်းလည်း ဆိုတာ နားကို မလည်နိုင်ဘူး"

နာရီဝက်အကြာ လှည့်ပတ်ကြည့်ပြီးနောက် ကျိုးရှောင်ယွီသည် အပေါ်ကို ဖြည်းဖြည်းချင်း ထောင်တက်နေသည့် ရိုလာကိုစတာပေါ်တက်သွားသည်။

ရိုလာကိုစတာသည် တစ်ဖြည်းဖြည်းချင်း မြေပြင်မှ ဝေးကွာလာသည်။ ကျိုးရှောင်ယွီသည် သူ၏လုံခြုံရေးခါးပတ်ကိုဆုပ်ကိုင်ထကာ မျက်နှာ ဖြူဖတ်ဖြူလျော်ဖြစ်လာပြီး အသက်ရှုသံတွေလည်း မြန်လာသည်။

ဝမ်ယွီထုံကတော့ အရမ်းပျော်နေသည်။"ဝိုးး ရှုခင်းက အရမ်းလှတာပဲ!"

ကျိုးရှောင်ယွီ ငယ်စဉ်အခါက လျောစီးစဉ်က အဖြစ်အပျက်ကို သတိရလိုက်မိ၍ ဝမ်ယွီထုံသည် သူမ၏ ‌နွေးထွေးသည့်လက်ဖြင့် ကောင်လေး၏ ချွေးစေးတွေ ထွက်နေသောလက်ကို အုပ်ကိုင်ပေးလိုက်သည်။

"ရှောင်ယွီ မကြောက်ပါနဲ့။ ဆရာမကို ယုံ ..အရမ်းပျော်စရာကောင်းး...."

သူမ ပြော၍ မပြီးသေးခင် ရိုလာကိုစတာသည် ‌အပေါ်ကနေ အောက်ကို အရှိန်ဖြင့် ကျဆင်းသွားတော့သည်။

"အားးး ကယ်ကြပါ အားးးးး"

ကျိုးရှောင်ယွီသည် ဝမ်ယွီထုံ၏ လက်ကို မြဲမြဲကိုင်ပြီး အော်ဟစ်နေခဲ့သည်။ သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်စဉ် လေတွေက သူ့နားကို ဖြတ်သွားနေပြီး နေရောင်ကလည်း ကခုန်နေသယောင်ဖြစ်နေသည်။ ကမ္ဘာကြီးတစ်ခုလုံးရွှေရောင်အလင်းတန်းတွေ ပြည့်နှက်နေပြီး အဆုံးအစမဲ့သည့် ရှုခင်းကိုလည်း အပြည့်အဝခံစားနေရသည်။

ကောင်လေး၏ မျက်လုံးတွေက နေရောင်ထက်ပင် ပိုတောက်ပလာသည်။

ပေါ့ပါးနေသည့် ခံစားမှုအောက်တွင် သူ၏လက်ကိုဖွင့်ကာ ကောင်းကင်ပြာကြီးကို ပွေ့ဖက်လိုက်သည်။ သူ၏နှုတ်ခမ်းပေါ်ရှိ အပြုံးမှာလည်း မရပ်တန့်နိုင်တော့ပေ။

All Chapters