အခန်း (၇၇)
Vol. 7 Ch. 77
အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၇၇
သူတို့ နှစ်ယောက် ပြိုင်ကားဝင်းသို့ ရောက်လာရာ ကျယ်လောင်စွာ အားပေးသံများကို အဝေးကပင် ကြားလိုက်ရသည်။
ကွင်းထဲမှာ ပြိုင်ပွဲက စနေပြီဖြစ်သည်။ ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့လည်း ချန်နိုင်ပေးထားသည့် လက်မှတ်ဖြင့် ပြိုင်ကား ကွင်းထဲသို့ အသာဝင်ရောက်လာခဲ့သည်။
ကွင်းထဲမှာ လူငယ်တွေနှင့် ပြည့်နေသည်။ ယောကျာ်းလေးတွေက ပျင်းရိသည့်အမူအရာတွေဖြင့် အရက်သောက် ဆေးလိပ်သောက်နေကာ မိန်းကလေးတွေက ခပ်ဟော့ဟော့ ဝတ်စားထားကာ ကောင်လေးတွေ နှင့်ကြူနေကြ၏။
ကျိုးကျီယွဲ့ စိတ်အလိုမကျသည့်ပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ယွီထုံ သူ့ကို မထင်ရှားသည့်ထောင့်နားကို ဆွဲခေါ်ကာ ထိုင်လိုက်ကြသည်။
လူအုပ်ကြီးထဲမှ ကျိုးရှောင်ယွီကို တစ်ချက်ဝေ့ကြည့်လိုက်သည်နှင့် အထင်းသားမြင်နေရသည်။
ကျိုးရှောင်ယွီဘေးမှ လူတစ်ဦးက သူ့ကို စီးကရက် ကမ်းပေးလိုက်သော်လည်း နှုတ်ခမ်းထောင့် တွန့်ကွေးပြကာ ငြင်းလိုက်သည်။
ထို့နောက် ဟဲလ်မတ် ဦးထုပ်ကိုဆောင်းလိုက်ကာ ကားထဲဝင်ထိုင်ရင်း ပရိတ်သတ် အားလုံးကို လက်ပြလိုက်သည်။
ပရိတ်သတ်အားလုံးက အဆုံးမရှိသည့်အသံဖြင့် ဆူညံစွာ အော်ဟစ်အားပေးလာကြသည်။
ကားအင်ဂျင်သံက လေပြင်းကဲ့သို့ မြည်ဟိန်းသွားကာ ကျိုးရှောင်ယွီ၏ ကားလေးကလည်း လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ရွေ့လျားသွားသည်။ တစ်ခဏချင်းအတွင်းမှာပဲ ရှေ့ဆုံးက ပြေးနေသည့်ကားကို ကျော်တက်သွားသည်။
ဝမ်ယွီထုံ အလန့်တကြား မတ်တပ်ထရပ်ကာ လက်သီးဆုပ်လိုက်မိသည်။"အမလေးးး လုံခြုံစိတ်ချမှုကော ရှိရဲ့လား။ ဘာလို့ အာ့လောက်အမြန်မောင်းရတာလဲ?"
ကျိုးကျီယွဲ့လည်း သူ၏ နက်ခတိုင်လည်စည်းကို ဆွဲလိုက်ကာ စိုးရိမ်နေမှု အရိပ်အယောင်တွေ သူ့မျက်နှာဝယ် ဖြတ်ပြေးသွားသည်။
မိဘနှစ်ပါး၏ စိုးရိမ်ပူပန်နေချိန်အတောအတွင်းမှာပဲ ပြိုင်ပွဲက ပြီးဆုံးသွားသည်။
အံ့ဩနေစရာပင်မလိုပဲ ကျိုးရှောင်ယွီက အနိုင်ရရှိလေသည်။ အဆင့်သတ်မှတ်သည့်ခုံဝယ် မတ်တပ်ရပ်ရင်း ဆုတံဆိပ်နှင့် ပိုက်ဆံအများကြီး ပါမည်ထင်ရသည့် အနီရောင်စာအိတ်ကို လက်ခံရရှိလေသည်။
ငွေရောင်ဆံပင်နှင့် လူငယ်လေးသည် အင်အားအပြည့်နှင့်တောက်ပနေ၏။ သူသည် ဆုတံဆိပ်ကို ပွဲစီစဉ်သူထံဘအမှုမထားပဲ ခပ်တည်တည် ပြန်ပစ်ပေးလိုက်ကာ စာအိတ်နီသာယူရင်း ထွက်သွားလေသည်။
ကျိုးကျီယွဲ့က ရှေ့တိုးကာ လှမ်းခေါ်ရန်ပြင်လိုက်စဉ် ဝမ်ယွီထုံက တားလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"စောင့်ကြည့်ရအောင် အလျင်မလိုပါနဲ့"
မိဘနှစ်ဦးသည် ကွင်းအပြင်ဘက် ထွက်သွားသည့် ပုန်ကန်တတ်သည့် ဆယ်ကျော်သက်မြီးကောင်ပေါက် ကောင်လေးနောက်ကို တိတ်တိတ်လေး လိုက်ကြည့်ကြသည်။
ကောင်လေးသည် သူ့မိဘတွေ သူ့နောက်လိုက်ကြည့်နေသည်ကို မသိပဲ သီချင်းလေးညဉ်းရင်း သွားနေသည်။
ဝမ်ယွီထုံ သူမမျက်လုံးကို လှန်လိုက်ရင်း ခေါင်းခါ သက်ပြင်းချလိုက်သည်။ "အိုးးး ကျွန်မ တစ်သက် ဒီလို ရှက်စရာကောင်းတာမျိုး လုပ်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"
ကျိုးကျီယွဲ့ကလည်း ရုပ်ကြီးတည်သွားသည်။
"ထူးခြားတဲ့အခြေအနေတွေမှာ ထူးခြားတာမျိုးက လုပ်ရမှာပဲ။ ဘာမှ မဖြစ်ဘူး"
ဝမ်ယွီထုံလည်း ခေါင်းငြိမ့်လိုက်သည်။"မှန်တယ်!!"
ဝမ်ယွီထုံသည် ထောင့်တစ်နေရာက နေ ကျိုးရှောင်ယွီကို ချောင်းကြည့်နေ၏။
ကျိုးရှောင်ယွီက တစ်စုံတစ်ယောက်ကို စောင့်နေကာ တစ်ခဏအကြာတွင် အမှန်ပင် တစ်စုံတစ်ယောက်ရောက်လာလေသည်။
ဝမ်ယွီထုံ အရမ်းအံ့ဩသွားသည်။"အာ့တာ စာတော်တဲ့ အထူးကျောင်းသား ကျန်းလီ မဟုတ်ဘူးလား?"
"မင်းသူ့ကို သိတာလား?"
ဝမ်ယွီထုံ ခေါင်းခါလိုက်သည်။ "သူက ကျောင်းဘေးနားက ဟော့ပေါ့ဆိုင်မှာ အလုပ်လုပ်တာ။ သူကစာတော်ပေမယ့် မိသားစုက ဆင်းရဲတော့ ကျောင်းက အထူးကျောင်းသားအနေနဲ့ ထောက်ပံ့ပေးထားတာ"
တစ်ဖက်မှ ကျိုးရှောင်ယွီ၏ ကြည်လင်သည့်အသံကို ကြားလိုက်ရသည်။ "မင်းအမေ အခြေအနေ ကောင်းရဲ့လား?"
ကျန်းလီက မျက်လွှာချရင်း မသိသာသည့် မျက်နှာ အနေအထားဖြင့် ပြောလိုက်သည်။ "အရင်ကထက်ပိုသက်သာလာပါပြီ ကျေးဇူးပါ"
ကျိုးရှောင်ယွီသည် သူ၏ ငွေရောင်ဆံပင်လေးကို အနည်းငယ်လှုပ်ရမ်းသွားသည်အထိ သူ့ရင်ဘတ်ကို သူပြန်ပုတ်ရင်း ပြောလိုက်သည်။
"ဟေးး ဘာမှမဖြစ်ဘူး ခုကစပြီး မင်းအမေရဲ့ ဆေးရုံစရိတ်အတွက် တစ်လ ယွမ်၂၀၀၀၀ ငါ ပေးမယ်။ ငါငွေရှာနိုင်မယ့်နည်းလမ်းရှိနေပြီဆိုတော့ ခုကစပြီး ငါ့ အဖေပိုက်ဆံလည်း သုံးနေစရာ မလိုတော့ဘူး"
ကျိုးရှောင်ယွီသည် ကျန်းလီအား မိမိုက်သည့်ပုံဖြင့် စာအိတ်နီ ကမ်းပေးလိုက်သည်။ "ယူလိုက် ဒီမှာ ယွမ် ၂၅၀၀၀။ မင်းအမေကို ဂရုစိုက်နော်"
ကျန်းလီက စာအိတ်ကို ယူလိုက်ကာ အက်ကွဲနေသည့် လေသံဖြင့် ပြောလာသည်။ "ကျေးဇူးပါ ကျိုးရှောင်ယွီ နောက်ကျရင် ငါ မင်းကို ပြန်ဆပ်ပါ့မယ်*
ကျိုးရှောင်ယွီကတော့ ညီညာနေသည့် သူ့သွားတွေကို ဖြီးပြရင်း ကျန်းလီ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ရပါတယ် ငါတို့က အတန်းဖော်တွေပဲ။ ထွေထူး ကိစ္စ မရှိတော့ရင် ငါ ကျောင်းပြန်သွားလိုက်ဦးမယ်။ မဟုတ်ရင် အိမ်က ဗုဒ္ဓဘုရားနှစ်ပါးက ငါ့ကို လိုက်ရှာနေကြဦးမယ်"
ကျန်းလီ ခေါင်းငြိမ့်လိုက်သည်။ သူ့မျက်ဝန်းတွေက အနည်းငယ် စိုစွတ်နေသည်။
ကျိုးရှောင်ယွီ တက်ကြွနေသည့် ပုံစံဖြင့် မြောက်ကြွကြွလျှောက်ကာ ထွက်သွားသည်။
အဖြစ်အပျက်တစ်ခုလုံးကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့် ဝမ်ယွီထုံသည် အံ့အားသင့်သွားသည်။ ကျိုးကျီယွဲ့ကလည်း မယုံကြည်နိုင်သည့် မျက်နှာထားဖြစ်နေသည်။
သို့သော် ပိုအံ့အားသင့်စရာက သူတို့ကို ထပ်ကြိုဆိုနေသေးသည်။
ကျိုးရှောင်ယွီ ထွက်သွားပြီးသော်လည်း ကျန်းလီက ထိုနေရာမှာ ရပ်စောင့်နေဆဲပင်။
သိပ်မကြာလိုက်ပေ မျက်နှာဖော နေသည့် သက်လတ်ပိုင်း လူကြီးတစ်ဦး ရောက်လာသည်။
ကျန်းလီ နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့လက်ထဲက စာအိတ်နီကို ကမ်းပေးလိုက်သည်။"ကျွန်တော် ပိုက်ဆံရလာပြီ"
သက်လတ်ပိုင်းလူကြီးက စာအိတ်ကို ဖွင့်ကြည့်လိုက်စဉ် သူ့မျက်နှာ ရုပ်ဆိုးအကျည်းတန်သွာသည်။
"မင်းအတန်းဖော်က ချမ်းသာတဲ့အိမ်က သူဌေးသားဆို?ဘာလို့ ယွမ် ၂၀၀၀၀ ပဲ ယူလာရတာလဲ? မင်းငါ့ကို လှည့်စားချင်နေတာလား?"
ကျန်းလီ - "အာ့ဒီ ပိုက်ဆံ အကုန်ပါပဲ"
သက်လတ်ပိုင်းလူကြီးက ကျန်းလီကို အားဖြင့် တွန်းလိုက်သည်။ "မင်း ယုံချင်ယုံ မယုံချင်နေ။ မင်းကို ကျောင်းမှာ မျက်နှာ ပျက်အောင် ငါလုပ်လိုက်လို့ရတယ်။ မင်းပဲ ပြောတော့ ကျိုးမိသားစုက သူဌေးသားလေးက လှည့်စားရ အလွယ်ဆုံးဆို? ဘာလို့ ယွမ် ၂၀၀၀၀ပဲ ရလာရတာလဲ?"
သက်လတ်ပိုင်းလူကြီးက ကျန်းလီကို ထပ်တွန်းလိုက်ရာ ကျန်းလီ လဲကျသွားသည်။
"အနည်းဆုံး သန်းဂဏန်းလောက်တော့ပေးရမှာ! သန်းဂဏန်းလောက်က သူ့လို သူဌေးသားလေးအတွက် ဘာမို့လို့လဲ? ဘာမှ မဟုတ်ဘူး! မင်းဘာလို့ ဒီလောက်ညံ့ရတာလဲ? အာ့ဒီ ကျိုးသူဌေးသားကို ပြောလိုက် မင်းအမေက ရောဂါကြောင့် သေတော့မှာ လို့"
သက်လတ်ပိုင်းလူကြီးသည် ကျန်းလီကို ထပ်တွန်းရန်ပြင်လိုက်စဉ် အနက်ရောင်ဝတ်စုံနှင့် အရပ်ရှည်သန်မာသည့် ဘော်ဒီဂတ်တစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ချက်ချင်းပဲ ထိုနေရာသည် ကျိုးမိသားစု၏ ဘော်ဒီဂတ်တွေဖြင့် ပြည့်နှက်သွားသည်။
ရှည်လျားသည့်ခြေတံတွေဖြင့် ကျိုးကျီယွဲ့က လမ်းလျှောက်လာသည်။ သူ့မျက်မှန်အောက်က အကြည့်တွေက ရေခဲတစ်မျှ အေးစက်နေ၏။ သူ့မေးရိုးကလည်း ဓားတစ်ချောင်းကဲ့သို့ ထက်မြက်နေသည်။ သူသည် သက်လတ်ပိုင်းလူကြီးကို ရွံရှာစက်ဆုတ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
"ဘယ်သူ့ကို လှည့်စားရ လွယ်တယ်လို့ ထင်နေတာလဲ?"
သက်လတ်ပိုင်းလူကြီးသည် ဘော်ဒီဂတ်တွေ ဝန်းရံခံလိုက်ရ၍ အံ့အားသင့်သွားသည်။ ကြောက်လန့်သွားသော်လည် ပြေးမထွက်နိုင်ဖြစ်နေသည်။ မူလက အနိုင်ကျင့်သူဖြစ်သော်လည်း အခုတော့ ကြောက်လန့်နေရချေပြီ။
မဆက်သွယ်တာကြာပြီဖြစ်သည့် သူ့သားဖြစ်သူက သူဌေးသားတွေနှင့် အတူကျောင်းတက်နေရသည်ကို မြင်လိုက်ရသည့်အခါ သူမနေနိုင်တော့ပဲ လုပ်မိခြင်းဖြစ်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့ကို လွှတ်ပေးပါ ဒါကျွန်တော် ပထမဆုံး အကြိမ်လုပ်မိတာပါ.."
ကျန်းလီကတော့ မြေပြင်ပေါ်လဲကျရင်း ခေါင်းငိုက်စိုက်နေ၏။ သူဘာတွေးနေလဲ မသိရပါ။
ဝမ်ယွီထုံသည်လည်း ဒေါသကြောင့် မျက်နှာ နီရဲကာ တုန်ယင်နေသည်။ သူမအင်္ကျီလက်ကို မ တင်လိုက်ကာ ထိုလူကြီးကို လက်ညိုးထိုးရင်း ဆဲဆိုလိုက်သည်။
"ကျွန်မ ရဲခေါ်ပြီးသွားပြီ! ရှင် ဂျေး အောင်းဖို့သာ ပြင်ထားတော့။ ကလိန်ကကျစ်ကောင်! ကလေးတွေကို ခြိမ်းခြောက်နေတယ်! ရှင့်ကိုယ်ရှင် ဟုတ်လှပြီထင်နေတာလား။ မစိုးရိမ်နဲ့ ရှင့်လောက်ကို တော့ လုံးဝ မကြောက်ဘူး"
အပြောခံလိုက်ရသည့် ထိုလူကြီးသည် မျက်နှာ ဖြူလျော့သွားသည်။"မင်းးး..."
"ဖက်...."
သူတို့အနောက်မှ အသံတစ်ခုထွက်လာ၍ ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြစဉ် ငွေရောင်ဆံပင်နှင့်ကောင်လေးသည် သူ့လက်ထဲက မုန့်ထုပ်တွေ ပြုတ်ကျရင်း ကြောင်အစွာရပ်နေသည်ကို မြင်လိုက်ရသည်။
ဝမ်ယွီထုံ ရှေ့ကိုတိုးသွားလိုက်သည်။"ရှောင်ယွီ..."
ကျိုးကျီယွဲ့လည်း စိုးရိမ်နေသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ကျိုးရှောင်ယွီသည် လက်သီးကို တင်းတင်းဆုပ်ရင်း မြေပြင်ပေါ်လဲနေသည့် ကျန်းလီကို ဒေါသတကြီး ကြည့်လိုက်သည်။ ကျန်းလီကလည်း သူ၏ခြောက်သွေ့နေသည့် နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားကာ ခေါင်းမော့ကြည့်လိုက်သည်။
"ကျိုးရှောင်ယွီ ငါတောင်းပန်ပါတယ်။ မင်းကို ညာခဲ့မိတယ်။ငါ့အမေက နေမကောင်းဘူးဆိုတာလည်း တစ်ကယ်မဟုတ်ပါဘူး။ ဒီလူက ငါ့ကိုခြိမ်းခြောက်လို့ မင်းဆီက ပိုက်ဆံ လိမ်ယူမိတာပါ"
ကျိုးရှောင်ယွီ မျက်လုံးတွေ နီရဲသွားပြီး ဘေးက အုတ်နံရံကို ဘန်းး ကနဲ ကတ်ထည့်လိုက်သည်။ "အို့ ရပါတယ် ပိုက်ဆံလေး ယွမ်၂၀၀၀၀ ပါပဲ။ ခုကစပြီး ငါတို့ကိစ္စပြတ်ပြီ"
ကျိုးရှောင်ယွီ နောက်ပြန် လှည့်မကြည့်ပဲ ချက်ချင်း ပြေးထွက်သွားသည်။
ဝမ်ယွီထုံ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ "ကျွန်မ သူ့နောက် လိုက်ကြည့်လိုက်မယ်။ ရှင်က ဒီမှာ ရဲတွေကို စောင့်နေလိုက်"
ကျိုးကျီယွဲ့ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ"
ဝမ်ယွီထုံ ကျိုးရှောင်ယွီနောက်ကို ပြေးလိုက်သွားရာ လမ်းထောင့် တစ်နေရာတွင် သူ့ကို တွေ့လိုက်ရသည်။
ငွေရောင်ဆံပင်နှင့် ကောင်လေးသည် ခေါင်းငုံ့ လက်ပိုက်ကာ နံရံကို မှီနေ၏။ သူ့ပုံစံက အနည်းငယ် အရှက်ရသွားသည့်ပုံပေါ်သည်။ သူ့ပုံစံက စောနက ပြိုင်ကွင်းထဲက တက်ကြွသည့် ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ဝမ်ယွီထုံ မတတ်သာပဲ သက်ပြင်း ချလိုက်သည်။ ဒီကောင်လေးကို ရုပ်ချောပြီး သစ္စာရှိတတ်တဲ့ အမျိုးသားတစ်ယောက်လို ကြီးပြင်းလာလိမ့်မည်ဟု မမျှော်လင့်ခဲ့သလို လှည့်စားရလွယ်သည့် အမျိုးသားတစ်ယောက်လို ကြီးပြင်းလာလိမ့်မည်ဟုလည်း ဝမ်ယွီထုံ လုံးဝ မမျှော်လင့်ခဲ့ပေ။
ဒီနေ့အဖြစ်အပျက်ကိုသာ သူတို့မတွေ့ခဲ့ရင် ကျိုးရှောင်ယွီတစ်ယောက် အချိန်အတော်ကြာ လှည့်စားခံနေရလောက်သည်။
တစ်ခဏတော့ သူမ ဘာပြောရမှန်း မသိခဲ့ပေ။
"ဟေးး အဆင်ပြေရဲ့လား?"
ကျိုးရှောင်ယွီ စိတ်ရှုပ်သည့် အမူအရာဖြင့် ခေါင်းစောင်းလိုက်သည်။"ဘာလဲ? ခင်ဗျားက ကျွန်တော့်ကို ဟားးဖို့ လာတာလား? အပြစ်တင်ဖို့ လာတာလား?"
ဝမ်ယွီထုံ သူမခေါင်းလေးကိုစောင်းကာ ပြုံးလိုက်သည်။ သူမမျက်လုံးတွေက ဖန်လို ကြည်လင်နေ၏။
"မဟုတ်ပါဘူး ဆရာမလည်း စိတ်ညစ်နေလို့ မင်းနဲ့ အတူရှိချင်လို့ပါ"
ကျိုးရှောင်ယွီ နံရံကို မှီထားဆဲဖြစ်ပြီး သူ၏ ရှည်လျားသည့် မျက်တောင်တွေက အနည်းငယ် တုန်ယင်နေသည်။
"ကြီးလာတာနဲ့အမျှ လူအမျိုးမျိုးနဲ့ တွေ့ကြုံရမှာပဲ။ မင်း ကျန်းလီအပေါ်ထားသလိုမျိုး စိတ်ထားကောင်းပြီး ကြင်နာတတ်တာက ဘာမှ မမှားဘူး။"
ဝမ်ယွီထုံ နူးညံ့စွာ ဆက်ပြောလိုက်သည်။ "ဒီလိုမျိုး အမှားတွေ လုပ်ပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေကို သင်ယူပါ"
ထိုစဉ် စနစ်က ဝင်ပြောလာသည်။ "မှန်တယ်။ မိဘတွေက ကိုယ့်ကလေးတွေရဲ့ အရာအားလုံးကို တာဝန်ယူ ခံစားပေးတာမျိုး လုပ်လို့မရဘူး။ ကိုယ့်ကလေး ကြီးလာတာနဲ့ အမျှ သူတို့ကို ကိုယ်တိုင်အတွေ့အကြုံယူစေသင့်တယ်"
ဝမ်ယွီထုံက ရှောင်ယွီကို ထပ်မေးလိုက်သည်။ "ပြောပါဦး တစ်ကယ်လို့ တစ်ခြားအတန်းဖော် တစ်ယောက်က မင်းဆီလာပြီး သူ့အမေ နေမကောင်းလို့ ပိုက်ဆံချေးပေးပါဦး ပြောရင် ဘယ်လိုလုပ်မှာလဲ?"
ကျိုးရှောင်ယွီ တစ်ခဏ စဉ်းစားကာပြောလိုက်သည်။
"ချက်ချင်း ချေးပေးမိမှာပဲ။ ဒါပေမယ့် သတိထားပြီး တိတ်တိတ်လေး အရင်စုံစမ်းကြည့်ဖြစ်မယ်"
"ဟုတ်တယ် မင်း အရွယ်ရောက်လာပြီပဲ" ဝမ်ယွီထုံ ပြုံးရင်း စိတ်သက်သာရာရသွားသည်။ သူမ ရှေ့ကိုတိုးပြီး ငွေရောင်ဆံပင်တွေကို ဖွပေးလိုက်သည်။ ရှောင်ယွီ၏ ဆံပင်တွေက ကလေးတုန်းကထက်ပင် နူးညံ့ပြီး ပိုကိုင်လို့ကောင်းသည်။
ကျိုးရှောင်ယွီ ကြောင်တောင်တောင်ဖြစ်သွားပြီး သူ့ခေါင်းကို ရှောင်လိုက်သည်။ "ဘာလုပ်တာလဲ? ကျွန်တော့်ခေါင်းကို မထိနဲ့! ဆံပင်တွေ ရှုပ်ပွကုန်ပြီ"
ကျိုးရှောင်ယွီ သူ့ဆံပင်တွေကိုပြန်သလိုက်ပြီး နှာမှုတ်ကာ ပြောလိုက်သည်။ "ကျွန်တော် သတိပေးနေတယ်နော် ကျွန်တော့် ဆံပင်ကို မထိနဲ့!"
ဝမ်ယွီထုံ သူမ မျက်လုံးကို လှိမ့်ကာ တွေးလိုက်သည်။ ဒီလို ကြီးလာရင် မကိုင်ရမှန်းသိရင် ရှောင်ယွီလေး ငယ်ချိန်ဘဝကို သူမပြန်ရောက်တဲ့အခါ ကလေးရဲ့ ဆံပင်တွေကို အဝကိုင်ပစ်မယ်။
နှစ်ဦးသားစကားများကြရင်း ကျိုးရှောင်ယွီ၏ စိတ်ဓာတ်ကျနေမှုများ ပျောက်ကွယ်သွားကာ ပြန်လန်းဆန်းလာသည်။ဝမ်ယွီထုံကလည်း သူ့ကို ကျောင်းပြန်လိုက်ပို့လိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျိုးကျီယွဲ့က ရဲခေါ်ကာ ကျန်းလီရဲ့ အဖေကို ဖမ်းခိုင်းလိုက်ကြောင်း ဝမ်ယွီထုံ သိလိုက်ရသည်။ ကျန်းလီအဖေက သူ့သားကို ခြိမ်းခြောက်ငွေလိမ်မှုသာမက တစ်ခြားရာဇဝတ်မှုများလည်း ကျူးလွန်ခဲ့ကြောင်း ဝန်ခံလာသည်။ လွန်ခဲ့သည့် နှစ်ကုန်ကမှ ထောင်က လွတ်လာသည့် သူသည် ယခု ထပ်မံ ဖမ်းဆီး ခံလိုက်ရပြန်သည်။
ကျန်းလီအဖေသည် အလွန်ဆိုးသည့် လောင်းကစားသမားဖြစ်သည်။ မူလက ကျန်းလီတို့သားအမိသည် ဤအဖေလက်က လွတ်မြောက်လာပြီး ဖြစ်သော်လည်း မမျှော်လင့်ပဲ သူတို့ကို ပြန်တွေ့သွားသည်။
ကျန်းလီတစ်ယောက် အမှတ်ကောင်းကောင်းဖြင့် မြို့တော် A ရဲ့ အကောင်းဆုံးကျောင်းမှာ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်နေပြီး သူ့အတန်းဖော်တွေကလည်း လူချမ်းသာတွေဖြစ်နေတာကို မြင်လိုက်ရတော့ ကျန်းလီအဖေသည် စိတ်ဝင်စားသွားသည်။
ထို့ကြောင့် သူ့သားကို ငွေလိမ်ရန် ခြိမ်းခြောက်တော့သည်။ငွေမလိမ်ပေးပါက ကျန်းလီအဖေသည် ထောင်ထွက် လောင်းကစားသမား ဖြစ်ကြောင်း တစ်ကျောင်းလုံးသိအောင်ပြောလိုက်မည်ဟု ခြိမ်းခြောက်လိုက်သည်။
သူ့မိသားစုအခြေအနေ ဖော်ခံရမည်ကို ကြောက်သည့် ကျန်းလီလည်း သူ့အဖေစကား နားထောင်ကာ ရှောင်ယွီကို ပစ်မှတ်ထားလိုက်ရတော့သည်။
လပတ်စာမေးပွဲမတိုင်ခင် ဝမ်ယွီထုံသည် ပုံမှန်အတိုင်း ကျိုးရှောင်ယွီကို ကျောင်းကြိုသွားခဲ့သည်။
ကျိုးရှောင်ယွီသည် ကျောင်းကျောပိုးအိတ်ကို ပုခုံးပေါ်လွယ်ကာ လျှောက်လာစဉ် သူ့နောက်မှ ကျောင်းသားတစ်ဦးက လှမ်းခေါ်လိုက်သည်။ "ကျိုးရှောင်ယွီ"
ကျိုးရှောင်ယွီ လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းမှာ တိတ်တိတ်လေးရပ်နေသည့် ကျန်းလီကို မြင်လိုက်ရသည်။
ကျိုးရှောင်ယွီ နှာခေါင်းရှုံ့လိုက်ကာ အလေးမထားသည့်ဟန်ဖြင့် ရှေ့ဆက်သွားလိုက်သည်။
"ကျိုးရှောင်ယွီ ငါတောင်းပန်ချင်လို့ပါ" ကျန်းလီ၏ အသံက အနည်းငယ် အက်ကွဲနေသည်။
"ငါတောင်းပန်ပါတယ်... မင်းက ငါ့ကို သူငယ်ချင်းလိုသဘောထားပြီး တစ်ကယ် ငါ့အပေါ်ကောင်းခဲ့ပါတယ်။ မင်းကို ငါမလိမ်ခဲ့သင့်ဘူးး။ ငါတစ်ကယ်အားနည်းလွန်းခဲ့တယ်။ အာ့ဒီလူရဲ့ စကားအနည်းငယ်နဲ့ ခြိမ်းခြောက်ခံလိုက်ရတာနဲ့တင် ကိုယ့်သူငယ်ချင်းကို လိမ်လည်ခဲ့မိတယ်။ ငါတစ်ကယ်တောင်းပန်ပါတယ်"
ကျိုးရှောင်ယွီ လက်သီးကို တင်းတင်း ဆုပ်ရင်း ပြန်ပြောလိုက်သည်။ "ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လည်း သူငယ်ချင်းမှ မဟုတ်တော့တာ"
ကျန်းလီ မျက်လွှာချလိုက်သည်။ "ငါမင်းကို နှုတ်ဆက်စကားလည်း ပြောချင်လို့ပါ။ ငါနဲ့ ငါ့အမေ မွေးရပ်မြေကိုပြန်ဖို့ စီစဉ်ထားတယ်။ ဒီလပတ်စာမေးပွဲ ပြီးတာနဲ့ သွားတော့မှာ"
ကျိုးရှောင်ယွီ၏ မျက်လုံးအကြည့်တွေက အနည်းငယ် အံ့အားသင့်သွားသည်။
ကျန်းလီ ကျေးဇူးတင်သည့်အပြုံး ပြုံးလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လည်း မွေးရပ်မြေ ပြန်တော့မှာ ဆိုတော့ မင်းအဖေကိုလည်း ကျေးဇူးတင်ပါတယ်။ အာ့ဒီလူနဲ့ ငါတို့ သားအမိကြား ဆက်ဆံရေးကို ကူညီပေးခဲ့လို့။ အခုတော့ သူလည်း ငါတို့သားအမိကို ထပ်မနှောက်ယှက်နိုင်တော့ဘူးဆိုတော့ ငါတို့လည်း ဘဝအသစ် စလို့ရပြီလေ။ ကျေးဇူးပါ။ မင်းနဲ့မင်းအဖေ နှစ်ယောက်စလုံးက လူကောင်းတွေပါ... ငါတောင်းပန်ပါတယ်"
ကျိုးရှောင်ယွီ နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့လက်ကို အိတ်ကပ်ထဲ ထည့်လိုက်သည်။"အင်းး အားလုံးပြီးသွားပါပြီ"