← Chapters

အခန်း (၇၈)

Vol. 7 Ch. 78

အခန်း (၇၈)

Vol. 7 Ch. 78

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

အပိုင်း ၇၈

ကျိုးရှောင်ယွီသည် ကျန်းလီကို စကားထပ်မပြောတော့ဘဲ မျက်လွှာချရင်း ကားထဲ ဝင်ထိုင်လိုက်သည်။

ကားသည် တစ်ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။ ဝမ်ယွီထုံသည် အနည်းငယ်ညိုးနေသည့် ကျိုးရှောင်ယွီ၏ မျက်နှာလေးကို ကြည့်ကာ လီမွန်တီး တစ်ခွက် ကမ်းပေးလိုက်သည်။"ချိုတာလေး တစ်ခုခု သောက်လိုက်ပါဦး"

"အင်းး.."ကျိုးရှောင်ယွီ လီမွန်တီးခွက်ကိုယူကာ သောက်လိုက်ပြီး ကားပြတင်း အပြင်ကို ငေးမောနေ၏။

မုန်တိုင်းသည် ဤကဲ့သို့ပြီးဆုံးသွားလေပြီ။

မကြာမီ လပတ်စာမေးပွဲ ရောက်လာတော့မည်ဖြစ်၍ ကျိုးရှောင်ယွီလည်း စာအပြင် တစ်ခြားအာရုံရောက်ချိန်မရှိတော့ပေ။

လပတ်စာမေးပွဲဖြေသည့်နေ့တွင် ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့ ကျိုးရှောင်ယွီကို ကျောင်းလိုက်ပို့ကြသည်။ ကျိုးကျီယွဲ့က ကားမောင်းရင်း ကားနောက်ကြည့်မှန်ကတစ်ဆင့် ကျိုးရှောင်ယွီကို လှမ်းကြည့်ကာ ကားစတီယာရင်လက်ကိုင်ပေါ် သူ၏ လက်ချောင်းသွယ်လေးများကို အသာ ခေါက်နေ၏။

ဝမ်ယွီထုံ ခေါင်းလေးစောင်းကာ ကျိုးရှောင်ယွီကို တိုးတိုးလေး ပြောလိုက်သည်။ "စိတ်မလှုပ်ရှားနဲ့။ အဖြေလွှာထဲ အမှား ပါမပါ သေချာ စစ်ခဲ့နော်။ သင်္ချာဖြေတဲ့အခါ မင်းရတဲ့ ဟာကို အရင်ဖြေ နားမလည်တဲ့ဟာကို ကျော်ခဲ့.."

ကျိုးရှောင်ယွီကတော့ အေးအေးဆေးဆေး ဝါးးပင်သန်းလိုက်သေးသည်။ "ကျွန်တော်သိပါတယ်။ အခေါက်တစ်ရာလောက်ရှိပြီပြောနေတာ။ လပတ်စာမေးပွဲလေးပဲကို ကျွန်တော် ဘာလို့ကြောက်ရမှာလဲ"

ဝမ်ယွီထုံ ထပ်အားပေးလိုက်သည်။ "ကြိုးစားထားး မင်းကတော်တယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိ။ ဒီတစ်ခါတော့အမှတ်တွေ တိုးလာလိမ့်မယ်။ အနည်းဆုံးတော့ Fအခန်းထဲမှာ မနေရတော့ဘူးပေါ့"

ကျိုးရှောင်ယွီ ပျင်းရိသလို ကျစ်ကနဲ အသံပြုလိုက်ကာ ကားထဲက ထွက်ရန်ပြင်လိုက်စဉ် ကားရှေ့ခန်းကနေ ကျိုးကျီယွဲ့၏ အသံဩကြီးကို ကြားလိုက်ရသည်။

"မင်းက တော်ပါတယ်"

ကျိုးရှောင်ယွီတစ်ယောက် မယုံကြည်နိုင်သည့်ပုံဖြင့် မျက်မှောင်ကြုတ်ကာ ကျိုးကျီယွဲ့ကို ကြည့်လိုက်သည်။

ထူးဆန်းပြီး မသက်မသာဖြစ်မှုတွေက ကျိုးကျီယွဲ့၏ မီးခိုးရောင်မျက်ဝန်းတွေထဲ ထင်ဟပ်လာသည်။

"ကြိုးစား"

ဝမ်ယွီထုံပင် မနေနိုင်တော့ဘဲ ပါးစပ်ကို လက်ကလေးဖြင့်အုပ်ကာ အသာရီလိုက်သည်။ ကျိုးရှောင်ယွီကတော့ သရဲကိုမြင်လိုက်ရသလို ကားထဲက အမြန်ပြေးထွက်သွားတော့သည်။

မွန်းလွဲပိုင်း စာမေးပွဲပြီးတော့ ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ ထွက်အလာကို ကျောင်းပေါက်ဝကနေ စောင့်နေလိုက်သည်။

ကျိုးရှောင်ယွီ၊ ချန်နိုင်နှင့် ခုန်းဟန်ရွေတို့သည် ကျောင်းပေါက်ဝရှိရာသို့ အတူ လမ်းလျှောက်လာကြသည်။ ငွေရောင်ဆံပင်နှင့် ကောင်ကလေးသည် တက်ကြွစွာ လမ်းလျှောက်လာကာ အဖွဲ့ထဲ မှာ ထင်းနေ၏။

ဝမ်ယွီထုံလည်း သူတို့ကို ဟယ်လို ဟု နှုတ်ဆက်လိုက်သည်။

သူမကို မြင်သည့် ခုန်းဟန်ရွေ့သည် ယဉ်ကျေးစွာ ပြန်နှုတ်ဆက်ခဲ့သည်။"ဟယ်လို ဆရာမဝမ်"

ချန်နိုင်က‌တော့ ဝမ်းနည်းနေသည့် ရုပ်ဖြင့် "အားးး ဒီတစ်ခါတော့ F အခန်းကို ဆင်းရတော့မှာ ပဲ" ဟု ပြောလာသည်။

ကျိုးရှောင်ယွီသည် ဘဝင်ခိုက်နေသည့်ရုပ်၊ ဘဝင်ခိုက်နေသည့် လေသံဖြင့်ပြောလာသည်။ "ဒီတစ်ခေါက်မေးခွန်းက အရမ်းလွယ်တာပဲ။ အထူးသဖြင့် သင်္ချာဆို လွယ်လိုက်တာ။ နောက်ဆုံး နှစ်ပုဒ်ကို ရော မင်း ဖြေခဲ့ရဲ့လား? ငါဆို အစောကြီး ပြီးလို့ အဖြေစာရွက်တောင် အစောကြီး အပ်ခဲ့တာ"

ချန်နိုင်ကတော့ စိတ်ဆိုးသလို ကျိုးရှောင်ယွီကို တွန်းလိုက်သည်။

ဝမ်ယွီထုံလည်း ကလေးသုံးယောက်စလုံးကို ညနေစာလိုက်ကျွေးရန်ခေါ်လိုက်သည်။ ဤတစ်ခေါက်လည်း ဟော့ပေါ့ပဲ ဖြစ်သည်။ ကလေးသုံးယောက်လုံးက ဟော့ပေါ့စားရတာကို စွဲလမ်းနေကြပြီဖြစ်သည်။

ဒါပေမယ့် ကျိုးရှောင်ယွီတို့ကတော့ သူ့ဝသီအတိုင်း စားနေစဉ် ကွန်ပလိန်းတက်ပြန်သည်။ "ဆရာမကို လစာတိုးပေးဖို့ အဖေ့ကို ပြောပါဦးမယ်!ကြည့်ပါဦး ကျွန်တော်တို့ကို ဒီလိုဈေးပေါတာပဲ ဝယ်ကျွေးနေတာ"

ဝမ်ယွီထုံ ပြုံးရင်း သူမ လက်ကို ဝေ့ရမ်းလိုက်သည်။

"မှန်တယ် မင်းအဖေကို ချက်ချင်းပြောလိုက် ဆရာမ လစာတိုးချင်တယ်လို့။ မဟုတ်ရင်တော့ ဒီလိုမျိုး ဈေးပေါတာတွေပဲ ဝယ်ကျွေးနိုင်မှာ"

ချန်နိုင်ကတော့ ဟော့ပေါ့အိုးထဲက အမဲသားကို ကျိုးရှောင်ယွီနှင့် လုနေသည်။ "ဆရာမဝမ်ကို လစာများများပေးဖို့ မင်းအဖေကို ပြောလိုက်။ ဒါမှ ဆရာမဝမ်က နေ့တိုင်း ငါတို့ကို ညစာဝယ်ကျွေးမှာ"

ကျိုးရှောင်ယွီလည်း သူ့လက်ထဲက တူဖြင့် ဟော့ပေါ့အိုးထဲက အမဲသားကို ပြန်လုကာ ပြောလိုက်သည်။ "မင်းတို့ကို ညစာကျွေးမယ်လို့ ဘယ်သူပြောလို့လဲ? ငါ့ကိုပဲ ဝယ်ကျွေးမှာလေ"

ချန်နိုင်ကလည်း အလျော့မပေးဘဲ အိုးထဲက နောက်ဆုံးအမဲစားဖတ်ကို ကောက်ယူလိုက်သည်။

ငြိမ်သက်စွာ ကျက်သရေရှိရှိ စားသောက်နေသည့် ခုန်းဟန်ရွေ့ကလည်း ဝမ်ယွီထုံကို ပြုံးရင်းပြောလာသည်။

"ဆရာမဝမ် နောက်လကျရင် ကျွန်တော်တို့ကိုလည်း ဂိုက် လုပ်ပေးပါလား။ ကျွန်တော် ဂျီဩမေတြီအပိုင်းမှာ နည်းနည်း အားနည်းလို့"

ကျိုးရှောင်ယွီ ဝင်ငြင်းလိုက်သည်။ "မရဘူးး။ ဆရာမဝမ်က ငါ့ကိုပဲ စာသင်ပေးမှာ။ ဟမ့် မင်းတို့ကောင်တွေ စည်းကျော်နေပြီနော်!"

ထိုစဉ် ကျိုးကျီယွဲ့ ဝင်လာခဲ့သည်။

သူသည် သပ်ရပ်သည့် ဒီဇိုင်နာချုပ်ဝတ်စုံကို ဝတ်ထားကာ မိမိုက်ထူးခြားနေပြီး ဟော့ပေါ့ဆိုင်ထဲတွင် တောက်ပနေ၏။

ကလေးသုံးယောက်ကလည်း သူ့ကို မြင်လိုက်ရ၍ အံ့အားသင့်သွားကြသည်။"အန်ကယ်ကျိုးး?"

ကျိုးရှောင်ယွီက အသားဖတ်ဝါးရင်း မျက်လုံးပြူးကြီးနှင့် မေးလိုက်သည်။"‌အဖေ ဘာလို့ ဒီရောက်နေတာလဲ?"

ကျိုးကျီယွဲ့ နှုတ်ခမ်းထောင့် တွန့်ကွေးကာ ပြုံးလိုက်ရင်း သူတို့ကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်သည်။

"မင်းတို့နဲ့ အတူ လပတ်စာမေးပွဲပြီးတာကို လာဂုဏ်ပြုတာလေ"

ကျိုးရှောင်ယွှီ၏ မျက်ဝန်းတွေက ပျော်ရွှင်မှု‌တွေသိသာနေသော်လည်း တည်ငြိမ်သည့်လေသံဖြင့် "ကျစ် ! ဘာတွေ ဂုဏ်ပြုစရာရှိလို့လဲ! ရလဒ်က တနင်္လာနေ့မှ ထွက်မှာလေ" ဟု ပြောလိုက်သည်။

ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့ကတော့ ကျိုးရှောင်ယွီကို မနာလိုသည့်ပုံဖြင့် ကြည့်လိုက်ကြသည်။ ကျိုးရှောင်ယွီအဖေက သူများတွေ ပြောသလို ကြောက်စရာ မကောင်းဘဲ ကောင်းတဲ့ပုံပေါ်သည်ဟုပင် တွေးလိုက်ကြသည်။

ကျိုးကျီယွဲ့သည် ဝမ်ယွီထုံ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူတို့ချင်း နီးကပ်လွန်း၍ ကျိုးကျီယွဲ့၏ အပေါ်ဝတ်ကုတ်သည် သူမ၏ စကပ်ကို လာထိသည်ကိုပင် ဝမ်ယွီထုံ ခံစားလိုက်ရသည်။

ဝမ်ယွီထုံ ရှောင်ထွက်မသွားပဲ သူ့ဘေးကို ပိုတိုးလိုက်သည်။

ကျိုးကျီယွဲ့သည် ဟော့ပေါ့အိုးထဲက ခေါက်ဆွဲကို ဇွန်းအပြည့်ခပ်လိုက်ပြီး ဝမ်ယွီထုံ၏ အိုးထဲ ထည့်ပေးလိုက်သည်။

"ဆရာမဝမ် ရှောင်ယွီ ခုတစ်လော ဆရာမကြောင့် အတော်လေး တိုးတက်လာတယ်"

ဝမ်ယွီထုံ နားပန်နားကျနေသည့် သူမဆံပင်များကို သပ်တင်လိုက်ကာ မတ်မတ်ထိုင်ရင်း ထိုအမျိုးသားကို မျက်လုံးလေးမှိတ်ပြကာ ပြောလိုက်သည်။ "ကျွန်မ လုပ်ရမယ့်အလုပ်တွေပါရှင်။ မခက်ခဲပါဘူး"

ကျိုးကျီယွဲ့ ဝမ်ယွီထုံ၏ ကိုယ်ရေးအကျဉ်းကို တစ်ချက်ကြည့်ကာ ‌တွေးလိုက်သည်။ သူပြန်ရောက်သည်နှင့် သူမနှင့် တွေ့ဆုံကာ အခြေအနေမေးမြန်းရင်း လစာတိုးဖို့ အကြောင်းပြောရန်စီစဉ်ထားခဲ့သည်။

ကလေးတွေက ထပ်ဆူညံလာပြန်သည်။ ဟော့ပေါ့အိုးဘေးမှာ ထိုင်နေကြသည့် လူတိုင်း ရယ်ရယ်မောမောနှင့် စကားပြောနေကြသည်။ လေထုထဲမှာ မှိုင်းနေသည့် အဖြူရောင် မြူထုလေးကလည်း အရသာရှိသည့်စားစရာရနံ့တွေ ထုံသင်းနေသည်။

ဝမ်ယွီထုံ သူတို့ကို ယောင်ယောင်လေးပြုံးရင်း ကြည့်လိုက်သည်။ သူမမျက်ဝန်းတွေကလည်း မြူခိုးအလွှာပါးလေး ဖုံးအုပ်နေသည်။

မူလအစီအစဉ်အရဆိုလျင် နောက်လာမည့်တနင်္လာနေ့က သူမ ဤ ကမ္ဘာကိုရောက်တာ တစ်လတင်တင်းပြည့်ပြီဖြစ်သည်။ ထို့အပြင် သူမ ပြန်ရမည့် အချိန်လည်း ရောက်လာပြီဖြစ်သည်။

သို့သော် စနစ်က ဘာအကြောင်းမှ ပြန်မလာတာ တစ်ပတ်ခန့်ပင် ရှိပြီဖြစ်သည်။

သူမစိတ်ထဲ နိမိတ်မကောင်းသလို ခံစားလိုက်ရသည်။ထို့ကြောင့် ကံကောင်းမှုပြအကွက်ကိုကြည့်လိုက်ရာ....မှန်တာပေါ့ သူမရဲ့ ကံကောင်းခြင်းအမှတ်တွေက ၉၉.၉%ကနေ ထပ် တက်မလာတော့ချေ။

ဘယ်တော့မှ ထပ်တက်လာမည့်ပုံလည်း မပေါ်တော့ပေ။

ဤနည်းလမ်းကလည်း အလုပ်မဖြစ်သည့်ပုံပေါ်သည်။ သူမ အရင်ဘဝကို ပြန်မသွားနိုင်ရုံသာမက ယခုဘဝမှာလည်း နေလို့မရပေ။ သူမ မစ်ရှင်လည်း လုံးဝကျရှုံးသွားမည်ဖြစ်သည်။

ကျန်ရှိသေးသည့် သုံးရက်အတွင်း သူမ ဘယ်လို ထွက်သွားရမှန်းမသိခဲ့ပါ။ ပေါက်စီလုံးလေးနှင့် သူမယောကျာ်းကို ထပ်မမြင်ရနိုင်တော့သလို ငွေရောင်ဆံပင်ကောင်လေးနှင့် မျက်မှန်တပ်ထားသည့် လူကြီးကိုလည်း ထပ်မြင်နိုင်တော့မည်မဟုတ်ပေ။

ဝမ်ယွီထုံ ခါးသီးလှသည့် မျက်ရည်တွေကို ထိန်းထားရန် မျက်လွှာချရင်း ဟော့ပေါ့ကို စားနေ၏။ ဤကဲ့သို့ရလဒ်ဖြစ်လာသည်ကို သူမ အရမ်းကြီး မအံ့ဩသော်လည်း သူမ စနစ်ကတော့ အတော်လေး ပြိုလဲသွားရှာသည်။

စနစ် - "တောင်းပန်ပါတယ်။ ငါမင်းကို ဒီထဲ ဆွဲမထည့်ခဲ့သင့်ဘူး။ တစ်ကယ်ဆို မင်းအသက်အရှည်ကြီး နေရမှာ ...ဒါပေမယ့် အခုတော့ ငါ့ကြောင့်..."

ဝမ်ယွီထုံက ပြန်နှစ်သိမ့်ပေးလိုက်သည်။"ဝမ်းမနည်းပါနဲ့ ..ဒါတွေအကုန်လုံးက ငါ့ရွေးချယ်မှုကြောင့်ပါ။ နင်နဲ့ တွေ့ရလို့ ဝမ်းသာခဲ့ရသလို ကျိုးရှောင်ယွီ၊ ကျိုးကျီယွဲ့တို့နဲ့ ဆုံခဲ့ရလို့လဲ အရမ်းဝမ်းသာတယ်။ ငါ့ကို အမြဲတမ်းကူညီပေးလို့ ကျေးဇူးပါနော်"

စနစ်က သက်ပြင်းချရင်း ငိုနေ၏။

ဝမ်ယွီထုံ - " ဒီကမ္ဘာကနေ ဘယ်လို ထွက်ရမယ် ဆိုတာ သိလား?"

အကယ်၍ မစ်ရှင်ပြီးမြောက်ခဲ့လျင် မည်သူမှ သတိမထားမိခင် အလိုအလျောက် သူမပြန်သွားနိုင်လိမ့်မည်ဟု ယခင်က စနစ်ပြောခဲ့သည်။ သူမ နှင့် တွေ့ဆုံဖူးသည့် မှတ်ဉာဏ်အားလုံးလည်း အဖျက်ခံလိုက်ရမည်ဖြစ်သည်။ သို့သော် ယခု မစ်ရှင် ကျရှုံးသွားသည် ဆိုတော့..

စနစ် ချောင်းဆိုးမိသွားသည်။ "ငါလည် မသိဘူး။ ဒါက တစ်ယောက်ယောက်ကို တစ်ခြားကမ္ဘာဆီ ပထမဆုံး ပို့ပေးဖူးတာပဲ။ ပြီးတော့ ဘာတွေ ဖြစ်လာနိုင်မလဲ ငါလဲ မသိတော့ဘူး"

ဝမ်ယွီထုံ နားလည်သွားကာ ခေါင်းငြိမ့်လိုက်သည်။

ဟော့ပေါ့ဆိုင်ကနေ အိမ်ပြန်လာကြပြီးနောက် ကျိုးရှောင်ယွီက သူ့အခန်းထဲ ပြန်အိပ်သွားသည်။

သူမအခန်းရှိရာ အဆောင်သို့ သွားတော့မည့် ဝမ်ယွီထုံကို ကျိုးကျီယွဲ့ တားလိုက်သည်။ "ဆရာမဝမ်နဲ့ ကျွန်တော်ပြောစရာလေးရှိလို့ပါ"

ဝမ်ယွီထုံ အနည်းငယ် အံ့အားသင့်သွားမိသည်။ "အမှန်တော့ ကျွန်မလည်းပဲ ပြောစရာရှိပါတယ်"

ကျိုးကျီယွဲ့ မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။

"ဒါဆိုလည်း ကျွန်တော်တို့ စာကြည့်ခန်းထဲ သွားရအောင်လေ"

"ဟုတ်ကဲ့"

သူတို့နှစ်ဦးသား တယောဂီတသံ တိုးတိုးလေး ဖွင့်ထားသည့် စာကြည့်ခန်းထဲသို့ ဝင်လာလိုက်သည်။

ဝမ်ယွီထုံ ထိုအမျိုးသားကိုကြည့်ရင်း သူမမျက်ဝန်းထဲ မျင်ရည်များ ဝေ့ဝိုင်းလာသည်။

ကျိုးကျီယွဲ့ ကြောင် သွားသည်။"ဘာဖြစ်လို့ ငိုနေတာလဲ?"

ဝမ်ယွီထုံ သူမမျက်ရည်တွေ သုတ်ရင်း ပြန်ဖြေလိုက်သည်။"ဘာမှ မဖြစ်ပါဘူး ကျွန်မ မျက်လုံးထဲ အမှုန်ဝင်သွားလို့ပါ"

သူမစိတ်ထဲ လွန်ဆွဲနေသော်လည်း နောက်ဆုံးတော့ လက်သီးကို တင်းတင်းဆုပ်ရင်း ဖွင့်ပြောလိုက်သည်။

"ကျွန်မကို ဒီလ အတောအတွင်း ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် မစ္စတာကျိုး..ကျွန်မအလုပ်ထွက်ချင်ပါတယ်..."

ကျိုးကျီယွဲ့ ခန္ဓာကိုယ်တောင့်သွားကာ သူပြောမည့်စကားလုံးများကို မြို့ချလိုက်သည်။ သူ့မျက်ဝန်းတွေထဲလဲ ရှုပ်ထွေးနေ၏။ "အလုပ်ထွက်မယ်? လစာ ကိစ္စကြောင့်လား?"

ဝမ်ယွီထုံ လက်ဝေ့ရမ်း ခေါင်းခါလိုက်ရင်း သူမရှေ့မှ အမျိုးသားကို တောက်ပသည့် အပြုံး ပြုံးပြလိုက်သည်။

"မဟုတ်ပါဘူးး အာ့ကိစ္စကြောင့် မဟုတ်ပါဘူး ကျွန်မ နိုင်ငံခြားတက္ကသိုလ်မှာ နောက်ထပ်သင်ယူလေ့လာဖို့ လျှောက်ထားတာ ဝင်ခွင့်ရသွားလို့ပါ။ နောက် တနင်္လာနေ့ ရှောင်ယွီကို ကျောင်းပို့ပြီးတာနဲ့ ကျွန်မ မြို့တော်အေ ကနေ ထွက်သွားတော့မှာပါ။ ခုမှ ပြောရတဲ့အတွက် တောင်းပန်ပါတယ်ရှင်"

ကျိုးကျီယွဲ့လည်း အချိန်တစ်ခုအကြာ ငြိမ်သက်သွားသည်။

အမျိုးသား၏ ပုံရိပ်သည် မီးရောင်မှိန်မှိန်အောက်တွင် အထီးကျန်သည့်ပုံပေါ်နေသည်။ သူ့မျက်နှာဝယ် မည်သည့် ခံစားချက်မျှ မပြသော်လည်း ဝမ်ယွီထုံကတော့ ထိုအမျိုးသားပတ်လည်တွင် မုန်တိုင်းမလာခင် မှုံမိုင်းနေသည့်ရာသီဥတုအလား ခံစားချက်ကို ရနေသည်။

စိတ်လှုပ်ရှားလာသည့် ဝမ်ယွီထုံသည် သူမအင်္ကျီစကို ဆုပ်ကိုင်ကာ တစ်ခုခုပြောရန်ပြင်လိုက်စဉ် ကျိုးကျီယွဲ့ ကခေါင်းငြိမ့်လာကာ တည်ငြိမ် လေးနက်သည့် အသံနက်ကြီးဖြင် ပြောလာသည်။

"ဒါဆိုလည်း ဆရာမဝမ် တောက်ပတဲ့ အနာဂတ်လေး ပိုင်ဆိုင်ပါစေ"

ဝမ်ယွီထုံ အသာအယာခေါင်ငြိမ့်လိုက်ရင်း " ဆုမွန်ကောင်းအတွက် ကျေးဇူးတင်ပါတယ် မစ္စတာကျိုး"

ဝမ်ယွီထုံ အခန်းထဲက လှည့်ထွက်လာလိုက်သည်နှင့် သူမမျက်ရည်တွေ စီးကျလာသည်။ မျက်ရည်၏ ငံကျိကျိ အရသာကို သူမ မြည်းလိုက်မိသည်။

ကျိုးကျီယွဲ့ တစ်ယောက် အခန်းထဲက ထွက်သွားသည့် သူမ နောက်ကျောကို ကြည့်ကာ အချိန်အတော်ကြာ ကျောက်ရုပ်တစ်ခုလို ငြိမ်သက်နေ၏။

ကျောင်းပိတ်ရက်အတွင်း ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ၏ သင်ခန်းစာ မှတ်စုများကို ပြင်ဆင်နေ၏။ သူမသည် ဘာသာရပ် တစ်ခုစီအလိုက် မှတ်စုစာအုပ်များကို ရေးပေးခဲ့သည်။ အနာဂတ်မှာ သူမ မရှိတော့လည်း ကျိုးရှောင်ယွီတစ်ယောက် သူမမှတ်စုများကို လေ့လာကာ သင်ယူမှုတွင် လွယ်ကူစေရန်ဖြစ်သည်။

တနင်္လာနေ့တွင်တော့ ကျိုးကျီယွဲ့နှင့်အတူ သူမ၏ မိတ်ဆွေဟောင်းကြီး ကျိုးရှောင်ယွီကို ပုံမှန်အတိုင်းကျောင်းလိုက်ပို့လေသည်။

ကလေးပြုစုစောင့်ရှောက်ရာတွင် အရေးပါသည့် အချက်တစ်ချက်ကို ဝမ်ယွီထုံမမေ့ခဲ့ပါ။ ကလေးမသိပဲ တိတ်တိတ်လေး ထွက်ခွာသွားတာမျိုး မလုပ်ရန်ဖြစ်သည်။

ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ရှောင်ယွီ ဆရာမ တစ်ခဏလောက် အဝေးသွာဦးမယ်"

ရှေ့ခုံမှာ ထိုင်နေသည့် ကျိုးကျီယွဲ့က ရှုပ်ထွေးသည့်အကြည့်တွေဖြင့် နောက်ကြည့်မှန်ကနေ သူတို့နှစ်ဦးကို ကြည့်နေသည်။

ကျိုးရှောင်ယွီ မျက်မှောင်ကြုံ့ရင်း "ဘာကို ဆိုလိုတာလဲ" ဟုမေးလိုက်သည်။

ဝမ်ယွီထုံ ပုခုံးတွန့်လိုက်ကာ ပြန်ဖြေသည်။ "မင်းဆရာမက ထူးချွန်နေတော့လဲ ဘယ်တတ်နိုင်မလဲ။ ပညာထပ်သင်ဖို့ နိုင်ငံခြားတက္ကသိုလ်တစ်ခုက ဝင်ခွင့်ရလာလို့လေ"

ကျိုးရှောင်ယွီ မျက်လုံးပြူးကျယ်လာကာ ဒေါသတကြီး ခေါင်းကို ခါရမ်းလိုက်သည်။ "ဘာပြောလိုက်တယ်?ဆရာမက ကျွန်တော်တို့အိမ်မှာ မနေတော့ဘူးလား?"

ဝမ်ယွီထုံ ပြုံးရင်း သူ့ပုခုံးကို ပုတ်လိုက်သည်။

"ဆရာမ မင်းအတွက် မှတ်စုစာအုပ်တစ်ချို့ ချန်ခဲ့တယ်။ မင်းရဲ့ စာကြည့်စားပွဲပေါ်မှာထားထားတယ်။ ကြည့်လိုက်ဦးနော်"

"ကျွန်တော် သဘောမတူဘူးး"

"အို့ ဘာလို့ကလေးဆန်နေတာလဲ? ဆရာမတို့ ပြန်မတွေ့ကြတော့မှာမှ မဟုတ်တာ။ ဆရာမက နိုင်ငံခြားမှာ ပညာဆက်သင်ရမှာ။ ဆရာမမှာလည်း ကိုယ့်ဘဝနဲ့ကိုယ် ရှိသေးတယ်လေ။ နောက် ပြန်လာရင်တော့ မင်းကို လာတွေ့ပါ့မယ်"

ကျိုးရှောင်ယွီ၏ လက်မောင်းသွေးကြောများ ဖောင်းကြွလာသည်။ ကျောင်းဂိတ်ပေါက်ရောက်သည်နှင့် ကားထဲကနေ ဒေါသတကြီး ထွက်ရင်း ပြောလိုက်သည်။

"ကျွန်တော် ဒီနေ့ထွက်တဲ့ လပတ်စာမေးပွဲရလဒ်သွားယူလိုက်ဦးမယ်! ကျွန်တော်ပြန်လာမှ ဆက်ပြောကြမယ်"

‌ကားပေါ်ကနေ ဒေါသတကြီး ဆင်းသွား၍ သူ့လွယ်အိတ်ပင် မေ့ခဲ့လေသည်။

ဝမ်ယွီထုံလည်း ကားပေါ်က လိုက်ဆင်းပြီး ကျောပိုးအိတ်လိုက်ပေးရန် ကားလမ်းကိုကူးကာ သွားလိုက်သည်။"ရှောင်ယွီ မင်းအိတ်..."

သူမ စကားမဆုံးခင်မှာပင် သူမ ခေါင်းထဲကနေ စနစ်၏ အော်သံကို ကြားလိုက်ရသည်။

စနစ် - " ပြေးးး!! ကားတစ်စီး အထိန်းအကွပ်မဲ့ မင်းဆီ အရှိန်နဲ့ တိုးလာနေတယ်"

ဝမ်ယွီထုံ အထိတ်တလန့် လှမ်းကြည့်လိုက်ရာ ကုန်ကားတစ်စီးသည် လမ်းပေါ်ကနေ သူမဆီ အရှိန်ဖြင့် လာနေသည်ကို မြင်လိုက်ရသည်။

ဝမ်ယွီထုံ လုံးဝ မရှောင်နိုင်တော့ပေ။

သူမ နည်းနည်းလေး စိတ်ညစ်သွားမိသည်။ ဒီလိုဖြစ်မယ်မှန်းသာ သိရင် ကျိုးရှောင်ယွီကို ကျောင်းလိုက်မပို့ပါဘူး။ ခုတော့ သူမ ထွက်သွားတာကို ကျိုးရှောင်ယွီမြင်လိုက်ရတာ ရှက်ဖို့ကောင်းလိုက်တာ။

သူမမျက်လုံးကိုအသာမှိတ်ရင် နောက်ဆုံးအခိုက်အတန့်ကို ငြိမ်သက်စွာ လက်ခံလိုက်သည်။

"မလုပ်နဲ့!!!"

တစ်ချိန်တည်းမှာပဲ ပုံရိပ်နှစ်ခုသည် ထိတ်ထိတ်ပျာပျာဖြင့် သူမရှိရာသို့ အမြန်ပြေးလာသည်။

ငွေရောင်ဆံပင်ကောင်လေးသည် အရိပ်ကဲ့သို့ အလွန်လျင်မြန်စွာပြေးလာသည်။

ထိုအခိုက်အတန့်လေးမှာပဲ သူက သူမကို အားဖြင့်တွန်းထုတ်လိုက်သည်။

သူမရှိရမည့် မူလနေရာမှာ ကျိုးရှောင်ယွီ ရပ်နေခဲ့သည်။ကားသည်လည်းအရှိန်ဖြင့် သူ့ဆီပြေးဝင်လာသည်။

ဝမ်ယွီထုံ ကျိုးရှောင်ယွီရှိရာသို့ သူမလက်တွေကို ဆန့်တန်းကာ မျက်ရည်တွေဖြင့် ရင်ကွဲလုမတတ်အော်ဟစ်လိုက်သည်။

"ရှောင်ယွီ!!!အရူးလေး!!"

သူမက သာမန်ကျူရှင်ဆရာမတစ်ဦးသာဖြစ်သော်လည်း သူ..ဘာ့ကြောင့် ဒီလိုလုပ်ရတာလဲ? ဒီလောက်ရူးမိုက်တဲ့သူကို သူမဘဝမှာ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

ကောင်လေး၏ အကြည့်တွေက ကြည်လင်နေသည်။ရှုပ်ထွေးမှု မရှိ။ ငယ်စဉ်အခါကလိုပဲ စပျစ်သီးလို ဝိုင်းစက်နေသည့် မျက်ဝန်းတစ်စုံက ကြည်လင်တောက်ပနေ၏။

ဝမ်ယွီထုံ အန္တရာယ်ကင်းကြောင်း သိလိုက်ရသည့်အခိုက်တွင် သူ၏ နှုတ်ခမ်းထောင့်များ မိမိုက်စွာ အပေါ်သို့ကွေးတက်သွားသည်။

ကားသည် ကျိုးရှောင်ယွီကို တိုက်မိလုဆဲဆဲ အခိုက်မှာပဲ....

ကမ္ဘာကြီးသည် ရုတ်တရက် ရပ်တန့်သွားသည်။လေတိုက်သံပင်မကြားရတော့ပါ။

မတူညီသည့် အီလက်ထရောနစ်အသံနှစ်ခု သူမခေါင်းထဲကနေကြားလိုက်ရသည်။

စနစ် - " တင်းး! စမ်းသပ်မှု ပြီးသည့်နောက် သင်၏ကံကောင်းမှုတန်ဖိုးသည် ၁၀၀%သို့ရောက်ရှိသွားပါပြီ"

[သတိပေးချက်! သတိပေးချက်!

ဤကမ္ဘာ၏အဓိကဇာတ်လိုက် အသက်အန္တရာယ်ကျရောက်နေပါပြီ။

ဤကမ္ဘာ၏ အဓိကဇာတ်လိုက် အသက်အန္တရာယ်ကျရောက်နေပါပြီ။]

[အလိုအလျောက်အကာအကွယ်စနစ် ချက်ချင်းအသက်သွင်းပါ]

[တင်းး!! အကာအကွယ်စနစ် အောင်မြင်စွာအသက်သွင်းပြီးပါပြီ]

[ကမ္ဘာကြီးသည် အသစ်ပြန်လည်စတင်နေပါပြီ...

ကမ္ဘာကြီးသည် အသစ်ပြန်လည်စတင်နေပါပြီ...

ကမ္ဘာကြီးသည် အသစ်ပြန်လည်စတင်နေပါပြီ...]

All Chapters