အခန်း (၈၆)
Vol. 7 Ch. 86
အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၈၆
တီချယ်ဆန်ဒီ ခန့်မှန်းခဲ့သည်မှာ မှန်ကန်လှပေသည်။ ပထမဆုံးနေ့ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း နောက်ရက်အနည်းငယ်မှာမူ အခက်ခဲဆုံး အချိန်များ ဖြစ်လာခဲ့သည်။
ကျိုးရှောင်ယွီသည် မနက်မိုးလင်းချိန်တွင် နိုးလာသည်နှင့် စတင်ငိုကြွေးတော့သည်သာမက ရှေ့တစ်ရက်ည အိပ်ရာမဝင်မီတုန်းကပင် အချိန်အတော်ကြာ ငိုယိုနေခဲ့ခြင်း ဖြစ်သည်။
"မူကြိုကျောင်း"၊ "ကျောင်း" နှင့် "စာဖတ်ခြင်း" စသည့် စကားလုံးများကို ကြားရုံမျှနှင့် သူ၏မျက်နှာ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး မျက်ရည်များမှာလည်း ချက်ချင်းပင် စီးကျလာတတ်သည်။ သူသည် ရှိုက်ကြီးတငင် ငိုကြွေးလေ့ရှိပြီး သူ၏ လည်ချောင်းမှာလည်း ငိုလွန်းသဖြင့် အသံဝင်သွားခဲ့ရသည်။
သူမအနေဖြင့် စိတ်မကောင်းဖြစ်ရသော်လည်း ဝမ်ယွီထုံသည် သူ့ကို မနက်တိုင်း ကျောင်းသို့ မရရအောင် ပို့ပေးခဲ့သည်။
ကျိုးရှောင်ယွီသည် ပထမပတ်၏ ရှုပ်ထွေးဆူညံမှုများကို ဖြတ်သန်းပြီးနောက် ဒုတိယပတ်သို့ ရောက်သောအခါတွင်မူ သူ၏ ကံကြမ္မာကို လုံးဝ လက်ခံလိုက်လေပြီ။ သူ၏ လှိုင်းတွန့် ဆံပင်လေးများမှာ အရောင်အဝါ မှိန်ဖျော့နေပြီး စိတ်ဓာတ်ကျနေပုံ ပေါက်နေခဲ့သည်။
ငိုလျှင်လည်း ဘာမှထူးမည်မဟုတ်ကြောင်း သူသိသွားသဖြင့် သူ၏ငိုသံမှာလည်း မကျယ်လောင်တော့ပေ။ သူ၏အမေမှာ ပုံမှန်အားဖြင့် နူးညံ့ပြီး စကားပြောရ လွယ်ကူသော်လည်း မူကြိုကျောင်းသွားရမည့် ကိစ္စနှင့် ပတ်သက်လာလျှင်မူ ဆွေးနွေးညှိနှိုင်း၍ မရနိုင်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
ဗုဒ္ဓဟူးနေ့မနက် မူကြိုကျောင်းသို့ ရောက်ရှိပြီးနောက်တွင်မူ ကျိုးရှောင်ယွီသည် မူကြိုကျောင်း၏ စည်းချက်အတိုင်း လိမ္မာပါးနပ်စွာ စတင်လိုက်နာခဲ့သည်။
သူ၏ စားပွဲဖော်များဖြစ်ကြသော ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့သည်လည်း သူ့ကဲ့သို့ပင် ဤကာလအတွင်း စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုများကို ကြုံတွေ့ခဲ့ကြရပြီး ယခုအခါတွင်မူ အတန်းထဲတွင် တည်ငြိမ်စွာ ထိုင်နိုင်နေကြပြီ ဖြစ်သည်။
မူကြိုတန်း စတင်တက်ရောက်စဥ်တွင်မူ အခြေခံအားဖြင့် စာပေပညာရပ်ဆိုင်ရာ သင်ကြားမှုများ မရှိသေးပေ။ အဖွဲ့အစည်းအတွင်း အသားကျစေရန် ကူညီပေးသည့် လှုပ်ရှားမှုများ၊ ပန်းချီအတန်းများနှင့် စိတ်ဝင်စားဖွယ်ရာ ကစားနည်းများသာ ရှိခဲ့သည်။
ယနေ့၏ ပန်းချီအတန်းမှာမူ ရွှံ့စေးဖြင့် ဆော့ကစားခြင်း ဖြစ်သည်။
ဆရာမ - "ကလေးတို့ရေ၊ ဒိုးနပ် ကြိုက်ကြလား။"
အတန်းထဲတွင် ကလေးများ၏ အသံလေးများဖြင့် ပြည့်နှက်သွားခဲ့သည်။ "ကြိုက်ပါတယ်~"
ဆရာမ - "ဒါဆို ဒီနေ့ တို့တွေ ဒိုးနပ်လေးတွေ လုပ်ကြမလား။ ဒိုးနပ်မှာ ချောကလက်၊ နို့၊ စတော်ဘယ်ရီ စသဖြင့် အရသာတွေ အများကြီးရှိတယ်လေ။ သားတို့ သမီးတို့ ကြိုက်တဲ့ အရသာကို လုပ်လို့ရတယ်နော်။"
ကလေးများ - "ဟုတ်ကဲ့ပါ။"
ဆရာမ - "ဒိုးနပ်လေးတွေ လုပ်ပြီးသွားရင် တီချယ်က စက္ကူအိတ်လေးတွေထဲ ထည့်ပေးမယ်နော်။ အဲ့ဒါကို ပါးပါးနဲ့ မားမားတို့ကို ကျွေးဖို့ အိမ်ပြန်ယူသွားလို့ ရတယ်နော်။"
ကျိုးရှောင်ယွီ၏ မျက်ဝန်းများမှာ ချက်ချင်း တောက်ပသွားခဲ့သည်။ ဒါက သူ့မိဘတွေအတွက် ဖြစ်နေတာကိုး။ သူ သေချာလေး လုပ်ရမည်ဟု တွေးလိုက်သည်။
ချန်နိုင်က ပြုံးစိစိလုပ်ကာ သွားရည်များပင် ယိုကျလာခဲ့သည်။ "ဟေး၊ မင်းတို့ရော ဘယ်လိုအရောင် ဒိုးနပ်မျိုးကို ကြိုက်ကြလဲ။"
ခုန်းဟန်ရွေ့က သူ၏မျက်မှန်ကို အသာအယာ ပြင်တပ်လိုက်သည်။ "ငါကတော့ အစိမ်းရောင် မတ်ချာ အရသာကို ကြိုက်တယ်။ မေမေနဲ့ ဖေဖေလည်း အဲ့ဒါကို ကြိုက်ကြတယ်။"
ကျိုးရှောင်ယွီက သူ၏ခေါင်းကို ကုတ်ပြီး ပြောလိုက်သည်။ "ငါကတော့ ပန်းရောင် စတော်ဘယ်ရီအရသာကို ကြိုက်တာ၊ ဒါပေမယ့် မေမေကတော့ ချောကလက်အရသာကို ကြိုက်တယ်။"
ချန်နိုင် - "ဒါဆို မင်းရဲ့ ဖေဖေရော။"
ကျိုးရှောင်ယွီက ခေါင်းခါပြလိုက်သည်။ "သူက ဒိုးနပ် မကြိုက်ဘူး။ ဒိုးနပ်က အရသာ အရမ်းဆိုးတယ်လို့ ပြောတယ်။"
ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့မှာ အံ့သြသွားကြသည်။ "အိုးးးး..." ဒိုးနပ် မကြိုက်တဲ့ လူတွေလည်း ရှိတာပဲဟု တွေးမိသွားကြသည်။
ပထမဆုံး ရွှံ့စေးအတန်းတွင်မူ ကလေးအားလုံးမှာ လိမ်ဖည်ပြီး ထူးဆန်းသော ပုံစံများကိုသာ လုပ်ခဲ့ကြသည်။ ဆရာမ အချို့က ရောက်ရှိလာပြီး ကလေးများကို တစ်ယောက်ချင်းစီ လမ်းညွှန်ပေးကာ စာသင်နှစ်သစ်၏ ပထမဆုံး လက်ရာလေးကို ပြီးမြောက်အောင် ကူညီပေးခဲ့ကြသည်။
ကျိုးရှောင်ယွီမှာ အလွန်ပင် တည်ကြည်အေးဆေးပြီး အာရုံစူးစိုက်နေခဲ့ကာ သူ၏လက်ထဲမှ ချောကလက်ဒိုးနပ်ကို ပြီးမြောက်အောင် ကြိုးစားနေခဲ့သော်လည်း သိသိသာသာပင် ကျရှုံးခဲ့ပြီး အနက်ရောင် ပန်ကိတ်ကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။
သူသည် နှုတ်ခမ်းစူလိုက်ပြီး သူ၏ မအောင်မြင်သော လက်ရာလေးကို ဟိုဟိုဒီဒီပြင်ဆင်ရင်း စိတ်ဓာတ်ကျနေခဲ့သည်။
ဆရာမက အနားသို့ ရောက်လာပြီး ပြောခဲ့သည်။ "ရှောင်ယွီလေး၊ တို့တွေ ဒီလိုလေး လုပ်ရမှာလေ။"
ဆရာမသည် ကျိုးရှောင်ယွီ၏ လက်ကလေးကို ကိုင်ကာ အတူတူ ဒိုးနပ်လုပ်ခဲ့ကြသည်။ "သားက ချောကလက်အရသာကို အကြိုက်ဆုံးလား။"
ကျိုးရှောင်ယွီက ခေါင်းခါပြလိုက်သည်။ "ကျွန်တော်က စတော်ဘယ်ရီအရသာကို ကြိုက်တာပါ။"
ဆရာမ မေးလိုက်သည်။ "အို... ဒါဆို ဘာလို့ ပန်းရောင်လေး မလုပ်တာလဲ။"
ကျိုးရှောင်ယွီသည် သူ၏ လှိုင်းတွန့်ဆံပင်လေးများကို ခါယမ်းလိုက်ပြီး ပြုံးပြလိုက်သည်။ "မေမေက ချောကလက်ကို ကြိုက်လို့ပါ။"
ဆရာမမှာ အနည်းငယ် အံ့သြသွားခဲ့ရသည်။ ဒိုးနပ်များကို မိဘများအတွက် လုပ်ခြင်းဖြစ်သည်ဟု ပြောခဲ့သော်လည်း ကျိုးရှောင်ယွီသည် အတန်းထဲတွင် သူကိုယ်တိုင်ကြိုက်သော အရသာကို မလုပ်ဘဲ သူ၏အမေ ကြိုက်နှစ်သက်သော အရသာကို လုပ်သည့် တစ်ဦးတည်းသော ကလေး ဖြစ်နေသောကြောင့် ဖြစ်သည်။
ဆရာမ၏ လမ်းညွှန်မှုအောက်တွင်မူ ကျိုးရှောင်ယွီသည် နောက်ဆုံး၌ ဤ ချောကလက်ဒိုးနပ်လေးကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့သည်။ သူသည် ၎င်းပေါ်တွင် ရောင်စုံ ချောကလက်အမှုန် အချို့ကိုလည်း ဖြူးထားသဖြင့် အလွန်ပင် အသက်ဝင်ပုံပေါက်နေခဲ့သည်။
ထိုနေ့ ကျောင်းဆင်းချိန်တွင်မူ ဝမ်ယွီထုံသည် ကျိုးရှောင်ယွီထံမှ စက္ကူအိတ်လေးတစ်ခုကို ရရှိခဲ့သည်။
သူသည် စိတ်လှုပ်ရှားစွာဖြင့် ထိုစက္ကူအိတ်လေးကို ဝမ်ယွီထုံ၏ လက်ထဲသို့ အတင်းထည့်ပေးခဲ့သည်။
ကလေးငယ်မှာ သူ၏ ကျောင်းလွယ်အိတ်လေးကို လွယ်ထားလျက် ခုန်ပေါက်ကာ ပြောခဲ့သည်။ "မေမေ၊ မေမေ။ ဒါက မေမေ့အတွက် လက်ဆောင်။"
ဝမ်ယွီထုံ ပြုံးလိုက်သည်။ "အို့... မေမေ့ကို ဘာလက်ဆောင်လေး ပေးတာလဲ။"
ကျိုးရှောင်ယွီ၏ မျက်နှာလေးမှာ နီမြန်းသွားခဲ့သည်။ "အရသာရှိတဲ့ ဒိုးနပ်လေးပါ။"
ဝမ်ယွီထုံသည် စက္ကူအိတ်ကို ဖွင့်လိုက်ပြီး အတွင်းမှ ဒိုးနပ်လေးကို ထုတ်ယူလိုက်သည်။ သူမသည် အတိုင်းအထက်အလွန် အံ့သြသွားခဲ့ရသည်။ ကျိုးရှောင်ယွီသည် ကျောင်းစတက်ပြီး မကြာမီမှာပင် ဤမျှအထိ တိုးတက်လာလိမ့်မည်ဟု သူမ တကယ်ပင် မထင်မှတ်ထားခဲ့ပေ။
"ကျေးဇူးတင်ပါတယ် ရှောင်ယွီလေးရယ်။ သားလုပ်ထားတဲ့ ဒိုးနပ်လေးက အရမ်းလှတာပဲ။ မေမေ တကယ်ကို သဘောကျတယ်။ ကျေးဇူးပါနော်။"
ကျိုးရှောင်ယွီက သွားလေးတွေပေါ်အောင် ပြုံးလိုက်သည်။ "မေမေ၊ တစ်ကိုက်လောက် ကိုက်ကြည့်ပါဦး။ တစ်ကိုက်လောက် စားကြည့်ပါ၊ အရမ်းစားကောင်းတယ်။"
ဝမ်ယွီထုံက တစ်ကိုက်စားလိုက်သလို ဟန်ဆောင်ပြီး ပြောလိုက်သည်။ "ဝိုး... တကယ်ကို စားကောင်းတာပဲ။ မေမေကတော့ အကုန်မစားရက်တော့ဘူး၊ တို့တွေ အိမ်ရောက်ရင် သိမ်းထားကြမလား။"
ကျိုးရှောင်ယွီက သူ၏လက်ကို မြှောက်ပြီး ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ။"
ဒါကတော့ ကလေးလေး မူကြိုကျောင်းစတက်ကတည်းက ပထမဆုံးသော လက်ရာလေးဖြစ်ပြီး ဝမ်ယွီထုံသည် ၎င်းကို ကလေးအခန်းရှိ စာအုပ်စင်၏ ထိပ်ဆုံးတွင် ဂရုတစိုက် သိမ်းဆည်းထားခဲ့သည်။
လွန်ခဲ့သော တစ်နှစ်ကတည်းကပင် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ၏ ကလေးအခန်းကို မူကြိုကျောင်းသားများနှင့် ပိုကိုက်ညီသော အခန်းတစ်ခုအဖြစ် ပြုပြင်မွမ်းမံပေးခဲ့သည်။ အလှဆင်မှုများနှင့် ပရိဘောဂ စတိုင်လ်အားလုံးမှာလည်း ကျိုးရှောင်ယွီ၏ စိတ်ကြိုက်အတိုင်း ဖြစ်သဖြင့် ၎င်းမှာ သူကိုယ်တိုင်၏ ကမ္ဘာငယ်လေးတစ်ခု ဖြစ်လာခဲ့သည်။
ကျိုးရှောင်ယွီသည် သူ၏မိဘများနှင့်အတူ အိပ်စက်ရန် မကြာခဏ တွယ်ကပ်နေဆဲဖြစ်သော်လည်း ဝမ်ယွီထုံက သူ့ကို သူ၏ကိုယ်ပိုင်အခန်းတွင် အိပ်စက်ရန် အမြဲတစေ တိုက်တွန်းအားပေးခဲ့သည်။ ထိုကလေးမှာ ငိုယိုပြီး အိပ်ရန် ငြင်းဆန်နေဆဲဖြစ်သော်လည်း သူငယ်စဉ်ကထက်စာလျှင် ပို၍ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိလာခဲ့ပြီး နေ့စဉ်နှင့်အမျှ တိုးတက်မှုများ ရှိလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မူကြိုကျောင်းတက်ခဲ့သည်မှာ တစ်လကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ကျိုးရှောင်ယွီသည် မူကြိုကျောင်းဘဝနှင့် လုံးဝ အသားကျသွားခဲ့ပြီ ဖြစ်သည်။ သူသည် မနက်ပိုင်း ကျောင်းပို့သည့်အခါမျိုးတွင် မငိုတော့ဘဲ မူကြိုကျောင်းရှိ အခြားသော ကလေးများကို အာရုံစိုက်လာခဲ့သည်။
ထိုနေ့ ကျောင်းဆင်းချိန်တွင်မူ ကျိုးရှောင်ယွီသည် စိတ်ဓာတ်ကျနေသော အမူအရာဖြင့် ကား၏နောက်ခန်းတွင် ထိုင်နေခဲ့ပြီး သူ၏ နှုတ်ခမ်းလေးမှာလည်း စူပုတ်နေခဲ့သည်။
ဝမ်ယွီထုံနှင့် အလုပ်စောစောဆင်းလာသော ကျိုးကျီယွဲ့တို့က သူ့ကို အတူတူ လာကြိုခဲ့ကြသည်။ ပုံမှန်အားဖြင့် ထိုကလေးငယ်မှာ ကျောင်းဆင်းချိန်တိုင်း ပျော်ရွှင်နေတတ်သော်လည်း ယနေ့တစ်နေ့တည်းတွင်သာ ထိုကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
"ဘာဖြစ်လို့လဲ။ တို့တွေရဲ့ ရှောင်ယွီလေး ဒီနေ့ စိတ်အဆင်မပြေဘူးလား။"
ကျိုးရှောင်ယွီသည် သူ၏ခါးကို သူ၏လက်များဖြင့် ထောက်လိုက်ပြီး "ဟွန်း... ချန်နိုင်နဲ့ ခုန်းဟန်ရွေ့တို့မှာကြတော့ ဂါချာပွန် ရှိပြီးတော့ သားမှာကြတော့ ဘာလို့မရှိတာလဲ။"
သူ ပြောပြီးသွားသောအခါတွင်မူ ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့ ခဏတာမျှ မှင်သက်သွားခဲ့ကြသည်။
ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့သည် မူကြိုကျောင်းကတည်းကပင် ကျိုးရှောင်ယွီနှင့် အတန်းတစ်ခုတည်း ဖြစ်နေခဲ့ကြလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
ဝမ်ယွီထုံမှာ အလွန်ပင် စပ်စုချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ သူမသည် ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့ ငယ်စဉ်က မည်သို့သော ပုံစံမျိုး ရှိကြသည်ကို ကြည့်ရှုချင်ခဲ့သည်။ သူတို့ရော မိုက်မဲပုံပေါက်နေကြမလားဟု သူမ တွေးနေခဲ့သည်။
ကျိုးကျီယွဲ့၏ မျက်ဝန်းများမှာ မှေးမှိန်သွားခဲ့သည်။ သူသည် သူ၏ယခင်ဘဝက ကျိုးရှောင်ယွီ ကြီးပြင်းလာမှု၏ အခိုက်အတန့်များစွာကို လွဲချော်ခဲ့ရလိမ့်မည်ဟု တကယ်ပင် မထင်မှတ်ထားခဲ့ပေ။ သူ၏ သူငယ်ချင်းနှစ်ဦးမှာ မူကြိုကျောင်းကတည်းကပင် အချင်းချင်း သိကျွမ်းနေခဲ့ကြသည်ကိုပင် သူ မသိခဲ့ပေ။
ဝမ်ယွီထုံက တကယ်ပင် နားမလည်နိုင်ခဲ့ပေ။ "ဂါချာပွန်က ဘာများ ထူးထူးခြားခြား ပျော်စရာရှိလို့တုန်း။"
ကျိုးရှောင်ယွီသည် ချက်ချင်းပင် သူ၏ ပါးပြင်များကို ဖောင်းကားလိုက်ပြီး မပျော်မရွှင် ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။ "ပျော်စရာကောင်းကောင်း မကောင်းကောင်း၊ သားလည်း ဝယ်ချင်တယ်။ မနက်ဖြန် ကျောင်းကို ယူသွားချင်တယ်။"
ထိုကလေးမှာ လမ်းတစ်လျှောက်လုံးတွင် တတွတ်တွတ် ပြောဆိုနေခဲ့သဖြင့် ဇနီးမောင်နှံနှစ်ဦးမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ အနီးဆုံးရှိ ဟွာရီပလာဇာသို့ ကားမောင်းသွားကာ ဥလှည့်အရုပ်များကို ဝယ်ယူပေးခဲ့ကြရသည်။
သူမသည် သူမ၏ ပထမဆုံးသော မိဘနှင့်ကလေး အပန်းဖြေဥယျာဉ်ကို လှမ်းကြည့်လိုက်သည်။ စနေ၊ တနင်္ဂနွေ မဟုတ်သော်လည်း ထိုဥယျာဉ်လေးမှာ အနီးနားရှိ မိဘများက သူတို့၏ ကလေးများကို ညစာကျွေးရန် ခေါ်ဆောင်လာကြသဖြင့် စည်ကားနေဆဲ ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်းတွင်မူ ဝမ်ယွီထုံသည် မြို့အေတွင် အလားတူ အရွယ်အစားရှိသော အကြီးစား မိဘနှင့်ကလေး အပန်းဖြေဥယျာဉ် ၃ ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။ ကုမ္ပဏီ၏ အဖွဲ့ဝင်များမှာလည်း လူအနည်းငယ်မှသည် ဒါဇင်နှင့်ချီသော လူများအထိ တိုးချဲ့လာခဲ့ပြီး မြို့အေရှိ အပန်းဖြေဥယျာဉ် လုပ်ငန်းကဏ္ဍတွင် ဦးဆောင်သူတစ်ဦး ဖြစ်လာခဲ့သည်။ ယခုအခါ ကျိုးရှောင်ယွီမှာ မူကြိုကျောင်းသို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူမတွင် နေ့ခင်းဘက်၌ အားလပ်ချိန်များစွာ ရှိနေသောကြောင့် သူမသည် အိမ်နီးချင်းမြို့ဆီသို့ မျက်စိကျလာခဲ့သည်။
သူမသည် လာမည့်အပတ်တွင် အနီးနားရှိ မြို့သို့သွားရောက်ကာ ဆိုင်ခန်းများနှင့် အပန်းဖြေဥယျာဉ်များ၏ ဈေးကွက်အခြေအနေကို စစ်ဆေးရန် စီစဉ်ထားပြီး ဖြစ်သည်။
ကျိုးရှောင်ယွီသည် သူ၏မိဘများကို ဧရာမ ဥလှည့်အရုပ်စက်ကြီးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုကလေးမှာ ကျိုးကျီယွဲ့၏ အဝတ်အစားများကို ဆွဲကိုင်ကာ ပြောခဲ့သည်။ "သား ဥလှည့်အရုပ်တွေ လိုချင်တယ်။ အများကြီး၊ အများကြီး လိုချင်တယ်။"
ရိုးရိုးသားသား ပြောရလျှင် ဝမ်ယွီထုံသည် ဒါက ပိုက်ဆံဖြုန်းတီးရာ ရောက်သည်ဟု ခံစားရသဖြင့် သူ့ကို ထပ်၍ ဖျောင်းဖျချင်ခဲ့မိသည်။
ကျိုးရှောင်ယွီက မျက်မှောင်ကြုတ်လိုက်ပြီး အသံကို ဆွဲကာ ပြောလိုက်သည်။ "သား ချန်နိုင်နဲ့ ခုန်းဟန်ရွေ့တို့ထက် ပိုများချင်တာ။ သား အခု နှစ်ဆယ် လိုချင်တယ်။"
ကျိုးကျီယွဲ့ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ။"
ဝမ်ယွီထုံမှာ အနည်းငယ် အံ့သြသွားခဲ့ရသည်။ သူမသည် ထိုအမျိုးသား၏ ရှုပ်ထွေးနေသော မျက်ဝန်းများကို တွေ့မြင်လိုက်ရပြီး သူသည် ဘာမှမပြောဘဲ ကျိုးရှောင်ယွီကို ဥလှည့်ပေးရန် ကူညီပေးနေခဲ့သည်မှာ တစ်စုံတစ်ခုကို အကြွေးတင်နေသည့်အလား ဖြစ်နေခဲ့သည်။
ကျိုးရှောင်ယွီမှာ အမှန်တကယ်တွင်မူ ဂဏန်းသင်္ချာ နားမလည်သေးပေ။ သူက "နှစ်ဆယ်" ဟု ပြောလိုက်သောအခါတွင်မူ ဥလှည့်အရုပ် မည်မျှအထိ များပြားသည်ကို သူ မသိရှိခဲ့ပေ။
ကျိုးရှောင်ယွီသည် သူ၏ဖခင်က သူ့ကို ဂါချာပွန် အိတ်ကြီးတစ်အိတ် ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် အလွန်ပင် ပျော်ရွှင်သွားခဲ့ပြီး ကျိုးကျီယွဲ့၏ ခြေထောက်များကို ဖက်ကာ ပြောလိုက်သည်။"ဖေဖေ၊ ဖေဖေ၊ သားမှာ ဂါချာပွန်တွေ ရပြီ။"
ကျိုးကျီယွဲ့က သူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "မနက်ဖြန်ကြရင် မူကြိုကျောင်းကို ယူသွားလို့ ရတာပေါ့။"
"ဟုတ်တယ်။ သားမှာ ဂါချာပွန်တွေ အများကြီးရှိတယ်။ ချန်နိုင်နဲ့ ခုန်းဟန်ရွေ့တို့ထက် ပိုများတယ်။ ယေး ယေး။"
ဝမ်ယွီထုံသည် မူလကမူ ကျိုးကျီယွဲ့၏ အလိုလိုက်လွန်းသော အပြုအမူကို သဘောမတူခဲ့သော်လည်း ကျိုးရှောင်ယွီ ဤမျှအထိ ပျော်ရွှင်နေသည်ကို မြင်သောအခါတွင်မူ နောက်ဆုံး၌ ဘာမှမပြောတော့ဘဲ သူမ၏မျက်နှာတွင်လည်း ဖျော့တော့သော အပြုံးလေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
နောက်တစ်နေ့တွင်မူ ကျိုးရှောင်ယွီသည် သူ၏ ဥလှည့်အရုပ် နှစ်ဆယ်ကို ကျောင်းသို့ ယူဆောင်သွားခဲ့ရာ အတန်းထဲရှိ ကလေးအားလုံးမှာ အားကျနေခဲ့ကြသည်။
ယခုတစ်ကြိမ်တွင်မူ ချန်နိုင် တစ်ယောက် မနာလိုဖြစ်ရမည့် အလှည့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူသည် ကျိုးရှောင်ယွီ၏ ဂါချာပွန်များကို မကျေမနပ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "မင်းမှာက အများကြီးပဲ၊ ငါ့မှာကြတော့ နှစ်ခုပဲ ရှိတယ်..."
ခုန်းဟန်ရွေ့မှာမူ အလွန်အမင်း မနာလိုမဖြစ်သော်လည်း အံ့အားသင့်သွားခဲ့သည်။ "မင်းရဲ့ မိဘတွေက အရမ်းသဘောကောင်းတာပဲ။ မင်းအတွက် အများကြီး ဝယ်ပေးထားတာပဲ။"
အခြားသော ကလေးများစွာမှာလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြပြီး ကျိုးရှောင်ယွီကို စတင်စကားပြောကာ သူငယ်ချင်းဖွဲ့ရန် ကြိုးစားခဲ့ကြသည်။
ကျိုးရှောင်ယွီသည် ရှက်ကိုးရှက်ကန်းဖြင့် သူ၏ နှုတ်ခမ်းများကို စေ့ထားလိုက်ပြီး သူ၏ လက်ကလေးများကို ဝှက်ထားလျက် ပြောလိုက်သည်။ "ဒါတွေက ငါ့ဖေဖေ ဝယ်ပေးတာလေ။ သူက အိမ်မှာ ဥလှည့်အရုပ်စက် အကြီးကြီးတစ်လုံး ဝယ်ထားချင်တယ်လို့တောင် ပြောသေးတယ်။"
အတန်းတစ်ခုလုံး - "ဝိုးးးး"
ကျိုးရှောင်ယွီသည် လူအများ၏ အားကျသော အကြည့်များကို သဘောကျနေခဲ့ပြီး သူ၏ လှိုင်းတွန့်ဆံပင်လေးများ၏ အရောင်အဝါမှာလည်း အနည်းငယ် တောက်ပလာခဲ့သည်။ "မင်းတို့တွေ ငါ့အိမ်ကို လာလည်လို့ ရတယ်လေ။"
အတန်းတစ်ခုလုံး - "မိုက်တယ်။ ရှောင်ယွီ၊ မင်းက တကယ်ကို သဘောကောင်းတာပဲ။ မင်းကို ငါတို့ အရမ်းချစ်သွားပြီ။"
ကျိုးရှောင်ယွီသည် ထိုချီးမွမ်းစကားများကြောင့် အလွန်ပင် ပျော်ရွှင်သွားခဲ့သဖြင့် ရက်ရောစွာ ပြောလိုက်သည်။ "ငါ ဒါတွေကို မင်းတို့ ဆော့ဖို့ ပေးမယ်လေ။"
အတန်းတစ်ခုလုံးရှိ ကလေးများမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြတော့သည်။
ဆရာမ - "..."
ကျိုးရှောင်ယွီသည် သူ၏ ဥလှည့်အရုပ် နှစ်ဆယ်ကို အတန်းထဲရှိ အခြားသော ကလေး ၁၅ ဦးထံသို့ ရက်ရောစွာ ဖြန့်ဝေပေးခဲ့ပြီး သူ့အတွက်မူ ငါးခုသာ ချန်ထားခဲ့သည်။
အိမ်သို့ ပြန်ရောက်ရှိလာသောအခါ ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့ နှစ်ဦးစလုံးက သူ၏ ရက်ရောမှုကို ချီးမွမ်းခဲ့ကြသည်။
ကျိုးရှောင်ယွီသည် ယနေ့တွင် သူ၏ အတန်းဖော်များရှေ့၌ သူကြွားလုံးထုတ်ခဲ့သည်ကို သတိရသွားခဲ့သည်။ "ဖေဖေ။ ပြီးခဲ့တဲ့တစ်ခေါက်က ဖေဖေ ပြောခဲ့တယ်မဟုတ်လား၊ သားတို့အိမ်အတွက် ဥလှည့်အရုပ်စက် အကြီးကြီးတစ်လုံး ဝယ်ပေးမယ်ဆိုတာလေ။"
ဝမ်ယွီထုံကမူ ကျိုးကျီယွဲ့က ဟာသလုပ်နေခြင်းဖြစ်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ကျိုးကျီယွဲ့က တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြခဲ့သည်။ "ဟုတ်တာပေါ့။"
ထိုကလေးမှာ နားရွက်တက်ချိတ်မတတ် ပြုံးလိုက်လေသည်။ "ယေး။ သားကတော့ တစ်တန်းလုံးကို သားတို့အိမ်မှာ ဂါချာပွန် လာလှည့်ဖို့ ဖိတ်ဦးမှာ။"
ကျိုးကျီယွဲ့က သူ့ကို ဖျော့တော့သော အပြုံးလေးဖြင့် ကြည့်လိုက်သည်။ "ကောင်းပါပြီ။"
ဝမ်ယွီထုံ - "..." ကြည့်ရတာ အလွန်ပင် ရှက်စရာကောင်းလှသဖြင့် သူတို့ဘာသာ သူတို့ လုပ်ချင်ရာ လုပ်ပါစေတော့ဟုသာ လွှတ်ထားလိုက်တော့သည်။
တစ်ပတ်အကြာတွင်မူ ကျိုးရှောင်ယွီအနေဖြင့် သူ၏ အတန်းတစ်ခုလုံးကို အိမ်သို့ ဖိတ်ခေါ်ရန် အချိန်မရမီမှာပင် ဝမ်ယွီထုံသည် အိမ်နီးချင်းမြို့သို့ အလုပ်ကိစ္စဖြင့် ခရီးထွက်ခဲ့ရသည်။
သူမသည် သန့်ပြန့်လှပသော အညိုရောင် ဝတ်စုံနှင့် စကတ်ကို ဝတ်ဆင်ထားခဲ့သည်။ သူမသည် ကျိုးရှောင်ယွီ၏ နဖူးကို နမ်းလိုက်သည်။ "မေမေ ဒီနေ့ အလုပ်ကိစ္စနဲ့ ခရီးသွားရမယ်၊ ဗုဒ္ဓဟူးနေ့မှ ပြန်လာမယ်နော်။ သားက ဖေဖေ၊ အိမ်တော်ထိန်းစန်နဲ့ တခြား ဒေါ်ဒေါ်တွေနဲ့ အတူတူ ဆော့နေနော်။"
ကျိုးရှောင်ယွီသည် အနည်းငယ် တွန့်ဆုတ်နေခဲ့သော်လည်း ယခုအခါတွင်မူ ပို၍ နားလည်တတ်လာခဲ့ပြီး ခေါင်းညိတ်ပြခဲ့သည်။ "တာ့တာပါ မေမေ။ သား လက်ဆောင် လိုချင်တယ်နော်။"
ဝမ်ယွီထုံ ပြုံးလိုက်သည်။ "မေမေ ခရီးကနေ ပြန်လာရင် လက်ဆောင် ဝယ်လာခဲ့မယ်နော်။"
ကျိုးကျီယွဲ့သည်လည်း ရှေ့သို့ တိုးလာပြီး သူမ၏ ပါးကို နမ်းလိုက်ကာ သူ၏မျက်ဝန်းများတွင်မူ တွန့်ဆုတ်နေသော အမူအရာများ ရှိနေခဲ့သည်။ "စောစော ပြန်လာခဲ့နော်။"
"ဟုတ်ပါပြီ။ တာ့တာနော်။"
ဝမ်ယွီထုံသည် ထိုအမျိုးသားနှင့် ကလေးကို နှုတ်ဆက်ပြီး ကားပေါ်သို့ တက်ခဲ့သည်။
သူမသည် ကားပြတင်းပေါက်မှတစ်ဆင့် ပို၍ ဝေးကွာသွားသော ပုံရိပ်နှစ်ခုကို လှမ်းကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းတွင်လည်း အပြုံးလေးတစ်ခု ရှိနေခဲ့သည်။
သို့သော်လည်း သူမ ခရီးမှ ပြန်လည်ရောက်ရှိလာသည့် နေ့တွင်မူ ကျိုးရှောင်ယွီသည် မူကြိုကျောင်းတစ်ခုလုံး၊ တစ်နယ်လုံးနှင့် အေမြို့ တစ်ခုလုံးတွင်ပင် ရေပန်းအစားဆုံး အကြောင်းအရာတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။