← Chapters

အခန်း (၉၀)

Vol. 7 Ch. 90

အခန်း (၉၀)

Vol. 7 Ch. 90

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

အပိုင်း ၉၀

စနေနေ့သည် ဂါချာပွန် ပါတီ ကျင်းပသည့်နေ့ ဖြစ်သည်။

မွန်းလွဲ သုံးနာရီအချိန်တွင် မူကြိုကျောင်းမှ ကလေးငယ်များသည် ကျိုးအိမ်တော်သို့ တစ်သုတ်ပြီးတစ်သုတ် ဆက်တိုက် ရောက်ရှိလာကြသည်။

ဧည့်ခန်း၏ အထင်ရှားဆုံးသောနေရာတွင် ကျိုးကျီယွဲ့က ဧရာမ ဂါချာပွန် စက်ကြီးတစ်လုံးကို အထူးတလည် တပ်ဆင်ပေးထားသည်။ စက်အတွင်းရှိ အရုပ်လုံးလေးများမှာ အတော်လေးကြီးမားသည့်အပြင် တန်ဖိုးကြီးလှသော အထူးလက်ဆောင်များလည်း ပါဝင်နေသည်။ ထို့ပြင် ကလေးတိုင်းသည်လည်း လက်ဆောင်တစ်ခုစီကို အလွယ်တကူပင် ကံထူးနိုင်ကြသည်။

ယင်း ဂါချာပွန်စက်အပြင် ဝမ်ယွီထုံကလည်း ကလေးငယ်များအတွက် လက်ရာမြောက်လှသော နေ့လယ်စာစားပွဲ၊ ကာတွန်းကားများနှင့် ကလေးကစားနည်းများကို စနစ်တကျ စီစဉ်ပေးထားသည်။

မူကြိုကျောင်းသားလေးများသည် ကျိုးရှောင်ယွီအနားတွင် ဝိုင်းအုံနေကြပြီး သူတို့၏မျက်လုံးလေးများမှာလည်း ကောင်းကင်မှကြယ်ပွင့်များအလား ဝင်းလက်တောက်ပနေကြသည်။

"ရှောင်ယွီ နင့်အိမ်ကြီးက အကြီးကြီးပဲနော်၊ အရမ်းလည်း ခမ်းနားတာပဲ။"

"ကျောင်းသား ရှောင်ယွီ နင့်မိဘတွေက တကယ်ကို သဘောကောင်းတာပဲ။"

"ကျောင်းသား ရှောင်ယွီ နင်က ပါရမီရှင်ဆိုတာ ငါကြားတယ်၊ ငါ့ကိုလည်း စာသင်ပေးလို့ ရမလား။"

…

ကျိုးရှောင်ယွီကမူ သူ၏ခြေတိုတိုလေးနှစ်ဖက်ကို စားပွဲပေါ်တင်ကာ အေးအေးလူလူပင် လှုပ်ခါနေသည်။

သူသည် ကလေးများကို ဂရုမစိုက်ဟန်ဖြင့် လက်ကာပြနေသော်လည်း စိတ်ထဲတွင်မူ တိတ်တဆိတ် ပျော်ရွှင်နေမိသည်မှာ အမှန်ပင်။

အသက် ၁၅ နှစ်အရွယ် ကျောင်း၏လူမိုက်ကြီး ကျိုးရှောင်ယွီသည် လူတကာ၏ အားကျလေးစားမှုကို ခံရခြင်းအား အမှန်တကယ် သဘောကျနှစ်ခြိုက်နေသည်ဆိုသည်ကို မည်သူမျှ မသိရှိနိုင်ကြပေ။

လူအများ၏ အာရုံစိုက်ခြင်းကို ခံရသည့်အခါတိုင်း ဂရုမစိုက်သလို ဟန်ဆောင်နေသော်လည်း သူ၏ဂုဏ်ယူဝင့်ကြွားမှုကမူ ကောင်းကင်သို့ပင် ထိလုမတတ် ရှိနေခဲ့ပြီဖြစ်သည်။

တစ်ခါတရံ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသဖြင့် ကျောပေးကာ တိတ်တဆိတ် ပြုံးလိုက်ရသည့် အခါမျိုးပင် ရှိသည်။ ပြန်လှည့်လာသည့် အခါတွင်မူ သူသည် အေးစက်စက်နိုင်လှသော Cool Guy ကြီးအဖြစ် ပြန်လည်ရောက်ရှိသွားပြန်သည်။

အချို့ကလည်း သူသည် တစ်နေ့လုံး တည်တင်းသော မျက်နှာထားဖြင့် ကြောက်စရာကောင်းသည်ဟု ဆိုကာ ကြင်နာတတ်ရန် အကြံပြုကြသေးသည်။

အို... သူတို့က ဘာသိမှာလဲ။ ယခုခေတ်လောကတွင် အလိုက်သင့်နေတတ်သော လူအေးများမှာ ခေတ်မစားတော့ပေ။ ယောင်္ကျားလေးဆိုသည်မှာ Cool ဖြစ်မှသာလျှင် စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

ကလေးတစ်သိုက်က ကျိုးရှောင်ယွီအနားတွင် ဝိုင်းအုံကာ စကားများ တစာစာ ပြောဆိုနေကြသည်။ သူကမူ တစ်ခွန်းစ၊ နှစ်ခွန်းစသာ ပြန်လည်တုံ့ပြန်ရင်း စိတ်ထဲတွင်လည်း ညည်းတွားနေမိသည်။

ဤအိပ်မက်ကြီးက အဘယ်ကြောင့် နှစ်ရက်တိုင်တိုင် ကြာမြင့်နေရသနည်း၊ သူ ဘယ်သောအခါမှ နိုးထလာမည်နည်း။

သူ ရှီယကျောင်းသို့ ပြန်ရောက်သည့်အခါ ရှင်းလင်းရမည့် ပြဿနာများစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် Harrow နှင့် Sixth Form ကျောင်းမှ လူမိုက်အချို့က သူ့နောက်လိုက်များကို လာရောက်နှောင့်ယှက်နေသဖြင့် သူတို့အား အမြန်ဆုံး သွားရောက်ဆုံးမရဦးမည်ဖြစ်သည်။

ယင်းကို တွေးမိသည်နှင့် ကျိုးရှောင်ယွီသည် သူ၏ပန်းရောင်လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး မျက်လုံးထဲတွင်လည်း ဒေါသရိပ်များ ဖြတ်ပြေးသွားလေသည်။ သူတို့အား နာနာလေး မဆုံးမလိုက်လျှင် ဤနယ်မြေတွင် မည်သူက ဆရာလဲဆိုသည်ကို သိကြလိမ့်မည် မဟုတ်ပေ။

ဤ ဂါချာပွန် ပါတီတွင်ပင် ကျိုးရှောင်ယွီသည် မထင်မှတ်ထားသော ရင်းနှီးသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

အသက် ၆ နှစ်အရွယ် ဖန်းရော့ရှီးသည် အရင်ကထက် အရပ်ပိုရှည်လာကာ ရုပ်ရည်ကလည်း ပိုလှပသွယ်လျနေပြီဖြစ်သည်။ သူမသည် ပန်းရောင်ဘဲလေးကပြသည့် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ဘဲလေးသင်တန်းမှ တိုက်ရိုက်လာခြင်း ဖြစ်ဟန်တူသည်။

ကျိုးရှောင်ယွီ၏ မျက်လုံးအစုံတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်။ ဖန်းရော့ရှီးက ဘာကြောင့် ဤနေရာသို့ ရောက်နေရသနည်း။ သူမသည် ပြီးခဲ့သည့်လကမှ သူ ကျောင်းပြင်ပတွင် တွေ့ဆုံခဲ့သည့် သူငယ်ချင်း မဟုတ်ပါလား။

မည်သူမျှ သတိမထားမိခင်မှာပင် ကျိုးရှောင်ယွီသည် အပေါ်ထပ်သို့ ခိုးတက်သွားပြီး သူ၏အခန်းထဲသို့ ဝင်ရန် ပြင်ဆင်ခဲ့သည်။

ထိုအချိန်တွင် အပေါ်ထပ်မှ ဆင်းလာသော ဝမ်ယွီထုံနှင့် ထိပ်တိုက်တိုးလေသည်။ သူ၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို မြင်သည်နှင့် ဝမ်ယွီထုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာလို့ အပေါ်တက်လာတာလဲ။"

ကျိုးရှောင်ယွီသည် သူဝတ်ဆင်ထားသော အာထရာမန်းပုံပါ အင်္ကျီကို ဆွဲပြကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ဟွန့်... ဒီအင်္ကျီက အရမ်းရုပ်ဆိုးတာပဲ၊ သား အင်္ကျီလဲရမယ်။"

"ဒါ နင်အကြိုက်ဆုံး အာထရာမန်းဇီးရိုး မဟုတ်ဘူးလား။"

ကလေးငယ်သည် နှုတ်ခမ်းကို စူလိုက်သည်။ "အခု မကြိုက်တော့ဘူး၊ အာထရာမန်းကို အမုန်းဆုံးပဲ။"

ဝမ်ယွီထုံလည်း မတတ်သာဘဲ သူ့ကို အခန်းထဲသို့ ခေါ်ဆောင်သွားကာ အင်္ကျီလဲပေးရတော့သည်။ ကျိုးရှောင်ယွီသည် သူ၏အဝတ်ဗီရိုကို ဖွင့်ကာ စိတ်ကြိုက်ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် သူသဘောကျသည့် တီရှပ်နှင့် ဘောင်းဘီပွတစ်စုံကို တွေ့ရှိသွားလေသည်။

ကျိုးရှောင်ယွီသည် မှန်ရှေ့တွင် သူ၏ဆံပင်များကို အလှပြင်ရင်း အချိန်ဆွဲနေသဖြင့် ဝမ်ယွီထုံကပင် ဝင်ရောက်ကူညီကာ ဖြီးသင်ပေးလိုက်ရသည်။

ဆယ်မိနစ်ခန့်အကြာတွင် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို ပါတီသို့ ပြန်ခေါ်လာခဲ့သည်။ သူမကမူ သားဖြစ်သူသည် တစ်ခုခု ထူးထူးခြားခြား လုပ်ဆောင်ရန်အတွက် အလှပြင်နေသည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ထားသည်မှာ ကျိုးရှောင်ယွီသည် မူလထိုင်ခုံတွင်ပင် ပြန်လည်ထိုင်လိုက်ပြီး ခြေထောက်ကို စားပွဲပေါ်တင်ကာ အရင်ကထက်ပင် ပိုမောက်မာသော အမူအရာကို ဖမ်းထားခဲ့သည်။

ဖန်းရော့ရှီးသည် ဟိုဟိုဒီဒီ ကြည့်ရှုရှာဖွေပြီးနောက် နောက်ဆုံးတွင် ကျိုးရှောင်ယွီကို မြင်သွားသည်။ သူမသည် ဝမ်းသာအားရ လက်ပြရင်း ထိုသို့ မေးကာ ပြေးလာခဲ့သည်။ "မောင်လေးရှောင်ယွီ... ဒီနေ့ ပါတီလုပ်နေတာလား။"

ကျိုးရှောင်ယွီကမူ သူမကို အေးအေးဆေးဆေး တစ်ချက်ကြည့်ကာ ဖြေလိုက်သည်။ "အင်း။"

ဖန်းရော့ရှီးက စက္ကူအိတ်လေးတစ်အိတ်ကို ထုတ်ပြခဲ့သည်။ "ဒါတွေက ဝက်ဝံရုပ် ကွတ်ကီးလေးတွေလေ၊ မေမေကိုယ်တိုင် ဖုတ်ထားတာ၊ မောင်လေးကို ပေးချင်လို့တဲ့။"

ကျိုးရှောင်ယွီက ငုံ့ကြည့်လိုက်ပြီး ချစ်စရာကောင်း‌သောအသံဖြင့် အေးစက်သည့် ပုံစံဖမ်းကာ ပြောလိုက်သည်။ "ဟုတ်ပြီ... ဒီမှာပဲ တင်ထားလိုက်။"

ဖန်းရော့ရှီးသည် ယနေ့ ကျိုးရှောင်ယွီမှာ တစ်မျိုးထူးဆန်းနေသည်ဟု ခံစားရသဖြင့် ပြောလိုက်သည်။ "ဂါချာပွန် စက်ဆီကို အတူတူ သွားရအောင်လေ၊ မောင်လေးစက်ကြီးက အရမ်းကြီးတာပဲ" ထို့နောက် ကျိုးရှောင်ယွီ၏ လက်ကိုဆွဲ၍ စက်ရှိရာသို့ အတူတူ ထွက်လာခဲ့ကြသည်။

ဖန်းရော့ရှီးထက် ခေါင်းနှစ်လုံးစာခန့် ပုနေသော ကျိုးရှောင်ယွီသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် နောက်မှ လိုက်လာရင်း ပြောလိုက်သည်။ "ပျင်းစရာကြီး။ ကလေးတွေပဲ ဒါမျိုး ကစားကြတာ။"

သူတို့နှစ်ဦး အရုပ်လှည့်နေစဉ်အတွင်း ဧည့်ခန်းရှိ စပီကာမှ မြူးကြွသော ကလေးသီချင်းလေးတစ်ပုဒ် ထွက်ပေါ်လာသည်။ ယင်းမှာ နောက်ရက်အနည်းငယ်တွင် သူတို့အတန်းထဲမှ ကလေးများ ကပြရမည့် သီချင်းလေးပင် ဖြစ်သည်။

ကလေးအားလုံးသည် အလိုအလျောက်ပင် ဧည့်ခန်းထဲသို့ ရောက်ရှိလာကြကာ ကကြတော့သည်။ သူတို့သည် သီချင်းထဲတွင် စီးမျောရင်း ချစ်စရာကောင်းသော အမူအရာများဖြင့် ကပြနေကြသည်။

ဖန်းရော့ရှီးက ကျိုးရှောင်ယွီအား မေးလိုက်သည်။ "မောင်လေးရော ဘာလို့ မကတာလဲ။"

ကျိုးရှောင်ယွီကမူ သူတို့အား လူအများကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။ "အို့ လူအတွေပဲ အဲ့ဒီလို ကကြတာ။"

အခြားကမ္ဘာတစ်ခုရှိ ကျိုးရှောင်ယွီသည်လည်း ပါတီ ကျင်းပနေလေသည်။

သူသည် မနေ့က ကျောင်းရှေ့တွင် အကြီးအကျယ် ကတိပေးခဲ့သည့်အတိုင်း ယနေ့တွင် ကျောင်းနေဖက်သူငယ်ချင်းများစွာသည် သူ၏အိမ်သို့ ရောက်ရှိလာကြသည်။

လေထုထဲတွင် တန်ဖိုးကြီးရေမွှေးနံ့များနှင့် မုန့်များ၊ ဖျော်ရည်များ၏ ချိုမြိန်သောရနံ့များက ရောယှက်နေလေသည်။

အိမ်တော်ထိန်းစန်သည် ယနေ့မနက် အိမ်တွင် ပါတီပြုလုပ်မည်ကို သိရှိရသဖြင့် အတိုင်းထက်အလွန် ဝမ်းသာနေခဲ့သည်။ ကျိုးမိသားစုတွင် အိမ်ရှင်မ မရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သကဲ့သို့ ကျိုးကျီယွဲ့မှာလည်း အေးစက်သောသူ ဖြစ်သည်။ အိမ်ကြီးမှာ ခမ်းနားသော်လည်း လူနံ့မရသကဲ့သို့ ဖြစ်နေခဲ့ရာမှ ယခုအခါ ပါတီကြောင့် နေရာအနှံ့တွင် လူငယ်လေးများ၏ ရယ်သံများဖြင့် စည်ကားနေပေပြီ။

အနက်ရောင် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားသော ကျိုးရှောင်ယွီမှာမူ လူအုပ်အလယ်တွင် ဝိုင်းအုံခြင်းခံထားရပြီး သူ၏နောက်လိုက်များ၊ သူငယ်ချင်းများနှင့် အားရပါးရ စကားပြောနေသည်။

ယနေ့တွင် ကျိုးကျီယွဲ့သည် မီးခိုးရောင် အပန်းဖြေဝတ်စုံကို ဝတ်ဆင်ထားပြီး လူအုပ်ကြားတွင် ထင်ပေါ်နေသော သားဖြစ်သူကို အဝေးမှ ကြည့်နေသည်။ သူ၏ မျက်ဝန်းများတွင်မူ စိုးရိမ်သောအရိပ်ယောင်အချို့ ကိန်းအောင်းနေခဲ့သည်။

မနေ့ညက ကြမ်းပြင်ပေါ်ရှိ ဆံပင်များကို သိမ်းဆည်းပေးပြီးနောက် ကျိုးကျီယွဲ့သည် ကျိုးရှောင်ယွီအား အိပ်စက်ရန် တိုက်တွန်းခဲ့သည်။

ကျိုးရှောင်ယွီက ပုံပြင်စာအုပ် ဖတ်ပြရန် ဂျီကျနေသဖြင့် အိမ်အနှံ့ ရှာဖွေသော်လည်း တစ်အုပ်မျှ မတွေ့ရှိပေ။ နောက်ဆုံးတွင် ကျိုးကျီယွဲ့က အလယ်တန်း တရုတ်စာအုပ်ကိုပင် ပုံပြင်စာအုပ်လို ဟန်ဆောင်ကာ ဖတ်ပြလိုက်မှသာ သူ အိပ်ပျော်သွားခဲ့သည်။

သူ အိပ်ပျော်သွားပြီးနောက် ကျိုးကျီယွဲ့သည် ဆရာဝန်နှင့် နှစ်နာရီကြာအောင် ဖုန်းပြောဆိုခဲ့သည်။ ဆရာဝန်၏ ခန့်မှန်းချက်အရ ကျိုးရှောင်ယွီ၏ အခြေအနေမှာ ငယ်စဉ်ကတည်းက မိခင်မေတ္တာ မရရှိခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်နိုင်သည်ဟု ပြောသည်။

ဆရာဝန်သည် ညလုံးပေါက် ကုသမှုအစီအစဉ်ကို ဆွဲပေးခဲ့ပြီး ဤရောဂါမှာ ပျောက်ကင်းရန် ခဲယဉ်းသဖြင့် စိတ်ဓာတ်ပြင်ဆင်ထားရန် သတိပေးလေသည်။ အရေးကြီးဆုံးမှာ ကျိုးရှောင်ယွီကို စိတ်အနှောင့်အယှက် မဖြစ်စေရန်ပင် ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏အခြေအနေက ပိုဆိုးရွားသွားနိုင်သည်။

ယနေ့နံနက် စောစောပိုင်းတွင် ကျိုးကျီယွဲ့သည် ဆံပင်အလှပြင်အဖွဲ့ကို ခေါ်ယူကာ သားဖြစ်သူ၏ ဆံပင်ကို ပြန်လည်ကယ်တင်နိုင်မလား ကြည့်ခိုင်းသည်။ သို့သော် ဆံပင်အလှပြင်အဖွဲ့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မတတ်သာသည့်အဆုံး ဆံပင်အားလုံးကို ရိပ်ပစ်လိုက်ကြရတော့သည်။

ကျိုးရှောင်ယွီကမူ သူ၏ကတုံးပုံစံအသစ်ကို အတော်ပင် သဘောကျနေပြီး မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြည့်ကာ ပျော်ရွှင်နေသည်။

ကျိုးရှောင်ယွီ နေကောင်းလာသည့်အခါ သူ၏ဆံပင်များအတွက် နောင်တမရစေရန် ကျိုးကျီယွဲ့က သူ့ကို ဘေ့စ်ဘောဦးထုပ် ဆောင်းခိုင်းပြီး လှည့်စားခဲ့သည်။ အကယ်၍ ဦးထုပ်ဆောင်းမယ်ဆိုလျှင် စတော်ဘယ်ရီအရသာ ဒိုးနတ်ကျွေးမယ်လို့ ပြောပြီး မက်လုံးပေးခဲ့ခြင်းဖြစ်သည်။

အသက် သုံးနှစ်အရွယ် ကျိုးရှောင်ယွီသည် ဆိုးပေသော်လည်း ချော့မြူရသည်မှာ လွယ်ကူလှသည်။ သူသည် ပျော်ပျော်ရွှင်ရွှင်ပင် ဦးထုပ်ဆောင်းကာ ပါတီသို့ ရောက်ရှိလာခဲ့သည်။

ကျိုးကျီယွဲ့သည် ပင်ပန်းနွမ်းနယ်နေသော မျက်မှောင်များကို ပွတ်သပ်လိုက်မိသည်။ မနေ့ညကတည်းက ယခုအချိန်အထိမှာ သူသည် ဖခင်တစ်ဦးကဲ့သို့ ကလေးကို ဂရုစိုက်ပေးရသည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ပါတီသည် အလွန်ပင် စည်ကားဆူညံနေသည်။ ကျိုးရှောင်ယွီမှာလည်း ပါးစပ်မစိနိုင်အောင်ပင် ပြုံးနေသည်။ သူသည် အလွန်ကို ပျော်ရွှင်နေမိသည်။ ဤ "လူကြီးဖြစ်တမ်းကစားနည်း" ကြောင့် ယခင်က သူ့မိဘတို့ မကျွေးခဲ့သော မုန့်များကို မြိန်ရေယှက်ရေ စားခွင့်ရနေသောကြောင့်ပင် ဖြစ်သည်။

ဥပမာအားဖြင့် ကိုကာကိုလာ၊ အာလူးကြော်နှင့် သူအမည်ပင် မခေါ်တတ်သော မုန့်မျိုးစုံတို့ပင် ဖြစ်သည်။

ကျိုးရှောင်ယွီသည် ဘယ်ဘက်လက်တွင် ရေခဲတုံးများပါသော ကိုလာခွက်ကိုကိုင်၊ ညာဘက်လက်တွင် ဘာဘီကျူးအရသာ အာလူးကြော်ကိုကိုင်ကာ သူငယ်ချင်းများနှင့် အားရပါးရ စကားပြောနေသည်။

"မစ္စတာကျိုး နောက်အပတ် စနေနေ့မှာ ကျွန်တော့်အိမ်မှာ ဘာဘီကျူးပါတီ လုပ်မှာပါ၊ အားရင် လာခဲ့ပါဦးလား။"

"ဘာဘီကျူး" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ကျိုးရှောင်ယွီသည် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။ "ရတာပေါ့၊ ရတာပေါ့။"

"မစ္စတာကျိုး. နောက်လမှာ ကျွန်တော့်ရဲ့ မွေးနေ့ပါတီ ရှိပါတယ်၊ လာခဲ့ပေးပါဦးနော်။"

ကျိုးရှောင်ယွီသည် ပျော်စရာများနှင့် စားစရာများအကြောင်းကို ကြားရသည့်အခါ အားလုံးကိုပင် လက်ခံလိုက်သည်။ မိနစ် ၃၀ အတွင်းမှာပင် သူ၏ နောက်ထပ် ခြောက်လစာ ပိတ်ရက်အစီအစဉ်များမှာ ပြည့်နှက်သွားခဲ့ပြီ။

သူ သူငယ်ချင်းများနှင့် စကားကောင်းနေစဉ်အတွင်း ရင်းနှီးသော မျက်နှာတစ်ခုသည် ပါတီသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ဖန်းရော့ရှီးသည် အိမ်အတွင်းသို့ ဝင်လာခဲ့သည်။ သူမသည် အလွန်ကို တောက်ပလှပနေပြီး စကတ်တိုအနက်ရောင်နှင့် မာတင်ဖိနပ်ကို ဝတ်ဆင်ထားရာ သူမ၏ ခြေတံရှည်လေးများမှာ ပေါ်လွင်နေသည်။

ဖန်းရော့ရှီးသည် လူအများအပြားကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားဟန်ရှိသည်။ သူမကို မြင်လိုက်ရသည့်အခါ ကျိုးရှောင်ယွီမှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် အားရပါးရ အော်ခေါ်လိုက်သည်။ "အစ်မရှီးရှီး။"

သူ ခေါ်လိုက်သော နာမည်ကြောင့် ဖန်းရော့ရှီးမှာ လန့်သွားသည်။ အရင်ကဆိုလျှင် သူသည် သူမနာမည်ကို တိုက်ရိုက်ခေါ်ခြင်း သို့မဟုတ် "Hello" ဟုသာ ပြောဆိုလေ့ရှိသည်။ "အစ်မ" ဟု ခေါ်ဆိုခြင်းမှာမူ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

သူတို့နှစ်ဦးမှာ တကယ်တမ်းတွင် အလွန်အမင်း ရင်းနှီးကြသူများ မဟုတ်ပေ။ ထို့ကြောင့် သူမမှာ မည်သို့ပြန်တုံ့ပြန်ရမည်ကိုပင် မသိဖြစ်သွားရသည်။ ယနေ့တွင် သူမလာရောက်ရခြင်းမှာ ပြီးခဲ့သည့်အပတ်က သူမအား ကူညီခဲ့သည့်အတွက် ကျေးဇူးတင်စကား လာရောက်ပြောဆိုခြင်း ဖြစ်သည်။

ဖန်းရော့ရှီးက အနားသို့ လာရောက်ကာ ဘူးလေးတစ်ဘူးကို ပေးရင်း ပြောလိုက်သည်။"မစ္စတာကျိုး... ပြီးခဲ့တဲ့တစ်ခေါက် ကျောင်းကကိစ္စအတွက် ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။"

ကျိုးရှောင်ယွီက ဘူးကိုယူလိုက်ပြီး မျက်လုံးအစုံကို ကစားရင်း မေးလိုက်သည်။ "အစ်မရှီးရှီး... ဒါ သားအတွက်လား။"

ဖန်းရော့ရှီးမှာမူ ဤခေါ်ဝေါ်မှုအသစ်ကို အသားမကျသေးသဖြင့် ရှက်ကိုးရှက်ကန်းနှင့်ပင် ဖြေလိုက်သည်။ "အင်း... ဒါ အစ်မကိုယ်တိုင် ဖုတ်ထားတဲ့ ကွတ်ကီးတွေပါ။"

ကျိုးရှောင်ယွီသည် ဘူးထဲမှ ဝက်ဝံရုပ် ကွတ်ကီးလေးတစ်ခုကို ထုတ်ယူကာ ချက်ချင်း ကိုက်စားလိုက်သည်။ သူ၏မျက်လုံးလေးများမှာ ဝင်းပသွားခဲ့သည်။ "ဝိုး အရမ်းကောင်းတာပဲ။"

သူ နှစ်သက်သည်ကို မြင်ရသဖြင့် ဖန်းရော့ရှီး ပြုံးလိုက်မိသော်လည်း ကျိုးရှောင်ယွီ၏ နောက်ထပ်စကားကြောင့် အားလုံး၏ မျက်နှာများမှာ ပျက်ယွင်းသွားကြရတော့သည်။

ကျိုးရှောင်ယွီသည် ကွတ်ကီးကို စားရင်းဖြင့်ပင် ကြည်နူးနေသော အမူအရာဖြင့် ပြောလိုက်သည်။"အစ်မရှီးရှီး... သား မမကို အရမ်းကြိုက်တာပဲ။"

ဖန်းရော့ရှီး - "???"

လူတိုင်း - "???"

ဖန်းရော့ရှီးမှာ ခေါင်းတောင် ကျိန်းသွားရသည်။ ဒီကောင်လေးမှာ သူဘာတွေ ပြောနေသည်ကို သိရောသိသေးရဲ့လား။

အားလုံးက ဤရုတ်တရက် လူပုံအလယ်တွင် ဝန်ခံလိုက်ခြင်းကြောင့် ကြောင်အမ်းနေစဉ်အတွင်း ကျိုးရှောင်ယွီက ပိုကြီးမားသည့် ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်ပြန်သည်။

ဧည့်ခန်းရှိ စပီကာမှာ အိမ်တော်ထိန်းစန်၏ ဖုန်းနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း ၎င်းအတွင်း၌ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ခေတ်စားခဲ့သော ကလေးသီချင်းလေးတစ်ပုဒ် ပါဝင်နေခဲ့သည်။

ဤကလေးသီချင်းလေး စတင်လာသည်နှင့် ကျိုးရှောင်ယွီသည် ဝက်ဝံရုပ်ကွတ်ကီးကိုပင် ဆက်မစားတော့ဘဲ ပါတီအလယ်ရှိ လွတ်ကင်းသော နေရာသို့ ပြေးထွက်သွားကာ မူကြိုဆရာမ သင်ကြားပေးထားသည့်အတိုင်း သီချင်းနှင့်အညီ အားရပါးရပင် ကပြခဲ့သည်။

အနက်ရောင်ဦးထုပ် ဆောင်းထားသော ချောမောသွယ်လျသည့် ကောင်လေးက ကလေးငယ်တစ်ဦးကဲ့သို့ ကပြနေသည်မှာ တကယ့် Boy Band အဖွဲ့ဝင်တစ်ဦးကဲ့သို့ပင် တူလှသည်။

ဒါဟာ ရောက်ရှိနေသူ အားလုံးအတွက်တော့ တကယ့်ကို အံ့အားသင့်ဖွယ်ရာ လက်ဆောင်မွန်ကြီး ဖြစ်သည်။

ပထမတွင် အားလုံးမှာ မယုံနိုင်အောင် ဖြစ်နေကြသော်လည်း နောက်ပိုင်းတွင်မူ အော်ဟစ်အားပေးကြတော့သည်။

"မစ္စတာကျိုး... မစ္စတာကျိုး... မစ္စတာကျိုး..."

ကျိုးရှောင်ယွီသည်လည်း လူများ၏ ချီးကျူးသံကို ကြားရသည့်အခါ ပိုပျော်ရွှင်သွားကာ ပို၍ပင် အားရပါးရ ကပြလိုက်သေးသည်။

လူတိုင်းကလည်း သူတို့၏ဖုန်းများကို ထုတ်ယူကာ ဗီဒီယိုရိုက်ကူးကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဗီဒီယိုသည် ကျောင်း၏ ဖိုရမ်တွင် တစ်နှစ်ပတ်လုံး အခမ်းနားဆုံးသော သတင်းကြီး ဖြစ်လာမည်မှာ သေချာနေသောကြောင့် ဖြစ်သည်။

All Chapters