end
Vol. 7 Ch. 91
အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၉၁ (ဇာတ်သိမ်း)
မြူးကြွသော ကလေးသီချင်းသံစဉ်တစ်ခုတည်းကပင် မတူညီသော အချိန်နှင့် ဟင်းလင်းပြင်နှစ်ခုဝယ် တစ်ပြိုင်နက်တည်း ပဲ့တင်ထပ်သွားရာ အချိန်လှိုဏ်ခေါင်း၏ ကြားဝယ် သေးငယ်သော အက်ကြောင်းလေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
အားရပါးရ ကပြနေသော ချောမောသည့် လူငယ်လေးသည် ဧရာမ ဂါချာပွန် စက်ကြီးအနားရှိ ကလေးငယ်တစ်ဦးအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားသကဲ့သို့ အရုပ်လုံးလေးအား လှည့်ထုတ်လိုက်သော ကလေးသည်လည်း မြူးကြွစွာ ကပြနေသော လူငယ်လေးအဖြစ်သို့ ချက်ချင်းပင် အသွင်ကူးပြောင်းသွားတော့သည်။
ကျိုးရှောင်ယွီ၏ ခန္ဓာကိုယ်သည် အရှိန်မသေသေးသဖြင့် ချစ်စရာကောင်းသော အကအမူအရာများကို ဆက်လုပ်နေဆဲဖြစ်သော်လည်း နောက်တစ်စက္ကန့်တွင်မူ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သူရုတ်တရက် သတိပြုမိသွားသည်။
သူသည် အိပ်မက်ထဲမှ အမှန်တကယ် နိုးထလာခဲ့ပြီဖြစ်သည်။ သို့သော် အကြောင်းရင်းမရှိဘဲ သူ၏အိမ်တွင်းပါတီအလယ်၌ အဘယ်ကြောင့် အားရပါးရ ကပြနေရသနည်း။
ရင်းနှီးနေသော ဤသီချင်းသံနှင့်အတူ ပတ်ဝန်းကျင်မှ အားပေးသံများကို ကြားလိုက်ရချိန်တွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း ဘာတွေဖြစ်ပျက်ခဲ့သည်ကို ကျိုးရှောင်ယွီ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
မူကြိုအရွယ် သူ၏စိတ်က ယခုခန္ဓာကိုယ်ကို ဝင်ရောက်ထိန်းချုပ်ပြီး စိတ်ကြိုက် လွှမ်းမိုးခြယ်လှယ်သွားခဲ့ခြင်းပင် ဖြစ်သည်။
ကျိုးရှောင်ယွီ၏ ဦးနှောက်အတွင်း တစီစီ အသံများမြည်ဟည်းသွားပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော့ကာ လက်ချောင်းများပင် တုန်ယင်လာရသည်။
ထို ကလေးငတုံးလေးက ငါ့ခန္ဓာကိုယ်ကို သုံးပြီး ဘာတွေများ လျှောက်လုပ်ထားပါလိမ့်။
ကျိုးရှောင်ယွီမှာ ဒေါသထွက်နေသော်လည်း အတန်းဖော်များက သူ့အား ကြည့်နေကြသော အကြည့်များမှာ သူထင်ထားသည်နှင့် ကွဲပြားနေသည်။
သူတို့က သူ့အား လှောင်ရယ်နေကြခြင်း မဟုတ်သကဲ့သို့ စိတ်မမှန်သူတစ်ဦးနှယ် ကြည့်နေကြခြင်းလည်း မဟုတ်ပေ။ လူတိုင်းက သူ့အနားသို့ တိုးဝှေ့လာကြပြီး ကျိုးရှောင်ယွီကို ဝိုင်းအုံလိုက်ကြသည်။
"မစ္စတာကျိုး ဘာလို့ ဆက်မကတော့တာလဲ၊ မင်း ကတာ အရမ်းလှတာပဲ။"
"ဟုတ်တယ် မစ္စတာကျိုး ကျွန်တော့်အမြင်မှာတော့ မင်းက အခုခေတ် နာမည်ကြီးမင်းသားတွေထက်တောင် ပိုချောသေးတယ်။"
"ကျွန်မနဲ့ ဓာတ်ပုံအတူတူ ရိုက်လို့ရမလားဟင်၊ ရှင်က ကျွန်မရဲ့ အိုင်ဒေါပဲ။"
ဤချီးကျူးစကားများမှာ ရိုးအီနေသော်လည်း ကျိုးရှောင်ယွီသည် လူအုပ်ကြားမှ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသော အခြားစကားသံအချို့ကိုလည်း ကြားလိုက်ရပြန်သည်။
"အရင်ကတော့ ဒီမောက်မာတဲ့ သခင်လေးက ငါတို့လို သာမန်ကျောင်းသားတွေနဲ့ ပေါင်းမှာမဟုတ်ဘူး ထင်ထားတာ၊ မစ္စတာကျိုးရဲ့ စိတ်ရင်းက ဒီလောက်တောင် ဖော်ရွေမယ်လို့ မထင်ထားမိဘူး။"
"တကယ်တော့ အစက ကျိုးသခင်လေးက ငါတို့ကို အထင်သေးနေတာလို့ ထင်ခဲ့တာ၊ တကယ်တော့ သူက အဲဒီလိုမဟုတ်ဘူး။ Harrow က ကျောင်းသားတွေက ငါတို့ကျောင်းသားတွေကို ခဏခဏ လာနှိပ်စက်နေလို့ ကျိုးသခင်လေးက အဲဒီ Harrow က လူမိုက်တွေကို စိန်ခေါ်လိုက်တယ်လို့ ကြားတယ်။"
"နင်တို့မသိသေးဘူးလား၊ တစ်ကျောင်းလုံးက မိန်းကလေးတွေရဲ့ ပစ္စည်းတွေကို ခိုးနေတဲ့ ကောင်ကို ဖမ်းပေးတာလည်း ကျိုးသခင်လေးပဲလေ။ ဘယ်လိုနည်းလမ်း သုံးလိုက်လဲတော့ မသိဘူး၊ အဲ့ဒီလူကို လက်ပူးလက်ကြပ် ဖမ်းပေးလိုက်တာ။ အခုဆို ရေကူးသင်တန်းချိန်မှာ ပစ္စည်းပျောက်မှာ မပူရတော့ဘူး။"
"ပြောရရင်တော့ သူက ပုံမှန်ဆို မောက်မာသလို ရှိပေမယ့် စိတ်ရင်းကတော့ သိပ်ကောင်းတာပဲ။"
"ပြီးတော့ သူက လူသိရှင်ကြားထုတ်မပြောဘဲ ကောင်းတဲ့အရာတွေကို လုပ်ခဲ့တာလေ။"
…
သူထင်ထားသည်ထက် ပိုလွန်နေသော ချီးကျူးစကားများကို ကြားလိုက်ရသဖြင့် ကျိုးရှောင်ယွီမှာ ဝေခွဲမရစွာဖြင့် ခေါင်းကိုသာ ကုတ်နေမိတော့သည်။ သူသည် ပါတီမှ ထွက်ခွာလာခဲ့ပြီး စိတ်အေးအေးထားနိုင်ရန် သူ၏အခန်းသို့ ပြန်ရန် ပြင်ဆင်သည်။
ထိုအချိန်တွင် အပေါ်ထပ်မှ ဆင်းလာသော ကျိုးကျီယွဲ့နှင့် ထိပ်တိုက်တိုးခဲ့သည်။ ကျိုးကျီယွဲ့၏ လက်ထဲတွင် စတော်ဘယ်ရီဒိုးနတ် အိတ်လေးတစ်အိတ် ပါရှိသည်။ ကျိုးရှောင်ယွီကို မြင်သည်နှင့် ကျိုးကျီယွဲ့မှာ အံ့အားသင့်သော မျက်နှာထားဖြင့် ရပ်တန့်သွားသည်။
ကျိုးရှောင်ယွီ ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီဖြစ်ကြောင်း ကျိုးကျီယွဲ့ ချက်ချင်း သတိထားမိလိုက်သည်။ သူသည် ဒိုးနတ်အိတ်ကို ကိုင်ထားသော သူ၏လက်ချောင်းများကို အနည်းငယ် တင်းလိုက်မိသည်။ ဤဒိုးနတ်များကို ရရှိရန်အတွက် မြို့ကိုဖြတ်ကာ မိနစ် ၄၀ ကြာအောင် သူကိုယ်တိုင် ကားမောင်းသွားဝယ်ခဲ့ရခြင်း ဖြစ်သည်။ ယင်းတို့မှာ လူငယ်များကြား ခေတ်စားသော မုန့်ဆိုင်မှ ဒိုးနတ်များပင် ဖြစ်သည်။
ကျိုးရှောင်ယွီသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လက်ကို ဘောင်းဘီအိတ်ထဲ ထည့်ထားကာ ဘာစကားမျှ မပြောပေ။
ကျိုးကျီယွဲ့က ဒိုးနတ်အိတ်ကို ကမ်းပေးရင်း ပြောလိုက်သည်။ "မင်း ငယ်ငယ်တုန်းက စတော်ဘယ်ရီဒိုးနတ်ကို အကြိုက်ဆုံးဆိုတာ ငါမှတ်မိနေတယ်။"
ကျိုးရှောင်ယွီသည် မျက်လွှာကို အနည်းငယ် ချလိုက်ပြီး အိတ်ထဲမှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရာ လက်ဖမိုးပေါ်တွင် အကြောများပင် ထောင်တက်နေသည်။ သို့သော် သူ၏ လေသံမှာမူ ဂရုမစိုက်သလိုပင်။ "အင်း... ဟုတ်ပါလိမ့်မယ်။"
"ပူတုန်းလေး စားလိုက်ဦး" ကျိုးကျီယွဲ့က ဒိုးနတ်ကို ကမ်းပေးရင်း သူ့ကို ဂရုတစိုက် ပြုံးပြလိုက်သည်။ "ဒီနေ့ ပါတီမှာ မင်းနဲ့ မင်းသူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင် ရှိကြလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။"
"အင်း။"
ကျိုးကျီယွဲ့က ကိစ္စတစ်ခုအတွက် အောက်ထပ်သို့ ဆင်းသွားပြီး ကျိုးရှောင်ယွီမှာမူ ဒိုးနတ်အိတ်ကို ကိုင်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ သူ အခန်းထဲသို့ ပြန်ရောက်သည့်အခါ စတော်ဘယ်ရီဒိုးနတ်ကို တစ်ကိုက် ကိုက်လိုက်မိပြီး စိတ်ထဲတွင် အတော်လေး ပျော်ရွှင်သွားမိသည်။
သို့သော် သူ၏ ပျော်ရွှင်မှုမှာ ကျောင်းဖိုရမ်ကို ဖွင့်ကြည့်ပြီး ပြီးခဲ့သည့် နှစ်ရက်အတွင်း သူ၏ စွမ်းဆောင်ချက်များကို မြင်လိုက်ရသည့်အချိန်အထိသာ ခံသည်။
ဤကိစ္စကို သည်းခံနိုင်သေးသည်ဟု ထားပါဦး၊ သူ၏ဦးထုပ်ကို ချွတ်လိုက်ပြီး မှန်ထဲတွင် ကတုံးဖြစ်နေသော သူ၏ဦးခေါင်းကို မြင်လိုက်ရသည့်အခါတွင်မူ…
"ဘန်း။"
ကျိုးရှောင်ယွီသည် နံရံကို ပြင်းထန်စွာ ထိုးလိုက်မိသည်။ သူသည် အလွန်အမင်း ဒေါသထွက်နေရုံသာမက ဒေါသကြောင့် မျက်ဝန်းထောင့်များပင် နီရဲနေခဲ့ပြီဖြစ်သည်။
တစ်ခန်းလုံးတွင် လူငယ်လေး၏ အံကြိတ်ကာ အော်ဟစ်လိုက်သံမှာ ပဲ့တင်ထပ်သွားသည်။
"မင်း... ဒီ... ကလေးစုတ်လေး။"
ကလေးလေး ကျိုးရှောင်ယွီသည်လည်း မြူးကြွသော တေးသံစဉ်များနှင့်အတူ အရုပ်လှည့်ပါတီသို့ ပြန်လည်ရောက်ရှိသွားသည်။
ကလေးလေးသည် သူ၏ "လူကြီးဖြစ်တမ်းကစားနည်း" ပြီးဆုံးသွားပြီကို မသိရှိဘဲ ဆရာမ သင်ပေးထားသော အကအမူအရာများအတိုင်း အလိုအလျောက်ပင် ဆက်ကပြနေဆဲ ဖြစ်သည်။
ဝမ်ယွီထုံက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည့်အချိန်အထိပင်။ "ကဲ... ကလေးတို့အားလုံး တန်းစီလိုက်ကြ၊ တို့တွေ ဒါလေးကို အတူတူ ကကြမလား။"
ကလေးများ - "ဟုတ်ကဲ့ပါ။"
ဝမ်ယွီထုံက ကလေးများကို တန်းစီခိုင်းလိုက်သည်။ "နောက်ရက်အနည်းငယ်မှာ စင်ပေါ်မှာ ကပြရမယ်လို့ တီချယ်က ပြောထားတယ်၊ ဒါကြောင့် တို့တွေ အခုကတည်းက ကြိုးကြိုးစားစား လေ့ကျင့်ကြရမယ်နော်။"
ကျိုးရှောင်ယွီသည် အရှေ့ဆုံးသို့ အပြေးထွက်လာကာ ကျောကိုမတ်မတ်ထားပြီး တန်း၏အစတွင် ရပ်လိုက်သည်။
"မေမေ... မေမေ... သား စင်ပေါ်မှာ ကချင်တယ်၊ အရှေ့ဆုံးတန်းမှာ ရပ်မှာနော်။"
ဝမ်ယွီထုံမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ကျိုးရှောင်ယွီတစ်ယောက် ပါရမီရှင်ကလေး ဖြစ်သွားကတည်းက ဤကဲ့သို့ ကလေးကစားနည်းများကို စိတ်မဝင်စားတော့သဖြင့် ယနေ့တွင် သူ ဤမျှ တက်တက်ကြွကြွ ရှိနေလိမ့်မည်ဟု သူမ မထင်မှတ်ထားပေ။
နောက်မှ ရောက်လာသော ချန်နိုင်ကလည်း ရှေ့သို့ တိုးဝှေ့လာပြီး ပြောခဲ့သည်။ "သား သားလည်း အရှေ့ဆုံးတန်းမှာ နေချင်တယ်။"
ခုန်းဟန်ရွေ့ကလည်း လက်မြှောက်ခဲ့သည်။ "သားလည်း နေမယ်။"
ကလေးများ၏ ထက်သန်မှုကို မြင်သောအခါ ဝမ်ယွီထုံသည် သူတို့ကပြနေသော ဗီဒီယိုကို ရိုက်ကူးကာ တီချယ်ဆန်ဒီထံသို့ ပေးပို့လိုက်သည်။
[တီချယ်ဆန်ဒီ - လေ့ကျင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ မစ္စကျိုး... ကျောင်းရဲ့ မိဘဆရာအသင်းမှာ ပါဝင်ဖို့ စိတ်ဝင်စားပါလား။ ကျွန်မတို့မူကြိုကျောင်းက မစ္စကျိုးလို တာဝန်သိတတ်တဲ့ မိဘမျိုးကို အသင်းမှာ တကယ်လိုအပ်နေတာမို့ပါ။]
ဝမ်ယွီထုံ မျက်ခုံးလေး ပင့်လိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် သူမကိုယ်တိုင်လည်း စိတ်ဝင်စားနေမိသဖြင့် ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ။"
တီချယ်ဆန်ဒီမှာ အလွန်ပင် ကျေးဇူးတင်သွားပြီးနောက် သူတို့နှစ်ဦးသည် ကျိုးရှောင်ယွီ၏ ပညာရေးကိစ္စများနှင့် ပတ်သက်၍ ဆက်ဆွေးနွေးကြသည်။
ဝမ်ယွီထုံသည် ဆရာမအား နှိမ့်ချစွာဖြင့် အကြံဉာဏ်တောင်းခံခဲ့သည်။ သူမကိုယ်တိုင်လည်း "ပါရမီရှင်ကလေး" တစ်ဦးကို မည်သို့ ပြုစုပျိုးထောင်ရမည်ကို ကောင်းစွာ နားမလည်သေးသောကြောင့်ပင် ဖြစ်သည်။
သူမသည် ပြီးခဲ့သည့် နှစ်ရက်အတွင်း လေ့လာမှုများစွာ ပြုလုပ်ခဲ့သော်လည်း "သင့်ကလေးက ပါရမီရှင် ဖြစ်နေခဲ့ရင် ဘယ်လို ပညာပေးမလဲ" ဟူသော မေးခွန်းအတွက် အဖြေကို ရှာမတွေ့ခဲ့ပေ။
ကလေးပြုစုပျိုးထောင်ရေး စနစ်မှာပင် စွမ်းဆောင်ရည် အကန့်အသတ် ရှိနေပုံရသည်။ ၎င်းသည် "၃ နှစ်မှ ၅ နှစ်အတွင်း ပါရမီရှင်ကလေးများအတွက် မဖြစ်မနေ ဖတ်သင့်သည့် စာအုပ်များ" ကဲ့သို့သော အသုံးမဝင်လှသည့် အကြံပြုချက်အချို့ကိုသာ ပေးနိုင်သည်။
ညရောက်သောအခါ ဝမ်ယွီထုံသည် "ပါရမီရှင်ကလေး" နှင့် သင့်တော်မည့် ပုံပြင်စာအုပ်အချို့ကို ရွေးချယ်ကာ ကျိုးရှောင်ယွီထံသို့ သွားခဲ့သည်။
ကျိုးရှောင်ယွီသည် ကုတင်ခေါင်းရင်းတွင် မှီကာ မျက်လုံးလေးများ မှေးစင်းလျက် ငိုက်မြည်းနေသည်။ သူသည် စိတ်လေနေပုံရပြီး မိခင်ဖြစ်သူ ဖတ်ပြနေသော ပုံပြင်ကိုလည်း နားမထောင်ပေ။
ဤကလေးတွင် ပထမဆုံးအကြိမ်အဖြစ် ကိုယ်ပိုင် အတွေးစများ ရှိနေခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် "လူကြီးဖြစ်တမ်းကစားနည်း" ပြီးဆုံးသွားကတည်းက ကျိုးရှောင်ယွီသည် တစ်စုံတစ်ရာကို နိုးကြားသွားသကဲ့သို့ သူ၏စိတ်ထဲတွင် ရှုပ်ထွေးလှသော မှတ်ဉာဏ်ပုံရိပ်များစွာ ရုတ်တရက် ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။
သို့သော် ကျိုးရှောင်ယွီ၏ ဦးနှောက်သေးသေးလေးမှာ ထိုမျှ ရှုပ်ထွေးသော အချက်အလက်များကို လက်ရှိတွင် မကိုင်တွယ်နိုင်သေးပေ။ သူသည် စိတ်ထဲတွင် ဝဲပျံနေသော ထိုပုံရိပ်များကိုသာ ငေးကြည့်နေမိတော့သည်။
အိမ်ကြီးထဲတွင် အရုပ်ရထားလေးနှင့် တစ်ဦးတည်း ကစားနေသော သူ၊ လျှောစီးရာမှ ပြုတ်ကျသော်လည်း မည်သူမျှ လာမထူပေးသော သူ၊ ပထမဆုံး ကျောင်းတက်ရက်တွင် မိဘများက လာမကြိုဘဲ စိတ်မကောင်းသော ကလေးထိန်းသာ လာကြိုခဲ့သော သူ၊ အလယ်တန်း ရောက်သောအခါ ဆံပင်ကို ငွေရောင်ဆိုးကာ ရန်ဖြစ်ရသည်ကို ဝါသနာပါပြီး စာသင်ရသည်ကို မနှစ်သက်သော သူ…
ထိုမှတစ်ဆင့် ဝမ်ဟု အမည်ရသော ကျူရှင်ဆရာမလေးနှင့် တွေ့ဆုံခဲ့သောနေ့၊ ပထမဆုံးအကြိမ် ဟော့ပေါ့ အတူစားခြင်း၊ ပထမဆုံးအကြိမ် ကစားကွင်းသွားခြင်း၊ အိမ်စာများ မလုပ်ဘဲ နေခဲ့ရခြင်းနှင့် လစဉ်စာမေးပွဲများကို အလွယ်တကူ ဖြေဆိုနိုင်ခဲ့ခြင်း…
ဒါနဲ့... ဒီ "တီချယ်ဝမ်" က ဘာလို့ ငါ့မေမေနဲ့ တူနေရတာလဲ။
ကျိုးရှောင်ယွီသည် တွေးရင်းတွေးရင်းနှင့် အဖြေရှာမရဘဲ မနက်ဖြန်ကြမှ မေမေ့ကို "တီချယ်ဝမ်" ဆိုတာ ဘယ်သူလဲဟု မေးရန် ဆုံးဖြတ်လိုက်လေသည်။ ကလေးလေး၏ မျက်ခွံများမှာလည်း တဖြည်းဖြည်း လေးလံလာကာ နောက်ဆုံးတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
ကျိုးရှောင်ယွီကို သိပ်ပြီးနောက် ဝမ်ယွီထုံသည် မီးများကို ပိတ်ကာ ကလေးစောင့်ကြည့် ကင်မရာကို ဖွင့်ထားခဲ့သည်။
ထို့နောက် သူမ၏ အခန်းသို့ ပြန်လာခဲ့သည်။ ကျိုးကျီယွဲ့နှင့် လက်ထပ်ပြီးကတည်းက သူမသည် သူနှင့် အခန်းတစ်ခုတည်းတွင်ပင် အတူနေထိုင်ခြင်း ဖြစ်သည်။
ဇနီးမောင်နှံနှစ်ဦး ကုတင်ပေါ်တွင် လဲလျောင်းနေကြစဉ် ဝမ်ယွီထုံသည် ကျိုးကျီယွဲ့၏ ရင်ခွင်ထဲတွင် ခေါင်းမှီကာ အိပ်စက်နေသည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း သူမသည် ဤရင်ခွင်ထဲတွင် မှီအိပ်ရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ရင်အုပ်မှာ ကျယ်ပြန့်ရုံသာမက နူးညံ့မှုနှင့် တောင့်တင်းမှုမှာလည်း အတော်အသင့်ရှိကာ ဆောင်းတွင်း၌ နွေးထွေးပြီး နွေရာသီ၌ အေးမြသောကြောင့်ပင် ဖြစ်သည်။
ပြောရလျှင် ခေါင်းအုံးထက်ပင် ပိုသက်တောင့်သက်သာ ရှိလှသည်။
ဝမ်ယွီထုံသည် သမ်းဝေလိုက်ရင်း ကျိုးကျီယွဲ့ကို စကားလှမ်းပြောသည်။ "ရှောင်ယွီလေးက ပါရမီရှင် ဖြစ်သွားတာ တကယ်ကို အံ့သြဖို့ကောင်းတယ်နော်။ ဘယ်လိုဖြစ်ပြီး အထက်တန်းအဆင့် သင်္ချာပုစ္ဆာတွေကို ရုတ်တရက် တွက်နိုင်သွားရတာလဲ၊ နားလည်ရ ခက်လိုက်တာ။"
ယင်းကို ကြားလိုက်ရချိန်တွင် ကျိုးကျီယွဲ့၏ မျက်ဝန်းများမှာ နဂိုထက် ပိုနက်ရှိုင်းသွားသည်။
သူသည် ဝမ်ယွီထုံ၏ မေးခွန်းကို ပြန်မဖြေဘဲ တိုးတိုးလေး မေးလိုက်သည်။ "မင်း အတိတ်ဘ၀နဲ့ လက်ရှိဘဝ ဆိုတာကို ယုံကြည်လား။"
ဝမ်ယွီထုံမှာ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်မိသည်။ သူမသည် ချက်ချင်းပင် တစ်ဖက်သို့ လှည့်ကာ ထိုင်လိုက်ပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ထိုလူအား စိုက်ကြည့်နေမိတော့သည်။
ကျိုးကျီယွဲ့က သူမကို ပြန်လည်ကြည့်ရှုကာ အဓိပ္ပာယ်ပါပါဖြင့် ပြောသည်။ "ဖြစ်နိုင်တာကတော့ သူက ပါရမီရှင် မဟုတ်ဘူး။ သူက အရင်ဘဝမှာ ဒီအရာတွေကို သင်ယူခဲ့ဖူးပြီး အခုမှ ပြန်မှတ်မိနေတာမျိုးလည်း ဖြစ်နိုင်တာပဲ။"
ဝမ်ယွီထုံသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "ရှင်... ရှင် တစ်ခုခုကို မှတ်မိသွားတာလား။"
ကျိုးကျီယွဲ့ ပြုံးလိုက်သော်လည်း အဖြေမပေးပေ။ သူသည် သူမ၏ နူးညံ့သော လက်ကလေးကို သူ၏ လက်ဖဝါးကျယ်ကြီးဖြင့် ဆုပ်ကိုင်ထားလိုက်သည်။
ဝမ်ယွီထုံက ခါးထောက်လိုက်ပြီး သူ့ကို ဒေါသတကြီးဖြင့် တွန်းထုတ်ကာ ပြောလိုက်သည်။"ဟွန့်... အခုချက်ချင်း ပြောနော်။"
ကျိုးကျီယွဲ့က သူမ၏ လက်ကို နှုတ်ခမ်းနားသို့ ယူဆောင်ကာ ဖွဖွလေး နမ်းလိုက်သည်။ "ကိုယ် မင်းကို မေးခွန်းတစ်ခု မေးမယ်"
"ဘာမေးမှာလဲ။"
"မင်းက ကိုယ့်ရဲ့ အသက် ၂၀ ကျော်အရွယ်ကို ပိုကြိုက်တာလား၊ ဒါမှမဟုတ် ၃၀ ကျော်အရွယ်ကို ပိုကြိုက်တာလား။"
ဝမ်ယွီထုံမှာ ဆွံ့အသွားရသည်။ သူသည် သူမ သိချင်သော အဖြေကို ပေးလိုက်ပြီဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ ပထမတွင် အံ့သြသွားသော်လည်း နောက်ပိုင်းတွင်မူ သူမ၏ ရင်ထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
ဤသည်မှာ သူတို့နှစ်ဦး ပထမဆုံးအပိုင်းသို့ ပြန်လည်ရောက်ရှိခဲ့သည့် တစ်လတာ အချိန်တိုလေးသည် သူတို့၏ ရင်ထဲ၌ မြှုပ်နှံထားသော လျှို့ဝှက်ချက် မဟုတ်တော့ဘဲ အတူတကွ ပိုင်ဆိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်သွားပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ဝမ်ယွီထုံက နှုတ်ခမ်းလေးမဲ့ကာ ပြောလိုက်သည်။ "ဟမ် အဲ့ဒါတွေက ရှင်ပဲ မဟုတ်ဘူးလား။"
ထိုလူ၏ မျက်ဝန်းများမှာမူ အဖြေကို မရမက သိလိုနေဆဲပင်။ "ဒါပေမယ့် ဘယ်တစ်ခုကို ပိုနှစ်သက်လဲဆိုတာ ကိုယ် တကယ် သိချင်တယ်။"
ဝမ်ယွီထုံသည် ဤမေးခွန်းမှာ ထောင်ချောက်တစ်ခု ဖြစ်နိုင်သည်ဟု ခံစားရသဖြင့် အလွယ်တကူ မဖြေရဲပေ။ ဤလူကို စိတ်ဆိုးအောင် လုပ်မိလျှင် ဖြစ်လာမည့် နောက်ဆက်တွဲ ရလဒ်များမှာ အလွန်ပင် ပြင်းထန်လှသောကြောင့် ဖြစ်သည်။
ဝမ်ယွီထုံ သူ့ကို လျစ်လျူရှုလိုက်ပြီး နောက်တစ်ကြိမ် နေ့ဘက်ကြမှ အသေးစိတ် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ကုတင်ပေါ်တွင် အလျင်အမြန် လဲလျောင်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ အိပ်စက်ရန်သာ ကြိုးစားတော့သည်။
နောက်တစ်နေ့ နိုးလာချိန်တွင် အပြင်ဘက်၌ လင်းထိန်နေပြီဖြစ်သော်လည်း ဘေးနားတွင် မည်သူမျှ မရှိတော့ပေ။
ဝမ်ယွီထုံသည် အညောင်းအညာ ဆန့်လိုက်ပြီး ထရန် ပြင်ဆင်စဉ် ခုတင်ဘေးရှိ ရေနွေးခွက်အောက်တွင် စာရွက်လေးတစ်ရွက်ကို ရုတ်တရက် တွေ့ရှိလိုက်သည်။
ဝမ်ယွီထုံသည် စာရွက်ကို ဆွဲထုတ်ကြည့်လိုက်ရာ ထက်မြက်ပြတ်သားသော လက်ရေးနှစ်ကြောင်းကို တွေ့လိုက်ရသဖြင့် ရယ်ချင်စိတ်ပင် ပေါက်သွားရသည်။
ဟမ် မျက်မှန်နှင့် လူမှာ ရိုးသားလှသည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ သူသည် အတော်လေးကို အတည်ပေါက် ပြောဆိုတတ်သည့် လူကြီးပါလား။
စာရွက်လေးပေါ်တွင် ရေးသားထားသည်မှာ
"ဘဝနှစ်ခုလုံးမှာ စာကြည့်တိုက်ထဲမှာ တီချယ်ဝမ်နဲ့ ပထမဆုံး စတင်တွေ့ဆုံခဲ့တဲ့ အချိန်ကတည်းက ကျွန်တော် မင်းကို ချစ်မိသွားခဲ့တယ်ဆိုတာ အခုမှပဲ ပြန်မှတ်မိတော့တယ်။"
~ပြီးပါပြီ~