← Chapters

ဒီတော့... မင်းက စုမင်ပေါ့လေ

Vol. 4 Ch. 45

ဒီတော့... မင်းက စုမင်ပေါ့လေ

Vol. 4 Ch. 45

ပဉ္စဂံပုံ ယဇ်ပလ္လင်၏ အလယ်တွင် ခရမ်းရောင်ဝတ်ရုံနဲ့ သက်လတ်ပိုင်းလူရွယ် တစ်ယောက် ရပ်နေသည်။ လူရွယ်က ပြုံးရွှင်သော မျက်နှာနှင့် ခေါင်းမော့ရင်း  သူတို့လူစုအား ကြည့်လိုက်၏။

စုမင်နှင့် လူလတ်ပိုင်း အမျိုးသားကြား အကွာအဝေးမှာ အတော်လှမ်းသည်။ သို့တိုင် သူ့အနားတွင် လာရောက်ပြောဆိုနေသည့်အပြင် သူ့ရှေ့တည့်တည့် မလှမ်းမကမ်းတွင် ရပ်နေသို စုမင် ခံစားလိုက်ရ၏။

ထူးဆန်းသည့် မြင်ကွင်းကြောင့် စုမင်မှာ အံ့အားသင့်သွားသည်။  သူ့ရယ်သံတစ်ချက် စုမင်နားထဲ ပျံ့လွင့်လာတိုင်း သူပင် မထိန်းချုပ်နိုင်အောင် ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များ လည်ပတ်နေလေ၏။  သူ့အကြည့်တစ်ချက်ကပင် တစ်ကိုယ်လုံးတွင် ရှိရှိသမျှ သွေးများကို ပေါက်ကွဲထွက်လာပြီး တစ်မဟုတ်ချင်း သေကြေပျက်စီးတော့မတတ် ခံစားနေရလေသည်။

ထိုအတိုင်း ခံစားနေရသည်မှာ စုမင် တစ်ယောက်တည်း မဟုတ်ပေ။ လေ့ချန်၊ ပေလင်းနှင့် ဝူလတို့လည်း ထိုနည်းနှင်နှင် ခံစားနေရ၏။ လေ့ချန် မျက်လုံးထဲတွင် မယုံနိုင်သည့် အရိပ်အငွေ့များ ပြည့်နှက်နေပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေ၏။

ဝူလလည်း တုန်ယင်နေသည်ပင်။ သူမရှေ့တည့်တည့်မှ သက်လတ်ပိုင်းလူရွယ်မှာ မြင်သည်နှင့် ဒူးထောက်ကိုးကွယ်လိုစိတ် ဖြစ်ပေါ်အောင် အံ့ဩမှင်တက်စရာ စွမ်းအင်တစ်မျိုး ပိုင်ဆိုင်ထားဟန် ရှိ၏။

နတ်မှောင်တောင် မျိုးနွယ်စု၏ အစောင့်အရှောက် ခေါင်းဆောင်ဖြစ်သော ပေလင်း၏ဖခင်ပင် အနည်းငယ် တုန်လှုပ်နေသည်။ ယဇ်ပလ္လင်မှ လေထဲတွင် ပျံသန်းလာသည့် လူ၏အရှေ့တွင်  ဖြည်းဖြည်းချင်း ခေါင်းကို ငုံ့လိုက်လေ၏။

အစောင့်အရှောက် အကြီးအကဲအပြင် အမဲလိုက် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ရှန့်ဟန်သည်လည်း မောပန်းနေသည်။ စိတ်လှုပ်ရှားတက်ကြွမှုတို့က သူ့မျက်လုံးထဲ ထင်ဟပ်လာ၏။ မြင်ရခဲသည့် မျက်နှာပင်။ သူသည် အမြဲတစေ အေးတိအေးစက် မျက်နှာထားနှင့် ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်း နေလေ့ရှိသူ မဟုတ်လော။

'ရုပ်နယ်လွန်အဆင့်'

စုမင်ရင်ထဲတွင် ဗလောင်ဆူနေပြီ။ ထိုအခိုက် စုမင်ခေါင်းထဲ အထက်က စကားလုံး ဝင်ရောက်လာသည်။

"ရုပ်နယ်လွန် အဆင့်ရှိတဲ့သူဟာ ကောင်းကင်ပေါ်မှာ လမ်းလျှောက်နိုင်တယ်။ သူတို့နှုတ်ဖျားက စကားလေးတစ်ခွန်းနဲ့ မာန်သွေးတွေကို နိုးထအသက်ဝင်လာစေတယ်။ သူတို့ရဲ့ ချီစွမ်းအင်နဲ့ဆို မိုးကောင်းကင်ကိုပါ ဖြိုဖျက်နိုင်စွမ်း ရှိတယ်”

ရုပ်နယ်လွန်အဆင့်နှင့် ပတ်သက်၍ သားရေစာလိပ်ထဲတွင် အထက်ကအတိုင်း ဖော်ပြ ထားလေသည်၊။

သူတို့အဖွဲ့ရှိရာထံ လေပေါ်မှတစ်ဆင့် ပျံဝဲလာနေသည့် ခရမ်းရောင်ဝတ်စုံနှင့် လူရွယ်ကို စုမင် အံ့သြတကြီး ကြည့်နေမိ၏။ ၎င်းသည် အသက် ၄၀ ခန့်ရှိပြီး ပိန်ပိန်သွယ်သွယ်နှင့် အလွန်ချောမော ကြည့်ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ မြင်ရုံနှင့် မာန်မျိုးနွယ်ဝင် တစ်ယောက်မှန်း သိသာစေသည့် အရိပ်အယောင် များစွာ မရှိပေ။ တစ်ခုတည်းသော အမှတ်အသားမှာ နားတွင်ပန်ထားသည့် အရိုးနားဆွဲ တစ်စုံသာ ရှိ၏။

စုမင်မှာ အလွန်တရာ ခန့်ညားလှပသည့် အထည်စဖြင့် ရက်လုပ်ထားသည့် ၎င်း၏ ခရမ်းရောင်ဝတ်စုံကို တစ်ခါမျှ မမြင်ဖူးပေ။ ၎င်း၏ အဝတ်အထည်မှာ ချည်ထည်ကြမ်းများ၊ ဖျင်ထည်များနှင့် တိရစ္ဆာန် သားရေများနှင့်ဆိုလျှင် မိုးနှင့်မြေပမာ နှိုင်းယှဉ်မရအောင် ကွာခြားလွန်းလှ၏။

သက်လတ်ပိုင်းလူရွယ်က သူတို့အဖွဲ့ထံ လျှောက်လာစဉ် အနောက်တွင် ရှိနေကြသော လေပြည်စီးကြောင်း မျိုးနွယ်စုများမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ ထိုအခိုက်အတန့်သည် ကမ္ဘာလောကကြီး၌ ၎င်းအမျိုးသားနှင့် သူ့မျိုးနွယ်စုမှလွဲ၍ အရာအားလုံး ပျောက်ကွယ် သွားသလို ခန့်ညားလှပေသည်။

ထိုတင် မကသေး၊ တိုက်ခတ်နေသည် လေပင် ငြိမ်သက်သွားပြီး ကောင်းကင်တစ်ခွင် ပြေးလွှားနေသည့် တိမ်စိုင်တိမ်လိပ်များပင် အရိုအသေပေးသည့်ပမာ နေရာမှာတင် ရပ်တန့် သွားကြလေ၏။

သက်လတ်ပိုင်း အမျိုးသားက ဆံပင်တို့ကို နောက်ကျောတွင် ဖားလျားချထား၏။ သူက ပြုံးရင်း ရှေ့တိုးလာသည်၊ နွေဦးလေပြည်သဖွယ် အေးချမ်းလှသည့် ပုံရိပ်က စုမင်နှင့် အခြားသူများ၏ သွေးလည်ပတ်မှုနှင့် ချီစွမ်းအင်တို့ကို ဖြည်းဖြည်းချင်း တည်ငြိမ်သွားစေသည်။

သို့သော် လူရွယ်မှာ အနားသို့ တဖြည်းဖြည်း နီးကပ်လာလေ စုမင်တို့အဖွဲ့ အသက်ရှူရ ခက်လေ ဖြစ်၏။ သူတို့မှာ ခန့်ညားလှသော ဟန်ပန်ကြောင့် အသက်ပင် ရဲရဲမရှူဝံ့ကြသလို ဖြစ်နေသည်။

ထိုလူ့မျက်ဝန်းထဲတွင် မိုးကောင်းကင်ကြီး တစ်ခုလုံး တည်ရှိနေသည့် အလားပင်။ သူ့အား ကြည့်မိသူတိုင်း ၎င်းတို့၏စိတ်အစဉ် ဗလာနတ္ထိဖြစ်သလို ခံစားရ၏။ ၎င်း၏ရှေ့မှောက် အဝတ်မကပ်ဘဲ မိမွေးဖမွေးတိုင်း ရပ်နေရသလို တစ်သက်လုံး ထိန်းသိမ်းစောင့်ရှောက်လာသည့် လျှို့ဝှက်ချက်မှန်သမျှ ထုတ်ချင်းဖောက် မြင်နိုင်စွမ်းရှိသလို ခံစားနေရ၏။

စပါးအုံးမြွေနက်ကြီးသည်လည်း လေထဲတွင် ရပ်တန့်နေသည်။ အမျိုးသား၏ ကြောက်စရာ အရှိန်အဝါကို သူလည်း ခံစားမိပုံပေါ်သည်။ အကြီးအကဲက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။ ထိုလူယ် ပေါ်ထွက်လာသည်နှင့် အကြီးအကဲ၏ မျက်ဝန်းထဲတွင် မည်သည့် ခံစားချက် အရိပ်အယောင်ကိုမျှ မမြင်တွေ့ရတော့။ အကြီးအကဲသည် မိမိ၏ ခံစားချက် မှန်သမျှကို ဂရုတစိုက်နှင့် ဖုံးကွယ်ထားလေသည်။

"လေပြည်စီးကြောင်း မာန်မျိုးနွယ်စုအရှင်ကို နှုတ်ခွန်း ဆက်သပါတယ်”

သက်လတ်ပိုင်း အမျိုးသားရှေ့တွင် မတ်မတ်ရပ်ရင်း ဦးညွှတ် အရိုအသေ ပေးလိုက်သည့် အကြီးအကဲ၏ မျက်နှာမှာ အိုမင်းရင့်ရော်လျက် ညှိုးနွမ်းနေလေသည်။

"မော့စန်း... ငါတို့ကြားမှာ ဒါတွေ မလိုပါဘူး”

၎င်း၏အသံမှာ နူးညံ့သိမ်မွေ့သော်လည်း အကြီးအကဲ အရိုအသေပေးသည်ကိုတော့ လက်ခံဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။ အကြီးအကဲ၏ အရိုအသေပေးပြီးသည်နှင့် ၎င်း၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါမှ အကြီးအကဲသည် လူရွယ်၏ အရှိန်အဝါအောက်မှ ကင်းလွတ်ပြီး မိမိခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်၍ ရသွားသည်။

သို့သော် မတ်မတ်ရပ်နေရမည့်အစား ကြီးမားလွန်းသော အရှိန်အဝါဖိအားကို မလွန်ဆန်နိုင်သည့်ပမာ အကြီးအကဲမှာ တုန်ရီစွာနှင့် နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်၏။ ထိုအခါမှ အကြီးအကဲအား ဖိနှိပ်ထားသော စွမ်းအားတို့ လျော့ပါးပျောက်ပျက်ပြီး မတ်မတ် ရပ်နိုင်လေတော့၏။

"မင်းရဲ့စိတ်နေ သဘောထားကတော့ ငယ်ငယ်တုန်းက အတိုင်းပဲ။ နှစ်တွေအများကြီး ကြာခဲ့တာတောင်မှ မပြောင်းလဲသေးဘူး။ အခုရော ဘာကြောင့် ငါ့ကိုလာတွေ့ဖို့ ဆုံးဖြတ်လိုက်တာလဲ"

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းရဲ့ တောင်းဆိုချက်ကို ငါစဉ်းစားပြီး ဆုံးဖြတ်ချက် တစ်ခုချခဲ့တယ်”

ဆိုနေကျအတိုင်း အကြီးအကဲက စကားကို ခပ်ဖြည်းဖြည်း ပြောလေ၏။

ခရမ်းရောင် ဝတ်စုံရှင်သည် ထိုစကားကို ကြားသည်နှင့် အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူက စိတ်ပါလက်ပါနှင့် အကြီးအကဲ၏ စကားကို အာရုံစိုက်ကာ နားထောင်နေလေသည်။

စုမင်နှင့် ကျန်လူများမှာ ရိုသေလေးစားသော အမူအရာများနှင့် မတ်တတ်ရပ်နေကြ၏။ စုမင်က အကြီးအကဲနှင့် အနီးဆုံးတွင် ရပ်နေသူ ဖြစ်သည်။ မိတ်ဆွေဟောင်းကို ကြည့်ရင်း အကြီးအကဲတစ်ယောက် ဘယ်လို ခံစားနေရမှန်း စုမင် အကြောင်းမဲ့ နားလည်သလို ရှိနေသည်။ လေပြည်စီးကြောင်း မျိုးနွယ်စုဒေသသို့ လာရောက်ရန် အကြီးအကဲ အမြဲတမ်း ငြင်းဆန်နေရသည့် အကြောင်းအရင်းကို သူ နားလည်သဘောပေါက်သွားလေ၏။

အကြီးအကဲ၏ အိုမင်းညှိုးရော်နေသည့်မျက်နှာကို ကြည့်ပြီး ခရမ်းရောင်ဝတ်စုံနှင့် လူကို ကြည့်လိုက်စဉ် စုမင်၏ရင်တို့ တဒုန်းဒုန်း တုန်လာသည်။ တစ်ခါက အကြီးအကဲ ပြောဖူးသည့် စကားကို သတိရမိ၏။

"လေပြည်စီးကြောင်းမျိုးနွယ်က အကြီးအကဲဆိုရင် အသက် (၂၀) မတိုင်ခင်အထိ ငါ့လောက် စွမ်းအားမရှိခဲ့ဘူး။ သူအသက် (၃၄) နှစ်မှာ ငါနဲ့စီးချင်းထိုးနိုင်ဖို့ အနိုင်နိုင် ကြိုးစားနေရတုန်း။ အဲဒီတုန်းကဆိုရင် ဒီအနားတစ်ဝိုက်က မျိုးနွယ်စုမှန်သမျှ ငါဘယ်သူလဲ ဆိုတာ မသိတဲ့သူ မရှိဘူး"

ရင်ခုန်လွန်း၍ နှလုံးတစ်ခုလုံး ရှုံ့တွသွားပြီဟုပင် စုမင်ထင်မိသည်။ သူက အကြည့်လွှဲရင် ပြင်လိုက်စဉ် ခရမ်းရောင်ဝတ်စုံရှင် လူရွယ်က စုမင်အား ပြုံးပြီး ကြည့်လာသည်။ အကြည့်လေး တစ်ချက်နှင့်ပင် စုမင်ခေါင်းထဲ အသံတွေ ကျယ်လောင်စွာ မြည်ဟည်းသွားလေ၏။ ထိုလူသည် စုမင်အား အကြီးအကဲ ကွယ်ကာပေးထားသည့် စွမ်းအင်စည်းကို ထွင်းဖောက် မြင်နိုင်မှန်း စုမင် အတပ်ပြောနိုင်၏။

စုမင် တစ်ကိုယ်လုံး တုန်ယင်လာပြီး လဲပြိုကျလု နီးနီး ထိုလူမှာ လှည့်ထွက်သွားပြီး ပေလင်း၊ လေ့ချန်၊ ဝူလ၊ အမဲလိုက် အဖွဲ့ခေါင်းဆောင်၊ ရှန့်ဟန်နှင့် နက်မှောင်တောင် မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်တို့ရှိရာဘက် မျက်နှာမူလိုက်သည်။

"နှုတ်ခွန်း ဆက်သပါတယ်၊ လေပြည်စီးကြောင်း မျိုးနွယ်စုအကြီးအကဲ”

ရှန့်ဟန်က ပထမဦးဆုံး အရိုအသေပေးလိုက်သည်နှင့် တစ်ခြားလူများက သူ့နောက်မှ  ဆက်ကာ အရိုအသေ ပေးလိုက်ကြသည်။

လေ့ချန် ရင်လည်း တဒုန်းဒုန်း ခုန်နေသည်။ စိတ်လှုပ်ရှားလွန်း၍ သူ့မျက်နှာမှာ သွေးမရှိသလို ဖြူဖျော့နေ၏။ ဝူလလည်း ထိုနည်းလည်းကောင်းပင်။ ပေလင်းပင် အေးတိအေးစက် ဖြစ်မနေတော့ဘဲ ရိုရိုကျိုးကျိုး ဖြစ်နေ၏။

"မင်းကို ငါမှတ်မိတယ်။ ပေလင်း မဟုတ်လား”

၎င်းက ပေလင်းအား လက်ညှိုး ညွှန်ကာ ပြောလိုက်သည်။

ပေလင်းမှာ တဒင်္ဂမျှ မှင်တက်သွားသည်။ ဝမ်းသာဂုဏ်ယူမှုတို့ ပြည့်လျှမ်းနေသည့် မျက်လုံး၊ တုန်ရီနေသော အသံနှင့် ခပ်မြန်မြန် တုံ့ပြန်စကားဆိုလိုက်၏။

"အကြီး... အကြီးအကဲ... ကျွန်တော်က ပေလင်းပါ"

ခရမ်းရောင်နှင့်လူက ပြုံးပြီး ခေါင်းဆတ်ပြသည်။ အကြီးအကဲအား တစ်စုံတစ်ရာ ပြောစရာရှိသည့်ဟန်နှင့် ပုံစံပြောင်းသွားပြီး အဝေးသို့ ငေးလေသည်။ အကြီးအကဲက တိတ်ဆိတ် နေဆဲ။ သို့သော် အကြီးအကဲသည် လူရွယ်နည်းတူ တစ်စုံတစ်ရာကို သတိပြုမိသွားသည့်ဟန်နှင့် အဝေးသို့ ကြည့်လိုက်လေ၏။

အဝေးတွင် လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်နေ၏။ ကြီးမားလှသော အနက်ရောင် အနားသတ်မျဉ်းကြီးတစ်ခုက ကောင်းကင်ပေါ်တွင် အလွန်လျှင်မြန်လှ‌ေသာ အရှိန်နှင့် လှုပ်ရှားမင်းမူနေ၏။ ၎င်းအနက်ရောင်မျဉ်း အနားသို့ ရောက်လာလေ ကြီးမားလှသည့် နဂါးကြီးတစ်ကောင်၏ ရုပ်သွင်ကို ပီပီသသ မြင်ရလေ ဖြစ်၏။ နဂါးကြီးမှာ ပေပေါင်း ရာကျော်မျှ ရှည်လျားလှ၏။

ပေပေါင်းရာနှင့်ချီ ရှည်လျားလှသည့် နဂါးကြီး၏အသွင်မှာ ကြောက်လန့်ဖွယ်ရာ အတိပင်။ အရှေ့သို့ တိုးလာနေသည့် ၎င်း၏ ပတ်ပတ်လည်တွင် အနက်ရောင် အခိုးအငွေ့များ ဝန်းရံနေသည်။ နဂါးကြီး၏အပေါ်တွင် လူခြောက်ယောက် မတ်တတ်ရပ်လျက် ရှိ၏။

ချဉ်းကပ်လာသည့် နဂါးကြီးကိုကြည့်ရင်း အဖြူရောင် ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရ၍ စုမင် ပြုံးလိုက်မိသည်။

ရှေ့ဆုံးတွင် ရပ်နေသူမှာ ငွေမင်ရောင် ဆံနွယ်များနှင့် အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။  သူမက အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားလေသည်။ သူမမျက်နှာမှာ အနည်းငယ် အိုမင်းနေပြီ ဆိုပေငြား ငယ်စဉ်က အလွန်တရာ ချောမောလှပခဲ့သည့် မိန်းမချောတစ်ဦး ဖြစ်ခဲ့မှန်း မြင်ရုံနှင့် သိနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ မျက်နှာထားမှာ အလွန်တရာ အေးစက်လွန်း၍ မြင်သူတကာတိုင်း အေးခဲသွားစေမတတ်ပင်။

နဂါးနက်တောင် မျိုးနွယ်စုမှ အမျိုးသမီးကြီးအား ကြည့်လိုက်ချိန် အကြီးအကဲ၏ အကြည့်တို့ တစ်မျိုးပြောင်းလဲသွားမှန်း စုမင် သတိထားမိလိုက်၏။

အမျိုးသမီးကြီး၏နောက်တွင် တောင့်တင်းခိုင်မာလွန်းသော သံမဏိတံတိုင်းကြီး တစ်ခုပမာ ရပ်နေသူတစ်ဦး ရှိလေသည်။ ၎င်း၏ မျက်နှာမှာ အေးစက်လျက် ရှိပြီး ချီစွမ်းအင် ဖြစ်တည်မှုတွင် အလွန်အားကောင်းဟန် ရှိ၏။ ၎င်း၏အဆင့်မှာ ရှန့်ဟန်နှင့် အစောင့်အရှောက် ခေါင်းဆောင်ထက်ပင် အနည်းငယ် သာလွန်မည့်ပုံ ရှိသည်။

အမျိုးသမီးကြီး၏ ဘေးနားတွင် ရပ်နေသည်က အဖြူရောင်ဝတ် မိန်းကလေးတစ်ဦး ဖြစ်သည်။ မိန်းကလေး၏ မျက်ဝန်းတို့မှာ လှပသော်လည်း ချေဖျက်မလွယ်သော ဝမ်းနည်း ပူဆွေးမှုတို့က ထင်ဟပ်နေသည်။  စုမင်ကို တွေ့လိုက်ရသည်တွင် သူမ၏ ဝမ်းနည်းပူဆွေးမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး စိုးရိမ်မှုနှင့် ပျော်ရွှင်မှုတို့က အစားထိုး ဝင်ရောက်လာသည်။

ပိုင်လင်းက စုမင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သေး၏။

ကျန်လူသုံးယောက်နှင့် အကျွမ်းတဝင်ရှိသော မျက်နှာတစ်ခုလည်း ရှိနေသေးသည်။ ထိုလူမှာ စစ်ခုန်းဖြစ်သည်။ သူက ကျန်လူအားလုံး၏ နောက်ဘက်တွင် ရပ်နေပြီး စုမင်အား စူးစူးရဲရဲ စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် အမုန်းတရားတို့ ပြည့်နှက်နေသည်။

ကျန်လူများမှာ စုမင်နှင့် ရွယ်တူခန့်ရှိမည့် ကောင်လေးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက် ဖြစ်သည်။ ရုပ်ဆင်းအင်္ဂါအရ မောင်နှမ ဖြစ်နိုင်သည်။ ထိုနှစ်ယောက်က ဆိတ်ဆိတ်ကလေး နေ၏။ ကောင်မလေးမှာ လူကောင်ပိုကြီးတယ်။ ဖွံ့ဖွံ့ထွားထွား ရှိသော်လည်း လှပသော ရုပ်ဆင်းအင်္ဂါ ရှိ၏။

နဂါးကြီး သူတို့အနား ရောက်လာသည်နှင့် အမျိုးသမီးကြီးနှင့် အခြားလူများက ခရမ်းရောင်ဝတ်စုံရှင်အား ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။ သူတို့အားလုံး၏ မျက်နှာတွင် လေးစားမှု အပြည့်နှင့် ဖြစ်သည်။ နဂါးကြီးလည်း ခရမ်းရောင်ပိုင်ရှင် မျိုးနွယ်စုအား ကြောက်ရွံ့နေ၍ တုန်ခိုက်နေတယ်။

ခရမ်းရောင်ဝတ် အမျိုးသားမှာ ပြုံးနေဆဲပင်။  နဂါးနက်မျိုးနွယ်စု၏ အရိုအသေပေးမှုကို အသိအမှတ်ပြုသည့် အနေနှင့် ခေါင်းတစ်ချက် ဆတ်ပြ၏။ ထိုအခိုက် လေပြည်စီးကြောင်း မျိုးနွယ်ထံမှ လူတစ်ဦးက သူတို့အနား မယုံနိုင်စရာ အလျင်နှင့် ရောက်လာ၏။ သူ့ခြေထောက် ပတ်လည်တွင် ခရမ်းရောင် အခိုးအငွေ့များ ဝိုင်းရံနေ၏။ ထိုလူမှာ လေထဲမှာ ပေါ်လာပြီး ခရမ်းရောင်ဝတ် အမျိုးသားအား ဂါရဝ ပြုလိုက်လေ၏။

၎င်းမှာ အဖြူရောင် ဝတ်စုံနှင့် အဘိုးအို တစ်ယောက် ဖြစ်သည်။ သူ့နာမည်မှာ ရှီဟိုင် ဖြစ်၏။ အဘိုးအိုသည် စုမင်ထံမှ ဆေးလုံးများ ယူဆောင်သွားသူ ဖြစ်သည်။

"ရှီဟိုင် ငါတို့ရဲ့ ဧည့်သည်တွေကို ကောင်းကောင်း ဆက်ဆံပါ”

ခရမ်းရောင် ဝတ်စုံရှင်၏စကားကို ရှီဟိုင်က လိုက်နာပါ့မည်အကြောင်း အဖြေပေးပြီးသည်နှင့် သူက နက်မှောင်တောင် အကြီးအကဲ မော့စန်းကို ကြည့်လိုက်လေသည်။

"မော့စန်း... ငါ့ကို မျိုးနွယ်စုတစ်ခုက လက်ဆောင်ပဏ္ဍာ အဖြစ်နဲ့ မိုရပ်အယ်ဘာတိမ် သစ်ရွက်တွေကို ဆက်သခဲ့တယ်။ မင်း ဒါကို ဟိုးအရင် နှစ်တွေတုန်း ကတည်းက သဘောကျမှန်း ငါသိတယ်။ မင်းနဲ့အတူ မျှဝေသုံးစွဲချင်လို့ မင်း ရောက်လာမယ့်နေ့ကို စောင့်နေခဲ့တယ်”

အကြီးအကဲက ခေါင်းညိတ်ပြပြီး  အစောင့်အရှောက် ခေါင်းဆောင်နှင့် စကား‌ပြောရန် လှည့်သွား၏။ ထို့နောက် အရှေ့သို့ တစ်လှမ်းနှစ်လှမ်း တိုးလာခဲ့ပြီး  ခရမ်းရောင်ဝတ် အမျိုးသားထံ လေထဲမှ ပျံသန်းသွားကာ ရွှံ့ကျောက်တုံးမြို့တော်ထံ ထွက်ခွာသွားကြကြလေသည်။ စုမင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်သွား၏။

ခရမ်းရောင်ဝတ် အမျိုးသားကို ကြည့်နေသည့် စုမင်၏ မျက်လုံးထဲတွင် လိုချင်တပ်မောသည့် အရိပ်အယောင်များ ပေါ်ပေါက်လာလေသည်။

''ရုပ်နယ်လွန်အဆင့်... ငါရော အဲဒီလောက် အစွမ်းထက်မြက်နိုင်မလား သိချင်လိုက်တာ''

စုမင်မှာ စွမ်းအင်အဆင့်များအကြောင်း တိတ်တဆိတ် တွေးတောနေစဉ် ရှီဟိုင်က သူတို့အား ပြုံးလျက် ကြည့်လာ၏။

"ဒီလူငယ်တွေကလွဲရင် ကျန်တဲ့ငါတို့တွေက အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီး ကျွမ်းဝင် နေကြပြီးသားပဲ။ မင်းတို့က အစောကြီး ရောက်လာကြတာ။ ကျန်တဲ့လူမျိုးစုတွေ မရောက်လာကြသေးဘူး။ မင်းတို့ကို လေပြည်စီးကြောင်း မြို့တော်ဆီ လမ်းပြ ပို့ဆောင်ပေးပါရစေ”

ရှီဟိုင် စိတ်ထဲတွင် အခြားကိစ္စများ ရှိသေးသော်လည်း ထိုအတွေးကို မောင်းထုတ်ပြီး   ပြုံးပြုံးရွှင်ရွှင်နှင့် ယဉ်ကျေးပျူငှာစွာ နှုတ်ခွန်းဆက်စကား ဆိုလိုက်သည်။ သူ့တာဝန်မှာ မျိုးနွယ်ဝင်မျိုးဆက်သစ်တို့အား ရွှံကျောက်တုံးတို့ဖြင့် တည်ဆောက်ထားသည့် မြို့လေးထံ လမ်းပြခေါ်ဆောင်လာပေးရန် ဖြစ်သည်။

ထိုအချိန်အတွင်း လေ့ချန်က စုမင်အနားသို့ တိုးသွားပြီး ကပ်ရပ်လိုက်သည်။ ပိုင်လင်းကို တွေ့လိုက်ရသည့်အခါ ရင်ပြင်မှ အဖြစ်အပျက်ကို သတိရသွားပြီး သူ့ကိုယ်သူ အပြစ်ရှိသယောင် ခံစားလိုက်ရ၏။ အကယ်၍ သူ စုမင်အနား ရပ်နေလျှင် အပြစ်အားလုံး စုမင်ပေါ် လွှဲချနိုင်ကောင်းလောက်သည်။

ရံဖန်ရံခါဆိုသလို စုမင်က ပိုင်လင်းအား လှမ်းလှမ်း ကြည့်၏။ ပိုင်လင်းမျက်နှာလေးမှာလည်း ပြုံးရွှင်နေပြီး စုမင်နှင့် မျက်လုံးချင်း ဆုံမိကြသည်။ အကြည့်ချင်းဆုံမိတိုင်း စုမင်၏ နှလုံးခုန်သံမှာ မြန်ဆန်လာသည်။

သိပ်မကြာခင် မျိုးနွယ်စုအသီးသီးမှလူများ ရောက်ရှိလာကြပြီး ရင်ပြင်ကျယ်တွင် ဆင်းသက်လာကြ၏။  နဂါးခန္ဓာကိုယ်မှာ အနက်ရောင် အခိုးအငွေ့များအဖြစ် ပျံ့လွင့်သွားပြီး  နဂါးနက်တောင်မှ အမျိုးသမီးကြီး၏ ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ဝင်ရောက် သွားကြလေ၏။

စပါးအုံးမြွေနက်ကြီးမှာ တိမ်စိုင်ဖြူများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက် ပျောက်ကွယ်သွားလေ၏။

ဧရာမ ရင်ပြင်ကျယ်ကြီးထဲတွင် အသင့်စောင့်ဆိုင်းနေကြသည့် လေပြေစီးကြောင်း မျိုးနွယ်ဝင်များ ရှိနေကြသည်။ ရှီဟိုင်ရဲ့ ညွန်ကြားမှုနှင့် လေပြည်စီးကြောင်းတွင် နေထိုင်ရမည့် တည်းခိုဆောင်များကို လိုက်လံပြသပေးနေ၏။

သို့သော် ၎င်းတို့၏ ပျူငှာမှုမှာ အရေခြုံထားတဲ့ ပျူငှာမှုသာဖြစ်ပြီး ၎င်းနောက်ကွယ်တွင် မာန်မာန ထောင်လွှားမှုတို့က ရှိနေဆဲပင်။

စုမင်နှင့်အခြားသူများမှာ ရှန့်ဟန်နှင့် အစောင့်အရှောက်ခေါင်းဆောင်နောက်မှ ယာယီ တည်းခိုစရာ နေရာထံ လိုက်သွားရန်တွင် ပြင်လိုက်စဉ် နဂါးနက်တောင် မျိုးနွယ်စုထံမှ အသံတစ်သံက ပျံ့လွင့်လာသည်။

"ဒီတော့... မင်းက စုမင်ပေါ့လေ"

စုမင် ရပ်တန့်သွား၏။ လှည့်ကြည့်လိုက်သည့်အခါ သူ့အား မျက်မှောင်ကုတ်လျက် ကြည့်နေသော နဂါးနက်တောင်မှ အမျိုးသမီးကြီးကို တွေ့လိုက်ရလေသည်။

***

All Chapters