အခန်း (၁၀၄၈-၁၀၅၀)
Vol. 70 Ch. 1048-1050
အခန်း (၁၀၄၈) ခန္ဓာကိုယ်ဖောက်ခွဲခြင်း
တိုက်ပွဲကွင်းတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ အချိန်အရိယဖလသန္ဓေပိုင်ဆိုသည့် နတ်သခင်စီချန်းက ထူးဆန်းသည့်မသေမျိုးကို ရှုံးနိမ့်သွားသည်။
တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့သည့်ရှီချန်း ပြန်တိုက်ခိုက်နိုင်စွမ်းပင်မရှိ။ အစောပိုင်းကဟန်ပန်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
လုယန် ဘယ်လက်တွင် ချင်ဖုန်းဓား၊ ညာလက်တွင် ကောင်းကင်ခွဲပုဆိန်ကို ကိုင်ထားသည်။ နှစ်ခုလုံးက မသေမျိုးများကိုသတ်နိုင်သည့်လက်နက်ဖြစ်သည်။ သူ့လူသတ်ရိပ်များ မြင့်တက်လာသည်။
စီချန်းကိုတော့ မဖြစ်မနေ သူပြန်ခေါ်သွားရမည်။ သို့သော် အသက်ရှင်လျက်ခေါ်သွားလျှင် ဒုက္ခများသည်။ လူကိုသတ်ပြီး အလောင်းကို ချင်ဖုန်းဓားကမ္ဘာငယ်တွင် သိမ်းထားမည်။ ဝိညာဉ်ကို သူ့သိစိတ်နယ်မြေတွင် လှောင်ပိတ်ထားလိုက်မည်။
အဆုံးသတ်လှုပ်ရှားရန် သူပြင်လိုက်သည်။ ထိုစဉ် ရွှေဝါရောင်မှော်တံဆိပ်တစ်ခု စီချန်း၏နဖူးတွင် ပေါ်လာသည်။ ထို့နောက် စီချန်းအသွင်က လောကကိုအုပ်စိုးသည့် အင်ပါယာတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
"လုပ်တဲ့ကိုင်တဲ့အခါ သူ့ဘက်ကိုယ့်ဘက် တိုးသာဆုတ်သာဖြစ်အောင်ထားရတယ်။ မင်းဘာလို့ဒီလောက်ထိ ဖိအားပေးနေတာလဲ။ ငါ့မျက်နှာကိုထောက်ထားပြီး စီချန်းအသက်ကို ချမ်းသာပေးလိုက်ပါ။ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအားလုံးအတွက် သူ့ကိုယ်စား ကျုပ်တောင်းပန်ပါတယ်"
"ကောင်းကင်အင်ပါယာသခင်..."
လုယန်မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။ ကောင်းကင်အင်ပါယာသခင်က စီချန်းအန္တရာယ်ကြုံလျှင် အသင့်လှုပ်ရှားနိုင်အောင် ဝိညာဉ်တံဆိပ်ခတ်နှိပ်ထားဟန်ရှိသည်။
"ဟိုလူက ဒဏ္ဍာရီထဲက ကောင်းကင်အင်ပါယာသခင်လား။"
မြို့တော်အပြင်ဘက်မှလူစု အတော်အံ့အားသင့်သွားကြသည်။ အင်ပါယာသခင် ဝင်လှုပ်ရှားလာမည်ဟု ဘယ်သူမှထင်မထားခဲ့။
"ကိုယ်ပွားတစ်ခုလောက်နဲ့ ငါ့ကိုတောင်းပန်လို့ရမယ်ထင်နေတယ်ပေါ့"
လုယန်က အလျှော့မပေးသဖြင့် အင်ပါယာသခင်လည်း ဟန်ဆောင်မနေတော့ဘဲ ခပ်တင်းတင်းပြန်ပြောသည်။
"ခုနက ကြောင်းကျိုးကံကြမ္မာနှင့် နှောင်ဖွဲ့နေတယ်လို့ မင်းပြောခဲ့တယ်။ အလောတကြီးလှုပ်ရှားလိုက်ရင် ကြောင်းကျိုးကံကြမ္မာပြစ်ဒဏ် ကျလာလိမ့်မယ်။
ဒီလိုအခြေအနေမျိုးမှာ ငါ့ကိုယ်ပွားကို မင်းလွယ်လွယ်နိုင်မယ်ထင်နေလား"
လုယန်အကြည့်က ရေခဲတမျှအေးစက်သွားသည်။ ကောင်းကင်အင်ပါယာကို သေလူတစ်ယောက်အဖြစ် သူသတ်မှတ်ထားသည်။
"ငါသခင်က လေနဲ့တိမ်တိုက်ကို အမိန့်ပေးလာတာ နှစ်သောင်းချီကြာပြီ။ ငါ့ကိုခြိမ်းခြောက်ရဲတဲ့လူ တစ်ခါမှမရှိခဲ့ဖူးဘူး။
"ဒါဆိုလည်း တိုက်ကြတာပေါ့"
"တိုက်မယ်လေ"
ကောင်းကင်ပါယာကိုယ်ပွားက စီချန်းနှင့် ပေါင်းစပ်သွားသည်။ အချိန်အရိဖလသန္ဓေကို သူဝါးမျိုလိုက်သည်။
အင်ပါယာကိုယ်ပွား ကောင်းကင်သို့ခုန်တက်သွားသည်။
"မိုးမြေကိုဝါးမျိုမယ်"
မိုးမြေ ချက်ချင်းအရောင်ပြောင်းသွားသည်။ မြို့တော်အထက်မှ ဝိညာဉ်စွမ်းအင်များအားလုံး ဝါးမျိုခံလိုက်ရသည်။ ထိုမျှမကသေး။ ထိုစွမ်းအားပညာည် အရာအားလုံးကို ဝါးမျိုနိုင်သည်။ အောက်ဘက်မှ မြို့တော်ကိုလည်း ဝါးမျိုနိုင်သည်။
"မင်းဘယ်လောက်စားနိုင်မလဲ ကြည့်ရသေးတာပေါ့...ဗုဒ္ဓနယ်မြေလက်ဝါး"
နေနှင့်လကြယ်တာရာများကို ချုပ်ကိုင်နိုင်သည့် လက်ဝါးရိပ်နှစ်ခုပေါ်လာသည်။ လက်ဝါးထဲတွင် လောကလေဟာနယ်ပါသည်။ လက်ဝါးတစ်ဘက်က ကောင်းကင်မှကျလာသည်။ နောက်တစ်ဘက်ကမြေပြင်မှတက်သွားသည်။ အင်ပါယာကိုယ်ပွားကို ကြားထဲတွင်ညှပ်သည်။
လက်ဝါးက ကြီးမားလွန်းသဖြင့် အရိယဖလသန္ဓေဝါးမျိုနိုင်စွမ်းထက် ကျော်လွန်သွားသည်။
"ဘုန်း"
လက်ခုပ်တီးသံက ကြယ်ကမ္ဘာပေါင်းများစွာ တိုက်မိသည်နှင့်တူသည်။ ရိုက်ခတ်သည့်အားလှိုင်းက ပြင်းထန်လွန်းသဖြင့် အဝေးမှတောင်တန်းများ ချက်ချင်းကြေမွလွင့်ထွက်သွားသည်။
မသေမျိုးအဆင့်တွင် တောင်တန်းများသည် ကျောက်စရစ်ခဲများနှင်မခြားလှ။
အခြေအနေမကောင်းသဖြင့် မိန်ယုက မိန်ဓမ္မခန္ဓာဖြင့် မြို့ခံအားလုံးကို ကာကွယ်ပေးသည်။
လူများများကာကွယ်လေ သူပိုစွမ်းအားကြီးလေဖြစ်သည်။ သူ့မိန်ဓမ္မခန္ဓာလည်း ပိုစွမ်းအားကြီးလာသည်။ သို့သော် ထိုစွမ်းအားက အကန့်အသတ်ရှိသည်။
သူ့ဓမ္မခန္ဓာသည် မသေမျိုးအဆင့်သို့မရောက်သေး။
"ဓားတစ်သောင်းဌာနေပြန်"
"အင်ပါယာလက်သီး"
အင်ပါယာကိုယ်ပွားက အဓိပဓိအင်ပါယာလက်သီးပညာကို ထုတ်သုံးသည်။ မိုးကြိုးကဲသို့ကြမ်းတမ်းသည်။ လျှပ်စီးလိုလျင်မြန်သည်။ ချင်ဖုန်းဓားနှင့်ရင်ဆိုင်တွေ့သည်။
ရွှေရောင်မှော်စွမ်းအင်များ ကောင်းကင်တွင်ပြည့်နေသည်။ ဓားချီက စူးရှတာက်ပနေသည်။ ဘယ်သူအသာစီးရနေသည်ကို ပွဲကြည့်နေသူများ မသိနိုင်ကြ။
"ဝါးမျိုခြင်းလေဝဲ"
ကိုယ်ပွားက အနက်ရောင်လေဝဲ ဆယ်ခုကျော်ဖန်တီးသည်။ လေဝဲများက လေဟာနယ်ကိုဖျက်ဆိးသည်။ အသံများ တဝုန်းဝုန်းမြည်ဟိန်းနေသည်။
ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ထိုလေဝဲနှင့်ရင်ဆိုင်ရလျှင် ဘာတစ်ခုမှမကျန်အောင် ဝါးမျိုခံရပေလိမ့်မည်။
လုယန်တွင် မသေမျိုးခန္ဓာရှိသော်ာလည်း လက်လွတ်စပယ် ထိပ်တိုက်ရင်မဆိုင်ရဲ...
"မင်းဒါကို ဘယ်လိုရင်ဆိုင်မလဲ ကြည့်ရသေးတာပေါ့"
သို့သော် အင်ပါယာကိုယ်ဖွားထင်ထားသလိုဖြစ်မလာ။ လုယန်၏ ကြမ်းတမ်းပြင်းထန်သည့် စွမ်းအင်ရောင်များက လျော့ပါးမသွား။ ဝါးမျိုခြင်းလေဝဲများကိုလည်း သူကြောက်ဟန်မရှိ။
လေဝဲတစ်ခု သူ့ကိုထိသည်။ လေဝဲချက်ချင်းပျောက်သွားသည်။ သူဒဏ်ရာလုံးဝမရ။
"ဘယ်လိုဖြစ်နိုင်မှာလဲ"
ယုံကြည်မှုစွမ်းအားဖြင့် မသေမျိုးခန္ဓာတစ်ခုတည်ဆောက်ထားလျှင်ပင် အနက်ရောင်လေဝဲက ထိုခန္ဓာကိုယ်ကို တိုက်စားမည်။ ထို့နောက် ဝါးမျိုခံရသည့်နေရာများကို ယုံကြည်မှုစွမ်းအားက ပြန်ဖြည့်ပေးမည်။
"ဒါပေမယ့် အရေးမကြီးလှပါဘူး။ မင်းငါ့ကို တကယ်ထိအောင်တိုက်ခိုက်နိုင်မှာတဲ့လား"
အချိန်အရိယဖလသန္ဓေ သူပိုင်ထားသည်။ အင်ပါယာကိုယ်ပွားက အနာဂတ်ကိုခန့်မှန်းနိုင်သည်။ လုယန်၏ဓားက လျင်မြန်ပြီးအားပြင်းသော်လည် ဓားဦးတည်ရာကို ကြိုတင်ခန့်မှန်းနိုင်သည်။ ဘာအန္တရာယ်မှ မဖြစ်နိုင်။
အချိန်အရိယဖလ၏ အားသာချက်က ထိုအချက်ဖြစ်သည်။ အနာဂတ်ကိုကြိုမြင်လျှင် တစ်ဘက်မှတိုက်ခိုက်မှုအများစုသည် မထိရောက်တော့။
"အခြေနေမကောင်းဘူး။ ကောင်းကင်အင်ပါယာက အသာစီးရနေသလိုပဲ"
မိန်ဟွေ့ စိုးရိမ်ပူပန်နေသည်။ လုယန်၏ အပြောင်းအလဲများသည့် တိုက်ကွက်များကို ကိုယ်ပွားအင်ပါယာက ရှောင်တိမ်းသည်။
"ခေါင်းသုံးလုံးလက်ခြောက်ခု"
"အင်ပါယာလက်သီး"
"မူလချီ"
"ထိုက်ယင် မသေမျိုးမိုးကြိုး"
အသာစီးရလာသည်ကို အခွင့်ကောင်းယူ၍ အင်ပါယာကိုယ်ပွားက ခေါင်းသုံးလုံးလက်ခြောက်ခုအသွင်ပြောင်းသည်။ ပညာရပ်သုံးမျိုး တစ်ပြိုင်တည်းထုတ်သုံးသည်။
လုယန်အထိအခိုက်မရှိ ပြန်ထွက်လာနိုင်မည်ဟု သူမယုံကြည်။
ထိုတိုက်ကွက်တစ်ခုျင်းစီသည် မိုးမြေကိုဖျက်ဆီးပြီး လောကကို ပြန်ဖန်တီးဖို့ လုံလောက်သည်။ ယခု တိုက်ကွက်သုံးခု ပြိုင်တူထုတ်သုံးခြင်းဖြစ်သည်။ ပူးပေါင်းစွမ်းအားက ခန့်မှန်း၍ပင်မရ။
ကိုယ်တော်မိန်ယုတို့လည်း ထိုတိုက်ခိုက်နည်းများကို မမြင်ဖူးကြ။ အဆင့်မြင့်ကျင့်ကြံသူများဖြစ်သော်လည်း ကိုယ်ပွားမှထုတ်လွှတ်သည့် စွမ်းအားကိုကြည့်၍ ရင်တုန်နေကြသည်။
မဟာကပ် တကယ်ရောက်လာတော့မည်ဟု ထင်မိကြသည်။
အင်ပါယာကိုယ်ပွားက လှောင်ရယ်သည်။
"မင်းမှာ ဘယ်လိုတိုက်ကွက်တွေ ကျန်-..."
သူ့စကားမဆုံးမီ လုယန်က ဓားကိုပြန်သိမ်း၍ သက်ပြင်းချသည်ကို မြင်လိုက်ရသည်။
"ဒီတစ်ကွက်ကို ငါတကယ်ထုတ်မသုံးချင်ဘူးကွာ"
လုယန်ပြောသည့်စကားအဓိပ္ပါယ်ကို အင်ပါယာကိုယ်ပွား နားမလည်။ ရုတ်တရက် သူ့မျက်လုံးရှေ့တွင် စူးရှည့်အလင်းတ်ခု ဖျတ်ခနဲမြင်လိုက်ရသည်။
မသေမျိုး ခန္ဓာကိုယ်ဖောက်ခွဲတာလား...
အင်ပါယာကိုယ်ပွား၏မျက်လုံးများ ပေါက်ထွက်မတတ်ပြူးကျယ်လာသည်။
"ဘုန်း"
ကြောက်ရာပေါက်ကွဲမှုတစ်ခု မိုးပျံဘုံကျောင်းအထက်တွင် ဖြစ်ပေါ်လာသည်။ ဘုံကျောင်းက ချက်ချင်းပြိုကွဲပျက်စီးသွားသည်။
အင်ပါယာကိုယ်ပွား အပျက်စီပုံထဲမှ ဒယိမ်းဒယိုင်ထွက်လာသည်။ တစ်ကိုယ်လုံး ဒဏ်ရာဒရဗွဖြစ်နေသည်။ ထိုသို့ ကိုယ့်ကိုယ်ကိုသတ်သေ၍ တိုက်ခိုက်သည့်နည်းမျိုး သူပထမဆုံးကြုံဖူးခြင်းဖြစ်သည်။
သူ့စွမ်းအားက ထိပ်တန်းဖြစ်နေ၍သာ ပြန်ရှင်သန်လာခြင်းဖြစ်သည်။
"ဟားဟား...ခန္ဓာကိုယ်ဖောက်ခွဲတော့ရော ဘာအရေးလဲ။ နောက်ဆုံးတော် ငါပဲ-"
လုယန်လည်း အပျက်စီးပုံထဲမှ အကောင်းပကတိထွက်လာသည်။ ထို့နောက် အင်ပါယာကိုယ်ပွားကိုကြည့်၍ မပွင့်တပွင့်ပြုံးလိုက်သည်။
"ဘုန်း"
"ဘုန်း"
"ဘုန်း"
မသေမျိုးခန္ဓာဖောက်ခွဲမှု ဆက်တိုက်ဖြစ်ပေါ်လာသည်။
အင်ပါယာကိုယ်ပွားက အခြေအနေကို နားမလည်။ ပေါက်ကွဲမှုဒဏ်ဆက်တိုက်ခံရသဖြင့် ချက်ချင်းသေသွားသည်။
တစ်ကြိမ်ဖောက်ခွဲမှုကို ကံကောင်းထောက်မ၍ သူရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဆက်တိုက်ပေါ်လာသည့် ဖောက်ခွဲမှုများအားလုံးကို သူဘယ်လိုမှရင်မဆိုင်နိုင်။
"ကျွတ်၊..သူ့ခန္ဓာကိုယ်က ပျက်စီးသွားပြီ။ နှမျောစရာပဲ"
လုယန် ပွဲသိမ်းပစ္စည်းများကို စစ်ဆေးသည်။ စီချန်း၏ရုပ်ခန္ဓာက လုံးဝပျက်စီးသွားသည်။ ဝိညာဉ်သာကျန်သည်။
"ရတာပဲယူရမှာပေါ့"
ကိုယ့်ကိုယ်ကို နှစ်သိမ့်၍ စီချန်းဝိညာဉ်ကို သိစိတ်နယ်မြေထဲ ထည့်လိုက်သည်။
"အင်း...ကိုယ့်ကိုယ်ကို ဖောက်ခွဲတာက အတော်အသုံးဝင်တာပဲ"
လုယန် လျှာတစ်ချက်သပ်သည်။ အင်ပါယာကိုယ်ပွား၏တိုက်ခိုက်မှုများက ခန္ဓာဖောက်ခွဲမှုကို လုံးဝမယှဉ်နိုင်။
"ငါတို့နိုင်သွားတာလား"
မိန်ဟွေ့က မရဲတရဲမေးသည်။ အဆက်မပြတ်ခန္ဓာကိုယ်ဖောက်ခွဲမှုကြောင့် သူထိတ်လန့်ခဲ့ရသည်။ ပေါက်ကွဲအားဗဟိုတွင် ဘယ်လောက်ပြင်းထန်မည်မသိ။
"နိုင်ပြီထင်ပါတယ်"
မိန်ယုလည်း သေချာမသိ။ ဤတိုက်ပွဲက သူ့နားလည်နိုင်စွ်းထက် ကျော်လွန်နေသည်။ ကောင်းကင်သို့ သူပျံတက်သွားသည်။ လက်အုပ်ချီ၍ အမည်မသိမသေမျိုးကို ကျေးဇူးတင်စကားဆိုသည်။
"ကူညီပေးတာ ကျေးဇူးတင်ပါတယ် မသေမျိုးအရှင်"
"ငါက မင်းတို့ဗုဒ္ဓဝါဒနဲ့ ပတ်သက်မှုနည်းနည်းရှိတယ်။ ဒီကိစ္စက မဆိုစလောက်ပဲအားစိုက်ရတာပါ"
ရုတ်တရက် ရင်ဘတ်နေရာမှ ပူနွေးလာသည်ကို လုယန်ခံစားလိုက်ရသည်။ ခြေရာခံမသေမျိုးတံဆိပ်သုံးခုထုတ်သည်။ 'အချိန်'ဟု ရေးထွင်းထားသည့်တံဆိပ် ပူနွေးနေသည်ကိုတွေ့ရသည်။
*********************************
အခန်း (၁၀၄၉) အချိန်မသေမျိုး
တံဆိပ်ပူနွေးလာသည်ကိုကြည့်၍ လုယန် ခဏငေးကြောင်သွားသည်။
ဘာဖြစ်နေသည်မသိ။ အချိန်မသေမျိုး အနီးအနားတွင် ရှိနေသလော...
လုယန်မြေပေါ်သို့ဆင်းသည်။ အချိန်မသေမျိုးတံဆိပ်က ပို၍ပို၍ပူလာသည်။
ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ ခန္ဓာကိုယ်ဖောက်ခွဲမှုများကြောင့် မိုးပျံဘုံကျောင်းတစ်ခုလုံး ပျက်စီးနေသည်။ မဟာဝိဟာခန်းမသာ ကျန်သည်။ ယိမ်းယိုင်နေသော်လည်း ပြိုကျမသွားသေး။
မဟာဝိဟာရခန်းမနှင့်ပတ်သက်၍ ထူးခြားချက်တစ်ခုခုရှိနေသလော...
လုယန် ခန်းမဆီလျှောက်သွားသည်။ တံဆိပ်၏အပူချိန်မြင့်တက်လာသည်။ သူ့ခန့်မှန်းချက် သေချာသွားသည်။
မိန်ယုက တစ်စုံတစ်ခုတီးတိုးရေရွတ်၍ လုယန်နောက်မှ စိုးရိမ်တကြီးလိုက်လာသည်။
"မသေမျိုးအရှင်၊ မသေမျိုးအရှင်၊ ဒီနေရာကို သွားါလို့မရပါဘူး"
လုယန် မကြားချင်ယောင်ဆောင်နေသည်။ မဟာဝိဟာရခန်းမ တံခါးရှေ့သို့ရောက်လာသည်။ ခန်းမထဲမှ စကားသံတစ်ခု ထွက်လာသည်။
"မိန်ယ၊ ဒီလူက ငါ့မိတ်ဆွေဟောင်းပါ။ ငါသူနဲ့စကားပြောဦးမယ်။ မင်းက လုပ်စရာရှိတာတွေ သွားလုပ်ပါ"
"ဟုတ်ကဲ့"
မိန်ယုသဘောထား ချက်ချင်းပြောင်းသွားသည်။ လုယန်ကိုမတားတော့ဘဲ လှည့်ထွက်သွားသည်။
မှန်သည်။ တိုက်ပွဲဖြစ်ပြီးနောက် မြို့ခံလူများ ထိတ်လန့်ခြောက်ခြားနေသည်။ သူလူလုံးထွက်ပြ၍ အားလုံးစိတ်တည်ငြိမ်အောင် ထိန်းဖို့လိုသည်။
ခန်မထဲမှအသံကြောင့် လုယန်နှလုံးခုန်သံ နည်းနည်းမြန်လာသည်။
အချိန်မသေမျိုး၏အသံဖြစ်သည်။ အချိန်မသေမျိုး ဤနေရာတွင်ရှိနေသည်။
သို့သော် အချိန်မသေမျိုး မဟာဝိဟာရခန်းမတွင် ရှိနေသည်ဆိုလျှင် နတ်မယ်ဘာကြောင့် အာရုံမခံမိခဲ့သနည်း။
ချင်ဖုန်းဓားကို ကျောက်စိမ့်တံဆိပ်ထဲထည့်ပြီး ခန်းမထဲသို့ သူဝင်လိုက်သည်။
အမွှေးနံ့တစ်ခု လွင့်ပျံလာသည်။ စန္ဒကူးနှင့်ကြာနံ့ရောယှက်နေသည်။ ခန်းမက ကျယ်ပြန့်သည်။ အလယ်ဗဟိုတွင် ရွှေရောင်ဗုဒ္ဓရုပ်ထုကြီးတစ်ခုရှိသည်။ မီတာဆယ်ချီမြင့်သည်။ ကြည်လင်သည့်မျက်နှာရှိပြီး လောကသစ္စာကို သုံးသပ်နေသကဲ့သို့ မျက်လုံးများက မှေးစင်းနေသည်။
ရုပ်ထုပတ်လည်တွင် လောကအရှင်ဇာတ်လမ်းများဖော်ပြထားသည့် ဆေးရေးပန်းချီလက်ရာများရှိသည်။ ပန်းချီကားတိုင်းက အသက်ဝင်ပြီးဆွဲဆောင်မှုရှိသည်။
ရွှေရောင်ဗုဒ္ဓရုပ်ထု မျက်လုံးပွင့်လာသည်။ ကြာပလ္လင်ပေါ်မှ အောက်သို့ဆင်းလာသည်။ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ကလည်း သာမန်လူအရွယ်အစားသို့ ကျုံ့သွားသည်။ ဟန်ပန်မပြောင်းလဲသော်လည်း မျက်နှာသွင်ပြင် အသက်နှစ်ဆယ်ဝန််းကျင်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
ရွှေဗုဒ္ဓက လုယန်ကိူ သေချာကြည့်သည်။ ရင်ဘတ်တွင်ဆွဲထားသည့် သစ်သားတံဆိပ်ကို စိုက်ကြည့်သည်။
"မင်းခုနက ထာဝရအရိယဖလသန္ဓေကို သုံးခဲ့တယ်။ အဲဒါကို ဘယ်ကရတာလဲ"
"စွေ့ယွဲ့၊ နင်အသက်ရှင်နေတုန်းပဲလား"
နတ်မယ်က စိတ်လှုပ်ရှားစွာ လုယန်ကိုယ်ထဲမှ ထွက်ာသည်။
နတ်မယ်ကိုမြင်သည်နှင့် အချိန်မသေမျိုးလည်း အတော်ပျော်ရွှင်သွားသည်။
"မသေမျိုး၊ မင်းတကယ် ပြန်ရှင်သန်လာပြိပေါ့"
"ဟုတ်တယ်၊ ရှောင်ယန်လေ...ငါ့ကိုရှောင်ယန်က အသက်ပြန်သွင်းပေးခဲ့တာ"
ရှောင်ယန်... အချိန်မသေမျိုး ခဏငိုင်သွားသည်။ ဘယ်လိုအခေါ်အဝေါ်မျိုးမှန်းမသိ။
ထို့နောက် အချိန်မသေမျိုးက လုယန်ကို အလေးအနက်စိုက်ကြည့်သည်။
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်။ ကိစ္စမရှိဘူး။ တိုက်ဆိုင်သွားလို့ပါ"
ကျန်းလျန်ယိ၊ အောင်းလင်း၊ ယင်ထန်တို့နှင့် ပထမဆုံးစတွေ့စဉ်ကလည်း နတ်မယ်ကို သူပြန်အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိသည်နှင့် အလေးအနက်ကျေးဇူးတင်ကြသည်။ ထိုဆက်ဆံပုံမျိုးကို ယခုထိ သူအသားမကျသေး။
"တိုက်ဆိုင်တာဆိုရင်လည်း ကျေးဇူးတင်ဖို့လုံလောက်ပါတယ်"
သူတို့ နှစ်တစ်သိန်းကြာအောင် ကြိုးစားခဲ့သည့်အလုပ်ကို လုယန်ကလုပ်နိုင်ခဲ့သည်။ တိုက်ဆိုင်မှုဟုတ်ဟုတ်မဟုတ်ဟုတ် ကျေးဇူးတင်ရမည့် အကူအညီမျိုးဖြစ်သည်။
အချိန်မသေမျိုးက လုယန်ရင်ဘတ်မှ သစ်သားတံဆိပ်ကိုတစ်ချက်ကြည့်ပြီးနောက် အတိတ်ကိုပြန်စဉ်းစားမိပြီး ကျိတ်၍သက်ပြင်းချသည်။ အချိန်စီးကြောင်းတစ်ခုမှ သူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခု လုယန်ကိုပေါ်တွင် မြင်ခဲ့သည်။
ထို့ကြောင့် သူ့အနာဂတ်တွင် ကပ်ဆိုးကြုံနိုင်ကြောင်း ခန့်မှန်းမိသည်။
သူအလွန်သတိထားခဲ့သည်။ သို့သော် သူ့ကြိုတင်ပြင်ဆင်မှုများအားလုံး အရာမထင်ခဲ့။။ ဆိုးဝါးသည့်အဆုံးသတ်နှင့် တကယ်ကြုံခဲ့သည်။
"ဒါနဲ့စွေ့ယွဲ့၊ နင်ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ"
အချိန်မသေမျိုးက သူတို့ကို ထူးထူးဆန်းဆန်းကြည့်သည်။ ထိုမေးခွန်းမျိုးသည် စတွေ့တွေ့ချင်းအချိန် မေးသင့်သလော....
သို့သော် နတ်မယ်စရိုက်ကို ပြန်စဉ်းစားလျှင် ထိုသို့ဒဲ့တိုးမေးသည်မှာ မဆန်းလှ။
"မီးနိုင်ငံအကြောင်း မင်းတို့ဘယ်လောက်သိပြီးပြီလဲ"
"မီးနိုင်ငံလား။ လျန်ယိတို့ အောင်းလင်းတို့ ယင်ထန်တို့နဲ့ တွေ့ပြီးပြီ။ မီးနိုင်ငံကိစ္စကို အတော်သိထားပါတယ်"
"ယင်ထန်ကိုတွေ့ပြီးပြီလား။ သူအခုဘယ်မှာလဲ"
"ရှေးဟောင်းလက်စွပ်တစ်ခုရဲ့ ကမ္ဘာငယ်ထဲမှာနေတယ်။ အဲဒီ့လက်စွပ်က လသံလွင်နန်းတော်က တပည့်တစ်ယောက်လက်ထဲမှာရှိတယ်"
"သဘောပေါက်ပြီ။ ကောင်းကင်ခွဲပုဆိန်ကို ငါရတုန်းက သူတစ်ခုခုဖြစ်ပြီလို့ တွေးမိတယ်။ သူအသက်ရှင်နေသေးတယ်ကြားရတာ သိပ်ကောင်းပါတယ်။
ယင်ထန်ကိုတွေ့ပြီးပြီဆိုတော့ မီးနိုင်ငံကိစ္စတွေကို ငါသိသလောက်မင်းတို့သိထားပြီးလောက်ပြီ။ အဲဒီ့အကြောင်း ပြောစရာသိပ်မရှိတော့ပါဘူး။
"မီးနိုင်ငံခေတ်အဆုံးမှာ နင်လျှို့ဝှက်တိုက်ခိုက်ခံရတယ်လို့ ယင်ထန်ကပြောတယ်။ အုဲါ ဘယ်သူလုပ်တာလဲ"
ယင်ထန် ခေါင်းခါသည်။
"ငါမသိဘူး။ ဒါပေမယ့် သူတို့သုံးယာက်ထဲကတစ်ယောက်ဆိုတာ သေချာတယ်။ တစ်ယောက်ယောက်က ဝင်ပူးကပ်ပြီး နောက်ကွယ်ကနေ အကွက်ချစီစဉ်ခဲ့တာ"
"အချိန်အရိယဖလကို အချိန်နောက်ပြန်ရစ်ဖို့ နင်သုံးနိုင်တာပဲ။ ဘယ်လိုလုပ်ပြီး နင့်ကိုအလစ်တိုက်ခိုက်လို့ရမှာလဲ"
အချိန်မသေမျိုး သက်ပြင်းချသည်။ သူ့မျက်နှာ အတော်အိုစာသွားသည်။
"ငါ့အရိယဖလ ပြုပြင်ခံရတယ်။ အချိန်နောက်ပြန်ရစ်တဲ့စွမ်းအားမသုံးနိုင်အောင် တားဆီးထားတယ်။ နောက်ကွယ်ကလူရဲ့ အရိယဖလဟာ အချိန်နဲ့ပတ်သက်တာမျိုးဖြစ်မယ်ထင်တယ်"
နတ်မယ် နားမလည်နိုင်အောင်ဖြစ်သွားသည်။
"အချိန်နဲ့ပတ်သက်တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နင်က အချိန်တာအိုပိုင်ဆိုင်ထားတဲ့လူပါ။ သူတို့မှာ နောက်ထပ်အရိယဖလတစ်ခု ဘယ်လိုရှိနိုင်မှာလဲ"
"အဲဒါတော့ မသိဘူး။ ခန့်မှန်းကြည့်ရုံပဲရှိတာ။ အဲဒီ့အရိယဖလက အချိန်နောက်ပြန်ရစ်စွမ်းအားအပေါ် သက်ရောက်မှုရှိတဲ့ တစ်ခြားအရိယဖလတစ်မျိုးလည်း ဖြစ်နိုင်တယ်"
"နောက်ပိုင်းဘာဆက်ဖြစ်လဲ"
"ငါအလစ်တိုက်ခိုက်ခံရလို့ ဒဏ်ရာအပြင်းအထန်ရတယ်။ လောကသစ်ပင်ကိုယ်ထည်က ပြန်ပြုပြင်လို့မရတော့ဘူး။ ဒါကြောင် စွန့်လွှတ်လိုက်ရတယ်။ ဝိညာဉ်ခွဲထုတ်ပြီး မဟာချန်ခေတ်ကို အချိန်စီးကြောင်းကနေ ခုန်ကူးတယ်။ ဒါပေမယ့် မဟာချန်နိုင်ငံမှာမနေဘဲ အနောက်ပိုင်းတိုက်နယ်ကို သွားဖို့ငါဆုံးဖြတ်လိုက်တယ်"
ညံသားရဲသည် အချိန်ကိုခုန်ကူးနိုင်သည်။ အချိန်မသေမျိုးလည်း ထိုသို့လုပ်နိုင်သည်မှာ မဆန်းလှ။
"ရုပ်ခန္ဓာမရှိဘဲ ဝိညာဉ်ပဲကျန်တော့ အသံတိတ်မသေမျိုးနဲ့ ဒါမှမဟုတ် နောက်ကွယ်ကလူနဲ့ရင်ဆိုင်ရရင် ငါပြန်တိုက်ခိုက်နိုင်စွမ်း မရှိဘူး။ ရုပ်ခန္ဓာတစ်ခုတည်ဆောက်ဖို့ အနောက်တိုက်နယ်မှာ ဗုဒ္ဓနိုင်ငံကို ငါတည်ထောင်တယ်။ မိုးပျံဘုံကျောင်းရဲ့ မဟာဝိဟာရခန်းမက ရုပ်ထုထဲမှာ ငါဝင်ပုန်းတယ်။ မျိုးရိုးအဆက်ဆက်က ကျောင်းထိုင်တွေပဲ ငါ့အကြောင်းကိုသိကြတယ်။
ဒီခန်းမကို ယုံကြည်မှုစွမ်းအားနဲ့တည်ဆောက်ပြီး အထဲမှာ ကမ္ဘာငယ်တစ်ခု ဖန်တီးတယ်။ အသံတိတ်မသေမျိုး အာရုံမခံနိုင်အောင်လို့ပေါ့"
မဟာဝိဟာရခန်းမသည် ယုံကြည်မှုစွမ်းအားများ အမြဲပြည့်နေသည့်နေရာဖြစ်၍ သံသယဝင်စရာမရှိ။
"ဗုဒ္ဓနိုင်ငံမှာ ဗုဒ္ဓကျင့်ကြံသူတွေ အလှူခံပြီး ရွှေခန္ဓာတည်ဆောက်တဲ့ဓလေ့ကို ငါအရှိန်မြှင့်ပေးတယ်။ တဖြေးဖြေးနဲ့ ဒါကဗုဒ္ဓကျင့်စဉ်နည်းလမ်းတစ်ခုဖြစ်လာတယ်။ ဗုဒ္ဓကျင့်ကြံသူတွေ ရွှေခန္ဓာတည်ဆောက်ရင် ယုံကြည်မှုစွမ်းအားထွက်လာတယ်။ ဗုဒ္ဓဖြစ်တဲ့ငါက ဒီစွမ်းအားတစ်ချို့တစ်ဝက်ကို စုပ်ယူခွင့်ရတယ်။
တစ်ချိန်မှာ ယင်ထန်ရဲ့ကောင်းကင်ခွဲပုဆိန်ကို အမှတ်မထင် ငါတွေ့တယ်။ ငါရှိနေတာကို တစ်ခြားလူတွေမရိပ်မိအောင် အနောက်မိုးပျံဘုံကျောင်းရဲ ရတနာအဖြစ်အသုံးချလိုက်တယ်။ ဘုံကျောင်းအန္တရာယ်တစ်ခူ ရင်ဆိုင်ရရင် အနာဂတ်ကို ငါခန့်မှန်းပြီး အသင့်တော်ဆုံးအချိန်မှာ ကောင်းကင်ခွဲပုဆိန်ကိုသုံးဖို့ ငါသူတို့ကိုအကြံပေးတယ်။ အဲလိုနည်းလမ်းနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့တာ။
လုယန်ရဲ့မသေမျိုးခန္ဓာ ယုံကြည်မှုစွမ်းအားနဲ့ တည်ဆောက်တာကို ငါစောင့်ကြည့်တယ်။ ဒီစွမ်းအားကို ကြာကြာထိန်းထားနိုင်မှာမဟုတ်ဘူး။ ဗုဒ္ဓနိုင်ငံက ထွက်သွားလို့ မရဘူး။ ဒီလိုခန္ဓာမျိုးက ပြင်းထန်တဲ့တိုက်ပွဲကို ခံနိုင်ရည်မရှိဘူး။ ဒါပေမယ့် လုယန်က ထာဝရအရိယဖလပိုင်ထားတော့ အခြေအနေက မတူတော့ဘူးပေါ့"
ထိုသို့ပြောပြီး ခဏစကားရပ်၍ လုယန်ကို အားကျသည့်အကြည့်ဖြင့် ကြည့်သည်။
"ရေရှည်သုံးလို့ရမယ့် မသေမျိုးခန္ဓာတစ်ခု တည်ဆောက်ဖို့ ငါစွမ်းအားစုဆောင်းနေတာ။ ယုံကြည်မှုစွမ်းအားစုဆောင်းရတာ အချိန်အတော်ကြာတယ်။ စောင့်နေရတာ ငြီးငွေ့စရာကောင်းတယ်။ ဒါကြောင့် အချိန်ခုန်ကူးတာတွေ ခဏခဏလုပ်ဖြစ်တယ်။ တစ်နှစ်နှစ်နှစ် ကြာတာလည်းရှိတယ်။ ဆယ်နှစ် နှစ်ငါးဆယ်လောက် ခုန်ကူးလိုက်တာလည်းရှိတယ်။
အချိန်ဆုံမှတ်တွေကို ငါခုန်ကူးတိုင်း မိုးပျံဘုံကျောင်းရဲ့ ကျောင်းထိုင်တွေက ဒီကြားကာလနှစ်ပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြောပြကြတယ်။
ခုနက အချိန်ဆုံမှတ်တစ်ခုကို ခုန်ကူးနေတုန်း ကိုယ်တော်မိန်ယုက ငါ့ကိုခေါ်နေတာ အာရုံခံမိတယ်။ မိုးပျံဘုံကျောင်း အန္တရာယ်ရှိနေပြီတဲ့။ အချိန်အရိယဖလသန္ဓေနဲ့ ထာဝရအရိယဖလသန္ဓေ လှုပ်ရှားလာတာတွေလည်း ငါအာရုံခံမိတယ်။
ဒါကြောင့် လက်ရှိအချိန်ကို ငါခုန်ကူးလာခဲ့တာ"
****************************
အခန်း (၁၀၅၀) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဗုဒ္ဓများ
"ခင်ဗျားရဲ့ မသေမျိုးခန္ဓာကို အပြည့်အဝတည်ဆော်ပြီးပြိလား"
လုယန်သတိထားမိသည်။ အချိန်မသေမျိုး၏ မသေမျိုးခန္ဓာသည် နှစ်သုံးသိန်းကြာအောင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ လုယန်ယာယီတည်ဆောက်ထားသည့် မသေမျိုးခန္ဓာထက် များစွာပိုစွမ်းအားကြီးသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်း ပြီးသွားပါပြီ"
အချိန်မသေမျိုးက ပြုံးနေသည်။ လက်ရှိတွင် သူစွမ်းအားပြည့်ဖြစ်ကြောင်း ရည်ညွှန်းခြင်းဖြစ်သည်။
"တန်ချန်ဝူကို ခင်ဗျားသိလား"
"တန်ချန်ဝူလား၊ သူ့အနာဂတ်မှာ သေရမယ့်အဖြစ်မျိုး ကြုံတာငါကြိုမြင်လို့ ငါအချိန်နောက်ပြန်ရစ်စွမ်းရည် ထည့်ပေးထားတာပါ"
"နောက်ကွယ်ကရန်သူ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စမ်းသပ်ချင်လိုလည်းပါတယ်မဟုတ်လား"
အချိန်မသေမျိုး လုယန်ကို တအံ့တဩမော့ကြည့်သည်။ ထို့နောက် ပြုံးလာသည်။
"သိပ်မှန်တာပေါ့။ အရင်က ငါ့ကိုဘယ်သူအလစ်တိုက်ခိုက်ခဲ့သလဲဆိုတာ မသိပေမယ့် ရန်သူဘက်ကလည်း ငါသူ့ကိုတကယ်မြင်ခဲ့မမြင်ခဲ့ဆိုတာ သေချာမသိနိုင်ဘူး။ ဒါကြောင့် တန်ချန်ဝူကို အချိန်စွမ်းအားပေးပြီး ငါအသက်ရှင်နေသေးတယ်ဆိုတာ သူ့ကိုအသိပေးတာ။
သူငါ့ကို သေချာပေါက်ရှာမှာပဲ။ သူ့ဘက်ကစိတ်လောလာရင် ဟာကွက်တွ ပေါ်လာနိုင်တယ်လေ။
လုယန် ခန့်မှန်းထားသည့်အတိုင်းပင်ဖြစ်သည်။ အချိန်အရိယဖလသုံးစွဲသူအကြောင်း အရင်က သူခန့်မှန်းခဲ့သည်။ ထိုလူသည် နောက်ကွယ်ကရန်သူကို သတင်းတစ်ခုပို့သလို ဖြစ်နေသည်။
ဘာသတင်းပို့ခြင်းဖြစ်မည်နည်း။ 'ငါမသေသေးဘူး'ဟု သတင်းပို့ခြင်းသာဖြစ်မည်။
နောက်ပိုင်းတွင် မသေမျိုးခြေရာခံတံဆိပ်၏ရင်းမြစ်ကို ခန့်မျှန်းမိလာသည်။ အရိယဖလသန္ဓေအပေါ် အရိယလ၏ဖိနှိပ်မှုစွမ်းအားကို တန်ပြန်ထောက်လှမ်းခြင်းဖြစ်သည်.
ထိုဖိနှစ်မှုစွမ်းအားသည် ကမ္ဘာငယ်တစ်ခုတွင် ပုန်းနေရုံဖြင့် ပျောက်သွားမည်မဟုတ်။ အကယ်၍သာ ပျောက်သွားမည်ဆိုလျှင် ချီလင်က ကမ္ဘာငယ်တစ်ခုထဲ ဝင်ပုန်းနေချိန်တွင် အောင်းလင်းနှင့် ကန်းလျန်ယိတို့လို အပြင်ဘက်မှလူများ မသေမျိုးဖြစ်လာကြလိမ့်မည်။
ထို့ကြောင့် မဟာချန်နိုင်ငံက မသေမျိုးရှာတံဆိပ်ဖန်တီးနိုင်သည်မှာ ယုံကြည်မှုစွမ်းအားသုံး၍ မသေမျိူးအရိယဖလများ ဖန်တီးခဲ့ခြင်းကြောင့်သာဖြစ်ရတော့မည်။
ဖြစ်ရပ်နှစ်ခုလုံးက အချိန်မသေမျိုး အသက်ရှင်လျက်ရှိနေသေးကြောင်း သွယ်ဝိုက်ညွှန်ပြနေသည်။
ထို့ကြောင့် မဟာဝိဟာရခန်းမ၌ အချိန်မသေမျိုးကို တွေ့ရချိန်တွင် သူသိပ်မအံ့ဩခဲ့။
သို့သော် နောက်ထပ်မေးခွန်းတစ်ခု ပေါ်လာသည်။
သို့ဆိုလျှင် လူဝင်စားလီဟော်ရန်က ဘယ်သူနည်း။
လီဟော်ရန်သည် အချိန်မသေမျိုးဝင်စားခြင်းမဟုတ်လျှင် လျှို့ဝှက်ရန်သူဝင်ပူးကပ်ခဲ့သည့် မသေမျိုး ပြန်ဝင်စားခြင်းလော..
လီဟော်ရန် ကျင့်စဉ်အဆင့်မြင့်လာလျှင် အတိတ်မှန််ဉာဏ်များ ပြန်ပေါ်လာပြီ ပထမဘဝကို မှတ်မိလာလိမ့်မည်။
ထို့ကြောင့် လီဟော်ရန် လူဝင်စားဖြစ်သည့်ကိစ္စကို ဘယ်သူမှသိ၍မဖြစ်။ လျှို့ဝှက်ရန်သူက ထိုအကြောင်းသိသွားလျှင် လီဟော်ရန်ကို မဖြစ်မနေလာသတ်လိမ့်မည်။
"မိတ်ဆွေလုယန်၊ မင်းက တန်ချန်ဝူအကြောင်းပြောနေတဘ်ဆိုတော့ သူနဲ့တွေ့ခဲ့ပြီပေါ့"
"တွေ့ပြီးပါပြီ။ လျှို့ဝှက်ရန်သူကလည်း လှုပ်ရှားခဲ့တယ်။ ဒါပေမယ့် ကိုယ်တိုင်လှုပ်ရှားတာမဟုတ်ဘူး။ သတင်းပေးပြီး တစ်ခြားလူကိုလှုပ်ရှားခိုင်းတာပါ"
"သဘောပေါက်ပြီ"
အချိန်မသေမျိုး သက်ပြင်းချသည်။ လျှို့ဝှက်ရန်သူက တကယ်သတိရှိသည်။
ထိုစဉ် ရုတ်တရက် တံခါးခေါက်သံပေါ်လာသည်။
"ရှောင်လု၊ မင်းအထဲမှာလား"
"ဘယ်သူလဲ"
အချိန်မသေမျိုးလန့်သွားသည်။
"ဪ..ကောင်မလေးတစ်ယောက်ပါ"
နတ်မယ်က ပုံမှန်လေသံဖြင့်ပြောသည်။
"ရှောင်ယန်၊ တံခါးသွားဖွင့်လိုက်"
လုယန် တံခါးသွားဖွင့်ချိန်တွင် နတ်မယ်က အချိန်မသေမျိုးကို သိစိတ်အာရုံမှမေးသည်။
"စွေ့ယွဲ့၊ အနာဂတ်ဆိုတာ တရားသေမရှိဘူးလို့ နင်ပြောဖူးတယ်မဟုတ်လား"
အချိန်မသေမျိုး ခဏငြိမ်သွားသည်။ ထို့နောက် ခေါင်းငြိမ့်သည်။
"ပြောဖူးပါတယ်။ အဲဒါဘာဖြစ်လို့လဲ"
"ညံသားရဲက ငါတို့ကို ဒီအထိခေါ်လာတာ။ လမ်းမှာ အချိန််စီးကြောင်းထဲ ငါတို့ဝင်ခဲ့တယ်။ အတိတ်ကမြင်ကွင်းတွေရော အနာဂတ်မြင်ကွင်းတစ်ခုကိုပါ မြင်ခဲ့ရတယ်"
"အနာဂတ်မြင်ကွင်းက ဘယ်လိုမျိုးလဲ"
အချိန်မသေမျိုး စိတ်ဝင်စားလာဟန်ရှိသည်။ နတ်မယ်ထိုမျှစိတ်လွန်ဆွဲနေသည့် အဖြစ်မျိုး သူတစ်ခါမှမမြင်ဖူး။
"ငါက အနာဂတ်မှာ စိတ်မပါ့တပါနဲ့ ရှောင်ယန်ကိုပြောတယ် "ငါနင့်ကိုချန်ထားခဲ့ရတာ တကယ်စိတ်မကောင်းပါဘူး"လို့ပြောတယ်"
"ဘယ်လို"
အချိန်မသေမျိုး အကြီးအကျယ်အံ့အားသင့်သွားသည်။
"အဲဒါကြောင့် ငါနင့်ကိုမေးနေတာ။ ငါမြင်တဲ့အနာဂတ်ကို ပြောင်းလဲလို့ရနိုင်လား"
အချိန်မသေမျိုး၏အမူအရာ လေးနက်တည်ကြည်လာသည်။ ထိုကိစ္စ အလွန်တရာအရေးကြီးကြောင်း သူနားလည်သည်။
"မင်းမြင်တဲ့အနာဂတ်က ဘယ်အချိန်လောက်မှာဖြစ်တာလဲ"
......
လုယန် မဟာဝိဟာရခန်းမတံခါးကိုတွန်းဖွင့်သည်။ ဓားကိုင်ထားသည့်မိန်းကလေးတစ်ယောက် ရပ်နေသည်။ ဝတ်ရုံဖြူဝတ်ထားသည်။ ဇာပဝါတပ်ဝါးခမောက်ဆောင်းထားသဖြင့် သူ့မျက်နှာကို မမြင်ရ။
လုယန်ကိုမြင်သည်နှင့် ထိုဓားသမားက ခမောက်ကိုချွတ်လိုက်သည်။ နူးညံ့လှပသည့်မျက်နှာပေါ်လာသည်။
"အမယွမ်၊ ဒီကိုဘာလို့ရောက်လာတာလဲ"
လုယန်အတော်အံ့ဩသွားသည်။ ယွမ်ကျိကိုသူမဆင့်ခေါ်ခဲ့သည်က သေချာသည်။
"မောင်လေးနှစ်က သတင်းပို့စက္ကူနဲ့ ငါ့ဆီကိုဆက်သွယ်လို့ပါ။ အနောက်မိုးပျံဘုံကျောင်းမှာ ပြဿနာတစ်ခုဖြစ်နေတယ်လို့ သူပြောတယ်လေ"
လုယန်စိတ်ထဲတွင် အားလုံးကိုထိန်းချုပ်နိုင်သည်ဟု ယုံကြည်ချက်ရှိခဲ့သည်။ တကယ်လည်း ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ယဲ့ဇီကျင်းကတော့ သူ့လိုတွေးမည်မဟုတ်။
"သတင်းပို့စက္ကူလား"
နတ်ဆိုးနယ်မြေသို့သွားစဉ်က အမသုံးကန်ထန်က ထိုစက္ကူမျိုးသုံး၍ ယွမ်ကျိဆီ ဆက်သွယ်သည်ကို သူမြင်ဖူးသည်။ သူ့အကိုနှစ်တွင်လည်း ထိုစက္ကူမျိုးရှိပုံရသည်။
"ဒါဆိုကျုပ်ကိုကျတော့ ဒီလိုစက္ကူဘာလို့ပေးမထားတာလဲ"
"မောင်လေးနှစ်နဲ့ ညီမသုံးကို သူတို့လုံခြုံရေးအတွက် စိတ်ပူလို့ ငါပေးထားတာပါ။ မင်းအတွက် ဒါမျိုးမလိုအပ်ပါဘူး"
ထို့နောက် ယွမ်ကျိက လုယန်ကို အကဲခတ်သည်။ ထို့နောက် မြင်ရခဲသည့် အပြုံးရိပ်ပေါ်လာသည်။
"ညသားရဲက မင်းကိုခေါ်သွားတော့ မုန်မုန်က မင်းအတွက် အတော်စိတ်ပူခဲ့တာ။ အခုမင်းက ဗုဒ္ဓနိုင်ငံမှာ အတော်အဆင်ပြေနေပုံပဲ။ မသေမျိုးခန္ဓာတောင် တည်ဆောက်ထားတယ်ပေါ့"
လုယန် ရှက်ကိုးရှက်ကန်းပြုံး၍ ခေါင်းကုတ်နေသည်။
"ဖြတ်လမ်းနည်းသုံးလိုက်တာပါ။...ဝင်ပါ အမယွမ်။ နတ်မယ်နဲ့ အချိန်မသေမျိုးလည်း အထဲမှာရှိတယ်"
"ဪ...အချိန်မသေမျိုးကိုလည်း မင်းတွေ့ပြီပေါ့"
လုယန် ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရောက်နိုင်မှန်း ယွမ်ကျိသိသည်။
ခရီးထွက်ချိန်တွင် ပြဿနာများကို ကိုယ့်ဘာသာဖြေရှင်းနိုင်သည်။ ထူးခြားသည့်ဖြစ်ရပ်များပင် တွေ့ကြုံရသေးသည်။
"လာပါ ရှောင်ယွမ်၊ ငါမိတ်ဆက်ပေးမယ်။ ဒီတောက်ပထည်ဝါတဲ့ ဗုဒ္ဓရုပ်ထုကြီးက အချိန်မသေမျိုးပါ"
နတ်မယ်က အချိန်မသေမျိုး၏ပုခုံးကိုပုတ်၍ ပြောသည်။
"မျိုးဆက်သစ်ယွမ်ကျိ အချိန်မသေမျိုးကို ဂါရဝပြုပါတယ်"
"နတ်မယ်၊ ဒီလူက ဘယ်သူလဲ"
ယွမ်ကျိကို အချိန်မသေမျိုး ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ တစ်ခုခုထူးခြားမှန်းသိသည်။ သို့သော် ဘာထူးခြားသည်ကို သူမပြောတတ်။
မိန်ယုထံက ယွမ်ကျိဆိုသည့်နာမည်ကို သူကြားဖူးသလိုရှိသည်. တာအိုလမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်အစစ်ဟု ပြောသည်။
နတ်မယ်က လုယန်နှင့်ယွမ်ကျိကြားတွင် ဝင်ကြွားစွာဝင်ရပ်လျက် သူ့ကိုယ်သူလက်ညှိုးထိုးပြသည်။
"ငါက ရှေးဟောင်းခေတ်မှာ စွမ်းအားအကြီးဆုံး"
ထို့နောက် ညာဘက်မှ ယွမ်ကျိကို လက်ညှိုးထိုးပြသည်။
"ရှောင်ယွမ်က လက်ရှိခေတ်မှာ စွမ်းအားအကြီးဆုံး။ ပြီးတော့ ရှောင်ယန်က အနာဂတ်မှာ စွမ်းအားအကြီးဆ့ုးပါ"
ဘယ်ညာလူနှစ်ယောက်ကိုပွေ့ဖက်၍ နတ်မယ် ပျော်ရွှင်စွာရယ်မောနေသည်။
"ငါတို့သုံးယောက်က အတိတ်၊ပစ္စုပ္ပန်နဲ့ အနာဂတ်က စွမ်းအားအကြီးဆုံးကျင့်ကြံသူတွေပဲ။ ...ဗုဒ္ဓဝါဒမှာ အတိတ်ဗုဒ္ဓ၊ ပစ္စပ္ပန်ဗုဒ္ဓ၊ အနာဂတ်ဗုဒ္ဓလို့ ရှိတယ်မဟုတ်လား။
စွေ့ယွဲ့ နင်အချိန်နောက်ပြန်ခုန်ကူးတဲ့အခါ ငါတို့သုံးယောက်အကြောင်းပါ ကျမ်းစာမှတ်တမ်းထဲ ထည့်သင့်တယ်"
"လက်ရှိခေတ်မှာ စွမ်းအားအကြီးဆုံး..ဟုတ်လား"
အချိန်မသေမျိုး အတော်အံ့ဩသွားသည်။ မာနကြီးသည့်နတ်မယ်ထံမှ ထိုမျှအလေးထားချီးကျူးသည့်စကားမျိုးကြားရဖို့ လွယ်ကူသည်မဟုတ်။
သို့သော် လုယန်ကိုလည်း အနာဂတ်စွမ်းအားအကြီးဆုံးဟု ထည့်ပြောထားသဖြင့် 'လက်ရှိခေတ်စွမ်းအားကြီးဆုံး'ဆိုသည်မှာ နည်းနည်းချဲ့ကားထားခြင်းသာဖြစ်မည်ဟု သူယူဆသည်။
"ဘာလဲ၊ နင်မယုံဘူးလား။ မယုံရင် သူနဲ့လက်ရည်စမ်းကြည့်ပါလား"
နတ်မယ် အချွန်ဖြင့် မ,ပေးသည်။
အချိန်မသေမျိုးလည်း တကယ်မယုံ။ အကယ်၍သာ ကျင့်စဉ်လမ်းတွင် ပြဿနာတစ်ခုမကြုံခဲ့လျှင် သူသည်လောက၏ ပထမဆုံးမသေမျိုးဖြစ်ခဲ့မည့်လူဖြစ်သည်။
နောက်ပိုင်းတွင် နားလည်ဖို့ခက်ခဲသည့် အချိန်အရိယဖလကို သူပိုင်ဆိုင်ခဲ့သည်။ နတ်မယ်မှလွဲလျှင် သူဘယ်သူ့ကိုမှမကြောက်။
"ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့"
မသေမျိုးခန္ဓာ စတည်ဆောက်ကတည်းက သူ့ကြွက်သားများ လှုပ်ရှားခွင့်မရခဲ့။ ယနေ့မှ အခွင့်အရေးရသည်။
ယွမ်ကျိနှင့် အချိန်မသေမျိုးတို့ မျက်နာချင်းဆိုင် ရပ်နေကြသည်။ လေထုက တင်းကြပ်နေသည်။ အချိန်မသေမျိုးက အချိန်အရိယဖလကိုသုံး၍ အနာဂတ်ဖြစ်နိုင်ခြေများကိုကြည့်သည်။
"ကျွန်မကို အလင်းပြပေးပါ အရှင်"
ယွမ်ကျိက တည်ငြိမ်စွာပြောသည်။
"ခဏနေဦး"
တိုက်ပွဲမစမီ အချိန်မသေမျိုး ရုတ်တရက်ပြောသည်။
"နတ်မယ်၊ ခုနက မင်းပြောလိုက်တာဘာရယ်"
"သူနဲ့လက်ရည်စမ်းကြည့်ပါလားလို့ပြောတာ"
"မဟုတ်ဘူး အဲဒီ့ရှေ့က စကား"
"ဘာလဲ၊ နင်မယုံဘူးလား"
"ငါယုံပါတယ်"
*******************************